Thursday 4 December 2008

အိပ်မက် (၃)

ဓါတုက္ခောဘ အိပ်မက်က အိပ်မက်ထဲမှာ ခပ်ကြမ်းကြမ်းတွေဘဲနော်။ ကြောက်စရာကြီး။ ဒါပေမဲ့ မပူပါနဲ့။ အိပ်မက်ဟာ အိပ်မက်ပါဘဲ။ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ရှေးပညာရှင်တွေအားလုံး ကျမ်းဂန်တွေ ညှိကြည့်ကြပြီး ခိုင်ခိုင်မာမာ ပြောထားကြတယ်။ ဓါတုက္ခောဘကြောင့်မက်တဲ့ အိပ်မက်မှန်သမျှဟာ မမှန်ကန်ပါဘူး တဲ့။ ဒါကြောင့် ဘယ်တော့မှ အိပ်မက်ထဲက အတိုင်း လက်ရှိဘ၀မှာ ဖြစ်လာမှာ မဟုတ်ပါဘူး။ Just leave it in the dream ပါဘဲ။
ဒီအိပ်မက်မျိုး မက်လေ့ရှိတဲ့ သူတွေ ဒီနေ့ကစပြီး မကြောက်ကြပါနဲ့တော့လို့။
................................

ရှေ့ ကအဖြစ်အပျက်ကို ပြန်မြင်မက်တဲ့ အနုဘူတပုဗ္ဗအိပ်မက်
ဓါတုက္ခောအိပ်မက်အကြောင်းပြီးတော့ ဒုတိယမြောက်ဖြစ်တဲ့ အနုဘူတပုဗ္ဗအိပ်မက်အကြောင်း နဲနဲ ဆွေးနွေးကြည့်ကြရအောင်။

ရှေးက ဖြစ်ပျက်ခဲ့ တွေ့ကြုံခဲ့ တွေ့မြင်ခဲ့ ကြားခဲ့ နံခဲ့ စားခဲ့ သွားခဲ့ ထိတွေ့ခဲ့ စိတ်ကူးခဲ့တာတွေကို ပြန်ပြောင်းအမှတ်ရပြီး မက်တဲ့ အိပ်မက်မျိုးကို အနုဘူတပုဗ္ဗအိပ်မက်လို့ ခေါ်ဆိုပါတယ်။
ခြုံပြောရရင်တော့ ရှေ့ ကတွေ့ကြုံခဲ့တဲ့အရာတွေကို အာရုံအနေနဲ့ယူပြီး မက်တဲ့အိပ်မက်ပါဘဲ။ များသောအားဖြင့် အတိတ်အကြောင်း စဉ်းစားရင်း အိပ်ပျော်သွားတဲ့အခါမျိုးတွေမှာ ဒီအိပ်မက်ကို မက်တတ်ပါတယ်။

ဥပမာအားဖြင့်
ဘုရားဖူးသွားခဲ့တဲ့ အကြောင်းကို စဉ်းစားရင်း အိပ်ပျော်သွားရင် အိပ်မက်ထဲမှာ ဘုရားတွေ အများကြီးဖူးရမယ်။
ချစ်သူရည်းစားနှင့်အတူ နေထိုင်ခဲ့တဲ့ အချိန်တွေကို အိပ်မက်ထဲမှာ အာရုံအနေနဲ့ထင်ဟပ်လာရင် ချစ်သူနှင့်အတူ နေရတယ်လို့ အိပ်မက် မက်မယ်။ အိပ်မက်ထဲမှာ ချစ်သူနှင့်ကြည်နူးလို့ပေါ့။ လူကသာ အိပ်ပျော်နေတာ မျက်နှာက ပြုံးဖြဲဖြဲကြီးဖြစ်နေမှာသေချာတယ်။
ဗီဒီယို ရုပ်ရှင် ကာရာအိုကေ ဘောလုံးပွဲ လက်ဝှေ့ပွဲစတဲ့ အရင်က ကိုယ်တိုင် ကြည့်ခဲ့တဲ့ပျော်ပွဲရွှင်ပွဲတွေကို ပြန်ပြောင်းသတိရပြီး အိပ်ပျော်သွားတဲ့အခါမျိုးမှာ အိပ်မက်ထဲမှာ အဲဒီပွဲတွေကို ပြန်ကြည့်နေရတတ်ပါတယ်။

ကျနော် ကလေးဘ၀တုန်းက သူငယ်ချင်းတစ်ယောက် အနုဘူတပုဗ္ဗအိပ်မက် မက်နေတာကို တွေ့ဖူးတယ်။
ရွာဦးကျောင်းသား ဘ၀တုန်းကပေါ့။ ကလေးအရွယ်တွေဆိုတော့ အဆော့မက်ကြတယ် မဟုတ်လား။
တစ်နေ့မှာ ဆရာတော်က တစ်ခြားရွာကို နှစ်ညအိပ်လောက် ကြွသွားတယ်။ အလှူပွဲရှိလို့တဲ့။ ဆရာတော်မရှိပေမဲ့ မပျော်ရပါဘူး။ စာကျက်ဖို့ နှစ်ရက်စာအတွက် စာတွေ ခွဲပေးထားခဲ့တယ်လေ။

ဘုန်းကြီးကျောင်းမှာက အဖိတ်နေ့နှင့် ဥပုသ်နေ့ဘဲ စာမကျက်ရတာ။ ကျန်တဲ့ရက်တွေမှာဆို စာအံစာကျက်နဲ့ ပျင်းစရာ အရမ်းကောင်းတယ်။ ကလေးတုန်းကတော့ ပျင်းတာပေါ့လေ။ အခု အရွယ်ရောက်လာမှ အကျိုးရှိမှန်းသိရတာ။

အဖိတ်နေ့ဆိုရင် မနက်ပိုင်းမှာ ကျောင်းဝင်းသန့်ရှင်းရေးလုပ်ရတယ်။ နေ့လည်ပိုင်းမှာတော့ ကြိုက်တာကစားလို့ရတယ်။ ဖဲရိုက်တာက လွဲရင်ပေါ့။ ဘောလုံးကစားတယ်။ လောက်စာပစ်တမ်းကစားတယ်။ ဇယ်တောက်တမ်းကစားတယ်။ စုံနေတာပါဘဲ။ ပျော်စရာကြီး။ ရွာဦးကျောင်းမှာ နေခဲ့တဲ့ရက်တွေအားလုံးမှာ အဖိတ်နေ့ကို အကြိုက်ဆုံး။ အပျော်ဆုံး။

ကျောင်းသား ကိုရင်တွေက ၁၀၀ နီးနီးရှိတော့ ဘောလုံးကန်ရင် အကြီးသင်း အလတ်သင်း အငယ်တင်းဆိုပြီး ခွဲကန်ရတယ်။ ဘောလုံးကွင်းကတော့ စပါးရိတ်သိမ်းပြီးကာစ လယ်ကွက်တွေပေါ့ဗျာ။ ပေါမှပေါ။ မန်ချက်စတာယူနိုက်တက် ကွင်းလောက် မကောင်းပေမဲ့လဲ ကျနော်တို့ ကလေးတွေအတွက်ကတော့ ပန်းမွေ့ယာ ရွှေကော်ဇောကြီးပေါ့။

ဥပုသ်နေ့ရောက်ရင်တော့
ကျောင်းမှာ ဥပုသ်လာစောင့်တဲ့ ဥပုသ်သည်တွေ ရှိနေတဲ့အတွက် ဆူဆူညံညံမလုပ်ရပါဘူး။ ဒါကြောင့် ဘောလုံးကစားရင်ကစားမယ်။ မဟုတ်ရင် အိပ်မယ်။ အဖိတ်နေ့လောက်ပျော်စရာမကောင်းတော့ဘူး။ နောက်တစ်နေ့ဆိုရင် စာကျက်ရမဲ့ရက် ရောက်တော့မယ်လေ။ ပျင်းစရာကြီးနော်။ စာကျက်ရမဲ့ ရက်တွေမှာ ဘာမှ ကစားလို့ မရဘူး။ ကစားရင် ကြိမ်ဖူးဟင်းစားရတော့တာပါဘဲ။ ဆရာတော် ကြိမ်လုံးနှင့်ရိုက်ပြီး ဆုံးမတာကိုပြောတာ။ တကယ့်ဟင်းလို့ မထင်လိုက်ကြနဲ့ဦး။

(အိပ်မက် အမှတ် ၄ ဆက်ဖတ်ပါ)

No comments: