တပည့်မရှား၊ တစ်ပြားမရှိ။
ပီတိစား၊ အားရှိပါ၏။
ဒီစကားတွေက စေတနာ ၀ါသနာ အနစ်နာဆိုတဲ့ နာသုံးနာနှင့် ကျောင်းသားကျောင်းသူတွေ စာသင်ကြားပြသပေးတဲ့ ဆရာ ဆရာမတွေကို ရည်ညွန်းတဲ့စကားပါ။ ဟိုအရင်ခေတ်တုန်းက အခြေအနေကိုတော့ ကျနော် ကောင်းကောင်းမသိပါဘူး။ အခုခေတ်အခြေအနေအရကတော့ ကျောင်းဆရာ ဆရာမတွေရဲ့  လစာဟာ မိသားစုအားလုံး စားလောက်ဖို့နေနေသာသာ တစ်ကိုယ်တည်းသမားအတွက်တောင် တစ်လစားဖို့ မနည်းချွေတာနေရတဲ့ အခြေအနေပါ။
စေတနာစစ် စေတနာမှန်မရှိရင် ကျောင်းဆရာ ဆရာမလုပ်ဖို့ အလွန်ခက်ပါတယ်။ လစာလုံလောက်မှု မရှိပေမဲ့လဲ ပညာရည်သောက်လာကြတဲ့ ကျောင်းသူ ကျောင်းသားလေးတွေရဲ့ မျက်နှာတွေကို ကြည့်ရင်း ကြည်နူးမှု ပီတိအဟုန်နဲ့ ကျေနပ်နေကြလေရဲ့ ။ တကယ်ချီးကျုးစရာကောင်းတဲ့ ပုဂ္ဂိုလ်တွေပါ။
ဆရာသက်တမ်းရင့်ကျက်လာတာနဲ့အမျှ ကျောင်းသူကျောင်းသားဦးရေလဲ များပြားလာပါတော့တယ်။ ဟိုနေရာသွားလဲ ကိုယ့်တပည့် ဒီနေရာသွားလဲ ကိုယ့်တပည့်။ တပည့်တွေ အဆင်ပြေနေတာတွေ့ရင် အော်.. ငါ စာသင်ပေးခဲ့တဲ ကလေးတွေပါလား ဆိုပြီး ပီတိတွေကို လှိုင်လှိုင်စားသုံးရတာပေါ့လေ။
ပီတိစားသုံးပြီး အသက်ရှင်ရအောင် သူတို့က ဗြဟ္မာတွေ မဟုတ်ကြတာ။ ဒါကြောင့် ပီတိကိုစား အားရှိ ဆိုပေမဲ့လဲ အမှန်တကယ်တော့ သူတို့ဘ၀ဟာ ပြည့်စုံလုံလောက်မှုမရှိကြပါဘူး။ နေ့တိုင်း ခြိုးခြံချွေတာပြီး သုံးစွဲနေရပါတယ်။ မိသားစု စားဝတ်နေရေးက ထင်သလောက် မလွယ်ဘူးမဟုတ်လား။
ဒါကြောင့်မို့
အခုခေတ်မှာ အထက်က ဖော်ပြခဲ့တဲ့ လင်္ကာလေးလဲ ပြောင်းလဲလာတယ်။ ဘယ်သူက စပြီး သုံးစွဲလိုက်မှန်းတော့ ကျနော်လဲ ကောင်းကောင်းမသိပါဘူး။ ပြောင်လှောင်ထားတဲ့လင်္ကာလေးပါ။
"တပည့်မရှား၊ တစ်ပြားမရှိ။
ပီတိစား၊ ခါးချည့်ပါ၏" တဲ့။
ပီတိကို ပေါပေါသီသီစားသုံးရပေမဲ့လဲ အသက်ရှည်ဖို့အတွက်တော့ အာဟာရရှိမှ ဖြစ်မှာမဟုတ်လား။
အာဟာရကို ပြည့်ပြည့်စုံစုံမစားသုံးရရင်တော့ ၀မ်းဗိုက်ထဲ အစားအစာမရှိတဲ့အတွက် ခါးချည့်နေမှာ သေချာပါတယ်။ ဟာသတစ်ခုအနေနဲ့ လင်္ကာပြောင်ကို စပ်ဆိုထားပေမဲ့ တကယ်ဖြစ်နေတဲ့ အဖြစ်အပျက်တွေပါ။
ခါးချည့်တဲ့ဒဏ်ကို မခံနိုင်တဲ့အတွက် နယ်ဘက်က ကျောင်းဆရာ ဆရာမတွေဆိုရင် စာသင်ပေးဖို့ စိတ်မ၀င်စားကြတော့ပါဘူး။ စာကို အမည်ခံ သင်ပေးရုံသင်ပေးပြီး စီးပွါးရေးဘက်ကို ဦးတည်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ သူတို့ကို အပြစ်ပြောနေတာမဟုတ်ပါဘူး။ မိသားစု အခြေအနေအရ အဲဒီလိုလုပ်ကိုင်မှလဲ အဆင်ပြေမှာပါ။ တကယ်နစ်နာတာက မျိုးဆက်သစ်ကျောင်းသူကျောင်းသားတွေဘဲဖြစ်ပါတယ်။
ဒါပေမဲ့ အများစုကတော့ ကျနော်ပြောခဲ့သလို နာသုံးနာ ထားပြီး ကျောင်းစာကို ကျကျနနသင်ပေးနေကြလျက်ပါဘဲ။ ကြီးပွါးချမ်းသာတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ မပြည့်မစုံဖြစ်နေတဲ့ ဆရာ ဆရာမတွေကို မေ့မထားသင့်ဘူးလို့ ကျနော်မြင်တယ်။ ကျောင်းဆရာဆရာမတွေဟာ ကျောင်းပိတ်ချိန်ရောက်တဲ့အခါ ရရာအလုပ်ကို လုပ်ကိုင်နေကြရတယ်။ သူတို့ဟာ အလုပ်ကြမ်းနှင့်လုံးဝ မအပ်စပ်ပါဘူး။ သူတို့မှာ ဂုဏ်ရှိတယ်။ သိက္ခာရှိတယ်။ စာပေပညာရှိတယ်။ စေတနာတွေရှိတယ်။
ကျောင်းဆရာတစ်ယောက်အကြောင်းရေးထားတဲ့ ၀တ္ထုတိုလေးတစ်ပုဒ် ကျနော်ဖတ်ဖူးတယ်။ ဘယ်သူရေးမှန်းတော့ ကောင်းကောင်းမမှတ်မိတော့ပါဘူး။ ဖတ်ထားတာလဲ ဆယ်နှစ်လောက်ရှိသွားပါပြီ။ ဒါပေမဲ့ ဇာတ်အိမ်ကို ကျနော် အခုထက်ထိမှတ်မိနေတုန်းပါဘဲ။
မိသားစုစားဝတ်နေရေး မပြည့်စုံတဲ့ အိမ်ထောင်ဦးစီး ကျောင်းဆရာတစ်ယောက်ရဲ့ ဘ၀။ ဘာအလုပ်လုပ်မလဲ ?
(ပီတိ အမှတ် ၂ မှာ ဆက်ဖတ်ပါ)
No comments:
Post a Comment