Thursday 20 October 2011

အသုဘ အနုမောဒနာ


"အနိစ္စာ ၀တ..... အာ.. ဒုက္ခဘဲ။ ဟေ့...ဒကာ.. လိုက်ဖမ်းစမ်း... လိုက်ဖမ်းစမ်း။ ဟာ... ဒုက္ခနှင့် လှလှ တွေ့ကြတော့မှာဘဲ... ကဲ... ဒကာတစ်ယောက်ထဲ မဖမ်းနိုင်ရင် ကျန်တဲ့ ဒကာတွေရော.. အုပ်စုလိုက် လိုက်ဖမ်းကြစမ်းးး ခပ်မြန်မြန် မိအောင် ဖမ်းကြ"

တစ်ယောက်ထဲ ကြိုးစားလိုက်ဖမ်း၍ မမီနိုင်အောင်သောကြောင့် အုပ်စုလိုက် လိုက်ဖမ်းကြလေသည်။ နွေဦးရာသီမို့ ဖုန်က တထောင်းထောင်း။ လိုက်ဖမ်းသူတွေကြောင့် အခြေအနေမှာ ၀ရုန်းသုန်းကား။ အရေးထဲ နွေဦး လေပွေက တစ်မှောင့်။ လိုက်လေ ဝေးလေ ဖြစ်နေသည့် လိုက်ဖမ်းသူတို့၏ ဖြစ်အင်ကို ကြည့်ပြီး အနီးရှိ ရွာသူရွာသားတို့မှာ ငိုအားထက် ရယ်အား သန်နေကြလေသည်။
.....

နွေဦးရာသီမို့ လုပ်ငန်းခွင်များ အားလပ်နေသည်။ တောင်သူလယ်သမားများအဖို့ အားလပ်ခွင့်ရက်ရှည် ရသော အချိန်ကာလ ဖြစ်သည်။ ဦးတင်မောင်တစ်ယောက် အားလပ်ရက်ကလေး ရတုန်း ကုသိုလ် ရချင်စိတ် ပေါ်ပေါက်လာသည်။ ဘ၀အမောလေးတွေကို ရဟန်းဘ၀ ဒုလ္လဘဖြင့် ဖြေသိမ့်ချင်နေသည်။ နှစ်လသာသာလောက် ကျောင်းကန်ဘုရားအောက် ခိုလှုံနေခွင့်ရရင် ဘ၀အမော တစ်စိတ်တစ်ဒေသတော့ ပြေလျော့သွားလောက်ပါရဲ့။ ဒုလ္လဘရဟန်းအဖြစ် သင်္ကန်းစည်းဖို့ အိမ်သူသက်ထား မြမေကို တိုင်ပင်ကြည့်လိုက်ပြန်တော့ မြမေက မွေးထားသည့် ကလေး သုံးယောက်ကို ကြည့်ပြီး "နင်တို့အဖေကို ပြောလိုက် တစ်သက်လုံး သင်္ကန်းဝတ်နဲ့သာ နေလိုက်တော့၊ ပြန်မထွက်လာတော့နဲ့လို့" ဟု မျက်စောင်းလှလှထိုးပြီး အစောင်းအမြောင်း ပြောဆိုတာလေး ခံခဲ့ရသေးသည်။ အော်... မြမေ..မြမေ.. အဲဒီ မျက်စောင်းလှလှလေးတွေကြောင့် ငါ အနေရ ခက်နေတာ။

နန္ဒမင်းသား ဘုရားရှင်နောက် သပိတ်ထမ်းပြီး လိုက်သွားစဉ်တုန်းက ဇနပဒကလျာဏီရဲ့ ခံစားချက်မျိုး မြမေ ရင်ထဲ ရှိနေပေလိမ့်မည်။ သို့သော် ဇနပဒကလျာဏီလို အသံသာသာယာယာလေးဖြင့်တော့ "မောင်တော်ရေ... အမြန်ပြန်လာခဲ့နော်။ နှမတော်လေး စောင့်နေမျှော်နေမယ်" ဟုကား မပြောချေ။ "သူတော်ကောင်းကြီး ရွာဦးကျောင်းမှာဘဲ တစ်သက်လုံး နေလှည့်" ဟူ၍လည်းကောင်း မျက်စောင်းလှလှလေးတွေ အကြိမ်ပေါင်းများစွာ ထိုး၍လည်းကောင်း စကားပြောလျှင် ကျောပေးပြီး အင်းမလုပ် အဲမလုပ် ပုံစံမျိုးဖြင့်လည်းကောင်း မြမေရဲ့ ဆန္ဒပြမှုကိုတော့ ဦးတင်မောင်တစ်ယောက် ခံခဲ့ရလေသည်။ မည်သို့ပင် ဆိုစေကာမူ ဇနပဒကလျာဏီလေးရဲ့ သံယောဇဉ်ထက် မြမေရဲ့ သံယောဇဉ်က လျော့နည်းလိမ့်မည် မဟုတ်မှန်းတော့ ဦးတင်မောင် တစ်ယောက် ကောင်းကောင်း သဘောပေါက်လေသည်။

ဦးတင်မောင် ဒုလ္လဘအဖြစ် သင်္ကန်းစည်းမည်ဆိုသည့်အကြောင်း ရွာထဲ သတင်းပျံ့သွားသောအခါ ရွာထဲမှ ထွန်းပေါ် ကံအောင် စိန်မြင့် တင်နိုင် တို့လဲ အတူတူ သင်္ကန်းစည်းပါရစေဟု လာရောက် တိုင်ပင်ကြလေသည်။ သို့ဖြင့် ရွာဦးကျောင်း၌ ဦးတင်မောင် အပါအ၀င် ဒုလ္လဘငါးပါး ရဟန်းခံပွဲလေးအား နွေဦး လေရူးနဲ့ အတူ ဖြစ်မြောက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့လေသည်။ အမျက်တော် မရှလိုက်ပါနဲ့ မြမေရယ်။

ရဟန်းဖြစ်လာပြီဆိုတော့ ဦးတင်မောင်ကနေ ဦးတေဇနိယ ဖြစ်လာသည်။ တစ်နေ့ ထမင်း သုံးလေးနှပ် စားရာမှ တစ်ရက် ဆွမ်းနှစ်နှပ်ထဲ ဖြစ်လာသည်။ မြမေမှ ဒကာမ ဖြစ်လာသည်။ အလုပ်ကိစ္စတွေ ရှုပ်ထွေးရာမှ ငြိမ်းချမ်းလာသည်။ တစ်နေကုန် အော်ဟစ်နေရာမှ ဆိတ်ငြိမ်လာသည်။ ယောက်ယက်ခတ်ရာမှ တရားဓမ္မဖြင့် အေးချမ်းလာသည်။ အော်... နေ့ချင်း ညချင်း ဘ၀တစ်ခုလုံး ပြောင်းလဲ သွားသလိုပါဘဲလား။

ငြိမ်းအေးတဲ့ အရသာလေးနဲ့ ကြည်နူးမယ် မကြံသေးဘူး ရှင်ဝတ်မှ ၀ါကြီးထပ် ဆိုသလို ဘုန်းတော်ကြီးကျောင်း ကိစ္စအ၀၀က ဦးတင်မောင်(ခ)ဦးတေဇနိယ ခေါင်းပေါ်သို့ ကျရောက်လာလေသည်။ ကျောင်းထိုင်ဆရာတော် ဘုရားဖူးခရီး တစ်လတိတိ သွားမည်တဲ့။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးမင်ကြောင်ကြောင့် ပိုလေး ဆိုသလို လူမှုကိစ္စအ၀၀ကို ခဏဘေးဖယ်ထားပြီး ဘုရားရိပ်တရားရိပ် ခိုဝင်ကာမှ ဘုန်းတော်ကြီးကျောင်း တာဝန်တွေကြောင့် ဦးတေဇနိယ ခေါင်းနပန်းကြီးရလေသည်။ ဆရာတော် ဘုရားဖူးထွက်သွားမဲ့အခါ ကျောင်းမှာ ကျန်ရစ်ခဲ့မဲ့ သူတွေက ကိုရင်ကျောင်းသား ပိစိလေးများနဲ့ ဦးတေဇနိယအပါအ၀င် ဒုလ္လဘရဟန်းငါးပါး။ ထိုငါးပါးထဲမှာ ဦးတေဇနိယက အသက်အကြီးဆုံး။ ထို့ကြောင့် တာဝန်တွေအားလုံး ဦးတေဇနိယ သိမ်းကြုံးယူရချေတော့မည်။

သို့နှင့် ကျောင်းထိုင်ဆရာတော်မရှိသည့် တစ်လအတွင်း ဦးတေဇနိယက သီလပေး ရေစက်ချ တာဝန်ယူရသည်။ ထိုသီလပေး ရေစက်ချလေး ချောချောမောမော ဖြစ်အောင် မအိပ်မနေ ကျက်မှတ်ထားရသည်။ အရေးထဲ မွေးနေ့ဆွမ်းစား၊ မင်္ဂလာဆွမ်းကျွေး၊ သဒ္ဓါဆွမ်းကပ်တွေကလဲ ပေါ်လာသေးသည်။ မွေးနေ့ဆို မိဘကျင့်ဝတ် သားသမီးကျင့်ဝတ်တွေ အလွတ်ကျက်မှတ်ပြီး ဟောရသည်။ မင်္ဂလာဆွမ်းဆို လင်ကျင့်ဝတ် မယားကျင့်ဝတ်။ သဒ္ဓါဆွမ်းဆို သပ္ပုရိသဒါနတရား။ ဟိုထောက် ဒီထောက် အိပဲ့အိပဲ့နဲ့ ဟောရပြောရတာ မထောင်းသာလှ။ ရိပ်ပြီးကာစ ပေါက်လာသည့် ဆံပင်ငုတ်စိစိလေးများတောင် ဖြူလာသလား အောက်မေ့ရသည်။ အတော်လေး ကျက်ရ မှတ်ရသည်ကိုး။

တစ်နေ့။
ဖြစ်ချင်တော့ ရွာထဲမှာ နာရေးတစ်ခု ဖြစ်ပေါ်လာသည်။ အရွယ်ကောင်းကောင်းနဲ့ ဆုံးပါးသွားသည်မို့ ကျန်ရစ်သူတို့မှာ မျက်ရည်နဲ့ မျက်ခွက်။ ထုံးစံအတိုင်း နာရေးအတွက် သရဏဂုံတင်ဖို့၊ သက်ပြတ်တရားဟောဖို့၊ ရက်လည်တရားဟောဖို့က ဦးတေဇနိယ အပေါ် ကျရောက်လာပြန်သည်။ ကျန်တဲ့ ဒုလ္လဘရဟန်းလေးပါးကို တစ်လှည့်ကူညီပါဦး ဟု အကူအညီတောင်းသော်လည်း သူတို့က ပိုဆိုးသေးသည်။ သီလပေးတောင် ကောင်းကောင်းမရကြ။ ဒီတော့ အသုဘတရားအတွက် ပေတ၀တ္ထု ၀ိမာန၀တ္ထုမြန်မာပြန်တွေကို ပိဋကတ်စာအုပ်တိုက်ဖွင့် လှန်လော ရှာကြံရပြန်လေသည်။ အော်... ဘုန်းတော်ကြီးမရှိပါမှ ဒုလ္လဘရဟန်းတွေ ဘုန်းကြီးလိုက်တဲ့ဖြစ်ချင်းနော်။ မွေးနေ့တဲ့။ မင်္ဂလာတဲ့။ သဒ္ဓါဆွမ်းတဲ့။ အခု လုပ်ပြန်ပြီ အသုဘတဲ့။ စိတ်နဲ့ ငါနဲ့ ညစ်တော့တာဘဲ။ အသုဘရှင်က ပစ္စည်းဥစ္စာ မပြည့်စုံသည်မို့ အနီးအနားက ဘုန်းတော်ကြီး ကျောင်းတွေကို မပင့်ဖိတ်ချေ။ ကျောင်းမှာ ရှိတဲ့ ဒုလ္လဘရဟန်းငါးပါးနဲ့ဘဲ အသုဘကိစ္စ ဆောင်ရွက်မည်တဲ့။

ထော့နဲ့ထောနဲ့နဲ့ လျှောက်လှမ်းခဲ့ပေမဲ့ သရဏဂုံ သက်ပြတ်ကိစ္စတော့ ပြီးသွားသည်။ ကြားဖူးနားဝနဲ့ ဟောပြောလိုက်သည်။ ဒါပေမဲ့ ပြဿနာက အသုဘချတဲ့ နေ့မှာမှ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ ရလေသည်။ အသုဘတရားတွေကိုဘဲ အာရုံပြုထားမိတဲ့အတွက် အသုဘကမ္မဋ္ဌာန်း စီးဖြန်းနည်းကို လုံးဝ သတိမထားမိလိုက်။ အသုဘ ချကာနီးမှ ဒုလ္လဘရဟန်းတစ်ပါးက ဦးတေဇနိယ အသုဘကမ္မဋ္ဌာန်း စီးဖြန်းတဲ့ ပါဠိစာပိုဒ်ကလေးတွေကို အလွတ်ကျက်ပြီးပြီလား တဲ့။ ဗုဒ္ဓေါ ဒုက္ခော။ ဟုတ်ပေသားဘဲ။ ဒါပေမဲ့ အချိန်မမီတော့။ သံဃာလာပင့်တဲ့ ရှေ့ဆောင်ဒကာက ရောက်လာလေပြီ။ မထူးပါဘူး။ လုပ်သလို မဖြစ်တော့လဲ ဖြစ်သလို လုပ်ရတော့မှာဘဲ လို့ ဆုံးဖြတ်ပြီး စာရွက်ပိုင်းကလေး အပေါ်မှာ အသုဘကမ္မဋ္ဌာန်း စီးဖြန်းနည်း ပါဠိ သုံးဂါထာကို ရေးမှတ်ပြီး ထို စာရွက်ကလေးအား ယပ်တောင်ကြားထဲ ညှပ်ပြီး ယပ်တောင်ထမ်းကာ ကျန်တဲ့ ဒုလ္လဘရဟန်း လေးပါးနဲ့အတူ ရှေ့ဆောင် ပင့်ဆောင်ရာ သုဿာန်တစပြင်ဆီသို့ လိုက်ပါလာခဲ့လေသည်။

တောရွာဆိုတော့ သုဿာန်ထဲ သာလာယံဇရပ်မရှိ။ မြက်ပေါင်းရှင်းလင်းပြီး သင့်တော်တဲ့ နေရာမှာ ဖျာခင်းထားသည်။ ဖျာပေါ်မှာမှ ခင်းနှီးတွေ ခင်းထားသည်။ ထိုခင်းနှီးပေါ် ဒုလ္လဘရဟန်းငါးပါး ထိုင်ကြသည်။ တရားနာ ပရိသတ်ကတော့ သင့်တော်သလို နေရာယူ ထိုင်ကြသည်။ တရားမနာခင်ကထဲက တရှုပ်ရှုပ် ငိုကြွေးသံများ ထွက်ပေါ်နေသည်။ လတ်လတ်ဆတ်ဆတ်ကြီး ဆုံးပါးသွားသည်မို့ မိသားစုဝင်များ သူငယ်ချင်းများက နှမြောတသစွာ ငိုကြွေးမြည်တမ်းနေကြခြင်းဖြစ်သည်။

ဆုံးပါးသွားသူ အမည်ကို ခေါ်ပြီး တရားနာ ဖိတ်သည်။ ထို့နောက် အသုဘတရား နာကြားကြသည်။ သီလပေး ရေစက်ချ အားလုံး ပြီးစီးသွားသည့်အခါ အသုဘကမ္မဋ္ဌာန်း စီးဖြန်းဖို့ အချိန် ရောက်လာသည်။ တရားရှေ့ဆောင်က အသုဘကမ္မဋ္ဌာန်း စီးဖြန်းရန် ရဟန်းတော်တို့အား ပန်ကြားလျှောက်ထားသည်။ ဦးတေဇနိယလဲ ယပ်တောင်ကြားထဲမှာ ညှပ်ထည့်ထားသည့် အသုဘကမ္မဋ္ဌာန်း စီးဖြန်းနည်း စာရွက်ခေါက်ကလေးအား အသာဖြန့်ယူပြီး စာရွက်ကို ယပ်တောင်ကွယ်ပြီး ငုံ့ကြည့်ကာ အနိစ္စာ ၀တ... ဟု အစပျိုးလိုက်သည်။ ထိုအချိန်၌ ကံဆိုးစွာပင် နွေဦးသဘာဝ လေရူးခပ်ကြမ်းကြမ်း တစ်ချက် မွှေလိုက်သည့်အခါ ဦးတေဇနိယ ယပ်တောင်ကွယ်ပြီး ငုံ့ဖတ်နေသည့် အသုဘကမ္မဋ္ဌာန်း စီးဖြန်းနည်း စာရွက်ခေါက်ကလေး လေယူရာသို့ ပါသွားလေသည်။ ထို့ကြောင့် ဦးတေဇနိယမှာ အနိစ္စာ ၀တ မှ ရှေ့မတက်နိုင်ဘဲ ရှိနေလေသည်။

"အနိစ္စာ ၀တ..... အာ.. ဒုက္ခဘဲ။ ဟေ့...ဒကာ.. လိုက်ဖမ်းစမ်း... လိုက်ဖမ်းစမ်း။ ဟာ... ဒုက္ခနှင့် လှလှ တွေ့ကြတော့မှာဘဲ... ကဲ... ဒကာတစ်ယောက်ထဲ မဖမ်းနိုင်ရင် ကျန်တဲ့ ဒကာတွေရော.. အုပ်စုလိုက် လိုက်ဖမ်းကြစမ်းးး ခပ်မြန်မြန် မိအောင် ဖမ်းကြ"

အရေးထဲ အရာရောက်ဆိုသလို တကယ့်အရေးမှာမှ လေပြင်းက ၀င်နှောက်ရက်လေခြင်း။ ဦးတေဇနိယလဲ ချွေးတွေပြန်ပြီး ရှက်သလိုလို ဖြစ်လာသည်။ သို့သော် တာဝန်က တာဝန်ပေဘဲ။ ထို့ကြောင့် ဒကာတစ်ယောက်ကို စာရွက်ခေါက်အား လိုက်ဖမ်းခိုင်းလိုက်သည်။ သို့သော် ဖြစ်ချင်တော့ လေရူးနဲ့ အတူ လေပွေလေးပါ ပါလာတော့ စာရွက်ခေါက်ကလေး ကောင်းကင်ပေါ်၌ ၀ဲလည်ဝဲလည် ဖြစ်နေလေသည်။ မြေပေါ် ကျကာနီးဖြစ်လိုက် အပေါ်ပြန်တက်သွားလိုက်နဲ့ ဒကာတစ်ယောက် ဖမ်းရခက်နေလေသည်။ ထို့ကြောင့် ကျန်တဲ့ဒကာတွေကို အင်အားဖြည့်ပြီး လိုက်ဖမ်းခိုင်းရလေသည်။ ၀ရုန်းသုန်းကား ဖြစ်လိုက်ပုံမှာ ချွေးတလူးလူး ဖုန်တထောင်းထောင်း။

စာရွက်ခေါက်ကလေး ပြန်ရလာတဲ့အခါ အသုဘကမ္မဋ္ဌာန်း စီးဖြန်းမယ်လုပ်တော့ အနားမှာ ရှိနေတဲ့ ဒုလ္လဘရဟန်း လေးပါးက တခွိခွိနဲ့ ကျိတ်ရယ်နေပြန်သည်။ ထိမ်းချုပ်ပြီး ရယ်လေ အသံပိုထွက်လေမို့.. ကိုယ်တော်တို့က ဘာဖြစ်နေတာလဲ လို့ လှမ်းဟောက်လိုက်ပေမဲ့ ဦးတေဇနိယမျက်နှာမှာပင် စပ်ဖြီးဖြီးကြီး ဖြစ်နေလေသည်။ ပရိသတ်တို့ဆီမှလဲ ထိုဖြစ်အင်ကို မြင်ပြီး ခွိ..ကနဲ အသံတစ်သံ ထွက်လာလေသည်။ ထို့နောက် ခွိ..ခွိ.ခွိ... ဟူသော အသံများ သုဿာန်အတွင်း ညံသွားလေတော့သည်။ အသုဘရှင်များကလဲ မျက်ရည်လည်နေရာမှ ခွီးခွီးခွီး ဟု အရယ်ဘက်သို့ ကူးပြောင်းလာလေတော့သည်တမုံ့။ ငိုအားထက် ရယ်အားသန် ဖြစ်လေစွတကား။

အင်း ဒါလဲ ကုသိုလ် တစ်မျိုးပါဘဲလေ။ ၀မ်းနည်းပူဆွေးနေတဲ့ အသုဘရှင်တွေနှင့် ရွာသူရွာသားတွေကို အပြုံးလက်ဆောင်တစ်ခု ပေးလိုက်နိုင်သည်ကိုး။


.

Thursday 13 October 2011

သီတင်းကျွတ်ပုံပြင်


ဟိုဝင်ဒီထွက် သွားလာလှည့်ပတ်ရင်း တုံးဖလားရွာအတွင်း တစ်ရွာလုံးမှ တစ်ဆိုင်ထဲ ရှိသည့် မညွန့်ဆိုင်ကို ဖြတ်သန်းလာမိသည်နဲ့...

"သူကြီးမင်း.. ကျေးဇူးနော်"

ဟူသော အပျိုကြီး မညွန့်၏ ကျေးဇူးတင်စကားကို ထူးဆန်းစွာ ကြားလိုက်ရလေသည်။ ဘာအတွက် ကျေးဇူးတင်မှန်း မသိ။ အပြန်အလှန် စဉ်းစားကြည့်မိသည်။ လောလောလတ်လတ် ဘာတစ်ခုမှ မညွန့်ကို မကူညီခဲ့သေးပေ။

"ဘာအတွက် ကျေးဇူးတင်နေရတာလဲ အပျိုကြီးရဲ့"

"သူကြီးနော်။ သူများကို အပျိုကြီးလို့ မခေါ်ပါနဲ့။ အခုမှ ၃၅။ အလတ်စားကြီးဘဲ ရှိပါသေးတယ်"

"အော်... အရေးထဲ နွဲ့ပြနေသေးတယ်" ဟု စိတ်ထဲ ကျိတ်ရေရွတ်ရင်း ရှေ့နေ့ နောက်ကြည့် ဘေးကြည့် ဘယ်လိုကြည့်ကြည့် နဲနဲလေးမှ ရင်ခုန်စရာ မကောင်းသည့် အပျိုကြီးကို မလိုအပ်သည့် စကားများ မပြောချင်သောကြောင့်..

"ဘာကို ကျေးဇူးတင်နေတာလဲ မညွန့်ရဲ့"

ဟု လိုရင်းကိုသာ မေးလိုက်လေတော့၏။

"ရောင်းလိုက်တဲ့ ရောင်းကုန်တွေ လျော့မသွားဘဲ အကျိုးအမြတ် မြက်မြက်ကလေး ရလိုက်လို့လေ"

"ဟေ.. ဘယ်လို ဘယ်လို"

"ဘယ်လိုမှ မဟုတ်ဘူး။ သူကြီးမင်းရဲ့။ ဒီလို ဒီလို.."
...


"သြကာသ.. သြကာသ.. သြကာသ........"

"ဟေ့ကောင်တွေ.. ဆက်ဆိုလေကွာ.. သြကာသ သုံးခွန်းထဲနဲ့ ဘာဖြစ်လို့ ရပ်တန့် နေကြရတာလဲ"

"အလွတ်မရတော့ဘူး သူကြီးမင်း။ ဒါကြောင့် ဆုသာ ပေးပါတော့"

သီတင်းဝါလကျွတ်ပြီမို့ ရွာထဲမှ ပေါက်ကျော်နဲ့ ကံလှ သူကြီးမင်းအား လာကန်တော့ကြခြင်းဖြစ်၏။ ကန်တော့ပစ္စည်းကတော့ နှစ်ယောက်ပေါင်းမှ ဖယောင်းတိုင်အသေးစား တစ်ထုပ်နှင့် သဇင်ဘီစကွတ်တစ်ထုပ်။
သည်ကောင်တွေအကြောင်း သူကြီးမင်းကောင်းကောင်းသိ၏။ မုန့်ထုပ်ကလေးတွေနဲ့ မျက်နှာလုပ် ရိုသေပြပြီး မုန့်ဖိုး မျှော်ကိုးကြသူများ ဖြစ်၏။ ရိုးရာယဉ်ကျေးမှု ထုံးတန်းစဉ်လာမို့ သူကြီးမင်းလဲ တောက်တောက်လဲ အကုန်အကျခံပြီး ကန်တော့ခံနေရလေ၏။

သူကြီးမင်းသည် ကျန်းမာချမ်းသာစေကြောင်း ဆုပေးပြီး သူတို့အား ကော်ဖီ သွားရည်စာများနဲ့ ကျွေးမွေးဧည့်ခံလိုက်၏။ ထို့နောက် မုန့်ဖိုးပေးရန် အခန်းထဲ ၀င်ပြီး တစ်ယောက် ငါးရာစီပေးရန်ဟူသော စိတ်ကူးဖြင့် ပိုက်ဆံ အိတ်ထဲမှ ငါးရာတန် နှစ်ရွက်အား ဆွဲထုတ် လိုက်လေ၏။ ထိုအခိုက် အပြင်မှ ပေါက်ကျော်နှင့် ကံလှ အချင်းချင်း စကားတိုးတိုးပြောသံကို ကြားဖြစ်အောင် ကြားလိုက်လေ၏။

"ပေါက်ကျော်ရေ.. ငါတို့ အရင်းမှ ကျေပါ့မလား မသိဘူးနော်"

"အာ.. မင်းကလဲ.. သူကြီးမင်းက အရူးမှ မဟုတ်တာ။ လေးငါးရာလေးဘဲ ပေးပါ့မလား။ အနည်းဆုံးတော့ ထောင်ဂဏန်းဘဲ"

"သေချာပါ့မလား ပေါက်ကျော်"

"လောင်းတောင် လောင်းလိုက်ချင်သေးတယ်။ သူကြီးမင်းက ဒီလောက် စေတနာ သဒ္ဓါတရား ရက်ရက်ရောရော ရှိတာ။ မုန့်ဖိုးကို နဲနဲလေး ပေးပါ့မလား။ ဟ ကောင်ရ။ မှတ်ထား။ သူကြီးမင်းက လူဆင်းရဲ ငတုံးငအ ကပ်စေးနှဲ လူ့ဂွစာ မဟုတ်ဘူး"

ထိုစကားပြောသံတို့ကို အခန်းတွင်းမှ ကြားရပြီး စိတ်မသက်သာစွာဖြင့် နောက်ထပ် တစ်ထောင်တန် တစ်ရွက်စီ ပိုက်ဆံအိတ်ထဲမှ ဆွဲထုတ်လိုက်ရလေတော့၏။ အခန်းတွင်းမှ ထွက်လာစဉ် ပေါက်ကျော်က ကံလှ ပေါင်ကြောကို လက်ကလေးနဲ့ အသာကုတ်ပြီး "ထွက်လာပြီ ထွက်လာပြီ ကြည့်နေ" ဟူသော အသံတိတ်ဖြင့် အချက်ပေးနေသည်ကို သူကြီးမင်း မြင်ဖြစ်အောင် မြင်လိုက်မိသေး၏။ ထို့နောက် တစ်ယောက် ၁၅၀၀ စီပေးလိုက်သောအခါ ပေါက်ကျော်က ကံလှကို ကြည့်ပြီး "ဘယ်လိုလဲ ငါပြောတာ မမှန်ဘူးလား" ဟူ၍ အဓိပ္ပါယ်ထွက်သော မျက်နှာရိပ်ကို ပြလေ၏။

"အော်.. ကလေးတွေ.. ကလေးတွေ.. တစ်ရက်ကြီး တစ်နည်းသာ မဟုတ်တော့ဘဲ တစ်ရက်ငယ် တစ်ရက်လည် ဖြစ်နေကြပြီကော" ဟူ၍ သူတို့လေးတွေ၏ ပညာရပ်ကို ကျိတ်၍ ချီးကျူးမိလေ၏။ မောင်ပေါက်ကျော်နှင့် ကံလှတို့နှစ်ယောက် သူကြီးမင်းအား နှစ်ပေါက်တစ်ပေါက် ရိုက်သွားသည်ကို သူကြီးမင်း သိသိကြီးနဲ့ ခံလိုက်ရလေ၏။

ထို့နောက်တွင်တော့ ရွာထဲမှ လူငယ်တွေ တစ်ဖွဲဖွဲ မုန့်ထုပ် ဖယောင်းတိုင်ထုပ် လဘက်ထုပ် ဂျင်းထုပ် စသည် ကိုင်စွဲပြီး သူကြီးမင်းအား လာကန်တော့ကြလေတော့၏။ အားလုံးကို မုန့်ဖိုး ကိုယ်စီပေးရလေ၏။ လူငယ်တွေ ပြီးတော့ လူကြီးတွေ အလှည့်။ လူကြီးတွေမို့ ကိုယ်က သြကာသ ဆိုရမလား ထင်နေခဲ့၏။ သို့သော် သူတို့က အသက်အရွယ် ပိုကြီးပေမဲ့ သူကြီးမင်းရဲ့ ဂုဏ၀ုဍ္ဎိ (ဂုဏ်ကြီးမြတ်ခြင်း)ကို လာကန်တော့တာဟူ၍ ဆင်ခြေပေးကြလေ၏။ ထိုသို့ဖြင့် ရွာလုံးကျွတ် တစ်ယောက်မကျန် လာကန်တော့ကြလေ၏။ လာသမျှ လူကြီး လူငယ် လူရွယ် လူလတ် အားလုံးတို့အား သူကြီးမင်းက ကော်ဖီ ရေနွေးကြမ်း လဘက်ရည် လဘက်သုပ် ထန်းလျက် ကိတ်ခြောက်တို့ဖြင့် ဧည့်ခံရလေ၏။ လူငယ်တို့အား မုန့်ဖိုး၊ လူကြီးများအား လဘက်ရည်ဖိုး ဟု ခေါင်းစဉ်တပ်ကာ ပေးနေရသည့်အတွက် သူကြီးမင်းရဲ့ ပိုက်ဆံအိတ်ဖောင်းဖောင်းကလေးသည် သီတင်းကျွတ်မှာ ပြားပြားလေးသာ ကျန်လေတော့၏။ ကန်တော့ခံ ပစ္စည်းအားလုံးကို ရွာထဲရှိ အပျိုကြီးမညွန့်ဆိုင်က ၀ယ်လာကြခြင်းဖြစ်လေ၏။

လာကန်တော့ကြသည့် ရွာသူရွာသားများ အားလုံး ပြန်သွားကြသည့်အခါ သူကြီးမင်းအိမ်၌ ဘီကစ်မုန့်ထုပ်၊ ဖယောင်းတိုင်ထုပ်၊ လဘက်ထုပ်၊ သကြားထုပ်၊ ကယေကယာထုပ် စသည်တို့ဖြင့် ထင်းဆိုင်ကြီးသမျှ ဧည့်ခန်းပြည့်လုနီး ကျန်ရစ်ခဲ့လေ၏။ ကန်တော့ခံ ပစ္စည်းများပင် ဖြစ်၏။ သူကြီးမင်းလဲ ဘာတစ်ခုမှ အသုံးမလိုသည့်အတွက် ဘုန်းတော်ကြီးကျောင်းသို့ အကုန်လှူပစ်လိုက်လေ၏။ ရွာဦးကျောင်းဆရာတော်က ထိုပစ္စည်းများအား ကိုရင်ကျောင်းသားများအား အညီအမျှ ခွဲဝေပေးလေ၏။ ကိုရင်ကျောင်းသားများကလဲ ရွာထဲမှ လာပို့ကြသည့် စားစရာများနဲ့ ဗိုက်အင့်နေကြသည့်အတွက် ထိုပစ္စည်းတို့အား အပျိုကြီး မညွန့်ဆိုင်သို့ ပြန်သွင်းကြလေတော့၏။ မညွန့်က တစ်ဝက်ဈေးဖြင့် ပြန်ဝယ်လေ၏။

"မညွန့်... ဒီ အထုပ်က ၀ယ်တုန်းက ငါးရာ ပေးရတယ်တဲ့။ အခု လေးရာနဲ့ ပြန်ဝယ်ပါလား"

"မရဘူး။ အားလုံး တစ်ဝက်ဈေးဘဲ။ ငါးရာတန်ကို နှစ်ရာ့ငါးဆယ်ဘဲပေးမယ်။ တစ်ထောင်တန်ကို ငါးရာဘဲ ပေးမယ်။ မရောင်းချင် ပြန်ယူသွား"

အပျိုကြီးမညွန့်ကလဲ ခပ်တင်းတင်း။ ကိုရင်ကျောင်းသားများကလဲ အရင်းအနှီး မစိုက်ရသည့်အတွက် ရသည့်ဈေးဖြင့်သာ မညွန့်ဆိုင်မှာ အထုပ်တွေအားလုံး ပြန်ရောင်းကြလေတော့၏။ ပထမ မညွန့်ဆိုင်က အထုပ်တွေ သူကြီးမင်းအိမ်ရောက်၏။ ထို့နောက် ဘုန်းတော်ကြီးကျောင်းသို့ ရောက်၏။ ထို့နောက် မညွန့်ဆိုင်သို့ ပြန်ရောက်လေ၏။ သံသရာလည်သည် ဆိုသည်မှာ ထိုသည်ကိုပင် ခေါ်သည် ထင်၏။
.....

"အဲဒါပါဘဲ သူကြီးမင်း... ဒါကြောင့် သူကြီးမင်းကို ကျေးဇူးတင်တယ်လို့ ပြောတာ။ သူကြီးမင်းကို အကြောင်းပြုလို့ အခုလို အမြတ်များများ ရတာလေ"

"အော်... အေး အေး... ၀မ်းသာပါတယ်။ သာဓု သာဓု သာဓု"

ဟူ၍ ဘာကို ဘာကြောင့် သာဓုခေါ်မှန်း ကိုယ်တိုင်ပင် မသိဘဲ အပျိုကြီးမညွန့်ဆိုင်မှ ဖဲခွါလာခဲ့လေ၏။ ထို့နောက် သီတင်းမကျွတ်ခင်က အဖြစ်အပျက်ကလေး တစ်ခုအား အမှတ်ရမိလေပြန်၏။ နှစ်စဉ် သီတင်းကျွတ်ပြီဆိုလျှင် သူကြီးမင်းအိမ်၌ လူစည်မြဲဖြစ်၏။ ဒီနှစ်လဲ သေချာပေါက် လူစည်ကားဦးမည်ဖြစ်၏။ ထို့ကြောင့် ဧည့်ခံ ကျွေးမွေးရန်အတွက် သီတင်းမကျွတ်ခင်က မြို့တက်ပြီး ကြိုတင် စားစရာ သောက်စရာများကို သူကြီးမင်းကိုယ်တိုင် သွားဝယ်လေ၏။ အိမ်မှာ ရေနွေးထည့်ရန် ဓါတ်ဗူးတစ်လုံး လိုအပ်နေသည့်အတွက် စည်ပင်သာယာဈေးထဲမှ ဓါတ်ဗူးအကြီးတစ်လုံးအား ၀ယ်လိုက်လေ၏။ ဈေးထဲ ဟိုလျှောက်ဒီလျှောက် သွားနေရသည့်အတွက် မောပန်းလာပြီး ရေဆာလာလေ၏။ ထို့နောက် ဓါတ်ဗူးကလေးအား ဆွဲကာ မြို့ပေါ်ရှိ အသိမိတ်ဆွေ အိမ်တစ်အိမ်သို့ ရေအေးအေးလေး သောက်ရင်း သာကြောင်း မာကြောင်းမေးရင်း အလည်အပတ်သွားလေ၏။ အိမ်ပေါ်သို့ ရောက်သည်နဲ့ တစ်ပြိုင်နက် မိတ်ဆွေ၏ အမျိုးသမီးဖြစ်သူ မကြည်အေးက...

"သူကြီးမင်းရယ်... အားနာစရာကောင်းလိုက်တာ.. ဘာဖြစ်လို့ ဓါတ်ဗူးကြီး ၀ယ်လာရတာလဲ။ ကျမတို့က သိပ်မလိုအပ်ပါဘူး။ ဓါတ်ဗူး သေးသေးလေးဆို အဆင်ပြေပါတယ်"

ဟု... ရောက်မဆိုက် ထင်ရာ မြင်ရာကို ဇွတ်ပြောနေလေတော့၏။ သူကြီးမင်းသည် ထိုအမျိုးသမီး၏ အသံကို ကြားလိုက်ပြီး ရေဆာနေသည့် စိတ်ပင် ပျောက်သွားလေ၏။ ထိုစဉ် မိတ်ဆွေ ဖြစ်သူ (ထိုအမျိုးသမီး၏ယောက်ျား) ထွန်းမောင်က အခန်းတွင်းမှနေပြီး သူ့အမျိုးသမီးအား.....

"မိန်းမရေ... ဓါတ်ဗူးအကြီးဆို ပိုကောင်းတယ်ကွ။ ယူထားလိုက်ပါ။ သူကြီးမင်းက အားနာစရာ မလိုပါဘူး။ လွတ်သဘောကောင်းတာ။ ငါတို့ ဓါတ်ဗူးကြီး လွန်ခဲ့တဲ့ တစ်လလောက်က ကျကွဲသွားတာနဲ့ အတော်ဘဲ..."

ဟု လှမ်းပြောလေ၏။

"သွားပြီ သွားပြီ။ ရေတစ်ခွက်နဲ့ ဓါတ်ဗူးတစ်လုံး လဲသောက်ရကိန်းဘဲ" ဟု စိတ်တွင်း မသက်သာစွာဖြင့် သူကြီးမင်းလဲ...

"ရပါတယ်ဗျာ။ အားမနာပါနဲ့။ ကျနော်က ခင်ဗျားတို့ လိုအပ်မယ်ထင်လို့ တမင်သကာ ၀ယ်လာခဲ့တာပါ" ဟု ချောလဲ ရောထိုင် ပြောဆိုရင်း သောက်ရေအိုးထဲမှ ရေကို အညှိုးဖြင့် ငါးခွက်လောက် ဂွပ် ဂွပ် ဂွပ် ကနဲမြည်အောင် ဆက်သောက်ပစ်လိုက်လေ၏။ ထို့နောက် စကားစမြည်ပြောပြီး ဓါတ်ဗူးကြီးအား ပေးထားခဲ့ကာ စည်ပင်သာယာဈေးသို့ ဓါတ်ဗူး နောက်တစ်လုံး ထပ်ဝယ်ရင် ထပ်သွားလိုက်ရလေတော့၏။

သီတင်းမကျွတ်ခင်က အဖြစ်အပျက်ကလေးကို သတိရလိုက်၊ သီတင်းကျွတ် လာကန်တော့ကြတဲ့ ကန်တော့ခံ ပစ္စည်းများကို သတိရလိုက်၊ မုန့်ဖိုးပေးရသည်ကို သတိရလိုက်ဖြင့်.. "မဖြစ်ချေဘူး.. မဖြစ်ချေဘူး.. လာမဲ့နှစ် သီတင်းကျွတ်ကျရင်တော့ သီတင်းမကျွတ်ခင် တစ်ပတ်လောက် ကြိုတင်ပြီး တစ်လ တရားစခန်းသွားဝင်ထားမှ.. ဒါမှ အကုန်အကျလဲ သက်သာ ကုသိုလ်လဲရ..." ဟု တစ်နှစ်လောက် လိုသေးသည့် လာမဲ့ သီတင်းကျွတ်အား စိတ်ကူးလေးနဲ့ ပုံဖော်ကာ ယောဂီဟန်ပန်လေးဖြင့် "ဘယ်လှမ်းတယ်.. ညာလှမ်းတယ်.. ကြွတယ်... ချတယ်.. ထိတယ်.... သိတယ်.... ထိစ..ထိလယ်..ထိဆုံး.. " ဟူ၍ မမှတ်တတ် မှတ်တတ် မှတ်ကာ ခပ်ပြုံးပြုံး ခပ်ဖုံးဖုံး အနေအထားဖြင့် အိမ်သို့ ပြန်လာခဲ့လေတော့၏။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)

.

Friday 7 October 2011

မိအေးရိုက်ချက်


မိအေး... နင် ရက်စက်လှချည်လား။ ဘာဖြစ်လို့ ဒီလောက်တောင် အပြောင်းအလဲ မြန်ရတာလဲ။ မနေ့တုန်းက အကောင်းသား။ ဒီနေ့မှ ဘာဖြစ်လို့ အခုလို ဖြစ်သွားရတာလဲ။ နင့်ရဲ့ မာယာတွေကို ငါ လုံးဝ နားမလည်တော့ဘူး။ ငါ မသင်ခဲ့ဖူးတဲ့ သင်ခန်းစာတွေ နင် ချချပြတော့ ငါ အလူးအလဲ ခံရတော့တာပေါ့။ ခက်ပါလား မိအေးရယ်။

နင်မှတ်မိသေးလား မသိဘူး။ တုံးဖလားရွာလေးမှာတုန်းက ငါတို့ သိပ် ချစ်ခဲ့ကြတယ်လေ။ ငါက နင့်ကို ချစ် နင်ကလဲ တစ်နှစ်နီးပါး ငါ့အနားက ခွါခဲ့တယ်ကို မရှိပါဘူး။ ငါ မှတ်မိသေးတယ်။ ငါတို့ လယ်တောထဲက စပါးပင်တွေ ရိပ်သိမ်းချိန်တုန်းကပေါ့။ မနက် ဝေလီဝေလင်း စပါးတလင်းကို အတူသွားရင်း နင်က ငါ့ကို မေးတယ်။ ဘယ်လောက်ထိ ချစ်လဲတဲ့။ ငါက တုန်နေအောင် ချစ်တယ်လို့ ပြောတော့ နင်က မယုံပါဘူးတဲ့။ ဒါနဲ့ ငါကလဲ ငါ နင့်ကို တကယ် တုန်နေအောင် ချစ်တာပါ ဆိုပြီး အထက်မေးနဲ့အောက်မေး ဂတ် ဂတ် ဂတ် မြည်အောင် မေးရိုက်ပြတော့ နင်က ပြောတယ်။ သိပ် ပိုတာဘဲတဲ့။ မပိုပါဘူးဟာ ဒီထက်တောင် နင့်ကို ပိုချစ်ပါသေးဆိုတော့ သက်သေပြလေတဲ့။ အခု နင်နဲ့ငါ အတူနေနေရပေမဲ့ တစ်နေ့နေ့ ဝေးများသွားရရင် ဆိုတဲ့ အတွေးနဲ့ ငါ့ရင်ထဲ ငရဲမီး တောက်နေတယ်လို့ ပြောတဲ့အခါ နင်က အားလူးဘဲတဲ့။ မယုံရင် ဟောဒီမှာ ကြည့် ဆိုပြီး ပါးစပ်ထဲက ၀ူးးးကနဲ လေမှုတ်ထုတ်လိုက်တော့ အခိုးငွေ့တန်းကြီး ထွက်သွားတယ်။ အဲဒါ အထဲမှာ အရမ်းပူလောင်နေလို့ မီးခိုးတွေ ပါးစပ်က တဆင့် ထွက်လာတာ ဆိုတော့။ ဟင် တကယ်ကြီးလားတဲ့။ တော်သေးတာပေါ့ ထွက်ပေါက်အနေနဲ့ မီးခေါင်းတိုင်ကြီးရှိနေလို့တဲ့။ နို့မို့ဆို ငုတ်တုတ်ကြီး မီးလောင်သေလောက်တယ်တဲ့။ အင်း လွမ်းစရာတွေပေါ့ဟာ။

ဒါပေမဲ့ နင်က တစ်ခါတစ်လေ ငါ့ကို (အမြဲတမ်း) အနိုင်ကျင့်တတ်တယ်။ နင် နှိပ်စက်ခဲ့လို့ ငါ့မှာ နှုတ်ခမ်းတွေလဲ ကွဲရ၊ လက်အရေခွံတွေလဲ ကွာရနဲ့။ ယုတ်စွအဆုံး နင့်ရဲ့ ဒဏ်တွေကြောင့် နှာခေါင်းက နှာရည်ယိုနေရင်တောင် ငါ သတိမထားမိတတ်ခဲ့ဘူး။ ဒါပေမဲ့ နင့်ကို ငါချစ်တယ်။ မြတ်နိုးတယ်။ ငါ့ဘ၀မှာ အချစ်မရှိလို့ ဖြစ်တယ်၊ နင်မရှိလို့ မဖြစ်ဘူး။

ဒီလိုနဲ့ ငါ ပညာရေးအတွက် မန္တလေးကို ပြောင်းလာခဲ့တယ်။ ခဏခဏ မတွေ့ရတော့ နင် နဲနဲ စိမ်းကားသွားသလိုဘဲ။ ငါရှိတဲ့ မန္တလာမြေကို နင် မကြာခဏလာခဲ့မယ်လို့ ကတိပေးခဲ့ပြီး နင် ကတိမတည်ဘူး။ တစ်နှစ်မှ တစ်ခါလောက်ဘဲ နင်ပေါ်ပေါ်လာတယ်။ ငါမှတ်မိပါသေးတယ်။ နင် နတ်တော်ပြာသိုလလောက် ရောက်မှ ငါ့ဆီ ပေါ်လာတယ်လေ။ နင်ဘယ်လို ပြောင်းလဲပြောင်းလဲ ငါကတော့ ငါ့ရဲ့ နှလုံးသားစင်တာတည့်တည့်ကနေ နင့်ကို တွယ်တာမြတ်နိုးနေဆဲပါဘဲ။

ငါ မန္တလေးကနေ ရန်ကုန်ကို ပြောင်းလာတော့ နင်နဲ့ ပိုအလှမ်းဝေးသွားတယ်။ စပါးရိပ်သိမ်းပြီးခါစ ပြာသို တပိုတွဲလလောက်မှဘဲ နင် ဘုရားဖူးလာရင်း မျက်စိလည်ပြီး ငါ့ဆီ ပေါ်လာတတ်တယ်။ နင်လာရင် ငါပျော်တယ်။ နင်ပြန်သွားရင် ငါ ၀မ်းနည်းတယ်။ နောက်တစ်နှစ် နင်လာမဲ့ နေ့ရက်တွေကို လက်ရေချိုးပြီး မျှော်နေတတ်တယ်။

တစ်နေ့ နင် ရန်ကုန်ကို အလည်လာတုန်း ငါက နင့်ကို ငါ လန်ဒန်သွားတော့မယ်ဟာ လို့ ပြောတော့ နင်က လေအိုး အပလာတွေ လာမပြောနဲ့တဲ့။ မဟုတ်ဘူး ငါ တကယ် သွားမှာဆိုပြီး အတည်ပြောတော့ နင်သွားရင် ငါလဲ လိုက်ခဲ့မယ်တဲ့။ နင့်ဖာသာ နင် လိုက်ခဲ့၊ ငါကတော့ တာဝန် မယူဘူးဆိုတော့ နင်တို့ ယောက်ျားတွေက ဒါမျိုးတွေချည်းဘဲတဲ့။

ဒီလိုနဲ့ ငါလန်ဒန်ရောက်ခဲ့တယ်။ ငါ လန်ဒန်ရောက်ရောက်ချင်း နင့်ကို လန်ဒန်မှာ ဗြုန်းစားကြီး တွေ့လိုက်ရတော့ အတော်လေး အံ့သြသွားမိခဲ့တယ်။ နင်က ပြောတဲ့အတိုင်း တကယ် လိုက်လာတာဘဲ။ ဒါပေမဲ့ နင့်စရိုက်က နဲနဲ ပိုကြမ်းလာသလိုဘဲနော်။ တစ်ရက်မှာ နင်က ပြောတော့ ချစ်စနိုးလေး မွှေးမွှေးပေးမယ်တဲ့။ ဒါပေမဲ့ ငါ့ပါးပြင်ပေါ်မှာတော့ နင်ချော်လဲထားခဲ့တဲ့ ကဗျာမဆန်တဲ့ ရှပ်ပြေးအနမ်းတွေကြောင့် ပတ်ကြားလေးတွေတောင် အက်နေလေရဲ့။ နင်က နှိပ်စက်လိုက် ငါက ထိပ်ကွက်လိုက်နဲ့ ငါ့ရဲ့ ထိပ်မှာလဲ အက်ကြောင်းလေးတွေ မနည်းတော့ဘူး။ နင့်ရဲ့ အေးစက်စက် ရှတတ အနမ်းတွေကို ကြောက်လွန်းလို့ ငါ့မှာ ခန္ဓာကိုယ်ကို ကောက်ညှင်းထုပ်လို အ၀တ်ထူထူနဲ့ ထုပ်ပိုးထားရတယ်။ နင်ကတော့ ပြောဦးမယ်။ အပိုတွေလို့။

အခုဆို ငါတို့ လန်ဒန်မှာ နေလာခဲ့ကြတာ လေးနှစ်လောက် ရှိရော့မယ်။ အချင်းချင်း နွေးထွေးမှုလေးတွေ ပေးလိုက်၊ ချမ်းအေးမှုလေးတွေ ပေးလိုက်နဲ့ အစာမကြေ့တကြေ ဖြစ်နေခဲ့တာ တမေ့တမောပါဘဲ။ နင့်ကို ငါ မကြိုက်တာက နင်လာရင် နင့်ချည်းသက်သက်လာတာ မဟုတ်ဘူး။ ဟို.. မေပဇ္ဇုန်တို့၊ မိဝါယုတို့၊ မစနိုးတို့ကိုပါ တစ်ပါထဲ ခေါ်လာတတ်လာတယ်။ နင့်ဒဏ် သက်သက်တောင် ငါက အလူးအလဲ ခံနေရတာ။ သူတို့ ဒဏ်ကိုပါ ပေါင်းခံရတော့ ငါ့ရဲ့ ချိနှဲ့နှဲ့ နှလုံးသား သစ်ကိုင်းလေး နင်တို့ရဲ့ ကြမ်းတမ်းတမ်း ကျီစယ်မှုကို ဘယ်လို တောင့်ခံနိုင်ပါတော့မလဲ။ ထက်ပိုင်း ကျိုးသွားတော့မပေါ့။

နင် ပြန်စဉ်းစားကြည့်စမ်းပါ။ မနေ့တုန်းက နင် အကောင်းသား။ သာယာဝင်းပလို့။ ကြည်ရွှင်ပျော်မြူးလို့။ ဒီနေ့မှ နင် ဘယ်လို ဖြစ်လာရတာလဲ။ နင်.. မေပဇ္ဇုန်၊ မိဝါယုတို့နဲ့ အတူ ရောက်လာတယ်။ မျက်နှာကလဲ မဲတူးပြီး စူပုပ်နေတာဘဲ။ ပေါင်းလာတာ ကြာပေမဲ့ အခုထက်ထိ နင့်ကို ငါ ကောင်းကောင်း နားမလည်သေးဘူး။ ဒီနေ့ နင်နှင့်အပေါင်းပါတွေ နှိပ်စက်လိုက်လို့ ငါ့မှာ ခြေအေး ၀မ်းယောင်တောင် ဖြစ်လု မတတ်ဘဲ။ ပြီးတော့ ညနေဘက် အပြင် လမ်းလျှောက် ထွက်နေကျတောင် မသွားဖြစ်လိုက်တော့ဘူး။ နင်သိပ်ရက်စက်တယ်။ မနေ့တုန်းက ငါ သေချာကြည့်ထားတယ်။ နင့် ချစ်ဒီဂရီက ၂၆ တဲ့။ အဲဒီလို သက်တောင့် သက်သာ ဒီဂရီလေးနဲ့ ချစ်နေရတာကိုဘဲ ငါက စွဲလန်းနေတာပါ။ ဒါပေမဲ့ ဒီနေ့ နင်လုပ်ပုံကို ကြည့်ဦး။ ချစ်ဒီဂရီ ၁၁ တဲ့။ မနေ့ကနဲ့ဒီနေ့ ဘယ်လောက် ကွာသွားသလဲ။ နင် ဘာဖြစ်လို့ လျော့ချလိုက်ရတာလဲ။

နင့်ရဲ့ ရက်စက်မှုတွေကြောင့် ငါ့ရဲ့ ခြေဖျားလက်ဖျားတွေ အေးစက်နေကုန်ပြီ။ တစ်ခါတစ်ခါ ဟပ်ချိုးတောင် လုပ်မိလိုက်သေးတယ်။ ဒီပုံစံအတိုင်းဆို ဒီနေ့က စပြီး နင်တို့ တစ်တွေရဲ့ နှိပ်စက်မှုဒဏ်ကို ငါ အလူးအလဲ ကော့နေအောင် ခံရတော့မဲ့ ပုံဘဲ။ အဲဒီလောက်ကြီး မရက်စက်ပါနဲ့လား မိအေးရယ်။ ငါ အမြဲကွေးပြီး အိပ်ရာထဲမှာဘဲ မနေချင်လို့ပါ။ နင်ကတော့ ပြောမှာ သေချာတယ်။ ငါတို့ရဲ့ ခပ်ကြမ်းကြမ်း အနမ်းဒဏ်ကို ကြောက်ချေးပါနေရင်လဲ ခပ်ပေါပေါ အနွေးထည်လေးတွေ အခုကထဲက စပြီး ၀ယ်ထားပေတော့လို့။ အေးလေ.. နင်ပြောမယ်ဆိုလဲ ပြောချင်စရာပါ။ အခုတောင် ငါ အင်္ကျီနှစ်ထပ် ၀တ်နေရပြီ မဟုတ်လား။

မိအေး... နင်.. ရက်..စက်..လွန်း...တယ်...။ နင်.... ရက်.....စက်... {ဂတ် ဂတ် ဂတ် }(မေးရိုက်သံ) လွန်း...တယ်..
အမလေး... ချမ်းလိုက်တာဗျာ...

တိုက်ပင်ရိုက်ချိန်။
(၀၆.၁၀.၂၀၁၁ ကြာသပတေးနေ့)

...

Saturday 1 October 2011

ခွေးရူးကိုက်ခံရခြင်း


"သန်းမေသား မောင်ခွေးတစ်ယောက် ခွေးရူးကိုက်ခံရလို့တဲ့"

လက်ပံပွင့်ချိန် ခွေးရူးပေါ်ချိန်မို့ ခွေးလေခွေးလွင့် ခွေးရူးတွေ တစခန်းထနေကြသည်။ ကလေးများကို အပြင်မထွက်ဖို့ မိဘများက အထူးသတိထား ကြည့်ရှုစောင့်ရှောက်ရချိန် ဖြစ်သည်။ ဒီလောက် ဂရုစိုက် စောင့်ရှောက်သည့်ကြားထဲမှ မောင်ခွေးတစ်ယောက် ခွေးရူးကိုက်ခံရသည်တဲ့။ ကြားဖူးသည်မှာ ခွေးရူးကိုက်ခံရသူသည် ကိုက်ခံရခါစတွင် ခွေးရူးမပြန်တတ်ပေမဲ့ တစ်ပတ်အတွင်း ဒါမှမဟုတ် တစ်လအတွင်း ဒါမှမဟုတ် ငါးလအတွင်း ခွေးရူးပြန်တတ်သည်တဲ့။ ဒါကြောင့် ခွေးကောင်းကိုက်ကိုက် ခွေးရူးကိုက်ကိုက် ခွေးကိုက်ခံရသူတိုင်း ခွေးရူးကာကွယ်ဆေး ထိုးထားသင့်သည်တဲ့။ ခွေးရူးကိုက်ခံရသူသည် ယောင်တိယောင်နဖြစ်ခြင်း အလင်းရောင်ကို ကြောက်ခြင်း ဖြစ်တတ်သည်တဲ့။ အထူးသဖြင့် ရေကို သောက်ဖို့ ချိုးဖို့နေနေသာသာ မျက်စိဖြင့် မြင်ကာမျှနဲ့ပင် ကြက်သီးမွေးညှင်းထပြီး အလွန်ကြောက်တတ်သည်တဲ့။ ထိုကဲ့သို့ ရေကို အရမ်းကြောက်သည့်အဆင့် ရောက်သွားလျှင် ပြန်ကုသဖို့ လုံးဝ မလွယ်ကူတော့တဲ့။

"မောင်ခွေးကို ကျေးလက်ဆေးပေးခန်း အမြန်ပို့သင့်တယ်"

ရွာသူရွာသားများက မောင်ခွေးခွေးရူးကိုက်ခံရသည့် သတင်းကို တဆင့်စကား တဆင့်ကြားပြီး မောင်ခွေးအတွက် စိုးရိမ်ပူပန်ကြသည်။ မောင်ခွေးနှင့် ကစားဖော်ကစားဖက် သူတို့၏ သားသမီးများထံသို့ မောင်ခွေးမှ တဆင့် ပြန်ကူးစက်မှာလဲ စိုးရိမ်ကြသည်။ ရပ်ရွာထုံးစံအတိုင်း ကလေးများ ရွာထဲမှာ အတူတူ ကစားနေကျဖြစ်သည်။ အချင်းချင်း ထိမိခိုက်မိ ခြစ်မိရှမိကြရာမှ တဆင့် ခွေးရူးရောဂါ ကူးစက်လာမှာကို ကြောက်နေကြသည်။ ထို့ကြောင့် ခွေးရူးမဆိုထားနဲ့ ခွေးရူးကိုက်ခံရသူကိုပင် သူတို့၏ သားသမီးများအား ဝေးဝေးက ရှောင်ရှားစေလိုကြသည်။ အတူတူ မကစားလိုကြတော့။

တောသူတောင်သားတို့၏ ထုံးစံအတိုင်း လူတစ်ယောက် တစ်ခုခု ဖြစ်လျှင် "ဟိုရွာက ဟိုလူတစ်ယောက်တော့ ဟိုလိုဖြစ်လို့ အဲဒီလို ဘ၀ကို ရောက်သွားရရှာတာ" စသည်ဖြင့် အပိုစကား ကောလာဟလစကားများ ပေါ်ထွက်လေ့ရှိကြသည်။ အခုလဲ မောင်ခွေးတစ်ယောက် ခွေးရူးကိုက်ခံသည်ဟု ကြားသိကြပြီးနောက် ရပ်ရွာအတွင်း သတင်းပေါင်းစုံ ပေါ်ပေါက်လာလေတော့သည်။

"လွန်ခဲ့တဲ့ ငါးနှစ်လောက်က တောင်ကုန်းရွာက ကလေးတစ်ယောက်တော့ ခွေးကိုက်ခံရပြီး တစ်ပတ်အတွင်း ခွေးရူးပြန် ရောဂါနဲ့ သေဆုံးသွားခဲ့တယ်"

"ညောင်ပင်ရွာက ကလေးတစ်ယောက်ကတော့ ပါးစပ်ထဲက အမြှုပ်တွေ ထွက်ပြီး ရှောဘရားသား ဖြစ်သွားခဲ့ပါရောလား"

"မဲဇလီရွာက ကောင်လေးတစ်ယောက်ကတော့ ခွေးကိုက်ခံရပြီး ဘာမှ မဖြစ်ဘူး။ အေးအေးဆေးဆေးဘဲ။ ဒါပေမဲ့ ငါးလလောက် ကြာတဲ့ အခါမှာမှ ခွေးသားစားမိပြီး ခွေးရူးပြန်ရောဂါ ပေါ်လာတယ်။ ရေကိုမြင်ရင် ကြောက်ဒူးတုန်ပြီး ငိုတော့တာဘဲတဲ့။ မကြာပါဘူး သူလဲ ဂိုးတာပါဘဲ"

စကားပေါင်းစုံ အတွေ့အကြုံပေါင်းစုံကြားရသည်။ ခွေးရူးကိုက်ခံရသည့် မောင်ခွေးကိုတော့ သူတို့ကိုယ်တိုင် မေးမြန်းအကြံပြုမည် စိတ်မကူး။ ရောက်တတ်ရာရာ စိတ်မချမ်းသာစရာ စကားများကိုသာ ပုံကြီးချဲ့ ပြောဆိုနေကြလေသည်။ ကာယကံရှင်များသာ ဒီစကားတွေကို ကြားရရင်ဖြင့် မြွေပူရာ ကင်းမှောင့်၊ နူရာ ၀ဲစွဲ၊ လဲရာ သူခိုးထောင်း၊ မီးလောင်ရာ လေပင့်၊ မြေနိမ့်ရာ လှံစိုက် ဖြစ်ချေတော့မည်။ လူဆိုတာကလဲ ပါးစပ်ကသာ သနားပြတတ်ကြသည်။ စိတ်ထဲမှာတော့ သူတစ်ပါး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေတာ မြင်ရရင် ကျိတ်ပြီး ၀မ်းသာနေတတ်ကြသည်လား မပြောတတ်တော့ချေ။

ရွာအတွင်း မောင်ခွေးနဲ့ ငါးအိမ်ကျော် နေအိမ်တွင် မောင်ခွေးထက် နှစ်နှစ်လောက် အသက်ပိုကြီးသည့် ခွေးအောင်ဆိုသည့် ကောင်လေးတစ်ယောက်ရှိသည်။ မွေးစကထဲက ခပ်ကြောင်ကြောင် မူမမှန်သည့် စိတ်ဓါတ်အခြေအနေ ချို့တဲ့မှုကြောင့် မိဘများက အရွယ်ရောက်လာသည့်အခါ စိတ်ဓါတ်ပုံမှန် ဖြစ်စေရန် ရည်မှန်းပြီး ခွေးအောင်ဆိုသည့် နာမည်ကို ပေးခဲ့ခြင်း ဖြစ်လေသည်။ နာမည်မှာသာ "အောင်" ဆိုသည့် စကားလုံး ပါသော်လဲ ဆယ်ကျော်သက်အရွယ်ထိ ငယ်မူအတိုင်းပင် ဖြစ်သည်။ အူချာချာ ငူတူတူကြီးပင်ဖြစ်သည်။ ထို့ကြောင့် သူနှင့် ရွယ်တူ သူငယ်ချင်းများက ကွယ်ရာမှာ "ခွေးအောင်ဆိုတဲ့ကောင် သူ့နာမည်ထဲက ပထမ စကားလုံးနဲ့ဘဲ ကိုက်ညီတယ်။ ဒုတိယစာလုံးနဲ့တော့ ဆန့်ကျင်ဘက်ဘဲ။ အမှန်က အဲဒီကောင် စောင်နဲ့ အိပ်တဲ့ကောင် မဟုတ်ဘူး" ဟု အတင်းဆိုကြသည်။ "စောင်နဲ့ မအိပ်ဘူး"ဟု ဆိုလျှင် "စိတ်မအောင်ဘူး"ဟု ဆိုလိုသည်ကို ရွာသားတိုင်းက နားလည်ကြလေသည်။ "စိတ်မအောင်ဘူး" ဆိုသည်မှာ "အရူး"ဟု တိုက်ရိုက်အနက်ထွက်လေသည်။

ပိုဆိုးသည်မှာ ခွေးအောင်၏ မျက်စိနှစ်ဘက်လုံး စွေစောင်းနေခြင်းပင်ဖြစ်သည်။ သူ့ လက်မောင်းနှစ်ဘက်လဲ တစ်ဘက်နှင့်တစ်ဘက် အရှည်အတို မညီမျှကြရှာချေ။ ကစားဖော်ကစားဖက်များက ခွေးအောင်အား စ နောက် ကျီစယ်ကြသည်။ "မျက်စိစွေစောင်း၊ လက်မောင်းတိုရှည်၊ အကြောင်းမသိ မပေါင်းနဲ့လေ" တဲ့။ ခွေးအောင်တစ်ယောက် စိတ်တို လိုက်သည့် ဖြစ်ခြင်း။ "ဒါဖြင့် မင်းတို့က ဘာဖြစ်လို့ ငါနဲ့ လာပေါင်းကြသေးလဲ" ဟု စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပက်တတ်လေသည်။ ကစားဖော်များကလဲ ခေသူ မဟုတ်။ "ငါက မင့်အကြောင်း ကောင်းကောင်း သိလို့ ပေါင်းသင်းနေတာလေ" တဲ့။ ခွေးအောင်သည် ပင်ကိုယ်အားဖြင့် ခင်စရာကောင်းသည်။ စိတ်ပုံမှန် ဖြစ်နေသည့်အချိန်တွင် သဘောကောင်းသည်။ ကူညီတတ်သည်။ သို့သော် စိတ်ဓါတ် ဖောက်ပြန်လာပြီး ငူတူတူ ဖြစ်လာပြီဆိုရင်တော့ တွေ့ကရာ ရန်လုပ်တတ်လေသည်။

"မောင်ခွေးလေး ခွေးရူးကိုက်ခံရတာ အတော်လေး အထိနာသွားတယ်တဲ့"

"သူ့မိဘတွေက ကျေးလက်ဆေးခန်းမသွားဘဲ အိမ်မှာဘဲ ရိုးရာတိုင်းရင်းဆေးနဲ့ ကုမယ်ဆိုဘဲ"

"အေးလေ... သူတို့ဆင့်နဲ့ ငွေမှ မတတ်နိုင်ကြတာ။ ခွေးရူးဆေးဆိုတာကလဲ ပတ်လည်မိအောင် ထိုးရတာလေ။ အားလုံး အပြီးအစီးဆို သိန်းကျော်ကုန်မယ်"

"မောင်ခွေးက ခွေးရူးကိုက်ခံရမဲ့ ကံဇာတာကို ပါလာတာ ဖြစ်ရမယ်"

"ခွေးရူးကိုက်ခံရတဲ့သူဟာ ဘုန်းနိမ့်လို့ ကိုက်ခံရတာတဲ့"

"အေးဟယ်... မောင်ခွေးလေး သနားပါတယ်"

စိတ်ဓါတ်ဖြူစင်ပြီး စိတ်ထားနူးညံ့သည့် မောင်ခွေးလေးအကြောင်းကို သိတဲ့သူတိုင်းက သနားစာနာနေကြသည်။ မောင်ခွေးမိဘများနဲ့ အဆင်မသင့်သူများကတော့ ကျိတ်ဝမ်းသာနေကြလေသည်။ သူတစ်ပါး ဆင်းရဲအတိ ဖြစ်နေတာကို ကျိတ်ပြီး ၀မ်းသာခြင်းသည် အကုသိုလ်တစ်မျိုးပင် ဖြစ်သည်။ အကုသိုလ်ဆိုတာလဲ ဒီလိုဘဲ အလွယ်တကူ ရနိုင်သည် မဟုတ်ပါလား။ အကုသိုလ်များ ဈေးချိုလိုက်ပုံက Buy one get one free တင် မကတော့ဘဲ အကုသိုလ်များ အခမဲ့ ရနိုင်သည်ဟု ဆိုင်းဘုတ်ကြီးကြီး စိုက်ထူထားသယောင် ထင်မှတ်ရလေသည်။

တစ်ဆင့်စကား တစ်ဆင့် ကြားပြီး ရ၀တလူကြီးဦးသိန်းမောင်တစ်ယောက် မောင်ခွေး အိမ်သို့ ရောက်လာလေသည်။ ရပ်ရွာအတွင်း ဖြစ်ပျက်သည့် အမှုမှန်သမျှ ရ၀တလူကြီးမှာ တာဝန်ရှိလေသည်။ တွေ့ဆုံမေးမြန်းရမည်။ တိုင်ပင်ဆွေးနွေးရမည်။ အားပေးချီးမြှောက်ရမည်။ ဒါမှ လူကြီးပီသရာ ရောက်မည်။

"သန်းမေရေ... သန်းမေ့သား မောင်ခွေးတစ်ယောက် ခွေးရူး ကိုက်ခံရတယ်ဆို"

"ဟုတ်တယ် ဦးသိန်းမောင်ရေ့"

"အတော်လေး ထိမိသွားလား။ ပြီးတော့ ကျေးလက်ကျန်းမာရေးဋ္ဌာနကိုကော မပို့ဘူးလား"

"တော်တော်လေး ထိလား မထိလားတော့ မသိဘူး။ ငါးချက်တိတိ ချုပ်လိုက်ရတယ်။ ကျေးလက်ကျန်းမာရေးဋ္ဌာနကိုတော့ မပို့တော့ပါဘူး။ ကိုက်တဲ့နေရာကို အစိမ်းချုပ်ချုပ်ပြီး မန်းသေအောင် အိမ်နောက်ဘေးမှာ စိုက်ထားတဲ့ ကြိတ်မှန်ရွတ်ကို ထောင်းထုပြီး အုပ်ထားပေးလိုက်တယ်"

ရ၀တလူကြီးလဲ ငွေကြေးမတတ်နိုင်ကြသည့် မောင်ခွေးရဲ့ မိသားစုကို စာနာသနားမိသည်။ သို့သော် သူကိုယ်တိုင်ကပင် ရရစားစားဆိုတော့ မောင်ခွေးအတွက် ခွေးရူးပြန်ရောဂါ ကုသစရိတ်ကို စိုက်ထုတ်မပေးနိုင်ပေ။

"အခု မောင်ခွေးက ဘယ်မှာလဲ။ ခွေးရူးကိုက်ထားတဲ့ သူ့ဒဏ်ရာလေး ကြည့်ချင်လို့"

"မောင်ခွေးရေ.... လာဦး ဒီကို။ ရ၀တလူကြီးက မင့်အနာကို ကြည့်ချင်လို့တဲ့"

မောင်ခွေးတစ်ယောက် အခန်းထဲမှ ထွက်လာပြီး ဧည့်ခန်းထဲရှိ ရ၀တလူကြီးနဲ့ သူ့အမေရှေ့သို့ ရောက်လာလေသည်။ ရ၀တလူကြီးတစ်ယောက် မောင်ခွေးရဲ့ ခြေထောက်နှစ်ဖက်လုံးကို မျက်စိကစားကြည့်နေမိသည်။ ခွေးရူးကိုက်ထားသည့် ဒဏ်ရာကို လုံးဝ မတွေ့ရပေ။ ပိုပြီး သေချာအောင် မျက်စိပွတ်သပ်ပြီး ပြန်ကြည့်သည်။ သို့သော် လုံးဝ မတွေ့။

"သန်းမေ... နင့်သား ခွေးရူးကိုက်ခံရတဲ့ နေရာက ဘယ်မှာလဲ"

"ဒီမှာလေ ဦးသိန်းမောင်ရဲ့ ဒီမှာ"

မောင်ခွေးကို ထိုင်ခိုင်းပြီး မောင်ခွေးရဲ့ ခေါင်းကို ကိုင်ကာ ချုပ်ရိုးရာ ငါးချက်တိတိရှိပြီး ကြိတ်မှန်ရွက်နဲ့ အုံထားသည့် ဒဏ်ရာအား ရ၀တ လူကြီးအား ပြသလေသည်။

"ဟင်... ခွေးရူးကိုက်တာ ခြေထောက်ကို အကိုက်မခံရဘဲ ဘယ်လို လုပ်ပြီး ခေါင်းကိုမှ ရွေးပြီး အကိုက်ခံရတာလဲ"

"ပြော မပြောချင်တော့ပါဘူး ဦးသိန်းမောင်ရယ်။ ခွေးကောင်းနဲ့ ခွေးရူးကိုက်တော့ ခွေးကောင်းက နာတာပေါ့"

"ဘယ်လို.. ဘယ်လို... မသန်းမေ"

"ဘယ်လိုမှ မဟုတ်ဘူး ဦးသိန်းမောင်ရေ့။ ရွာထဲမှာ သူ့သူငယ်ချင်း (အရူး)ခွေးအောင်နဲ့ အတူကစားရင်း အချင်းချင်း အစအနောက်လွန်ပြီး ရန်ဖြစ်ကြတာလေ။ ခွေးအောင်က ဗလလဲ ပိုကြီး မိုက်လဲ ပိုမိုက်ရိုင်းတော့ မောင်ခွေးလေး ခံခဲ့ရရှာတာပေါ့။ ခွေးအောင်က မောင်ခွေးလေးကို တွေ့ကရာ သစ်ကိုင်းခြောက်အပိုင်းတစ်ပိုင်းနဲ့ ရိုက်လိုက်တာလေ။ ခေါင်းကို ထိသွားတယ်။ သွေးတွေဆို နဲတာ မဟုတ်ဘူး။ အဲဒါနဲ့ ရွာထဲက ဗမာဆေးဆရာ ဦးဘမှုံကို အိမ်ပင့်ပြီး ငါးချက်တိတိ ချုပ်လိုက်ရတယ်။ အခု ဦးသိန်းမောင် မြင်တဲ့ အတိုင်းဘဲ"

ရ၀တလူကြီး ဦးသိန်းမောင် သဘောပေါက်သွားလေပြီ။ ရပ်ရွာအတွင်း ကောလာဟလများကိုလဲ အတော်လေး ရယ်သွမ်းသွေးချင်လာမိသည်။ ကိုယ့်ရပ်ရွာအတွင်းမှာတောင်မှ ဒီလို ကောလာဟလကြောင့် မမှန်သတင်း ထွက်ပေါ်နေသေးရင် အခြားရွာ အခြားနယ် အခြားမြို့များမှာဆိုရင်တော့ ကောဟာဟလသတင်းက ဘယ်လောက် ကြောက်စရာ ကောင်းမည်ကို စဉ်းစားကြည့်က သိရှိနိုင်လေသည်။ ရ၀တလူကြီး ဦးသိန်းမောင် တစ်ယောက် သန်းမေနှင့်မောင်ခွေးအား အားပေးစကားပြောကြားပြီး နှုတ်ဆက်ပြန်လာခဲ့လေသည်။ သူ့စိတ်ထဲ အတွေးစတစ်ခု ၀င်လာပြီး သူ့မျက်နှာမှာ ပြုံးရိပ်ပြုံးရောင်များ သန်းနေလေသည်။ မောင်ခွေးနှင့် ခွေးအောင်။

"အော်...လက်စသတ်တော့ ခွေးနှစ်ကောင် အချင်းချင်း ကိုက်ကြတာကိုးး"

...