Sunday, 30 November 2008

အရမ်း ၁၀ ပါး


အလွမ်း ၁၀ ပါးရေးပြီးပြန်တော့လဲ အရမ်း ၁၀ ပါးရေးကြည့်ချင်စိတ်ပေါက်လာတယ်။ လန်ဒန်မှာနေပြီး ဘာမှတိတိကျကျမသိဘဲ ရမ်းလုပ်တာတွေက အရမ်းများတာကိုးဗျ။ သူတို့ယဉ်ကျေးမှုကို ကောင်းကောင်းသိတာမဟုတ်ဘူး။ ကိုယ်လုပ်ချင်တာဘဲ ကိုယ်သိတယ်။

ဟိုတစ်နေ့လဲ
သူငယ်ချင်းတစ်ယောက်ရဲ့  ဗြိတိသျှနိုင်ငံသားခံယူပွဲ အခမ်းအနားကို ကျနော်လိုက်သွားဖြစ်တယ်။
အခမ်းအနားအပြီးမှာ ဘုရင်မကြီးဝတ်စုံဝတ်ဆင်ထားတဲ့ အဘွားအိုနှင့်တွဲပြီး တစ်လှည့်စီဓါတ်ပုံရိုက်ဖြစ်ကြတယ်။
ကျနော်က ကင်မရာလက်ထဲမှာရှိရင် အငြိမ်မနေတတ်ဘူး။ မြင်သမျှအားလုံး ရိုက်ချင်တော့တာပါဘဲ။ ဗြိတိသျှနိုင်ငံသားခံယူတဲ့သူအားလုံးကို ကျနော် ဓါတ်ပုံရိုက်ဖြစ်တယ်။

စုံတစ်တွဲအလှည့်လဲ ရောက်ရော ကျနော် ကင်မရာနှင့်ချိန်ကာရှိသေးတယ်။ No Photo တဲ့။ ဓါတ်ပုံမရိုက်နဲ့လို့ ပြောလိုက်တာပေါ့ဗျာ။ လူကြားထဲ အပြောခံလိုက်ရတော့လဲ ခပ်ရှက်ရှက်ဘဲ။ ဖီလင်တွေငုတ်သွားတယ်။ ကျနော်ဝတ်သွားတဲ့အ၀တ်အစားက ပေါင် ၄၅၀ တန် (အဟဲ.. Discount ချထားတုန်း ပေါင် ၁၅၀ နဲ့ ၀ယ်ထားတာ) ကုတ်အင်းကျီကြီးဗျ။ လန်ဒန်မှာဆိုရင်တော့ မြို့ တော်ဝန်လိုမျိုး ဂုဏ်သရေရှိရှိလူကြီးတွေ ၀တ်လေ့ရှိတဲ့ ကုတ်ကြီးပေါ့။ ကြုံတုန်း ကြွားထားတာ။

ကျနော်တို့ မြန်မာမှာဆို ကိုယ့်ကို ဓါတ်ပုံလာရိုက်တဲ့သူကိုတောင် ကျေးဇူးအထူးတင်ရသေးတယ်။ ဒီရောက်တော့ ကျနော်က စေတနာနဲ့ ရိုက်ယူတာကို မရိုက်နဲ့ ဆိုပြီး အပြောခံရတယ်ဗျာ။ ကျနော်က ခွင့်မတောင်းဘဲ ရမ်းလုပ်မိတာကိုး။ ခံလိုက်ပေါ့။


၁။ရမ်းတမ်းရမ်းတမ်းသွားတတ်ခြင်း
မြန်မာနိုင်ငံမှာ နေစဉ်တုန်းကတော့ ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုသလို ခပ်ကုပ်ကုပ် နေလာခဲ့ပေမဲ့
လန်ဒန်ရောက်လာပြီးတဲ့နောက်ပိုင်း ကျနော့်ကိုယ် ကျနော်ပင် သတိမထားမိလောက်အောင် ခန္ဓာကိုယ်ကို ဘယ်ရမ်းညာရမ်းပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ ရမ်းတမ်းတမ်း သွားတတ်ခြင်း


၂။ရမ်းပြီးသွားတတ်ခြင်း
လန်ဒန်လမ်းတွေက ရန်ကုန် မန္တလေးက လမ်းတွေမဖြောင့်၊ ဟိုကောက် ဒီကောက် ဟိုပေါက် ဒီပေါက်။
အပိတ်လမ်း အကွေ့လမ်း အ၀ိုက်လမ်း စုံနေတာဘဲ။ ဒီကထွက်ပြီး ဒီနေရာပြန်ရောက်တဲ့လမ်းတွေတောင် ရှိသေး။
အဲဒီလိုလမ်းမျိုးတွေကို လမ်းလျောက်သွားရင်း မျက်စိလည်လမ်းမှားခဲ့တာလဲ အခါပေါင်းမနည်းဘူး။
ဒါပေမဲ့ မြန်မာပီပီ ဒီကသွားရင် ဟိုနေရာတော့ ရောက်လောက်ပါရဲ့ ဆိုပြီး ရမ်းသွားတတ်ခြင်း။


၃။ရမ်းပြီးပြောတတ်ခြင်း
မြန်မာနိုင်ငံမှာနေစဉ်က ကိုယ့်ကိုကိုယ် အင်္ဂလိပ်စာ အင်္ဂလိပ်စကား ဟုတ်လှပြီလို့ ထင်မှတ်ခဲ့သမျှ လန်ဒန်ရောက်မှဘဲ ငါဘာမှ မဟုတ်သေးပါလားလို့သဘောပေါက်မိတယ်။ လူအမျိုးမျိုးနေထိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက် Accent တွေကလဲ အမျိုးမျိုးရှိကြတာကိုးဗျ။
ဈေးဆိုင်တွေကို သွားပြီး ဈေးသွားဝယ်တဲ့အခါမျိုးမှာ ဆိုင်ရှင်ပြောတဲ့စကားကို နားမလည်ပေမဲ့လဲ နားလည်ချင်ယောင် ဆောင်ပြီး မျက်နှာကို အခြေအနေကြည့်ကာ Yes သို့မဟုတ် No သို့မဟုတ် Ok ဆိုပြီး ရမ်းပြောတတ်လာခြင်း။


၎။ရမ်းပြီးစားတတ်ခြင်း
လန်ဒန်အစားအစာတွေဆိုတော့ နဂိုကထဲက အထင်ကြီးပြီးသား။ ဘာဖြစ်ဖြစ်အကုန်လုံးကောင်း အကုန်လုံး အားရှိမဲ့အစားအစားတွေလို့ထင်ထားပြီး Expire ဖြစ်မဖြစ်သတိမထားဘဲ ရမ်းစားတတ်လာခြင်း
(လျော့ဈေးနဲ့ ရောင်းနေတဲ့ ဆိုင်ကအစားအစာတွေကို ၀ယ်ပြီးနောက်မှ Expire ဖြစ်မှန်းသိရလို့ ရမ်းစားတဲ့အကျင့်ကိုတော့ ဖျောက်ပစ်လိုက်ပါပြီ)။


၅။ရမ်းပြီးကြွားတတ်ခြင်း
မြန်မာနိုင်ငံကို ဖုန်းလှမ်းပြောတဲ့အခါမျိုးမှာ ဘယ်နားမှာက ဘာရှိတယ်၊ ဘယ်နေရာက ဘယ်သူ့အတွက်၊ ဘယ်ကိုသွားရင် ပိုက်ဆံအရမ်းကုန်တယ်၊ ဘယ်နေရာကတော့ ကမ္ဘာ့အဆင့်အမြင့်ဆုံး၊ ဘယ်ဘောလုံးကွင်းက ဘယ်လောက်ကောင်းတာ စတဲ့ကြွားလုံးတွေကို မရောက်ဖူး မကြုံဖူးဘဲ တစ်ဆင့်ကြားစကားနဲ့ ရမ်းကြွားတတ်ခြင်း


၆။ရမ်းပြီးဝယ်တတ်ခြင်း
ပစ္စည်းတွေဝယ်တဲ့အခါ ၀ယ်နေကျသူတွေထံ ကောင်းကောင်းမစုံစမ်းဘဲ ရမ်းပြီးဝယ်တတ်ခြင်း
(ကျနော် Coat အင်္ကျီနှစ်ထည်ဝယ်ခဲ့တယ်။ တစ်ထည်က ပေါင် ၁၅၀။ နောက်တစ်ထည်က ပေါင် ၈၀။ မြန်မာငွေပေါက်ဈေးနဲ့ဆို နှစ်ထည်ကို ၀ယ်တဲ့အချိန်က ပေါက်ဈေးနဲ့ဆို လေးသိန်းကျော်။ နှမြောစရာကောင်းလိုက်တာ။)


၇။ရမ်းပြီးကစားတတ်ခြင်း
စပ်စုတတ်သူပီပီ အထူးအဆန်းကလေးတွေတွေ့ရင် ဘာဘာညာညာ စုံစမ်းမေးမြန်းခြင်းမပြုဘဲ ရမ်းပြီး ကစားတတ်ခြင်း
(အင်္ဂလန်နိုင်ငံရဲ့ ဒုတိယမြို့ တော်ဖြစ်တဲ့ ဘာမင်ဂမ်မြို့ ကို ကျနော်တို့ သွားကြတယ်။ ကထိန်ပွဲတော်တုန်းကပါ။
မြန်မာဘုန်းတော်ကြီးတစ်ကျောင်းမှာ ကထိန်ပွဲကျင်းပတယ်။ အဲဒီကျောင်းကို ရောက်စဉ်တုန်းက ကျောင်းနံရံမှာ သော့တွဲလိုမျိုး ခပ်သေးသေး Electronic ပစ္စည်းလေးချိတ်ဆွဲသွားတာ တွေ့ရတယ်။ ကျနော်လဲ စပ်စုချင်တာနဲ့ ပစ္စည်းလေးပေါ်မှာရှိတဲ့ Button လေးကို နှိပ်ကြည့်လိုက်တယ်။ ဘာပြောကောင်းမလဲ တစ်ကျောင်းလုံး ဆူညံသွားတော့တာပါဘဲ။ နောက်မှ သူခိုးတွေ ကျောင်းထဲဝင်ရင် အချက်ပေးအောင်ပြုလုပ်ထားတဲ့ အဝေးထိန်း Remote မှန်းသိရတယ်။ ရှက်လိုက်တာဗျာ။ မပြောပါနဲ့တော့။)


၈။ရမ်းပြီးချက်တတ်ခြင်း
မြန်မာနိုင်ငံမှာ နေစဉ်တုန်းက အခန့်သားကြိုက်သလို စားခဲ့ရပေမဲ့ လန်ဒန်ရောက်တော့ ရတတ်ရာရာ ၀ယ်ပြီး ချက်နည်းပြုတ်နည်း ၁၀၀ ကျော်ကျော်ကို ရမ်းချက်တတ်ခြင်း
(ဆားငန်လို့ ရေထပ်ရော။ ရေများသွားလို့ ဆားထပ်စွပ်ရပေါင်းလဲ မနည်းတော့ဘူး)


၉။ရမ်းပြီးချတ်တတ်ခြင်း
ဘယ်ဆီဘယ်ဝယ်ကမှန်းမသိတဲ့သူတွေရဲ့  Invite လုပ်ထားတာကို လက်ခံပြီး ရောက်တတ်ရာရာ ရမ်း ချတ်တတ်ခြင်း
(မေးတာတွေ ဖြေပေးရတာက များပါတယ်။ ကျနော်က စကားနည်းတော့ သူတို့မေးတဲ့ မေးခွန်းခပ်ခက်ခက်တွေကို ဖြေနေရတာနဲ့ အချိန်ကုန်ပါတယ်။
ဥပမာ။ နေကောင်းလား ဆိုတဲ့မေးခွန်းမျိုး။ အသက် ဘယ်လောက်ရှိပြီလဲ ဆိုတဲ့ မေးခွန်းမျိုး ဘာအလုပ်လုပ်နေတာလဲ ဆိုတဲ့ မေးခွန်းမျိုးတွေပေါ့ဗျာ)


၁၀။ရမ်းပြီးလွမ်းတတ်ခြင်း
အမေက သားကို လွမ်း သားက ချစ်သူကိုလွမ်း တဲ့။ ဆိုရိုးစကားလေးပါ။ ကျနော်ကတော့ အလွမ်းဆယ်ပါးနဲ့ ဘာကိုလွမ်းရမှန်းမသိဘဲ ဟိုဟိုဒီဒီ ရမ်းလွမ်းတတ်ခြင်း



မှတ်ချက်။
အပျော်သဘောနဲ့ ဒီ အရမ်း ၁၀ ပါးကို ရေးလိုက်ခြင်းဘဲ ဖြစ်ပါတယ်။ အမှန်အကန်တွေဘဲလို့ စာဖတ်သူတွေ ထင်ရင်လဲ စိတ်ကြိုက်ထင်မြင်နိုင်ကြောင်းပါခင်ဗျာ။

Saturday, 29 November 2008

အလွမ်း ၁၀ ပါး


အကန်း ၁၀ ပါးရေးပြီးတဲ့အခါမှာ သူရဲ့ ကာရန်ခပ်ညီညီဖြစ်တဲ့ အလွမ်း ၁၀ ပါးကို ခပ်ကြောင်ကြောင် ကြံဖန်ရေးရရင်ကောင်းမှာဘဲဆိုပြီး ကျနော် ခံစားမိတဲ့ အလွမ်း ၁၀ မျိုးကို ရေးလိုက်မိပါတယ်။

မိဝေးဖဝေး ဆရာဝေး နိုင်ငံဝေးပြီး တစ်နယ်တစ်ကျေးမှာ ပညာရှာနေရပေမဲ့ အလွမ်းဓါတ်ခံ ရှိသူမို့
နေပူရင်လဲ လွမ်းတယ်။ မိုးရွာရင်လဲ လွမ်းတယ်။ နှင်းကျရင်လဲ လွမ်းတယ်။ သစ်ရွက်ကလေးတွေ ကြွေကျရင်လဲ လွမ်းတယ်။ ပူအိုက်ရင်လဲ လွမ်းတယ်။ ချမ်းအေးရင်လဲ လွမ်းတယ်။ အကုန်လုံး လွမ်းစရာတွေချည်းပါဘဲဗျာ။


လွမ်းစရာတွေ ဆွေးစရာတွေ အများအပြားရှိပေမဲ့လဲ အခု အလွမ်း ၁၀ ပါးကတော့ အလွမ်းတကာ့ အလွမ်းဆုံးလေးတွေရယ်ပါ။ ဖတ်ပြီးရင် ခပ်ကြောင်ကြောင်ကောင်ဘဲလို့ စိတ်ထဲ ရေရွတ်လိုက်ကြဦးပေါ့။ ဒါမှ ဖတ်ရကျိုးနပ်မှာ မဟုတ်လား။ ဟဲ ဟဲ။


၁။ဘုရားအလွမ်း

လန်ဒန်တံတား လန်ဒန်မျက်စိ ဂရင်းနစ် နန်းတော် ပြတိုက်စတဲ့ စိတ်ဝင်စားစရာတွေ အများအပြားရှိပေမဲ့ ရန်ကုန်က ရွှေရောင်ပြောင်ပြောင် ကြည်ညိုဂုဏ်ကိုဆောင်တဲ့ ရွှေတိဂုံဘုရား အလွမ်း

၂။မိဘအလွမ်း
လန်ဒန်မှာ ဘုရင်မကြီး ၀န်ကြီးချုပ်စတဲ့ အဆင့်မြင့်မြင့်အုပ်ချုပ်မှုအောက် နွေးထွေးစွာ နေခွင့်ရရှိပေမဲ့ မရှိအတူတူ ရှိအတူတူ ထမင်းရည်ပူအတူတူ သောက်ခဲ့ကြတဲ့ မိဘအလွမ်း

၃။စာဥအလွမ်း
လန်ဒန်သူတွေ ဥရောပသူတွေ ကုလားမလေးတွေ နိုင်ငံတကာမှ ကာလာစုံလေးတွေ နတ်သမီးတမျှ လှပပေမဲ့လဲ ရန်ကုန်မှာ ကျန်ရစ်ခဲ့တဲ့ တောဆန်ဆန် စာဥအလွမ်း

၎။ကန်ဇွန်းရွက်အလွမ်း
လန်ဒန်မှာ ကြက်သား ၀က်သား ဆိတ်သား KFC, FISH & CHIPS တွေ မှိုလိုပေါပေမဲ့ မြန်မာမှာ စားခဲ့ရတဲ့ ကန်ဇွန်းရွက်အလွမ်း

၅။စူပါကော်ဖီမစ်အလွမ်း
လန်ဒန်မှာ အက်စ်ပရက်ဆို ကပုချီနိုစတဲ့ ရှယ်ကော်ဖီတွေ ရှိပေမဲ့
မြန်မာပြည်က ခပ်ခါးခါး ပလိန်း စူပါကော်ဖီမစ် အလွမ်း

၆။ဘတ်စ်ကားအလွမ်း
မြေအောက်ရထား မြေပေါ်ရထား ဘတ်စ်ကားစတဲ့ အကောင်းစား ယာဉ်တွေချည်း စီးနေရပေမဲ့ ရန်ကုန်က ခပ်ကြပ်ကြပ် ချွေးနံ့သင်းပျံ ပျံ့  စီးခဲ့ရတဲ့ ၄၃လိုင်း ဘတ်စ်ကားအလွမ်း

၇။ကြိမ်ကုလားထိုင်အလွမ်း
ဆိုဖာ မွေ့ယာစတဲ့ ဇိမ်ခံပစ္စည်း ခပ်အိအိတွေကို အလျံပယ်သုံးနေရပေမဲ့
မြန်မာက တောဖြစ် ကြိမ်ကုလားထိုင်အလွမ်း

၈။နွားနီတံဆိပ် နို့မှုန့်အလွမ်း
နွားနို့ ဆိတ်နို့ နို့မှုန့်စတဲ့ ယူကေစတန်းဒါတ် နို့ပေါင်းစုံသောက်ခွင့်ရပေမဲ့
မြန်မာပြည်က စာဥ... အ.ဲ... နွားနီ နို့မှုန့်အလွမ်း

၉။ကားလမ်းအလွမ်း
လန်ဒန်မှာ အဝေးပြေးလမ်းမကြီးတွေ မြို့ ထဲလမ်းတွေ ချောမွတ်နူးညံ့ပြီး သာသာယာသာ ငြိမ့်ငြိမ့်ငြောင်းငြောင်း စီးလို့ အရမ်းကောင်းပေမဲ့ ကားစီးခရီးသွားတဲ့အခါ ထမင်းစားပြီး အစာကြေဆေးမလိုဘဲ အစာကြေသွားလောက်အောင် တစ်ဂျုန်းဂျုန်းဆောင့်တဲ့ မြန်မာနိုင်ငံက ဖုန်တထောင်းထောင်း ချိုင့်တွေဗလပွနဲ့ ကားလမ်းအလွမ်း

၁၀။သစ်တောအလွမ်း
လန်ဒန်မှာ တော်ဝင်ဥယျာဉ်တွေ သဘာဝသစ်တောတွေ အပြည့်အ၀ရှိပေမဲ့ တောရိုင်းပန်းနံ့များ သင်းပျံ့ နေတဲ့
ရွာအရှေ့ ဘက် နှစ်မိုင်ကျော်အကွာအဝေးမှာရှိတဲ့ သစ်တောအလွမ်း

Friday, 28 November 2008

အကန်း ၁၀ ပါး

လောကမှာ အကန်းတွေ အမျိုးမျိုးရှိကြပါတယ်။ အမြင်ဓါတ်လုံးလုံးမရတဲ့အတွက် ဘာကိုမှ မမြင်ရတဲ့ တကယ့်ပကတိအကန်း၊ မြင်နေပေမဲ့လဲ မလုပ်ချင် မကိုင်ချင် တာဝန်မဲ့မဲ့နေချင်တဲ့အခါ မမြင်ချင်ယောင်ဆောင်တဲ့ အယောင်ဆောင်အကန်း။ အမြင်ဓါတ်ရှိပေမဲ့ တစ်ခုခု အကာအကွယ်ခံနေတဲ့အတွက် မကန်းပေမဲ့ ကန်းသလိုဖြစ်နေတဲ့အကန်း စသဖြင့် စသဖြင့် အကန်းမျိုးစုံပေါ့ဗျာ။
အကန်းတကာ့အကန်းတွေထဲက ဒီအကန်းလေးတွေကို ခံစားကြည့်ပေးပါဦး။ ။



၁။မောဟ အကန်း

ဘာသာရေး နိုင်ငံရေး လူမှုရေး စီးပွါးရေး စတဲ့ နယ်ပယ်တွေမှာ
အမှန်အမှားကို ခွဲခြားမသိဘဲ၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုပြီး ဇွတ်တရွတ် တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်နေကြတဲ့ မောဟအကန်း

၂။အမှောင်အကန်း
လကွယ်ည သန်းခေါင်ယံ ညဥ့်နက်နက်မှာ မိုးအမှောင်ကျပြီး လောကကြီးအားလုံး ပိတ်ပိတ်ဖုံးဖုံး အမိုက်တိုက်ကြီးသက်သက်ဖြစ်နေတဲ့ အမှောင်အကန်း

၃။အကာအရံအကန်း
တော တောင် ကျောက်ဆောင် သစ်ပင် ရေ တံတိုင်း နံရံ လိုက်ကာ အထပ်သားစတဲ့ အကာအရံတွေကြောင့် ဘာမှ မမြင်ရတဲ့ အကာအရံအကန်း

၎။တစ်ဖက်ကန်း
ဘ၀ပေး ကံကြမ္မာအရ မျက်စိတစ်ဖက်သာ အလင်းရပြီး ကျန်တဲ့ တစ်ဖက် အလင်းမရတဲ့ တစ်ဖက်ကန်း

၅။စုံလုံးကန်း
ဝိပါက်ကြမ္မာ မလွတ်သာ ဆိုသလို မိမိပြုခဲ့တဲ့ အတိတ်အကုသိုလ်ကံဆိုး လိုက်လာပြီးနှောင့်ယှက်တဲ့အတွက် မျက်စိနှစ်ဖက်လုံး မမြင်ရရှာတဲ့ စုံလုံးကန်း

၆။စည်ပင်အကန်း
စည်ပင်သုံး ကားအကောင်းစားကြီးပေါ်မှာ ဇိန်ကျကျထိုင်လိုက်ရင်း မြို့ တော်သန့်ရှင်းရေးအတွက် စစ်ဆေးရေးထွက်တဲ့အခါ အမှိုက်ပုံကြီးကြီးမားမား ကားလမ်းဘေးရှိနေတာကိုတောင် မမြင်ချင်ယောင်ဆောင်နေတဲ့ စည်ပင်အကန်း

၇။လမ်းဗိုလ်အကန်း
နယ်ဘက်တစ်လျှောက် ကားတစ်စီးနှင့် လမ်းကောင်းမကောင်းစစ်ဆေးရေးထွက်တဲ့အခါ လမ်းကောင်းကောင်း ဖြောင့်ဖြောင့်ဖြူးဖြူးရှိနေရင် လမ်းကိုကြည့်ပြီး သဘောခွေ့တတ်ပေမဲ့ လမ်းမကောင်းဘဲ ချိုင့်တွေ ခွက်တွေချည်းဖြစ်နေတဲ့အခါ အိပ်ငိုက်ချင်ယောင်ဆောင်ပြီး မမြင်သလိုနေတဲ့ လမ်းဗိုလ်အကန်း

၈။ချစ်သူအကန်း
ချစ်စိတ်တွေမွန် ရာဂတွေမုံယိုပြီး မဘက်လိုက် မိုက်ဖက်ပါ၊ (ကျားဘက်လိုက်လဲ မိုက်ဖက်ပါ) ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အဟင့် အဟင့် ညုတုတု လုပ်ပြီး ဘာကိုမှ အရေးမထား မီးကုန်ယမ်းကုန် ထင်တိုင်းကြဲနေကြတဲ့ ချစ်သူအကန်း

၉။မိဘအကန်း
သားသမီးဆိုတဲ့အသိနဲ့ ဘာလုပ်လုပ် ငါတို့ကလေးတွေ လုပ်တာ အကုန်မှန်တယ်၊ ဘယ်သူသေသေ ငါတို့သားမာနေရင် ပြီးရော ဆိုပြီး အကြောင်းအကျိုး အကောင်းအဆိုးကို မခွဲခြားတတ်တဲ့ မိဘအကန်း

၁၀။မုဆိုးအကန်း
ကိုယ့်ရဲ့ ပစ်မှတ် သားသမင်ကိုဘဲ မြင်ပြီး ကိုယ့်ကို ရန်ပြုလာမဲ့(ကိုယ်ကိုယ်တိုင် ပစ်မှတ်အဖြစ်ကို ရောက်စေမဲ့) ကျားဘုရင်ကို မမြင်တဲ့ မုဆိုးအကန်း



ဝန်ခံချက်။
ကိုမင်းထက်ရဲ့  အနမ်းဆယ်ပါးကို ဖတ်ပြီး အကန်းဆယ်ပါးကို စမ်းရေးကြည့်ထားတာပါ။
အကန်းတွေ ဆယ်မျိုးထက် ပိုရှိမှာ သေချာပါတယ်။ ဒါပေမဲ့ ဒီမှာကတော့ ဆယ်မျိုးထဲပါဘဲ။
ဟဲ ဟဲ အတု ခိုးထားတာကိုးဗျ။

Thursday, 27 November 2008

ဘ၀ဆိုတာ



ဘ၀ဆိုတာ
အချစ် အမုန်း၊ အပြုံး အငို
မျက်ရည်စိုများနှင့်ဖွဲ့ စည်းထားတယ်။

ဘ၀ဆိုတာ
ဆို က ရေး တီး၊ ယီးတီးယားတား
အထင်များနှင့်ဖွဲ့စည်းထားတယ်။

ဘ၀ဆိုတာ
ကျင်နာ ခံခက်၊ ဖြစ်ပျက်သမျှ
သင်္ခါရတို့နှင့်ဖွဲ့စည်းထားတယ်။

ဘ၀ဆိုတာ
မရှိလျှင်တောင့်တ၊ ရှိလျှင်ကြောင့်ကြ
လောဘများနှင့်ဖွဲ့စည်းထားတယ်။

ဘ၀ဆိုတာ
ရတာမလို၊ လိုတာမရ
ဒေါသများနှင့်ဖွဲ့စည်းထားတယ်။

ဘ၀ဆိုတာ
ရောက်ဆဲခဏ၊ မသိတတ်ကြ
မောဟများနှင့်ဖွဲ့စည်းထားတယ်။

ဘ၀ဆိုတာ
ကိုယ့်ထက်သာရာ၊ မနာလိုပါ
ဣဿာများနှင့်ဖွဲ့စည်းထားတယ်။

ဘ၀ဆိုတာ
မရှိ မာန၊ ရှိလျှင်တက်ကြွ
မာနများနှင့်ဖွဲ့စည်းထားတယ်။

ဘ၀ဆိုတာ
အမှန်မသိ၊ မမှန်မသိ
ဒိဋ္ဌိများနှင့်ဖွဲ့စည်းထားတယ်။
.......................

မကောင်းဖွဲ့စည်း၊ ထိုသည့်နည်းကား၊ မကြီးမပွါး၊ ရန်သူများ၏။
သေပြီးသောခါ၊ ပါယ်လေးရွာ၊ မှန်စွာရောက်လေ၏။

မေတ္တာကရု၊ မုဒိ ဥပေက်၊ ဤလေးချက်ဖြင့်၊
စွဲလျက်ဖွဲ့စည်း၊ ထိုသည့်နည်းကား၊ ကောင်းချီး ထောပနာ၊ ပြုထိုက်စွာ၏။
သေပြီးခဏ၊ နောက်ဘ၀၊ ရောက်ရသုဂတိ။
........................

ဘ၀ဆိုတာ
အခုဘ၀ မလွယ်၊ နောက်ဘ၀ အပါယ်
တကယ်မဖြစ်သင့်။

ဘ၀ဆိုတာ
အခုဘ၀ ပီတိ၊ နောက်ဘ၀ သုဂတိ၊
တကယ်ဖြစ်သင့်၏။

ခိုင်ခိုင်တက်ပါ့မယ်



ဆောင်းဦးကာလ
နှင်းမှုန်ကျတော့
အလှကိုယ်စီရှိကြတယ်။

ဆောင်းအ၀င်က ကြမ်း
လေ သရမ်းတော့
မချမ်းဘယ်သူရှိပါ့မယ်။

ချမ်းချမ်းအေးအေး
စောင်ခြုံကွေးလဲ
မဆွေးဘယ်သူရှိပါ့မယ်။

နှင်းမိုးတွေဆင်း
အမြင်မရှင်းတော့
မပျင်းဘယ်သူရှိပါ့မယ်။

ဈေးတွေကတက်
ငွေတွေထွက်တော့
(စိတ်)မပျက်ဘယ်သူရှိပါ့မယ်။

ပိုက်ဆံက တဆစ်
(ဈေးနှုန်း)သူလာရစ်တော့
မညစ်ဘယ်သူရှိပါ့မယ်။

ပညာရေးအတွက်
ရှေ့ ဆက်လက်
မမက်ဘယ်သူရှိပါ့မယ်။

စိတ်ဓါတ်မပျက်
ရှေ့ ချီတက်
ဆက်လက်ကြိုးပမ်းမယ်။

ငုတ်မိသဲကိုင်
တက်ဖျားတိုင်
ခိုင်ခိုင်တက်ပါ့မယ်။

တက်မယ်.. တက်မယ်။

Wednesday, 26 November 2008

ဗြိတိသျှနိုင်ငံသားခံယူပွဲ


ဒီနေ့ နေ့လည်ခင်းမှာ သူငယ်ချင်းတစ်ယောက် ဗြိတိသျှနိုင်ငံသားအဖြစ်ခံယူပွဲရှိတယ်။
အဲဒီအခမ်းအနားက နေ့လည် သုံးနာရီမှာ စမှာတဲ့။
ကျနော်လဲ ဗဟုသုတအဖြစ်
သူ့ရဲ့ အထူးဧည့်သည်တော်တစ်ယောက်အနေနဲ့ သူနှင့်အတူ လိုက်ပါသွားခဲ့တယ်။
နေရာကတော့ ဟောင်းစလိုး (Hounslow) မှတ်ပုံတင်ရုံးမှာဖြစ်ပါတယ်။

Affirmation of Allegiance

I, (name), do solemnly and sincerely affirm that on becoming a British citezen, I will be faithful and bear true allegiance to Her Majesty Queen Elizabeth the Second, Her Heirs and Successors, according to law.

သစ္စာစောင့်သိမှုအတွက်ကတိပြုချက်
ကျန်ုပ် လေးလေးနက်နက် ရိုးရိုးသားသား ခိုင်ခိုင်မာမာ ကတိပြုပါတယ်။ ဗြိတိသျှနိုင်ငံသားဖြစ်ဖို့ ဥပဒေနှင့်အညီ ဒုတိယ အဲလိဇဘက်သ် ဘုရင်မကြီး၊ ဘုရင်မကြီးရဲ့ အမွေခံ နှင့် ဘုရင်မကြီးရဲ့ အရိုက်အရာကို ဆက်ခံသူတို့ကို
သစ္စာစောင့်သိပါမယ်။
..............................

အဲဒါတွေကတော့ ဗြိတိသျှနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရဖို့ ကတိသစ္စာပြုရတဲ့ စာပိုဒ်ကလေးပါ။
ထာဝရဘုရားရှင်ကို ယုံကြည်လက်ခံထားတဲ့သူက ထာဝရဘုရားကို ကျမ်းသစ္စာ ကျိန်ဆိုရပြီး တစ်ခြားဘာသာဝင်တွေကတော့ ဘုရင်မကြီးနှင့်သူမရဲ့ အမွေခံ၊ အရိုက်အရာဆက်ခံသူတို့အပေါ် သစ္စာစောင့်သိပါမယ်လို့ ကတိပေးရပါတယ်။

Wales(ဝေးလ်စ်နိုင်ငံ)မှာ ဗြိတိသျှနိုင်ငံသားခံယူတဲ့သူတို့က ဝေးလ်စ်ဘာသာ (Welsh) နှင့်တိုင်တည်ရင်ရပါတယ်။ ကျန်တဲ့ဒေသမှာ ခံယူတဲ့သူတွေကတော့ အင်္ဂလိပ်လိုဘဲ တိုင်တည်ရတာပါ။

ဘုရင်မကြီးရဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့ အဘွားအိုရဲ့ မျက်နှာဟာ အရမ်းတည်ငြိမ်ပြီး ကျက်သရေ ရှိလှပါတယ်။
အခန်းအနားက သိပ်မကြာလိုက်ပါဘူး။ နာရီဝက်လောက်ပါဘဲ။ မြန်မာအခန်းအနားတွေလို အချိန်အကြာကြီးမဟုတ်ပါဘူး။

အခန်းအနားအစီအစဉ် သုံးလေးခုနှင့် အဆုံးသတ်သွားပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သံဃာတော်တို့ကို ပင့်ဖိတ်ပြီး ဘုရားအနေကဇာတင်ပေးသလိုပါဘဲ။ ဒီအခန်းအနားပြီးတော့ တက်ရောက်ကြတဲ့ သက်ဆိုင်သူတွေ ဗြိတိသျှနိုင်ငံသား စစ်စစ်ဖြစ်သွားကြရောပေါ့။ လွယ်လွယ်လေးပါဘဲ။

အခန်းအနားအပြီးမှာ ဘုရင်ဝတ်စုံဝတ်ထားတဲ့ အဘွားအိုနှင့်အတူ ဓါတ်ပုံရိုက်ကြတယ်။ အမှတ်တရအနေနဲ့ပေါ့။
အပြန်လမ်းမှာတော့ ကျနော့်သူငယ်ချင်းတစ်ယောက် ဗြိတိသျှနိုင်ငံသား စစ်စစ်ကြီးဖြစ်လာတဲ့အတွက် မြောက်ကြွမြောက်ကြွဖြစ်နေလေရဲ့ ။

သူက ပါတီပွဲကို KFC နှင့်ပြုလုပ်ပေးတယ်။ ကျနော့် အကြိုက်ပေါ့ဗျာ။

.......

Tuesday, 25 November 2008

Winter will be soon


Today is a bit getting into cool.
Very windy outside.
Clouds are moving forwards.

Trees are dancing left to right and reverse order under the cloudy sky.
Birds are flying here and there.
Rain-drops are showering around our place.

The weather wants to welcome Winter.
I like cold season and also I am afraid of cold season.
Winter wind here is bitterly cold.

No tree can produce leaf, flower and fruit in Winter.
All of them are hiding themselves inside their own trunks in Winter.
Nevertheless, the Winter will surely come soon.

လိုချင်မှုများစွာ

ပညာတတ်တစ်ယောက် မဖြစ်ချင်ဘူး
ပညာရှိတစ်ယောက်ဘဲ ဖြစ်ချင်တယ်။

သူဌေးမဖြစ်ချင်ဘူး
ပိုက်ဆံဘဲရှိချင်တယ်။

ဘွဲ့ တွေ ဒီဂရီတွေ မလိုချင်ဘူး
ဘက်ပေါင်းစုံဒေါက်တာဘဲဖြစ်ချင်တယ်။

နာမည်လုံးဝမကြီးချင်ဘူး
လူသိဘဲများစေချင်တယ်။

ကိုယ့်ကောင်းကြောင်း ပြောတဲ့သူတွေကိုမကြိုက်ဘူး
ကိုယ့်မကောင်းကြောင်း မပြောတဲ့သူတွေကိုဘဲ နှစ်သက်တယ်။

မင်းလေးနှင့်လက်မထပ်ချင်ဘူး
မင်္ဂလာဘဲဆောင်ချင်တယ်။

လူတွေရဲ့ အချစ်ကို မခံချင်ဘူး
မမုန်းတာကိုဘဲ လိုချင်တယ်။

အလှအပ မကြိုက်တတ်ဘူး
ပဘာဝတီလောက်ဆို ကျေနပ်တယ်။

ရတနာတွေ မမက်မောဘူး
အဖိုးတန်စိန်တွေအများကြီးဘဲ လိုချင်တယ်။

အိုင်တီခေတ်ကြီးကို မကြိုက်ဘူး
WWW. ကိုဘဲ အမြဲတမ်းသုံးခွင့်ရချင်တယ်။

နိုင်ငံခြားတွေ စိတ်မ၀င်စားဘူး
ပြည်ပကိုဘဲ သွားချင်တယ်။

မင်းလေးရဲ့  အနမ်းကို မမက်မောဘူး
နူးညံ့တဲ့ Kiss ကိုဘဲ တမ်းတတယ်။

လိုချင်မှုတွေ များစွာ များစွာရှိပေမဲ့
များစွာ များစွာထဲက လိုချင်မှုတွေကို
များစွာ များစွာသော လူတွေက
များစွာ များစွာဘဲ လိုချင်မယ်ဆိုတာ
ကျနော်လဲ များစွာ များစွာ နားလည်နေလျက်ပါ။ ။

Monday, 24 November 2008

မှုန်ဝါးဝါးပန်းတိုင်

မှုန်ဝါးဝါး ဖြစ်နေတဲ့ ပန်းတိုင်
လှမ်းကိုင်ဖို့ ကြိုးစားရင်း
နိုးကြားမှုအပြည့်နှင့်ခွန်အား
နေ့မအား ညမအား။

ခရီးရှည်ကို ရွက်လွင့်
တက်ဖွင့်ကာ လှော်ခတ်သည့်တိုင်
ပဲ့ကိုင်က လုံးဝမသပ်ရပ်
လှေငယ်ခမျာ ဘယ်ကပ် ညာကပ်။

လမ်းမမြင် ကမ်းမမြင် သမုဒ္ဒရာထဲ
အထုပ်ရိက္ခာ ဗလချာနဲ့မို့
ခန္ဓာကိုယ်မှာ အာဟာရယုတ်
လှိုင်းတွေက ဟိုပုတ် ဒီပုတ်
ဝီရိယတွေက ဟိုမဟုတ် ဒီမဟုတ်။
ကျနော့်မှာတော့ ခွန်အားတွေ ဆုတ်ယုတ်။ ။


မင်းနှင့်အတူ


မင်းနှင့်အတူ
ကောင်းကင်မှာ ပျံသန်းပြီး
တိမ်ညွန့်တွေကို အားရပါးရစားသောက်ခဲ့ဖူးတယ်။


ပလူတို ယူရေးနပ်စ် စတဲ့
ဂြိုဟ်ကြီးကိုးလုံးကို ဇယ်လုပ်ကာ
အာကာသတွင်းနက်နက်ကြီးထဲ
ဒို့နှစ်ယောက်ရဲ့ လက်ချောင်းလေးတွေနှင့်
အဆက်မပြတ် တောက်ချပြီး ကစားခဲ့ဖူးတယ်။


ပင်လယ်ပြင်ကြီးကို
စိန်ကတ္တီပါကော်ဇောလို သဘောထားပြီး
မင်းနှင့်အတူ ရှပ်တိုက်ပြေးလွှား
ပျော်ပါးစွာ ဖြတ်လျောက်ခဲ့ဖူးတယ်။


နေလုံးကြီးကို
ဘောလုံးလေးအဖြစ်သတ်မှတ်ပြီး
မြင်းမိုရ်တောင်ကြီးကို လေးပိုင်းချိုး နှစ်ဖက်ဂိုးတိုင်ပြုလုပ်ကာ
စကြာဝဠာကြီးထဲမှာ
မင်းနှင့်ကို အတူကန်ကစားခဲ့ဖူးတယ်။


ဘာမျူဒါတြိဂံထဲ
မျက်စိလည်လမ်းမှားရင်း
ငါးမန်းအကောင် တစ်သောင်းလောက်ကို
ညစာဟင်းအဖြစ်ပြုလုပ်ပြီး
မင်းနှင့်အတူ မြိန်ရည်ရှက်ရည် စားခဲ့ဖူးတယ်။


Solar System တွေ ဘယ်လောက်ရှိလဲဆိုတာ သိချင်လို့
မိုင်ပေါင်း အသင်္ချေ အသင်္ချာ ကြည့်လို့ရတဲ့
မှန်ပြောင်းကြီးနှင့်
အာကာသလွင်ပြင်ကြီးထဲကြည့်ပြီး
Solar System တွေကို
မင်းနှင့်အတူ ရေတွက်ခဲ့ဖူးတယ်။


ငုတ်တုတ်ထိုင်ရင်း ပြေးလွှားခဲ့ရလို့
မောပန်းခဲ့စဉ်တုန်းက
သမုဒ္ဒရာကြီး လေးစင်းထဲက
ရေတွေအားလုံးကို
မင်းနှင့်အတူသောက်ခဲ့ဖူးတယ်။


ဗြဟ္မာမင်းကြီးရဲ့ သမီး မင်္ဂလာဆောင်ကို
စကြာယာဉ်ပျံစီးပြီး မင်းနှင့်အတူသွားတုန်းက
တုသိတာနတ်ပြည်နားအရောက်မှာ
မင်းလေး ပန်းပန်ချင်တယ်ဆိုလို့
လမင်းကြီးကိုဆွတ်ခူးပြီး
ပန်းအဖြစ် မင်းခေါင်းပေါ် ပန်ဆင်ပေးခဲ့ဖူးတယ်။


နွေရာသီ နေ့တစ်နေ့ရဲ့ နေ့လည်ပိုင်းမှာ
မင်းလေး အရမ်းပူအိုက်တယ်ဆိုလို့
တိုက်ဖုန်း ဆိုင်ကလုန်း
ဟာရီကိန်း နာဂစ်စတဲ့
လေမုန်းတိုင်းများစွာကို
လေညှင်းလေးအဖြစ်ပြောင်းပေးကာ
မင်းလေးရဲ့ ကိုယ်ခန္ဓာပေါ်
ညင်ညင်သာသာ
တိုက်ခတ်ပေးစေခဲ့ဖူးတယ်။


မိုးတွေသည်းထန်စွာရွာသွန်းတဲ့
မိုးကာလရဲ့ မနက်ခင်းတစ်ခုမှာ
မင်းလေး မိုးရည်စိုစွတ်မှာ စိုးရိမ်လို့
မိုးကုတ်စက်ဝိုင်းကြီးအလည်တည့်တည့်ကို
ဧ၀ရက်တောင်နှင့်ထောက်ထားပြီး
ထီးအဖြစ်ပြုလုပ်ကာ
မင်းလေးကို မိုးပေးခဲ့ဖူးတယ်။


ဆောင်းကာလ ညတစ်ညမှာ
မင်းလေး အရမ်းချမ်းတယ်ဆိုလို့
ယမမင်းကို သန်လျက်နဲ့ ငါးပိုင်း ပိုင်းသတ်ပြီး
အ၀ီစိက ငရဲမီးတောက် မီးလျှံကြီးကို အမြန်ယူလာကာ
မင်းအနီးမှာ ချပေးထားတုန်းက
မောင်ရယ် အချမ်းမပြေသေးဘူးလို့ မင်းလေးပြောတဲ့အတွက်
အ၀ီစိထက် ပိုပူပြင်းမဲ့
တိုးချဲ့ ငရဲ တစ်ထပ် တည်ဆောက်ဖို့
မာရ်နတ်မင်းကြီးထံ ကို တောင်းဆိုခဲ့ဖူးတယ်။


ယူဖရေးတီးမြစ်သောင်ခုံထက်က
သဲမှုန်သဲပွင့်လေးတွေကို
တစ်နေကုန်ထိုင်ပြီး တစ်ခုချင်း ရေတွက်ခဲ့စဉ်တုန်းက
မင်းလေး အရမ်းညောင်းကိုက်နေတယ်ဆိုလို့
ကမ္ဘာလုံးကြီးကို ၀မ်းလျားမှောက်အိပ်နေတဲ့ မင်းလေးအပေါ်တင်ပေးပြီး
ဆူနာမီ ငလျင်ကို ခပ်နာနာလေး လှုပ်ပေးစေခဲ့ပေမဲ့
မောင်ရယ်... အညောင်းမပြေသေးဘူး လို့ပြောတဲ့အတွက်
ငလျင်မင်းထံ ကိုယ်တိုင်သွားပြီး
ဆူနာမီထက် အဆထောင်ပေါင်းများစွာ ပြင်းထန်တဲ့
ငလျင်အသစ်အဆန်းတစ်မျိုးကို
ထပ်လှုပ်ပေးဖို့ ကို အသနားခံခဲ့ဖူးတယ်။


ဘာသာစကားတွေ များလွန်းတဲ့အတွက်
သူများတွေ ပြောတဲ့စကားတွေကို
မင်းလေးနားမလည်ဘူးဆိုလို့
တစ်ကမ္ဘာလုံးကသူတွေအားလုံး
"၀ ထ က လ သ" ဆိုတဲ့ ဘာသာစကားတစ်မျိုးထဲပြောကြအောင်
ကို လုပ်ပေးခဲ့ဖူးတယ်။


မောင်ရယ်
ကိုးကွယ်စရာတွေ အရမ်းများတာဘဲ
ဘယ်ဘာသာရေးကို နှမတော် လိုက်နာကျင့်သုံးရမလဲလို့
မင်းလေး မေးတဲ့အတွက်
လက်ရှိဘာသာရေးတွေကို အကုန်ချေဖျက်ပြီး
"မတွေ့ရှိသေးတဲ့ အမှန်တရား"ကိုဘဲ
ကမ္ဘာရဲ့ တစ်ခုတည်းသော ဘာသာအဖြစ်
ကို သတ်မှတ်ပေးခဲ့ဖူးတယ်။


မင်းလေး မှတ်ဥာဏ်မကောင်းဘူးဆိုလို့
ဘုံကြီး ၃၁ ဘုံလုံးကို
တစ်ဘုံထဲဖြစ်အောင် မြေညှိပြီး
ဘုံအသစ်ထပ်ဆောက်ကာ
အဲဒီဘုံကို "နိဗ္ဗာန်ဘုံ"လို့
ကို အသိအမှတ်ပြုပေးခဲ့ဖူးတယ်။


မင်းလေး အရမ်းပျင်းရိနေတယ်ဆိုလို့
အပျင်းပြေကစားဖို့
အာကာသအမှောင်ကြီးထဲမှာ
ရွေ့ လျားမျောပါနေတဲ့
အင်တာနက် ကွန်ယက်ကြီးကို
လက်ဆောင် အဖြစ် ကို ပေးခဲ့ဖူးတယ်။


မောင်တော်ရယ်
သတ္တ၀ါအမျိုးတွေက များလှချည်လား ဆိုလို့
ဂြိုဟ်သားတွေ ကျိုင်းကောင်တွေ
ဗြဟ္မာတွေ နတ်တွေ အသုရာတွေ
လူတွေ ငှက်တွေ တိရစ္ဆာန်တွေ
ပြိတ္တာတွေ အသူရကာယ်တွေ
ယမမင်းမိသားစုတွေ ငရဲသားတွေ
အဲဒါတွေ အားလုံးကို သတ္တ၀ါတစ်မျိုးထဲဖြစ်အောင်ပြုလုပ်ပြီး
အဲဒီသတ္တ၀ါကို "အတ္တ"လို့ နာမည်ပေးခဲ့ဖူးတယ်။


အတ္တကောင်တွေချည်း ပြည့်နှက်နေတဲ့
နိဗ္ဗာန်ဘုံကြီးထဲမှာ
အတ္တကောင်တွေ အားလုံးကို ပိုင်သတော်မူတဲ့
စကြာလက်နက်ပိုင်ရှင်အဖြစ်
ကိုက စကြာဝတေးမင်း
မင်းလေးက ကို့ရဲ့  မိဖုရား
အတူသွား အတူစား အတူကစားပြီး
နိဗ္ဗာန်ဘုံကြီးတိုးတက်ဖို့
မင်းနှင့်ကို အတူ အုပ်ချုပ်ခဲ့ဖူးတယ်။

မောင်ရယ်
ဒါတွေအားလုံး အိပ်မက်မဟုတ်ရင် သိပ်ကောင်းမှာဘဲနော်လို့
အိပ်မက်ထဲမှာ
မင်းလေးပြောခဲ့စဉ်တုန်းက
အိပ်မက်ဆိုလဲ ဘာဖြစ်လဲကလေးရယ်
အိပ်ဆေးများများသောက်
ရာသက်ပန်အိပ်ပြီး
အိပ်မက်ကမ္ဘာကြီးထဲမှာ
အိပ်မက်ရှည်ကြီးကိုဘဲ
မနိုးထကြစတမ်း
ဆက်မက်ကြတာပေါ့လို့ ကိုပြောခဲ့ဖူးတယ်လေ။


အဲဒီအခါလေးမှာ
မျက်တောင်ကော့ကော့လေးကို
တစ်ဖျပ်ဖျပ်လှုပ်ပြပြီး
ပျော်ရွှင်ကျေနပ်တဲ့ မျက်ဝန်းလေးနဲ့
မင်းလေး ကို့ကို စကားတစ်လုံးထဲဘဲပြောခဲ့တယ်။
"အင်း" တဲ့။

Sunday, 23 November 2008

ပန်းဘဝ


ပန်းချင်းအတူတူ
ပိုဂုဏ်ယူချင်သတဲ့လား။

ဘုရားစင် နတ်စင်
အတူယှဉ်ကာနေရာယူ
အတူတူပန်းဘဝ
အရမ်းပိုလှတယ်ထင်နေလား။


နန်းတော် ဘိုးတော်
တစ်မျိုးနော် ကျက်သရေခန်း
အဆန်းဆန်းပြင်ဆင်ထားလို့
အလှဘ၀င်ဟပ်သူချင်းအတူတူ
သူကမှ ပိုလှမတဲ့လား။

ပွဲတော် အခမ်းအနား
အဆန်းအပြားပြင်ဆင်
သူထင်သလို ပိုလှမတဲ့လား။

မင်္ဂလာ မွေးနေ့
တွေးကြည့် ခရစ်စမတ်
အသစ်ထပ်ကာ အလှဆင်
သူဘုရင် ကိုယ်လဲဘုရင်
ဘယ်သူပိုထင်ပေါ်မတဲ့လဲ။

ချာ့ခ်ျ သုဿာန်
သရုပ်အမှန် လွမ်းသူ့ပန်းခွေ
သူနေရာနှင့်သူ
ဘယ်သူက ပိုလှမတဲ့လဲ။

လှတုန်းပန်ဆင်
နွမ်းလျှင်ခြွေချ
အခြေမလှတဲ့ သူတို့ဘ၀။

လှတုန်းအသုံးဝင်
မလှလျှင် ပယ်ပစ်
သနားစရာ သူတို့အဖြစ်။

မာန မာယာ အဘိဇ္ဈာ
ထင်လာသမျှ သူတို့ဘဝ
ရသမျှ သင်ခန်းစာ
မှန်းလို့တာကြည့်ပေတော့။

အသုံးတော်ခံခဲ့ရပေမဲ့
သူတို့ဘ၀အဆုံးမှာ
အမုန်းခံဘ၀နှင့်
အရှုံးဒဏ်ကိုဘဲ ခံစားရပြီး
သူတို့ စံစားရမဲ့နေရာက
သတ္တ၀ါတွေ အသိုက်အမြုံဖြစ်တဲ့
လူတကာတွေရဲ့  အမှိုက်ပုံဘ၀ပါတဲ့ခင်များ။

တရုတ်အတီး ဆွမ်းတင်ပုံ

ရန်ကုန်မြို့ ရဲ့ 
သူဌေးရပ်ကွက်တစ်ခုမှာ
လင်မယားနှစ်ယောက်နေထိုင်ကြသတဲ့။
ယောက်ျားကတရုတ်။ မိန်းမက မြန်မာမ။
ယောက်ျားနာမည်က အတီး။ မိန်းမနာမည်က မိကြည်။

သူတို့နှစ်ယောက်လုံး ဗုဒ္ဓဘာသာဝင်တွေပါ။
နေ့စဉ်နံနက်တိုင်း ဆွမ်းတော်ကပ်လေ့ရှိကြတယ်။ ဆွမ်းတော်အမြဲကပ်လေ့ရှိတဲ့ သူကတော့ မိကြည်ပါ။
မိကြည်ကို အတီးက ချစ်စနိုးလေးနဲ့ အကြည်လို့ဘဲ ခေါ်တယ်။

မိကြည်တစ်ယောက် ဆွမ်းတော်ကပ်ပြီဆိုရင်
ဘုရားစင်ရှေ့ မှာ ထိုင်ပြီး အကြာကြီးရွတ်ဖတ်ပြီးမှ ဘုရားကို ဆွမ်းတော်ကပ်လေ့ရှိတယ်။

"အရဟတာဒိ န၀ဂုဏေဟိ အရဟံအစရှိသော............ဆွမ်းတော်ကို ကပ်လှူပါ၏ဘုရား။ ဤကောင်းမှုကြောင့်.... နိဗ္ဗာန်ကို ရရပါလို၏အရှင်ဘုရား"

အဲဒီဆွမ်းတော်ကပ်နည်းကို အတီးတစ်ယောက် အလွတ်မရရှာပါဘူး။ အဲဒါတွေက မိန်းမအလုပ်လို့ဘဲ သူကထင်တယ်လေ။

တစ်နေ့မှာ မိကြည်တစ်ယောက် ကိစ္စရှိလို့ သူ့ရဲ့ မိဘအိမ်မှာ နှစ်ရက် သုံးရက်လောက်သွားနေတယ်။
အိမ်မှာ အတီးတစ်ယောက်ထဲဘဲ ကျန်ခဲ့တယ်။ မနက်ရောက်တော့ ထမင်းဟင်း ကိုယ်တိုင်ချက်ပြုတ်တယ်။
ပြီးတော့ နေ့စဉ်လုပ်နေကျဖြစ်တဲ့ ဆွမ်းတော်ကပ်တဲ့အလုပ်ကို သူလုပ်ချင်တယ်။ ဒါပေမဲ့ ဆွမ်းတော်ကပ်နည်းကို သူအလွတ်မရဘူး။ အဲဒါမှ ဒုက္ခ။

အတီးတစ်ယောက် ဆွမ်းတော်ပန်းကန်ကို ပြင်ဆင်လိုက်တယ်။ ဆွမ်းနှင့်ဆွမ်းဟင်းကို ကျကျနန ဆွမ်းတော်ပန်းကန်ထဲ တည့်လိုက်တယ်။
ပြီးတော့ ဘုရားရှေ့ သွားပြီး ဆွမ်းတော် ကပ်တယ်။
အတီးတစ်ယောက် ဘုရားရှေ့ မှာ ဘာတွေ ရွတ်ဆိုပြီး
ဆွမ်းတော်ကပ်သလဲ နားထောင်ကြည့်လိုက်ပါဦး။

"ရော့.. အရှင်ဘုရား... ကြိုက်သလောက် အကုန်လုံးစားပါ။
ပလီပလာကိုတော့ အကြည်ပြန်လာမှဘဲ ပြောပါလိမ့်မယ်" ဟူသတည်း။

မှတ်ချက်။ ။
ရန်ကုန်မြို့  မရမ်းကုန်းမြို့ နယ်က ကြားခဲ့ရတဲ့ ရယ်စရာပုံပြင်လေးပါ။

Saturday, 22 November 2008

အဘိုးအိုရဲ့ ဘုရားဆွမ်းတော်တင်နည်း

တစ်ခါတုန်းက
အိမ်တစ်အိမ်မှာ အဘိုးအိုကြီးတစ်ယောက်ရှိသတဲ့။ ဗုဒ္ဓဘာသာအဘိုးအိုကြီးပါ။ ခါးက ခပ်ကုန်းကုန်း။

ဒါကြောင့် အရပ်ထဲက ကလေးတွေက သူ့ကို မကြားတကြားစကြတယ်။

"အဘိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး။ နောင်နှစ်ခါ တန်ဆောင်မုန်းပွဲကြည့်ပါဦး"

သူကိုယ်တိုင် မျက်စိက ခပ်မှုန်မှုန်ဆိုတော့ သူများတွေလဲ သူ့လိုဘဲ မှုန်ဝါးဝါးဖြစ်နေကြမယ်လို့ ထင်ပုံရပါတယ်။
လူတွေကို ကြည့်ရင်လဲ နဖူးပေါ်လက်ဖမိုးလေး အုပ်ပြီးမှ စိုက်ကြည့်တတ်တယ်။

တစ်နေ့မှာ
သူ့မြေးမတစ်ယောက်က မနက်ဈေးကနေ ပုဇွန်ဆိတ်ကလေးတွေ ၀ယ်လာတယ်။
အိမ်မှာ ကြော်စားကြတာပေါ့။ မြင်ဖူးတယ်မဟုတ်လား။ ပုဇွန်ဆိတ်ဆိုတာ ရဲရဲနီလေးတွေလေ။
ဗုဒ္ဓဘာသာဆိုတော့လဲ ဘုရားဆွမ်းမတင်ဘဲ မစားတတ်ကြဘူး။ ဦးဦးဖျားဖျားတင်လေ့ရှိကြတယ်။

မိရိုးဖလာ ဗုဒ္ဓဘာသာဆိုတော့လဲ သိပ်ပြီး ကြည်ညိုတတ်ပုံတော့မရဘူး။
သူစားခါနီးမှာ ဘုရားဆွမ်းတင်ဖို့ပြင်ဆင်တယ်။ ပုဇွန်ဆိတ်ကြောက်နီနီရဲလေးတွေကို ဆွမ်းတင်ခွက်ထဲထည့် ကလပ်ပေါ်တင်လိုက်တယ်။ ဘုရားစင်ရှေ့ သွားပြီး ဒူးတုတ်ထိုင်ကာ ပါးစပ်ကလဲ ဒီလိုဆိုတယ်။

"အရှင်ဘုရား ရဲရဲနီနီလေးတွေ ဖြစ်နေတဲ့အတွက် ငရုပ်သီးနီတောင့်လေးတွေထင်ပြီး မဘုဉ်းပေးဘဲ မနေပါနဲ့။
ဒါ ပုဇွန်ဆိတ်ကြော် စစ်စစ်ပါဘုရား။ အရှင်ဘုရားမယုံရင် တပည့်တော် အရင်စားပြပါ့မယ်ဘုရား"

ပါးစပ်ကပြောပြီး ဘုရားဆွမ်းတင်ခွက်ထဲက ပုဇွန်ဆိတ်ကြော်တစ်ကောင်ကို နှိုက်စားလိုက်တယ်။
ဘုရားရှင်ကိုလဲ သူလိုဘဲ မျက်စိခပ်ဝါးဝါးဖြစ်နေမယ်လို့ ထင်ပုံရပါရဲ့ ။

နောက်ဆုံးမှာတော့
အဲဒီလိုခဏခဏပြောပြီး ဘုရားမယုံမှာစိုးလို့ ဆွမ်းတင်ခွက်ထဲက ပုဇွန်ဆိတ်ကြော်တွေ အားလုံး အဘိုးအိုတစ်ယောက်ထဲ စားလိုက်လို့ ကုန်သွားပါတော့သတဲ့။

မှတ်ချက်။
စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့ လေးတစ်မြို့ က ကြားခဲ့ရတဲ့ ရယ်စရာ ဟာသပုံပြင်လေးပါ။

မွေးနေ့



သူ
လူ့လောကထဲရောက်ပြီးကထဲက
ရွာဦးစေတီပွဲတော်ကျင်းပတာ အကြိမ်သုံးဆယ်ရှိသွားပြီ။
ခြံထဲကသရက်ပင်တွေ အသီးသီးတာ အခေါက်သုံးဆယ်ပြည့်ပြီ။
အိမ်ခြံစည်းရိုးက စံပယ်ပန်းတွေပွင့်တာ အခါသုံးဆယ်ရှိပြီ။
ဆောင်းရာသီပေါင်း အခေါက် သုံးဆယ်ကြုံခဲ့ပြီးပြီ။
နွေရာသီပေါင်း အကြိမ်သုံးဆယ် တွေ့ခဲ့ပြီးပြီ။
မိုးရာသီပေါင်း အခါ သုံးဆယ် ဆုံခဲ့ပြီးပြီ။
ဒါဆို
သူ့အသက် သုံးဆယ်ရှိပြီပေါ့။
.........................

သုံးပေါင်မပြည့်ဘဲ မွေးခဲ့ပေမဲ့
သုံးမကုန်အောင် သူရှာဖွေနိုင်ခဲ့တယ်။

အလုပ်လုပ်ရင်း ကျောင်းစာသင်ယူ
ကျောင်းစာသင်ယူရင်းနှင့် အလုပ်လုပ်ခဲ့တယ်။

ဂုဏ်ထူးများနှင့်အောင်တဲ့သူတွေကို ချီးကျူးရင်း
ချီးကျူးခံရလောက်အောင် ဂုဏ်ထူးများနှင့် အောင်မြင်ခဲ့တယ်။

ဒီဂရီရဖို့ ကြိုးစားရင်း
ကြိုစားရင်းနှင့် ဒီဂရီတွေရခဲ့တယ်။

အားကျခဲ့တဲ့ ပညာရပ်များ
ပညာရပ်များနှင့် အားကျစေခဲ့တယ်။

လွှမ်းမိုးခဲ့တဲ့ မာနမျက်နှာများ
မာနမျက်နှာနဲ့ ပြန်လွှမ်းနိုင်ခဲ့တယ်။

လမ်းပြအလုပ်ကို အထင်ကြီးရင်း
အထင်ကြီးရလောက်အောင် လမ်းပြကောင်းတစ်ယောက်ဖြစ်ခဲ့တယ်။

သွားချင်လှတဲ့ နိုင်ငံခြား
နိုင်ငံခြားသွားရင်းနဲ့ ကျေနပ်ခဲ့တယ်။

မာနတရားကို ဖောင်ဖွဲ့ 
ပညာနှင့်လမ်းပြ
သတိကို ပဲ့ကိုင်ထား
ဝီရိယနှင့်လှော်ခတ်
သူရပ်နေတဲ့နေရာမှာ
သူလိုရပ်နိုင်တဲ့သူ
ဒီဇမ္ဗ္ဗူပေါ်မှာ ရှိနိုင်မယ်မထင်ပါဘူး။
.........................

ဒီနေ့ဟာ
သူ့အသက် ၃၀ ပြည့်တဲ့နေ့ တဲ့။
အတွေးပေါက်နေပေမဲ့
အဝေးရောက်နေတဲ့အတွက်
ဆွေးလောက်စရာလက်ဆောင်ကို မပေးခဲ့နိုင်ဘူး။

ပန်းပေးရင် အလှမ်းဝေးမှာ ပူပန်ရတယ်။
ချောကလက်ပေးရင်လဲ ချောပြီးကလက်နေမှာစိုးရိမ်ရတယ်။
နာရီလက်ဆောင်ပေးပြန်ရင်လဲ နာနာကျင်ကျင်နဲ့ ရီမောနေရဦးမယ်။

ဒီတော့
ရာသက်ပန်အမှတ်ရစေမဲ့
ကဗျာလက်သံအစွမ်းလေးကို
လွမ်းတေးလေးသီဆိုရင်း
စခန်းဝေးနေတဲ့ သူလေးအတွက်
လက်ဆောင်ပဏ္ဏာအဖြစ်ပေးလိုက်ပါ၏
ထက်ဘ၀င် ဟပ်လောက်အောင်
ကျေနပ်နှစ်သိမ့်စေသတည်း။ ။

Friday, 21 November 2008

လိုချင်မှု < > ငြိမ်းချမ်းမှု


ကျနော်တို့ လူသားတွေရဲ့ ဘ၀ကို လိုချင်မှုတွေနှင့်တည်ဆောက်ထားကြတယ်။
ဘယ်တော့မှတင်းတိမ်ရောင့်ရဲတယ်မရှိပါဘူး။ တစ်ခုရပြီးရင် နောက်တစ်ခုအတွက် လိုက်ရှာနေကြတာပါဘဲ။
ငါတော့ ဘယ်လောက်ရှိရင်တော်ပါပြီလို့ ပြောနေတဲ့သူတွေလဲ သူတို့ပြောတဲ့အတိုင်းအတာထိရပြီးရင် တင်းတိမ်မှုမရှိနိုင်သေးပါဘူး။ နောက်ထပ်ဘယ်လောက်ဆိုရင် ကျေနပ်ပါပြီဆိုပြီး တစ်ဆင့်တိုးပြန်ကြတယ်လေ။
ဘယ်တော့မှ ဆန္ဒမပြည့်ကြပါဘူး။

ဘာမှမလိုချင်တော့ဘူးဆိုရင် ပြည့်စုံသွားပြီ

ဒီစကားဟာ အရမ်းအဓိပ္ပါယ်ရှိပါတယ်။ လိုချင်နေသရွေ့ တော့ ဘယ်တော့မှလိုအင်တွေ ပြည့်ဝကြမှာ မဟုတ်ပါဘူး။
တစ်သိန်းရှိတဲ့သူက တစ်သန်းလိုချင်မယ်။ တစ်သန်းရှိတဲ့သူက သန်းတစ်ရာလောက်လိုချင်မယ်။ သန်းတစ်ရာပိုင်ဆိုင်ထားတဲ့သူကိုရော မေးကြည့်လိုက်ပါဦး။ လိုအင်တွေ ပြည့်သွားပြီလားလို့။ ပိုတောင်ဆိုးဦးမယ်။ ရလေလိုလေ အိုတစ္ဆေ လို့ ဆိုရိုးစကားရှိတယ်မဟုတ်လား။
မလိုချင်မှုတွေလွှမ်းခြုံလာမှဘဲ လိုချင်မှုတွေ ရပ်ဆိုင်းသွားမှာပါ။

ရိုင်းရိုင်းပြောရရင်
တော်သလင်းလရောက်ရင် ခွေးဖြစ်ချင်ကြတယ်။
ပြာသိုလရောက်ရင် ကြောင်ဖြစ်ချင်ကြတယ်။
တပေါင်းလရောက်ရင် နွားဖြစ်ချင်ကြတယ်။

လူတွေရဲ့ သဘာဝတွေက တည်တည်ငြိမ်ငြိမ်ရှိကြတာရှားပါတယ်။ အမြဲတမ်းယောက်ယက်ခတ်နေပြီး လိုချင်မှုနောက် မရမက လိုက်နေကြလေရဲ့ ။

ပညာရေး ဘက်မှာလဲ အထွတ်အထိပ်ရောက်ချင်ကြတယ်။
စီးပွါးရေးဘက်မှာလဲ ထိပ်တန်းကနေချင်ကြတယ်။
အာဏာပါဝါပိုင်းကြပြန်တော့လဲ အငန်းမရ။
ကျော်ကြားမှုပိုင်းဆိုရင်လဲ ငန်းငန်းတက်။
အချစ်ရေးဘက်ကို ပိုတောင်ဆိုးသေး။

လိုချင်မှုတွေကို လိုချင်ရက်သားနဲ့ မရရှိတဲ့အခါမှာ လူသားတွေရဲ့ စိတ်ဓါတ်တွေဟာ ဖောက်ပြန်လာကြတယ်။
ခိုးမယ်။ လုယက်မယ်။ နိုင်ထက်စီးနင်းလုပ်မယ်။ အလွဲသုံးစားမှုတွေရှိလာမယ်။ မှုခင်းတွေ များလာမယ်။ အရူးတွေပေါများလာမယ်။
အားလုံး အားလုံးဟာ လိုချင်မှုကို အခြေခံလို့ ဖြစ်ပေါ်လာကြတာပါ။ လိုချင်မှု သမုဒယကြောင့် ဆင်းရဲမှု ဒုက္ခတွေ စုပြုံပြီး အတုံးလိုက် အတစ်လိုက် ကျရောက်လာခြင်းဘဲ ဖြစ်ပါတယ်။

ဓမ္မစကြာသုတ်ထဲက ဘုရားရှင်ရဲ့ စကားတော်တစ်ခုပါ။
Not getting what one wants is suffering.
လိုချင်တာမရတာ ဒုက္ခပါ တဲ့။

အသိဥာဏ်ရှိလှပါတယ်ဆိုတဲ့ လူသားတွေ များသောအားဖြင့် လိုချင်မှုနှင့်လိုအပ်မှုကို ခွဲခြားမသိကြဘူး။
လိုချင်မှုတွေကိုဘဲ ရှေ့ တန်းတင်ပြီး အမဲလိုက်သလို တန်းတန်းစွဲလိုက်နေကြတယ်။ ဒါကြောင့်လဲ ကမ္ဘာကြီး မငြိမ်းမချမ်းဖြစ်နေကြတာပါ။ ကမ္ဘာကြီး ငြိမ်းချမ်းအောင်လုပ်နေပါတယ်လို့ အသံကောင်းဟစ်နေကြတဲ့ လူတွေဟာလဲ အဲဒီလိုအင်မှုကြောင့် သူတို့ကိုယ်တိုင်မငြိမ်းချမ်းနိုင်ကြသေးပါဘူး။
ကိုယ့်ဆီမှာ မရှိတဲ့သေးတဲ့အရာကို သူများကို ဘယ်လိုမျှဝေပေးမလဲ။
ကိုယ်ကိုယ်တိုင် မငြိမ်းချမ်းသေးဘဲနဲ့ သူများကို ငြိမ်းချမ်းအောင် ဘယ်လိုလုပ်မလဲ။
လိုအင်တွေရဲ့ နှိပ်စက်မှုက အရမ်းကြောက်စရာကောင်းပါတယ်။

လိုချင်မှုတွေ ပြင်းထန်လာရင် ကောင်းကျိုးဆိုးကျိုးတွေကို မမြင်တော့ဘူး။
အစာကိုဘဲ မြင်တယ်။ ငါးမြှားချိတ်ကို မမြင်တော့ဘူး။
သားသမင်ကိုဘဲမြင်တယ်။ ကျားဘုရင်ကို သတိမထားမိတော့ဘူး။

ဘယ်လောက်ဘဲ ပညာတတ်တတ်
ဘယ်လောက်ဘဲ ချမ်းသာချမ်းသာ
ဘယ်လောက်ဘဲ အာဏာရှိရှိ
ဘယ်လောက်ဘဲ ထင်ပေါ်ကျော်ကြား
ဘယ်လောက်ဘဲ လူချစ်လူခင်များများ
နောက်ဆုံးသွားရမဲ့လမ်းကတော့ အတူတူပါဘဲလေ။

ငါက ဧရာဝတီ
ငါက ချင်းတွင်း
ငါက သံလွင်
ငါ စစ်တောင်း
ဘယ်လောက်ဘဲ ငါဆိုတဲ့ အတ္တတရားကို လက်ကိုင်ထားပါစေ။
နောက်ဆုံးတော့ ပင်လယ်သမုဒ္ဒရာထဲမှာဘဲ အဆုံးသတ်ရမြဲမဟုတ်လား။

ဒါကြောင့်မို့
စကားကြီးကြီးကျယ်ကျယ်ပြောရရင်
ကျနော်တို့လူသားတွေအားလုံး လိုချင်မှုလေးတွေကို အထိုက်အလျောက်လျော့ချပစ်နိုင်ရင်
ကမ္ဘာကြီးလဲ နဲနဲများ ပိုငြိမ်းချမ်းလာမလားလို့ပါ။ ဗုဒ္ဓစာပေတွေဖတ်ကြည့်ပြီး စဉ်းစားရေးကြည့်လိုက်ခြင်းဘဲ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ လိုချင်မှုနောက် လိုက်နေဆဲဖြစ်တဲ့လူတစ်ယောက်ပါဘဲ လို့အသိပေးလိုက်ပါရစေ။
အားလုံးမင်္ဂလာပါ။

ကြက်သားကာလသားချက်ဟင်း


ဒီနေ့ ကျနော်တို့ ကြက်သားကာလသားဟင်းချက်စားကြတယ်။
ကျနော်တို့စားနေတာကို အင်္ဂလိပ်လူမျိုးတွေ မြင်ရင်ကတော့ အံ့သြလို့ဆုံးမှာမဟုတ်ဘူး။
ဆီမပါ ဆနွင်းမပါ ဖြူဖတ်ဖတ်ကြက်သားဟင်းကိုကြည့်ပြီး သူတို့စားချင်စိတ်မရှိမှာတော့ ကျိန်းသေတယ်။
ကိုယ်ချင်းစာပါတယ်။ ကျနော်လဲ သူတို့အစားအစာတွေကို ကြိုက်တာမှမဟုတ်တာ။ အဆီအအိမ့်များများ အတုံးကြီးကြီးစားကြတဲ့ သူတို့ဟင်းတွေကလဲ ကျနော့်ကို မဆွဲဆောင်နိုင်ဘူးလေ။

ကြက်သားကာလသားဟင်းချက်နည်းကတော့---
ကြက်သားကို အတုံးမကြီးမသေးတုံး။ ဆားအချိုမှုန့်နဲ့ရောနှယ်။ ဂျင်းစိမ်းကိုထောင်း။ ငရုပ်သီးစိမ်းထောင်းပြီးအသင့်ပြုလုပ်ထား။
ကျနော်တို့အသင့်တည်ထားတဲ့ ဟင်းအိုးထဲပစ်ထည့်လိုက်တာပေါ့ဗျာ။ ရေနွေး ပွက်ပွက်ဆူပြီး ကြက်သားလေးတွေကလဲ ပေါလောပေါလောနဲ့။ အသားနှပ်ခါနီးမှာ အနံ့ထိန်းဖို့ စပါးလင်ရွက်တွေကို အိုးထဲပစ်ထည့်လိုက်တယ်။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ထည့်တယ်။ ပြီးတော့ အသင့်ပြင်ဆင်ထားတဲ့ ခပ်သာသာလေးထောင်းထားတဲ့ ဂျင်းနှင့်ငရုပ်သီးကိုရောထည့်လိုက်တယ်။ နောက်ဆုံးအဆင့် ခွင်ပေါ်ကအိုးကို ချပြီးပြီးချင်း နံနံပင်လေးတွေနှင့်ထပ်အုပ်လိုက်တယ်။ ဟိုက်.. ရှားဘား... အနံ့ကတော့ ရှယ်ဘဲခင်ဗျ။ ဆားအလေးအပေါ့ မြည်းကြည့်တယ်။ ကွက်တိဘဲ။ ကြက်သားဟင်းရည်သောက်လေ။ ပူပူလေးနဲ့အရမ်းကောင်းတယ်။

ကျနော်တို့ ကြက်သားကာလသားချက်ပူပူလေးကို ၀ိုင်းပြီးမြိန်မြိန်ရှက်ရှက် လွေးကြတာပေါ့ဗျာ။ ငရုပ်သီးစိမ်းအနံ့ အရသာလေးနဲ့ဆိုတော့ မသိတဲ့ဆွေမျိုးတွေ အကုန်မေ့သွားတယ်။ အရသာရှိလွန်းလို့ပါ။ စကားတပြောပြောနဲ့ စားလိုက်ကြတာ ကြက်ခပ်ကြီးကြီး တစ်ကောင်ချက်အိုး ပြောင်သလင်းခါသွားတော့တာပါဘဲ။

စားလို့ဗိုက်ပြည့်တဲ့အခါမှာမှ
ဆီမပါပျားမပါ ချက်ထားတဲ့ ဒီချက်နည်းကို ဘယ်သူကများ စတီထွင်ခဲ့သလဲ မသိဘူးနော်ဆိုပြီး အတွေးရောက်လာတယ်။ ငယ်ငယ်တုန်းက အဘိုးအဘွားတွေပြောခဲ့ဖူးတာကို ပြေးအမှတ်ရမိတယ်။
ကြက်သားကာလသားဟင်း စတင်ဖြစ်ပေါ်လာပုံက ဒီလိုတဲ့။

တန်ဆောင်မုန်းလပြည့်နေ့ဟာ စောရနက္ခတ်နှင့်ယှဉ်လို့ဆိုပြီး အပျော်တမ်းသူခိုးလုပ်ကြတယ်။ သူများခြံထဲက အသီးအနှံတွေကို ခိုးမယ်။ ပစ္စည်းအသေးစားလေးတွေကို ခိုးမယ်။ တိတ်တိတ်ပုန်း သူခိုးပွဲတော်ပေါ့ဗျာ။
ငတက်ပြားတို့ သူခိုးမိုးမှောင်တို့လဲ တန်ဆောင်မုန်းလပြည့်နေ့မှာ မွေးခဲ့ကြတာတဲ့။ ဒါကြောင့်မို့ အစွမ်းထက်ကြတာ။ သူတို့အခိုးကျွမ်းကျင်ကြပုံကတော့ ပြောဖို့တောင်လိုမယ်မထင်ဘူး။ အားလုံးသိပြီးသား မဟုတ်လား။

မိတ်ဆွေများလဲ သူခိုးကောင်းကောင်းမွေးထုတ်ချင်ရင်တော့ လွယ်ပါတယ်။ အမျိုးသမီးမှာကိုယ်ဝန်ရှိနေရင် တန်ဆောင်မုန်းလပြည့်နေ့ညမှာ ဆေးခန်းသွားပြီးသာ ဗိုက်ခွဲမွေးပေတော့။ မိဘတွေ ဒီတစ်သက် မငတ်တော့ဘူး။ မွေးလာတဲ့ကလေးကဘဲ ခိုးကျွေးလိမ့်မယ်။ ဟဲ ဟဲ။

တန်ဆောင်မုန်းလပြည့်နေ့မှာ ပံ့သုကူပစ်လေ့ရှိကြတာလဲ တွေ့ဖူးတယ်။ ဘုရားမှာ ဘုန်းတော်ကြီးကျောင်းတွေမှာ ဥယျာဉ်တွေထဲမှာ ပိုက်ဆံ အ၀တ်အထည်စတဲ့ ပစ္စည်းလေးတွေကို ပံသုကူပစ်ထားလေ့ရှိကြတယ်။ တွေ့တဲ့လူ ကောက်ယူကြပေါ့လေ။

ကျနော်ရွှေဘိုဘက်အလည်ရောက်သွားတုန်းက
သူတို့ရဲ့  တန်ဆောင်မုန်းလပြည့်နေ့ည ရိုးရာလေးကို ပြောပြကြတယ်။
တန်ဆောင်မုန်းလပြည့်နေ့ညရောက်ရင် ကိုယ့်အိမ်အောက်မှာ အခိုးခံမဲ့ပစ္စည်းကို တွဲလောင်းဆွဲထားကြတယ်တဲ့။ သူများက ကိုယ့်အိမ်လာခိုး။ ကိုယ်က သူများအိမ်သွားခိုး။ သိပ်ကောင်းတဲ့ရိုးရာလေးပေါ့။
တစ်ချို့ ဆို အဲဒီနေ့မှာ မိန်းမတောင် ခိုးယူကြတယ်ဆိုဘဲ။

အခုခေတ်ရောက်လာတော့
လူငယ်တွေ စည်းပျက်ကမ်းပျက်ဖြစ်လာတယ်။ တန်ဆောင်မုန်းလပြည့်ညနေ့ညရောက်ရင် မအိပ်ကြတော့ဘဲ
သူများတွေအိပ်ပျော်နေတဲ့အခါမှာမှ အိမ်လှေခါးတွေ သွားဖြုတ်ထားတယ်။ ရွာထဲက တံတားတွေကို ဖျက်ဆီးထားကြတယ်။ ဈေးဆိုင်တွေ သွားဖောက်ကြတယ်။ ဗူးစင် ဖရုံစင်တွေကို တွန်းလှဲထားခဲ့ကြတယ်။ လှည်းဘီးတွေကို ဖြုတ်ပြီး တစ်ခြားနေရာတွေမှာ သွားထားကြတယ်။ စုံလို့ စုံလို့ပါဘဲ။

ပိုဆိုးတာက ရွာထဲက ကာလသားတွေ
သူများအိမ်ကကြက်တွေ သွားခိုးကြတာပါဘဲ။ အနှစ်နှစ်အလလက မွေးမြူထားခဲ့တဲ့ ကြက်တွေ တန်ဆောင်မုန်းလပြည့်နေ့ညရောက်ရင် အခိုးခံကြရတယ်။ သတိထားပေမဲ့ မရဘူး။ ကာလသားတွေက တစ်ညလုံးမအိပ်ကြဘဲ ရွာသားတွေ အလစ်ကိုဘဲ ထိုင်စောင့်နေကြတာ။
တစ်ချို့ ဆို ကြက်ခိုးအရမ်းကျွမ်းကျင်တယ်။
ကြက်အော်သံတောင် တစ်ချက်မကြားလိုက်ရဘူး။ ကြက်က လက်ထဲမှာ သေနေပြီ။

ကြားဖူးတာပါ။ ဟုတ်မဟုတ်တော့မသိဘူး။ ညဆို ကြက်တွေက အိပ်တန်းပေါ်မှာ အစီအရီ။ ညပိုင်းဆိုတော့ အဝေးကိုလဲ ပျံမပြေးတတ်ဘူး။ ဒီလိုအချိန်မျိုးမှာ ကြက်သွန်နီဥ တစ်လုံးဆောင်သွား။ ကြက်အိပ်စင်အောက်ရောက်တာနဲ့ ကြက်သွန်နီကို ထုချေပြီး ကြက်သွန်အခိုးနဲ့ ကြက်တွေကို မှုတ်လိုက်။ ကြက်တွေ တစ်ကောင်ပြီးတစ်ကောင် အောက်ကို ဖုတ်ကနဲ ဖုတ်ကနဲ ပြုတ်ကျတယ်ဆိုဘဲ။ ကြက်သွန်နဲ့ ကြက်နဲ့ မတည့်တဲ့ ဓါတ်သဘောများလားမသိဘူး။

ကာလသားတစ်သိုက် ကြက်တွေခိုးပြီးရင် လွယ်လွယ်ကူကူဘဲ အိုးတစ်လုံးနှင့်ဆားကိုသာ ယူပြီး တောထဲလစ်ကြတော့တာပေါ့။ ရွာထဲမှာ ချက်စားရင် လူမိမှာကြောက်ရတာကိုး။
ဒါကြောင့် လူဝေးတဲ့တောထဲကိုသွားပြီး ကြက်သားကို ချက်စားကြတယ်။ တောထဲမှာလဲဖြစ် ခိုးလာတဲ့ကြက်လဲ ဖြစ်တဲ့အတွက် အမြန်စားပြီးရင်အေးရော သဘောနဲ့ ဟင်းကို လွယ်လွယ်ဘဲ ချက်လိုက်ကြတယ်။ ဆီလဲ မပါဘူး။ ဆနွင်း အမွေးအကြိုင် ဘာတစ်ခုမှ မပါဘူး။ ရေရယ် ကြက်သားရယ် ဆားရယ်ဘဲပေါ့။ စားကောင်း မကောင်းတော့မသိဘူး။ ကြက်သားဟင်းကို ဟင်းရည်သောက်ချက်ပြီး ကာလသားတစ်သိုက် တောကြီးမဲမဲထဲမှာ ပျော်ပွဲစားနေကြလေရဲ့ ။
အဲဒီအချိန်ကတော့
တန်ဆောင်မုန်းလပြည့်နေ့ ရဲ့  ညဥ့်နက်သန်းခေါင်ကျော်။

အဲဒီလို ခိုးကြောင်ခိုးဝှက်နဲ့ ချက်စားခဲ့ရတဲ့ ဆီမပါ ပျားမပါတဲ့ဟင်းကို အိမ်မှာ စမ်းချက်ကြည့်ကြရင်းနဲ့
ကြက်သားကာလသားဟင်း ပေါ်ပေါက်လာတာပါတဲ့။ အခုချက်တာက အိမ်မှာ အေးအေးဆေးဆေးဘဲ ချက်ရတာဆိုတော့ တောထဲမှာ ချက်ရသလို အမယ်တွေမစုံမှာတော့ မပူရတော့ဘူးလေ။ ကြိုက်တာကို တည့်ပြီး ကြိုက်သလောက်ချက်လို့ရပြီ။ ဒါပေမဲ့ ကြက်သားဟင်းရည်သောက်ဖြစ်ရမယ်။
ဒါဆို ကြက်သားကာလသားချက်ဟင်းဘဲပေါ့။

မိတ်ဆွေတို့လဲ ချက်စားကြည့်ကြပါလား။
တောထဲသွားပြီးချက်စားခိုင်းတာမဟုတ်ဘူးနော်။ ရိုးရိုးသားသားနဲ့ အိမ်မှာဘဲ ချက်စားဖို့ပြောတာပါ။
ဘာဘဲပြောပြော
ကျနော်ကတော့ ကြိုက်တယ်ဗျာ။

Thursday, 20 November 2008

အမိန့်တော်မြတ်အတိုင်း...


ဒီဇာတ်တော်လေးကို ကျနော့် ပို့စ်ထ် (၁၀၀)မြောက်အဖြစ်ရေးလိုက်တာပါ။ တစ်ရာမြောက်ဆိုတော့ ဘာအကြောင်းအရာရေးရင်ကောင်းမလဲလို့ စဉ်းစားပါသေးတယ်။ ဒါပေမဲ့ ဦးဏှောက်ထဲက အော်တိုထွက်မလာခဲ့ဘူး။ ဒါနဲ့ အင်္ဂလိပ်စာအုပ်တစ်အုပ်ကို ဖတ်ပြီး ဒီဇာတ်တော်လေးကိုသွားတွေ့တယ်။
စာအုပ်နာမည်က Buddist tales for young and old။ ခေါင်းစဉ်လေးက Watering the Garden တဲ့။
ဟာ.. ပိုင်ပြီ.. ဒါကိုဘဲ ပို့စ်ထ် ၁၀၀ မြောက်ရေးတော့မယ်လို့ ဆုံးဖြတ်ပြီး သူများရေးပြီးသားကို အချောင်သက်သက် ဘာသာပြန်ပေးလိုက်ပါတယ်။
.........................

ဟိုရှေးရှေးတုန်းက
ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုစဉ်တုန်းကပေါ့။ အခုခေတ်အရဆိုရင်တော့ ဗာရာဏသီပြည်ဟာ အိန္ဒိယပြည်မြောက်ပိုင်းမှာရှိပါတယ်။ နှစ်သစ်ကူးပွဲရောက်ခါနီးအချိန်လေးမှာပေါ့။
နန်းတော်ဥယျာဉ်ရဲ့  ဥယျာဉ်မှူးတစ်ယောက်အပါအ၀င် မြို့ သူမြို့ သားအားလုံး နှစ်သစ်ကူးပွဲကို သုံးရက်လုံးလုံးဆင်နွဲဖို့ အသင့်စောင့်မျှော်နေကြလေရဲ့ ။

နန်းတော်ဥယျာဉ်ထဲမှာ မျောက်အုပ်ကြီးတစ်အုပ်ရှိတယ်။
သူတို့ဟာ သူတို့ခေါင်းဆောင် မျောက်မင်းကြီးရဲ့ စကားကို ဘာမှ မစဉ်းစားဘဲ မှားမှားမှန်မှန် လိုက်နာလေ့ရှိကြတယ်။
သူတို့အခေါ် ပညာရှိမျောက်မင်းကြီးပေါ့လေ။

ဥယျာဉ်မှူးလဲ အပြင်ထွက်ပြီး နှစ်သစ်ကူးပွဲဆင်နွဲချင်တဲ့အတွက် ဥယျာဉ်ကို မျောက်မင်းကြီးထံ အပ်နှံထားခဲ့တယ်။

"အရှင်မျောက်မင်းကြီး ကျနော်တစ်ခုတောင်းဆိုချင်လို့ပါ။ ကျနော် သုံးရက်တိတိ ဒီမှာရှိမှာမဟုတ်ပါဘူး။ နှစ်သစ်ကူးပွဲသွားရပါလိမ့်မယ်။ ဒီဥယျာဉ်ထဲမှာ အသီးအနှံ စားပင်သောက်ပင် အစုံအလင်ရှိပါတယ်။ အရှင်မျောက်မင်းကြီးနှင့်တကွ မျောက်တွေအားလုံး ကြိုက်သလောက်စားသုံးပါ။ ပြီးရင်တော့ ကျေးဇူးပြုပြီး သစ်ပင်တွေကို နေ့စဉ်ရေလောင်းပေးပါခင်များ"

"ဥယျာဉ်မှူးကြီး ဘာမှမပူပါနဲ့။ စိတ်ချလက်ချသွားပျော်ပါ။ ဥယျာဉ်ကို ကောင်းကောင်းစောင့်ရှောက်ထားပါ့မယ်။
Happy New Year ပါ ဥယျာဉ်မှူးကြီး"

ဥယျာဉ်မှူးကလဲ ရေလောင်းဖို့ ရေပုံးထားတဲ့နေရာကို မျောက်မင်းကြီးကို ပြသပြီး စိတ်ချစွာဘဲ နှစ်သစ်ကူးပွဲ ဆင်နွဲဖို့ နန်းတော်က ထွက်ခွါလာခဲ့ပါတော့တယ်။

နောက်တစ်နေ့အရောက်မှာ
မျောက်မင်းကြီးဦးဆောင်တဲ့ မျောက်တပ်ပေါင်းစုကြီးဟာ ဥယျာဉ်ထဲက အသီးတွေကို ကြိုက်သလောက်စားပြီး
သစ်ပင်တွေကို ရေလောင်းဖို့ပြင်ဆင်ကြတော့တယ်။
မျောက်မင်းကြီးအသံက ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။

"တပည့်မျောက်အပေါင်းတို့
ယခုငါတို့လုပ်နေတဲ့အလုပ်ဟာ ဘုရင့်နန်းတော်ဥယျာဉ်မှူးရဲ့ အလုပ်ဖြစ်တယ်။ ဂရုစိုက်ပြီးလုပ်ကြ။ ရေရှားပါးနေတဲ့အတွက် ရေကို လုံးဝအလေအလွင့်မရှိအောင် သတိထားသုံးစွဲကြရမယ်။
ပထမအနေနဲ့ သစ်ပင်တွေအားလုံး နှုတ်ပစ်လိုက်ပါ။ ဘယ်သစ်ပင်က အမြစ်ပိုရှည်သလဲဆိုတာ စစ်ဆေးပါ။ ပြီးရင် သစ်ပင်တွေကို ပြန်စိုက်ပါ။ အမြစ်ပိုရှည်တဲ့သစ်ပင်ကို ရေများများလောင်းပါ။ အမြစ်တိုတဲ့သစ်ပင်တွေကို ရေနဲနဲဘဲလောင်းပါ။ ဒါမှ ရေကို မဖြုန်းတီးရာရောက်မယ်။ ဥယျာဉ်မှူးလဲ ကျေနပ်ပါလိမ့်မယ်။ အမိန့် "

လက်အောက်ငယ်သား မျောက်တွေလဲ မျောက်မင်းကြီးရဲ့ အမိန့်တော်အတိုင်း သစ်ပင် ပန်းပင်တွေကို အကုန်လုံးနှုတ်ပစ်လိုက်တယ်။ သစ်မြစ်အတိုအရှည်ကို စစ်ဆေးတယ်။ ပြီးတော့ပြန်စိုက်တယ်။ အမြစ်တိုတဲ့အပင်တွေကို ရေနဲနဲဘဲလောင်းတယ်။ အမြစ်ရှည်တဲ့သစ်ပင်တွေကို ရေများများလောင်းတယ်။

ဒီလိုနဲ့ သုံးရက်မြောက်နေ့ရောက်တော့ သစ်ပင်တွေအားလုံး ညိုးနွမ်းပြီး သေလုမတတ်ဖြစ်နေကြပြီ။
ဒါပေမဲ့ ပထမနေ့ကအတိုင်းဘဲ မျောက်တွေအားလုံးပြုလုပ်နေကြတယ်။

ပညာရှိတစ်ယောက် ဥယျာဉ်အနားက ဖြတ်အသွား ဒီအချင်းအရာတွေကို မြင်လိုက်တယ်။
ပြီးတော့ မျောက်တွေကို မေးမြန်းပြောဆိုလိုက်တယ်။

"မျောက်မိုက်တွေ... ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ.. ဒါ ဘုရင့်နန်းတော်ဥယျာဉ်ဆိုတာ မသိကြဘူးလား။
ဒီအတိုင်းလုပ်နေရင်တော့ နန်းတော်ဥယျာဉ်ထဲက သစ်ပင်ပန်းပင်တွေ အားလုံးသေကုန်ကြတော့မှာဘဲ။
ဘယ်သူလုပ်ခိုင်းလို့ လုပ်နေကြတာလဲ"

"ကျနော်မျိုးတို့ရဲ့  ပညာရှိမျောက်မင်းကြီးရဲ့  အမိန့်တော်အရ အခုလို ရေကိုလဲ ဖြုန်းတီးရာမရောက်အောင် ဥယျာဉ်ကိုလဲ ရေလောင်းပြီးသားဖြစ်အောင် လုပ်နေကြတာပါ။ ခင်များလဲ ဒီနည်းစနစ်ကို ယူသွားပါလား"

အေး.. ဒီလောက် မိုက်မဲ ဥာဏ်တုံးတဲ့ မျောက်မင်းကြီးကို မင်းတို့က ပညာရှိလို့ ခေါ်မှတော့ မင်းတို့ကိုယ်တိုင်ရဲ့  ဥာဏ်ရည်ဥာဏ်သွေးကိုတော့ ငါစဉ်းစားကြည့်ဖို့ မလိုတော့ပါဘူးလေ။
မင်းတို့ရဲ့  ရေကို အကျိုးရှိရှိအသုံးချမှုကြောင့် မကြာခင် ဘုရင့်နန်းတော်ဥယျာဉ်ကြီးလဲ ပျောက်ကွယ်ခြင်းသို့ ရောက်တော့မှာပါ"

ပညာရှိလဲ သတိပေးဆုံးမစကားပြောပြီးပြန်သွားတော့သတဲ့။
..................................

စဉ်းစားကြည့်ရင်သိသာပါတယ်။
ဒီလောက်ပူအိုက်ပြီး ရေရှားပါးနေတဲ့အချိန်မှာ သစ်ပင်ပန်းပင်တွေကို ဆွဲနှုတ်ပြီး ပြန်စိုက်၊ ရေပြန်လောင်းလုပ်တာဟာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ အပင်လေးတွေ အခြေခိုင်နေပြီးဖြစ်လို့ အားစိုက်ပြီး ဆွဲနှုတ်တဲ့အခါမှာ အပင်နာမယ်။ အမြစ်တွေပြတ်ထွက်မယ်။ နာပြီးသားဖြစ်နေတဲ့အပင်ကို ပြန်စိုက် ရေလောင်းပေမဲ့ ပြန်ရှင်နိုင်ဖို့ အခွင့်အရေးနဲသွားပါပြီ။ ပြီးတော့ ရေက နဲနဲဘဲ ပြန်အလောင်းခံရတဲ့အပင်ဆို ပိုဆိုးရောပေါ့။
.............................

ဒီဇာတ်တော်ကို မြန်မာလိုရေးထားတဲ့စာအုပ် သေချာပေါက်ရှိမှာပါ။ မြန်မာလိုရေးထားတဲ့ ဇာတ်တော်ကို ဖတ်ကြည့်ရင် ပိုပြီးပြည့်စုံမယ်လို့ထင်ပါတယ်။
ကျနော့်အနီးတစ်ဝိုက်မှာ မြန်မာစာအုပ်သိပ်မရှိတဲ့အတွက် အင်္ဂလိပ်လိုရေးထားတဲ့ ဒီဇာတ်တော်လေးကိုဘဲ ကြိုးစားပြီး ဘာသာပြန်ကြည့်လိုက်တာပါ။

ဒီဇာတ်တော်ထဲက ရလိုက်တဲ့ သင်ခန်းစာကတော့

"Only fools can make good deeds into bad ones.
လူမိုက်တွေသာ ကောင်းတဲ့အရာကို မကောင်းအောင်လုပ်နိုင်ကြပါတယ်" တဲ့။

အမှတ်ရစရာ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ကျော်

တန်ဆောင်မုန်းလပြည့်ပြီးတာကတော့ ကြာသွားပါပြီ။
ဒါပေမဲ့ ဒီနေ့မှ တန်ဆောင်မုန်းလပြည့်နေ့ကို ပိုပြီးအမှတ်ရနေမိတယ်။
..................................

မနက်က ငရုပ်သီးကြော်ခပ်စပ်စပ်နှင့်ထမင်းကြမ်းအကျန်ကို စားမိလို့ထင်တယ်။ ဗိုက်နာတာက မဖိတ်ခေါ်ဘဲရောက်လာတယ်။ ရေအိမ်ဝင်ချင်လို့ အချက်ပေးတာများလားဆိုပြီး ရေအိမ်သွားကြည့်သေးတယ်။ အဆင်မပြေဘူး။ ဘာဆေးစားရင်ကောင်းမလဲ။ မြန်မာနိုင်ငံက အသင့်ယူလာတဲ့ ဦးချိန်တီလျက်ဆားကို စားကြည့်ပြန်တော့လဲ မသက်သာ။ ခက်ပြီ။ ရေအိမ်ခဏခဏကလဲ မ၀င်ချင်။ ဗိုလ်ထိုင်ရေအိမ်ဆိုတော့ ဘောင်ပေါ် ထိုင်ပြီးရင် ကြက်သီးထလောက်အောင် အေးတယ်။
..................................

ကျနော်တို့ရွာမှာဆို
တန်ဆောင်မုန်းလပြည့်နေ့ကျရင် မဲဇလီဖူးသုပ်စားကြတဲ့ အလေ့အထရှိတယ်။ လပြည့်နေ့ညဥ့်နက်သန်းခေါင်လောက်မှာ လရောင်ကို အားကိုးကာ မဲဇလီပင်ပေါ်တက်ကြပြီး မဲဇလီဖူးတွေ ခူးကြတယ်။ အကိုင်းဖျားထိလျောက်ရင် အန္တရာယ်ရှိလို့ အကိုင်းချိုးပြီးမှ အဖူးကို ဆွတ်ယူရတာပါ။ တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း တိုက်တိုက်ဆိုင်ဆိုင် မဲဇလီဖူးတွေကလဲ အဆုပ်လိုက် အဆုပ်လိုက်။

မဲဇလီဖူးတွေခူးပြီးရင် အိမ်မှာ အသင့်ကြိုထားတဲ့ ရေနွေးအိုးထဲပစ်ထည့်လိုက်တယ်။ အဖူးတွေနူးသွားအောင် ပြီးတော့ အခါးဓါတ်လဲ သက်သာအောင်ပေါ့။
သိပ်မကြာခင် ဆယ်ယူပြီး အသင့်ပြင်ဆင်ထားတဲ့ မြေပဲထောင်း ကြက်သွန်နီ ဆီ ဆား အချိုမှုန့် ပုဇွန်ခြောက် စတဲ့ အင်ဂရီဒီးယင့်စ်တွေနဲ့ ရောသမမွှေပြီး မိသားစု ပျော်ပျော်ပါးပါးစားကြတာပေါ့ဗျာ။ ရေနွေးကြမ်းလေးနဲ့ဆို ပိုပြီးတောင်လိုက်ဖက်သေး။

ညသန်းခေါင်ကျော်ပေမဲ့ ရွာထဲမှာကတော့ အိမ်တိုင်းက စကားပြောသံတွေ ကြားနေရတယ်။
လူကြီးသူမတွေပြောပြတာကတော့ အခုလိုအချိန် မဲဇလီဖူးသုပ်စားရင် ရောဂါ အားလုံးကင်းတယ်တဲ့။
အထူးသဖြင့်တော့ ဗိုက်နာရောဂါအတွက် အကောင်းဆုံးဘဲတဲ့။

တစ်နှစ်မှာ တစ်ခါသာဖြစ်လေ့ရှိတဲ့ နတ်ဆေးသဘင်ပွဲတော်ကို ဒီမဲဇလီပင်ပေါ်မှာဘဲ ကျင်းပကြတယ်ဆိုဘဲ။
ဆေးနှီးနှောဖလှယ်ပွဲ ဆေးဖော်စပ်နည်း ဆေးအမေးအဖြေ ဆေးအစွမ်းထက်အောင်ပြုလုပ်ပုံ စုံလို့စုံလို့ပေါ့။
ဟေမာဝတနှင့်သာတာဂီရိနတ်မင်းကြီးနှစ်ပါး ဦးစီးတဲ့ အဲဒီဆေးသဘင်မှာ ဆေးကြိတ် ဆေးသွေး ဆေးဖော်စပ်တဲ့အလုပ်ကို မဲဇလီပင်ပေါ်မှာဘဲ လုပ်ကြတယ်တဲ့။ ကျင်းပတဲ့အချိန်ကလဲ တန်ဆောင်မုန်းလပြည့်နေ့ ညဥ့်နက်သန်းခေါင် လူခြေတိတ်ချိန်။ တက်ရောက်လာကြတဲ့ သူတွေကလဲ အားလုံး နတ်တွေချည်း။ ဒါကြောင့် တန်ဆောင်မုန်းလပြည့်နေ့ညကို ဆေးပေါင်းခတဲ့ညလို့ ခေါ်ဝေါ် ကြတာထင်ရဲ့ ။

နတ်မင်းကြီးတွေကလဲ ကြံကြံဖန်ဖန်နော်။ နတ်ဗိမာန်တွေ အစီအရီရှိရက်သားနဲ့ မဲဇလီပင်ပေါ်မှာမှ ဆေးသဘင် အစည်းအဝေး လာလုပ်ကြတယ်လို့။ သောင်းပြောင်းထွေလာ အံ့စရာဘဲ။
သူတို့ ဆေးပွဲတော်မှာ ဖော်စပ်တဲ့ဆေးတွေကဘဲ မဲဇလီဖူးထဲ စိမ့်ဝင်သွားလေသလား မဲဇလီဖူးတွေကိုဘဲ ကြိတ်ချေပြီး ဆေးဖော်စပ်ကြသလားတော့ ကောင်းကောင်းမသိဘူး။ လူတွေကတော့ တန်ဆောင်မုန်းလပြည့်နေ့ ညဥ့်နက်သန်းခေါင်အချိန်ရောက်တိုင်း မဲဇလီဖူးသုပ်စားကြတဲ့ အလေ့အထ ဖြစ်နေကြပြီ။

ကျနော်ကိုယ်တိုင်လဲ
တန်ဆောင်မုန်းလပြည့်နေ့ ညလယ်ခေါင်တည့်တည့်မှာ မဲဇလီဖူးသုပ်စားခဲ့တဲ့ အခါပေါင်း မနည်းတော့ဘူး။
ရိုးရာကိုးဗျ။ အစွဲအလန်းဆိုတော့လဲ မယုံလို့မရဘူး။ မဲဇလီဖူးသုပ်စားပြီးရင် ခန္ဓာကိုယ် ပိုပြီးပေါ့ပါးလာသလို ခံစားရတယ်။ ဗိုက်နာတာဆို ယူပစ်လိုက်သလိုပျောက်တဲ့သူတွေကိုလဲ တွေ့ဖူးတယ်။

တန်ဆောင်မုန်းလပြည့်နေ့ည ရောက်တိုင်း အကိုင်းတွေ ချိုးချတာ များလွန်းလို့ မဲဇလီပင်တွေလဲ ကတုံးတွေဖြစ်နေပြီ။ နတ်မင်းကြီးတွေ စိတ်ဆိုးလာရင်တော့ မလွယ်ဘူး။ တော်ကြာ မဲဇလီပင်ပေါ် ဆေးအစား အဆိပ်တွေ ပက်ကြဲထားခဲ့ရင် လူသားတွေကတော့ မဟာဒုက္ခ။
ဒါပေမဲ့ အခုထက်ထိတော့ ကာရန်မိနေကြတုန်းဘဲလေ။

"ဗိုက်နာလိုက်တာဟယ်"

"ည(တန်ဆောင်မုန်းလပြည့်ည)က မဲဇလီဖူးသုပ်မစားခဲ့ဖူးလား"

"မစားခဲ့ဘူး"

"ဒါဖြင့် ညက စားလို့ကျန်တဲ့ မဲဇလီဖူးသုပ်စားလိုက်ပါလား"

အဲဒီလိုစကားပြောသံတွေကတော့ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ရောက်ရင် တစ်ခါတစ်ခါ ကြားရတတ်စကားသံတွေပါ။ မြန်မာ့ယဉ်ကျေးမှုလား ဘာလားမသိပေမဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ရွှေဝါရောင်တောက်ခဲ့ကြတဲ့ မဲဇလီအဖူးအပွင့်တွေ လပြည့်ကျော် တစ်ရက်နေ့ရောက်ရင်တော့ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတယ်။ နတ်တွေဆေးဖော်စပ်လို့တော့မဟုတ်ဘူး။ လူတွေ စားကြလို့ပေါ့ဗျာ။
..................................

ကျနော်လဲ
အခုဗိုက်နာနေမှ တန်ဆောင်မုန်းလပြည့်နေ့ညကို ပြေးသတိရမိတယ်။ ကျနော်သာရွာမှာရှိရင် အမေလဲသက်ရှိထင်ရှားရှိမယ်ဆိုရင် မဲဇလီတွေလဲဖူးရင် ကျနော်တက်ခူးပြီး အမေ့ကို သုပ်ခိုင်းမှာသေချာတယ်။
ပြီးတော့ မိသားစု မဲဇလီဖူးသုပ်စားပွဲလေးကျင်းပမယ်။
ပျော်စရာပုံရိပ်လေးကို မျက်စိထဲ မြင်ယောင်နေမိသေးတယ်။

အခုကျနော့်ဖြစ်ပုံကတော့
ရွာမှာလဲမဟုတ်။ အမေကလဲသက်ရှိထင်ရှားမရှိတော့။ မဲဇလီဖူးတွေ တက်ခူးချင်ပေမဲ့ မဲဇလီပင်ကို လန်ဒန်မှာ လုံးဝမမြင်ဖူး။ ကျနော့်ကံပေါ့လေ။

ဒါကြောင့်
အခန်းထဲမှာ ဆောင်ထားတဲ့ ဦးချိန်တီလျက်ဆားကိုဘဲ ခဏခဏလျက်ပြီး ဗိုက်ကလေးကို နှိပ်ကာနှိပ်ကာနဲ့ အောင့်အီးသည်းခံ နေလိုက်ရပါတော့တယ်။

ရာသီစက်ရဟတ်တစ်ပတ်


သစ်ရွက်ခြောက်တွေ မြေသို့ခကြပြီ။
တစ်ချို့ သစ်ပင်တွေပေါ်မှာကတော့ စိမ်း နီ ၀ါ ရောင်စုံသစ်ရွက်တွေ မြေခ ကြွေကျမယ်တကဲကဲ။
သစ်ကိုင်းသစ်ခက်သစ်ရွက်တွေကြားမှာ အသိုက်အမြုံပြုလုပ်နေထိုင်ခဲ့ကြတဲ့
ငှက်ကျေးသာရကာများလဲ ဝေးရာသို့ ပြေးခွါသွားကြလေပြီ။
သစ်ပင်အများစုကတော့ ရိုးတံကျဲကျဲ။

လန်ဒန်မြို့ လယ်ထဲက ဥယျာဉ်ပန်းခြံ ခြုံနွယ်ပိတ်ပေါင်းထူထူထဲမှာ
ခိုအောင်းနေထိုင်ခဲ့ကြတဲ့ တောခွေး မြေခွေး ခွေးအ တွေလဲ
ဘယ်ဆီရောက် ဘယ်ဝယ်ပေါက်ကုန်ပြီမသိတော့။
ကျီးကန်းအော်သံများကိုတော့ တစ်ချက်တစ်ချက်ကြားနေရဆဲ။
ရှဥ့်ပေါက်စလေးတွေကလဲ ဟိုပြေးဒီပြေး။
ပုဇဉ်းရင်ကွဲအော်သံကိုတော့ လန်ဒန်မှာ တစ်ခါမှမကြားရ။

အရိပ်လာခိုတဲ့သူတွေကို အရိပ်အာဝါသအပြည့်အ၀ပေးခဲ့ကြတဲ့ သစ်ပင်တွေ
အခုအခါမှာတော့ အရိပ်ဆို လုံးလုံးမရှိတော့တဲ့အတွက် စိတ်မကောင်းနေသယောင်ယောင်။
သူတို့လဲ သက်ရှိလူသားများသာဆိုရင် တမ်းတလွမ်းရတဲ့ ဖြစ်အင်တွေကို ငြီးတွားကြမှာအမှန်။

ပြည့်ပြည့်၀၀နဲ့အခက်အလက် အပွင့် အဖူးစုံလင်စွာ အလှကိုယ်စီရှိခဲ့ကြတဲ့ သူတို့တစ်တွေ
အခုအခါမှာတော့
ဒုဗ္ဘိက္ခ န္တရ အငတ်ဘေးကျရောက်နေဆဲ နိုင်ငံက လူသားများကို ကြည့်ရမြင်ရသလိုလို။

ကျနော်ကတော့
ရှင်ဥတ္တမကျော်ရဲ့  ရွှေစက်တော်သွားတောလား အစား လန်ဒန်သွားတောလား တစ်ပုဒ်လောက်ရေးတတ်ရင် ရေးလိုက်ချင်တယ်။ ကြည့်ဦးလေ။ လန်ဒန်မှာတင်မဟုတ်ပါဘူး။ အင်္ဂလန်တစ်နိုင်ငံလုံး သစ်ပင်တွေ အ၀တ်အထည်ကင်းမဲ့နေကြပြီ။ ဥရောပတစ်ခွင်မှာလဲ ဒီလိုဘဲဖြစ်မယ်ထင်ပါရဲ့ ။ ဒီရာသီရောက်ရင် ဒီလိုဘဲဖြစ်လေ့ရှိတယ်မဟုတ်လား။

ဒီနေ့မနက် လန်ဒန်ရဲ့  အေဖော (A4)ခေါ် လမ်းမကြီးနဘေးတစ်လျောက်မှာရှိတဲ့ ပလက်ဖောင်းပေါ်မှာ လမ်းလျောက်ဖြစ်တယ်။ လမ်းမကြီးဘေးနားမှာရှိတဲ့ သစ်ပင်တွေလဲ ရာသီဥတုဒဏ်မခံနိုင်ခံကြရှာဘူး။
လေအဝှေ့မှာ သစ်ရွက်ခြောက်တွေ စိန်ပြေးတမ်းကစားနေကြလေရဲ့ ။ မျက်နှာပေါ်ရှပ်တိုက်ပြေးသွားတဲ့ လေစိမ်းလေးနှင့်အတူ ခြေထောက်အစုံကို သစ်ရွက်ခြောက်ကလေးတွေ လာနှုတ်ဆက်ကြတယ်။

အော်... ကျနော် လန်ဒန်ရောက်လာတာ ရာသီစက်ရဟတ် တစ်ပတ်လည်ခဲ့လေပြီတကား။
........................


မိတ်ဆွေများ
ကျနော့်အရေးအသားလေးတွေကို ကြည့်ပြီး လန်ဒန်မှာ နွေရာသီရောက်နေပြီလို့ မထင်လိုက်ကြနဲ့ဦးနော်။
အဲဒါတွေအားလုံး လန်ဒန် ဆောင်းရဲ့  အမှတ်သင်္ကေတတွေပါ။
မြန်မာနိုင်ငံမှာ နေပူဒဏ်မခံနိုင်လို့ အရွက်ကြွေကျတဲ့သစ်ပင်တွေလို
လန်ဒန်မှာလဲ အအေးဒဏ်ကို မခံရပ်နိုင်လို့ သစ်ပင်တွေ ရွက်မဲ့နေကြလေရဲ့ ။
ရာသီရထားကြီး ခုတ်မောင်းရင်း လန်ဒန်မြို့ ရဲ့  ဆောင်းကာလထဲ ၀င်ရောက်လာပြီလေ။

ဆောင်းကာလထဲရောက်နေပေမဲ့လဲ
ဆောင်းအမီ ဆိုတဲ့သီချင်းကိုတော့ ကျနော် ဆိုခွင့်မရသေးပါဘူးခင်များ။

Wednesday, 19 November 2008

ကိုယ်လဲ မင်းလိုပါဘဲ

တောရွာလေးတစ်ရွာမှာ
အရက်ပုန်းရောင်းတဲ့ဆိုင်ကလေးတစ်ဆိုင်ရှိတယ်။
လိုင်စင်မဲ့တောအရက်ဆိုင်လေးပါ။ အရက်ရောင်းလို့ အဆင်ပြေနေပေမဲ့လဲ ရွာလူကြီးတို့ ရဲတို့ အရာရှိတို့လာရင် အရမ်းကြောက်ရတယ်။ မကြာမကြာလဲ ဆိုင်ပိတ်ပစ်လိုက်မယ်ဆိုတဲ့ ကြိမ်းမောင်းသံတွေ ကြားနေရတယ်။
အရက်လာသောက်ကြတဲ့သူတွေကလဲ အရက်ကိုကြိုက်လို့သာ လာသောက်ကြတာ။ အဖမ်းအဆီးလုပ်မှာကိုတော့ ကြောက်မှကြောက်။ အရက်သမားလဲ လူကိုးဗျ။ ကြောက်တတ်မှာပေါ့။

တစ်နေ့ အရက်ဆိုင်မှာ လူစည်ကားနေခိုက်
ယူနီဖောင်းအပြည့်ဝတ်ဆင်ထားပြီး သေနတ်ကိုခါးမှာချိတ်ကာ လက်ထိပ်ကို ဘောင်းဘီခါးပတ်ကြိုးမှာ ချည်တွဲထားတဲ့ ရဲအရာရှိတစ်ယောက် အဲဒီအရက်ဆိုင်ထဲဝင်လာတယ်။
အရက်ရောင်းတဲ့သူကော အရက်လာသောက်ကြတဲ့သူတွေကော ရုန်းရင်းဆန်ခတ်ဖြစ်သွားကြတယ်။

"ပြေးကြစို့ မှုခင်းရဲ လာဖမ်းနေပြီ"
"မြန် မြန် သွားပါဟ"
"အဖမ်းခံရတော့မယ်"

ဆူညံသံတွေက မိုးလုံးထိသောသောညံလို့။
အရက်သမားတွေလဲ အရက်မူးပြေသွားလောက်အောင် ကြောက်သွားကြတယ်။
အရက်ဆိုင်ထဲကနေပြီး အတင်းထွက်ပြေးသွားနေကြတုန်း အဲဒီ ရဲအရာရှိပြောလိုက်တဲ့စကားကြောင့်
အားလုံးဆိုင်ထဲကို ပြန်ဝင်လာကြသတဲ့။

ရဲအရာရှိက ဘာပြောလိုက်သလဲ ဆိုတော့--

"ကိုယ့်လူတို့ မကြောက်ကြပါနဲ့၊ ငါ အရက်လာဝယ်တာပါ" တဲ့။

သြော်.. သြော်... သြော်.. ဂလိုကိုး

ရွာတစ်ရွာမှာ အလွန်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ရှိကြသတဲ့။
ချစ်တာမှ မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ချစ်ကြတာ။
ဒါပေမဲ့
တစ်နေ့မှာ ယောက်ျားဖြစ်တဲ့သူသေဆုံးသွားတယ်။ အလောင်းကို တောသဘာဝအတိုင်း မြေမြှပ်သဂြို င်္ဟ်ရတယ်။
မြေကြီးက ခပ်နက်နက်တူးရတဲ့အတွက် မြေစိုင်မြေခဲတွေက စိုထိုင်းထိုင်းဖြစ်နေသတဲ့။

ဇနီးဖြစ်တဲ့သူဟာ သုဿာန်ကို
နေ့တိုင်းသွားပြီး ငိုကြွေးမြည်တမ်းနေလေ့ရှိတယ်။

"အမလေး အသေစောလို့ နှမြောလှချည်ရဲ့ ။ ကျမတစ်ယောက်ထဲ ထားခဲ့တော့မှာလား"

ပါးစပ်ကလဲ လွမ်းစရာတွေပြောပြီး ငိုတယ်။
လက်ကလဲ ယောက်ျားအလောင်း မြှပ်ထားတဲ့မြေပုံကို ယပ်တောင်တစ်ချောင်းနဲ့ခတ်နေသတဲ့။
လမ်းဘေးဖြတ်လျောက်သွားတဲ့သူတစ်ယောက်က အဲဒီအမျိုးသမီးကိုမြင်ပြီး သနားသွားတယ်။

"ဒီအမျိုးသမီး ယောက်ျားကို တော်တော်ချစ်တာဘဲ။ သူမ ယောက်ျား မြေအောက်ထဲမှာ နေရတဲ့အတွက် ပူအိုက်နေမှာစိုးလို့ ယပ်ခတ်လို့တောင်ပေးနေသေးတယ်။"

ကြည့်မနေနိုင်တော့လို့ သူမကိုဖျောင်းဖျစကားပြောလိုက်သတဲ့။

"ငါ့တူမရယ်၊ သေတဲ့သူလဲ သေပြီးပြီဘဲ။ ငိုမနေပါနဲ့တော့။ ညီမ ယပ်ခတ်ပေးနေလဲ သူသိတော့မှာ မဟုတ်ပါဘူး။"

"ဦးလေးထင်သလိုမဟုတ်ပါဘူး။ ကျမက ကျမယောက်ျား မသေခင်မှာထားခဲ့တဲ့အတိုင်းလုပ်နေတာပါ။"

"ဘာတွေ မှာထားခဲ့လို့လဲ"

အဲဒီအမျိုးသမီး ပြန်ပြောလိုက်တဲ့စကားကြောင့် အဲဒီလူခင်မျာမှာ ပါးစပ်ဟောင်းလောင်းနဲ့ ပြောစရာစကားမရှိဖြစ်သွားတယ်။
အဲဒီအမျိုးသမီး ဘာပြန်ပြောလိုက်သလဲဆိုတော့--

"နောက်ယောက်ျားယူချင်ရင် သူ့ကိုဖို့ထားတဲ့မြေပုံခြောက်သွားမှ ယူပါလို့မှာထားခဲ့တယ်။ ဒါကြောင့်သူ့မြေပုံမြန်မြန်ခြောက်သွားအောင် ယပ်ခတ်ပေးနေတာပါ" တဲ့။

ကဲ ကဲ ဇနီးမယားကို အရမ်းချစ်ကြတဲ့ ယောက်ျားများ ဘယ့်နှယ်ရှိစ။
ကျနော်ကိုယ်တိုင်ကတော့ ယုံရခက်ခက်၊ မယုံရခက်ခက်ကြီး။ ။

အလေ့အကျင့်ကူးစက်ခြင်း

ဟိုရှေးရှေးတုန်းက
ကျေးသားညီနောင်နှစ်ကောင်ရှိသတဲ့။
တစ်နေ့မှာ လေပြင်းတိုက်ခတ်ပြီး သူတို့နှစ်ကောင်ကွဲသွားကြတယ်။
တစ်ကောင်က တရားကျင့်ကြံအားထုတ်နေတဲ့ ရသေ့တစ်ပါးဆီရောက်သွားတယ်။
နောက်တစ်ကောင်က ဓါးမြခေါင်းဆောင်ဆီရောက်သွားတယ်။
ရသေ့က ဘယ်သူနှင့်တွေ့တွေ့ အမြဲတမ်းစကားချိုချိုသာသာပြောတယ်။
ဓါးမြခေါင်းဆောင်က သူတပည့်တွေအပါအ၀င် လူတွေကို အမြဲတမ်းဆဲဆိုကြိမ်းမောင်းကြမ်းတမ်းတဲ့စကားကိုဘဲပြောလေ့ရှိတယ်။
ကျေးသားညီနောင်နှစ်ကောင်လုံး စကားအသီးသီးကို ကြားရကြတယ်။

ဒါကြောင့်
ရသေ့ဆီရောက်သွားတဲ့ ကျေးသားလေးက လူတွေကိုတွေ့ရင် "နေကောင်းလား လာအလည်ပါဦး ရေလာသောက်ပါဦး ကျန်းမာပါစေ" စတဲ့ ချိုသာတဲ့စကားတွေကိုသာ ပြောသတဲ့။

ဓါးမြခေါင်းဆောင်ဆီရောက်သွားတဲ့ ကျေးသားလေးက လူတွေကိုမြင်ရင် "လူမိုက်တွေ အရူးတွေ ထွက်သွား" စတဲ့ ရိုင်းစိုင်းတဲ့စကားတွေကိုသာ ပြောသတဲ့။

အလေ့အကျင့်တွေ ကူးစက်သွားခြင်းပါဘဲ။
..........................................


ကျနော်က မနက်စာအတွက်ဆို ပေါင်မုန့်နှင့် မာဂျရင်းကို အဖော်ပြုနေကျ။ ပြီးရင် ကော်ဖီပူပူလေးတစ်ခွက်နှင့် ရေနွေးကြမ်း တစ်အိုးပေါ့ခင်မျာ။
အဲဒါတွေဟာ ကျနော့်ရဲ့  အလေ့အကျင့်မဟုတ်ခဲ့တဲ့ အလေ့အကျင့်တစ်ခုဖြစ်လို့သွားပြီ။

ငယ်ငယ်က ကြားဖူးခဲ့တဲ့ လောကမှာ အရေးအကြီးဆုံးက အချစ်နှင့်ပေါင်မုန့်ဘဲ ဆိုတဲ့ စကားက ခပ်မှန်မှန်ဘဲ။ ပေါင်မုန့်ပြတ်တဲ့နေ့ မရှိသလောက်။ ကျနော်တို့က မြန်မာတွေဖြစ်နေလို့ နေ့လည်စာနှင့်ညနေစာကို ဆန်ဝယ်ပြီး ထမင်းချက်စားဖြစ်သေးတယ်။ ဥရောပသားအများစုကတော့ မနက်ပေါင်မုန့် နေ့လည်ပေါင်မုန့် ညနေပေါင်မုန့်ပါဘဲ။ မုန်းလဲ မမုန်းတတ်ကြဘူး။

မြန်မာနိုင်ငံမှာနေတုန်းကတော့ မိုးလင်းတာနဲ့ လဘက်ရည်ဆိုင် သွားတတ်တဲ့အကျင့်ရှိတယ်။ ဒီရောက်တော့ လဘက်ရည်နား ကပ်တောင်မကပ်နိုင်ပါဘူး။ ဗဟုသုတဖြစ် တစ်ခါ နှစ်ခါလောက်ဘဲ သောက်ဖူးတယ်။ မြန်မာမှာလို ချိုဆိမ့် ကျဆိမ့် ချိုကျ ချိုပစ် ချစ်ကောင်း ပလိန်း ဘလက်ကော်ဖီ စတဲ့ နာမည်တွေ ဒီမှာ မတွေ့ရဘူး။ ဒီမှာက ကပ်ပချီနို အက်စပရက်ဆို စတဲ့ အီတလီနိုင်ငံဖြစ် ကော်ဖီတွေဘဲ တီးဘားမှာ နေရာယူထားကြလေရဲ့ ။
တစ်ခွက်ကို နှစ်ပေါင်လောက်ပေးရတယ်ဆိုတော့လဲ မနှိပ်ပြန်ဘူး။ အိမ်မှာဘဲ ကော်ဖီဗူး သကြားဗူး နို့မှုန့်ဗူးတွေဝယ်ထားပြီး ကိုယ်တိုင်ဖျော်စနစ် ကျင့်သုံးရတော့တာပေါ့ဗျာ။

ကျနော် မကြာမကြာ ပေါင်မုန့် ဝယ်ရင်း လမ်းထွက်လျောက်ဖြစ်တယ်။
လူတွေ လူတွေ ပျားပန်းခတ်သွားလာလှုပ်ရှားနေကြတာ အများကြီးဘဲ။ သူတို့ကို ကြည့်ရတာ အမြဲတမ်းအရေးကြီးနေတဲ့ပုံဘဲ။ လမ်းလျောက်တာ ဘယ်တော့မှ ၎င်း ဣနြေ္ဒမရကြဘူး။ ခပ်သုတ်သုတ်တွေချည်းဘဲ။

လူတွေပုံစံတွေကလဲ သနားစရာ။ အေးအေးဆေးဆေးမရှိကြဘူး။ ကျနော်တို့ မြန်မာနိုင်ငံကိုသွားကြည့် လဘက်ရည်ဆိုင်မှာလဲ လူတွေ အေးအေးဆေးဆေးဘဲ။ ကွမ်းယာဆိုင်မှာလဲ လူတွေအုံလို့။ ဗီဒီယိုရုံတွေ သွားကြည့်ဦးမလား။ ရုံလုံးပြည့်။ လမ်းဘေးမျက်လှည့်ပြနေတာတွေ့ရင်လဲ တစ်နေကုန် မတ်တပ်ရပ်ပြီး ကြည့်ဖို့ ၀န်မလေးကြဘူး။ အေးအေးဆေးဆေးပါဘဲ။

ဒီလောက်ချမ်းသာတဲ့ လန်ဒန်မြို့ ကြီးက ဘာဖြစ်လို့ မောပန်းစရာတွေချည်းဖြစ်နေရတာလဲ။ လူတွေ အေးအေးဆေးဆေးနေကြပါတော့လား။ နောက်ကကျားလိုက်နေတာ ကျနေတာဘဲ။ သူတို့ကို ကြည့်ရင်း ကျနော်တောင် မောဟိုက်ချင်လာတယ်။

မြန်မာနိုင်ငံမှာ နေ့လည်ပိုင်း ဘယ်အချိန်ဘဲ လမ်းလျောက်သွားသွား လူတွေ အများကြီး လမ်းပေါ်မှာတွေ့နေကြ။
လန်ဒန်ရောက်လာတော့ သရဲမကြောက်မှ လမ်းထွက်လျောက်ရမလိုဖြစ်နေပြီ။ တစ်မိုင်နှစ်မိုင်လောက် လမ်းလျောက်ကြည့်။ လမ်းမှာ တစ်ယောက်မှ မတွေ့ရဘူး။ နေ့လည်တုံးလုံးကြီး သရဲခြောက်ခံရမှာတောင် စိုးရိမ်စရာ အခြေအနေဘဲ။
.........................................

ရောဂါဆိုတာ အကူးအစက်မြန်သလား မမြန်ဘူးလားတော့ ကောင်းကောင်းမသိဘူး။ အလေ့အကျင့်ကတော့ ကူးစက်တာ မြန်သဗျို့ ။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး၊ ဘုတ်ဆုံနားနီး ဘုတ်ဆုံ ဆိုသလို ကျနော် လန်ဒန်ရောက်ပြီး လေးငါးလလောက်မှာဘဲ လန်ဒန်အလေ့အကျင့်တွေ ကျနော့်ဆီ ကူးစက်လာတယ်။
ဈေးကြီးကြီးပေးပြီး သောက်ရတဲ့ ကော်ဖီတို့လိုမျိုးကလွဲရင်ပေါ့။

အခုဆို ကျနော်
-မာဂျရင်းပါးပါးသုပ်လိမ်းထားတဲ့ ပေါင်မုန့်မီးကင်ကိုလဲ အရမ်းခင်တွယ်သွားပြီ။
-လမ်းသွားရင်လဲ (ဘာအလုပ်မှ မရှိပေမဲ့ သူများအထင်ကြီးအောင် အရေးကြီးအလုပ်ရှိချင်ယောင်ဆောင်ပြီး) ခပ်သုတ်သုတ် သွားတတ်နေပြီ။
-မြေအောက်ရထားစီးရင်း အလကားဖတ်ရတဲ့ မက်ထရိုသတင်းစာကိုလဲ အကုန်လုံးနားမလည်ပေမဲ့ ဆရာကြီးစတိုင် ဒူးနှံ့ပြီး ဖတ်တတ်နေပြီ။
-လမ်းလျောက်ရင်း အရေးကြီးဖုန်းချိန်းထားတာ ရှိသယောင်ဟန်ဆောင်ပြီး (ခေါ်ဆိုတဲ့သူ မရှိပေမဲ့) မိုဘိုင်းဖုန်းကို ခဏခဏထုတ်ကြည့်တတ်နေပြီ။
-လမ်းလျောက်ရင်း လမ်းပျောက်သွားတဲ့အခါမျိုးတွေမှာလဲ ဆိုက်ဆီးယင်း ထွက်သယောင် ခပ်တည်တည်နဲ့ ရှုခင်းတွေကို ဓါတ်ပုံရိုက်တတ်နေပြီ။
-မနက် ၈ နာရီလောက်မှ အိပ်ရာကထတတ်တဲ့ အကျင့်ပါ ကူးစက်သွားတာကတော့ အဆိုးဆုံး (ကျနော့်အတွက်အကောင်းဆုံး)ဘဲ။

မိတ်ဆွေများရဲ့  ကူးစက် (အလေ့အကျင့်)ရောဂါရှိရင်လဲ ဒေသအလိုက် ကူးစက်မှုလေးတွေ မျှဝေပေးကြပါလားခင်များ။

Tuesday, 18 November 2008

ကော်ဖီကို ပိုပြီးအရသာရှိအောင် ဘယ်လိုသောက်မလဲ ???



ကော်ဖီကြိုက်သူများ ကော်ဖီကို အရသာပိုရှိရှိသောက်ချင်ကြရင်
ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့  နည်းစနစ်လေးကို သိထားသင့်ပါတယ်။
ဗန်းမော်ဆရာတော်ဘုရားကြီးဆိုလို့ မင်းတုန်းမင်းလက်ထက်ကို မျှော်မကြည့်လိုက်ပါနဲ့ဦး။
ယခုသက်ရှိထင်ရှား ဗန်းမော်ဆရာတော်ကိုပြောတာပါ။ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ လက်ရှိ ဒုတိယနာယကချုပ်ဆရာတော်ဖြစ်ပါတယ်။
ဆရာတော်က မှတ်သားစရာ စကားတိုထွာလေးတွေကို မကြာခဏပြောပြလေ့ရှိတယ်။

တစ်နေ့
ဆရာတော်နေ့ဆွမ်းဘုဉ်းပေးအပြီး အချိုပွဲဘုဉ်းပေးနေတုန်း ဦးဇင်းလေးတွေကို ဆရာတော်က မေးတယ်။

"မောင်ပဇင်းတို့... ကော်ဖီကို ပိုပြီးအရသာရှိအောင် ဘယ်လိုသောက်မလဲ"

"မသိပါဘုရား။ တပည့်တော်တို့ကတော့ ကော်ဖီကြိုက်တဲ့သူတွေဆိုတော့ ဒီအတိုင်းဘဲ သောက်ပါတယ် ဘုရား"

"မှတ်ထားကြ။ ကော်ဖီကို အရသာပိုရှိရှိ သောက်ချင်ကြရင် လဘက်(သုပ်)ကို အရင်စားပြီးမှ ကော်ဖီကိုသောက်။
ဒါဆိုရင် ကော်ဖီ ပိုပြီးအရသာရှိတယ်"

ဆရာတော်က ဆက်လက်ပြီး ပြုံးပြုံးနဲ့ ပြောပြတယ်။

"ဒီ နည်းစနစ်ကို တစ်ခြားသူတွေကို သွားမပြောလိုက်ကြနဲ့။ တော်ကြာ လက်နှေးနေရင် လဘက်ပွဲတွေ မစားရဖြစ်နေဦးမယ်"

ကျနော်လဲ ဆရာတော်နှင့်မောင်ပဉ္ဇင်းတွေပြောနေတဲ့စကားကို ဘေးကနေကြည်ညိုနားထောင်ရင်း အိမ်ပြန်ရောက်ရင်တော့ စမ်းသပ်ကြည့်ဦးမယ်လို့ စဉ်းစားပြီးပြန်လာခဲ့တယ်။

လက်တွေ့စမ်းသပ်ကြည့်လိုက်တော့လဲ ခပ်ဟုတ်ဟုတ်ဘဲဗျို့ ။
ဒါကြောင့်မို့ ကော်ဖီချစ်တဲ့ မိတ်ဆွေများလဲ ကော်ဖီကို ဖီလင်လေးနှင့်ပိုပြီးအရသာရှိရှိ ဇိမ်ကျကျ သောက်ချင်ရင်တော့ ကော်ဖီမသောက်ခင် လဘက်ပွဲလေးကိုတော့ မမေ့ကြပါနဲ့လို့။ ။

"ကိုရင်ဆိုတာ အမျိုးသမီးလို ယဉ်ကျေးရမယ်" ဆိုလို့

တစ်ခါတုန်းက
တောရွာလေးတစ်ရွာမှာ ရွာဦးဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိတယ်။
အဲဒီကျောင်းက ကိုရင်လေးတစ်ပါးဟာ အလွန်အဆော့မက်တယ်။ တစ်ယောက်ထဲလဲ ဆော့တယ်။ အဖော်နဲ့လဲ ကစားတယ်။ ပြေးလိုက်လွှားလိုက်လဲ လုပ်တယ်။

တစ်နေ့မှာ
ဆရာတော့်ဆီ ကျောင်းဒကာ/ ဒကာမတွေ ဆွမ်းလာပို့ကြတယ်။ သူတို့ရဲ့ သမီးလေးလဲ ပါလာတယ်။
ကိုရင်လေးကတော့ အဆော့မပျက်။
ဆရာတော်က အဲဒီကိုရင်ကို ဆုံးမတယ်။

"ဟဲ့.. ကိုရင်.... ကိုရင်ဆိုတာ အဲဒီလို ကို့ရို့ ကားယားမလုပ်ရဘူး။
ကိုရင်ဆိုတဲ့အတိုင်း ယဉ်ယဉ်ကျေးကျေးနေမှပေါ့။
ဟော ဒီမှာကြည့်။ ဒီအမျိုးသမီးလေးလို ယဉ်ကျေးရမယ်"

"မှန်ပါ့ဘုရား"
................................


ညနေဘက်ရောက်တော့ အဖျော်ရည်လာကပ်ကြတဲ့ ဒကာ/ဒကာမတွေရောက်လာပြန်တယ်။ ဖန်ခွက်ယူခိုင်းဖို့ ကိုရင်ကို ဆရာတော် လှမ်းခေါ်လိုက်တယ်။

"ကိုရင်"

"ဘုရား"

ကိုရင်လဲ ဘုရားလို့ထူးပြီး ခန်းစီး(လိုက်ကာလေး)ကို ပင့်မကာ အခန်းထဲက ထွက်လာတယ်။
ကိုရင်လေးရဲ့  ပုံစံကို မြင်ပြီး အဖျော်ရည်လာကပ်ကြတဲ့ ဒကာ/ဒကာမတွေ မပြုံးဘဲ ၀ါးလုံးကွဲရယ်မောလိုက်ကြတယ်။ ကိုရင်လေးက မျက်နှာမှာ သနပ်ခါး ပါးကွက်ကြားလိမ်းထားတာကိုး။ နှုတ်ခမ်းဆိုးဆီတောင် ဆိုးထားလိုက်သေးတယ်။

ဆရာတော် ဒေါသူပုန်ထသွားတယ်။ ကိုရင်ကိုလဲ ရိုက်မယ်တကဲကဲ။

"ကိုရင်... မင်း ဘာဖြစ်လို့ အခုလို သနပ်ခါးလိမ်း၊ နှုတ်ခမ်းဆိုးဆီ ဆိုးရတာလဲ"

"ဆရာတော်ဘဲ မနက်က ကိုရင်ဆိုတာ ဟို အမျိုးသမီးလို နေရမယ်ဆို။ ဒါကြောင့် သူ့အတိုင်းလုပ်တာ"

ဆရာတော်လဲ ကိုယ့်စကားနှင့်ကိုယ်ဆိုတော့ ဘာမှမပြောသာတော့ဘဲ မျက်မှောင်ကြုတ်ပြီးနေလိုက်ရသတဲ့။

မန်းသူတွေ "ကျနော် ကျနော်" လို့ ဘာ့ကြောင့်ပြော

ကျနော်တို့ မြန်မာလူမျိုးတွေဟာ ရိုးသားဖြူစင်ပြီး ကိုယ့်ကိုကိုယ်နှိမ်ချလေ့ရှိကြတဲ့ လူမျိုးတွေပါ။ ခင်မင်တတ်တယ်။ ဖော်ရွှေတယ်။ပြုံးပြဖို့ဝန်မလေးကြဘူး။ စကားပြောတဲ့အခါမှာလဲ ယောက်ျားလေးဆိုရင် ကိုယ့်ကိုကိုယ် ကျွန်တော် လို့ပြောတယ်။ မိန်းခလေးတွေဆိုရင် ကျွန်မလို့သုံးတယ်။ ကိုယ့်ကိုကိုယ်နှိမ်ချကာ ကျွန် နဲ့တင်စားပြီး ကျွန်တော် ကျွန်မ လို့ သုံးနှုံးနေကြတာပါ။

ဒါပေမဲ့
ကျနော်သဘောမပေါက်ဖြစ်နေတာ တစ်ခုရှိတယ်။ မန္တလေးသူတွေ သူတို့ကိုယ်သူတို့ ကျနော် ကျနော်နဲ့ သုံးနှုံးနေတဲ့ကိစ္စ။ ကျနော်လဲ ဒီအကြောင်းလေးကို သိချင်တာနဲ့ လူအတော်များများကို မေးဖြစ်ခဲ့ပါတယ်။ ဘယ်တုန်းကစပြီး ဘယ်အကြောင်းကြောင့် ဘယ်သူက စပြီး မန်းသူတွေ ကျနော် ကျနော်လို့ပြောအောင် လုပ်ခဲ့သလဲပေါ့။

မန်းသူ မန်းသားတွေ အကြောင်းကောင်းကောင်းသိတဲ့ လူတစ်ယောက်နှင့်စကားပြောကြည့်တယ်။ သူပြောပြတာက မှတ်သားစရာကောင်းပေမဲ့ နဲနဲတော့ ရိုင်းနေသလိုဘဲဗျ။ ဒါပေမဲ့ ဟုတ်တာ မဟုတ်တာအသာလေးဘေးချိတ်ပြီး သူပြောပြတဲ့ မန်းသူတွေ ကျနော် ကျနော်လို့ ပြောတဲ့အကြောင်းလေးတင်ပြချင်ပါတယ်။ စိတ်ဝင်စားစရာလေးပါ။
........................................

မင်းတုန်းမင်းကြီးအကြောင်းဆို လူတိုင်းသိကြပါတယ်။ ပထမဆုံး မန္တလေး (ရတနာပုံနေပြည်တော်)ကို တည်ထောင်ခဲ့တဲ့ ဘ၀ရှင် မင်းတရားကြီးပေါ့။ ပဉ္စမသံဂါယနာကို စီမံခဲ့တဲ့ မင်းကြီးတစ်ပါးဆိုလဲ မမှားပါဘူး။ အခု မန်းသူတွေ ကျနော် ကျနော် လို့ပြောဖြစ်ကြအောင်လဲ မင်းတုန်းမင်းကြီးပြုလုပ်လိုက်တာပါတဲ့။

သိတဲ့အတိုင်းဘဲလေ။ မင်းတုန်းမင်းကြီးမှာ တရားဝင်မိဖုရားတွေ ငါးဆယ်ကျော်ရှိတာ။ တရားမ၀င်တဲ့မိဖုရားတွေကတော့ ကျနော်လဲမသိဘူး။ သူကိုယ်တိုင်တောင်မှ သိမယ်မထင်ပါဘူး။ မိဖုရားကောက်ရတာ အတော်လေးဝါသနာကြီးတဲ့ မင်းဘဲ။

မိန်းခလေးတွေဆို မင်းတုန်းမင်းကြီးအနား မကပ်ရဲလောက်အောင် ဖြစ်ခဲ့ကြတယ်။ ချင်းမလေးတွေ နာဂမလေးတွေ သူတို့ရဲ့ မျက်နှာကို အလှပျက်အောင် ပါးရဲကွက်တွေ မင်ကြောင်တွေထိုးတာကြတာလဲ မြန်မာမင်းတွေ မိဖုရားကောက်တာ သောင်းကျန်းလို့ အလှပျက်အောင် လုပ်ထားတာပါတဲ့။ ဒါမှ မင်းကြီးရန်က အေးမှာ မဟုတ်လား။ မဟုတ်ရင် လှလေ မိဖုရားဖြစ်ဖို့နီးစပ်လေလေဘဲ။ မိဖုရားဖြစ်ရတာတော့ကောင်းပါတယ်။ ဒါပေမဲ့ မိဖုရားအများကြီးဆိုတော့ မနှိပ်ဖူးပေါ့ဗျာ။ ညမှောင်မှောင်ကြီးထဲမှာ ခြေသံလေးကြားတာကအစ မင်းတုန်းမင်းကြီးကမေးလေ့ရှိတယ်။

"ဟေ့.. ဘယ်သူလဲ"

"ကျွန်တော်မျိုးပါ... မင်းကြီး"

"ကျွန်တော်ဆိုရင် သွား ကိုယ့်အိမ်ကိုယ်ပြန်"

ယောက်ျားလေးတွေဆိုရင်တော့ ဇာတ်တူသားမစားပါဘူး။ ပြန်လွတ်တယ်။

"ဟိတ်.. ဘယ်သူလဲ"

"ကျွန်မပါ အရှင်မင်းကြီး"

"ကျွန်မဆိုရင် လာခဲ့ ဒီကို"

အဲဒီလိုပြောပြီး သာမိကလား အသာမိကလား မမေးဘဲနဲ့ မင်းကြီးခြေတော်တင်လေ့ရှိသတဲ့။

တစ်ညမှာ
လင်မယားနှစ်ယောက် ဘုရင့်နန်းတော်နားက ဖြတ်သွားကြတယ်။ မင်းကြီးက နန်းတော်ထဲက လှမ်းမေးလိုက်တယ်။

"ဟိတ် ဘယ်သူလဲ"

"ကျွန်တော်ပါ အရှင်မင်းကြီး"

"ကျွန်မပါ အရှင်မင်းကြီး"

လင်မယားနှစ်ယောက်လုံး ပြိုင်တူဖြေလိုက်ကြတယ်။

ကျွန်တော်ဆိုတဲ့ကောင် သွား ပြန်နိုင်ပြီ။ ကျွန်မဆိုတဲ့သူ လာခဲ့။

အဲဒီလိုဘဲ လင်ရှိမယားကိုတောင် ခြေတော်တင်လေ့ရှိသတဲ့။ မင်းကြီးဆိုတော့လဲ ဘယ်သူမှ မပြောရဲကြဘူးလေ။ မင်းတို့မျက်စောင်း အကြောင်းမရွေးဘူးမဟုတ်လား။ တော်ကြာ ရာဇဒဏ်ထိနေမှ ဒုက္ခ။
.............................

ရက်တွေအတော်လေးကြာလာတဲ့အခါမှာတော့ မြို့ သူမြို့ သားတွေ မင်းကြီးအကြောင်းသဘောပေါက်သွားကြတယ်။ မိမိတို့ ဇနီးတွေ သမီးတွေ အပါအ၀င် မိန်းခလေးတွေအားလုံး မင်းကြီးရဲ့  ခြေတော်တင်တဲ့ ရန်ကနေ ကင်းဝေးအောင် ကြံစည်ကြတယ်။ နောက်ဆုံးတော့ အဖြေတစ်ခုရသွားကြတယ်။ မိန်းခလေးတွေအားလုံး ကိုယ့်ကိုကိုယ်ပြောရင် ကျွန်တော် လို့ဘဲ ပြောကြဖို့ပေါ့။ အားလုံးသဘောတူပြီး တစ်ညီတစ်ညွတ်ထဲ ဆုံးဖြတ်လိုက်ကြတယ်။
.....................................


"ဟိတ်.. ဘယ်သူလဲ"

"ကျွန်တော်မျိုးပါ"

"ကျွန်တော်မျိုးပါ"

မင်းကြီးမေးသမျှ လင်ရော မယားရော ယောက်ျားလေးတွေရော မိန်းခလေးတွေရော အားလုံး ကျွန်တော်မျိုးပါ လို့ ပြန်ဖြေတဲ့သူတွေချည်းဖြစ်သွားကုန်ကြတယ်။ အဲဒီတော့မှ မင်းကြီးရဲ့  တော်ကောက်ခံဘ၀က မန္တလေးသူတွေ ကင်းလွတ်ခွင့်ရသွားကြပါတော့သတဲ့ခင်မျာ။
.............................

ကာလတွေကြာညောင်းလာကြတဲ့ အခါမှာတော့ ကျွန်တော် ကနေ ကျနော် လို့ အချိန်ရဲ့ စေစားမှုအရ ပြောင်းလဲလာတာပါတဲ့။
............................


ပုံပြင်လေးက ရယ်စရာလဲ ဟုတ်တယ်။ မှတ်သားစရာလဲကောင်းတယ်။ နဲနဲလဲ ရိုင်းတယ်။ မန်းသူ မန်းသားတွေကတော့ ဒီပုံပြင်လေးကို ဖောက်သည်ချလိုက်လို့ စိတ်တိုနေကြမလားမသိဘူး။ ကျနော်လဲ လုပ်ကြံပြီး ပြောတာမဟုတ်ပါဘူး။ တစ်ဆင့်ကြားစကားအရ မျှဝေပေးလိုက်ခြင်းပါ။

ကျနော်ကိုယ်တိုင် မန္တလေးကို မကြာမကြာရောက်ဖူးပါတယ်။ ကျနော် ကျနော်လို့ပြောတဲ့ မန်းသူတွေရဲ့ စကားသံလေးတွေကို စကြားကြားချင်း နားဝမှာ ခါးလှသဗျာ။ ဟုတ်တယ်လေ မိန်းခလေးတန်မဲ့ ကျနော်လို့ ပြောစရာလား။ ဒါပေမဲ့လဲ အချိန်ကြာလာတော့ ကျနော် ကျနော်လို့ ပြောတဲ့ ပြောဟန်လေးတွေက ချစ်စရာ အလွန်ကောင်းသွားတယ်။ သူ့နေရာနှင့် သူ့ဒေသဆိုတော့လဲ လိုက်ဖက်တာပေါ့လေ။ ရန်ကုန်သူတစ်ယောက်က ကျနော် ကျနော်လို့ ပြောရင်တော့ တော်တော် အကျည်းတန်မယ်ထင်ပါတယ်။

ရှိစေတော့.. ရှိစေတော့
မန်းသူတွေရဲ့  ကျနော် ကျနော်ဆိုတဲ့ စကားသံလေးက ချစ်စရာကောင်းပေမဲ့လဲ အဲဒီ ကျနော် ကျနော် လို့ ပြောနေတဲ့ သူတို့ရဲ့ အသံလေးကို ကြားတိုင်း မင်းတုန်းမင်းကြီးကို ကျနော်မြင်ယောင်နေတယ်။ ပြီးတော့ ကျနော် မပြုံးဘဲမနေနိုင်ဘူး။ ကျနော်ပြုံးပေမဲ့လဲ မန်းမြေမှာ သူတို့လေးတွေရဲ့  ကျနော် ကျနော် ဆိုတဲ့ အသံတွေ ဝေနေဆဲပါဘဲခင်များ။

အားလုံးရွှင်လန်းနိုင်ကြပါစေ။


...

ဖိနပ်တစ်ရံ ဒေါ်လာ ၇၅၀၀ နှင့် အမျိုးသမီးတစ်ယောက်


စိတ်ဆိုတာ မကောင်းမှုမှာဘဲ ပျော်မွေ့တတ်တယ်လို့ ကျနော် ဖတ်ဖူးတယ်။ အခုလို ဆုတ်ကပ်ကာလမှာ ပုထုဇဉ်လူသားတွေရဲ့ စိတ်ထဲ လောဘ ဒေါသ မောဟတွေ ကိန်းအောင်းနေပြီး ၀ိသမလောဘစိတ်တွေ သောင်းကျန်းနေရာယူထားကြတယ်။
သူခိုး သူပုန် ဓါးမြတွေကလဲ နေရာအနှံ့မှာ ကျင်လည်ကျက်စားနေကြလေရဲ့ ။ အလစ်သုတ်ပြေးတာ သူခိုးဝင်သွားတာ ခါးပိုက်နှိုက်ခံရတာ လူလိမ်ခံရတာ ပစ္စည်းလိမ်ရောင်းတာစတဲ့ ဒုစရိုက်မှုတွေကလဲ မကြားချင်အဆုံးဖြစ်နေတယ်။

လစ်ရင်ခိုးတယ်
မိရင်ပြန်ပေးတယ်

ဒီစကားလေးတွေကြားဖူးနေတာကြာပါပြီ။ တစ်နေ့ထက်တစ်နေ့ တိုးတက်လာတယ်ထင်ရပေမဲ့ စိတ်ဓါတ်ရေးရာတွေ ပိုပြီးပျက်ပြားလာကြတယ်။ အလွယ်နည်းနဲ့ဘဲ ချမ်းသာချင်ကြတယ်။
အူမတောင့်မ သီလစောင့်နိုင်မယ်ဆိုပြီး စားဖို့သောက်ဖို့ သုံးစွဲဖို့ နည်းအမျိုးမျိုးနှင့်ရှာဖွေနေကြရတယ်။
သီလကျိုးပြီးမှ အူမတောင့်ကြရတယ်။
.............................

ဒီလိုခေတ်ကာကြီးထဲမှာ မမျှော်လင့်နိုင်စရာ ရိုးသားတဲ့ လူတွေရှိနေသေးတာကိုတွေ့ရတော့ ကျနော်အားကျဂုဏ်ယူလို့ မဆုံးပါဘူး။ တကယ်ရိုးသားတဲ့အမျိုးသမီးတစ်ယောက်အကြောင်း Sky news ထဲမှာဖတ်လိုက်ရတယ်။
သူမနာမည်က မစ် တီအိုဒိုရ ပက်ထရိုဗာ (Ms Teodora Petrova) ပါ။ ဘူဂေးရီးယားနိုင်ငံသူလေးဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်မှာ အခြေချနေထိုင်နေတဲ့သူပါ။

တစ်နေ့မှာ
အမေရိကန် အီလီနိုက် ပြည်နယ်မှာရှိတဲ့ Charity ဆိုင်တစ်ဆိုင်ကို သွားပါတယ်။ ဖိနပ်အဟောင်းတွေကို လိုက်ကြည့်ရင်းနဲ့ ရှူးဖိနပ်တစ်ရံထဲမှာ အမေရိကန်ဒေါ်လာ ၇၅၀၀ ကို အထုပ်လိုက်တွေ့လိုက်ပါတယ်။
အဲဒီ Charity ဆိုင်ကို လာလှူတဲ့သူတစ်ယောက်ယောက် မှားပြီးလှူခဲ့တာပါ။

ဒါနဲ့ သူမလဲ Management ဌာနကိုသွားပြီး အပ်နှံလိုက်ပါတယ်။ တကယ်ဆို သူမကိုလဲ ဘယ်သူမှ သတိမထားမိပါဘူး။ ဖိနပ်ထဲမှာ ပိုက်ဆံတွေ ရှိနေတယ်ဆိုတာလဲ ဘယ်သူမှ မသိပါဘူး။ တကယ်လို့ သူမကသာ အဲဒီပိုက်ဆံတွေကို လိုချင်တယ်ဆိုရင် အေးအေးဆေးဆေးယူခဲ့လို့ရပါတယ်။ ဒါပေမဲ့ သူမ မယူခဲ့ပါဘူး။ အကုန်လုံးဘဲ ပြန်အပ်ခဲ့ပါတယ်။

Charity ဆိုင်ကလဲ ဖိနပ်လာလှူတဲ့ အလှူရှင်ကို ခက်ခက်ခဲခဲလိုက်ရှာပြီး အဲဒီငွေတွေကို ပြန်ပေးလိုက်ပါတယ်။
အလှူရှင်ကိုယ်တိုင်ကလဲ အဒီဖိနပ်ထဲမှာ ငွေတွေဒီလောက်အများကြီးရှိနေတာကို လုံးဝမသိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီဖိနပ်က မကြာခင်က သေဆုံးသွားကြတဲ့ သူ့မိဘတွေ ပိုင်ဆိုင်တဲ့ ဖိနပ်ဖြစ်နေလို့ပါဘဲ။

ဖိနပ်အလှူရှင်က မစ် တီအိုဒိုရ ပက်ထရိုဗာ ကို ရိုးသားတဲ့ဆုအဖြစ် လက်ဆောင်တွေအများကြီး ပေးလိုက်တယ်လို့ သိရပါတယ်။
....................

ဒီလို အခွင့်အရေးမျိုးရရင် မိတ်ဆွေတို့ရော ဘယ်လိုဆုံးဖြတ်ကြမလဲ။ ပိုင်ရှင်လက်ထဲပြန်အပ်လိုက်မှာပေါ့လို့ ပြောတဲ့သူကို မိတ်ဆွေတို့ ဘယ်လို ထင်မြင်ချက်ပေးမလဲ။ ဒေါ်လာ ၇၅၀၀ ဆိုတော့ မြန်မာကျပ် ၇၅သိန်း ကြီးများတောင် အခွင့်ရတုန်းယူထားမှ လို့ပြောတဲ့သူကိုရော မိတ်ဆွေတို့ ဘယ်လိုတုန့်ပြန်မလဲ။ ကျနော်ကိုယ်တိုင်ကတော့ ကိုယ့်ကိုကိုယ် ပြန်မမေးရသေးဘူးခင်မျာ။

စကားမပြောတတ်တဲ့ သူတောင်းစား

သူတောင်းစားတစ်ယောက်
လမ်းဘေးမှာ ခွက်ကလေးတစ်လုံးချပြီး ကိုယ်အမူအရာ လက်အမူအရာပြပြီး ပိုက်ဆံတောင်းနေတယ်။
သူ့ရဲ့ နောက်ကျောပြင်မှာလဲ "ကျန်ုပ်စကားမပြောတတ်လို့တောင်းစားနေရတာပါ။ကူညီကြပါ။ သနားကြပါ။" လို့ ရေးထားတဲ့ စာရွက်ကြီးကို ကပ်ထားတယ်။

လမ်းသွားလမ်းလာတစ်ယောက်က စကားမပြောတတ်ဘူးဆိုတော့ သနားစရာကောင်းပါတယ်ဆိုပြီး ပိုက်ဆံသွားပေးတယ်။ ပြီးတော့ သူက သူတောင်းစားကို မေးလိုက်တယ်။

"ခင်များ စကားမပြောတတ်တာ ဘယ်လောက်ကြာပြီလဲ"

သူတောင်းစားပြန်ဖြေလိုက်တဲ့စကားကြောင့် အဲဒီလူခင်မျာ.. ပေးထားပြီးသားပိုက်ဆံကိုတောင် ပြန်ယူပြေးချင်စိတ်ပေါက်သတဲ့။

သူတောင်းစားပြန်ဖြေလိုက်တာကတော့----

"ကျနော် မွေးကထဲက စကားမပြောတတ်တာပါ" တဲ့။

အလံနီတိုင်ဘက်မှာ.......

တစ်ခါတုန်းက
စစ်တပ်ကြီးတစ်တပ်မှာ အစည်းအရုံးကြီးတစ်ခုဖြစ်သတဲ့။
အဲဒီအစည်းအရုံးအလည်တည့်တည့်မှာ တိုင်နှစ်တိုင်ထောင်ထားတယ်။
အလံနီတိုင်နှင့် အလံဖြူတိုင်။

ဗိုလ်ချုပ်ကြီးရဲ့ အသံက ကျယ်လောင်စွာထွက်ပေါ်လာတယ်။
"မယားကြောက်တဲ့သူတွေ အလံဖြူတိုင်ဘက်မှာထိုင်ပါ။
မယားမကြောက်တဲ့သူတွေ အလံနီတိုင်ဘက်မှာ ထိုင်ကြ။ အမိန့်။
မရှင်းတာရှိလား။"

"မရှိပါ"

"ကဲ ဒါဖြင့် ဆက်လုပ်"

ရဲဘော်တွေအားလုံးညာညှိပြီး တန်းဖြုတ်ကြတယ်။
ပြီးတော့ အားလုံးအလံဖြူတိုင်ဘက်မှာ သွားထိုင်ကြတယ်။

ဒါပေမဲ့
စစ်ဗိုလ်လေးတစ်ယောက်က အလံနီတိုင်ဘက်မှာ သွားထိုင်နေတယ်။
အားလုံးကသူ့ကို ၀ိုင်းကြည့်ပြီး ချီးကျူးနေကြတယ်။
တစ်ယောက်တစ်မျိုးစကားသံတွေထွက်လာတယ်။

"သတ္တိအရမ်းကောင်းတာဘဲ"

"မိန်းမကို ဘယ်လိုကိုင်တွယ်လို့ အနိုင်ယူမှန်းမသိဘူး"

"အားကျလိုက်တာ"


အထက်ကစကားသံတွေ အားလုံးကြားပြီး စစ်ဗိုလ်လေး ပြန်ပြောလိုက်တဲ့ စကားကြောင့် ရဲဘော်တွေအားလုံး ငြိမ်ကျသွားတယ်။ စစ်ဗိုလ်လေးပြောလိုက်တာကတော့--

"ငါ့မိန်းမက အလံနီတိုင်ဘက်မှာ ထိုင်ရမယ်လို့ မှာလိုက်တဲ့အတွက် ဒီအလံနီတိုင်ဘက်မှာ ထိုင်ရတာပါကွာ" တဲ့

Monday, 17 November 2008

အမေ့အချစ် မေ့မပစ်ပါဘူး


ငယ်ငယ်ရွယ်ရွယ်ကလေးဘဝ
အတွေးရမိသေးတယ်။
လက်သည်းခြေသည်းရှည်လာတော့
အမေကညှပ်ပေးတယ်။
လက်သည်းညှပ်တွေ အရပ်မှာမရှိလို့
စက်ကပ်ကြေးကိုဘဲသုံးပါတယ်။
လက်သည်းညှပ်စဉ်လက်ကိုညှပ်မိတော့
"ဥုံဖွပ် ဥုံဖွပ်" အမေဆိုတယ်။
လက်ကိုပွတ်ပေး၊ ဖွဖွလေး၊ ညှပ်ပေးလက်သည်းဖယ်။
အဲဒါကြောင့် အမေ့ဘ၀ သားလှချစ်သွေးကြွယ်။


လက်သည်းညှပ်ဆိုမမြင်ဖူးလို့
အသွင်ထူးလေးမို့အံ့သြတယ်။
လက်သည်းညှပ်တွေအစီရီပေါတော့
(အမေ)အသေစောလို့ သားနှမြောတယ်။
လက်သည်းညှပ်ရင်းလက်ကိုထိတော့
အမိ တ သတိတရမိသေးတယ်။
အမေ့မေတ္တာ ရေစင်လေးကို
မျှော်တွေးမဆုံး ဗျာပါကြွယ်
"ဥုံဖွပ်" အသံလေး၊ ကြားယောင်သေး၊ သားလေးမျက်ရည်လည်။
အဲဒါကြောင့် အမေ့အချစ် မေ့မပစ်သင့်ဘူးကွယ်။

Sunday, 16 November 2008

ဗုဒ္ဓမြတ်စွာ ၀ါဆိုဝါကပ်ခဲ့သောနေရာဒေသများ

ဘာသာရေးဆောင်ပါးလေး ရေးရကောင်းမလားလို့ စဉ်းစားမိတယ်။ ဒါပေမဲ့ ဘယ်ကစရေးရမှန်းမသိဘူး။ ဘာသာရေးဆိုတော့ ကိုယ်ထင်တာတွေ လျောက်ရေးလို့ မဖြစ်ဖူးလေ။ တိကျရမယ်။ မှန်ကန်ရမယ်။ ဘုရားဟောစစ်စစ်တွေဖြစ်ရမယ်။
ကျနော် နဲနဲတော့ခေါင်းမူးသွားတယ်။ ရေးလဲရေးကြည့်ချင်တယ်။ ရေးလဲမရေးရဲဘူး။

ဒီနေ့တော့
စိတ်ဒုံးဒုံးချပြီး လက်တည့်စမ်းကြည့်လိုက်တယ်။ အခက်ကြီးမဟုတ်ပါဘူး။ ပိဋကတ်စာပေတွေထဲက ကူးချလိုက်တာပါ။ ဒါမှလဲ အမှားနည်းမှာမဟုတ်လား။

လမ်းများများလျောက်ရင် ခလုပ်တိုက်မယ်
တိုက်ပွဲများများဝင်ရင် ဒဏ်ရာရမယ်
အလုပ်များများလုပ်ရင် အမှားပါမယ်

အဲဒီသီအိုရီတွေကို ဆုပ်ကိုင်ထားပြီး ကျနော် စမ်းရေးကြည့်လိုက်တယ်။
မှားတဲ့နေရာရှိရင်တော့ ကျနော့်ကို ပြင်ပေးကြပါလို့ ကြိုတင်ပန်ကြားပါတယ်။
ကျနော် စရေးမှာက ကျနော်တို့ မြတ်စွာဘုရားဝါဆိုဝါကပ်ခဲ့တဲ့နေရာလေးတွေကို ဖော်ပြပေးရုံပါ။
အစမှာ အမှားနည်းအောင်လို့ပေါ့ဗျာ။ ကျနော်က ဟိုယောင်ယောင်ဒီယောင်ယောင် ၀ါသနာကပါလေတော့
ဘာသာရေးဘက်မှာလဲ နဲနဲ တီးမိခေါက်မိရှိသပေါ့။
သည်းခံပြီးသာ ဖတ်ကြည့်ကြပေတော့ မိတ်ဆွေတို့ရေ့ ။



ဗုဒ္ဓမြတ်စွာဘုရား ၀ါဆိုဝါကပ်ခဲ့သောနေရာများ

၁ ၀ါမြောက်= ဣသိပတနမိဂဒါဝုန်တော
၂ ၀ါမြောက်= ရာဇဂြိုဟ်ပြည်
၃ ၀ါမြောက်= ရာဇဂြိုဟ်ပြည်
၎ ၀ါမြောက်= ရာဇဂြိုဟ်ပြည်
၅ ၀ါမြောက်= ဝေသာလီပြည်
၆ ၀ါမြောက်= ဗကုလတောင်
၇ ၀ါမြောက်= တာဝတိံသာနတ်ပြည်
၈ ၀ါမြောက်= ဘဂ္ဂတိုင်း
၉ ၀ါမြောက်= ကောသမ္ဗီပြည်
၁၀ ၀ါမြောက်= ပါလိလေယျကတောအုပ်
၁၁ ၀ါမြောက်= နာဠမည်သောပုဏ္ဏားရွာ
၁၂ ၀ါမြောက်= ဝေရဉ္ဇာပြည်
၁၃ ၀ါမြောက်= စာလိယတောင်
၁၄ ၀ါမြောက်= ဇေတ၀န်ကျောင်း
၁၅ ၀ါမြောက်= ကပိလ၀တ်ပြည် နိဂြောဓာရုံကျောင်း
၁၆ ၀ါမြောက်= အာဠ၀ီပြည်
၁၇ ၀ါမြောက်= ရာဇဂြိုဟ်ပြည်
၁၈ ၀ါမြောက်= စာလိယတောင်
၁၉ ၀ါမြောက်= စာလိယတောင်
၂၀ ၀ါမြောက်= ရာဇဂြိုဟ်ပြည်
၂၁ ၀ါမှ ၄၄ ၀ါအထိ= ဇေတ၀န်ကျောင်းနှင့် ပုပ္ဖာရုံကျောင်းတော်နှစ်ခု၌တစ်လှည့်စီ
၄၅ ၀ါမြောက်= ဝေဠုဝရွာ

ဝန်ခံချက်။ ။
သမန္တစက္ခုဒီပနီကျမ်းကို အမီပြုထားပါတယ်။
.....

စာကြွင်း။
ဘုရားရှင်ဟာ တိုင်းကြီး ၇ တိုင်းထဲမှာဘဲ လှည့်ပတ်သီတင်းသုံးဝါဆိုတော်မူခဲ့တာပါ။ အိဖြူဆိုတဲ့ မိန်းခလေးက အခုခေတ်နေရာနှင့်နှိုင်းယှဉ်ပြရင် ပိုအဆင်ပြေမယ်ထင်တယ်လို့ အကြံပေးထားတဲ့အတွက် လက်လှမ်းမီသလောက် ဖော်ပြပေးလိုက်ပါတယ်။
ကျနော်ကိုယ်တိုင် အိန္ဒိယမရောက်ဖူးတဲ့အတွက် အမှားပါရင် ပြင်ဆင်ပေးကြပါလို့။

တိုင်းကြီး ၇ တိုင်း
၁။ဝေသာလီပြည်(Vesali)=.........Bihar-Modern India.
၂။ရာဇဂြိုဟ်ပြည်(Rajagaha)......Bihar-Modern India.
၃။အာဠ၀ီပြည်(Alavi)................Uttar Pradesh-Modern India.
၎။သာဝတ္ထိပြည်(Savatthi).......Uttar Pradesh-Modern India.
၅။ကောသမ္ဗီပြည်(Kosambi)....Uttar Pradesh-Modern India.
၆။သက္ကတိုင်း(Sakka)...............Modern Nepal.
၇။ဘဂ္ဂတိုင်း(Bhagga)...............Madhar Pradesh-Modern India.

အထက်က ဘုရားရှင်ရဲ့  ၄၅၀ါ ၀ါဆိုစဉ်ကို အခု တိုင်းကြီး ၇ တိုင်းနှင့် တိုက်ဆိုင်ကြည့်လိုက်ရင် ဘယ်နှစ်ဝါမြောက် ဘယ်မှာ ၀ါကပ်တယ်ဆိုတာကို အတော်အသင့်တော့ ခန့်မှန်းနိုင်မယ်လို့ ယူဆကြောင်းပါ။

........

အရုဏ်တက်ချိန် (နံနက်ရောင်နီလာချိန်)

အင်္ဂလန်ရဲ့ ရာသီဥတုအခြေအနေက မြန်မာနှင့်လုံးဝမတူဘူး။ မြန်မာမှာ နွေ မိုး ဆောင်း သုံးရာသီထဲရှိပေမဲ့ အင်္ဂလန်မှာကတော့ ဆောင်းဦး ဆောင်း နွေဦး နွေ ဆိုပြီး လေးရာသီရှိတယ်။
မိုးကတော့ ရာသီတွေ နေ့ရက်တွေ ရွေးလေ့မရှိဘူး။ ရွာချင်တဲ့အချိန်ရွာချလိုက်တာပါဘဲ။

နွေဦးနှင့်နွေရာသီမှာဆို နေ့အချိန်တွေက အကြာကြီးဘဲ။
နံနက် ၄ နာရီလောက်ဆို မိုးလင်းပြီ၊ ပြီးတော့ ည ၁၀ နာရီလောက်မှ နေ၀င်တယ်။

ဆောင်းဦးနှင့် ဆောင်းရာသီမှာတော့ ညအချိန်က ပိုကြာသွားတယ်။
ည ၄ နာရီလောက်ဆို မိုးချုပ်ပြီး နံနက် ရှစ်နာရီလောက်မှ နေထွက်တယ်။

ဒါကြောင့်မို့
အင်္ဂလန်မှာ လအလိုက် ဘယ်အချိန် အရုဏ်တက်သလဲဆိုတာ ကျနော်မသိပါဘူး။
သိရအောင်လဲ အခုထိ ကျနော် မကြိုးစားဖူးသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က ညတိုင်း သန်းခေါင်ကျော်မှ အိပ်ရာဝင်ပြီး မနက် ၈ နာရီလောက်မှ အိပ်ရာကထနေကျ ဖြစ်လို့ပါဘဲ။

ဒါပေမဲ့
ကျနော်က အင်္ဂလန်နိုင်ငံရဲ့  အရုဏ်တက်ချိန်ကိုဘဲ မသိတာပါ။ မြန်မာနိုင်ငံရဲ့  အရုဏ်တက်ချိန်ကိုတော့ ကောင်းကောင်းကြီးသိပါတယ်။ ပညာရှင်ဆရာတော်ဘုရားတွေရေးထားတဲ့ အထဲက ကူးချထားတာကိုးဗျ။ မသိဘဲ ဘယ်နေပါ့မလဲ။

မိတ်ဆွေများလဲ သိရအောင် လင်္ကာလေးနှင့်အတူ မျှဝေပေးလိုက်ပါတယ်။
...............................


မြန်မာနိုင်ငံ နံနက်အရုဏ်တက်ချိန်

၁။တန်ခူး ၅း၀၀
၂။ကဆုန် ၄း၅၀
၃။နယုန် ၄း၄၀
၎။ဝါဆို ၄း၃၀
၅။ဝါခေါင် ၄း၄၀
၆။တော်သလင်း ၄း၅၀
၇။သီတင်းကျွတ် ၅း၀၀
၈။တန်ဆောင်မုန်း ၅း၁၀
၉။နတ်တော် ၅း၁၀
၁၀။ပြာသို ၅း၃၀
၁၁။တပို့တွဲ ၅း၂၀
၁၂။တပေါင်း ၅း၁၀

လင်္ကာ
၁။ကူးပြန်နှင်းထွေး
၂။ဆုန်လေးပေါ်နေ
၃။ယုန်ဝေေ၀ထပ်
၎။ဆိုလတ်စာတော်
၅။ခေါင်လှော်လူထု
၆။လင်းလုမတွေး
၇။ကျွတ်မေးနင်တို့
၈။မုန်းဖို့အော်နေ
၉။တော်မြေကျော်ဌေး
၁၀။ပြာပေးဆန်တောင်း
၁၁။တွဲပေါင်းခေါ်နော်
၁၂။ပေါင်းပျော်အထွက်
အရုဏ်တက်။


မှတ်ချက်။ ။
အ= ၁
က၀ဂ်= ၂
စ၀ဂ်= ၃
ယရလ၀= ၎
ပ၀ဂ်= ၅
ဋ-တ၀ဂ်= ဝ

ဝန်ခံချက်။
သာသနာ့ရောင်ခြည် အတွဲ ၂၆ အမှတ် ၂ စာစောင်ကို အမီပြုထားပါတယ်။

အချစ်လား ၀ဋ်ကျွေးလား

သူ့နာမည်က ကျော်ကျော်
မရမ်းကုန်းမှာနေတယ်။ လက်လုပ်လက်စားဘ၀ပါဘဲ။ ပညာအရည်အချင်းကတော့ ရေးတတ်ဖတ်တတ်အဆင့်။ တစ်နေ့လုံး ဟိုယောင်ယောင် ဒီယောင်ယောင်လျောက်သွားနေတဲ့အတွက် ယောင်ခြောက်ဆယ် ကျော်ကျော် လို့တောင် သူငယ်ချင်းတွေက နာမည်ပြောင်ပေးထားကြသေးတယ်။

သူမနာမည်က အေးမီ
မြောက်ဥက္ကလာပမှာနေတယ်။ အသုပ်စုံရောင်းတယ်။ တစ်ခါတစ်ခါ မုန့်ဟင်းခါးလေးပါတွဲပြီးရောင်းတယ်။
သာမန်ဆိုင်ပေါက်စလေးပါဘဲ။ ၁၀ တန်းခဏခဏကျလို့ သူမရဲ့ အမေက အသုပ်ဆိုင်မှာ အကူအညီအဖြစ်ခေါ်ထားရင်းနဲ့ အသုပ်စုံလောကထဲရောက်ခဲ့တာ တစ်နှစ်ကျော်သွားပြီ။
................................

တစ်နေ့မှာ
ကျော်ကျော်တစ်ယောက် မြောက်ဥက္ကလာပဘက်လျောက်လည်ရင်း ဗိုက်ဆာလာတဲ့အတွက် အေးမီရဲ့  အသုပ်စုံဆိုင်လေးဘက် ရောက်သွားတယ်။ အသုပ်စုံကလေးတစ်ပွဲစားပြီး စကားပေါရင်းက ကျော်ကျော်နှင့်အေးမီ ခင်မင်သွားတယ်။ စားကျက် တွေ့သွားတဲ့ကျော်ကျော်တစ်ယောက် အသုပ်စုံဆိုင်ဘက် မကြာမကြာရောက်လာလေ့ရှိတယ်။ အေးမီကလဲ ကျော်ကျော်အလာကို စောင့်မျှော်နေတတ်တယ်။
အချိန်တွေကြာလာတော့ ကျော်ကျော်တစ်ယောက် အေးမီဆိုင်မှာ အသုပ်လာစားရင် ပိုက်ဆံပေးစရာ မလိုတော့ဘူး။

လူငယ်တွေသဘာဝအတိုင်း သူတို့နှစ်ယောက် ချစ်သူတွေအဖြစ်ရောက်သွားတယ်။ ချစ်သူတွေပီပီ အတူတူ လျောက်လည်ကြတယ်။ ရုပ်ရှင် အတူကြည့်ကြတယ်။ ဘုရားတွေကို အတူသွားတယ်။ အင်းယားကန် တိရစ္ဆာန်ဥယျာဉ် ကန်တော်ကြီး စတဲ့ ချစ်သူတို့ သွားတဲ့နေရာအတော်များများမှာ
သူတို့ရဲ့ ခြေရာတွေထပ်လာတယ်။ နောက်ဆုံးတော့လဲ စိတ်မထိန်းနိုင်ကြလို့ ခြေလွန်လက်လွန်ဖြစ်ကုန်ကြတော့တာပေါ့ဗျာ။

အေးမီမှာ ကိုယ်ဝန်ရလာတယ်။ ဒါပေမဲ့ ကျော်ကျော်တစ်ယောက် အိမ်ထောင်ပြုဖို့ အဆင်သင့်မဖြစ်သေးဘူး။ ရှင်းရှင်းပြောရရင် သူအိမ်ထောင်မပြုချင်သေးဘူး။ ဒါကြောင့်မို့ ကိုယ်ဝန်ကို ဖျက်ချခိုင်းလိုက်တယ်။ အေးမီလဲ ကျော်ကျော့်ဆန္ဒအတိုင်းဘဲ ဖျက်ချလိုက်တယ်။
ဒါပေမဲ့ တိုးတိုးတိတ်တိတ်ဖြစ်မသွားဘဲ လူသိရှင်ကြားဖြစ်သွားတယ်။ အခြေအနေအရ သူတို့ အိမ်ထောင်မပြုလို့ မရတော့ဘူး။

"ကျော်ကျော်ရယ် ငါတို့ အိမ်ထောင်ပြုကြအောင်"

"ငါ့မှာ ဘာမှမပြည့်စုံသေးဘူး"

"ငါဘဲ တာဝန်ယူပါ့မယ်ဟာ။ ငါဈေးရောင်းကျွေးမှာပေါ့"

ကိုယ်ဝန်ပျက်ကြသွားပေမဲ့လဲ မယူလို့မဖြစ်တော့တဲ့ အခြေအနေကြောင့် သူတို့လက်ထပ်လိုက်ကြတယ်။
ကျော်ကျော်တစ်ယောက် အေးမီတို့အိမ်မှာ တက်နေပြီး ဇိမ်ကျနေတယ်။
စားချင်တဲ့အချိန်စား သောက်ချင်တဲ့အချိန်သောက်။ အလုပ်လုပ်စရာမလို။ အေးမီရဲ့ အသုပ်ဆိုင်လေးကရတဲ့ ၀င်ငွေလေးနဲ့ အငြိမ့်သားထိုင်စားနေတယ်။ ပိုပြီးခက်တာက ကျော်ကျော်တစ်ယောက် အရက်တွေအရမ်းသောက်တတ်လာတယ်။

အေးမီကို အရက်ဝယ်ခိုင်းတယ်။ မ၀ယ်ပေးရင် ရိုက်တယ်။ နှိပ်စက်တယ်။ အေးမီလေးကတော့ ချစ်လဲချစ် ကြောက်လဲကြောက်ဆိုတော့ ခိုင်းတာအကုန်လုပ်ပေးနေကျ။ အိမ်နီးနားချင်းတွေက အေးမီကိုသနားပေမဲ့ သူများအိမ်ထောင်ရေးကို ၀င်မစွက်ချင်။ ဒီလိုနဲ့နေလာခဲ့ကြတာ ငါးလသာသာလောက်ကြာသွားတယ်။

တစ်နေ့မှာ
အေးမီတစ်ယောက် သူမအိမ်ထဲကနေပြီး ခေါင်းကို လက်ဝါးနဲ့အုပ်ကာ အော်ငိုပြီး လမ်းပေါ် ပြေးထွက်လာတယ်။
ခေါင်းမှာလဲ သွေးတွေကရဲရဲနီလို့။ လမ်းမလယ်ခေါင်ရောက်တော့ မူးလဲကျပြီး သတိလစ်သွားတယ်။
အရက်ဝယ်ခိုင်းတာ မ၀ယ်ပေးလို့ ကျော်ကျော် တုတ်နှင့် ခေါင်းကို ရိုက်လိုက်တာတဲ့။
တုတ်ဒဏ်ရာက ခေါင်းအလယ်တည့်တည့်မှာ ဟက်တက်ကွဲကြီး။
ရပ်ကွက်ထဲက လူတွေ စုပြီး အေးမီလေးကို ဆေးရုံတင်လိုက်ရတယ်။ သူမရဲ့ ဆွေမျိုးတွေဘက်ကတော့ လုံးဝမကျေနပ်ကြဘူး။ အမှုဖွင့်ချင်ကြတယ်။

နောက်တစ်နေ့ရောက်မှ အေးမီလေးသတိရလာတယ်။ မိဘတွေက အမှုဖွင့်ဖို့အတွက် ရဲတွေကို ခေါ်ဆိုထားပေမဲ့
အေးမီလေးက အမှုမဖွင့်ချင်ဘူး။ သူမယောက်ျား အချုပ်ခန်းဝင်ရမှာ မကြည့်ရက်ဘူးလေ။

"ကျမယောက်ျားရိုက်လို့ ခေါင်းကွဲသွားတာ မဟုတ်ပါဘူး။
ကျမဘာသာ ချော်လဲပြီး တုံးနှင့်ဆောင့်မိလို့ အခုလို ခေါင်းကွဲသွားတာပါ။"

ရဲအရာရှိကို အေးမီလေးပြောသွားတဲ့ စကားပါ။
..................................


အိမ်ထောင်ကျတာလဲ ငါးလဘဲရှိသေးတယ်။ ကိုယ့်အိမ်အပေါ်ကိုလဲ ခေါ်တင်ထားသေးတယ်။ လုပ်ကိုင်လို့လဲ ကျွေးရသေးတယ်။ ခိုင်းတာလဲ လုပ်ပေးရသေးတယ်။ အရိုက်လဲခံရသေးတယ်။ ဘာကောင်းတာရှိလို့လဲ။
အိမ်ထောင်ကျခါစမှာတောင် ဒီလောက်ဆိုးတာ ကြာလာလေ ဆိုးလာလေ ဖြစ်မှာပေါ့။
ဒါတောင်မှ အေးမီလေးက ကျော်ကျော်အပေါ် အချစ်မပြယ်နိုင်သေးဘူးဆိုတော့ ကျနော်ကတော့ မစဉ်းစားတတ်တော့ဘူးဗျာ။

အေးမီလေးရဲ့  အချစ်ကြောင့်လား ၀ဋ်ကြွေးကြောင့်လားဆိုတာ ကျနော်အဖြေမထုတ်တတ်ပေမဲ့
အေးမီလေးကတော့ ဆေးရုံကဆင်းဆင်းချင်းဘဲ ကျော်ကျော့်ကို ချစ်မျက်ဝန်းကြီးနဲ့ ကြည့်နေလေရဲ့ ။

Saturday, 15 November 2008

အနန္တသူရိယအမတ်ရဲ့  နာမည်ကြီးလင်္ကာ (၄) ပိုဒ်

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ အစချီတဲ့ အနန္တသူရိယအမတ်ရဲ့  လင်္ကာလေးကို လူတိုင်းကြားဖူးကြမယ်လို့ ကျနော် ယုံကြည်ပါတယ်။
ကျနော်ကိုယ်တိုင်လဲ ကလေးဘ၀ အရွယ်ကထဲက ကြားဖူးခဲ့တာပါ။
အဲဒီကဗျာကို အနန္တသူရိယအမတ် ကွပ်မျက်ခံရခါနီး သူကိုယ်တိုင် စပ်ဆိုထားခဲ့တာပါ။
တကယ်အဓိပ္ပါယ်ပြည့်ဝတဲ့ လင်္ကာလေးပါဘဲ။
ဒါကြောင့်မို့လဲ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ နှုတ်တက်ရနေကြတာမဟုတ်လား။

ဒါပေမဲ့
ကျနော်အပါအ၀င် လူအတော်များများက လင်္ကာရဲ့  ပထမအပိုဒ်ကလေးကိုဘဲ အာဂုံရနေကြတာပါ။
ကျန်တဲ့အပိုဒ်တွေကို ရှိမှန်းတောင် မသိကြပါဘူး။ အမှန်တကယ်ဆိုရင် အဲဒီလင်္ကာက အပိုဒ် ၄ ပိုဒ်ရှိပါတယ်။
ကျနော်လဲ အဲဒီလင်္ကာအပြည့်အစုံကို တွေ့ဖူးရုံတွေ့ဖူးထားပေမဲ့ အလွတ်မရပါဘူး။

တစ်ရက်မှာ
မှန်နန်းရာဇ၀င်စာအုပ်ကို ဖတ်ရင်း အဲဒီလင်္ကာစာပိုဒ်အပြည့်အစုံကို တွေ့လိုက်ရတယ်။
ကျနော် အရမ်းပျော်သွားတယ်။ ကျနော် လိုက်ရှာနေတာကြာပြီလေ။
အခုမှ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့တာကိုး။
ဒါနဲ့ ကျနော် မှတ်စုစာအုပ်ထဲ သေချာကူးရေးထားလိုက်ပါတယ်။

ကျနော့်လိုဘဲ အဲဒီလင်္ကာကို စိတ်ဝင်စားစွာ သိရှိချင်တဲ့ မိတ်ဆွေများ ရှိကောင်း ရှိနိုင်ပါတယ်။
အဲဒီမိတ်ဆွေတွေ အတွက် ရည်ညွန်းပြီး အနန္တသူရိယအမတ်စပ်ဆိုထားခဲ့တဲ့ အဲဒီလင်္ကာ ၄ ပိုဒ်လုံးကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။
သူတည်းတယောံ၊ ကောင်းဘို့ရောံမူ၊
သူတယောံမှာ၊ ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။

၂။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည့်၊ ရေပွက်ပမာ၊
တသက်လျာတည်း။

၃။
ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဘောက်လွှဲတတ်သည်၊
မချွတ်စသာ၊ သတ္တ၀ါတည်း။

၎။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊
သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊
တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊ ချန်ဘိစင်စစ်၊
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။ ။

မှန်နန်းရာဇ၀င်တော်သစ်၊ ပဌမအုပ်၊ (စာမျက်နှာ ၉၉-၁၀၀)


မှတ်ချက်။ ။
ယောံ=ယောက်
ရောံ=ရောက်
ရှေးစာပေအသုံးအနှုန်းများ၌ ကသတ် အစား သေးသေးတင် ကို အသုံးပြုလေ့ရှိကြသည်။

ကြီးရင် နှုတ်ရခက်တယ်

တစ်ခါတုန်းက
ရွာတစ်ရွာမှာ
ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့ မိသားစုတစ်စုရှိခဲ့တယ်။
သူတို့နေထိုင်တဲ့ အိမ်က အိမ်ကြီးအိမ်ကောင်းအမျိုးအစားထဲကပါ။
အိမ်ဝင်းနောက်ဖေးမှာရှိတဲ့ ဥယျာဉ်ခြံကြီးကလဲ အကျယ်ကြီးဘဲ။
ဥယျာဉ်ကြီးထဲမှာ သစ်ပင်ပန်းပင်တွေအများကြီးရှိတယ်။

အဘွားအိုတစ်ယောက် အပါအ၀င် မိသားစု စုစုပေါင်း ၇ ယောက်ရှိတယ်။
အဘွားအိုရဲ့  မြေးမလေးအငယ်ဆုံး (မိသားစုရဲ့ သမီးအထွေးဆုံး)လေးက အလိုလိုက်မှန်းသိလို့ အရမ်းဆိုးတယ်။
အမြဲတမ်း နားပူနားဆာလုပ်တယ်။ လိုချင်တာမရရင် သောင်းကျန်းတယ်။ ငိုတယ်။ ပြီးတော့ အစားအသောက် မစားတော့ဘူး။ ချစ်လို့ အလိုလိုက် အလိုလိုက်လို့ဆိုး သံသရာလည်နေတော့တာပါဘဲ။ သူမကို ဆုံးမမဲ့သူ မရှိဘူးဖြစ်နေတယ်။ ဒီလိုနဲ့ဘဲ မြေးမလေး ၇ နှစ်သမီးအရွယ်လောက် ရောက်လာတယ်။

တစ်နေ့မှာ
"မြေးမလေးရေ.. အဘွားနောက်ကို ခဏလောက် လိုက်ခဲ့ပါကွယ်" ဆိုပြီး
အဘွားအိုက မြေမလေးကို အိမ်နောက်ဖေးက ဥယျာဉ်ကြီးထဲကို ခေါ်သွားတယ်။

တစ်နေရာအရောက်မှာ
အဘွားအိုက မြေးမလေးကို သစ်ပင်သေးသေးလေးတစ်ပင်ကို အနှုတ်ခိုင်းလိုက်တယ်။
မြေးမလေးကလဲ အသာလေးဘဲ နှုတ်ယူလိုက်တယ်။

နောက်တစ်နေရာအရောက်မှာ
ဒူးဆစ်လောက်ရှည်တဲ့အပင်လေးကို ထပ်နှုတ်ခိုင်းတယ်။
မြေးမလေးက ကြိုးစားပြီးနှုတ်တယ်။ မရဘူး။
အားစိုက်ပြီး ထပ်နှုတ်လိုက်တော့မှ သစ်ပင်လေးကျွတ်ထွက်လာတယ်။
သူမကိုယ်တိုင်လဲ နောက်ပြန် ဖင်ထိုင်ရက်သားကျသွားတယ်။

နောက်တစ်နေရာအရောက်မှာတော့
သစ်ပင် အကြီးကြီးကို ထပ်နှုတ်ခိုင်းလိုက်တယ်။
မြေးမလေး လုံးဝမနှုတ်နိုင်တော့ပါဘူး။ ဘယ်လောက်ကြိုးစားကြိုးစား အရာမထင်တော့ဘူး။
နောက်ဆုံးတော့ "အဘွားရေ နှုတ်လို့မရနိုင်တော့ဘူး" လို့ပြောပြီးလက်လျော့လိုက်တယ်။

အဲဒီတော့မှ အဘွားက
"မကောင်းတဲ့အကျင့်ကို ငယ်စဉ်အခါမှာ ပြုပြင်ရင် ပြုပြင်ရတာလွယ်တယ်။
နဲနဲအရွယ်ရောက်လာရင် ပြုပြင်ရ နဲနဲပိုခက်လာတယ်။
အရွယ်ကြီးရင့်လာရင်တော့ လုံးဝ (လုံးဝ) ပြုပြင်လို့မရတော့ဘူး။
မြေးမလေးကို အနှုတ်ခိုင်းလိုက်တဲ့ သစ်ပင်သုံးပင်လိုမျိုးပေါ့ကွယ်။
ဒါကြောင့် မြေးမလေး မဆိုးနဲ့တော့နော်။ လိမ္မာပါကလေးရယ်" လို့ ပြောလိုက်သတဲ့။

မြေးမလေးကလဲ "ဟုတ်ကဲ့ အဘွား။ ဘာဖြစ်လို့ ဥယျာဉ်ထဲကို ခေါ်လာတယ်ဆိုတာ သဘောပေါက်ပါပြီ။ အဘွားစကားကို နားထောင်ပါ့မယ်" လို့ ပြောပြီး အိမ်ကို အတူတူပြန်ခဲ့ကြတယ်။

နောက်ဆုံးတော့
အလွန်ဆုံးမရခက်တဲ့ သူမဟာ မြေးလိမ္မာမလေး ဖြစ်လာပါတော့သတဲ့။

မိုက်တာကို မိုက်မှန်းသိရင် လူလိမ္မာ

လွန်ခဲ့တဲ့ ၇ နှစ်တုန်းကပေါ့။
ညတစ်ညရဲ့  ညဥ့်နက်နက်အချိန်မှာ ကျနော် ခင်များဆိုင်နားကို ဖြတ်လျောက်ခဲ့တယ်။
လူတစ်ယောက် ခင်များရဲ့ ဆိုင်ကို ဖောက်ထွင်းဝင်ရောက်နေတာလဲ တွေ့ရော
ဘယ်ရမလဲ ကျနော်လဲ ရတဲ့အခွင့်အရေးကို အမိအရအသုံးချလိုက်တာပေါ့။

ကျနော် ခင်များဆိုင်ထဲကို တိတ်တစ်ဆိတ်ဝင်ရောက်လိုက်တယ်။
ဖောက်ထွင်းဝိဇ္ဇာကတော့ ဘယ်ရောက်သွားမှန်းမသိဘူး။
ကျနော်မှ သူ့ကို စိတ်မ၀င်စားတာ။
ကျနော်စိတ်ဝင်စားတာက ဆိုင်ထဲမှာ ရောင်းဖို့ ခင်းကျင်းထားတဲ့ စီးကရက်ဆေးလိပ်တွေကိုဘဲ။
ကျန်တဲ့ပစ္စည်းတွေကို ကျနော် စိတ်မ၀င်စားပါဘူး။

ဒါကြောင့် စီးကရက် အလိပ် ၄၀၀ တိတိယူပြီး ခင်များဆိုင်ထဲက ကျနော် အေးအေးဆေးဆေး ထွက်လာခဲ့တယ်။
ညသန်းခေါင်ကျော်ဆိုတော့ ဘယ်သူမှလဲ မရှိဘူးလေ။
အလိပ် ၄၀၀ ထဲက တစ်လိပ်ကို မီးညှိပြီး လမ်းလျောက်ရင်းနဲ့တောင် သောက်လာသေးတယ်။
အဲဒီတုန်းက ကျနော်က အလွန်အကျွံမူးယစ်ဆေးမီဝဲနေတဲ့ အချိန်ကိုးဗျ။
မှားသလား မှန်သလားဆိုတာ ကျနော် မခွဲခြားနိုင်ဘူး။ ကျနော်သိတာက ဆေးမှန်မှန်ရှူရဖို့ဘဲ။

အခုတော့ ကျနော် ဆေးပြတ်သွားပါပြီ။ နောက်ကိုလဲ ဘယ်တော့မှ မူးယစ်ဆေး မသုံးစွဲတော့ပါဘူး။ ရိုးသားတဲ့ လူကောင်းတစ်ယောက်ရဲ့ ဘ၀ကိုဘဲ တည်ဆောက်ပါတော့မယ်။ မိုက်ခဲ့တဲ့အမှားတွေအားလုံးအတွက်လဲ ပြန်လည်ဆေးကြောဖို့အဆင်သင့်ပါဘဲ။ ကျနော် အရမ်းမှားခဲ့ပါတယ်ဗျာ။

ဒီစာနှင့်အတူ စတာလင်ပေါင် ၁၀၀ တိတိ ထည့်ပေးလိုက်ပါတယ်။ အဲဒီပေါင် ၁၀၀ ဟာ ခင်များဆိုင်က ခိုးယူလာခဲ့တဲ့ စီးကရက် အလိပ် ၄၀၀ ကို တစ်နည်းနည်းနဲ့တော့ ဖားထေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျနော့်ကို ခွင့်လွတ်ပါဗျာ။ ။
.....................

အဲဒီစာကို ရေးလာတဲ့သူကတော့ နာမည်ဖော်မပြထားတဲ့ သူခိုးဟောင်းတစ်ယောက်ဖြစ်ပါတယ်။
Easton မှာနေတဲ့ ဆိုင်ရှင်ဖြစ်တဲ့ အီမရန် အာမက် (Imran Ahmed) ကလဲ
သူခိုးဟောင်းရဲ့  စိတ်ပြောင်းလဲမှုအတွက် ၀မ်းသာပါတယ်လို့ပြောတယ်။
အဲဒီပေါင် ၁၀၀ ကိုလဲ သူ့ကိုယ်ကျိုးအတွက် မသုံးဘဲ Drug's charity တစ်ခုခုကို သွားလှူမယ်လို့ သိရပါတယ်။

ကျနော် ဒီသတင်းလေးကို bbc.co.uk သတင်းထဲက ဖတ်ထားတာပါ။

မိုက်ခဲ့တာကို မိုက်ခဲ့မှန်းသိလို့ ပြန်လည်တောင်းပန်ပြီး နောက်လဲ ဘယ်တော့မှ မမိုက်တော့ပါဘူးလို့ တောင်းပန်ခြင်းဟာ အလွန်မွန်မြတ်တဲ့ အလုပ်ပါ။ အမှားဆိုတာ လူတိုင်းမှာ မကင်းနိုင်ပါဘူး။ တစ်နည်းနည်းနဲ့တော့ မှားခဲ့ကြတာများပါတယ်။ ဒါပေမဲ့ လူအတော်များများဟာ အတ္တအရမ်းကြီးကြတယ်။ အမှားကို ၀န်မခံချင်ကြဘူး။ အမြဲတမ်းကိုယ်အဆင်ပြေဖို့လောက်ဘဲ စဉ်းစားကြတယ်။
မှားနေတာကို မှားနေမှန်းသိရက်နဲ့ မပြင်ဆင်ကြတဲ့သူတွေ အများကြီးပါ။

ဒါကြောင့် ကျနော်ပြောချင်တာက
မိုက်တာကို မိုက်မှန်းသိလို့ ပြုပြင်နိုင်ရင် လူလိမ္မာပါဘဲ လို့။

Friday, 14 November 2008

ကာရန်ပျောက်တဲ့ ည


ကျနော့်ရွာမှာ.....
မနှစ်က တန်ဆောင်တိုင်ည
ဆီမီးရောင်တွေ ထိန်ထိန် ခ
မီးပုံပျံတွေလွတ်တင်ကြ
ဖိုးလမင်းလဲ သာတယ်ဗျ
ကာလသားတွေ စုရုံး က
အပျိုလေးတွေ အရမ်းလှ
ရယ်သံလေးတွေ ရွှင်ပျပျ
ကဗျာတစ်အုပ်တောင် စပ်လို့ရ
ကာရန်လေးတွေ မိတဲ့ည။

လန်ဒန်မှာ.....
ဒီနှစ် တန်ဆောင်တိုင်ည
ဆီမီးရောင်ဆို လုံးဝ
မီးပုံးပျံတွေ သုည
တိမ်မည်းညိုတွေ ကြီးစိုးကြ
လန်ဒန်သားတွေ အော်ဟစ် က
အပျိုလေးတွေ မမြင်ရ
ဆဲဆိုသံတွေ ကြားတယ်ဗျ
ကဗျာတစ်ပုဒ်တောင် စပ်လို့မရ
ကာရန်လေးတွေ ပျောက်တဲ့ ည။ ။