Saturday, 30 May 2009

သီတဂူဆရာတော် ဆည်းဆာတရားပွဲ (လန်ဒန်)










ဒီနေ့
၁၃၇၁၊ခုနှစ် နယုန်လဆန်း ၇ ရက် (၃၀၊၅၊၀၉) စနေနေ့။

ဒီနေ့ဟာ လန်ဒန်ရှိမြန်မာလူထုတွေအတွက်တော့ ထူးထူးခြားခြားနေ့တစ်နေ့ပါဘဲ။ ရတောင့်ရခဲ အခွင့်အရေးတစ်ခုကို ရရှိလိုက်တဲ့နေ့ဆိုလဲ မမှားပါဘူး။ မြန်မာဗုဒ္ဓဘာသာမှန်ရင် မသိသူမရှိတဲ့ လူသားတွေကောင်းကျိုးကိုသာ ရှေ့ ရှုပြီး လုပ်ဆောင်နေတဲ့ မောပန်းမှုတွေကို ဂရုမစိုက်ဘဲ ကရုဏာတရားတွေနဲ့အင်အားသစ်လောင်းပြီး အများအတွက်အလုပ်လုပ်နေတဲ့ ဆရာတော်တစ်ပါး လန်ဒန်ကို ဒီနေ့ကြွရောက်လာပါတယ်။ ပြင်သစ် ဆွစ်ဇာလန် ဘယ်ဂျီယံ ဂျာမနီ နော်ဝေနိုင်ငံတို့မှတစ်ဆင့် ကြွလာခဲ့တာပါ။

ထိုဆရာတော်ကတော့
ကမ္ဘာကျော်ဓမ္မကထိက သီတဂူဆရာတော် အရှင်ဥာဏိဿရဘဲဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းလောက်ကမှ လန်ဒန်ကို ကြွရောက်ခဲ့ပါတယ်။ ညနေ ၇ နာရီခွဲကျော်ကျော်မှာ တရားပွဲစလေပြီ။ မောပန်းလာပေမဲ့ ဆရာတော် မညီးညူပါဘူး။ လန်ဒန်ရောက် ရွှေမြန်မာတွေ မျှော်လင့်စောင့်စားနေတဲ့ တရားအရသာကို အားကြိုးမာန်တက် သွန်ချပေးတော်မူပါတယ်။ သာသနာအတွက် လူသားအားလုံးအတွက် အလွန်အားကိုးရပြီး အလွန် ကြည်ညိုစရာကောင်းပါတယ်။

တရားဟောကြားရာနေရာကတော့ လန်ဒန်မြို့ ဟောင်းစလိုးအရပ်ရှိ မဟာသန္တိသုခဘုန်းတော်ကြီး ကျောင်းတော်မှာ ဖြစ်ပါတယ်။ တရားအသံတော်နှင့်ဗီစီဒီထဲမှာသာ ကြားနာဖူး တွေ့မြင်ဖူးခဲ့တဲ့ ဆရာတော်ကို ကိုယ်တိုင် အနီးကပ်ဖူးတွေ့ခွင့်ရရှိလို့ အားလုံး အလွန်အားရ၀မ်းသာ ကြည်နူးဖွယ်ဖြစ်ကြရပါတယ်။

ဆရာတော်ဟာ အင်္ဂလန်မှာ တစ်ပတ်ခန့်သီးတင်းသုံးနေထိုင်တော်မူပါမယ်။ လာမဲ့ သောကြာနေ့မှာ အင်္ဂလန်ကနေ ပြန်ကြွမယ်လို့လဲ သိရပါတယ်။

ကြည်နူးသင်းပျံ့  ဓမ္မရနံ့တို့နှင့် ပြည့်နှက်နေတဲ့ မဟာသန္တိသုခကျောင်းရှိ သီတဂူဆရာတော်ရဲ့  ညနေဆည်းဆာ တရားပွဲလေးဟာ လန်ဒန်ရှိ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ မင်္ဂလာတစ်ပါးဘဲ ဖြစ်ပါတော့တယ်။

.....
ဆရာတော် လန်ဒန်မှာ ဟောခဲ့တဲ့တရားရဲ့  အသံဖိုင်လေးပါ တင်ပေးလိုက်ပါတယ်။ Click လုပ်ပြီး တရားနာယုံလေးပါဘဲ။ မက်မက်ရေ.. အသံဖိုင်တင်နည်းလေးပြောပြပေးတဲ့အတွက် ကျေးဇူးနော်။

30.5.09..Sitagu Sayadaw's Dhamma talk at Santisukhavihara, London~2.wma -

Wednesday, 27 May 2009

သင်ခန်းစာ (၅)

ကျနော်ငယ်စဉ်တုန်းက ဟိတောပဒေသပုံပြင်လေးတွေ ဖတ်ဖူးတယ်။ အဲဒီအထဲက ပုံပြင်လေးတစ်ပုဒ်ဆို အခုထက်ထိ ကျနော့် ဦးဏှောက်ထဲမှာ ရှိနေတုန်းပါဘဲ။
........

တစ်ခါက လူတစ်ယောက်ဟာ အိမ်စောင့်ဖို့ ခွေးတစ်ကောင်နှင့် ပစ္စည်းသယ်ယူဖို့အတွက် မြည်းတစ်ကောင်ကို မွေးမြူထားတယ်။ မြည်းကလဲ မြည်းအလုပ်လုပ် ခွေးကလဲ ခွေးအလုပ်လုပ်ဆိုတော့ အဲဒီလူဟာ ဇိမ်ကျနေတော့တာပေါ့။ စားပြီးအိပ်။ အိပ်ပြီးစား။ ကုန်ပစ္စည်းကူသန်းချိန်ရောက်ရင် ကူးသန်း။ အဲဒီလို နေလာခဲ့တာ နှစ်အတော်ကြာလာတဲ့အထိ အိုကေပါဘဲ။

အဲဒီလူဟာ ပစ္စည်းရှိလူတန်းစားပီပီ အစားအသောက်မက်တယ်။ အအိပ်မက်တယ်။
တစ်ရက်မှာ ညဥ့်နက်သန်းခေါင်အချိန်ကြီး သူ့အိမ်ထဲ သူခိုးတစ်ယောက်ဝင်လာတယ်။ သူကတော့ တခေါခေါနဲ့ အိပ်မောကျနေလေရဲ့ ။

မြည်းနှင့်ခွေးက အိမ်အောက်မှာ နေတယ်။ သူခိုးဝင်လာတာကို သူတို့နှစ်ကောင်လုံး တွေ့မြင်ကြတယ်။ ဒါပေမဲ့ ခွေးက လုံးဝမဟောင်ဘူး။ ရှေ့ လက်နှစ်ဖက်ပေါ် မေးစေ့လေးတင်ပြီး ဇိမ်ကျကျမျက်လုံးလေးမှေးကာ ခွေနေလေရဲ့ ။

"ဟေ့ကောင်... သူခိုးလာနေပြီ....ဟောင်လိုက်လေကွာ"

မြည်းက သူ့ပိုင်ရှင်ရဲ့ ပစ္စည်းတွေ သူခိုးနောက်ပါသွားမှာ စိုးရိမ်တဲ့အတွက် ခွေးကို ဟောင်ဖို့တိုက်တွန်းတယ်။

"ဟောင်ရမှာ ပျင်းတယ်ကွာ။ မင်းဘဲဟောင်လိုက်။ ငါတော့ မှေးလိုက်ဦးမယ်"

ခွေးကမြည်းကို အဲဒီလိုပြန်ပြောပြီး မှေးနေပြန်တယ်။ သူခိုးက အိမ်ပေါ်အေးအေးဆေးဆေးတက်သွားတယ်။ ပြီးတော့ပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ်ပြီး ခိုးယူနေတယ်။

"ဟေ့ကောင်... ငါတို့သခင်ရဲ့  ပစ္စည်းတွေ အကုန်ပါသွားတော့မယ်။ ဟောင်လိုက်တော့လေကွာ"

"မင်း မနေနိုင်ရင် ဟောင်လိုက်လေကွာ။ ငါကတော့ မဟောင်နိုင်ပါဘူး။ ဇိမ်ပျက်လိုက်တာကွာ။ မင်းက ငရှုပ်ဘဲ"

မြည်းက အတန်တန်ဟောင်ခိုင်းပေမဲ့ ခွေးကတော့ ဇိမ်မပျက် နှပ်နေလျက်ပါဘဲ။ ဒါနဲ့ မြည်းကလဲ ငါတို့သခင် ငါတို့အပေါ် ကျေးဇူးအရမ်းရှိတယ်၊ သူ့ပစ္စည်းတွေ အခိုးခံလို့မဖြစ်ချေဘူး ဆိုပြီး

"အီး... ဟီး... ဟီး..."

လို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတော့တယ်။ တစ်ရွာလုံး မြည်းအော်သံနှင့်ဆူညံသွားတယ်။ ညဥ့်နက်သန်းခေါင်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေကြတဲ့သူတွေအားလုံး လန့်နိုးကုန်ကြတယ်။
သူတို့ပိုင်ရှင်လဲ အိပ်ရာလန့်နိုးလာတယ်။ သူခိုးလဲ မြည်းအော်သံကြောင့် ထွက်ပြေးလွတ်မြောက်သွားတယ်။ ဒါပေမဲ့ ခွေးကတော့ လုံးဝမဟောင်ပါဘူး။

အအိပ်မက်တဲ့ ပိုင်ရှင်ဟာ အိပ်ရေးပျက်သွားတဲ့အတွက် မြည်းကို အရမ်းဒေါသထွက်သွားတယ်။ သူမှ အကြောင်းစုံကို မသိရှာဘဲကိုး။ ဒါကြောင့်မို့ အဲဒီပိုင်ရှင်ဟာ..

"ဒီမြည်းဟာ အချိန်မတော်ကြီး ဘာဖြစ်လို့ ငါ့ကို ဒုက္ခပေးရတာလဲ။ သေဖို့ပြင်ထား"

ဆိုပြီး ကျည်ပွေ့ကိုဆွဲကိုင်ကာ မြည်းထားတဲ့နေရာကို သွားပြီး မြည်းရဲ့  ထိပ်တည့်တည့်ကို အသားကုန်ရိုက်ချပစ်လိုက်တယ်။ ပိုင်ရှင်ရဲ့  ကျည်ပွေ့ဒဏ်ကြောင့် မြည်းလေးဟာ အဲဒီနေရာမှာဘဲ ပွဲချင်းပြီးသေဆုံးသွားရှာတယ်။
....

ဒီပုံပြင်လေးကို ကောက်ချဆွဲကြည့်လိုက်တဲ့အခါ....
ခွေးဟောင်သံကြောင့် ပိုင်ရှင်လန့်နိုးလာရင် ပိုင်ရှင်က ခွေးကို စိတ်တိုမှာ မဟုတ်ဘူး။ အကြောင်းတစ်ခုခုကြောင့် ဟောင်တာဘဲ ဖြစ်မယ်ဆိုပြီးတောင် ခြံဝင်းအတွင်းလိုက်စစ်ဆေးနေဦးမှာ သေချာတယ်။ ဒါပေမဲ့ အခု ခွေးကမဟောင်ဘူး။ ပိုင်ရှင်အပေါ်တကယ့်စေတနာနှင့် မြည်းက ဟီပေးလိုက်တယ်။ ဒါပေမဲ့... ဒါပေမဲ့ ခြံစောင့်တဲ့အလုပ်က မြည်းရဲ့ အလုပ်မဟုတ်ဘူးလေ။ ခွေးရဲ့ အလုပ်။ ဒီနေရာမှာ အဓိကတရားခံက ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ စေတနာထက်သန်ပြီး သူများအလုပ် ၀င်လုပ်ပေးလိုက်တဲ့ မြည်းရဲ့  စေတနာပေါ့လေ။

လူ့လောကမှာလဲ
တကယ့်စေတနာနှင့် ကူညီပေးလိုက်တဲ့ အလုပ်တစ်ချို့ မှာ မြည်းလို အဟီမှားသွားတတ်ကြပါတယ်။ လောကီလူသားတွေကိုးဗျ။ သတိ ပညာလေးတွေနှင့် နေထိုင်တတ်ရင် အကောင်းဆုံးပါဘဲ။ ပြဿနာဆိုတာက သွားလာလှုပ်ရှားနေမှ တွေ့ရတတ်တာ မဟုတ်ပါဘူး။ ထိုင်နေရင်းနဲ့လဲ ဇွတ်တိုးဝင်လာတတ်ပါတယ်။

သင်ခန်းစာလေးတွေပေါ့ဗျာ။

............

Tuesday, 26 May 2009

သင်ခန်းစာ (၄)

တစ်ခါတုန်းက မြန်မာနိုင်ငံက တက္ကသိုလ်ကြီးတစ်ခုမှာ ကျောင်းသူကျောင်းသားများစွာ ပညာသင်ယူနေကြတယ်။ တစ်နေ့မှာ ကျောင်းသားတစ်ယောက်ဟာ စာသင်ဆောင်သွားတဲ့ လမ်းပေါ်မှာ ချိုင့်တွေ ခွက်တွေဖြစ်နေပြီး ဆိုးဆိုးဝါးဝါးလမ်းပျက်စီးနေတာ တွေ့ရတယ်။

အများအသုံးပြုနေတဲ့ လမ်းဖြစ်တဲ့အတွက် လမ်းကို ပြုပြင်ချင်တဲ့ စိတ်ဆန္ဒတွေတစ်ဖွားဖွား အဲဒီကျောင်းသားရဲ့  စိတ်ထဲ ပေါ်ပေါက်လာတယ်။ လမ်းလဲကောင်း ကျောင်းသားကျောင်းသူတွေလဲ စိတ်ချမ်းသာဆိုရင် သူ အများကြီးကုသိုလ်ရပြီပေါ့။

ဒါနဲ့ တစ်ရက်မှာ အဲဒီကျောင်းသားဟာ အုတ် သဲ ကျောက် ဘိလပ်မြေ ထုံးတွေကို ၀ယ်ပြီး သူ့ဖာသာ လမ်းကို ပြင်လိုက်တယ်။ ချိုင့်ခွက်တွေဖြစ်နေတဲ့လမ်းလေးဟာ နေ့ချင်းဘဲ ကွန်ကရစ်လမ်းလေးဖြစ်သွားတယ်။ ကျောင်းသားကျောင်းသူတွေလဲ ၀မ်းသာပျော်ရွှင်သွားတယ်။ သွားရလာရတာလဲ အဆင်ပြေသွားတာပေါ့လေ။

တစ်နေ့မှာ
အဲဒီတက္ကသိုလ်က လူကြီးတစ်ယောက်ဟာ စာသင်ဆောင်ကို အကြောင်းကိစ္စတစ်ခုနဲ့လာရောက်ခဲ့တယ်။ ကောင်းမွန်ပြေပြစ်နေတဲ့ ကွန်ကရစ်လမ်းလေးကိုလဲ တွေ့လိုက်ရော။ သူ့မျက်နှာ ညိုပုပ်သွားတယ်။ ပြီးတော့ ကျောင်းသားကျောင်းသူတွေအားလုံးကို ခေါ်ပြီး ဒီလမ်းကို ဘယ်သူလုပ်တာလဲလို့ မေးမြန်းစစ်ဆေးတယ်။ အားလုံးကလဲ အဖြစ်မှန်ကို ပြောပြလိုက်ကြတယ်။

အဲဒီလူကြီးရဲ့  မှတ်ချက်စကားကတော့ မှတ်သားလောက်စရာဘဲဗျာ။
"မင်းက ကျောင်းသား အဆင့်ဘဲ ရှိသေးတယ်။ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီလမ်းကို ပြင်ရတာလဲ။ ဘယ်သူ့ကို အကြောင်းကြားပြီးပြုပြင်တာလဲ။ ဒါဥပဒေကို ချိုးဖောက်တာဘဲ။ ဒါပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဘဲဖြစ်ပါစေ။ နောက်တစ်ခါ ဒီလိုမျိုး ထပ်လုပ်ရင် မင်းကို ကျောင်းထုတ်ပစ်မယ်" တဲ့။

ယူတတ်ရင် သင်ခန်းစာပေါ့။

....

သင်ခန်းစာ (၃)

မြေဇာပင်
မြေဇာပင်လေးတွေဟာ ပတ်ဝန်းကျင်လှပဖို့ စိမ်းလန်းစိုပြေဖို့ စေတနာနဲ့ပေါက်ရောက်ပေးတာပါ။ ပြီးတော့ မြက်စား သတ္တ၀ါလေးတွေအတွက် အာဟာရအဖြစ် ရပ်တည်ပေးနေတာပါ။ မြေဇာပင်လေးတွေရဲ့  ဘ၀ဟာ ချစ်စရာတကယ်ကောင်းပါတယ်။ ဒါကြောင့်လဲ အဖြည့်ခံလူတွေကို မြေဇာပင်နဲ့ ခိုင်းနှိုင်းခဲ့ကြတာပေါ့။

"ငါ့ဘ၀က ကျွဲနှစ်ကောင်ခတ်တဲ့ကြားထဲက မြေဇာပင်ဘ၀ပါကွာ"ဆိုတဲ့ စကားကို လူတိုင်းကြားဖူးကြမှာပါ။
ကျွဲတွေဟာ စားကျက်ကောင်းကောင်းရှိတဲ့နေရာကို သွားကြလေ့ရှိပါတယ်။ စားကျက်ကောင်းတယ်ဆိုတာကတော့ မြက်ပင်ကောင်းကောင်းပေါက်ရောက်နေတဲ့ နေရာကို ဆိုလိုတာပါ။

မြေဇာမြက်ပင်လေးတွေကလဲ သက်သတ်လွတ်စားသုံးကြတဲ့ သတ္တ၀ါတွေအတွက် ၀မ်းသာစွာနဲ့ ဆီးကြိုနေကြပါတယ်။ ကြိုက်သလောက်စား။ အလကားပေါ့ဗျာ။ အလကားဆိုတာ ဘာမှ ပြန်ပေးစရာမလိုဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။

ကျွဲတွေဟာ မြေဇာမြက်ပင်တွေကို စိတ်ကြိုက်စားသုံးကြမယ်။ ပြီးရင် စားမြုံ့ပြန်ဖို့တောင် ပါးစောင်ထဲ လူတွေ ကွမ်းယာငုံထားသလို မြက်တွေကို ငုံပြီးထားကြလေရဲ့ ။

လောဘ ဒေါသ မောဟတွေနဲ့ တည်ဆောက်ထားကြတဲ့ သတ္တ၀ါတွေ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတိုင်း ကျွဲတွေဟာ စားကျက်လုကြမယ်။ ရန်ဖြစ်ကြမယ်။ အချင်းချင်းတိုက်ခိုက်ကြမယ်။ အဲဒီအချိန်မျိုးမှာ မြေဇာပင်ရဲ့  ဘ၀ကတော့ တကယ့်ကို သနားစရာကောင်းပါတယ်။ ကျွဲနှစ်ကောင်ခပ်တဲ့ ကြားထဲမှာ မှုန့်မှုန့်ညက်ညက် ကြွေမွသွားရှာကြလေရဲ့ ။

အသားကိုလဲ စားသေး။ အခင်းမှာလဲ ပျော်သေး။ ပြီးတော့ အပင်ကိုပါ ဖျက်ဆီးပစ်လိုက်ကြလေပြီ။

လူ့လောကမှာလဲ တစ်ခါတစ်လေ မြေဇာပင်ဘ၀ ရောက်သွားကြတဲ့ သူတွေ ဒုနဲ့ဒေးပါ။ ဘာမှန်းမသိလိုက်ရပေမဲ့ ပြဿနာတွေ ကျရောက်လာတတ်တယ်။ သူများကို ကူညီပေးရင်း အနှောင့်အယှက်ပေးသလို ဖြစ်သွားတတ်တယ်။

လူ့လောကမှာလဲ ပိုင်နက်ပေါ့ဗျာ။ သူ့ပိုင်နက်လက်တစ်သစ်လောက်ကလေးထဲ ကူညီပေးရင်း မသိလိုက်မသိဖာသာ ၀င်ရောက်မိသွားရင် ၀င်ရောက်သူရဲ့  အပြစ်ဘဲ မဟုတ်လား။ စေတနာဟာ တစ်ခါတစ်လေမှာ ဝေဒနာဖြစ်သွားတတ်တယ်ဆိုတာ မှတ်သားစရာ ဖြစ်သွားတာပေါ့။

သင်ခန်းစာတွေပေါ့ဗျာ။

......

Monday, 25 May 2009

သင်ခန်းစာ (၂)

Sandwich
ဆိုတဲ့ အဆာသွပ်ပေါင်မုန့်ပြားလေးတွေကို ပြေးမြင်ယောင်မိတယ်။

ပေါင်မုန့်နှစ်ချပ်ကို ထပ်ထားရုံနဲ့တော့ အရသာထူးလို့ရှိလာမှာ မဟုတ်ပါဘူး။
ဒါကြောင့် အဲဒီပေါင်မုန့်နှစ်ချပ်ကြားထဲမှာ အသားလွှာလေးကို ညှပ်ပေးရပါတယ်။
ပေါင်မုန့်ဟာ ပေါင်မုန့်ဘဲ။ အသားလွှာဟာလဲ အသားလွှာပါဘဲ။
ဒါပေမဲ့ ပေါင်မုန့်နှစ်ချပ်ကြားထဲ အသားလွှာလေးညှပ်ထည့်လိုက်တော့ Sandwich ဖြစ်သွားရော။

အသားလွှာလေးခမျာ အဖြည့်ခံသက်သက်ရယ်ပါ။
ပေါင်မုန့်နှစ်ချပ် အရသာထူးလာဖို့ ကြားထဲမှာ အညှပ်ခံ အဖိခံ အထည့်ခံရတဲ့
သနားစရာ အရာတစ်ခုလေးပါဘဲ။
သူတို့နှစ်ချပ်ကို အရသာပိုချိုမြိန်ကောင်းမွန်လာစေဖို့ သူတို့နှစ်ချပ်ကြားထဲ မွန်းကြပ်စွာ ၀င်ရောက်နေပေးလိုက်တယ်။
ဒါပေမဲ့ သူတို့နှစ်ချပ်က အသားလွှာလေးကို ကျေးဇူးတင်လိမ့်မယ် မထင်လိုက်နဲ့။
ကျေးဇူးမတင်တဲ့အပြင် ဆူပူကြိမ်းမောင်းပါလေရော။

မင်းက ငါတို့နှစ်ချပ်ကြားထဲမှာ ၀င်ရှုပ်တဲ့ကောင်တဲ့။

မှတ်သားလောက်တယ်နော်။

ဒီလိုလေး ကောက်ချက်ဆွဲလိုက်ရအောင်။
ပေါင်မုန့်နှစ်ချပ်ရဲ့  အပြစ်လဲ မဟုတ်ဘူး။
အသားလွှာလေးရဲ့  အပြစ်လဲ မဟုတ်ဘူး။
အပြစ်က ပေါင်မုန့်ကြားထဲ ၀င်ရောက်နေရာယူပေးတဲ့ အသားလွှာလေးရဲ့  စေတနာပါ။

......

သင်ခန်းစာ (၁)

ငါးပိသည်သာ ယင်မောင်းပါစေ
ဆရာမောင်သာရရဲ့  အဲဒီစကားလေးကိုဘဲ ကျနော် အမှတ်ရနေမိတယ်။
ဒီစာသားလေးကို ကျနော် ဖတ်ဖူးတာ ကြာခဲ့ပါပြီ။
ဒါပေမဲ့ သဘောကောင်းကောင်း မပေါက်ခဲ့ပါဘူး။
ကျနော်ကိုယ်တိုင် ယင်ကောင်လေးကို မောင်းထုတ်မိလိုက်တဲ့အခါမှ ဒီစကားရဲ့  အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်သွားပါတော့တယ်။

ငါးပိသည်မဟုတ်ဘဲ ယင်မောင်းလိုက်တော့ မဆိုင်တဲ့အလုပ်ကို ၀င်ရှုပ်သလိုဖြစ်သွားတာပေါ့။
ပတ်ဝန်းကျင်ကို သန့်ရှင်းစေလိုတဲ့ စိတ်စေတနာနဲ့ ယင်ကိုမောင်းလိုက်ပါတယ်။
ငါးပိသည်က ၀ိုင်းအော်ဆဲပါလေရောဗျာ။

သူ့ငါးပိကို လာနားတဲ့ ယင်ကောင်ကို မောင်းထုတ်လိုက်တဲ့အတွက် ကျနော့်မှာ အပြစ်ရှိတယ်တဲ့။
ငါးပိမှာ လောက်၊ ရွှေမှာ ကျောက် ဆိုတာ မကြားဖူးဘူးလား
တဲ့။ ငါးပိကို ယင်နားမှ ယင်က အဥ ဥချမယ်။ ပြီးတော့ ယင်ဥကနေ လောက်ကောင်လေးတွေ မွေးပေးမယ် တဲ့။

မှတ်သားလောက်ပါတယ်ဗျာ။

ဒီနေရာမှာ ဒီလိုလေး ကောက်ချက်ဆွဲမိတယ်။
ငါးပိသည်မှာလဲ အပြစ်မရှိဘူး။
ယင်မောင်းတဲ့သူမှာလဲ အပြစ်မရှိဘူး။
ပြဿနာက ကိုယ်နှင့်မဆိုင်ဘဲ ယင်မောင်းပေးချင်တဲ့ ယင်မောင်းသူရဲ့  စေတနာလေးပါ။ ။

.....

Sunday, 24 May 2009

ထားခဲ့ဖူးသော ရည်းစားများ (၃)

တစ်လခန့်အကြာမှာ မြေသာရွာသို့ ကျနော် ခရီးပြန်ဆန့်လိုက်သည်။ ကျနော့်သူငယ်ချင်းတွေနှင့်တွေ့ဖို့ဖြစ်သည်။ ယုယလေးက မချစ်နိုင်ဘူးဆိုသည့်အတွက် သူ့ကို ကျနော့် ခေါင်းထဲက ထုတ်ပြီးဖြစ်လေသည်။ သူငယ်ချင်းတွေရှိနေသည့်အတွက် မြေသာရွာကိုတော့ ကျနော် မကြာမကြာ အလည်သွားဖြစ်သည်။

"ကိုကိုမောင်... မင်း ငါတို့ကို ၀မ်းတေဘယ်လ်ပေးရမယ်"

"ဟာ.. ဘာဖြစ်လို့လဲ ဖေငယ်ရ"

"ယုယက ငါ့ကို စာတစ်စောင်လာပေးသွားတယ်။ မင်းအလည်လာတဲ့အခါ ပေးလိုက်ပါတဲ့။ ရော့.. ဖတ်ကြည့်"

စာအိပ်ကို ဆတ်ကနဲယူပြီး ကျနော် ဖောက်ဖတ်ကြည့်လိုက်သည်။ လား..လား .. မရည်ရွယ်ဘဲ စော်ကဲ မင်းဖြစ်ကိန်းပါလား။

"အကို...
အကိုက မာနကြီးပုံရတယ်နော်။ ယုယက မိန်းခလေးဆိုတော့ နဲနဲတော့ မူချင်သေးတာပေါ့။ အကို ထပ်ကြိုးစားမှ ချစ်တယ်လို့အဖြေပေးမလို့ဘဲ။ အခု အကိုက မိန်းမမိန်းမာယာကိုလဲ မသိဘူး။ နဲနဲလေးမှလဲ မူလို့မရဘူး။ မုန်းစရာကြီး။
ယုယ အကို့ကို ချစ်ပါသတဲ့ရှင်။ ကဲ ကျေနပ်ပြီလား။
ထာဝရချစ်နေမဲ့
ယုယ"

အချစ်စစ်ပွဲသည်ကား မာယာများလှချေ၏။ မြစ်တို့၏သဘောကား ကွေ့ကောက်၏။ မိန်းမတို့၏မာယာကား သိနိုင်ခဲလှ၏။ တိုက်စစ်ဆင်ပြီး အပြင်းအထန်တိုက်ခိုက်ခဲ့စဉ်က စစ်ဦးမှာ အထိနာပြီး ပြန်လာခဲ့ရ၏။ ယခု ကျနော် တိုက်ပွဲဆင်နွဲဖို့ လာခဲ့သည်မဟုတ်။ သို့သော် ယုယလေးက လက်နက်ချ အရှုံးပေးလေပြီတည်း။ အံသြဖွယ်ရှိလေစွ။

ကျနော့်စိတ်သည် ဆန်းကြယ်၏။ အံ့သြဖွယ်ဖြစ်၏။ ယုယကို ချစ်ရေးဆိုခဲ့၏။ ချစ်ခွင့်မရခဲ့။ သို့ပေမဲ့ ကျနော် စိတ်မဆင်းရဲခဲ့ပေ။ နဲနဲရှက်ရုံမျှသာဖြစ်ခဲ့၏။ ယခု ယုယအချစ်ကို ကျွန်ုပ်ရရှိခဲ့လေပြီ။ သို့သော် ကျနော် အရမ်းမပျော်ခဲ့ပေ။ သူငယ်ချင်းများနှင့်သာ အချိန်ကုန်လွန်ခဲ့၏။ ယုယနှင့်တစ်ကြိမ်တစ်ခါမျှ ချိန်းတွေ့ဖူးခြင်းမရှိ။
ကျနော်တို့ရပ်ရွာဘက်မှ လူတွေကလည်း ခက်သည်။ သမီးရည်းစားစုံတွဲကို တစ်နေရာမှာ နှစ်ယောက်ထဲတွေ့လျှင် ပုံကြီးချဲ့  ပြောတတ်ကြလေသည်။ ချိန်းမတွေ့ဖြစ်ခဲ့သည်မှာ ထိုအချက်ကြောင့်လည်းပါသည်။

တစ်နေ့၌
သူငယ်ချင်းတွေ မြှောက်ပင့်ပေးသည့်အတွက် ယုယနှင့်ချိန်းတွေ့ဖို့စီစဉ်လိုက်သည်။ လကွယ်ည ၈ နာရီတိတိအချိန်၊ ရွာထိပ် ဘုရားကုန်းပေါ်။

လကွယ်ည ဖြစ်သည့်အတွက် လမသာ။ လျပ်စစ်မီး မရှိသည့်အတွက် မှောင်မိုက်နေသည်။ ရွာထဲရှိ ဗီဒီယိုရုံ၌ ကျော်ဟိန်းကားတင်ထား၍ လူအများစု ဗီဒီယိုကြည့်သွားကြမည်။ ယုယလည်း ဗီဒီယိုသွားကြည့်မည်ဟု အိမ်ကို အကြောင်းပြမည်။ ဘုရားကုန်းပေါ်၌ တစ္ဆေသရဲခြောက်သည်ဟု နာမည်ကြီးသည့်အတွက် အချိန်မတော်ကြီး မည်သူမှ ဘုရားကုန်းပေါ်သို့ တက်လာလိမ့်မည် မဟုတ်။ ဗီဒီယိုပြီးချိန် ၉နာရီခွဲခန့်၌ ယုယကို အိမ်ပြန်ပို့မည်။ ကျနော်တို့အကြံ ပိပိရိရိရှိသည်။

ည ၈ နာရီထိုးပြီ။
မောင်ဖေငယ်နှင့်အခြားသူငယ်ချင်းများလည်း ကျော်ဟိန်းကားကြည့်ဖို့ ထွက်ခွါသွားကြလေပြီ။ ကျနော်လဲ ဘုရားကုန်းခြေရင်းသို့ တစ်ယောက်ထဲ ချီတက်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ပုရစ်အော်သံနှင့် ညဥ့်ငှက်အော်သံ အချို့ က ကြီးစိုးနေသည်။ လူသံဟူ၍ အနည်းငယ်မျှ မကြားရ။ ကျနော် ကျောချမ်းလာသည်။ ကြက်သီးမွေးညှင်းထလာသည်။ ဦးခေါင်းကြီးလာသည်။ သေချာပြီ။ ကျနော် ကြောက်ရွံ့ နေပြီ။ ယုယကို တွေ့ဖို့ကြောက်သည်မဟုတ်။ နာနာဘာဝ တစ္ဆေသရဲကို ကြောက်ခြင်းဖြစ်၏။

ဘုရားကုန်းပေါ်က တစ္ဆေသရဲဇာတ်လမ်းမျိုးစုံကို ကျနော်ကြားဖူးခဲ့ပြီးဖြစ်သည်။ သုသာန်ထက် ပိုကြောက်စရာကောင်းသည်တဲ့။ ခက်ချေပြီ။ ကျနော်တစ်ယောက်ထဲ တောင်ကုန်းထိပ်ရောက်အောင် မသွားရဲတော့ပေ။ မောင်ဖေငယ်ကို ပြေးသတိရမိ၏။ ဒီကောင်ပါလာခဲ့ရင် အကောင်းသား။ အခုတော့ ဒီကောင်လဲ ကျော်ဟိန်းကားထဲ ဈာန်ဝင်စားနေလောက်ပြီ။

ယုယလေးများ တစ်ယောက်ထဲ တောင်ကုန်းပေါ်ရောက်နေမလားမသိဘူးဆိုပြီး တောင်ခြေကနေ အချက်ပေး လက်နှိပ်ဓါတ်မီး ထိုးကြည့်၏။ ပြန်လည်အချက်ပေးမီးကို လုံးလုံးမမြင်ရ။ ဒါဆို ယုယလေးလဲ တောင်ကုန်းပေါ်မှာ ရှိမည်မဟုတ်။ ဒီကောင်မလေး ချိန်းထားတဲ့နေရာကို မလာတာသေချာပြီ။ ယုယ ရက်စက်ပြီဟု ကျနော် တွေးနေသည်။ တောင်ပေါ်ကို လက်နှိပ်ဓါတ်မီးနှင့်ထိုးလိုက် ကြောက်စိတ်ကြောင့်ထွက်လာသည့် ချွေးစေးများကို သုတ်လိုက်နှင့် အချိန် ဘယ်လောက်ကြာသွားသည်မသိ။ ရွာထဲက ကျော်ဟိန်းကား ဗီဒီယိုက ပြီးလေပြီတည်း။
ကျနော့်အတွက် အချိန်ကုန်သွားလေပြီ။ သူငယ်ချင်းအိမ်သို့ ပြန်ရုံသာရှိတော့သည်။ ထို့ကြောင့် ပြန်လာခဲ့သည်။ ချိန်းသောညမှာ မိုးများ မရွာခဲ့ပါ။

"ကိုကိုမောင်... ဘယ်လိုလဲ.. အဆင်ပြေခဲ့တယ်မဟုတ်လား"

"မပြေပါဘူး ဖေငယ်ရာ.. ချိန်းတဲ့နေရာကို သူမလာခဲ့ဘူး"

"ဟုတ်ရဲ့ လားကွာ"

"အသေအချာပေါ့"

မနက်မိုးလင်းတော့ ကျနော် မြေသာရွာက ပြန်လာခဲ့သည်။ နောက်ပိုင်း အလုပ်ကိစ္စအတွက် မြို့တက်ပြီး အလုပ်လုပ်သည်။ ပညာသင်သည်။ ထို့ကြောင့် မြေသာရွာလေးသို့ မရောက်ဖြစ်တော့ပေ။ ယုယလေးကိုလဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။ ကျနော်မှ မချစ်ခဲ့ဘဲကိုး။ လူငယ်သဘာဝ အပျော်သဘောဆန်ဆန် အဆင့်သာရှိခဲ့သည်။ စဉ်းစားရင်း သူ့ကို သနားမိသည်။ ကျနော် လူမဆန်ခဲ့ဘူး။

ကျနော်မြို့ရောက်ပြီး သုံးလေးလခန့်အကြာမှာ မောင်ဖေငယ်ဆီက စာတစ်စောင်ရောက်လာသည်။

"ကိုကိုမောင်ရေ
မင်းတို့ချိန်းတွေ့ခဲ့ကြတဲ့ညအကြောင်းကို ယုယက ငါ့ကို ပြောပြတယ်။ သူတစ်ယောက်ထဲ ဘုရားကုန်းပေါ်ကို အရဲစွန့်ပြီး ၈ နာရီတိတိအရောက်သွားခဲ့တယ်တဲ့။ တစ္ဆေသရဲကြောက်ပေမဲ့ မင့်ကို တွေ့ချင်စိတ်က များနေလို့ အရဲစွန့်လိုက်တာတဲ့။ ဒါပေမဲ့ မင်းက ၉ နာရီခွဲအထိ တောင်ပေါ်ကို မရောက်လာဘူးတဲ့။ သရဲကကြောက် ခြင်ကကိုက်နဲ့ တောင်ပေါ်မှာ အတော်လေးဆင်းရဲခဲ့တယ်တဲ့။ ဗီဒီယိုပြီးတဲ့အချိန်ရောက်မှ သူ့အိမ်ကို ပြန်သွားခဲ့တယ်တဲ့။ ဗီဒီယိုလဲ မကြည့်ရ မင်းနဲ့လဲ မတွေ့ရဆိုတော့ စိတ်အရမ်းတိုတယ်တဲ့။ ချိန်းထားပြီး ကတိမတည်တဲ့ ယောက်ျားတစ်ယောက်အတွက် သူ့ရင်ထဲမှာ နေရာ မရှိတော့ပါဘူးတဲ့။

အဲဒါပါဘဲကွာ။ နောက်တွေ့မှ အေးအေးဆေးဆေးပြောကြတာပေါ့။
သတိရလျက်
ဖေငယ်"

ကျနော်နှင့်ယုယ၏ဇာတ်လမ်းကား အထက်ပါကဲ့သို့အဆုံးသတ်သွားခဲ့လေသည်။ ယုယကို အပျော်သဘောထားခဲ့သည်။ ကျနော်သရဲကြောက်ခဲ့သည်။(ငယ်သေးလို့ကြောက်ခြင်းဖြစ်သည်။ အခု မကြောက်တော့ပါ)။ ထို့ကြောင့် ကျနော် အိမ်ထောင်မကျခဲ့ခြင်းဖြစ်သည်။ ကံကောင်းလေစွ။
အခုဆိုရင် ယုယလဲ သူငယ်ချင်းတစ်ယောက်နဲ့ အိမ်ထောင်ကျသွားလေပြီ။
.........

လက်ရှိချစ်သူအကြောင်း နဲနဲ ကျနော်ပြောပြပါ့မယ်။
ယခုလက်ရှိချစ်သူကို လွန်ခဲ့သည့် သုံးနှစ်ခန့်က စတွေ့ခဲ့သည်။ ကျနော်သူ့ကို မြင်မြင်ချင်း သဘောကျခဲ့သည်။ သူမသည် သွက်သည်။ ထက်သည်။ လုံးဝမကလက်။ သူမလဲ အမေချစ်ဖြစ်သည်။ ကျနော်လဲ အမေချစ်ဖြစ်သည်။ သူမ၏ အမူအယာအားလုံး ကျနော့်စိတ်ကို သိမ်းကျုံးနိုင်စွမ်းရှိသည်။ ကျနော် သူမကို အရမ်းချစ်သွားသည်။ သို့သော် ကျနော်ချစ်ကြောင်း သူမကို ဖွင့်မပြောခဲ့ပေ။

နှစ်အတော်ကြာမှ သူမကို ကျနော်ချစ်ကြောင်းပြောပြလိုက်သည်။ သူများဦးသွားမှာ စိုးရိမ်၍ဖြစ်သည်။ သူမသည် ဟန်မဆောင်တတ်ပေ။ ကျနော့်ကို ချက်ချင်းအဖြေပေးသည်။ သူမလဲ ကျနော့်ကို တွေ့တွေ့ချင်း ချစ်နေမိသည်တဲ့။ မိန်းခလေးက စရမှာမို့ သည်းခံပြီး စောင့်နေတာပါတဲ့။ ငယ်စဉ်ဘ၀ကတည်းက အလုပ်ကြိုးစားခဲ့သူမို့ သူမမှာ ငယ်ချစ်ဦးမရှိခဲ့ပေ။ ကျနော်သာလျှင် သူမ၏ တစ်ဦးတည်းသော မူပိုင်ချစ်သူ ဖြစ်ပေတော့၏။ ကျနော်လဲ သူမကို ခိုက်ခိုက်တုန်အောင်ချစ်သည်။ သူမလဲ ကျနော့်နည်းတူ ကျနော့်ကို ချစ်သည်။ ထို့ကြောင့် ကျနော်တို့၏ အချစ်သည် အများထက်သာသော အနှိုင်းမဲ့အချစ်များဖြစ်လေသည်။
......

ကဲ ကဲ... ညီလေး မိုးစက်အိမ်ရေ... ညီတဂ်ခဲ့တဲ့ ထားခဲ့ဖူးသော ရည်းစားများအကြောင်းပို့စ်ထ်ကို ဒီမှာတင်ရပ်လိုက်ပါပြီ။ အကိုကလဲ ရေးမိရင် မဆုံးတတ်တော့ဘူး။ အကို့ချစ်သူကတော့ အခုထက်ထိ အိုကေပြနေတုန်းပါဘဲ။ သူလဲ ပညာတတ်တစ်ယောက်ဆိုတော့ အကို့ကို နားလည်ပေးလောက်ပါတယ်။ အဲဒီလို နားလည်ပေးတာလေးတွေကြောင့်ဘဲ အကိုက သူ့ကို စွဲနေမိတာ။

ပျော်ရွှင်ကြည်နူးကြပါစေ။

........

Saturday, 23 May 2009

ထားခဲ့ဖူးသော ရည်းစားများ (၂)

"ကိုကိုမောင်.. ယုယလေးက မင့်ကို စိတ်ဝင်စားနေတယ်ထင်တယ်။ မင့်အကြောင်းမေးမေးနေတယ်"

ရေခပ်လာသော အပျိုတက်ခါစ မိန်းခလေးနာမည်က ယုယ။ အဲဒီ မြေသာရွာမှာရှိတဲ့ သူငယ်ချင်းတွေထဲ အခင်မင်အရင်းနှီးဆုံးသူက မောင်ဖေငယ်။ အထက်က စကားကို မောင်ဖေငယ်က ကျနော့်ကို ပြောပြခြင်းဖြစ်၏။
ယောက်ျားပီပီ ကိုယ့်ကို စိတ်ဝင်စားနေသည့် မိန်းခလေးတစ်ယောက်ရှိသည်ကို သိလိုက်ရသည့်အခါ ရင်ခုန်ချင်သလိုလို ရှက်သလိုလို ၀မ်းသာသလိုလိုဖြစ်လာသည်။ ထိုအချိန်က ကျနော်လဲ လူပျိုစင်စစ်ဖြစ်နေလေပြီ။

သို့နှင့် မောင်ဖေငယ်၏ အကူအညီကိုယူပြီး ရည်းစားစာရေးသည်။ တိုးတိုးတိတ်တိတ် စာကိုပေးခိုင်းသည်။ လျှို့ ဝှက်စွာ စီစဉ်သည်။ သို့သော်.. သို့သော်... နောက်တစ်နေ့၌ ယုယအား ကျနော်ရည်းစားစာပေးသည်ကို လူအတော်များများ သိကုန်ကြသည်။ အဆိုးဆုံးက သူ့မောင်လေးတစ်ယောက် သိသွားခြင်းပင်တည်း။ ဒီကောင်က အတော်လေး ဆိုးတဲ့ကောင်။

"ယောက်ဖကြီး.. အမကို ကြိုက်ရင် ကျနော် ကိုယ်တိုင် စာပေးပေးမယ်။ သူများကို ပေးမခိုင်းပါနဲ့"

ယုယ၏မောင်လေးအရင်းခေါက်ခေါက်ကြီးက သူ့အမ ကျနော့်ကို မချစ်သေးခင် သူ့အမနှင့်ကျနော့်ကို သဘောတူနေလေပြီ။ ယောက်ဖကြီးဟူ၍ပင် မြိန်ရည်ယှက်ရည် ကျနော့်ကို ခဏခဏခေါ်နေ၏။ ကိုကိုမောင်၏ စန်းပွင့်ခြင်းသည်ကား အနှိုင်းမဲ့ဖြစ်ချေတော့၏။

ရေငတ်တုန်း ရေတွင်းထဲက သကဲ့သို့ ကျနော်သည်လည်း ယောက်ဖလောင်းလျာ၏ အကူအညီဖြင့် စာတစ်စောင် ရေးပြီး ပေးလိုက်လေသည်။ အကျိုးအမြတ်သည်ကား....

"ကိုကိုမောင်
မောင်လေးက စာတစ်ဆင့်ပေးခိုင်းရင် ဒီတစ်သက် ယုယရဲ့ အချစ်ကို ရှင်မမျှော်လင့်နဲ့တော့။ ယုယက ရှက်တတ်တယ်ရှင့်"

ယုယကိုင်တိုင် သူ့မောင်လေးကတစ်ဆင့် ကျနော့်ကို ပေးခဲ့သော စာတစ်စောင်ဖြစ်၏။ ဗုဒ္ဓေါ.. စားရခါနီးက အပုတ်ချခံလိုက်ရသကဲ့သို့ စုပ်တစ်သပ်သပ်နဲ့ ဖြစ်နေလေသည်။ မဖြစ်ချေဘူး။ မောင်ဖေငယ်ကိုဘဲ ပြန်အားကိုးမှ ဟုစဉ်းစားကာ

"ယုယလေးရေ..
ဘ၀တစ်ကွေ့မှာ ခဏတွေ့ကာ ချစ်ခွင့်ရပေမဲ့ ကို့အချစ်က ထာဝရရယ်ပါ။
သမုဒယဘုံဘ၀မှာ ယုယကို ခုဘ၀မှ တွေ့ခွင့်ရတာ ရင်နာလှတယ်။
ရှေးရှေးဘ၀ကို တွေးပြီး ဆွေးဆွေးနေရတဲ့သူဟာ ကိုရယ်လေ။
ကို့ရဲ့  ချစ်ရေးဆိုတဲ့ စာလေးကို ဖတ်ပြီး ချစ်တယ်ဆိုတဲ့အဖြေလေးကို မှန်စွာမနှေး မြန်မြန်ပေးပါလားကွယ်"

အစချီပြီး စာတစ်စောင်ရေးကာ မောင်ဖေငယ်က တစ်ဆင့်ပေးခိုင်းလိုက်လေသည်။

"ပ၀ါပါးကို ကြက်သားထုတ်တော့ စွန်းတတ်တယ်။ တစ်ရွာသားကို ရည်းစားလုပ်တော့ လွမ်းတတ်တယ်တဲ့။ ခု ယုယရဲ့ အသက်ကလဲ ငယ်သေးတယ်။ အကိုကလဲ တစ်ခြားရွာကဆိုတော့ အားလဲနာတယ်.. ခင်လဲခင်တယ်။ အကို့ကို ကျမ မချစ်နိုင်ပါဘူးရှင်"

ယုယလေး၏ အမှတ်မထင်တန်ပြန်တိုက်ကွက်ကလေးပင်ဖြစ်သည်။
ဒုက္ခော... ကျနော်၏ စစ်ဦးတိုက်ပွဲသည်ကား အောင်ပွဲရခါနီးမှ မြှားကုန်ပြီး တပ်ဆုပ်ခွါခဲ့ရလေပြီတည်း။ ရွာသူရွာသားတို့ကလဲ ကျနော်က ယုယကို စာပေးသည့်အကြောင်း သိကြ၏။ ကျနော်ကလဲ သူ့အချစ်ကို မရ။ ခက်ချေပြီ။ ရှက်စရာကြီး။ အကောင်းဆုံးနည်းလမ်းတစ်ခုကို ကျနော်ရွေးချယ်လိုက်သည်။ ကျနော့်ရွာကို ပြန်လာခြင်းပင်တည်း။ လူအများရှေ့ ၌ ဆရာမမေးသော မေးခွန်းကို မဖြေနိုင်သည့်ကျောင်းသားတစ်ယောက်ကဲ့သို့ ခပ်ရှက်ရှက်နဲ့ဘဲ ကျနော့်ရွာလေးဆီသို့ ကျနော် ပြန်ပြေးခဲ့ရလေသည်။
........

ညီငယ် မိုးစက်အိမ်ရေ... အကို ထပ်ရေးလိုက်ပြန်ပြီ။ ပထမပိုင်းက တန်းလန်းကြီးဆိုတော့ အဆုံးသတ်ပေးဖို့ ဆန္ဒလေးပေါ်လာတာနဲ့ အရဲစွန့်ပြီး ရေးလိုက်တယ်။ တတိယပိုင်းကို ထပ်ရေးပါဦးမယ်။ အကို့ချစ်သူ စိတ်ဆိုးသွားရင် ညီ့တာဝန်နော်။ ညီက တဂ်ထားတာကိုး။ ဟဲ ဟဲ။ ပျော်ရွှင်ပါစေ ညီ။

.........

Friday, 22 May 2009

ထားခဲ့ဖူးသော ရည်းစားများ (တဂ်ပို့စ်ထ်)

ကျောင်းဖွင့်သည့်နေ့တစ်နေ့။
ထိုနေ့၌ နေပူသည်။ ဥသြအော်သည်။ ကျောင်းသားများ ပျင်းကြောဆွဲနေကြသည်။ ထိုအချိန်၌ ခေါင်းလောင်းထိုးသံပေါ်လာသည်။ အားလပ်ချိန်ပေးခြင်းဖြစ်၏။ စာသင်ကျောင်းဝင်းအတွင်းရှိ ညောင်ညိုပင်ရိပ်အောက် ကျောင်းသား ကျောင်းသူများ အလုအယက် နေရာယူနေကြသည်။ ထိုအထဲ၌ သူငယ်တန်းကျောင်းသားလေးတစ်ယောက်လည်း ပါဝင်သည်။ သူ့နာမည်က ကိုကိုမောင်။

ညောင်ညိုပင်ရိပ်အောက်၌ အတန်းဖော်သူငယ်ချင်းများနှင့် သားရေကွင်းပစ်တမ်းကစားသည်။ ကိုကိုမောင် အရှုံးကြီးရှုံးနေခိုက် အသံချိုချိုလွင်လွင် အသံလေးတစ်သံကြားလိုက်ရသည်။

"ကိုကိုမောင်.. ရှုံးမှာ မကြောက်နဲ့နော်။ ငါ့တို့ဆိုင်မှာ သားရေကွင်းတွေ ပေါင်ထုပ်အလိုက်ကြီးရှိတယ်။ ငါအလကားပေးမယ်။ အခုတော့ သားရေကွင်း ၅၀ လောက်ဘဲပါတယ်။ ရော့။ ဆက်ကစား"

သူမအိမ်၌ ကုန်စုံဆိုင်ကြီးရှိသည်။ ကလေးကစားစရာများ အတော်များများရှိသည်။
အသားဖြူဖြူ ခပ်အေးအေးနေတတ်သည့် ကျနော့်ပုံစံကို သူမနှစ်သက်သွားပုံရသည်။ နေ့စဉ်စားစရာ ကစားစရာ သားရေပင်စသည်တို့ကို ကျနော့်အားလာပေးသည်။ သူမနာမည်က မိတင်။ အသက်က ကျနော်နဲ့ရွယ်တူ။ ၇ နှစ်ကျော်ကျော်အရွယ်။

"ငါကြီးလာရင် ကိုကိုမောင်ကိုဘဲ လက်ထပ်ယူမယ်"

သူမ မကြာမကြာကြွေးကြော်ခဲ့သည့် ဥဒါန်းစကားများဖြစ်သည်။ သို့သော် ကျနော်က အရှက်ကြီးသည်။ သူငယ်ချင်းမက်သည်။ မိန်းခလေးတွေကို လုံးဝစိတ်မ၀င်စားခဲ့။ မိဝင်းဆိုသည့် အတန်းဖော်မိန်းခလေးနှင့် မိတင်တို့ ကျနော့်ကို လုကြရင်း မကြာမကြာစကားများရန်ဖြစ်ကြသည်ဟု သူငယ်ချင်းများပြောပြဖူးသည်။
တကယ်ဆိုလျှင်မူ မိတင်နှင့်မိဝင်းသည် ၀မ်းကွဲညီအမများဖြစ်ကြသည်။

ယခုဆို မိတင်နှင့်မိဝင်းတို့ အိမ်ထောင် အသီးသီးကျပြီး ကိုယ်ပိုင် မိသားစုကိုယ်စီ ဖြစ်နေကြလေပြီ။ ကျနော်နှင့်မဟုတ်ပါ။ ထိုအချိန်က ကျနော့်အသက် အရမ်းငယ်နေသည်ကတစ်ကြောင်း မိန်းခလေးတွေကို စိတ်မ၀င်စားသည်ကတစ်ကြောင်းကြောင့် ကျနော်အခုထက်ထိ လူပျိုလူလွတ်ကြီး ဖြစ်နေခြင်းဖြစ်သည်။ (ကြော်ငြာ.. အဟဲ)။

ထိုမိတင်နှင့်မိဝင်းတို့သည် ကျနော်ထားခဲ့ဖူသော ရည်းစားမဟုတ်ပါ။ ကျနော့်ကို ထားခဲ့ကြသော ရည်းစားများပင်ဖြစ်သည်။
........

ကိုကိုမောင်အသက် ၁၇ နှစ်အရွယ်။
တစ်ခုသောနေ့၌ ကျနော်တို့ရွာနှင့်နှစ်မိုင်ခန့်အလှမ်းကွာဝေးသော မြေသာရွာလေးသို့ ကျနော်အလည်သွားခဲ့သည်။ မြေသာရွာမှာ ကျနော့်သူငယ်ချင်းများရှိသည်။ ထို့ကြောင့် ထိုရွာသို့ မကြာမကြာသွားပြီး ကျနော် လေးငါးရက် နေထိုင်လေ့ရှိသည်။

မြေသာရွာထိပ်၌ ၀တ္တကကုန်းတော်တစ်ခုရှိသည်။ တောင်ထိပ်၌ဘုရားတစ်ဆူရှိသည်။ ဘုရားဖူးသွားလမ်းသည် မြွေလိမ်မြွေကောက်ပုံစံ လွန်းထိုးတက်လမ်းဖြစ်သည်။ တောင်ခြေ၌ ရေတွင်းတစ်တွင်းရှိသည်။ ရေတွင်းနဘေး၌ ခရေပင်ကြီးတစ်ပင်ရှိသည်။ထိုရေတွင်း၌ တစ်ရွာလုံးသောက်ရေလာခပ်ကြသည်။

ကျနော်တစ်ယောက်ထဲ ရွာထိပ်တောင်ပေါ်ဘုရားကို ဖူးဖို့ ချီတက်လာသည်။
ကျနော် ခရေပန်းကို ကြိုက်သည်။ ဘုရားကို ခရေပန်းကပ်ရလျှင်ကောင်းမည်ဟု စဉ်းစားမိသည်။ ထို့ကြောင့် ခရေပင်အောက်၌ ခရေပန်းကြွေများ ကျနော်ကောက်နေသည်။ ထိုအချိန်၌ ရွာထဲမှ အသက် ၁၄ နှစ်အရွယ်ရှိ မိန်းခလေးတစ်ယောက် ရေလာခပ်သည်။ မျက်နှာခပ်ချိုချို သွားတက်ကလေးနဲ့။ အပျိုတက်ခါစအရွယ်။ လုံးလုံးကျစ်ကျစ်ကလေး။

"ဟိတ်.. ဘာလုပ်နေတာလဲ"

ကျနော်က သူ့ကို မေးလိုက်ခြင်းမဟုတ်ပါ။ သူမက ကျနော့်ကို မေးလိုက်ခြင်းဖြစ်သည်။ ကျနော် သူမကို မသိပါ။ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သို့သော် သူမက စပြီး မေးခွန်းထုတ်နေလေပြီ။ ကျနော် ခပ်ဆပ်ဆပ်ပြန်ဖြေလိုက်သည်။

"မြင်တဲ့အတိုင်းဘဲ.. ခရေပန်းကောက်နေတာလေ"

"ခရေပန်းလေး ငါ့ကို နဲနဲ ပေးပါလား"

"ဟ.. မဖြစ်ဖူးထင်တယ်"

"ဘာဖြစ်လို့လဲ"

"ဘုရားသွားကပ်မလို့"

"ဒါဖြင့်လဲ ပြီးရော"

နှုတ်ခမ်းစူပြီး ရေထမ်းကို ပုခုံးပေါ်တင်ကာ ခပ်ဆောင့်ဆောင့်နဲ့ သူမ ထွက်ခွါသွားသည်။ ကျနော့်စိတ်ထဲ၌မူ သူမခြေထောက်ဒီထက်ပိုအရှိန်ပြင်းပြင်း ခပ်ဆောင့်ဆောင့်သွားရင် ပိုကောင်းမည်ဟု ထင်သည်။ သို့မှ ခရေပန်းများကြွေကျ မြေခလာကြလာပြီး ဘုရားကို များများကပ်လှူနိုင်မှာ မဟုတ်ပါလား။ သို့သော် သူမ၏ စူပုပ်ပုပ်မျက်နှာကလေးသည် တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေလေသည်။
......


ကဲ.. ကဲ... ညီငယ် မိုးစက်အိမ်ရေ.. ဒီလောက်ဆို ကျေနပ်ပြီလား။ ညီတဂ်ထားလို့သာ ရေးလိုက်ရတာ။ စိတ်က ခပ်လန့်လန့်ရယ်။ အကိုဆက်မရေးရဲတော့ဘူး။ အကို့ချစ်သူလေးက အရမ်းစိတ်ထက်တယ်။ တော်ကြာ အကို့ကို ပြဿနာရှာမှာ ကြောက်နေရတယ်။ ချစ်တာကိုး။

..........

Tuesday, 19 May 2009

အကြံကုန်လို့ ကိုကိုမောင်လဲဆားချက်နေရပြီ

ဒီရက်ပိုင်းအတွင်း အရှုပ်တွေလုပ်ရင်း အလုပ်တွေ နဲနဲရှုပ်နေခဲ့တယ်။ ကိုယ်တိုင်လဲ ပို့စ်မတင်ဖြစ်ဖူး။ သူများတွေအိမ်ကိုလဲ သွားမလည်ဖြစ်ဖူး။ လာလည်ကြတဲ့သူတွေကို အားနာဖို့ကောင်းလိုက်တာ။ ကျနော်ဧည့်ဝတ်မကျေသလိုဖြစ်သွားခဲ့တယ်။

ဘာရေးရမလဲ စဉ်းစားပြန်တော့လဲ ဦးဏှောက်က ငြင်းဆန်နေတယ်။ ဘာအကြံမှ ထွက်မလာဘူး။ ဒါနဲ့ ကျနော်ကိုယ်တိုင်ရေးခဲ့တဲ့ ပို့စ်အဟောင်းလေးတွေ ပြန်ဖတ်ကြည့်လိုက်တယ်။ ကုန်ကြမ်းကလေးများ ရလိုရငြားပေါ့ဗျာ။ တစ်ခါတစ်လေကျတော့လဲ ဒီလိုလုပ်ရတာပါဘဲ။

တွေ့ပြီ.. တွေ့ပြီ.. သူဘဲ သူဘဲ။
အဲဒါ.. အဲဒါ.. ရန်ကုန်မှာမဟုတ်ပါ ဆိုတဲ့ပို့စ်ကလေးကို မေလ ၉ ရက်နေ့က ကျနော်ရေးခဲ့တယ်။ အဲဒီအောက်က ကွန်မင့်တ်လေးတွေကို ကျနော်ဖတ်ကြည့်လိုက်မိတယ်။ အဲဒီ ကွန်မင့်တ်လေးတွေကျေးဇူးကြောင့် ကျနော် ဒီပို့စ်လေးကို တင်လိုက်နိုင်တာပါ။

အဲဒီကွန်မင့်တ်တွေထဲမှာမှ အင်္ဂလန်ရောက်ဧည့်သည်တစ်ဦးရဲ့  ကွန်မင့်တ်လေးကိုတင်ပြပေးလိုက်ပါတယ်။
အင်္ဂလန်ရောက် ဧည့်သည်တဦး said... လန်ဒန်က အညစ်ပတ်ဆုံး မြို့တော်တဲ့။ သတင်းထဲမှာ ဖတ်လိုက်ရတယ်။ ကြွက်တောင်ရှိတယ်။ အပေါ်ဆုံးက အနော်နီမတ် ရေးသလို ကိုယ်နေထိုင်ကျင်လည်ရာ နဲ့ ဆိုင်တယ်ဆိုပေမဲ့ မြို့တော်လန်ဒန် တခွင်တော့ သန့်ရှင်းနေစေချင်ပါတယ်။ အင်္ဂလန်မှာ ကွမ်းဝယ်လို့ရတာကို အံ့တော့သြမိသာ။ ကုလားတွေ အ၀င်များလို့ ဖြစ်မယ်။

နောက်ဆက်တွဲ ဒီပို့စ်ကို ဖတ်ကြည့်လိုက်အုံး။ ကွမ်းတံတွေးတင် မကဘူး။ ပီကေတွေရောပဲ။
http://maydar-wii.blogspot.com/2009/03/blog-post_19.html

သူပြောသလိုပါဘဲ။ လန်ဒန်မြို့ဟာ အညစ်ပတ်ဆုံးလို့ပြောလို့ရပါတယ်။ ကျနော် လန်ဒန်မြို့ထဲ နေရာအတော်များများကို ရောက်ဖူးပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့နေရာတွေ ရှိပေမဲ့ များသောအားဖြင့်ကတော့ ခပ်ညစ်ညစ်ဖြစ်နေကြလေရဲ့ ။

လန်ဒန်ကကြွက်အရေအတွက်ဟာ လန်ဒန်မြို့မှာ နေထိုင်တဲ့ လူဦးရေတွေထက်တောင် ပိုများပါတယ်တဲ့။ အဲဒါ ကျနော်ရမ်းတုပ်တာ မဟုတ်ဘူးနော်။ အင်တာနက်ထဲမှာ လွန်ခဲ့တဲ့ သုံးလလောက်က ကျနော်ကိုယ်တိုင် ဖတ်ခဲ့တာပါ။ လင့်ခ်ကိုတော့ ကျနော် ကောင်းကောင်းမမှတ်မိတော့လို့ မပေးလိုက်တော့ပါဘူး။ အခုဆိုရင် ယင်ကောင်တွေကိုတောင် တွေ့မြင်နေရပါပြီ။ တစ်ချို့ နေရာတွေမှာဆို ခြင်တွေတောင် ရှိနေပြီတဲ့။ ဒုက္ခ။

ဟဲ ဟဲ... လေအတော်လေးရှည်သွားပြီ။ ကျနော် အဓိကရေးချင်တာက အဲဒါတွေမဟုတ်ပါဘူး။ အင်္ဂလန်ရောက်ဧည့်သည်တစ်ဦးက ညွန်ပြပေးခဲ့တဲ့ လင့်ခ်ကလေးကို ကျနော် ဖွင့်ကြည့်လိုက်တယ်။ ဟိုက်ရှားဘား.... သူက ပီကေတွေ ထွေးပစ်ထားတဲ့အကြောင်း ရေးထားပါလား။ သူ့ပို့စ်က ပီကေကြောင့် အင်္ဂလန်နိုင်ငံကြီး ညစ်ပတ်တဲ့အကြောင်းရေးတယ်။ ကျနော်က ကွမ်းတံတွေးကြောင့် လန်ဒန်မြို့ ပေကျံနေတဲ့အကြောင်းရေးတယ်။ (ဒီ့ပြင် ညစ်ပတ်တဲ့အရာတွေလဲ လမ်းပေါ်မှာ အများကြီးရှိပါသေးတယ်)။

အဲဒီပို့စ်လေးကို Anonymous က ကွန်မင့်တ် တစ်ခုပေးထားတယ်။
ကျနော် စိတ်ဝင်စားတာက အဲဒီကွန်မင့်လေးကိုဘဲဗျ။ တော်တော် ဟာသဥာဏ်ရှိတဲ့သူဘဲ။ မချီးကျူးဘဲ မနေနိုင်ဘူး။ ဟာသဆန်ဆန်ကဗျာလေးကို ကာရန်လေးနဲ့ ချက်ချင်း မင့်တ်သွားလိုက်ပုံများ။ ဂွတ်မှဂွတ်ဘဲ။
အံ့သြဖို့ကောင်းတာက သူ့နာမည်ကိုတောင် ထည့်မရေးသွားတာဘဲ။ ကျနော်သာ သူ့နေရာမှာဆို ကိုကိုမောင်ရေးသည် ဆိုပြီး သမားဂုဏ်ထုတ်မိမှာ သေချာတယ်။

ကဲ ရောင်းရင်းတို့လဲ မူရင်းအတိုင်းလေး ခံစားကြည့်ကြလိုက်ပါဦး။ ။
...........

Anonymous said...

အဂ်လိပ်က ပီကေ ၀ါး၊
မြန်မာတွေက ကွမ်းတွေ စား။
ဝါးတာ စားတာ မတူငြား။
ထွေးတာ ချင်းတော့ အတူသား။

စုပ်ပဲ့ပဲ့ ထိုသူတွေ။
ပတ်ဝန်းကျင်ကို ဖျက်ဆီးနေ။

သူတို့ပါးစပ် ကောင်းဘို့အရေး
ပတ်ဝန်းကျင်ကို ဒုက္ခပေး။

ဒီ ဒုက္ခတွေ ကင်းအောင်ကွယ်
ပို့စ် ရေးကာ ကာကွယ်မယ်။

ရေးသူကိုယ်တိုင် ကွမ်းတွေစား
ပီကေ၀ါးကာ ရေးနေသလား။

ဟား ဟား ဟား၊ ဟား ဟား ဟား။
........

ကဲဗျာ... ဘာဘဲပြောပြော ကျနော်ကတော့ ပို့စ်တစ်ခုပြီးသွားပြီ။ ရောင်းရင်းတို့လဲ ဘာမှ ရေးစရာ ခေါင်းထဲ မရောက်လာရင် ကျနော့်လိုဘဲ သူများဟာ ခိုးချပေါ့ဗျာ။ ဟုတ်ဖူးလား။ ဟဲ ဟဲ။ ပိုင်တယ်ဟုတ်။
အားလုံးကို ကျေးဇူးတင်လျှက်။ ။

......

Thursday, 14 May 2009

အချစ်သည် ဆန်းကြယ်၏

အချစ်သည်
ဆန်းကြယ်၏။
ဆန်းကြယ်သလောက် ချစ်ဖို့ကောင်း၏။
ထို့ကြောင့် အချစ်ကိုတွေ့ဖို့ အချစ်တွေ လိုက်ရှာနေကြ၏။
........


ရုပ်အဆင်းလှ ဂုဏ်အဆင့်မြင့်လှသည့်
ရွှေမင်းသမီးလေးသည်
ရုပ်ဆိုး သဘောဆိုး မျက်နှာပုပ်သိုးနေသော
ပေါင်တိုယောက်ျားတစ်ယောက်ကို ချစ်ကြိုက်ခဲ့ဖူးလေပြီ။

ဥစ္စာပေါ ရုပ်ချော သူဌေးသမီးလေးသည်
လုယက် ခိုးဝှက် တိုက်ခိုက်ခဲ့သော
အဖမ်းဆီးခံခိုးသူယောက်ျားတစ်ယောက်ကို
မြင်မြင်ချင်း ချစ်မိသည့်အတွက်
အသပြာများစွာပေးကာ သူသတ်တို့၏ လက်မှ ကယ်တင်ခဲ့ဖူးလေပြီ။

အသက်ကြီး စိပ်ပုတီးလွယ်ချိန်ရောက်နေသည့်
ဓါတုကလျာ မင်းသမီးကြီးသည်
သူမအသက်အောက် ထက်ဝက်ခန့်ငယ်သည့်
ရတုစာဆို နတ်သျှင်နောင်မင်းသားလေးကို ချစ်မြတ်နိုးခဲ့ဖူးလေပြီ။

ရိုးရိုးသားသား ယဉ်ယဉ်ကျေးကျေး
ဝဏ္ဏပဘာလေးသည်
သာသနာ့ဘောင်မှာ ထွန်းတောက်နေသည့်
ရှင်မဟာရဋ္ဌသာရကို ချစ်ခင်စုံမက်ခဲ့ဖူးလေပြီ။

ထက်မြက် သွက်လက် လှပ သဘောကောင်း ပစ္စည်းရှိ ပညာတတ်
မိန်းခလေးတစ်ယောက်သည်
ဘာမှမဟုတ်သော ကျွန်ုပ်ကို ချစ်ကြိုက်နေလေပြီ
ဘာမှ မဟုတ်သည့် ကျွန်ုပ်ကလည်း
အကုန်လုံး ဟုတ်နေသည့် သူမကို
ချစ်ကြိုက် မြတ်နိုး တွယ်တာမိနေလေပြီ။

အော်...
အချစ်မှာ အပြစ်မရှိပါတကား။ ။
......


အချစ်သည်
ဆန်းကြယ်၏။
ဆန်းကြယ်သလောက် ချစ်ဖို့ကောင်း၏။
ထို့ကြောင့် အချစ်ကိုတွေ့ဖို့ အချစ်တွေ လိုက်ရှာနေကြ၏။
ကျွန်ုပ် အချစ်လိုက်ရှာရင်း အချစ်ကိုတွေ့ပြီ။

...........

Wednesday, 13 May 2009

ဆုံးဖြတ်ပေးကြပါ

ကျွန်ုပ်သည်
အသက်ကြီး၏။
ရုပ်ဆိုး၏။
ပိန်၏။
မိဘမရှိ။
ဥစ္စာမရှိ။
စီးပွါးရေးအမြင်မရှိ။
ပညာ(ကျွန်ုပ်အထင်)မရှိ။
တက်တက်ကြွကြွသိပ်မရှိ။
စကားကို အချိုးကျကျ ပြေပြေလည်လည် မပြောတတ်။


သူမသည်
အသက်ငယ်၏။
ရုပ်လှ၏။
မပိန်မ၀ (အနည်းငယ်တော့ အရပ်ပု၏)။
မိဘရှိ၏။
ဥစ္စာအသင့်တင့်ရှိ၏။
စီးပွါးရေး အမြင်ရှိ၏။
ပညာရေးကောင်းမွန်၏။
အရာတိုင်း၌ တက်တက်ကြွကြွရှိ၏။
စကားကို သွက်သွက်လက်လက် ကျစ်ကျစ်လစ်လစ် ပြောတတ်၏။


သို့သော်
ကျွန်ုပ်မှာ အချစ်ရှိ၏။
သူမမှာလည်း အချစ်ရှိ၏။
ထို့ကြောင့်
ကျွန်ုပ်တို့နှစ်ယောက် ချစ်သူဖြစ်သွားကြ၏။


ဤသည်
တရားမျှတပါ၏လော?????

.......

Tuesday, 12 May 2009

အချစ်က....

အချစ်က
အရောင်အဆင်းမရွေးဘူး
အတိုင်းအတာမရွေးဘူး
အနီးအဝေးမရွေးဘူး
အကြီးအသေးမရွေးဘူး။

အချစ်က
သဏ္ဍာန်မရွေးဘူး
ဒြပ်မရွေးဘူး
အအေးအပူမရွေးဘူး
အပေးအယူမရွေးဘူး။

အချစ်က
အသက်အရွယ်မရွေးဘူး
ဘာသာမရွေးဘူး
လူမျိုးမရွေးဘူး
နေရပ်မရွေးဘူး။

အချစ်က
အဟောင်းအသစ်မရွေးဘူး
အပျိုအအိုမရွေးဘူး
အဆိုးအကောင်းမရွေးဘူး
အကျိုးအကြောင်းမရွေးဘူး

အချစ်က
ရာထူးမရွေးဘူး
ရောဂါမရွေးဘူး
မျက်နှာမရွေးဘူး
အချောအလှမရွေးဘူး။

အချစ်က
ဆင်းရဲမရွေးဘူး
ချမ်းသာမရွေးဘူး
ကုသိုလ်မရွေးဘူး
အကုသိုလ်မရွေးဘူး။

အချစ်က
ရာသီဥတုမရွေးဘူး
ပြက္ခဒိန်မရွေးဘူး
ကြယ်လနက္ခတ်မရွေးဘူး
ဂြိုဟ်မရွေးဘူး။

အချစ်က
မြေမရွေးဘူး။
ရေမရွေးဘူး။
လေမရွေးဘူး။
မီးမရွေးဘူး။

အချစ်က
အပါယ်ဘုံမရွေးဘူး။
လူ့ဘုံမရွေးဘူး။
နတ်ဘုံမရွေးဘူး။
ဗြဟ္မာ့ဘုံမရွေးဘူး။

အချစ်က
ပုဂ္ဂိုလ်မရွေးဘူး။
ခန္ဓာမရွေးဘူး။
ရုပ်နာမ်မရွေးဘူး။
ပညတ်မရွေးဘူး။

အချစ်က..
အချစ်ကိုဘဲ ရွေးတယ်။ ။

....

အချစ်မှာ...

အချစ်မှာ
အရောင်အဆင်းမရှိဘူး
အရှည်အတိုမရှိဘူး
အနီးအဝေး မရှိဘူး
အကြီးအသေးမရှိဘူး။

အချစ်မှာ
သဏ္ဍာန်မရှိဘူး
ဒြပ်မရှိဘူး
အအေးအပူမရှိဘူး
အပေးအယူမရှိဘူး။

အချစ်မှာ
အသက်အရွယ်မရှိဘူး
ဘာသာမရှိဘူး
လူမျိုးမရှိဘူး
နေရပ်မရှိဘူး။

အချစ်မှာ
အဟောင်းအသစ်မရှိဘူး
အပျိုအအိုမရှိဘူး
အဆိုးအကောင်းမရှိဘူး
အကျိုးအကြောင်းမရှိဘူး

အချစ်မှာ
ရာထူးမရှိဘူး
ရောဂါမရှိဘူး
အားနာမှုမရှိဘူး
ခါးပါမှုမရှိဘူး။

အချစ်မှာ
ဆင်းရဲမရှိဘူး
ချမ်းသာမရှိဘူး
ကုသိုလ်မရှိဘူး
အကုသိုလ်မရှိဘူး။

အချစ်မှာ
ရာသီဥတုမရှိဘူး
ပြက္ခဒိန်မရှိဘူး
ကြယ်လနက္ခတ်မရှိဘူး
ဂြိုဟ်မရှိဘူး။

အချစ်မှာ
မြေမရှိဘူး။
ရေမရှိဘူး။
လေမရှိဘူး။
မီးမရှိဘူး။

အချစ်မှာ
အပါယ်ဘုံမရှိဘူး။
လူ့ဘုံမရှိဘူး။
နတ်ဘုံမရှိဘူး။
ဗြဟ္မာ့ဘုံမရှိဘူး။

အချစ်မှာ
ပုဂ္ဂိုလ်မရှိဘူး။
ခန္ဓာမရှိဘူး။
ရုပ်နာမ်မရှိဘူး။
နိဗ္ဗာန်မရှိဘူး။

အချစ်မှာ..
အချစ်ဘဲ ရှိတယ်။ ။

....

လမ်းပြချစ်သူ

အချစ်ကိုရှာနေခိုက်
မင်းလေးရဲ့  စိုက်အကြည့်တွေကြောင့်
ကိုယ် ကြိုက်မိသွားတာပေါ့။

အချစ်ကို မသိခင်
မင်းလေးရဲ့  အပြုံးတွေ လာလာထိတော့
ကိုယ် ညှိသွားတာပေါ့။

ချစ်စကားကို မကြားဖူးခင်
မင်းလေးရဲ့  စကားချိုချိုလေးတွေကြောင့်
ကိုယ် တအားပိုခဲ့ရတာပေါ့။

ချစ်ရနံ့ကို မသိသေးခင်
မင်းလေးရဲ့  အနမ်းမွှေးမွှေးလေးကြောင့်
ကိုယ် အရမ်းလန်းခဲ့ရတာပေါ့။

ချစ်အတွေ့ကို မရသေးခင်
ခပ်ဖွဖွလေး "..ကဲ..ကဲ..ကဲ" ဆိုပြီး အထုခံရတော့
ကိုယ် စွဲ..စွဲ..စွဲမိသွားတော့တာပေါ့။

အချစ်အစွမ်းအစကို မရင်းနှီးပေမဲ့
မင်းလေးက လမ်းပြတစ်ယောက်ဆိုတော့
ကိုယ် စခန်းရောက်ရတာပေါ့။
အတူတူ လမ်းလျောက်ရတာပေါ့။
ကြည်ကြည်ဖြူဖြူ (အချစ်)ပန်းကောက်ကြတာပေါ့။ ။

..........

နာဂစ်အလွန် သံဝေဂ

သူ
ငါ သတ္တ၀ါ
ခန္ဓာပြိုလဲ တဖွဲဖွဲနဲ့
ငိုရှိုက်ကြေကွဲ တသဲသဲနဲ့
သေပွဲဝင်ခဲ့ကြရရှာပြီ။

ပုန်းကွယ် လျိုးကွယ် ရှောင်မရ
နောင်တစ်နေ့မှာ
ငါ့ခန္ဓာလဲ ဒီလိုပွဲ
ဝင်နွှဲရလိမ့်ဦးမည်။

စည်းစိမ်ခုံသူ စည်းစိမ်ခွါ
ဂုဏ်ပကာမက်သူ ဂုဏ်ကိုသိမ်း
စိမ်းကားလှတဲ့ မရဏ
အချိန်ကျလာရင်တော့
ဖော်ရွှေဝါ လက်ပြခေါ်နေလေရဲ့ ။

အပြေးသွားရင်း အပြေးမှားခဲ့ကြပြီ
အဆွေးပွါးရင်း အဆွေးများခဲ့ရလေပြီ
အတွေးများရင်း အဝေးသွားခဲ့ကြရှာပြီ
ပြေးရင်း ဆွေးရင်း တွေးရင်း ဝေးရင်းနဲ့
ကျနော်လဲ
ကလေးတစ်ယောက် မဟုတ်တော့ဘူး။

အရင်သေမလား နောက်ကြွေမလား
အကင်းကြွေကျမလား အမှည့်မြေခမလား
အလှည့်ကျရင်တော့
မရဏတရားဆိုတာ အဝေးကြီးမှာမဟုတ်ဘူးနော်
သို့သော်ငြားလဲ
ကံချော်ပါးလို့ စောစီးစွာ မရဏအ၀ါးခံ့ခဲ့ကြရတဲ့
အရင်သွားနှင့်သူတို့ကို
ကြည်ကြည်ဖြူဖြူ ကုသိုလ်အမျှ ပေးလှူကြရအောင်လား။

......

Sunday, 10 May 2009

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည် (၃)

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည်။
အဖေသည် နှစ်ရှည်လများ လူမမာ မျက်မမြင်ဖြစ်၏။ ဘာအလုပ်မှ မလုပ်နိုင်။ အမေသည် အဖေနေကောင်းစဉ်ကတည်းက အဖေ့ကိုသာ အားကိုးခဲ့သူဖြစ်၏။ ထို့ကြောင့် ဘာစီးပွါးရေးမှ အမြင်မရှိ။ သမရိုးကျ လုပ်ကိုင်စားသောက်လာသော ကောက်စိုက် ပျိုးနှုတ် စပါးရိတ်လောက်သာ တတ်သည်။

တွက်ကြည့်သော် ကျွန်ုပ်တို့ မိသားစု ခုနစ်ယောက်ထဲတွင် အဖေက နာတာရှည်လူမမာ။ သားငါးယောက်က ကလေးပေါက်စအရွယ်။ ထို့ကြောင့် ၆ ယောက်တိတိ လူပိုဖြစ်နေသည်။ အမေတစ်ယောက်ထဲ အလုပ်ကို ဒိုင်ခံလုပ်နေရလေသည်။ နေရသည့်အိမ်က အဘိုးအဘွား(အဖေ့မိဘ)အိမ်မှာ။ လုပ်အားက တစ်ယောက်ထဲ။ လုပ်သည့်တစ်ယောက်သည်လည်း မိန်းမသား။ စားသုံးသူက ခုနစ်ယောက်တိတိ။

အဘိုးအဘွားနှစ်ယောက်။ အဖေ့ညီ့မိသားစု။ ကျွန်ုပ်တို့ မိသားစုအားဖြင့် မိသားစုသုံးစု စုနေကြသည့် ၄င်းအိမ်၌ လုပ်အားပေးနိုင်သည့် အရေအတွက် အနည်းဆုံးနှင့် စားသုံးသူ အများဆုံးမှာ ကျွန်ုပ်တို့ မိသားစုပင်ဖြစ်သည်။
မိသားစုသုံးစုတိတိ တစ်အိမ်ထဲနေပြီး စုပေါင်းစားသောက်ကြသောကြောင့် အခန့်မသင့်သည့်အခါ စကားများရတတ်သည်။

အဘိုးနှင့်အဘွားက ထမင်းစားပွဲတစ်ခု၊ ကျွန်ုပ်တို့မိသားစုက ထမင်းစားပွဲတစ်ခု၊ ဘဒွေးတို့မိသားစုက ထမင်းစားပွဲတစ်ခု။ စုစုပေါင်း ထမင်းဝိုင်း သုံးဝိုင်းတိတိရှိ၏။ ကျွန်ုပ်တို့အိမ်၏ စားအိုးကား ကြီးမားလှပေသည်။
အဖေက နေမကောင်းသည့် အတွက် ထမင်းဝိုင်းသို့မလာပါ။ သီးသန့် ခူးခပ်ကျွေးရ၏။ ကျွန်ုပ်တို့ မိသားစု ထမင်းဝိုင်း၌ အမေနှင့်ကျွန်ုပ်တို့ ငါးယောက်ဖြစ်၏။

အဘိုးသည် လွန်စွာစည်းကမ်းကြီး၏။ ထမင်းသုံးဝိုင်းလုံး အတူတူ တစ်ချိန်တည်းစားစေ၏။ ခွဲ၍လုံးဝမစားစေ။
ထမင်းစားပွဲ၌ မကြာခဏအမေငိုနေသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ ထမင်းစားရင်း စား၍မပြီးခင် ထမင်းဝိုင်းမှ ထပြီး ၀ရံတာဘက်ထွက်ကာ ငိုကြွေးနေသည်ကို တွေ့ရသည်။ သို့သော် ကျွန်ုပ်တို့မှာကား ထမင်းစားမပျက်ခဲ့။ အမေဘာဖြစ်လို့ ငိုကျွေးခဲ့သည်ကို ထိုအချိန်က ကျွန်ုပ်တို့ သဘောမပေါက်ခဲ့ပေ။ အမှန်မှာ "အလုပ်လုပ်မဲ့သူကတော့ မရှိဘူး။ စားမဲ့သူတွေက သူတို့မိသားစု အများဆုံးဘဲ" ဟု အဓိပ္ပါယ်ရသည့် စကားလုံးတို့ကို ထမင်းစားရင်း အဘိုးအဘွားက ပြောလိုက် ဘဒွေးမိသားစုက ပြောလိုက် လုပ်ခဲ့သောကြောင့်ဖြစ်သည်။

အဖေသည် ၄င်းစကားများကို အားလုံးကြားသည်။ ကြားသည့်တိုင်အောင် လူမမာဖြစ်နေသည်ကတစ်ကြောင်း သူတို့ပြောသည့်အတိုင်း ဟုတ်မှန်နေသည်က တစ်ကြောင်းကြောင့် ဘာမှ ၀င်မပြောရှာပေ။ အားလုံးကို သည်းခံပြီး နေပေးရှာ၏။ ကျွန်ုပ်တို့မိသားစု ရှေ့ ရေးက ရှိသေးသည်ကိုး။

တစ်နေ့၌ အမေ အလုပ်မှ အစောကြီး အိမ်ပြန်ရောက်လာ၏။ အဖေက "ဘာဖြစ်လို့ အစောကြီး ပြန်လာရတာလဲ" ဟုမေးသည့်အခါ "ရှင့်ကို စိတ်မချလို့ ပြန်လာတာပါ" ဟူ၍ ပြန်ပြောလေသည်။ မှန်သည်။ ထိုနေ့ည၌ပင် အဖေ အမောဖောက်လာသည်။ သွေးခုန်နှုန်းတွေ မမှန်တော့ချေ။ အဖေက "ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင် သက်သာမယ်ထင်တယ်။ ပက်လက် ကုလားထိုင်ပေါ် ထိုင်ပါရစေ" ဟု အဘိုးထံ ခွင့်တောင်းလေ၏။ သို့သော် အဘိုးကား ခွင့်မပေးချေ။ အိပ်ရာထက်၌ပင် လဲလျောင်းစေရင်း ပြုစုစောင့်ရှောက်ပေးသည်။

ညဥ့်နက်သန်းခေါင် အချိန်၌ အမေ့ငိုကြွေးသံကြောင့် ကျွန်ုပ်တို့ လန့်နိုးခဲ့ကြသည်။ အဖေသေပြီ ထင်သည်။ သို့သော် "သတိလစ်ပြီး မျက်ဖြူဆိုက်သွားတာ၊ အခု သတိပြန်လည်လာပြီ" ဟူသော စကားကို ကြားလိုက်ရ၍ အဖေမသေသေးဘူး ဟု သိလိုက်ရ၏။

သို့သော်... လင်းအားကြီး အချိန်၌ အမေ့ငိုသံ ထပ်ကြားလိုက်ရပြန်သည်။ အမေအကြာကြီးငိုသည်။ ပြီးမှ ကျွန်ုပ်တို့ထံလာ၍ "မင်းတို့အဖေ မရှိတော့ဘူ" ဆိုပြီး ကျွန်ုပ်တို့ငါးယောက်လုံးကို စုပြီးသိုင်းဖက်ကာ အမေ အားရပါးရငိုကြွေးသည်။ အဖေ တကယ်ဆုံးသွားပါပြီ။

ဆီးချိုရောဂါသည် အဖေ့အစားအသောက်များကို တားမြစ်၏။ အဖေ့လုပ်ငန်းများကို ဖျက်ဆီး၏။ အဖေ့စွမ်းအင်များကို သုဉ်းစေ၏။ အဖေ့မျက်စိတို့ကို ကွယ်စေ၏။ နောက်ဆုံး အဖေ့အသက်ကို ထာဝရ သိမ်းပိုက်သွားလေပြီတည်း။

အမေငိုသည်။ မျက်လုံးနှစ်ဘက်လုံး ဖူးဖူးရောင်သည်အထိ အမေငိုကြွေးသည်။ အမေ့ငိုကြွေးမှုသည် အဓိပ္ပါယ်အလွန်ပြည့်ဝသည်ထင်သည်။ အဖေသေ၍ငိုကြွေးသည်။ အရွယ်မရောက်သေးသည့် ကျွန်ုပ်တို့ကို ကြည့်၍ စိတ်မကောင်းဖြစ်ကာ ငိုကြွေးသည်။ သားငါးယောက်နှင့်အနာဂါတ်ခရီး ဘယ်လိုလျောက်လှမ်းရမလဲဟု တွေးတောကာ စိတ်မောပြီး ငိုကြွေးခြင်းလည်း ပါဝင်နိုင်သည်။ အဖေဆုံးသည့်အခါ ကျွန်ုပ်တို့ ညီအကို ငါးယောက်၏ အသက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁၁ နှစ်၊ ၉ နှစ်၊ ၇ နှစ်၊ ၅ နှစ်၊ ၃ နှစ်။

အဖေသည် သားမယားတို့ကို စိတ်မချသည့်ကြားထဲမှပင် ကျွန်ုပ်တို့မိသားစုထံမှ ရာသက်ပန်ခွဲခွါသွားခဲ့လေပြီ။ အမေ့အသက်သည် ထိုအချိန်က သုံးဆယ်သာ ရှိသေးသည်။ အမေသည် ကျွန်ုပ်တို့ကို ပြုစုပျိုးထောင်ပေးဖို့ အားသစ်တွေ မွေးရပေဦးမည်။ ကျွန်ုပ်သည် ထိုအချိန်၌ ၇ နှစ်သား အရွယ်သာ ရှိသေးသည်။

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည်။ ။


မှတ်ချက်။
ဤပို့စ်တ်ဖြင့် ဒီနေ့ (မေလ ဒုတိယ တနင်္ဂနွေ)မှာ ကျရောက်သည့် နိုင်ငံတစ်ချို့ မှ အမေများနေ့ကို ဂုဏ်ပြုပါသည်။ အမေများနေ့ ကျရောက်သည့်နိုင်ငံများကို သိချင်လျင် ၀ါဝါ၏ အမေများနေ့ကို ကြည့်ကြပါလေ။ သူထုတ်နှုတ်တင်ပြထားပါသည်။ ကျေးဇူးတင်လျက်။ ။

.....

ကွမ်းစားသုံးသူများအတွက် မင်္ဂလာသတင်း


ကမ္ဘာအနှံ့ နိုင်ငံတိုင်းနီးနီး အိန္ဒိယကုလားများရှိသည်။ အိန္ဒိယကုလားရှိသည့်နေရာတိုင်း ကွမ်းယာရရှိနိုင်သည်။ ကွမ်းယာရနိုင်သည့် နေရာတိုင်းသို့ မြန်မာအမျိုးသားများ ချီတက်လေ့ရှိကြသည်။ ရောင်းသည့်သူရှိ၍ ၀ယ်သည်။ ၀ယ်သည့်သူရှိ၍ ရောင်းသည်။ ရောင်းသူနှင့်ဝယ်သူ မူလ မူလီ(အတိုင် အလှည့်)ဖြစ်၍နေသည်။

ကျွန်ုပ်သည် မြန်မာလူမျိုးဖြစ်သည်။ မြန်မာလူမျိုးပီပီ ကွမ်းယာရရှိနိုင်သော နေရာသို့ ကျွန်ုပ်ရောက်ဖူးသည်။ သို့သော် ကျွန်ုပ်သည် ကွမ်းမစားပါ။ ဆေးလိပ်လည်း မသောက်ပါ။ ကွမ်းယာရရှိနိုင်သော နေရာသို့မူ ကွမ်းစားသုံးသည့် သူငယ်ချင်းများနှင့် အတူတကွ ရောက်ဖူးခြင်းဖြစ်သည်။

ကွမ်းစားခြင်းသည် ဗိုက်ပြည့်သလော၊ ရေငတ်ပြေသလော။
အထက်ပါ မေးခွန်းများကို ကျွန်ုပ်မဖြေတတ်ပါ။ ကျွန်ုပ်၏ နယ်ပယ်မဟုတ်၍ မသိခြင်းဖြစ်သည်။ တ..ဗျတ်..ဗျတ် ကွမ်းဝါးနေသည့်သူ အများအပြားကို ကျွန်ုပ်တွေ့ဖူးသည်။ သူတို့သည် အမြဲတမ်း ကွမ်းဝါးသည့်တိုင် ထမင်းကိုလည်း တ၀စားလေ့ရှိသည်။ ရေကိုလည်း များစွာ သောက်လေ့ရှိသည်။ ၄င်းကို ထောက်ဆ၍ ကွမ်းစားခြင်းသည် အဆာလည်းမပြေ ရေငတ်လည်းမပြေ ဟု ကျွန်ုပ် ကောက်ချက်ချလိုက်သည်။ ကွမ်းစားခြင်း၏ လက်ငင်းအကျိုးကား သွားများနီကျင်ကုန်၏။ ပါးစပ် ညစ်ပတ်၏။ ပတ်ဝန်းကျင်ညစ်ပတ် ရှုပ်ပွရုံသာ ရှိချေ၏။ ဆန့်ကျင်ဘက်လိင်၏ နှစ်သက်စုံမက်ခြင်းမှ ကင်းဝေးတတ်၏။

ကွမ်းသည် အဘယ်ကဲ့သို့ အရသာရှိသနည်း။
ကျွန်ုပ် အမှန်မသိပါ။ လောကနီတိ၌ မှတ်သားဖူးသည်မှာ ဆားမပါသော ဟင်း၊ ထုံးမပါသော ကွမ်းသည် အရသာမရှိ ဟူ၏။ ချို ချဉ် ဖန် ငန် စပ် ဆိမ့် အရသာခြောက်ပါးထဲတွင် ကွမ်းသည် မည်သည့်အရသာရှိသည်ကို ကွမ်းစားဖူးသူသည်သာလျှင် သိနိုင်မည်ထင်၏။

ကွမ်းသည် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်ပါသလား။
ကျွန်ုပ် ပြောမပြတတ်ပါ။ ကျွန်ုပ်ကြားဖူးသည်မှာ ကွမ်းစားခြင်းဖြင့် သွားဖုံးကင်ဆာ လည်ချောင်းကင်ဆာ အစာအိမ်ကင်ဆာ စသည့် ကင်ဆာရောဂါ ဖြစ်ပွါးနိုင်ခြေ ပိုများ၏ ဟူ၍သာဖြစ်သည်။ ဆေးပညာပေးစာအုပ်တစ်အုပ်၌ ကျွန်ုပ်ဖတ်ဖူးထားသော စာတစ်ပိုဒ်ရှိ၏။ ၄င်းမှာ ကွမ်းစားသုံးသောသူသည် ကွမ်းမစားသုံးသောသူထက် ကင်ဆာရောဂါ ၃၅ ရာခိုင်နှုန်း ဖြစ်နိုင်ခြေရှိသည် ဟူ၏။ ဆင်ခြင်ကြပါကုန်။

ကွမ်းစားသောသူအား ကွမ်းမစားဖို့ အတင်းအဓမ္မတိုက်တွန်းလျင် ကွမ်းကြိုက်သော သူ၏ ငြိုငြင်ခြင်းကို ခံရတတ်ပေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ကွမ်းမစားဖို့ အကြံပေးချင်သော်လည်း မစားနဲ့ဟူ၍ကား မပြောရဲပေ။
သို့သော် ကွမ်းစားသုံးသူများကို မင်္ဂလာသတင်းတစ်ခုတော့ ပါးလိုက်ချင်သည်။ လောကနီတိ ပကိဏ္ဏကကဏ္ဍ ဂါထာအမှတ် ၁၂ ၌ ဤသို့ဆို၏။

တမ္ဗုလဿ မဇ္စျေ ပတ္တေ၊ ကုဝေရော ရက္ခတိ သဒါ
မူလမှိ ရက္ခတိ ယက္ခော၊ အဂ္ဂမှိ ကာဠကဏ္ဏိကာ
တာနိ ဘုေဥၨယ် ဆိႏၵိတြာ၊ သိရီ ဧ၀ံ ပ၀ၯတိ။

(မြန်မာပြန်)
ကွမ်းရွက်၏အလယ်၌ ကုဝေရနတ်မင်း အမြဲတမ်း စောင့်၏။
ကွမ်းရွက်၏အရင်း၌ ဘီလူး စောင့်၏။
ကွမ်းရွက်၏ အဖျား၌ နတ်ယုတ်မာ စောင့်၏။
ထို့ကြောင့် ကွမ်းရွက်၏ အရင်း အဖျားတို့ကို ဖြတ်၍ (အရွက်အလယ်သား)ကွမ်းယာကို စားသုံးရာ၏
ဤသို့ စားသုံးသည်ရှိသော် ဘုန်းကျက်သရေ တိုးတက်၏။

ဤလောကနီတိ စာသားလေးဖြင့် ကွမ်းစားသုံးသော သူတို့အား ဆုတောင်းပေးလိုက်၏။
ကွမ်းစားသုံးသူများ မိမိလည်း မညစ်ပတ်၊ ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်း၊ ရောဂါအပေါင်းမှလည်း ကင်းဝေးပြီး ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံကြပါစေသတည်း။ ။

............

Saturday, 9 May 2009

အဲဒါ.. အဲဒါ.. ရန်ကုန်မှာ မဟုတ်ပါ


ဤပုံကို သင်ကြည့်သောအခါ ဘတ်စ်ကားမှတ်တိုင်အနီး စည်းကမ်းမရှိ ထွေးပစ်ထားသောကွမ်းတံတွေးနှင့်စီးကရက်ဆေးလိပ်တိုတို့ကို တွေ့ရပေမည်။ ၄င်းဘတ်စ်ကားမှတ်တိုင်သည် မြန်မာနိုင်ငံမှ ဘတ်စ်ကားမှတ်တိုင်တစ်ခုမဟုတ်ပါ။ စင်္ကာပူမှ ဘတ်စ်ကားမှတ်တိုင်လည်းမဟုတ်ပါ။ ဒါဖြင့် ဘယ်နိုင်ငံက ဘတ်စ်ကားမှတ်တိုင်တစ်ခုပါလိမ့်..?????

ကျွန်ုပ် မြန်မာမှာ နေစဉ်တုန်းက ဖြစ်သည်။ တစ်နေ့၌ ကျွန်ုပ်၏ အခန်းအတွင်းသို့ သူငယ်ချင်းတစ်ယောက် ရောက်လာသည်။ သူသည် ကွမ်းစားသည်။ ဆေးလိပ်သောက်သည်။ ကျွန်ုပ်ဆီနေခိုက် ခဏလေးအတွင်းမှာပင် ၄င်းအလုပ်နှစ်ခုလုံးကို သူလုပ်သွားခဲ့သည်။ သူပြန်သွားပြီးနောက် ကျွန်ုပ်ပြုလုပ်လိုက်ရသည်မှာ ဆေးလိပ်ပြာများကို တံမြက်လှည်းပစ်ရခြင်းနှင့် နံရံဒေါင့်နား၌ ပေကျံနေသော ကွမ်းသွေးများကို သန့်ရှင်းသုတ်သင်ရခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ် ဥပဒေသတစ်ထုတ်ကြည့်မိသည်။ "ဆေးလိပ်သောက် ကွမ်းစားသောသူသည် စည်းကမ်းမရှိတတ်ကြ" ဟူ၏။

ကျွန်ုပ် စင်္ကာပူအလည်သွားစဉ်ကဖြစ်သည်။ မာလိုင်းယင်း ရှိသည့်နေရာကို ကျွန်ုပ်တို့ သွားကြသည်။ သူငယ်ချင်းတစ်ယောက်က လမ်းလျောက်ရင်း တံတွေးကို ပစ်ကနဲ ထွေးလိုက်သည်။ ၄င်းကို မြင်သော ကျွန်ုပ်တို့ကို လိုက်ပို့သည့် သူငယ်ချင်းက စင်္ကာပူမြို့ထဲမှာ တံထွေးမထွေးရကြောင်း စည်ပင်နဲ့တွေ့လျင် မြို့တော်ညစ်ပတ်စေမှုဖြင့် ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ရှင်းပြ၍ တံတွေး မထွေးဖြစ်အောင် ကျွန်ုပ်တို့ အတော်ပင် ကြိုးစားခဲ့ရသည်။

ရန်ကုန်မြို့တော် မန္တလေးမြို့တော်များမှာ နေရာအနှံ့အပြား၌ ကွမ်းတံတွေးများကိုတွေ့နိုင်သည်။ လမ်းဘေး၌လည်းကောင်း ကားလမ်းပေါ်၌လည်းကောင်း အဆောက်အဦ နဘေးဒေါင့်လေးနား၌လည်းကောင်း အုတ်တံတိုင်းဘေးနား၌လည်းကောင်း စည်းကမ်းမရှိ ကွမ်းတံတွေးထွေးထားသည်ကို မြင်ယောင်နေမိသည်။
သို့သော် စင်္ကာပူ၌ပူ ကွမ်းတံတွေး ထွေးဖို့ မဆိုထားဘိ။ တံတွေးတောင် ရဲရဲမထွေးဝံ့။ အံဘွယ်ရှိစွ။ စည်းကမ်းအလွန်ရှိသော လက်တစ်ဆုပ်စာ တိုင်းပြည်လေးပေတကား။

ကျွန်ုပ် ယခု လန်ဒန်မှာနေသည်။ အင်္ဂလန်သည် ကျွန်ုပ် လန်ဒန်မရောက်ခင် ကျွန်ုပ်အထင်ကြီးခဲ့ဖူးသည့် နိုင်ငံတွေထဲမှ တစ်နိုင်ငံဖြစ်သည်။ လူ့အခွင့်အရေးအနေနဲ့သော်လည်းကောင်း စည်းကမ်းပိုင်းဆိုင်ရာ၌သော်လည်းကောင်း သန့်ရှင်းမှုဆိုင်ရာ၌သော်လည်းကောင်း အထင်ကြီးအားကျဖွယ်ကောင်းသော နိုင်ငံဖြစ်သည်ဟု ထင်ခဲ့မိသည်။
"သို့သော် ပြောမယုံ ကြုံဖူးမှ သိ" ဆိုသကဲ့သို့ ကြုံဖူးမှ သိရလေတော့သည်။

ကျွန်ုပ် အင်္ဂလိပ်စာတက်သော ကျောင်းသို့ အသွားလမ်းဝယ် ကွမ်းတံတွေးကို အသာထား၍ ရှူးရှူး အီးအီးတွေကိုတောင် လမ်းဘေး၌ တွေ့ရတတ်သည်။ အံ့သြခြင်းမက အံ့သြခဲ့ရသည်။ ခွေးများစွန့်ထားခဲ့သည့် အညစ်အကြေးမဟုတ်ပါ။ လူ့အီအီးပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အင်္ဂလန်၌ ခွေးလေခွေးလွင့်များ မရှိသောကြောင့်ပင်ဖြစ်သည်။
"စင်္ကာပူလို သေးသေးကွေးကွေးနိုင်ငံလေးမှာတောင် သန့်ရှင်းမှုအပြည့်အ၀ရှိတာ၊ အင်္ဂလန်မှာဆို အဘယ်ဆိုဖွယ်ရာ ရှိပါအံ့တော့နည်း" ဟု အထင်ကြီးထားခဲ့သမျှ အလွဲကြီးလွဲနေပါတော့သည်။

ယနေ့ ကျွန်ုပ် ကွန်ပျူတာပစ္စည်းတစ်ခု လိုချင်၍ နာမည်ကြီး ကွန်ပျူတာဆိုင်တစ်ခုသို့ သွားရန် ဘတ်စ်ကားမှတ်တိုင်တစ်ခုသို့ ထွက်လာခဲ့သည်။ ဘတ်စ်ကားမှတ်တိုင်၌ ၅မိနစ်ခန့်ကားစောင့်ရသည်။ ဘတ်စ်ကားမလာခင် အနီးအနားကို အကဲခတ်ကြည့်ရာ အထက်ပါ ဓါတ်ပုံထဲရှိ မြင်ကွင်းကို အံ့သြမှုကင်းစွာ (တွေ့နေကျမို့) တွေ့လိုက်ရသည်။ ထို့ကြောင့် ကျွန်ုပ် ဓါတ်ပုံရိုက်ယူခဲ့သည်။ ထိုဘတ်စ်ကားမှတ်တိုင်သည် အစစ်အမှန် လန်ဒန်မြို့ထဲက ဘတ်စ်ကားမှတ်တိုင် တစ်ခုပင် ဖြစ်ပေတော့၏။

"ကွမ်းစား ဆေးလိပ်သောက်ကြသော မည်သည့်နိုင်ငံရှိ လူမျိုးမဆို စည်းကမ်းမရှိတတ်ကြပေ" ဟူသော ကျွန်ုပ်၏ အဆိုအမိန့်ကို ကျွန်ုပ်ကိုယ်တိုင် ပိုမို၍ ခိုင်မြဲစွာ ယုံကြည်လာချင်သလိုလို ဖြစ်လာသည်။ စည်းကမ်းတကယ်ရှိသော ကွမ်းစား ဆေးလိပ်သောက်သူများရှိခဲ့လျင် ကျွန်ုပ်၏ အဆိုအမိန့်အတွက် ကျွန်ုပ်တောင်းပန်သည်။ သို့သော် ယေဘုယျအားဖြင့် ကျွန်ုပ်အဆိုအမိန့်သည် မှန်ကန်သည်ဟု ကျွန်ုပ်ယူဆပါသည်။

အကျွန်ုပ်တို့ အထင်ကြီး အားကျနေသော လန်ဒန်မြို့၌လည်း ရန်ကုန်နှင့်မခြား ဤသို့ဤနှယ် ရှိပေ၏ ဟူ၍သာ မှတ်ကြပါလေကုန်။ ။

......

Friday, 8 May 2009

ကဗျာလေးတစ်ပုဒ်

ကျနော် ခပ်ငယ်ငယ်တုန်းက ကဗျာ လင်္ကာလေးတွေ ကျက်မှတ်ရတာကို ၀ါသနာအရမ်းပါခဲ့တယ်။
မဂ္ဂဇင်းတွေဖတ်တယ်။ စာစောင်တွေဖတ်တယ်။ ယုတ်စွအဆုံး ပို့စ်ကတ်စာအိတ်ပေါ်မှာ ရှိတဲ့ ကဗျာလေးတွေကိုလဲ ဆုံးအောင်တော့ ဖတ်လိုက်တာပါဘဲ။
ကျနော် ကြိုက်နှစ်သက်တဲ့ကဗျာဆိုရင် ခဏလေးနဲ့ အလွတ်ရတယ်။ ကာရန်ပါတဲ့ကဗျာလေးတွေဆို ပိုပြီး အရမြန်တတ်တယ်။

ဆရာတစ်ယောက်ဆုံးမသြ၀ါဒပေးဖူးတာကို အမှတ်ရနေမိတယ်။ "စာသင်သား(ကျောင်းသား)ဆိုတာ အရူးလွယ်အိတ်နဲ့ တူအောင် ကျင့်ရတယ်ကွ။ အရူးတွေဟာ သူတို့လွယ်အိတ်ထဲကို ထည့်လို့ရတာ အကုန်ထည့်တာဘဲ။ ကောင်းတာဆိုးတာ စဉ်းစားမနေဘူး။ အဲဒီလိုဘဲ ကျောင်းသားတွေဟာလဲ ပညာရှာတဲ့အခါမှာ အားလုံး ဖတ်သင့် မှတ်သင့် လေ့လာသင့်တာချည်းဘဲ။ စာကောင်းပေကောင်းမှဟုတ်ရဲ့ လားလို့ စဉ်းစားမနေနဲ့။ မသင်ကောင်းတဲ့ ပညာရယ်လို့ မရှိဘူး။ အသုံးမချသင့်တဲ့ ပညာဘဲရှိတယ်ကွ" တဲ့။

ကျနော်လဲ ဆရာ့ဆုံးမသြ၀ါဒအတိုင်း စာတွေအတော်များများဖတ်ခဲ့တယ်။ ကောင်းတာတွေရော မကောင်းတာတွေရောပေါ့။ ကဗျာလင်္ကာလေးတွေ တွေ့ရင်လဲ ကောက်ဖတ်လိုက်တာဘဲ။ ကြိုက်တဲ့ကဗျာဆိုရင် ခေါင်းထဲ စွဲကျန်ခဲ့ရော။ (အဟဲ... လေလုံးထွားလိုက်တာလို့ အော်ဆဲကြမလား မသိဘူး)။

ကျနော် ကလေးဘ၀တုန်းကထဲက အလွတ်ရထားတဲ့ ကဗျာလေးတစ်ပုဒ် တင်ပေးလိုက်ပါတယ်။ ကဗျာဆရာက ဘယ်သူမှန်းတော့ ကျနော်မသိဘူး။ ပါးစပ်ထဲ နှုတ်တက်ရနေလို့သာ ရေးချလိုက်တာပါ။ မှန်မမှန်တော့ မသိဘူးနော်။မှားရင်လဲ ပြောပြဖို့ လက်နှေးမနေကြနဲ့ဦး။

အဲဒီကဗျာလေးက... ဒီလို........

အချစ်အစ၊ ထိုခဏ၌
အပြုံးလက်စ၊ ပျော်ကြရ၏။

အချစ်အဆုံး၊ ထိုနိဂုံး၌
အမုန်းလက်စ၊ ငိုကြရ၏။

အော်...
အချစ် အချစ်၊ ဖွေရှာလှစ်သော်
အချစ်အစ၊ ပျော်ရွှင်ရလည်း
အချစ်အဆုံး၊ ထိုနိဂုံးဝယ်
အမုန်းနှင့်သာ ဇာတ်သိမ်းပါတကား။ ။

မှတ်ချက်။
အချစ်ကို ကိုးကွယ်ဆည်းကပ်ကြသူများအားလုံး ဘ၀ရဲ့ အစ အလယ် အဆုံး သုံးပါးလုံးမှာ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးနိုင်ကြပါစေလို့ ဆုပန်ချွေသလိုက်ပါတယ်။ ။

......

Thursday, 7 May 2009

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည် (၂)

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည်။
အဖေသည် မြန်မာလူမျိုးဖြစ်သည်။ အမေသည်လည်း မြန်မာလူမျိုးပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း မြန်မာလူမျိုးစစ်စစ် ဖြစ်သည်။ အဖေနှင့်အမေ၏ အသားအရည်သည် မဖြူမညို ခပ်လတ်လတ်ဖြစ်သည်။ သို့ပေမဲ့ ကျွန်ုပ်တို့ ညီအကိုငါးယောက်လုံး၏ အသားအရည်သည် ဖြူဝါရောင်ဖြစ်သည်။ အသားဖြူသဖြင့် လူအများက ကျွန်ုပ်ကို ရှမ်းလူမျိုးဟု ထင်ကြသည်။

ကျွန်ုပ်တို့ရွာ (တုံးဖလား)သည် ကောလင်းမြို့နှင့် ပင်လည်ဘူးမြို့ အကြား အလယ်ဗဟို တည့်တည့်၌ တည်ရှိသည်။ ပင်လည်ဘူးသို့ မိုင် ၂၀၊ ကောလင်းသို့ မိုင် ၂၀ ဖြစ်သည်။ ကောလင်းနှင့် ပင်လည်ဘူးသည် မိုင် ၄၀ တိတိကွာဝေးသည်။ ထိုအချိန်ကာလ၌ တစ်နေ့လုံးမှ ကောလင်းမှပင်လည်ဘူး၊ ပင်လည်ဘူးမှ ကောလင်း ဘတ်စ်ကား အသွားတစ်စီး အပြန်တစ်စီးသာရှိသည်။ ၄င်းအချိန်က ကျောက်ခင်းကားလမ်းဖြစ်၍ မိုင်လေးဆယ်သည် တစ်ရက်ခရီးဖြစ်သည်။

ကျွန်ုပ်တို့ရွာတောင်ဘက်၌ ကားဂိတ်ရှိသည်။ ရွာနီးဝန်းကျင်များမှ လူများလည်း ခရီးသွားချင်လျှင် ထိုကားဂိတ်၌ပင် ကားစောင့်ရလေသည်။ ထို့ကြောင့် ထိုကားဂိတ်၌ လူစည်ကားသည်။ လူအသွားအလာများသည်။ ထိုသည်ကို အခွင့်ကောင်းယူကာ ကျွန်ုပ်၏ အဖေသည် ၄င်းကားဂိတ်၌ လဘက်ရည်ဆိုင်ဖွင့်ခဲ့သည်ဟု အမေပြောပြဖူးသည်။

ကျွန်ုပ်သိတတ်စ အချိန်အခါ၌မူ အဖေသည် ထိုလဘက်ရည်ဆိုင်ကို မပိုင်တော့ပေ။ အဖေပိုင်ဆိုင်သည်မှာ နာတာရှည်ရောဂါဖြစ်သည်။ ဆီးချိုရောဂါဟု အများပြောသံကြားရသည်။ ဆီးချိုရောဂါ၏ နှိပ်စက်မှုဒဏ်ကို အဖေ အလူးအလဲ ခံစားရသည်။ ရောဂါ၏ ဒဏ်ချက်တွေကြောင့် အဖေမျက်စိကွယ်ခဲ့သည်။ ကျွန်ုပ် အဖေ့ကို မှတ်မိနေသည်မှာ အဖေမျက်စိကွယ်ပြီးမှ ဖြစ်သည်။

ကျွန်ုပ်တို့အိမ်နောက်ဘေး၌ ဥယျာဉ်ကျယ်ကြီးတစ်ခုရှိသည်။ ကျွန်ုပ်တို့၏ ဥယျာဉ်ဖြစ်သည်။ ထိုဥယျာဉ်ထဲ၌ စားပင်သောက်ပင်အပါအ၀င် အပင်ပေါင်းစုံရှိသည်။ အနားယူရန် အရိပ်ရသစ်ပင်များစွာလည်းရှိသည်။ ထိုဥယျာဉ်ထဲ၌ပင် တစ်အိမ်သားလုံးအသုံးပြုသည့် အိမ်သာရှိသည်။ အဖေ အိမ်သာသွားချင်သည့်အခါတိုင်း ကျွန်ုပ်တို့ ညီအစ်ကိုတစ်လှည့်စီ အဖေ့ကိုလိုက်ပို့ရသည်။ တောင်ဝှေးတစ်ဘက်ကို အဖေကိုင်သည်။ အခြားတစ်ဘက်ကို ကျွန်ုပ်(တို့)ကိုင်သည်။ ထိုနည်းဖြင့် အဖေ့ကို နေ့စဉ် ကျွန်ုပ်တို့ အိမ်သာ လိုက်ပို့ရသည်။

တစ်ခါတစ်ခါ ခလုပ်တိုက်၍ အဖေချော်လဲသည်။ အဖေ ကို့ယို့ကားယားလဲကျသည်ကို ကြည့်၍ ကျွန်ုပ် ရယ်ခဲ့ဖူးသည်။ အခု စဉ်းစားကြည့်ရင်း စိတ်မကောင်းဖြစ်ရသည်။ တစ်ခါတစ်ရံ အိမ်မှာ ကျွန်ုပ်တို့ ကလေးပီပီ ဆူကြညံကြ အော်ကြဟစ်ကြသည်။ ထိုအခါ လူမမာ အဖေသည် အရမ်းစိတ်ဆိုးသည်။ စိတ်ဆိုးလွန်း၍ သူ့အနီး အိမ်သာသွားသည့်အခါ အသုံးပြုသည့် တောင်ဝှေးဖြင့် လှမ်းရိုက်သည်။ သို့သော် အဖေသည် မျက်မမြင်။ အဖေ့ရိုက်ချက်သည် ကျွန်ုပ်တို့ကို လုံးဝမထိပေ။ ကျွန်ုပ်တို့ အေးအေးဆေးဆေး ရှောင်တိမ်း ပုန်းအောင်းလေ့ရှိသည်။ ပြီးလျင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ကြသည်။

ထိုအကြောင်းကို အမေသိရှိသည့်အခါ "လူကြီးကို အခုလိုမပြစ်မှားနဲ့၊ ငရဲကြီးတတ်တယ်" ဟုပြောသည်။ ကျွန်ုပ်တို့က ပြန်ပြီး "ငရဲကြီးရင် ငရဲလေးကို နိုင်တာပေါ့" လို့ အမေ့ကို ပြန်ပြန်ပြောသည်။ အမေသည် အဖေ့ကို ချစ်သည်။ ကျွန်ုပ်တို့ကိုလည်း အရမ်းချစ်သည်။ ထို့ကြောင့် အဖေ့ကိုရော ကျွန်ုပ်တို့ကိုပါ စကားကြမ်းကြမ်းတမ်းတမ်းပြောလေ့မရှိပေ။

နေ့လည်ဘက်ပိုင်း၌ များသောအားဖြင့် ကျွန်ုပ်တို့အိမ်၌ အိမ်သားများမရှိတတ်ကြပေ။ အမေအပါအ၀င် အားလုံး သက်ဆိုင်ရာအလုပ်သို့ ထွက်ခွါသွားကြ၍ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ရွာထဲရှိကလေးများနှင့်အတူ တစ်နေကုန် သွားကစားကြသည်။ ထိုအခါမျိုး၌ အိမ်မှာ အဖေတစ်ယောက်ထဲ ကျန်ရစ်သည်။

အဖေသည် မျက်စိမမြင်။ ထို့ကြောင့် စာဖတ်၍မရ။ ထိုအချိန်က ယခုလို ရေဒီယိုကက်ဆက် မ၀ယ်နိုင်ကြ။ ထို့ကြောင့် ဘာမှ နားထောင်၍မရ။ မျက်မမြင်တစ်ယောက်ထဲ အိမ်ထဲ၌ တစ်နေကုန်ထိုင်နေရသည်မှာ အထီးကျန်လှသည်။ ထိုသို့ ထိုင်နေရသည်မှာ တစ်ရက်ထဲမဟုတ်။ နှစ်ရက်လည်း မဟုတ်။ နှစ်ချီ၍ကြာမြင့်သည်။
ထို့ကြောင့် စိတ်ဖြေဆည်ရာ အနေဖြင့် အဖေ တစ်နေကုန် ကွမ်းကိုသာ အဖော်ပြု၍နေလေသည်။

"နင်တို့အဖေနား သွားနေကြဦးနော်၊ အပြင်ချည်းထွက်လည်မနေကြနဲ့ဦး၊ နင့်တို့အဖေရဲ့  အပေါ့အလေးကိစ္စက ရှိသေးတယ်" ဟု အမေအလုပ်သွားခါနီး ပြောထားခဲ့သော်လည်း ကျွန်ုပ်တို့ သိပ်နားမထောင်ဖြစ်ခဲ့ကြ။ ဘယ်သူမှ အနားမှာ မရှိသော အဖေသည် ကွမ်းကိုသာ တစ်ဗျစ်ဗျစ်ဝါးနေလေတော့သည်။

"ကိုကျော်လှိုင်ရေ... ကွမ်းစားတာတွေ လျော့ပါဦး၊ ရှင်ထိုင်တဲ့ ကုလားထိုင်နားတစ်လျောက်လဲ ကွမ်းသွေးတွေ ပေးကျံနေပြီ၊ ပြီးတော့ ရောဂါလဲ ပိုဆိုးလာပါဦးမယ်" ဟု အမေပြောသည့်အခါ ... "ပွဲရင်(ကျွန်ုပ်တို့အမေ)ရယ်.. ငါလဲ အတတ်နိုင်ဆုံး ထွေးခံထဲ ထွေးထည့်တာဘဲ၊ မျက်စိမှ မမြင်ရတာ၊ နဲနဲတော့ ပေမှာပေါ့။ ပြီးတော့ ငါ့အနားမှာ ဘယ်သူမှ မရှိကြဘူးလေ။ ငါ အရမ်းအထီးကျန်တယ်ဟာ။ ကွမ်းလေးကိုတော့ ၀ါးပါရစေကွာ..နော်..၊ ဒီလို ဘ၀မျိုးနှင့်နေရတာ ငါ အရမ်းရင်နာတယ်။ ဖြစ်နိုင်ရင် ငါ သေဘဲ သေလိုက်ချင်ပါတော့တယ်.." ဟု အဖေက ပြန်ပြောသည်။

"ကိုကျော်လှိုင်ရယ်.... လူ့ဘ၀ဆိုတာ ရခဲပါတယ်။ ရှင့်ရောဂါလဲ.. မကြာခင်သက်သာလာမှာပါ။ ကျမတို့လဲ ဆရာဝန်ကောင်းကောင်း လိုက်စုံစမ်းနေပါတယ်။ ဘာမှ စိတ်မကောင်းစရာတွေ မပြောပါနဲ့"ဟု ပြောရင်း အမေ မျက်ရည်ကျသည်။ အမေ့ ငိုရှိုက်သံကို ကြားရသောအခါ အဖေ၏ မမြင်ရသော မျက်လုံးအိမ်၌လည်း မျက်ရည်စက်တို့ တွဲခိုနေသည်။ ထိုအချိန်က အမေနှင့်အဖေတို့၏ မျက်ရည်စက်သည် အဘယ်မျှလောက် တန်ဖိုးရှိမှန်း ကျွန်ုပ်မသိခဲ့ပေ။ ဤကဲ့သို့ မကြာမကြာ အမေငိုသည်။ တစ်ခါတစ်ရံ အဖေ ငိုသည်။ များသောအားဖြင့် အဖေနှင့်အမေ အတူတူငိုကြသည်။

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည်။ ။

.....

Wednesday, 6 May 2009

NEWS ဆိုတာ ဒီလိုတဲ့

အခုတလောလောဆယ် မေဒီယာလောကထဲမှာ ရေပန်းစားနေတာတစ်ခုရှိတယ်။ အဲဒါက အမေရိကန်သမ္မတအကြောင်းလဲ မဟုတ်ဘူး။ အီရတ်စစ်ပွဲအကြောင်းလဲ မဟုတ်ဘူး။ အစ္စရေးနှင့်ဂါဇာကမ်းမြောင်ဒေသအကြောင်းလဲမဟုတ်သလို အာဖဂန်က တာလီဘန်တွေ အကြောင်းလဲ မဟုတ်ဘူး။

သတင်းစာ စာစောင် ဂျာနယ် မဂ္ဂဇင်း အားလုံးဖတ်ကြည့်။ အဲဒီအကြောင်းပါတယ်။ အင်တာနက်ပေါ်တက်ကြည့်ဦးမလား။ ဘလော့ဂ် ၀က်ဘ်ဆိုက် အတော်များများမှာ အဲဒီအကြောင်းကို ဖတ်ရတယ်။ အဲဒီအကြောင်းဆိုတာက လူအကြောင်းမဟုတ်ဘူးဗျ။ ၀က်တွေ ၀က်တွေအကြောင်း။

နာမည်ကြီး အားကစားသမားများ၊ ထင်ပေါ်ကျော်ကြားတဲ့ ရုပ်ရှင် မင်းသမီး မင်းသားများ၊ ကမ္ဘာ့နာမည်ကြီး သမ္မတများ၊ ၀န်ကြီးချုပ်များ နေရာယူထားခဲ့ကြတဲ့ သတင်းစာ ခေါင်းကြီးပိုင်းတွေပေါ်မှာ၊ အင်တာနက် စာမျက်နှာတွေပေါ်မှာ အခုဆိုရင် ၀က်တွေလွဲပြောင်း နေရာယူနေကြပြီလေ။ ဒီ ၂၀၀၉ ခုနှစ်ကို ၀က်နှစ်လို့ ခေါ်ရမလိုတောင် ဖြစ်နေပြီ။

အနောက်တိုင်းရဲ့  သတင်းတွေက လွတ်လပ်၊ တစ်ခါဖြစ်ပြီးသတင်းကိုလဲ ထပ်ခါတလဲလဲ ဖော်ပြ၊ ဝေဖန်ရေးတွေကလဲများ ဆိုတော့ ကမ္ဘာကြီးကို ၀က်တွေအုပ်စိုးတော့မလိုလိုဖြစ်နေလေရဲ့ ။ ၀က်တွေနာမည်ကြီးလာရတာက ကောင်းတဲ့ဘက်က နာမည်ကြီးလာတာမဟုတ်ပါဘူး။ လူတွေကို ခဏအတွင်း သတ်ပစ်နိုင်လောက်တဲ့ ၀က်တုပ်ကွေးရောဂါကြောင့် နာမည်ကြီးလာရတာပါ။ ကူးစက်ပုံကိုလဲ ကြည့်လိုက်ဦး ရောဂါရှိတဲ့သူနှင့်ဘတ်စ်ကားအတူစီးရင် ရထားအတူစီးရင် လေယာဉ်အတူစီးရင် ယုတ်စွအဆုံး လမ်းသွားရင်း ဆုံမိရင်တောင် ကူးစက်နိုင်ပါသတဲ့။ ရောဂါရှိတဲ့သူက နှာချီမယ်။ ကျန်တဲ့သူက ရှူရှိုက်မိမယ်။ ဒါဆို သေချာပြီ။ ရောဂါကူးစက်ပြီပေါ့။

ကြက်ငှက်တုပ်ကွေးတုန်းကလဲ တစ်ကမ္ဘာလုံး သတ်ပစ်လိုက်ရတဲ့ကြက်တွေ မနည်းဘူး။ ကြက်ဥစားချင်လို့ ဈေးထဲလိုက်ရှာရတာတောင် ရွှေထက်ခပ်ရှားရှားဖြစ်ခဲ့တယ်။ အခုလဲ ၀က်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြစ်ပစ်ဖို့ စီရင်နေကြလေပြီ။ နောက်တစ်ခါများ မတော်လို့ ကျွဲနွားတုပ်ကွေးပါ ထပ်ပေါ်လာရင်တော့ ကျနော်တို့ ရွှေမြန်မာတွေ တော်တော် ဒုက္ခရောက်ကြမှာ သေချာတယ်။ ကျွဲနွားတွေကို ထွန်ယက်ပြုစုဖို့အတွက် မွေးမြူထားကြတာမဟုတ်လား။ ဒုက္ခ ဒုက္ခ။

ဒါပေမဲ့ ခွေးတုပ်ကွေးပေါ်လာရင်တော့ အင်္ဂလန်သူ အင်္ဂလန်သားတွေ ငိုချင်းရှည်ကြီးချမှာ မြင်ယောင်မိသေးတယ်။ သူတို့က ခွေးကို သူတို့ ဇနီး ခင်ပွန်း သားသမီးတွေထက် ပိုချစ်ကြတာကလား။ ကုန်ကုန်ပြောရရင် သူတို့ကိုးကွယ်နေတဲ့ ဘုရားသခင်ထက်တောင် ခွေးကို ပိုဂရုစိုက်ကြတယ်။ လွတ်လပ်တဲ့နိုင်ငံဆိုတော့ သားသမီးတွေက မိဘအနား သိပ်မကပ်ကြတော့ဘူးလေ။ အမြဲအတူနေရတာက သူတို့မွေးထားတဲ့ ခွေးကလေးတွေပါဘဲ။

အခု ၀က်တုပ်ကွေးတွေ ကမ္ဘာတစ်ဝှန်း ပျံ့ နှံ့နေလေပြီ။ ဒါကြောင့်မို့လဲ ၀က်တွေကို သုတ်သင်ပစ်လို့ တစ်ချို့ နိုင်ငံတွေ ပြင်ဆင်နေကြလေရဲ့ ။ ၀က်တွေကတော့ မျက်စိလည်ကုန်မှာ သေချာတယ်။ နေ့တိုင်း အသားအတွက် အသတ်ခံရပေမဲ့ အခုလို အစုလိုက် အပြုံလိုက် သတ်ပစ်တာကိုတော့ သူတို့ တွေ့ကြုံဖူးမှာ မဟုတ်ဘူး။
အခုတော့ သူတို့ဆွေမျိုးမိတ်ဆွေတွေနဲ့အတူ တစ်ချိန်ထဲ အသတ်ခံကြရတော့မယ်။

လန်ဒန်ရဲ့  ရာသီဥတုကလဲ အခက်သား။ အခု နေပူလိုက် အခု မိုးအုံ့လိုက်နဲ့။ အခန်းထဲ အမြဲတမ်းထိုင်နေရတော့လဲ ခါးတွေပူ ဇက်တွေလေးလာတယ်။ နေရောင်လေးမြင်တုန်း အမြင်ထွက်မယ်စိတ်ကူးပြန်တော့လဲ ၀က်တုပ်ကွေးက ကြောက်ရပြန်ရော။ ကျန်းမာရေးအတွက် လမ်းလျောက်သွားရင်း ၀က်တုပ်ကွေးမိလာရင် သွားပြီ။ လူဖြစ်ရှုံးပြီ။ အများတွေ တပ်ဆင်အသုံးပြုသလို မျက်နှာစွပ် ၀တ်ရမယ်ဆိုတော့လဲ ရှိုးတိုးရှန့်တန့်ရယ်။ ကျနော်က နေကာမျက်မှန်စွပ်ပြီး လူကြားထဲ သွားရတာတောင် ခပ်ရှက်ရှက်။

သတင်းတွေက ပျံ့ နှံ့နေပြီ။ ၀က်တုပ်ကွေးတွေအကြောင်းပေါ့။ ကမ္ဘာ့မြောက်ဘက်ခြမ်းကလာလဲ ဒီဝက်တုပ်ကွေးအကြောင်းဘဲ။ ကမ္ဘာရဲ့  အရှေ့ ဘက်ခြမ်း အနောက်ဘက်ခြမ်း တောင်ဘက်ခြမ်း ဘယ်ဘက်ခြမ်းကဘဲလာလာ ဒီဝက်တုပ်ကွေးအကြောင်းတွေချည်းဘဲ။ စိတ်ပိန်စရာကောင်းလိုက်တာ။

ဒီလို မြောက် အရှေ့  အနောက် တောင်အရပ်တွေဆီက လာတဲ့ အချက်အလက် စကားတွေကိုဘဲ သတင်းလို့ ခေါ်ကြဟန်တူပါရဲ့ ။ ဆရာသမားတစ်ယောက်ပြောပြတာကို အမှတ်ရမိတယ်။ NEWS ဆိုတာ မြောက် အရှေ့  အနောက် တောင် ဆိုတဲ့ အရပ်လေးမျက်နှာကို ရည်ညွန်းထားတဲ့ စကားလုံးလေးပါတဲ့။
N= North (မြောက်)
E= East (အရှေ့ )
W= West (အနောက်)
S= South (တောင်)
အဲဒါတွေ အားလုံးအတိုချုံးလိုက်ရင် NEWS ဖြစ်သွားရောတဲ့။ ရှင်းလိုက်တဲ့ စကားလုံးလေးပါဘဲ။

ကျနော်လဲ အဲဒီ NEWS ဆိုတဲ့ စာလုံးလေးကြောင့် အခန်းအတွင်းဘဲ အောင်းနေရပါတယ်ခင်များ။ ဟဲ ဟဲ သတ္တိမရှိလို့တော့မဟုတ်ဘူးနော်။ ဒါပေမဲ့ အခုရောဂါနာမည်က သိပ်ကြားလို့မကောင်းဘူး။ ၀က်ရောဂါကြီး။ လူရောဂါမဟုတ်ဘူး။ ဒါကြောင့် ခပ်ဝေးဝေးကနေ ရှောင်ပြေးတာဘဲ ကောင်းပါတယ်လေ။

လူတိုင်း ၀က်တုပ်ကွေး အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။

.....

Tuesday, 5 May 2009

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည် (၁)

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည်။
မိဘနှစ်ပါး၏ ကျေးဇူးကြောင့် ဖြစ်ခဲရခဲလှသော လူ့ဘ၀ကို ကျွန်ုပ်တို့ငါးဦး ထိုက်ထိုက်တန်တန် ရရှိခဲ့ကြသည်။
ကျွန်ုပ်တို့ငါးဦးထဲ၌ မိန်းခလေးမပါ။ ယောက်ျားလျာမပါ။ ထို့အတူ မိန်းမလျာလည်း မပါပါ။ ယောက်ျားစစ်စစ် ငါးဦးတိတိကို ကျွန်ုပ်တို့၏ မိဘနှစ်ပါးက မွေးဖွားပေးခဲ့ခြင်းပင်ဖြစ်သည်။

အဖေသည် သွက်လက်သည်။ ချက်ချာသည်။ စီးပွါးရေးအမြင်ရှိသည်။ လူမှုဆက်ဆံရေးကောင်းသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ညီအကို ငါးယောက် ထမင်းနှပ်မှန်အောင် စားခဲ့ရသည်။ ကျွန်ုပ်တို့ မိသားစုအားလုံး အဖေ့အိမ်မှာ နေခဲ့ကြသည်။ အဖေ့အိမ်သည် အဖေ့မိဘနှစ်ပါး၏ အိမ်ဖြစ်သည်။ အဖေ့မိဘနှစ်ပါးသည်လည်း ၄င်းအချိန်၌ သက်ရှိထင်ရှားရှိခဲ့သည်။ အဖေ့မိဘနှစ်ပါး၏ သားထွေးလေးသည်လည်း သူ၏ဇနီးမယား သမီးသားများနှင့် ထိုအိမ်၌ပင် အတူတူနေကြသည်။ ထို့ကြောင့် ၄င်းအိမ်၌ မိသားစုအားဖြင့် သုံးစုတိတိရှိခဲ့သည်။

အမေသည် အေးအေးဆေးဆေးနေတတ်သည်။ စကားနည်းသည်။ အသွားအလာနည်းသည်။ လူတောထဲသို့ သိပ်မတိုး။ အလွန်သွက်လက်သော အဖေနှင့် လွန်စွာမှ အေးဆေးတည်ငြိမ်သော အမေသည် အမေ့အသက် ၁၆နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့သည်။ ထိုအချိန်က အမေ့မိဘနှစ်ပါးလည်း သက်ရှိထင်ရှားရှိဆဲဖြစ်သည်။ ညီအကို မောင်နှမတွေ ရှိခဲ့သည်။ သို့သော် သျှောင်နောက် ဆံထုံးပါ ဆိုသကဲ့သို့ အိမ်ထောင်ကျပြီးသောအခါ အမေသည် အဖေ့အိမ်သို့ လိုက်ပါခဲ့သည်။

ကျွန်ုပ်၏ မိဘနှစ်ပါးက မွေးခဲ့သော သားယောက်ျား ငါးယောက်အနက် ကျွန်ုပ်က အလယ်အလတ်ဖြစ်သည်။ အထက်မှာ နှစ်ယောက် အောက်မှာ နှစ်ယောက်ဖြစ်သည်။ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာ ဆိုသည့် ဗိုလ်ငါးပါးနှင့်တင်စားလျင် ကျွန်ုပ်သည် သတိဗိုလ်နေရာ၌ရှိသည်။ သတိသည် သဒ္ဓါနှင့်ပညာ ၀ီရိယနှင့်သမာဓိတို့ကို ညှိပေးရသော ချိန်ခွင်လျာဖြစ်သည်။ တရားသူကြီးလည်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ် ဂုဏ်ယူသည်။ မိဘနှစ်ပါးကို ပိုကျေးဇူးတင်သည်။

ကျွန်ုပ် ဆယ်နှစ်သားအရွယ်၌ ကျွန်ုပ်၏ အကိုနှစ်ယောက်နှင့်အတူ သင်္ကန်းစည်းသည်။ အသားဖြူဖြူ သင်္ကန်းနီနီဖြင့် ကျွန်ုပ်ကို ကြည့်ကောင်းသည်ဟု အမေကပြောသည်။ အဖေကား ဘာတစ်ခုမှ ၀င်မပြော။ ကျွန်ုပ်တို့အား သင်္ကန်းစည်းပေးသောပွဲ၌ အဖေသည် ဘာစကားတစ်လုံးမှ ပြောပိုင်ခွင့်မရှိ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့အား သင်္ကန်းမ၀တ်ပေးခင် နှစ်နှစ်ကျော်ကျော်လောက်က အဖေဆုံးပါးသွားခဲ့သောကြောင့်ပင်ဖြစ်သည်။

အဖေမပါသော ကျွန်ုပ်တို့၏ ရှင်ပြုပွဲသည် ပျော်ပွဲရွှင်ပွဲမဖြစ်ခဲ့။ ၀မ်းမြောက်ရွှင်လန်းစရာလည်း မဖြစ်ခဲ့။ ၀မ်းနည်းဝမ်းသာ မျက်ရည်များဖြင့် ဖုံးလွှမ်းခဲ့သော ငိုပွဲလေးသာ ဖြစ်ခဲ့သည်။ ခေါင်းတုံး (ကတုံးတုံး)ပြီး ပုဆိုးအင်္ကျီချွတ်ကာ ကျွန်ုပ်တို့အား ရွာဦးကျောင်းဆရာတော်ကိုယ်တိုင် သင်္ကန်းစည်းပေးသည်။ သင်္ကန်းရောင်များဖြင့် ၀င်းလက်နေသော ကျွန်ုပ်တို့ကို ကြည့်ပြီး အမေငိုကြွေးသည်။ တအင့်အင့်ရှိုက်သည်။ တရှုပ်ရှုပ်မျက်ရည်ကျသည်။ ရွာဦးကျောင်းဆရာတော်အား ရှိခိုးသည့်အခါ အသုံးပြုရန်ယူဆောင်လာခဲ့သည့် အမေ့ ယောဂီသဘက်ကလေးသည် အမေ့မျက်ရည်တို့နှင့် ရွှဲရွှဲစိုနေခဲ့သည်။

"ကိုကျော်လှိုင်ရေ... ရှင့်သားလေးတွေကို သင်္ကန်းစည်းပေးလိုက်ပြီ။ လာကြည့်လှည့်ပါ။ ရှင်သာ ရှိရင်လေ အခုထက် ပိုကြည်နူးစရာကောင်းမှာ..." ဟု (တမလွန်ဘ၀က ကျွန်ုပ်တို့အဖေကို) ပြောရင်း ငိုကြွေးနေသော အမေ့အသံသည် ယနေ့အထိ ကျွန်ုနားထဲ ပဲ့တင်ထပ်နေဆဲဖြစ်သည်။ ကျွန်ုပ်တို့ ရှင်ပြုပွဲ၌ အမေငိုသည်။ အမေငိုသောကြောင့် ကျွန်ုပ်တို့ ညီအကို သုံးပါးလုံး ငိုကြွေးခဲ့ကြသည်။ အမေလည်းငို သားကိုရင်တို့လည်း ငိုကြသောကြောင့် စိတ်မထိန်းနိုင်သော ပရိသတ်များ အားလုံး ငိုကြွေးခဲ့ကြသည်။ ထို့ကြောင့် ရွာဦးကျောင်းတစ်ကျောင်းလုံး ငိုသံများဖြင့် ကျွက်ကျွက်ညံခဲ့သည်။

အဖေသေစဉ်က ကျွန်ုပ် မငိုခဲ့ပါ။ ဘယ်လိုဘယ်ပုံ ငိုကြွေးရမည်ကို မသိခဲ့သောကြောင့်ဖြစ်သည်။ အဖေသည် ညဉ့်နက်သန်းခေါင်အချိန်၌ မိန်းမောခဲ့သည်။ လင်းအားကြီးအချိန်၌ လောကကြီးမှ အပြီးထွက်ခွါသွားခဲ့သည်။ ကျွန်ုပ်တို့ နှစ်သက်စွာ အိပ်မောကျနေခိုက် အဖေသည်လည်း ရာသက်ပန်အိပ်စက်သွားခဲ့သည်။ ထိုအချိန်က အမေပြောခဲ့သည့် စကားများကို ကျွန်ုပ်မှတ်မိနေသေးသည်။ "သားတို့ရေ... မင်းတို့အဖေ မရှိတော့ဘူး" တဲ့။

လူသေလျင် ငိုကြွေးကြသည်ကို ကျွန်ုပ်သိသည်။ ကျွန်ုပ်၏စိတ်ထဲ၌ လူသေရင် မငိုမနေရ ဟူသော စည်းကမ်းရှိသည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ငိုအောင်ကြိုစားခဲ့သည်။ သို့သော် ကျွန်ုပ်မျက်ရည် အနည်းငယ်မျှ မထွက်ခဲ့။ အဖေ့ကို မချစ်၍ မငိုခဲ့ခြင်းမဟုတ်။ ငိုနည်းစနစ်ကို မသိခဲ့သောကြောင့် မငိုခဲ့ခြင်းဖြစ်သည်။ ငိုနည်းစနစ်ကို သိသော ကျွန်ုပ်၏ အကိုနှစ်ယောက် ငိုကြွေးခဲ့ကြသည်။ ကျွန်ုပ်၏ ညီငယ်နှစ်ယောက်သည်ကား ကျွန်ုပ်ကဲ့သို့ပင် ယောင်တောင်တောင် ဖြစ်နေခဲ့သည်။

အဖေသေစဉ်က မငိုကြွေးခဲ့သော ကျွန်ုပ်သည် ကျွန်ုပ်တို့ကို ရှင်ပြုသင်္ကန်းဝတ်ပေးသည့်ပွဲ၌ အတိုးချပြီး ငိုကြွေးခဲ့သည်။ ဘာဖြစ်လို့ ငိုကြွေးသလဲ ဆိုသည်ကို သဘောပေါက်သွား၍ဖြစ်သည်။ ၀မ်းနည်းမှု စိတ်မကောင်းမှုသည် နှလုံးသားသို့ဝင်ရောက်သွားသည်၊ နှလုံးသားမှတစ်ဆင့် ဦးဏှောက်သို့ဝင်ရောက်လာပြီး ဦးဏှောက်ကတစ်ဆင့် မျက်လုံးအိမ်သို့ အပြေးဝင်ရောက်လာသည်။ ထို့ကြောင့် စိတ်မကောင်းမှုသည် မျက်ရည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထွက်ကျလာသည့် မျက်ရည်များကို ကျွန်ုပ်ကိုယ်၌ ဆင်မြန်းထားသော သင်္ကန်းများဖြင့် သုတ်သည်။ သို့အတွက် ၀တ်ရုံထားသော သင်္ကန်းများသည် ကျွန်ုပ်၏ မျက်ရည်ကြောင့် ရွှဲနစ်နေခဲ့သည်။

အမေ ငိုသည်။ ထို့ကြောင့် ကျွန်ုပ်ငိုခဲ့သည်။ အကို ကိုရင်နှစ်ပါးလည်း ငိုသည်။ ထို့ကြောင့် ကျွန်ုပ်ငိုခဲ့သည်။ ပရိသတ်များလည်း ငိုသည်။ ထို့ကြောင့် ကျွန်ုပ်ငိုခဲ့သည်။ ထိုအချိန်က ကျွန်ုပ်သည် အဖေ့ကို အရမ်းသတိရခဲ့သည်။ ထို့ကြောင့် ကျွန်ုပ် ရှိုက်ကြီးတငင် (ရှိုက်ကာ ရှိုက်ကာ) ငိုကြွေးခဲ့သည်။

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည်။

.........

Monday, 4 May 2009

ရောပြွမ်းကမ္ဘာ

နေသည် ပူပြင်း၏။ လောင်ကျွမ်း၏။ တောက်ပ၏။ ပြင်းထန်၏။ တက်ကြွ၏။
စမ်းရေသည် အေးမြ၏။ အေးချမ်း၏။ ကြည်လင်၏။ ပြတ်သား၏။ တည်ငြိမ်၏။

ဒေါသသည် နေနှင့်တူ၏။ မေတ္တာသည် စမ်းရေနှင့်တူ၏။
ဒေါသ၏ သဘောသည် ပူပြင်းလောင်ကျွမ်း၏။ မေတ္တာ၏ သဘောသည် ကြည်လင်အေးမြသော သဘောရှိ၏။ ဒေါသသည် ပြုလုပ်ကျူးလွန်ပြီးသောအခါ၌ နောင်တဖန်ပူလောင်စေ၏။ အရှက်ကို ဖြစ်ပေါ်စေတတ်၏။ ထို့အတူ မေတ္တာသည် ဖြစ်ဆဲကာလ၌လည်းကောင်း ဖြစ်ပြီးကာလ၌လည်းကောင်း အေးမြသောအသွင်ကိုဆောင်၏။ စိတ်ကို ငြိမ်းချမ်းစေ၏။

သဲကန္တာရခရီးကြမ်းသည် နေ့အခါ၌ တရှိန်းရှိန်းပူလောင်၏။ သံလျပ်တို့ဖြင့်အတိပြီး၏။ သဲမှုန်တို့ဖြင့် ပြည့်နှက်နေ၏။
အိုအေစစ်သည် တမြမြအေးချမ်း၏။ တစိမ့်စိမ့်ငြိမ်းအေး၏။ အမောကို ပြေပျောက်စေ၏။

ဒေါသသည် နေ့အခါ၌ဖြစ်ပေါ်သည့် သဲကန္တာရခရီးကြမ်းနှင့်တူ၏။
မေတ္တာသည် အိုအေစစ်စိမ့်စမ်းနှင့်တူ၏။
ဒေါသဖြစ်နေသောသူ၏စိတ်သည် ကြမ်းတမ်းနေတတ်၏။ ယောက်ယက်ခတ်နေတတ်၏။ ဗျာများနေတတ်၏။ လှုပ်ရှားနေတတ်၏။ အမှားအမှန်ကို မစဉ်းစားတတ်။
မေတ္တာတရားလက်ကိုင်ထားသူ၏စိတ်သည် ပျော့ပျောင်း၏။ တည်ငြိမ်၏။ အေးဆေး၏။ တည်ကြည်၏။ အမှားအမှန်ကို ကောင်းကောင်းခွဲခြားသိနိုင်၏။

လူတိုင်း ဒေါသ၏ ဆိုးပြစ်ကိုလည်းကောင်း မေတ္တာ၏ ကောင်းကျိုးကိုလည်းကောင်း ကျကျနနသိရှိကြ၏
ပူလောင်ခြင်း အေးမြခြင်းသဘောတရားတို့ကို သီအိုရီအနေဖြင့် နားလည်ကြ၏။ ဒေါသနှင့် မေတ္တာတို့၏ လုပ်ဆောင်မှုသဘောကိုလည်း သဘောပေါက်ကြ၏။ ထို့ကြောင့် ဒေါသကို ပယ်သတ်ပြီး မေတ္တာကို မွေးမြူချင်ကြ၏။

သို့သော် ဒေါသသည် မာယာအရမ်းများ၏။ တခါတရံ ကောဓ(အမျက်ထွက်ခြင်း)အနေနဲ့ အလည်လာ၏။ တခါတခါ ပဋိဃ(ကြမ်းကြုတ်ခြင်း)အဖြစ်ဖြင့် ချဉ်းကပ်လာတတ်၏။ တခါတခါ၌မူ ဘယ(ကြောက်ခြင်း)ပုံစံဖြင့် ၀င်ရောက်လာတတ်၏။ ဘယ်ပုံဘယ်နည်းနှင့်လာသည်ဖြစ်စေ ဒေါသသည် ဒေါသပင်ဖြစ်၏။ မေတ္တာမဖြစ်နိုင်။ ဒေါသကို ရှောင်ရှားရင်း ဒေါသနှင့်ချည်း ရင်ဆိုင်နေရတတ်၏။ မတွေ့ချင်သော သူကိုမှ တိုက်တိုက်ဆိုင်ဆိုင် ဒဲ့ဒိုး တွေ့ရတတ်သကဲ့သို့ဖြစ်၏။

ကျွန်ုပ်တို့ သာမန်ပုထုဇဉ်လူသားကို မဆိုထားဘိ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့သော ဂေါတမဘုရားအလောင်းသည် ပါရမီပြည့်သော ဝေဿန္တာမင်းလက်ထက်၌ပင် ဒေါသကို ရှောင်ကွင်းရင်း ဒေါသနှင့်ပက်ပင်းတွေ့ခဲ့ရပေသေး၏။ သားသမီးကို အလှူခံလာသော ဇူဇကာပုဏ္ဏားသည် ရေစက်ခံယူပြီး အလှူခံပြီးသောအခါ မင်းကြီးရှေ့ ၌ပင် မင်းကြီး၏ သားသမီးများကို ကြိုးဖြင့်တုတ်၏။ တုတ်ဖြင့်ရိုက်၏။ ပါးစပ်ဖြင့် ဆဲဆို၏။ ကြိမ်းမောင်း၏။

ရေစက်ချလှူပြီးသော အလှူပစ္စည်းသည် ထွေးပြီးသော တံတွေးနှင့် ဥပမာတူ၏။ ဝေဿန္တရာမင်းကြီးသည် သူ၏သားသမီးများဖြစ်သော ဇာလီနှင့်ကဏှာဇိန်တို့ကို ဇူဇကာပုဏ္ဏားကြီးအား ရေစက်ချလှူဒါန်းခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူ၏သားသမီးများသည် ထွေးပြီးသား တံတွေးနှင့်တူ၏။ အနည်းငယ်မျှ တွယ်ငြိစရာမလို။
သို့သော်... သားသမီးသည် သားသမီးပင်ဖြစ်၏။ မိဘသည် မိဘပင်ဖြစ်၏။ မိဘသည် သားသမီးများအား ကိုယ့်အသက်လောက် ချစ်ခင်တတ်ကြ၏။ သားသမီးနေမကောင်းဖြစ်လျင် မိဘနေမကောင်းသကဲ့သို့ ဖြစ်၏။ သားသမီးနာကျင်နေလျင် မိဘများ နာကျင်နေတတ်၏။ ဓမ္မတာပင်တည်း။

ဝေဿန္တရာမင်းကြီးသည် သူ၏သားသမီးများအား နှိပ်စက်နေသည်ကို မြင်သည့်အခါ နှလုံးသည်းပွတ်ထဲထိ နာကျင်၏။ အသဲကွဲလုမတတ် ကြေကွဲရ၏။ အရှင်လတ်လတ် တံကျင်လျှိုခံရသကဲ့သို့ ပူလောင်၏။ ထို့ကြောင့် လက်စွဲတော် သန်လျက်ကို သန်လျက်အိမ်အတွင်းမှ ဆွဲထုတ်လိုက်၏။ ဇူဇကာပုဏ္ဏားအား အပိုင်းပိုင်း ပိုင်းသတ်ရန် ကြံစည်၏။ စဉ်းစား၏။ တွေးတော၏။ ထိုနည်းအားဖြင့် ဒေါသ၏ အနုသယအဆင့်နှင့် ပရိယုဋ္ဌာနအဆင့်ကို မင်းကြီးကိုယ်တိုင် ကျူးလွန်ခဲ့၏။ သို့သော် နောက်ဆုံးဖြစ်သော ၀ီတိက္ကမအဆင့်သို့ မရောက်ခဲ့။ သတိချွန်းဖြင့် သူ၏ဒေါသကို ပိုင်ပိုင်နိုင်နိုင်ကြီး အုပ်နိုင်ခဲ့၏။

လူတိုင်း၌ရှိသော စိတ်သည် ပကတိအားဖြင့် ဖြူစင်၏။ စင်ကြယ်၏။ သန့်ရှင်း၏။
သို့သော် စိတ်သည် အမြဲတမ်းအရောင်ဆိုးခံရ၏။ စေတသိက်တို့၏ ခြယ်လှယ်မှုနောက် တကောက်ကောက် လိုက်ပါရရှာ၏။ စေတသိက်က မဲသွားလျင် သူပါလိုက်ပြီး အမဲဖြစ်ရ၏။ စေတသိက်က ဖြူပြန်လျင် သူပါလိုက်ပြီး အဖြူဖြစ်ရပြန်၏။ ဖြူစင်သန့်ရှင်းသည့် ပိတ်စပေါ်၌ ရောင်စုံဆေးရေးပန်းချီကား တစ်ချပ် ရေးဆွဲထားသကဲ့သို့ပေတည်း။

ဒေါသသည် အမဲဖြစ်၏။ မေတ္တာသည် အဖြူဖြစ်၏။
အမဲရှိမှ အဖြူသည် ပိုထင်ပေါ်၏။ အဖြူနှင့်ယှဉ်မှ အမဲသည် ပိုသိသာ၏။ အမြဲတမ်းဖြူနေလျင် အမဲ၏ သဘောကို မသိနိုင်။ အမြဲတမ်း မဲနေပြန်လျင်လည်း အဖြူ၏ အဆင်းကို နားမလည်နိုင်။ မွေးရာပါ မျက်စိကန်းနေသော လူတစ်ယောက်ကဲ့သို့ဖြစ်ပေ၏။

အချုပ်ဆိုရသော်
ဒေါသသည် ပူလောင်သော သဘောကို ဆောင်၏။ မေတ္တာသည် အေးမြသော အသွင်ကို ယူ၏။ အပူနှင့်ယှဉ်မှ အအေးသဘောကို ပိုသိနိုင်၏။ အအေးနှင့်တိုင်းတာမှ အပူ၏ သဘာဝကို ပိုသဘောပေါက်နိုင်၏။ ဒေါသအားကြီးသောသူသည် အပူကန္တာရခရီးခဲကို ဖြစ်သန်းလာ၍ မောပန်းနေခိုက် ရင်ဘတ်ကို ဆောင့်အကန်ခံရသကဲ့သို့ ပူလောင်နာကျင်တတ်၏။ မေတ္တာဓါတ်အားများသူသည် အိုအေစစ်မှ အပြန် မဒီကညာအချောအလှလေးက အောင်သပြေပန်းနှင့် လက်ကမ်းကြိုသကဲ့သို့ အေးမြကြည်နူးရတတ်၏။
သို့သော် ကျွန်ုပ်တို့ ပုထုဇဉ်လူသားတိုင်းသည် အပူချည်းသက်သက်လည်း မဖြစ်နိုင်။ ထို့အတူ အအေးချည်းသက်သက်လည်း မဖြစ်နိုင်ပေ။ အပူအအေး ရောနှောနေသော ရောပြွမ်းကမ္ဘာထဲမှာ ကျင်လည်ကျက်စားနေကြခြင်းပင်ဖြစ်၏။ ထို့ကြောင့် ဤကမ္ဘာကို ရောပြွမ်းကမ္ဘာဟု ကျွန်ုပ်ကိုယ်တိုင် ကဗျည်းတပ်လိုက်ခြင်းပင်ဖြစ်ပေတော့၏။

..............

Sunday, 3 May 2009

အင်္ဂလန်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓနေ့မှတ်တမ်းအချို့ 

အင်္ဂလန်နိုင်ငံဆိုင်ရာ ဗုဒ္ဓနေ့ပူဇော်ပွဲကို ဒီနေ့ (၃၊၅၊၀၉ တနင်္ဂနွေ့)မှာ အင်္ဂလန်နိုင်ငံရှိ မြန်မာရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ပူးပေါင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။
ကျင်းပခဲ့တဲ့နေရာကတော့ လန်ဒန်မြို့ အီးလင်းခန်းမမှာ ဖြစ်ပါတယ်။

မနက် ၁၁ နာရီမှာ ရဟန်းသံဃာတော်များအား အီးလင်းခန်းမမှာဘဲ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါတယ်။
နေ့လည် ၁၂ နာရီခွဲမှာ ဗုဒ္ဓနေ့အခန်းအနားကို နမောတဿ သံပြိုင်ရွတ်ဆိုပြီး ဖွင့်လှစ်ပါတယ်။
အဲဒီနောက်မှာတော့ ရဟန်းသံဃာတော်များက ဘုရားအနေကဇာတင်တော်မူကြပါတယ်။
ဆက်လက်ပြီးတော့ ငါးပါးသီလခံကြတယ်။ လူငယ်မောင်မယ်များက ကဗျာရွတ်ဆိုကြတယ်။ ပါဝါပွိုင့်သုံးပြီး ဗုဒ္ဓနေ့အကြောင်းရှင်းပြတယ်။ ရှစ်ဆယ်ပေါ်တေးထပ်နဲ့ပူဇော်တယ်။

လန်ဒန်ဝိဟာရဆရာတော်ကဗုဒ္ဓနေ့အကြောင်းရှင်းပြပြီး ၀တ်အသင်းသားများက ရှစ်လုံးဘွဲ့ကဗျာရွတ်ဆိုပူဇော်ကြပါတယ်။ သာသနရံသီဆရာတော်က ကျေးဇူးတင်စကားနှင့်မြန်မာနိုင်ငံနာဂစ်နှစ်ပတ်လည် ဆုတောင်းပွဲအကြောင်းဟောပြောပြီး ၃ မိနစ်ခန့် တိတ်ဆိတ်စွာ မေတ္တာပို့သကြပါတယ်။ မင်းကွန်းဆရာတော်ဘုရားကြီးအရပ် ၁၀ မျက်နှာမေတ္တာပို့လင်္ကာများကို စုပေါင်းညီညာ ရွတ်ဆိုပူဇော်ကြပါတယ်။ အဲဒီနောက် ရေစက်ချ အမျှပေးဝေကြပါတယ်။

လန်ဒန်မောင်မယ်များက ဗုဒ္ဓ၀င်ဖွားတော်မူခန်းဇာတ်ထုတ်ကို ကပြအသုံးတော်ခံအပြီးမှာ သံဃဒါနဆွမ်းဆန်လောင်းလှူကြပါတယ်။ နောက်ဆုံးမှာ စုပေါင်းဓါတ်ပုံရိုက်ကြပြီး အင်္ဂလန်ဆိုင်ရာဗုဒ္ဓနေ့ကို အဆုံးသတ်လိုက်ကြပါတယ်။ ညနေ လေးနာရီခွဲခန့် အခန်းအနားအစီအစဉ်အားလုံးပြီးဆုံးပါတယ်။
...........................



ပရိတ်တနားနာယူနေကြသည့် ပရိသတ်များ။ (အပြင်ဘက်၌လည်း လူများစွာရှိသေး၏)





အလောင်းတော်သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူခန်း (ဇာတ်ထုတ်)
***********

မယ်တော်မာယာမိဖုရားကြီး ပဋိသန္ဓေရှိကြောင်းဖွင့်ပြောနေပုံ။


သုဒ္ဓေါဒနမင်းကြီးသည် မဟာမာယာဒေ၀ီမိဖုရားကြီးထံမှ ပဋိသန္ဓေရှိနေကြောင်းကြားရ၍ မယုံနိုင်အောင်ဖြစ်နေပုံ။


မဟာမာယာဒေ၀ီဝမ်းကြာတိုက်က ကလေးလေးအား ပုဏ္ဏားများကို ဖိတ်ကြားကာ ဗေဒင်ဟောကြားတော်မူစေပုံ။


သုဒ္ဓေါဒနမင်းကြီး၏ ဗကဘိုးဘိုးကြီးသည် ဒေ၀ဒဟပြည်သို့ သွားရောက်ကာ ဒေ၀ဒဟပြည့်ရှင် ဘုရင်သုပ္ပဗုဒ္ဓအား သူ၏နှမတော် မဟာမာယာဒေ၀ီ၌ ကိုယ်ဝန်ရှိနေကြောင်းလျောက်ကြားနေပုံ။ သို့သော် သုပ္ပဗုဒ္ဓဘုရင်က သူ့နှမ သက်တော်ကြီးပြီဖြစ်၍ လုံးဝယုံကြည်မှု မရှိနေပုံ။


ဗကဘိုးတော်အား ဘုရင်သုပ္ပဗုဒ္ဓက အကြံအဖန်ထင်မှတ်၍ မောင်းထုတ်အပြီးမှာ သုပ္ပဗုဒ္ဓဘုရင်၏ ၀န်ကြီးများက ဗကဘိုးဘိုးကြီးအား နှစ်သိမ့်နေပုံ။


မဟာမာယာဒေ၀ီမိဖုရားကြီး ဒေ၀ဒဟပြည်သို့သွားချင်သည့် ချင်ခြင်းတပ်ကြောင်း ဘုရင်သုဒ္ဓေါဒနမင်းကြီးအား သံတော်ဦးတင်ပုံ။


နှမတော်ပဇာပတိဂေါတမီနှင့်အတူ မင်းခန်းမင်းနားဖြင့် မဟာမာယာဒေ၀ီ ဒေ၀ဒဟသို့ သွားနေပုံ။


ကပိလ၀တ်ပြည်နှင့်ဒေ၀ဒဟပြည်အကြားရှိ လုမ္ဗိနီအင်ကြင်းတော၌ အင်ကြင်းကိုင်းကိုင်ပြီး မဟာမာယာဒေ၀ီသည် အလောင်းတော်သိဒ္ဓတ္ထမင်းသားလေးအား ဖွားမြင်နေပုံ။
(အင်ကြင်းကိုင်းမရှိ၍ နှင်းဆီပန်းကို အသုံးပြုထားသည်)


မင်းသားကလေးသည် ဖွားမြင်ချင်းချင်း ခုနစ်ဖ၀ါးကြွလှမ်းကာ ငါသည် လောက၌ အမြတ်ဆုံး အသာဆုံး အကြီးဆုံးဟု စကားသုံးခွန်းကြွေးကြော်နေပုံ။


အလောင်းတော်မင်းသားလေးအားကြည့်ရှုပြီး အရိုအသေပြုနေကြပုံ။ (ဤနေရာ၌ ဖွားတော်မူခြင်း ဇာတ်ထုတ် အပြီးရောက်သည်။ နောက်နှစ်၌ ကျန်ရှိနေသော အပိုင်းကို ဆက်ကမည်ဟု မျှော်လင့်ရ၏)


ဤကဲ့သို့ ဇာတ်ထုတ်၌ပါဝင်သရုပ်ဆောင်သူများ အားလုံး ပရိသတ်ရှေ့ ထွက်ပြပြီး နှုတ်ဆက်စကားဆိုကြ၏။


လန်ဒန်မြို့ အီးလင်းခန်းမမှာ ကျင်းပတဲ့ အင်္ဂလန်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓနေ့ဟာ ရွှင်လန်းကြည်နူး နှစ်သက်ဝမ်းမြောက်စရာ အပြည့်ဖြစ်ခဲ့ပါတယ်။ ရာသီဥတုကလဲ သာသာယာယာ အခန်းအနားကို တက်ရောက်လာကြတဲ့ ရဟန်းရှင်လူအားလုံးတို့ရဲ့  စိတ်အစဉ်တွေကလဲ အေးအေးချမ်းချမ်းရှိခဲ့ကြပါတယ်။
ရေမြေခြားပေမဲ့ မြန်မာတို့ရဲ့  စိတ်ဓါတ်အစစ်အမှန်ဟာ မြန်မာ့ယဉ်ကျေးမှု မြန်မာတို့ရဲ့  ဗုဒ္ဓသာသနာကို ဘယ်လောက်ထိ ချစ်မြတ်နိုးနေကြတယ်ဆိုတာ ဒီအင်္ဂလန်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓနေ့က သက်သေပြလို့ နေပါတော့တယ်ခင်များ။

ဗုဒ္ဓဘာသာ သာသနာ ရောင်ဝါနေထက် လင်းစေသော်။ ။

......

ဗုဒ္ဓနေ့ဆုတောင်း

ဒုက္ခတွေ့မှ ဗုဒ္ဓနေ့ကို သတိရတယ်ဘဲပြောပြော
ကျုပ်က
ရုပ်ဝါဒသမားမဟုတ်ဘူးလေ။


နှုတ်ကနေ ဒုက္ခလို့ ရေရွတ်ပြီး
လုပ်သမျှတွေ
အပုပ်ချစရာချည်း မဖြစ်စေချင်ပါဘူး။


မကြည်လင်တာတွေ ကြည်လင်လာအောင်
မပီပြင်တာတွေ ပီပြင်လာအောင်
မမှီနိုင်တာတွေ မှီလာအောင်
ဒီဗုဒ္ဓနေ့က
ကျုပ်တို့ကို လမ်းပြနေမှာပါ။


ဖွားမြင် ဖြစ် စံ ဗျာဒိတ်ခံ တဲ့
အမှန်အဟုတ် သန္တာန်သရုပ်
အကြံအဖန်မဟုတ်ပါဘူး
အမှန်အကန် ဗုဒ္ဓနေ့ပါ။


အလုပ်ရှုပ်ကြပေမဲ့
ဗုဒ္ဓနေ့ကိုတော့ မမေ့ကြပါဘူး
အဲဒါ
ကျုပ်တို့ (ချစ်စရာ့) မြန်မာ့ဓလေ့လေ။


လပြည့်ကဆုန်ဟာ ဗုဒ္ဓနေ့
ကျုပ်တို့ မမေ့ကြပေမဲ့
အလုပ်တွေ ရွှေ့ ဆိုင်းလို့မရတာကြောင့်
လ၀ိုင်းဝိုင်းပြည့်တဲ့နေ့မှာ မကျင်းပနိုင်ကြဘူး။


သို့သော်ငြားလည်း
နိုးနိုးကြားကြား ကြိုးကြိုးစားစား
ရိုးရိုးသားသား မြန်မာ့တိုင်းရင်းသားတွေ
လန်ဒန်မြေမှာ
ဒီနေ့ ကြိုတင်ကျင်းပပြီး
ဝင်းပပ မျက်နှာတွေနဲ့
နှလုံးသားလေးတွေ အဆင်းလှနေကြလေရဲ့ ။


ဗုဒ္ဓနေ့ကို ဦးတည်ပြီး
မျက်ရည်ပြည့်နှက်နေသူများ
အခက်ပွေမှုမှ လွတ်မြောက်နိုင်ကြပါစေကြောင်း
ဒုက္ခဝေဒနာ လွှမ်းခြုံခံရသူများ
သုခမင်္ဂလာ လွှမ်းရုံနိုင်ကြပါစေကြောင်း
အယူသည်းသူများရဲ့  အပူမီးများ
ယူပြီး လွင့်ပစ်လိုက်သလို ကင်းပျောက်အေးငြိမ်းနိုင်ကြပါစေကြောင်း
ထို့ပြင်တစ်ဝ
ဗုဒ္ဓဘာသာ သာသနာ့အရောင်သည်
ကမ္ဘာတည်သရွေ့  အပီအပြင် တည်ရှိနိုင်ပါစေကြောင်း
ထပ်လောင်းမေတ္တာ စေတနာဖြင့်
အသေအချာ တောင်းဆုပြုလိုက်ရပါ၏။ ။

....

Saturday, 2 May 2009

ဧရာဝတီ ရန်ကုန် အာဇာနည်နေ့

မနှစ်က ဒီအချိန်၌ ကမ္ဘာပျက်၏။ ကြယ်တွေကြွေ၏။ ပန်းပွင့်များ ကြွေမွပျက်စီး၏။ ကိန္နရီကိန္နရာ ချောင်းခြား၏။
ထိုကမ္ဘာသည်ကား သာရကမ္ဘာလည်းမဟုတ်။ မဏ္ဍကမ္ဘာလည်းမဟုတ်။ သာရမဏ္ဍကမ္ဘာလည်းမဟုတ်။ သုညကမ္ဘာလည်းမဟုတ်။ ထို့အတူ ဘဒ္ဒကမ္ဘာလည်းမဟုတ်။

ထိုကမ္ဘာသည် အမေရိကတိုက်မှာလည်းမဟုတ်။ ဥရောပတိုက်မှာလည်းမဟုတ်။ အာဖရိကတိုက်မှာလည်းမဟုတ်။ သြစတေးလျတိုက်မှာလည်းမဟုတ်။ ထိုကမ္ဘာသည် အာရှတိုက်က ကမ္ဘာဖြစ်၏။ အာရှတိုက်က ကမ္ဘာဖြစ်သည့်တိုင် ဂျပန်နိုင်ငံမှာ မဟုတ်။ အိန္ဒိယနိုင်ငံမှာလည်းမဟုတ်။ ကိုရီးယားနိုင်ငံမှာလည်းမဟုတ်။ မြန်မာနိုင်ငံမှာဖြစ်၏။

မြန်မာနိုင်ငံမှာမှ အထူးအားဖြင့် ဧရာဝတီကမ္ဘာဖြစ်၏။ ရန်ကုန်ကမ္ဘာဖြစ်၏။ ကမ္ဘာပျက်သောကြောင့် မိသားစုကြယ်စင်အုပ်များ မကြွေချင်ဘဲ ကြွေချိန်မတန်ဘဲ ကြွေကြရ၏။ အနာဂါတ်သားကောင်းသမီးကောင်း ပန်းရတနာလေးများ ကြွေချိန်မရောက်သေးခင် ကြွေကျကြွေမွပျက်စီးကြရ၏။ ကြင်နာမှုအပြည့် တွယ်တာမှုအပြည့်ရှိကြသည့် ဇနီးခင်ပွန်းများ မခွဲချင်ဘဲ မကွဲချင်ဘဲ သေကွဲကွဲကြရ၏။

ထိုကမ္ဘာသည် ဗုဒ္ဓစာပေ၌လာသော မီးခုနစ်ကြိမ် ရေတစ်ကြိမ်အားဖြင့် ခုနှစ်ကြိမ်တိတိပြည့်သောအခါ နောက်ဆုံး လေဖျက်၍ ပျက်ရခြင်းမျိုးမဟုတ်။ တစ်ညတည်း၌ နာဂစ်မုန်တိုင်းမွှေနှောက်လိုက်သည့်အတွက် ပျက်ရခြင်းဖြစ်၏။ နာဂစ်ကြောင့် ဧရာဝတီကမ္ဘာပျက်၏။ ရန်ကုန်ကမ္ဘာပျက်၏။ အခြားကမ္ဘာများလည်း အနည်းငယ်ပျက်စီး၏။ ထိခိုက်ဒဏ်ရာရပြီး ကြယ်များကြွေကြရ၏။ ရေနစ်ပြီး အနာဂါတ်ပန်းကောင်းလေးများ ပျက်စီးကြရရှာ၏။

လောကကြီးကား တရားမျှတမှုကို လုံးဝမပေး။ မြန်မာပြည်၌ ကမ္ဘာပျက်နေစဉ် ကျွန်ုပ်တို့သည် အင်္ဂလန်၌ နှစ်ခြိုက်စွာ နှစ်သက်စွာ အိပ်မောကျနေကြ၏။ မြန်မာပြည်၌ နာဂစ်ဓါးစာခံများ အမှောင်ထုတွင်း ဟိုဟိုဒီဒီ ကြိုးစားပြေးလွှားရင်း အသက်လုပွဲဆင်နွှဲနေခိုက် ကျွန်ုပ်တို့သည် လန်ဒန်၌ စိတ်ကူးယဉ် အိပ်မက်ကောင်းကောင်းလေးများကို ရှယ်မက်နေကြ၏။ မြန်မာပြည်၌ နာဂစ်ဒုက္ခသည်များ ရွှံ့ နွံတွေကြား ခြုံဖုတ်တွေကြား ဒိုက်တွေကြား ဆင်းဆင်းရဲရဲ လဲလျောင်းနေကြခိုက် ကျွန်ုပ်တို့သည် ယူကေ၌ မွေ့ယာထက်မှာ ဇိမ်ကျကျ အိပ်စက်အနားယူနေကြ၏။

သမိုင်း၌ ကျဆုံးမှုပေါင်းများစွာရှိခဲ့ဖူး၏။ လူအများ အုပ်စုလိုက်သေကျေကြသည်များရှိခဲ့ဖူး၏။
စစ်ပွဲရှေ့ စစ်မျက်နှာပြင်၌ အသေခံဗုန်းဒဏ်ကြောင့် အများအပြား သေကြေပျက်စီးခဲ့ကြသည်များရှိခဲ့၏။ ထိုသတင်းများကို ကြားခဲ့မှတ်ခဲ့ ဖတ်ခဲ့ကြည့်ခဲ့ရသည့်အတွက် ကျွန်ုပ်တုန်လှုပ်ခြောက်ခြားခဲ့ဖူး၏။ သို့သော် နာဂစ်မုန်တိုင်းကြောင့် နာရီပိုင်းအတွင်း လူများ ထောင် သောင်း သိန်း သေဆုံးရသည့် သတင်းကို ကြားလိုက်ရသည့်အခါ၌မူ ကျွန်ုပ်၏ တုန်လှုပ်ခြောက်ခြားမှုသည် အမြင့်ဆုံးအဆင့်သို့ရောက်သွား၏။ အထွတ်အထိပ်သို့ ရောက်ရှိသွား၏။

စစ်ပွဲ၌ အသက်စွန့်လွတ်ရခြင်းသည် အဓိပ္ပါယ်ရှိ၏။ အငြိုးအတေးကြောင့် ရန်တုန့်ပြန်လိုက်သည့်အတွက် သေကြကျေကြမှုသည် အဓိပ္ပါယ်ပြည့်ဝ၏။ သို့သော် ယခုနာဂစ်သည် တမင်သက်သက် ရက်စက်ခြင်းမျှသာ ဖြစ်၏။ အပြစ်မဲ့သူတို့ကို မတရားအနိုင်ယူသတ်ဖြတ်၏။ ထို့ကြောင့် နာဂစ်ကို ကျွန်ုပ်မုန်း၏။ နာဂစ်ဆိုသည့် အသံကိုမျှ ကျွန်ုပ်မကြားလို။ နာဂစ်ကို မေ့အောင်ကြိုးစား၏။ ပစ်ပယ်ထားလိုက်၏။ ကြဉ်ဖယ်ထားလိုက်၏။ သို့သော် နာဂစ်ဆိုသည့် ဝေါဟာရသည် ကျွန်ုပ်ဦးဏှောက်ထဲက ထွက်မသွား။ နမောတဿ ဘုရားရှိခိုး ရသကဲ့သို့ အလွတ်ရနေ၏။ ဒါသည်ပင်လျင် ပဋိဃသံယောဇဉ်မည်ပေ၏။ မုန်းတီးခြင်းကြောင့်ဖြစ်သည့် သံယောဇဉ်ဟု ခေါ်တွင်၏။

ရဖို့လွယ်၏။ မေ့ပစ်ဖို့ခက်၏။ နမောတဿ ဆိုသည့်စာကြောင်းလေးကို ဘယ်တော့မှ မမေ့နိုင်ဟု ပြောခဲ့သော ဆရာသမားတစ်ယောက်၏စကားကို အမှတ်ရမိ၏။ နာဂစ်အကြောင်းကို လုံးဝမကြားချင်။ သို့သော် ကြားနေရ၏။ နာဂစ်ကို မေ့ပစ်ချင်၏။ သို့သော် အမြဲတမ်းသတိရနေ၏။ သတိရတိုင်း ကြွေကွဲရ၏။ ၀မ်းနည်းရ၏။ ပူဆွေးရ၏။ သောက ပရိဒေ၀တို့ဖြင့် ပြည့်နှက်နေရ၏။

နာဂစ်ကြောင့် အမိမဲ့သားများ ပေါ်ပေါက်ခဲ့၏။ သားမဲ့အမိများ ကျန်ရစ်ခဲ့၏။ လင်မဲ့မိန်းမ မိန်းမမဲ့လင် များစွာ များစွာ ဖြစ်ပေါ်ခဲ့၏။ ခြေ လက် မျက်စိစသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ စွန့်လွတ်ခဲ့ကြရ၏။ အသားတွေ အသွေးတွေ ပေးဆပ်ခဲ့ကြရ၏။ အသက်အိုးအိမ်ပေါင်းများစွာ ၀ါးမျိုခံခဲ့ကြရ၏။ အိမ်မွေးတိရိစ္ဆာန် အမြားအပြား ပျောက်ပျက်ခဲ့ကြရ၏။

နာဂစ်၏ ပြင်းထန်လှသော လေလှိုင်းသည် နာဂစ်ဓါးစာခံများ၏ သောက ပရိဒေ၀လှိုင်းများနှင့်နှိုင်းစာလျင် သေးငယ်သွားမည်ဖြစ်၏။ ကြုံလှီသွားမည်ဖြစ်၏။ နာဂစ်နှင့်ရောပါလာသော မိုးရေပေါက်များစွာသည် နာဂစ်ဒုက္ခသည်များ၏ မျက်ရည်များနှင့်နှိုင်းယှဉ်လျင် တစ်ငုံစာလောက်သာဖြစ်သွားမည်ဖြစ်၏။ တစ်ခွက်စာလောက်ဘဲဖြစ်သွားမည်ဖြစ်၏။

သောက ပရိဒေ၀လှိုင်းများ၊ ဒုက္ခ္ခ ဒေါမနဿ ဥပါယာသ မျက်ရည်များ၊ သွေးများဖြင့် ပြည့်နှက်ခဲ့သော နာဂစ်သည် မြန်မာလူမျိုးတိုင်းအတွက် ရင်နာစရာဖြစ်ခဲ့၏။ မုန်းတီးစရာဖြစ်ခဲ့၏။ လက်တုန့်ပြန်ချင်စရာဖြစ်ခဲ့၏။ သို့သော် နာဂစ်သည် သက်မဲ့ဖြစ်၏။ သူကိုယ်တိုင် သက်မဲ့ဖြစ်နေသည့်အတွက် သက်ရှိများကို မနာလိုဝန်တို ဖြစ်သည့်ဟန်ဖြင့် သက်မဲ့နိုင်ငံသို့ ခေါ်ဆောင်သွား၏။

၂၀၀၈၊ မေလ ၂ ရက် (နံနက်စောစော အချိန်)။
ထိုရက်သည် ဧရာဝတီအာဇာနည်နေ့ဖြစ်၏။ ရန်ကုန်အာဇာနည်နေ့ဖြစ်၏။ ထိုနေ့သည် ယနေ့၌္ခ တစ်နှစ်တင်းတင်း ပြည့်သောနေ့ဖြစ်၏။ ကျန်ရစ်သူ မိသားစုနည်းတူ ကျွန်ုပ် ကြွေကွဲနေရ၏။ ၀မ်းနည်းနေရ၏။ မျက်ရည်လည်နေရ၏။

ကျွန်ုပ်အချိန်ရခိုက် စွမ်းနိုင်သလောက် ဘုရားစာရွတ်ဖတ်၏။ ဂုဏ်တော်ပွါးများ၏။ ဘုရားရှိခိုး၏။ ထိုကုသိုလ်ကို နာဂစ်မှာ ကြွေပျောက်သွားကြရှာသော အပြစ်မဲ့သေဆုံးသူများအားလုံးအတွက် အမျှပေးဝေလိုက်ပါ၏။ ရရာ ရောက်ရာ ကြားရာ အရပ်က သာဓု သုံးကြိမ် ခေါ်ဆိုနိုင်ကြပါစေသား။
အမျှ.. အမျှ... အမျှ။ ။

.......

နာဂစ်ငှက်ဆိုး

မနှစ်က မေဒေးရဲ့  နောက်တစ်ရက်
လူတွေအများ အုန်းအုန်းကျက်ကျက်
ဝရုန်းသုန်းကား ပြေးထွက်
ကစဥ့်ကလျား ပေးဆက်
အသက်တွေ.. အချစ်တွေ.. အနှစ်တွေ
နာဂစ်မွှေနှောက်မှုအတွက်
အလှကမ္ဘာလေး ပျက်သွားခဲ့ရပြီ။


အမေရေ.. အဖေရေ အော်ဟစ်
သား သမီးအဖြစ်က ရင်နင့်စရာ
ကြင်နာယုယမဲ့ မိဘများမှာ
သား သမီးရတနာများကို ပစ်
တမလွန်ကို လှစ်သွားကြပြီ
အဲဒါ.. နာဂစ်ရဲ့  ရိုက်ချက်တွေဘဲပေါ့။


အလောင်းတွေ အပုံပုံကြားမှာ
ငါတို့ သားသမီးများ အသက်ရှင်ကျန်ရစ်ဦးမလားဆိုတဲ့ အသိနဲ့
ချိနဲ့နဲ့ခြေလှမ်းတွေလှမ်းပြီး
တစ်လှမ်းပြီး တစ်လှမ်းလျောက်
သားသမီးပျောက်ကို ရှာဖွေထွက်ခဲ့တယ်
ဒါပေမဲ့
သားသမီးများမှာကား
မိဘတွေကို အပြီးထားရစ်ခဲ့ကြလေပြီ
အဲဒါလဲ.. နာဂစ်ရဲ့  ရက်စက်မှုတွေဘဲပေါ့။


ချန်ခဲ့သူတွေ အများအပြား
ဝေးရာ တမလွန်ကို ထွက်သွားတဲ့အတွက်
ကျန်ခဲ့သူတွေရဲ့  မျက်ရည်
ဘယ်သူ့ကို ရည်ရွယ်ရမှန်းမသိခဲ့နိုင်ဘူး။


ငိုရတာ များလာတဲ့အတွက်
ငိုချင်လျက်
ငိုမထွက်ခဲ့ပါဘူး။


ကျလာခဲ့တဲ့မျက်ရည်
သေသူတွေ များပြားလွန်းတဲ့အတွက်
ကျချင်လျက်နဲ့
ကျမထွက်တတ်တော့ပါဘူး။


မိဘများကို ပေးဆပ်
သားသမီးများကို ပေးဆပ်
အသွေးအသားတွေပေးဆပ်
အမျိုးများကို ပေးဆပ်
အကျိုးအမြတ်က နတ္ထိပါဘဲ။


အများကို ကျွေးမွေးခဲ့တဲ့ ဧရာဝတီ
နာဂစ်ဒဏ်ကြောင့်
ကျွေးမွေးမဲ့သူတွေကို မျှော်နေကြရရှာပြီ။


အများကို ပေးခဲ့တဲ့လက်
နာဂစ်မွှေနှောက်မှုကြောင့်
ပေးလက်များကို စောင့်နေကြရရှာလေပြီ။


အများကို နှစ်သိမ့်ပေးခဲ့တဲ့ ဧရာဝတီ
နာဂစ်ကြမ္မာကြောင့်
နှစ်သိမ့်ပေးမဲ့ သူများကို တမ်းတနေကြရရှာပြီ။


ဧရာဝတီနာဂစ်
ရန်ကုန်နာဂစ် မြန်မာနာဂစ်
ဖြစ်နိုင်ရင်
နာဂစ်ထက်အင်အားကြီးတဲ့ မဟာနာဂစ်နဲ့
နာဂစ်ရဲ့  အသဲနှလုံးကို
ကျနော်
ချေမှုန်းပစ်လိုက်ချင်ပါတော့တယ်။ ။


မှတ်ချက်။
ဤကဗျာလေးဖြင့် နာဂစ်၏ ရက်စက်မှု တစ်နှစ်ပြည့်မှာ ယူကြုံးမရ ၀မ်းနည်းရခြင်းကို ခံစားတင်ပြပါသည်။


.........

Friday, 1 May 2009

ပန်းများပွင့်လန်းစေသတည်း

ကျွန်ုပ်၏ ပရိုဖိုင်ထဲ၌ အကြံကောင်းများကို ကြိုဆိုလျက်ပါ ဟုရေးထား၏။ ၄င်းစာသားလေးကို ကိုင်စွဲပြီး အမျိုးသမီးဘလော့ဂါတစ်ယောက်က သူ၏ အကြံပေးမှုကို ကျွန်ုပ်၏ တုန့်ပြန်ရေးသားမှုအတွက် ပစ်ပစ်ခါခါ ဝေဖန်၏။ ရှေ့ စကားနှင့် နောက်စကားမညီဟုဆို၏။ သူ၏ အယူအဆသည် သူ့အတွက် အမှန်ဖြစ်ကောင်းဖြစ်နိုင်၏။ အမှားလည်းဖြစ်ကောင်းဖြစ်နိုင်၏။ အဘယ့်ကြောင့်ဆိုသော် ရေနစ်နေသည့်သူသည် တစ်စုံတစ်ခုဆွဲကိုင်စရာမရှိလျင် မြက်ပင်သေးသေးလေးကိုပင် အားမကိုးရမှန်းသိသည့်တိုင် ဆွဲကိုင်တတ်သောကြောင့်တည်း။

ကျွန်ုပ်၏ ပရိုင်ဖိုင်သည် ရှင်းလင်း၏။ သိသာထင်ရှား၏။ ရှုပ်ရှုပ်ထွေးထွေးမရှိ။ အကြံကောင်းများကို ကြိုဆိုလျက်ပါ ဟုသာ ရေးသားထား၏။ အကြံဆိုးများကို ကြိုဆိုပါသည်ဟု မရေးထား။ အဆိုးသည် အကောင်း၏ ဆန့်ကျင်ဘက်ဖြစ်၏။ အမဲသည် အဖြူ၏ ဆန့်ကျင်ဘက်ဖြစ်၏။ အဖြူလိုချင်သည့်သူသည် အမဲကို လုံးဝနှစ်သက်မည်မဟုတ်။

အကြံဆိုးများကိုပေးသာ ဒေ၀ဒတ်လောင်း လှည်းကုန်သည်ခေါင်းဆောင်ကြောင့် သူနှင့်တကွ နောက်လိုက် လှည်းသမား ငါးရာလုံး ဘီလူးစားခြင်းကို ခံခဲ့ရဖူးလေပြီ။ အကြံကောင်း ဥာဏ်ကောင်းများကို ပေးသနားသော ဘုရားအလောင်း လှည်းကုန်သည်ခေါင်းဆောင်၏ကျေးဇူးကြောင့် သူနှင့်တကွ နောက်လိုက် လှည်းသမားငါးရာ အသက်ချမ်းသာရာရခဲ့ကြပြီး စည်းစိမ်ဥစ္စာ များစွာ ရရှိခဲ့ကြဖူးလေပြီ။
..............

"ဘုရားတရားနဲ့နေပြီး တရားသဘောလေးတွေကို ပြောပြပေးခဲ့တဲ့အတွက် ကိုယ့်တူကိုယ့်သားလေးလို သဘောထားပြီး လေးစားကြည်ညိုခဲ့သမျှ အခုတော့ နောင်ကြဉ်သွားပါပြီ"
သူပြောခဲ့သည့် စကားအဓိပ္ပါယ်လေးပင် ဖြစ်၏။ သူ၏ကြည်ညိုလေးစားခြင်း အထင်သေးခြင်းသည် ကျွန်ုပ်၏စိတ်ကို အနည်းငယ်မျှ မတုန်လှုပ်စေနိုင်။ ကြည်ညိုခြင်းသည် သဒ္ဓါတရားဖြစ်၏။ အထင်သေးခြင်း အယုံအကြည်မဲ့ခြင်းသည် သဒ္ဓါတရား၏ ဆန့်ကျင်ဘက်ဖြစ်၏။ သဒ္ဓါတရားသည် ကုသိုလ်ဖြစ်၏။ သဒ္ဓါတရား၏ ဆန့်ကျင်ဘက်သည် အကုသိုလ်ဖြစ်၏။

အကုသိုလ်တရားများကို အခြေခံအားဖြင့် လောဘ ဒေါသ မောဟ တရားသုံးပါးဖြင့်ဖွဲ့တည်ထား၏။ ထို့အတူ ကုသိုလ်တရားများကို အလောဘ အဒေါသ အမောဟ တရားသုံးပါးဖြင့် စုစည်းတည်ဆောက်ထား၏။ အကုသိုလ်တရားဖြင့် သေသွားလျင် အပါယ်ဒုဂ္ဂတိသို့ သွားရမည်ဖြစ်၏။ ကုသိုလ်တရားဖြင့် သေဆုံးလျင် အထက်သုဂတိသို့ လားရမည်ဖြစ်၏။

ထို့ပြင် ဒေါရဲ၊ လောပြိတ်၊ မောတိရိစ် ဆိုသည့်အတိုင်း ဒေါသနဲ့သေလျင် ငရဲရွာသို့ ဧကန်သွားရမည်ဖြစ်၏။ လောဘအားကြီးလျက် သေသွားလျင် ပြိတ္တာဘုံဘ၀ ရောက်ရမည်ဖြစ်၏။ မောဟအားများပြီး သေဆုံးလျင် တိရစ္ဆာန်ဘ၀ ရောက်ရမည်ဖြစ်၏။ အကုသိုလ်သည် သူ့အလုပ် သူလုပ်၏။ ကုသိုလ်သည်လည်း သူ့လုပ်ငန်း သူလုပ်ကိုင်၏။

သူသည် အကြံပေးစာကို ဟိတ်ဟန်ထုတ် လူတတ်လုပ်ပြီး ရေးပေး၏။ ဟိတ်ဟန်လုပ်ခြင်းသည် သာဌေယျဖြစ်၏။ သာဌေယျသည် လောဘအုပ်စုဝင်ဖြစ်၏။ ထို့ကြောင့် ထိုသို့အမြဲတမ်း ဟိတ်ဟန်ထုတ်ပြီး သူသေဆုံးလျင် ပြိတ္တာဘုံဘ၀ ရောက်ရမည်ဖြစ်၏။ သူ၏ ဟိတ်ဟန်ထုတ်ပြီး အကြံပေးရေးသားချက်ကို ဖတ်ရှုပြီး ကျွန်ုပ် စိတ်ဆိုးအမျက်ထွက်၏။ စိတ်ဆိုးအမျက်ထွက်ခြင်းသည် ဒေါသဖြစ်၏။ ထိုကဲ့သို့ အမြဲတမ်း စိတ်ဆိုးအမျက်ထွက်ပြီး ကျွန်ုပ်သေဆုံးသွားလျင် ငရဲကြီးရှစ်ထပ်သို့ ကျွန်ုပ် စီတီဇင်အဖြစ် သွားရောက်ရမည်ဖြစ်၏။

သို့သော်.. စိတ်သည် မျက်စိတစ်မှိတ်၊ လက်ဖျစ်တစ်သွက်၊ လျက်တစ်ပြက်အတွင်း ကုဋေသန်းချီပြီး ဖြစ်ပျက်၏ဟု အဆိုရှိ၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်သည် တစ်ခဏအတွင်း ကုသိုလ်စိတ်လည်းဖြစ်နိုင်၏။ အကုသိုလ်စိတ်လည်း ဖြစ်နိုင်၏။ လောဘလည်းဖြစ်နိုင်၏။ ဒေါသလည်းဖြစ်နိုင်၏။ အလောဘလည်းဖြစ်နိုင်၏။ အဒေါသလည်းဖြစ်နိုင်၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဒေါသ အမြဲတမ်းဖြစ်မနေနိုင်။ သူ၏ စိတ်အစဉ်၌လည်း သာဌေယျ အမြဲတမ်း ကိန်းဝပ်မနေနိုင်။

သူ၏စိတ်အစဉ်၌လည်းကောင်း ကျွန်ုပ်၏ စိတ်အစဉ်၌လည်းကောင်း အားလုံးတို့၏စိတ်အစဉ်၌လည်းကောင်း လောဘ မောဟ ဒေါသ အလိုဆိုးတရားများအားနည်းပြီး အလောဘ အဒေါသ အမောဟ တရားကောင်းများ ပွါးများစည်ပင်နေမည်ဆိုပါက လောကကြီးတစ်ခုလုံး သာယာလှပနေမည်မှာ အမှန်ပင်ဖြစ်၏။ လန်ဒန်နွေဦးပေါက်ရာသီမှာ ပန်းပေါင်းစုံ ငြိမ့်ငြောင်းသာယာစွာ ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့် ပွင့်လန်းနေသကဲ့သို့တည်း။ ။

...........

ကျွန်ုပ်သည် ပုထုဇဉ်လူသားတစ်ဦး

ပြဿနာတစ်ခုနှင့်ပတ်သက်ပြီး အမျိုးသမီးဘလော့ဂါတစ်ယောက်နှင့်သိကျွမ်းခင်မင်ခွင့်ရရှိခဲ့၏။ မိတ်ဆွေသစ်တစ်ယောက်တိုးလာ၍ ကျွန်ုပ်ဝမ်းမြောက်ခဲ့ရ၏။ သူ၏ ပြဿနာကို အားပေးနှစ်သိမ့်ပေးခဲ့ဖူး၏။ သူပြောချင်သည့်စကားများကို နားထောင်ပေးခဲ့ဖူး၏။ သူ၏ဘလော့ဂ်ထဲ မကြာမကြာအလည်ရောက်ခဲ့ဖူး၏။
နောက်ဆုံးတော့ ပြဿနာတစ်ခုနှင့်ဆက်နွယ်ပြီး သိကျွမ်းခဲ့ရသော ထိုမိတ်ဆွေသည် ပြဿနာတစ်ခုနှင့်ပင် ကျွန်ုပ်နှင့် မိတ်ဆွေအဖြစ်မှ ရပ်စဲသွားခဲ့၏။

ပထမပြဿနာသည် သူနှင့်အခြားတစ်ယောက်၏ပြဿနာဖြစ်၏။ ဒုတိယပြဿနာသည် သူနှင့် ကျွန်ုပ်ကိုယ်တိုင်ပင်ဖြစ်၏။ အချုပ်ပြောရလျင် သူသည် ပြဿနာနှစ်ခုပိုင်၏။ ကျွန်ုပ်သည် ပြဿနာတစ်ခုပိုင်၏။ သို့သော် သူပိုင်ဆိုင်သော ပြဿနာနှစ်ခုလုံး ကျွန်ုပ်အတွက် သက်ရောက်မှုဖြစ်စေ၏။ ပထမပြဿနာကြောင့် သူ့ကို ပိုမိုခင်တွယ်မိစေ၏။ လေးစားအားကျမိစေ၏။ ဒုတိယပြဿနာကြောင့် သူ့ကို တစ်မျိုးမြင်လာ၏။ ယုံကြည်မှုနည်းလာ၏။

တစ်နှင့်တစ်ပေါင်းလျင် နှစ်ဖြစ်၏။ သို့သော် ပြဿနာတစ်ခုနှင့်ပြဿနာတစ်ခုကို ထပ်ပေါင်းလိုက်သောအခါမူ သုညဖြစ်သွား၏။ ထူးဆန်းလှပေစွ။ ပထမပြဿနာမဖြစ်ခင် နှင့် ဒုတိယပြဿနာဖြစ်ပြီးအခါကာလသည် အတူတူပင်ဖြစ်သွား၏။ သို့ပေမဲ့ ပြဿနာနှစ်ခုကြားကာလထဲမှာ အချည်းနှီးတော့ မဖြစ်ခဲ့ကြ။ သူ့စာပေများကို ကျွန်ုပ်ဖတ်ဖြစ်ခဲ့သည်။ ကျွန်ုပ်ပို့စ်လေးတွေဆီ သူ အလည်လာဖြစ်ခဲ့သည်။

လူတစ်ယောက်သည် ရုပ်နာမ်နှစ်ပါးဖြစ်၏။ စိတ် စေတသိက် ရုပ်တရားတို့ဖြင့် ဖွဲ့စည်းထား၏။ ခန္ဓာငါးပါးဖြင့် တည်ဆောက်ထား၏။ ထို့ကြောင့် လူ့သန္တာန်အစဉ်မှာ လောဘရှိ၏။ ဒေါသရှိ၏။ မောဟရှိ၏။ မာနရှိ၏။ မာယာရှိ၏။ သာဌေယျရှိ၏။ ထို့ထက်များစွာ.. များစွာ ထပ်ရှိသေး၏။

ဆန့်ကျင်ဘက်အားဖြင့် လူ့ဖြစ်စဉ် အစဉ်အတန်း တစ်ခုမှာ မေတ္တာရှိ၏။ ကရုဏာရှိ၏။ မုဒိတာရှိ၏။ ဥပေက္ခာရှိ၏။ သဒ္ဓါရှိ၏။ သတိရှိ၏။ ပညာရှိ၏။ ထို့ပြင် များစွာ.. များစွာရှိပါသေး၏။

ရေကန်အတွင်းရှိရေသည် ပကတိတည်ငြိမ်၏။ တိတ်ဆိတ်၏။ အေးမြ၏။ သို့သော် လေပြင်းတစ်ချက်မွေနှောက်လိုက်လျင် လှိုင်းကြက်ခွပ်အသွင်သို့ကူးပြောင်းသွား၏။ ပြေးလွှားကြ၏။ လှုပ်ရှားကြရ၏။ ထို့အတူ ခဲတစ်လုံးနှင့်ပစ်ပေါက်လိုက်လျင်လည်း ၀ဲဂယက်ဖြစ်သွား၏။ လှိုင်းထသွား၏။ တစ်ချိန်တည်းမှာပင် တည်ငြိမ်မှုသည် ပျောက်ကွယ်သွား၏။ တိတ်ဆိတ်မှုသည် ဆူညံသံအဖြစ်သို့ ရောက်သွား၏။ သို့ပင်ဖြစ်လင့်ကစား ရေသည် ရေပင်ဖြစ်၏။ တိတ်ဆိတ်ငြိမ်သက်မှုနှင့်လှုပ်ရှားဆူညံမှုသာ ခြားနားသွား၏။

ကျွန်ုပ်သည် ပုတီးပန် ဈာန်ရရှိထားသည့် ရဟန္တာအရှင်မြတ်မဟုတ်။ တရားချည်းသက်သက်လိုက်စားနေသည့် တရားသမားလည်းမဟုတ်။ သူတော်စင်လည်းမဟုတ်။ သူမြတ်လည်းမဟုတ်။ ထို့အတူ သူယုတ်မာလည်းမဟုတ်။ သူမိုက်လည်းမဟုတ်။ သို့သော် အခြေအနေနှင့်အချိန်အခါအရ ကျွန်ုပ်သည်လည်း လူထဲက လူတစ်ယောက်ဖြစ်သည့်အားလျော်စွာ ရေကန်အတွင်းရှိရေကဲ့သို့ ဖြစ်၏။ လောဘရှိ၏။ ဒေါသရှိ၏။ မောဟရှိ၏။ မာန်မာနရှိ၏။ ထို့ကြောင့် ရံဖန် ပကတိတည်ငြိမ်၏။ တိတ်ဆိတ်ငြိမ်သက်၏။ ရံခါ၌ကား ၀ဲဂယက်ထန်၏။ ထကြွလှုပ်ရှား၏။ ရံခါ လူကောင်းဖြစ်၏။ ရံဖန် လူမိုက်ဖြစ်၏။

လောဘရှိသည့်ပုဂ္ဂိုလ် လောဘဖြစ်တတ်၏။ ဒေါသရှိသည့်သူ ဒေါသထွက်တတ်၏။ မာန်မာနရှိသည့်သူ မောက်မာခက်ထန်တတ်၏။ အားလုံးအဆန်းမဟုတ်။ သူ့သဘော သူဆောင်သည်ချည်းဖြစ်၏။ ကျွန်ုပ်၌ လောဘ ဒေါသ မာန်မာန အားလုံးရှိ၏။ ထို့ကြောင့် ကျွန်ုပ်စိတ်ဆိုးဒေါသထွက်၏။ ဒေါသသည် ကောင်းကျိုးကိုလုံးဝမပေးဆိုသည်ကိုလည်း ကျွန်ုပ်သိ၏။ သို့သော် သိသိချည်းနဲ့ ကျွန်ုပ်ဒေါသထွက်၏။

ဒေါသ၌အဆင့်သုံးဆင့်ရှိ၏။ အနုသယဟုခေါ်သည့် တိမ်မြှုပ်ကိန်းအောင်းနေသည့် ဒေါသသည် ပထမအဆင့်ဖြစ်၏။ တိမ်မြှုပ်နေသည့်အတွက် ဒေါသ၏အရိပ်အရောင်ကို မမြင်တွေ့နိုင်။ ဒေါသမရှိဟု ထင်မြင်တတ်ကြ၏။ အထူးသဖြင့် တရားဘာဝနာအလုပ်လုပ်နေကြသော ယောဂီများထံ၌ ထိုကဲ့သို့ အဖြစ်များ၏။

ပရိယုဋ္ဌာနဟုခေါ်သည့် ထကြွလှုပ်ရှားသည့် ဒေါသသည် ဒုတိယဆင့်ဖြစ်၏။ မနှစ်သက်သည့် အာရုံနှင့်ထိခိုက်တွေ့ဆုံသည့်အခါ ဒေါသသည် ထကြွလှုပ်ရှား နိုးထလာ၏။ အသွေးအသားတွေ နီးမြန်းလာ၏။ မျက်နှာပြင်ရဲတက်လာ၏။ အသားတွေ တစ်ဆတ်ဆတ်တုန်လာ၏။ တစ်ခုခုတုန့်ပြန်ချင်လာ၏။ စိတ်ဆောက်တည်ရာမရ ဖြစ်လာတတ်၏။

ဝီတိက္ကမဟုခေါ်သည့် ကျူးလွန်တုန့်ပြန်သည့် ဒေါသသည် တတိယအဆင့်ဖြစ်၏။ နောက်ဆုံးအဆင့်လည်းဖြစ်၏။
စိတ်မထိန်းနိုင်သည့်အတွက် လက်တုန့်ပြန်လိုက်၏။ ပါးစပ်ဖြင့် ဆဲဆို၏။ စာရေးပြီး ဆဲရေးတိုင်းထွာ၏။ ချိန်းခြောက်၏။ လက်ဖြင့် ပုတ်ခတ်ရိုက်နှက်၏။ ပစ်ခတ်သတ်ဖြတ်၏။

ဧပြီ ၂၈ ရက် ညဥ့်နက်သန်းခေါင်အချိန်၌ ကျွန်ုပ်သည် ထိုဒေါသသုံးပါးလုံး ဖြစ်ပျက်ခဲ့၏။ ကျွန်ုပ်၏ တိမ်မြှုပ်နေသော အနုသယဒေါသသည် ဝေဖန်အကြံပေးသလိုပုံစံမျိုးဖြင့် နှိမ်ချကဲ့ရဲ့ ထားသည့် အကြံပေးစာများနှင့်ထိခိုက်မိလိုက်သည့်အတွက် ပရိယုဋ္ဌာနအဆင့်သို့ ဒုန်းကနဲ ကူးပြောင်းသွား၏။ ကျွန်ုပ်သည် သည်းခံတတ်၏။ သို့သော် သည်းခံခြင်းသည် အရှုံးပေးခြင်းမဟုတ်။ မာနတရားကို ထိခိုက်လာလျင် ပြန်တွယ်တတ်သည့်အကျင့်က ကျွန်ုပ်ထံ ကိန်းအောင်းနေ၏။ ထို့ကြောင့် ၀ီတိက္ကမအဆင့်သို့ ရောက်သွား၏။ ချက်ချင်း လက်တုန့်ပြန်လိုက်၏။

သည်းခံပြီး ငြိမ်နေခြင်းသည် အကောင်းဆုံးလက်စားချေခြင်းပင်ဖြစ်၏ ဟူသော အဆိုကို ကျွန်ုပ်မထောက်ခံ။ ကျွန်ုပ်လက်ခံကျင့်သုံးနေသည်မှာ လက်တုန့်ပြန်လိုက်ခြင်းသည်သာလျင် အမြန်ဆုံး မေတ္တာတရားဘက်သို့ ရောက်စေ၏ ဟူသော ကျွန်ုပ်ကိုယ်တိုင်၏ အဘိဓမ္မာတရားပင်ဖြစ်၏။ သည်းခံကြိတ်မှိတ်ပြီး ခံစားနေခြင်းသည် မေတ္တာတရားနှင့် အဝေးဆုံးနေရာမှာ ရှိ၏။ ချက်ခြင်းတုန့်ပြန် ဖြေရှင်းပြီး ချက်ခြင်း စိတ်အေးချမ်းမှုရသွားခြင်းသည်သာလျင် မေတ္တာတရား၏ ရှေ့ ပြေးဖြစ်၏။ ထို့ကြောင့် ထိုနည်းကို ကျွန်ုပ် ကျင့်သုံးလိုက်၏။

အကြီးမားဆုံးရန်သူသည် အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သည် ဟူသော အဆိုကို ကျွန်ုပ်လက်ခံယုံကြည်၏။
အကြံပေးစာထဲက သူ၏ သာဌေယျ သဘောနွယ်သည့် ဟိတ်ဟန်လုပ်ခြင်း လူတတ်လုပ်ခြင်းသည် ကျွန်ုပ်၏ မာနအမှေးပါးပါးကို ပေါက်ကွဲခက်ထန်စေ၏။ သူ၏ သာဌေယျနှင့် ကျွန်ုပ်၏ မာနသည် အကြီးမားဆုံး ရန်သူများဖြစ်သွားကြ၏။ မာနသည် တစ်မဟုတ်တည်း ဒေါသဖက်သို့ တိုက်ခတ်မွှေနှောက်သွား၏။ ထို့ကြောင့် ဒေါသအဆင့် သုံးခုလုံး ကျွန်ုပ်ကျူးလွန်ခဲ့မိ၏။

သို့သော် ကျွန်ုပ်မုန်းသည်မှာ သူ့ကိုမဟုတ်။ သူ၏ စာပေကိုမဟုတ်။ သူ၏ ဘလော့ဂ်လေးကို မဟုတ်။ သူ၏ အတွေးအခေါ်ကို မဟုတ်။ သူ၏ အကြံပေးစာကို မဟုတ်။ သူ၏ ပညာကို မဟုတ်။ အမှန်မှာ သူ၏ စိတ်အစဉ်တွင် အခိုက်အတန့်မျှပေါ်ပေါက်လာသည့် ပလွှားမှု ဟိတ်ဟန်လုပ်မှု လူတတ်လုပ်မှုကိုသာ မုန်းတီးခြင်းဖြစ်၏။

သူက သူ့နာမည်နှင့်သူ့ဘလော့ဂ်လင့်ခ်ကို ကျွန်ုပ်၏ဘလော့ဂ်ထဲက ဖျက်သိမ်းပေးဖို့ပြော၏။ ထိုအဆိုကို ကျွန်ုပ်လက်မခံနိုင်။ သူ၏ ဘလော့ဂ်သည် လူသားများအတွက် တစ်နေရာရာ၌ အကျိုးဖြစ်ထွန်းနိုင်၏။ ပျော်ရွှင်မှုကို ပေးနိုင်၏။ သတင်းအချက်အလက်ကို ပေးနိုင်၏။ နှစ်သိမ့်မှုကို ပေးနိုင်၏။ ကျန်းမာရေး ပညာရေးအတွက် အထောက်အပံ့ဖြစ်နိုင်၏။ ထို့ကြောင့် ကျွန်ုပ်အိမ်ထဲ၌ သူ့ဘလော့ဂ်အတွက် အခန်းတစ်ခန်းပေးထား၏။ ကျွန်ုပ်ကိုယ်တိုင်လည်း သူ့ဘလော့ဂ်ကို ဖတ်ရှုလေ့လာ၏။

သို့သော်... သို့သော်
ကျွန်ုပ်သည် ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးဖြင့် ဖွဲ့စည်းထားသော ပုထုဇဉ်ပုဂ္ဂိုလ် သက်သက်မျှသာ ဖြစ်ချေ၏။

...........