ဓါတ်ခြောက်ခြားလို့မက်တဲ့ အိပ်မက်နှင့်ရှေ့ ကတွေ့ ကြုံခဲ့တဲ့အဖြစ်အပျက်တွေကို အာရုံယူပြီး မက်တဲ့ အိပ်မက်ဆိုတဲ့ အိပ်မက်နှစ်ခု အကြောင်းကို ကျနော် သိသလောက် ဖော်ပြခဲ့ပြီးပါပြီ။ စာဖတ်သူများအနေနဲ့လဲ နားလည်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ နေ့စဉ်မက်နေကျ အိပ်မက်တွေဟာ အဲဒီနှစ်ပါးထဲကဘဲ များပါတယ်။
ဒီအနုဘူတပုဗ္ဗအိပ်မက်ဟာလဲ ဖြစ်ပျက်ပြီးခဲ့တဲ့အရာတွေကိုဘဲ စွဲလန်းပြီးမက်တဲ့အတွက် မှန်ကန်တဲ့ အိပ်မက်မဟုတ်ပါဘူး။ ဒီလို အိပ်မက်မျိုး ဘယ်လောက်ဘဲမက်မက် အိပ်မက်အဟောကျမ်းတွေ ဖတ်မနေကြပါနဲ့။
မျက်စိညောင်းရုံဘဲ ရှိမယ်။ အချိန်ကုန်ဦးမယ်။ အစွဲလန်းကြီးရင် ဥပါဒါန်ပါ ဖြစ်နေဦးမယ်။
မပူပါနဲ့။ အဲဒီအိပ်မက်အတိုင်း လက်တွေ့ဘ၀မှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။
နတ်တွေ မက်ပေးတဲ့ ဒေ၀တောပသံဟာရအိပ်မက်
အခု နံပါတ် ၃ ဖြစ်တဲ့ အိပ်မက်အကြောင်း ထပ်ပြီး ဆွေးနွေးကြည့်ကြတာပေါ့။
မိတ်ဆွေတို့... နတ်ရှိတယ်ဆိုတာ ယုံကြည်သလားမသိဘူး။ နံပါတ် ၃ အိပ်မက်က နတ်တွေ မက်ပေးလို့ မက်တဲ့ အိပ်မက်တဲ့။ ထူးဆန်းသလိုကြီးဘဲနော်။ နတ်တွေက ဘာအတွက်ကြောင့်မို့ လူတွေကို အိပ်မက်ပေးရတာလဲ။
သူတို့ဖာသာနေရင် အနေသာကြီးမဟုတ်လား။
ဒီ ဒေ၀တောပသံဟာရအိပ်မက်က ရှေ့ က နှစ်ပါးနှင့်မတူဘူး။ နတ်တွေမက်ပေးတာဖြစ်တဲ့အတွက် အိပ်မက် ကောင်း မကောင်းကတော့ နတ်တွေရဲ့ အချစ်ကို ရရှိမှု မရရှိမှုနဲ့ တိုက်ရိုက်ပက်သက်နေပါတယ်။
ကိုယ့်ရဲ့ ကောင်းကျိုးကို လိုလားတဲ့ နတ်တွေရှိသလို ဆိုးကျိုးကို လိုလားနေတဲ့ နတ်တွေကလဲ တစ်ပုံကြီး။
ဒီတော့ ကောင်းကျိုးကို ဖြစ်စေချင်တဲ့အခါမျိုးမှာလဲ မက်ပေးတတ်တယ်။ ဆိုးကျိုးကို ခံစားစေချင်တဲ့အခါမျိုးမှာလဲ မက်ပေးတတ်တယ်။ ဒါကြောင့် ဒီအိပ်မက်က မှားချင်ရင်လဲ မှားမယ်။ မှန်ချင်ရင်လဲ မှန်မယ်။ အတည်ယူလို့မရဘူး။
ဆိုကျိုးကို လိုလားပြီး နတ်အိပ်မက်ပေးခဲ့တဲ့ အကြောင်းကို ကျနော် အရင်ပြောပြပါ့မယ်။
သတင်းစာဟောင်းလေးတစ်စောင်မှာ ထူးဆန်းတဲ့ သတင်းတစ်ပုဒ်ကို ကျနော် ဖတ်လိုက်မိပါတယ်။ တော်တော်လေးဟောင်းနွမ်းနေတဲ့ သတင်းစာတစ်စောင်ပါ။ တော်လှန်ရေးခေတ်မတိုင်ခင်က သတင်းစာဖြစ်ဖို့များပါတယ်။ သတင်းစာနာမည်ကိုတော့ ကောင်းကောင်းမမှတ်မိတော့ပါဘူး။
မြန်မာနိုင်ငံ မြေလတ်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။
တောမကျ မြို့ မကျရွာကြီးတစ်ရွာမှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရှိတယ်။ ကိုရင်ကျောင်းသားတွေ အများကြီးရှိတဲ့အတွက် ပျော်စရာအလွန်ကောင်းပါတယ်။
တစ်နေ့မှာ
အဲဒီ ဘုန်းတော်ကြီးကျောင်းက ကိုရင်ကြီးတစ်ပါးဟာ ညမှာ အိပ်မက်တစ်ခု မြင်မက်တယ်။
အိပ်မက်ထဲမှာ တောင်ဝှေးတစ်ချောင်းကို လက်မှာကိုင်ထားပြီး နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးထူထူနဲ့ ၀တ်ဖြူစင်ကြီးဝတ်ထားတဲ့ အဖိုးအိုတစ်ယောက်ဟာ သူ့ကို စကားတွေ အများကြီးပြောပြီး နေရာတစ်ခုကို ညွန်ပြခဲ့ပါတယ်။
"ကိုရင်ကြီး... ကျောင်းဝင်းအရှေ့ က မန်ကျည်းပင်ကြီးကို သိတယ်မဟုတ်လား။
မနက် နေထွက်ထွက်ချင်း အဲဒီ မကျည်းပင်ကြီးရဲ့  အရှေ့ အရပ် နေထွက်တဲ့ဘက် တည့်တည့်ကို ခြေလှမ်းခပ်ကျဲကျဲ ၇ လှမ်း လှမ်းပါ။ ပြီးရင် ခြေစုံရပ်လိုက်ပါ။
အဲဒီ ခြေစုံရပ်ထားတဲ့ မြေအောက်တည့်တည့်ကို ငါးပေလောက်အထိ တူးပေတော့။ အိုးကြီးတစ်လုံးတွေ့လိမ့်မယ်။ ဒါဆို ကိုရင်ကြီး ဒီတစ်သက်စားလို့မကုန်အောင်ချမ်းသာသွားပြီ။ အဲဒီ အိုးကြီးထဲမှာ ရွှေထည်ပစ္စည်းတွေ အများကြီးဘဲ။ ကျောက်သံပတ္တမြားတွေလဲ ပါတယ်။ ကိုရင်ကြီး မိဘတွေက ဆင်းရဲလွန်းလို့ မစလိုက်တာပါ"
အဲဒီလို ပြောပြီး အဲဒီအဘိုးအိုကြီးဟာ ပျောက်ကွယ်သွားတယ်။
(အိပ်မက် အမှတ် ၆ ဆက်ဖတ်ပါ)
No comments:
Post a Comment