Saturday 12 October 2013

ကျွန်ုပ်နှင့် ကျား/မ ကိစ္စ ပုံပြင်များ (၃)

ထိုအမျိုးသမီး ဖုန်းချသွားပြီးနောက် ကျွန်ုပ်သည် ရေးလက်စ အဘိုးနုပြောပြသည့် ပုံပြင်အား ဆက်လက် ရေးသားလေ၏။ (အဘိုးနု ပြောပြသည့်အတိုင်း ရေးထားခြင်းဖြစ်၏။ မူရင်းနဲ့ ကွဲပြားကောင်း ကွဲပြားနိုင်၏)။

"ဖြစ်ပုံက ဒီလို မောင်ရင်ရေ့.."

"ဟုတ်ကဲ့ ဆက်ပြောပါ အဘိုး"

"အင်း ဆက်မပြောခင် မှတ်ရလွယ်ကူအောင် သူတို့ကို ဒီလိုလေး နာမည်ပေးထားလိုက်မယ်။ အဲဒီ လင်မယား နှစ်ယောက်ရဲ့ နာမည်ကို ၀င်းအောင် နှင့် သန်းမေ ဆိုပြီးတော့ပေါ့။ သူတို့ လင်မယားမှာ အလွန် ချစ်စရာကောင်းတဲ့ ကျောင်းသားအရွယ် ကလေးနှစ်ယောက်လဲ ရှိတယ်"

"ဟုတ်ကဲ့ပါ အဘိုး"

"အဲဒီ ၀င်းအောင်ဆိုတဲ့ သူမှာ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး တစ်ယောက် ရှိတယ်။ နာမည်က အောင်မောင်းတဲ့။ အောင်မောင်းလဲ အိမ်ထောင်သည် တစ်ယောက်ဘဲ။ အေးအေးဆိုတဲ့ ကောင်မလေးနဲ့ အိမ်ထောင်ကျထားတာ။ သူတို့အိမ်ထောင်သက်က ၄ နှစ်လောက် ရှိပြီ။ ဒါပေမဲ့ ကလေး တစ်ယောက်မှ မရသေးဘူး။ သူတို့လင်မယား နှစ်ယောက် ကလေးရဖို့ အမျိုးမျိုးကြိုးစားကြပေမဲ့ မအောင်မြင်ကြဘူး။ ကလေးလိုချင်ကြလွန်းလို့ အရူးတစ်ပိုင်းတောင် ဖြစ်လို့ပေါ့။ ဘယ်သူချွတ်ယွင်းလို့ ကလေးမရမှန်းလဲ မသိကြဘူး။ အောင်မောင်းကဘဲ ချွတ်ယွင်းသလိုလို အေးအေးကဘဲ ချွတ်ယွင်းသလိုလိုနဲ့ပေါ့။ ဒါပေမဲ့ နောက်ဆုံး တိုင်ပင်ပြီး ဆေးစစ်ကြည့်လိုက်တော့ အောင်မောင်းရဲ့ ချွတ်ယွင်းချက် ဖြစ်နေတယ်။ စိတ်မကောင်း ဖြစ်လိုက်ကြတာ အရမ်းဘဲပေါ့"

"ဟုတ်ကဲ့ပါ အဘိုး"

"ဒါနဲ့.. အောင်မောင်းကလဲ သူ့ချွတ်ယွင်းချက်ကြောင့် ဖြစ်ရတာဆိုတော့ ကလေးရဖို့ သူ့မှာ တာဝန်အပြည့်အ၀ ရှိတယ်လို့ ယူဆပြီးတော့ တစ်ရက်မှာ သူ့မိန်းမ အေးအေးကို တိုင်ပင်ကြည့်သတဲ့"

"မိန်းမရေ.. နားနဲ့ မနာ မ၀ါးနဲ့သာ နာပါ။ ငါတို့မှာ ကလေးတစ်ယောက်လောက်တော့ ရှိဖို့ လိုအပ်တယ်။ ဒီတော့ ငါတို့ တိုးတိုးတိတ်တိတ်နဲ့ ကလေးရဖို့ ကြံစည်ကြရအောင်"

"ရှင့်မှာ ဘာအကြံအစည်တွေရှိလို့လဲ ကိုအောင်မောင်းရယ် ဆိုစမ်းပါဦး"

"ဒီလိုကွ။ ငါ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က ၀င်းအောင်တဲ့။ ငါနဲ့ အရမ်းခင်တာ။ စိတ်ရင်းလဲ အရမ်းကောင်းတယ်။ သူတို့လင်မယားမှာ ကလေးနှစ်ယောက်လဲ ရှိတယ်။ ချစ်စရာလေးတွေ"

"ဘာလဲ.. အဲဒီကလေးတွေထဲက တစ်ယောက်ကို အမွေစားအမွေခံ အဖြစ်နဲ့ မွေးစား မလို့လား"

"အဲဒီလိုတော့ မဟုတ်ပါဘူး"

"ဒါဖြင့် ဘယ်လိုတုန်း ကိုအောင်မောင်းရယ်.. ဆိုစမ်းပါဦး"

"အင်း.... ပြောရမှာတော့ အားနာလိုက်တာ။ မိန်းမကသာ သဘောတူမယ်ဆိုရင်လေ... ဟို... ဟ၀ှာ.. ဟိုဒင်းးး"

"အာ.. ရှင်ကလဲ ကိုယ့်မိန်းမနဲ့ကိုယ် ဘာတွေ အားနာပြီး ပြောရခက်နေတာတုန်း။ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ"

"အင်း... ပြောမှ သိရမှာဆိုတော့လဲ ပြောရတာပေါ့ကွာ။ စိတ်တော့ မဆိုးနဲ့နော်"

"အင်းပါ ဆိုစမ်းပါဦး။ နိဒါန်းတွေ ပျိုးနေလိုက်တာများ လွန်ရောဘဲ"

"ဟိုလေ... မိန်းမအဆင်သင့်တဲ့အခါ သူနဲ့ ခဏတဖြုတ်လောက် အတူတူ သွားနေပေးပါလား"

"ဘာ... ရှင်က ကျမရဲ့ကိုယ်ကျင့်တရားကို စော်ကားတာလား။ ရှင်ကကော ကိုယ့်မိန်းမကို တခြားသူရဲ့ ရင်ခွင်ထဲ ထိုးထည့်တော့မှာလား"

"အဲဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ ရှင်မရယ်။ ငါ နင့်ကို အရမ်းချစ်တာ နင်လဲ သိရဲ့သားနဲ့။ အမှန်ဆို တခြားသူရဲ့ ရင်ခွင်ထဲထည့်ဖို့ မပြောနဲ့၊ တခြားယောက်ျားတစ်ယောက်က နင့်ကို ကြည့်နေတာ မြင်ရင်တောင် ငါ အရမ်းသ၀န်တတ်တာလဲ နင်အသိသားနဲ့။ အခုဟာက ငါတို့ရဲ့ ရှေ့ရေးအတွက်ပါ။ ငါတို့မှာ ကလေးတစ်ယောက်လောက်တော့ ရှိဖို့ လိုအပ်တယ်လေ။ ယုတ်စွအဆုံး အဲဒီကလေးက ငါ့ကလေး မဟုတ်ရင်တောင် နင့်ကလေးဖြစ်မှာတော့ သေချာတယ်လေ။ အဲဒီတော့ နင့်ကလေးဟာ ငါ့ကလေးဘဲပေါ့ကွာ။ ငါ နင့်ကို ချစ်သလို ကလေးကိုလဲ နင်နဲ့ ထပ်တူ ချစ်မှာပါ။ နင်သာ သဘောတူရင် ငါ အဲဒီလို လုပ်ချင်တယ်၊ ၀င်းအောင်ဆိုတာကလဲ တခြားသူမှ မဟုတ်တာ။ ငါနဲ့ ငယ်ပေါင်းကြီးဖက် သူငယ်ချင်းတွေလေ။ စိတ်ရင်းကလဲ အရမ်းဖြူစင်ရိုးသားတာ။ ဒါကြောင့် တခြားတစ်ယောက်နဲ့စာရင် သူနဲ့က အတွင်းသိ အချင်းသိ မဟုတ်လား။ ပြီးတော့ ရလာတဲ့ ကလေးကလဲ ဂျီးန်က ကောင်းပြီးသား ဖြစ်မှာမဟုတ်လား"

"သူတို့လင်မယားနှစ်ယောက် အဲဒီနေ့က တစ်ယောက်ကို တစ်ယောက် ဖက်ပြီး ငိုနေလိုက်ကြတာ အကြာကြီးဘဲတဲ့ မောင်ရင်ရေ"

"အင်း ဟုတ်တယ်နော် အဘိုး။ ကျနော်တောင် အဘိုးပြောတာ နားထောင်ရင်း စိတ်မကောင်း ဖြစ်နေမိတယ်"

"အင်း... ဒါပေမဲ့လဲ သူတို့က ကလေး အရမ်းလိုချင်ကြတာကိုး။ နောက်ဆုံးတော့ သူတို့နှစ်ယောက် သဘောတူညီမှု ရသွားကြတယ်လေ။ (၁) အားလုံး ရာသက်ပန် နှုတ်လုံရမယ်။ (၂) ဒီကိစ္စကို အကြောင်းပြုပြီး ဘယ်တောအခါမှ အားနည်းချက်တစ်ခုအဖြစ် မဖန်တီးရန်။ (၃) ကလေးကို တကယ့်ဖခင်ရင်းအတိုင်း ချစ်ခင်ရန်။ အဲဒီ အချက်သုံးချက်နဲ့ မိန်းမဖြစ်တဲ့ အေးအေးရဲ့ သဘောတူညီချက်ကို အောင်မောင်းရသွားတယ်"

"စိတ်မကောင်းစရာဘဲနော် အဘိုး"

"ဘယ်တတ်နိုင်မလဲကွာ။ တစ်ခုခု လိုချင်ရင် တစ်ခုခု စွန့်ရမယ် ဆိုတဲ့ သဘောတရားလဲ မောင်ရင် သိရဲ့သားနဲ့။ သူတို့က ကလေး အရမ်းလိုချင်ကြတာကိုး။ ဆက်ပြောရရင် အောင်မောင်းတစ်ယောက်လဲ မိန်းမရဲ့ သဘောတူညီချက်ရပြီးပြီဆိုတော့ သူငယ်ချင်းဖြစ်တဲ့ ၀င်းအောင်ရဲ့ သဘောထားကို စုံစမ်းမေးမြန်းဖို့ လိုအပ်လာပြီပေါ့။ အဲဒါနဲ့ သူငယ်ချင်း ၀င်းအောင်ရဲ့ အိမ်ကို သွားပြီး အကြောင်းစုံကို ပွင့်ပွင့်လင်းလင်း ရှင်းပြတာပေါ့။ ပထမတော့ ၀င်းအောင်က သဘောမတူဘူးတဲ့။ သူ့မိန်းမ သန်းမေနဲ့ ပြဿနာ ဖြစ်မှာလဲ ပူရတယ်မဟုတ်လား။ ဒါပေမဲ့ အောင်မောင်းက အနူးအညွတ်တောင်းပန်ပြီး ကူညီပေးဖို့ တောင်းဆိုတဲ့အတွက် ၀င်းအောင်က "မိန်းမကို ဖွင့်ပြောတိုင်ပင်လိုက်ဦးမယ်၊ မိန်းမသဘောတူရင်တော့ ဆောင်ရွက်ပေးမယ်၊ သဘောမတူရင်တော့ ၀မ်းနည်းပါတယ် မကူညီနိုင်ပါဘူး"လို့ ဆိုသတဲ့။ အောင်မောင်းကလဲ "ကူညီပါ သူငယ်ချင်းရာ။ အောင်မြင်ရင် သိန်းနှစ်ဆယ်ပေးပါ့မယ်၊ သန်းမေကိုလဲ သေချာရှင်းပြလိုက်ပါ"လို့ ဆိုသတဲ့"

 "အဲဒါနဲ့.... ၀င်းအောင့်မိန်းမ သန်းမေက သဘောတူလိုက်သလား အဘိုး"

"မိန်းမဘဲကွာ။ ဘယ်သဘောတူပါ့မလဲ။ မုန့်ကိုသာ ဝေစားမယ်။ အချစ်ကို ဝေမစားနိုင်ကြဘူး မဟုတ်လား။ ၀င်းအောင်ကလဲ ဖြောင်းဖြ ပြောဆိုရတာပေါ့။ သူ့သူငယ်ချင်းကို ကူညီချင်တဲ့အကြောင်း။ ဒီကိစ္စကိုလဲ တိုးတိုးတိတ်တိတ် လုပ်မဲ့အကြောင်း။ ပြီးတော့ ငွေ သိန်းနှစ်ဆယ်လဲ ရဦးမှာ ဖြစ်တဲ့ အကြောင်းပေါ့။ နောက်ဆုံးတော့လဲ အဲဒီငွေ သိန်းနှစ်ဆယ် မျက်နှာနဲ့ဘဲ သူတို့နှစ်ယောက် သဘောတူညီမှု ရသွားကြပါတယ်"

"ဒါဆိုရင်တော့ အလုပ်ဖြစ်ကြတော့မှာပေါ့နော် အဘိုး"

"အင်း... ဆိုပါတော့ကွာ။ ၀င်းအောင်လဲ သူ့မိန်းမ သန်းမေက မီးစိမ်းပြလိုက်ပြီဆိုတာနဲ့ အောင်မောင်းနဲ့ ပြေးတွေ့တော့တာပေါ့။ အဲဒီမှာ သူတို့ ကတိ (၃ )ချက်နဲ့ အချင်းချင်း သဘောတူညီမှု ယူလိုက်ကြတယ်။ (၁)ရာသက်ပန် နှုတ်လုံရမယ်။ (၂) ၇ ခါဘဲ အေးအေးနဲ့ အတူတူနေရမယ်။ (၃) ကိစ္စပြီးမြောက်တဲ့ နေ့မှာ ငွေ သိန်း ၂၀ ချေရမယ်"

"စိတ်မကောင်းစရာပေမဲ့ စိတ်ဝင်စားစရာတော့ အကောင်းသားနော် အဘိုး"

"အင်း.... လိုရင်းတိုရှင်းပြောရရင်တော့ အေးအေးတစ်ယောက် ကိုယ်ဝန်ရနိုင်တဲ့ အနေအထား ဖြစ်နေတဲ့အချိန်မှာ ၀င်းအောင်နဲ့ အတူတူ သွားနေလိုက်တယ်။ တစ်ပတ်အတွင်း ၇ ခါတိတိ အတူတူ နေလိုက်ကြတယ်ဆိုပါတော့"

"အဲဒီအချိန်မှာ ၀င်းအောင့်မိန်းမ သန်းမေနဲ့ အေးအေးယောက်ျား အောင်မောင်းတို့ရဲ့ စိတ်ထဲ အရမ်း ပူလောင်နေကြမှာဘဲနော် အဘိုး"

"အေးပေါ့ကွာ။ ဘယ်သူက ကိုယ့်ယောက်ျား ကိုယ့်မိန်းမကို တခြားသူရင်ခွင်ထဲ ၀င်နေစေချင်ကြပါ့မလဲ"

"ဒါနဲ့... အေးအေးမှာ ကိုယ်ဝန်ရသွားရောလား အဘိုး"

"မင်းကလဲ ဖြတ်မမေးနဲ့လေကွာ။   ပြောမှာပေါ့"

"စိတ်အရမ်းဝင်စားသွားတော့ အဖြေကို မြန်မြန် သိချင်နေပြီ အဘိုးရေ"

"အင်း... အဲဒါနဲ့... ၇ ခါတိတိ အတူနေပြီးတဲ့အခါမှာ ကတိအတိုင်း အောင်မောင်းက ၀င်းအောင်ကို ငွေ သိန်းနှစ်ဆယ် ပေးလိုက်တယ်။ ပြီးတော့ နှစ်ပတ် သုံးပတ်လောက် အေးအေးကို စောင့်ကြည့်ကြတာပေါ့။ ဒါပေမဲ့ အေးအေးမှာ ကိုယ်ဝန်ရတဲ့ လက္ခဏာပြမလာဘူးတဲ့။ ဒါနဲ့ တစ်လလောက်စောင့်ကြည့်ပြီး ထူးခြားမလာတာနဲ့ ဆရာဝန်ဆီ သွားပြီး ကိုယ်ဝန်ရမရ ဆေးစစ်ကြည့်တော့ အေးအေးမှာ ကိုယ်ဝန် လုံးဝ မရှိဘူးတဲ့ မောင်ရင်ရေ့..."

"ဟောဗျာ... ဘယ်လို ဖြစ်ရတာလဲ။ အေးအေး ကိုယ်ဝန်ရနိုင်တဲ့ ကာလမှာ အတူတူ နေခဲ့ကြတာ မဟုတ်လား"

"အင်း...အဲဒီအချိန်က စပြီး သူငယ်ချင်းအချင်းချင်းတွေ ပြဿနာတက်ကြတော့တာပေါ့။ အောင်မောင်းက ၀င်းအောင်ဆီကနေ အလုပ်ကို ဖြစ်မြောက်အောင် မလုပ်ဖူးဆိုပြီး ငွေ သိန်းနှစ်ဆယ်ကို ပြန်တောင်းတယ်။ ၀င်းအောင်နဲ့ သူ့မိန်းမကလဲ ၇ ခါတိတိ အကျိုးဆောင်ပြီးဖြစ်လို့ ပြန်မပေးနိုင်ဘူးပေါ့။ အေးအေးကို မေးကြည့်ပြန်တော့လဲ ၇ ခါတိတိ အတူတူ နေခဲ့ကြတယ်ဆိုတာ ဟုတ်မှန်ကြောင်း ပြောတယ်။ ဒါဆို အကျိုးဆောင်ခဲ့ကြတာ မှန်နေတယ်မဟုတ်လား။ ဒါပေမဲ့ ခက်တာက အေးအေး ကိုယ်ဝန်မရနိုင်လိုက်တာဘဲ"

"ထူးဆန်းလိုက်တာ အဘိုးရာ"

"အဲဒီမှာ ရုံးရောက်ဂတ်ရောက် ဖြစ်ကုန်ကြတော့တာပေါ့။ တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားရမဲ့ ကိစ္စက တကယ့်ကို လူသိရှင်ကြား ဖြစ်သွားကြရောပေါ့။ အမှန်ဆို ၀င်းအောင်က သိန်းနှစ်ဆယ် ပြန်ပေးလိုက်ရင်လဲ ပြဿနာက မကြီးနိုင်ဘူး။ ဒါမှ မဟုတ် နဂိုသဘောတူညီချက်ယူကထဲက ကိုယ်ဝန်ရမှ ပိုက်ဆံချေမယ်လို့ စာချုပ်ထားရင်လဲ ပြဿနာ မတက်နိုင်ဘူး။ အခုတော့ လက်လွန်ကုန်ကြပြီလေ။ အောင်မောင်းဘက်က ကြည့်ရင်လဲ မိအေးနှစ်ခါနာမကဘူး သုံးခါတောင်နာတာ မဟုတ်လား။ သိန်းနှစ်ဆယ်လဲဆုံး၊ မိန်းမလဲ အခြားသူနဲ့ အတူနေ၊ ပြီးတော့ ကလေးလဲ မရနိုင်ခဲ့ဘူးမဟုတ်လား။ ၀င်းအောင်ဘက်က ကြည့်ပြန်ရင်လဲ သိန်းနှစ်ဆယ်ရပေမဲ့ သူ့မိန်းမ သန်းမေအနေနဲ့ သူ့ယောက်ျားကို အခြားမိန်းမတစ်ယောက်နှင့် အလကားပေးနေသလို ဖြစ်မှာကို လိုလားနှစ်သက်မှာ မဟုတ်ဘူး မဟုတ်လား"

"ဇာတ်လမ်းကတော့ ခပ်ရှုပ်ရှုပ်ဘဲနော် အဘိုး"

"ရုံးရောက်တော့ ၀င်းအောင်ကလဲ အချင်းချင်း သဘောတူညီချက်အတိုင်း ၇ ခါတိတိ အတူတူနေခဲ့ကြတာ မှန်ကန်ကြောင်းထွက်ဆိုတယ်။ ဒါကြောင့် သိန်းနှစ်ဆယ် ပြန်မပေးနိုင်ဘူးပေါ့။ အောင်မောင်းကလဲ သူ့မိန်းမ ကိုယ်ဝန်မရတဲ့အတွက် လုပ်ငန်းအောင်မြင်အောင် မလုပ်ဘူးဆိုပြီး သိန်းနှစ်ဆယ် ပြန်တောင်းတယ်။ အဲဒီမှာ အခြေအတင် နာမကောင်းကြားမကောင်း စကားတွေ တစ်ဘက်နဲ့တစ်ဘက် ဖြစ်ကုန်ကြတော့တာပေါ့။ နောက်ဆုံးတော့ ၀င်းအောင်နှင့်အေးအေး ၇ ခါတိတိ အတူတူနေခဲ့ကြတာ မှန်ရင် ဘာဖြစ်လို့ ကိုယ်ဝန်မရနိုင်ရတာလဲ ဆိုတဲ့ အဖြေကို ဆန်းစစ်ဖို့ လိုအပ်လာတယ်ပေါ့။ အဲဒီမှာ ၀င်းအောင်ဘက်ကို ကြည့်ရင်လဲ ကလေးနှစ်ယောက်ရဲ့ ဖခင်ဖြစ်တဲ့အတွက် ချွတ်ယွင်းစရာ အကြောင်း မရှိဘူး။ အဲဒီလိုဘဲ အေးအေးကို ကြည့်ပြန်ရင်လဲ မကြာသေးခင် လကမှ ဆေးစစ်ချက်ယူထားပြီး ကိုယ်ဝန်ရနိုင်ကြောင်း အထောက်အထားတွေ ရှိနေတဲ့အတွက် သူဘက်ကလဲ ချွတ်ယွင်းချက် မဖြစ်နိုင်ဘူးပေါ့"

"ဒါဆို.. ဘယ်သူ့အပြစ်လဲ အဘိုး... ကံတရားရဲ့ အပြစ်လား"

"ဟုတ်တယ်... မောင်ရင် ပြောတာ ဟုတ်တယ်။ ကံတရားရဲ့ အပြစ်။ ဒါပေမဲ့ အဲဒီ ကံတရားရဲ့ အပြစ်က ၀င်းအောင်တို့ မိသားစုအတွက် သက်သက်ဘဲ။ အဲဒီ ကံတရားကဘဲ ၀င်းအောင်တို့ မိသားစုကို တစ်သက်လုံး စိတ်ဆင်းရဲစေလိုက်တာလေ"

"ဘယ်လိုတွေ ဖြစ်ကုန်တာလဲ အဘိုးရယ်..."

"ဘယ်လိုမှ မဖြစ်ဖူး။ အဲဒီမှာ ၀င်းအောင်ကိုရော အေးအေးကိုရော ဆေးစစ်ချက် ပြန်ယူရမယ် လုပ်ရောပေါ့။ အဲဒါနဲ့ ဆေးစစ်ချက်တွေ ပြန်ယူကြတာပေါ့။ အဲဒီ ဆေးစစ်ချက် အဖြေကို မောင်ရင် သိရင် ပိုအံ့သြသွားလိမ့်မယ်"

"ဘာဖြစ်လို့လဲ အဘိုး"

"ဘာဖြစ်ရမှာလဲကွ။ ဆေးစစ်ချက်ထဲမှာ အေးအေးက ကိုယ်ဝန်ရနိုင်တဲ့ အနေအထား ရာနှုန်းပြည့် ရှိတယ်တဲ့။ တကယ်ချွတ်ယွင်းနေတာက ၀င်းအောင်လေ။ ဘယ်လောက်ထိ ချွတ်ယွင်းနေသလဲဆိုတော့ ၀င်းအောင်မှာ မွေးကထဲက ကိုယ်ဝန်ရစေနိုင်တဲ့ အစွမ်းသတ္တိ လုံးဝ(လုံးဝ) မပါရှိလာခဲ့ဘူးတဲ့"

"ဟောဗျာ..... ဒါဖြင့် သူ့မှာ ကလေးနှစ်ယောက် ရှိနေတယ် မဟုတ်လား"

"အဲဒါ ပြောတာပေါ့ မောင်ရင်ရာ။ အဲဒီကလေးနှစ်ယောက်လုံး ကျောင်းသားအရွယ်တွေရောက်မှ သူ့နဲ့ရခဲ့ သူ့ကလေးတွေ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့ ၀င်းအောင်တစ်ယောက် ဘယ်လောက် ခံစားရမလဲ မင်းဘဲ စဉ်းစားပေါ့။ အဲဒီ ဆေးစစ်ချက် အဖြေကိုလဲ သိရော... ၀င်းအောင်ခမျာ အရူးတစ်ပိုင်း ဖြစ်သွားလေတော့ရဲ့... ပါးစပ်ကလဲ သန်းမေ... သန်းမေ... နင်...နင်.... သိပ်ရက်စက်တယ်.... သိပ်ရက်စက်တယ်ကွာ.. ဆိုပြီး တငိုငို တယိုယို ဖြစ်နေတော့တာပေါ့"

"ဒါဖြင့်... ဒါဖြင့်... သန်းမေက နောက်ယောက်ျားတစ်ယောက်နဲ့ တိတ်တိတ်ပုန်း ဖောက်ပြန်ခဲ့တယ် ဆိုတဲ့ သဘောပေါ့"

"မင်းကလဲ ရှင်းနေတဲ့ ဥစ္စာ။ ဖောက်ပြန်ခဲ့တဲ့ သဘောတင်မကဘူး။ ဖောက်ပြန်ခဲ့တယ်။ ဖောက်ပြန်နေဆဲ၊ ဖောက်ပြန်လိမ့်ဦးမယ်ဆိုတဲ့ သဘောတွေ သက်ရောက်နေတော့တာပေါ့"

"နားထောင်ရတာ မောလိုက်တာ အဘိုးရာ"

"မင်းက မောရတယ်ရှိသေး။ ဟို ကာယကံရှင်တွေကိုလဲ အားနာဦး။ တစ်ဖက်က ငွေသိန်းနှစ်ဆယ် ဆုံးတယ်။ မိန်းမလဲ အတူပေးနေလိုက်ရတယ်။ နောက်တစ်ဖက်ကလဲ မိန်းမဖောက်ပြန်တာ သိလိုက်ရတယ်။ ပြီးတော့ ကလေးတွေဟာ သူနဲ့ ရခဲ့တဲ့ ကလေးမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ သူတို့အားလုံး ဘယ်လောက် ရင်မောလိုက်ကြမလဲဆိုတာ မင်းစဉ်းစားကြည့်ပေါ့"

"အင်းနော် အဘိုး။ လောကကြီးက ကြောက်စရာကြီးဘဲနော်"

"အေးပေါ့ကွာ။ ကံတရားရဲ့ အလှည့်အပြောင်းတွေပေါ့။ ကံတရားဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲဆိုတာ ဒါက သက်သေပေါ့။ အောင်မောင်းတို့ ကလေးလိုချင်တာလေးတစ်ခုနဲ့ သန်းမေရဲ့ ဖောက်ပြန်မှုတွေကို ပေါ်လာကုန်တာလေ။ တကယ်တမ်း စဉ်းစားကြည့်ရင် ဘာမှလဲ ဆက်နွယ်လာစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ အမှန်တရားဟာ အမှန်တရားပါဘဲ။ အချိန်ကြာကောင်း ကြာနိုင်ပေမဲ့ အမှန်တရားဆိုတာ ပြေးမလွတ်ဘူးလေ။ တနေ့နေ့တော့ တနည်းနည်းနဲ့ အမှန်တရားက ပေါ်လာမှာပါဘဲ"

"ဒါဖြင့် သူတို့ကိစ္စက ဘယ်လို အဆုံးသတ်သွားကြသလဲ မသိဘူး"

"ဘယ်လိုမှ အဆုံးမသတ်ဘူး။ ဒီအတိုင်း တအုံနွေးနွေး ဖြစ်နေကြတော့တာပေါ့။ အမှုကို နှစ်ဦး နှစ်ဖက် ကြေအေးလိုက်ကြပေမဲ့ ဖြစ်ပျက်ခဲ့ပြီးတဲ့ ကိစ္စတွေကိုတော့ ဘယ်လိုမှ ပြန်ပြင်လို့ မရတော့ဘူးမဟုတ်လား။ အောင်မောင်းနဲ့အေးအေးတို့ စုံတွဲကလဲ စုပ်တသတ်သတ်နဲ့။ ၀င်းအောင်နဲ့သန်းမေတို့ စုံတွဲကလဲ တောက် တခေါက်ခေါက်နဲ့ ကြေကွဲဝမ်းနည်းနေကြတော့တာပေါ့။ ပိုဆိုးတာက ၀င်းအောင်တို့ မိသားစုပေါ့။ အဲဒီအချိန်ကစပြီး သူတို့မိသားစုကြား ပျော်ရွှင်မှု ကြည်နူးမှု ကျေနပ်မှုတွေကို ဖယ်ထုတ်လွှင့်မျောစေတဲ့ ဘ၀မုန်တိုင်းကြီး တ၀ုန်းဝုန်း ၀င်ရောက် တိုက်ခတ်နေတော့တာပေါ့ကွာ"

အဘိုးနုသည် အင်တာနက်ဖြစ်ရပ်မှန်ဇာတ်လမ်းကို ထိုကဲ့သို့ အဆုံးသတ်ပြောဆိုပြီး မောပန်းသွားဟန်ဖြင့် ရေသောက်ဖို့ ရေသန့်စက်ထားရာ အခန်းအ၀င်ဝနားသို့ ထသွားကာ ရေကို ဂလုဂလု မြည်အောင် သောက်နေလေတော့၏။ ထိုအခါ ကျွန်ုပ်သည်....

"အဘိုးနုရဲ့ ပုံပြင်ကို နားထောင်ပြီးမှဘှဲ ကျနော်လဲ ဟို...ယောက်ျားမိန်းမ စိတ်မချရ..ဆိုတဲ့ ပုံပြင်လေးကို ပြေးသတိရမိတယ် အဘိုးရေ..အဟီးဟီး...."

ဟု ဆိုလိုက်ရာ အဘိုးနုသည် သောက်လက်စ ရေကို ခဏရပ်လိုက်ပြီး မင်း... တော်တော်လဲ တတ်နိုင်တဲ့ကောင်ဘဲ။ ဒီလောက် ပုံပြင်ရှည်ကြီး နားထောင်ပြီးတာတောင် ပုံပြင်တစ်ခု ထပ်ပြောဖို့ ကြံစည်နေသေးတယ်.. ဟူသော အကြည့်မျိုးဖြင့်  မျက်လုံးပင့်ကာ ကျွန်ုပ်အား စိုက်ကြည့်နေလေ၏။ အနီးရှိ အဘိုးဖြူကလဲ... အဘိုးနုရဲ့ ပုံပြင်နားထောင်ပြီး စိတ်မောနေရတဲ့အထဲ ဒီကောင်ကလဲ တစ်မျိုး... ဟူသော အကြည့်ဖြင့် မျက်စောင်းထိုးကာ ကြည့်နေလေ၏။ ထိုအခိုက် ခြံထဲမှ စိုက်ပျိုးပင်များကို ရေလောင်းပြီး အိမ်ပေါ်သို့ ပြန်တက်လာသည့် အဘိုးပုကမူ .... မောင်ရင်..ဆိုစမ်းပါဦးကွ.. ဘာတဲ့.. ယောက်ျားမိန်းမ စိတ်မချရ..ဆိုပါလား... ဟု ကျွန်ုပ်၏ ပုံပြင်ပြောလိုမှုကို ထောက်ခံ အားပေးလေ၏။ မဟုတ်မဟတ်ပုံပြင်ဆို ဦးဏှောက်ထဲ အလိုအလျောက် ၀င်လာတတ်သည့် ကျွန်ုပ်သည်လည်း အဘိုးပု၏ အားပေးမှုကြောင့် အောက်ပါပုံပြင်တို တစ်ပုဒ်ကို... အဟမ်း... ဟု ချောင်းတစ်ချက်ဟန့်ကာ အဘိုးအို သုံးဦးအား အားရပါးရ ပြောပြနေမိလေတော့၏။  ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.




Tuesday 8 October 2013

ကျွန်ုပ်နှင့် ကျား/မကိစ္စ ပုံပြင်များ (၂)

 (ဗဲရီးဆန်ဇေ့တစ်ဗ်သမားများ မဖတ်ကြပါရန်)

"တခါတုန်းက... တခါတုန်းကဆိုပေမဲ့ သိပ်မကြာသေးခင် ကာလတုန်းက ဆိုပါတော့ကွာ။ လင်မယား နှစ်ယောက်ရှိတယ်တဲ့။ သူတို့မှာ ကလေးနှစ်ယောက်လဲ ရှိတယ်တဲ့။ ကလေးလေးတွေကလဲ ချစ်စရာ အရမ်းကောင်းတယ်တဲ့။ မိသားစုဘ၀ ပျော်ရွှင်ကြည်နူးစရာလေးပေါ့ကွာ။  ဥစ္စာပစ္စည်းကလဲ အသင့်အတင့်ရှိလေတော့ မိသားစုဘ၀ စိုစိုပြေပြေလေးပေါ့" (မှတ်ချက်။ အဘိုးနု ပြောပြသည့်အတိုင်း ရေးထားခြင်းဖြစ်၏။ မူရင်းနဲ့ ကွဲပြားကောင်း ကွဲပြားနိုင်၏။ မူရင်းကို ကျနော် မဖတ်ဖူးပေ)။

"ဟုတ်ကဲ့ ပြောပါ အဘိုး"

"အဲဒီ အဆင်ပြေစိုပြေနေတဲ့ မိသားစုဘ၀လေးထဲကို တစ်ရက်မှာ မထင်မှတ်ဘဲ မုန်တိုင်း တစ်ခု ၀င်ရောက်လာပါရောတဲ့။ စိတ်မကောင်းစရာ ဖြစ်ရပ်မှန်ကလေးပေါ့ကွာ။ ဖြစ်ပုံက ဒီလို မောင်ရင်ရေ့..."

"ဟုတ်ကဲ့ ဆက်ပြောပါ အဘိုး"

"ကလင်....ကလင်... ကလင်"

ကျွန်ုပ်သည် အဘိုးနုပြောပြသော အင်တာနက်ဖြစ်ရပ်မှန် ဇာတ်လမ်းအား မုဒ်သွင်းကာ ပို့စ်တစ်ပုဒ်အဖြစ် ရေးသားနေခိုက် ကျွန်ုပ်၏ အသိမိတ်ဆွေ (ဘလော့ပရိသတ်ဆို ပိုမှန်မည်ထင်၏) အမျိုးသမီးတစ်ယောက်ထံမှ ဖုန်းဝင်လာ၏။ ဘလော့ရေးသူနဲ့ ဘလော့ဖတ်သူ ကင်းကွာလို့ မရစကောင်းမို့ ရေးလက်စပို့စ်ကို ခဏထားပြီး ဖုန်း ကောက်ကိုင်လိုက်၏။

"ဟလို.... အမိန့်ရှိပါခင်ဗျာ.."

ဘယ်သူ့ဆီက ဖုန်းလာလာ ကျွန်ုပ် ပြန်ထူးနေကျ မူရင်းအတိုင်း တုန့်ပြန်ဖြေကြားလိုက်၏။

"အမိန့်ရှိဖို့ ခေါ်တာမဟုတ်ဘူး။ အမိန့်ပေးဖို့ ခေါ်တာ။ ဘယ့်နှယ် ပို့စ်တစ်ပုဒ်ကို အဆုံးမသတ်ဘဲ တစ်လကျော်ကျော် ပစ်ထားရတယ်လို့။ အဲဒါ စာဖတ်တဲ့သူတွေကို သက်သက်မဲ့ စော်ကားတာ။ စာကလေး ကမြောက်ကချောက် ရေးတတ်ရုံရှိသေး ဈေးက ကိုင်ချင်လာပြီ။ အဲဒီ ပို့စ်ကို မြန်မြန် ဆက်ရေးပါ။ မဟုတ်ရင်တော့ သူကြီးမင်းဘလော့ကို ဘယ်တော့မှ (ဘယ်တော့မှ) လာမဖတ်တော့ဘူး"

သူတို့လုပ်စာကိုင်စာ စားသောက်ပြီး ဘလော့ရေးနေရတဲ့ ဘ၀ဆိုတော့လဲ သူတို့ အမိန့်ပေးတဲ့အတိုင်း ဟုတ်ကဲ့ပေါ့။း) ဦးဏှောက်တွေ ပူထူနေတဲ့ ကာလမို့ ဘလော့ဘက် မလှည့်နိုင် ဖြစ်နေသည်ကိုမူ ထို အမျိုးသမီး သိဟန်မတူ။ သူသိသည်မှာ ကျွန်ုပ်၏ တောင်မရောက်မြောက်မရောက် ပေမမီဒေါက်မမီ စာတိုပေစများကို အပျင်းပြေ ဖတ်ဖို့ရန်သာ သိလေ၏။ 

"ဟုတ်ကဲ့... အခု အဲဒီ ကျားမကိစ္စပုံပြင်ကို ဆက်ရေးနေပါတယ်။ ဒါပေမဲ့ အခုတင်လေးမှ စရေးနေတာပါ။ စာရေးနေရင်း ခင်ဗျားဆီက ဖုန်းဝင်လာလို့ ကိုင်လိုက်တာပါ"

"အော်... သူကြီးမင်းက ဘလော့ဂါပီပီ အလိမ်အခေါက်ကလေးတွေလဲ ရသကိုး။ ပြောနေကျ စကားအတိုင်း အခုရေးနေပါတယ်၊ မနက်ဖန် စရေးပါ့မယ်၊ နောက်နှစ်ရက်လောက်ဆို ပို့စ်အသစ်တင်ပါ့မယ်နဲ့.. ပြီးတော့ ဘယ်တော့မှလဲ စကားအတိုင်း မတည်ဘူး။ အဲဒါကော ဘလော့ဂါ ကျင့်ဝတ်နဲ့ ညီညွတ်ရဲ့လား။ ဒီမှာ... သူကြီးမင်း သိလား။ ဘလော့ဂါတွေရဲ့ အသက်က ဘလော့လာဖတ်သူတွေဘဲ။ သူတို့မရှိရင် သူကြီးမင်းတို့လဲ ဘလော့ဂါဆိုပြီး အလံမထူနိုင်ကြတော့ဘူး မဟုတ်လား"

"ကဲ..ကဲ... ပြောလိုက်တော့... ပြောလိုက်တော့... စိတ်ထဲ ရှိတာသာ အကုန်ပြောလိုက်တော့။ ဘယ့်နှယ် သူဋ္ဌေးမကြီးနဲ့ အိမ်ဒရ၀မ်ကျနေတာဘဲ။ ခင်ဗျား ပြောလိုက်မှ ကျုပ် ရေးလက်စ စာတောင် ဘယ်ရောက်သွားမှန်း မသိဘူး။ အခု ရေးနေပါတယ်ဆိုမှဘဲ။ မယုံရင် မနက်ဖန် စောင့်ဖတ်။ ဘလော့ပေါ် ဆက်ဆက် တင်လိုက်မယ်"

"အဲဒီလို ပြောပြောပြီး ဟုတ်လဲ ဟုတ်တာ မဟုတ်ဘဲနဲ့။ သူကြီးမင်း လုပ်လိုက်ရင် အားလုံး တန်းလန်းတွေချည်းဘဲ"

"ဟ... ဘာတွေတုန်းဟ အဲဒီ တန်းလန်းကြီးက"

"အခုမှ အိပ်ချင်ယောင် မဆောင်နဲ့။ သူကြီးမင်း ဘလော့ကို ဖတ်လာတာ နှစ်ဆွေးနေပြီ။ သူကြီးမင်း  တ သ မကွဲဘဲ ရေးတဲ့ အချိန်ကထဲက ဆိုပါတော့။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူကြီးမင်း ရေးထားတဲ့ ဒေါက်ဖိနပ် လေးဖက်နှင့် ဟူလီယာ နန်စီဆိုတဲ့ သူစိမ်းအမျိုးသမီး နှစ်ဦး ဆိုတဲ့ ပို့စ်လဲ အခုထက်ထိ အဆုံးမသတ်သေးဘူး။ ပြီးတော့ ကြောင်ဖမ်းဆရာတော်ဆိုတဲ့ ပို့စ်တုန်းကလဲ စောင့်လိုက်ရတာ အမော။ ဟို... မောင်နတ်ကြီးတို့ မန္တလေးပြန်အောင်မိုးတို့ ဆိုတုန်းကလဲ ရင်တမောမောနဲ့ ပြီးပါ့ ပြီးနိုင်ပါ့မလား ဆိုပြီးတော့။ ရေးလိုက်ရင် အခန်းဆက်တွေချည်းဘဲ။ ပြီးတော့ ကိုယ့်ဇာတ်လဲ ကိုယ်မနိုင်ဘူး။ အဲဒါတွေကြောင့် သူကြီးမင်း ပို့စ်တွေကို အဆုံးမသတ်နိုင်တာ"

"အမလေးးး လေးးးးး ခင်ဗျားက ကျုပ်ဘလော့ကို တော်တော်လေးကို မွှေနှောက်ထားတာကလား။ အမှန်ဆို ဒေါက်ဖိနပ်လေးဖက် အကြောင်းကိုသာ အဆုံးမသတ်ခဲ့တာပါ။ ကျန်တဲ့ ပို့စ်တွေကို အဆုံးသတ်ခဲ့ပါတယ်"

"အဲဒါတွေ သိတယ်။ လာပြောမနေနဲ့။ အခု ပို့စ်ကိုသာ မြန်မြန် ဆက်ရေး။ ဘယ့်နှယ် စာဖတ်တဲ့သူတွေ မြန်မြန်ရေးဖို့ ပြောတာတောင် လျစ်လျူရှုထားရက်တယ်။ အဲ.... ပြောရဦးမယ်။ အဲဒီလို စာဖတ်သူတွေ တောင်းဆိုတာကို သူကြီးမင်းရဲ့ စာတွေကို အရမ်းစိတ်ဝင်စားလို့လို့တော့ မထင်လိုက်နဲ့နော်။ အမှားကြီး မှားသွားမယ်။ တချို့ဆို သူကြီးမင်းရဲ့ ပို့စ်ကို ဖတ်တောင်မဖတ်ဖူး။ လောကွတ်လုပ်ပြီး ကွန်မင့်သာ ပေးသွားတာ။ အဲဒါကို အဟုတ်ကြီး ထင်နေရင်တော့ သူကြီးမင်းကတော့ သွားပြီ"

"ဟာ... အကြီးကြီးကို ဖဲ့နေတာပါလား။ နေပါဦးဗျာ။ နဲနဲလေးတော့ ပြောခွင့်ပေးပါဦး။ အမှန်ဆို အဲဒီလို တန်းလန်းကြီး ထားလေ့ထားထ ရှိတာက ကျုပ်တစ်ယောက်ထဲ မဟုတ်ဘူးဗျ။ ဟို အညာသားကြီး ဦးဟန်ကြည်ရဲ့ သူကြီးသား ပေါက်ကြီးတို့၊ မဒမ်ကိုးရဲ့ ကျားထောင်ချောက်တို့၊ မောင်အောင်ထွဋ်ရဲ့ ဆားပုလင်းအောင်ထွဋ်နှင့် နတ်ကတော်ပါပုတို့။ အဲဒါတွေလဲ တန်းလန်းကြီးပါဘဲဗျာ။ ခင်ဗျားဟာက အခြားဘလော့ဂါတွေ တန်းလန်းကြီး ဖြစ်နေတာကိုတော့ မမြင်ဘဲ ကျုပ်တန်းလန်းကြီးဖြစ်နေတာကိုဘဲ မြင်နေရတယ်ဆိုတော့ မဟုတ်မှ လွဲရော။ အဝေးမှုန်များလား မသိပါဘူး"

ကျွန်ုပ်သည် စကားအရာ သာလိုသာငြား တန်းလန်းကြီးထားခဲ့ကြသည့် ဘလော့ဂါစာရင်းကို ထိုအမျိုးသမီးအား မစပ်မဆိုင် ပြောပြလိုက်မိလေ၏။ စစ်ကူခေါ်သည်ဆိုလဲ မမှားပေ။  သို့သော်....

"အံမာ..အံမာ...သူများတွေ တန်းလန်းကြီး ဖြစ်နေတာကို ဆွဲထည့်မနေနဲ့။ သူတို့ တန်းလန်းကြီး ဖြစ်နေတာက ကြည့်လို့ ကောင်းသေးတယ်။ သူကြီးမင်းရဲ့ တန်းလန်းကြီးက နေရခက် ထိုင်ရခက်ကြီး။ အဲဒီ သူကြီးမင်းရဲ့ တန်းလန်းကြီးကိုသာ မြန်မြန်ပြီးအောင်ရေး။ သူများတွေကို ဆွဲထည့်မနေနဲ့"

"ကဲပါဗျား... ရေးပါ့မယ် ရေးပါ့မယ်။ ဘယ့်နှယ် တန်းလန်းကြီးတွေအကြောင်းဘဲ ပြောနေတော့တာဘဲ။ နား ရှက်စရာ"

"အံမယ်..အံမယ်... သူကြီးမင်းကများ နားရှက်စရာ ဖြစ်နေသေးတယ်။ ရှက်ကြောပြတ်နေတဲ့ သူကများ။ ဒါနဲ့... သတိရတုန်း ပြောရဦးမယ်။ ဟို... ဘလော့ဂါဒေးတုန်းကလဲ သူကြီးမင်း ဘာမှ မရေးခဲ့ဘူး။ စာဖတ်သူတွေ ဘလော့ဂါတွေက အဲဒီနေ့အကြောင်း ရေးဖို့ တောင်းဆိုတာကိုတောင် သူကြီးမင်းက ရှောင်ဖယ် ရှောင်ဖယ်နဲ့။ ဘ၀င်က လေဟပ်နေသေးတယ်။ စာလေးပေလေး အေဘီစီဒီ အဆင့်လောက်နဲ့များ"

"ဟာ... ဇွတ်ကို ဖိနေတော့တာပါလား။ အမှန်ဆို ဒီနှစ်မှာသာ ဘလော့ဂါဒေးအကြောင်း မရေးဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဘလော့ဂါဒေးပုံပြင်ဆိုပြီး ကျုပ် ကောင်းကောင်း ရေးခဲ့ပါတယ်ဗျ"

"ဒီမယ် အတိတ်တွေ အနာဂါတ်တွေ ပြောမနေနဲ့။ ဒီကက လက်တွေ့ပစ္စုပ္ပန်သမား။ သူများတွေက ဟောတစ်ပုဒ် ဟောတစ်ပုဒ် ပို့စ်တွေ အလီလီ တင်နေတဲ့အချိန် သူကြီးမင်းက တစ်လမှာ တစ်ပုဒ်တောင် မတင်ချင်ဘူး။ ဈေးကိုင်နေတယ်" 

"သူတို့ အားကောင်းမောင်းသန်တုန်း တင်နေကြတာနေမှာပါ"

"ဘာတုန်း အားကောင်း မောင်းသန်တုန်းဆိုတာက"

"အော်... အချိန်တွေ အင်နာဂျီတွေ အိုင်ဒီယာတွေ အားကောင်း မောင်းသန်နေတုန်း ရေးကြတာနေမှာပါ လို့ ပြောတာပါ။ သူတို့လဲ ရက်ဿမ် သိပ်မမှန်ကြပါဘူး။ စိတ်ပါတဲ့အခါ တစ်လကို ပို့စ် ၅ ပုဒ် ၁၀ ပုဒ် တင်ချင်တင်မယ်။ အဲ.. ဒါပေမဲ့ စိတ်မပါတော့တဲ့အခါကျတော့ လေးငါးခြောက်လနေမှ ပို့စ်တစ်ပုဒ် တင်ဖြစ်ကြတာရယ်။ တစ်ချို့ဆို တစ်နှစ်နေလို့မှ တစ်ပုဒ် မတင်နိုင်ကြဘူးလေ။ သူတို့ တတွေက အဲဒီလို ရက်ဿမ် မမှန်ပေမဲ့ ကျုပ်ကတော့ ဘယ်လောက်ဘဲ အလုပ်ရှုပ်ရှုပ် အနည်းဆုံး တစ်လတစ်ပုဒ်လောက်တော့ မှန်မှန်တင်ပါသေးတယ်"

"ဒါဖြင့် သူကြီးမင်းလဲ အားကောင်းမောင်းသန်အောင် ကြိုးစားပြီး တစ်လ ငါးပုဒ် ဆယ်ပုဒ် တင်နိုင်အောင် ကြိုးစားပေါ့"

"ဟာ.. အဲဒီလိုတော့ ဘယ်ဖြစ်နိုင်တော့မလဲ"

"ဘာဖြစ်လို့လဲ"

"ဘလော့သက်ကြီးလာပြီလေ"

"ဘလော့သက်ကြီးလာရင် အဲဒီလိုဘဲ နှေးနှေးကွေးကွေး ဖြစ်တတ်ကြသလား"

"နှေးနှေးကွေးကွေးတော့ မဟုတ်ပါဘူး။ ဖြေးဖြေးမှန်မှန်ပါ"

"ရှုပ်နေတာဘဲ နှေးနွေးကွေးကွေးတွေရော ဖြေးဖြေးမှန်မှန်တွေရော"

ကျွန်ုပ်ကို စကားဖြင့် ဒလစပ် နှိပ်စက်လာသည့် ထိုအမျိုးသမီးအား စိတ်ပေါက်ပေါက်ဖြင့် ခပ်ညစ်ညစ် ပုံပြင်တစ်ပုဒ်ကို ပြောပြရန် ကြံစည်နေမိလေ၏။ ထိုအမျိုးသမီးကား ကျွန်ုပ်၏ ပုံပြင်များကို လွန်စွာမှ နှစ်သက်သဘောကျသူ ဖြစ်လေ၏။ ထိုပုံပြင်များကြောင့်ပင် ကျွန်ုပ်၏ စာဖတ် ပရိသတ်တစ်ယောက် ဖြစ်လာသူ ဖြစ်၏။ သို့သော် ပုံပြင်ကို ဘယ်က ဘယ်လို စပြောရမှန်း စဉ်းစားမရ ဖြစ်နေလေ၏။ ဒါပေမဲ့ ဆက်စပ်မှု ရှိရှိ မရှိရှိ ပုံပြင်ပြောရန် ဆုံးဖြတ်ပြီးသားမို့ ပုံပြင်အတွက် စကားဦး စလိုက်၏။

"ဒါဖြင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားကို ပုံပြင်တစ်ပုဒ်ပြောပြမယ်"

"ဘယ်လိုကြီးတုန်း.. ဘာမပြော ညာမပြော ပုံပြင်ပြောမယ်ဆိုတော့"

"ဆက်စပ်မှု ရှိတုန်းလေး ပြောပြရတာ သေချာ နားထောင်။ ကျုပ်ပုံပြင်ကို နားနဲ့ ဆတ်ဆတ် ကြားခွင့်ရတာကိုက ခင်ဗျား အတော်လေး ကံကောင်းလို့မှတ်။ ကျုပ်က ပါးစပ်နဲ့ ပုံပြင် ပြောပြခဲတယ်။ ဘလော့ပေါ်ဘဲ ကောက်တင်လေ့ ရှိတာ"

"အင်းပါ အင်းပါ။ ပုံပြင်ကြိုက်တတ်တာက အိုင့် အားနည်းချက်ဆိုတော့ ပြောပါ ပြောပါ။ နားထောင်ရုံဘဲပေါ့"

"ကျုပ်တို့ တုံးဖလားရွာမှာ အသက် ၆၀ အရွယ် ဘကြီးသာဖြိုးဆိုတာ ရှိတယ်။ သူ့ဇနီးက ဒေါ်ညွန့်တဲ့။ အသက်က ၅၀ လောက်ဘဲ ရှိသေးတယ်။ ဘကြီးသာဖြိုး အသက် ၂၈နှစ် အရွယ်လောက်မှာ အိမ်ထောင်ကျထားတာဆိုတော့ အိမ်ထောင်သက် ၃၂ နှစ်လောက် ရှိပြီပေါ့။ ဘကြီးသာဖြိုးက လူငယ်တွေနဲ့ ဓါတ်ကျတဲ့သူဆိုတော့ ညညဆို သူ့အိမ်ကို ကာလသားလေးတွေ အလည်လာပြီး ဟိုအကြောင်းဒီအကြောင်း ကျား/မကိစ္စ အကြောင်းတွေ တောင်စဉ်ရေမရ ပြောနေကြလေ့ ရှိတယ်။ အဲဒီလို နေရင်းနဲ့ ရွာထဲက အောင်ထွန်းဆိုတဲ့ ကောင်လေးက သပြေတန်းရွာက သက်နုဆိုတဲ့ ကောင်မလေးနဲ့  အိမ်ထောင်ကျတယ်။  နှစ်ယောက်လုံးက အသက် ၁၉ နှစ် အရွယ်လေးတွေဆိုတော့ ချစ်မ၀ ကြိုက်မ၀ အရွယ်လေးတွေပေါ့"

"လုပ်ပြီ သူကြီးမင်းက။ ညစ်ပတ်ခန်းတွေ လာတော့မယ် ထင်တယ်။ ကြိုတင် နားရှက်လာသလိုဘဲ"

"နားမထောင်ချင်လဲ နေ။ ဆက် မပြောတော့ဘူး။ နားရှက်သလေး ပါးရှက်သလေး လာမလုပ်နဲ့။ ဖုန်း ချပစ်လိုက်ရမလား"

ဒီအချိန်မှာတော့ ကျွန်ုပ်က အပေါ်စီးက ဖြစ်သွား၏။ သီအိုရီ အရ တစ်ခုခုကို ကြိုက်မိရင် အဲဒီတစ်ခုခုရဲ့ ကျေးကျွန်ဖြစ်တတ်တာ သဘာဝ မဟုတ်လား။ အခုလဲ ထိုအမျိုးသမီးက ပုံပြင်ကို အလွန်ကြိုက်၏။ ထို့ကြောင့် ထိုအမျိုးသမီးသည် ပုံပြင်၏ ကျေးကျွန်ဖြစ်သွားလေ၏။ ဆိုရသော်.. ကျွန်ုပ်သည် ပုံပြင်ပြောသူဖြစ်၏။ ထိုအမျိုးသမီးသည် ပုံပြင် နားထောင်သူ ဖြစ်၏။ ပုံပြင်ကြိုက်ပြီး ပုံပြင်၏ ကျေးကျွန်ဖြစ်သည့် ထိုအမျိုးသမီးသည် ပုံပြင်ပြောသည့် ကျွန်ုပ်၏ သြဇာအောက်သို့ အလိုလို ရောက်လာလေတော့၏။ 

"သူကြီးမင်းရယ်.. အဲဒီလိုကြီးတော့ မလုပ်ပါနဲ့။ အခုမှ ပုံပြင်က အစလေးရှိသေးတယ်။ ဘာမှ ပြန်မပြောဘဲ နားထောင်ဆို နားထောင်ပါ့မယ်။ ပုံပြင်ကိုသာ ဆက်ပြောပါ"

ထိုအမျိုးသမီး၏ လေသံ ပြောင်းလဲသွားလေပြီ။ ပုံပြင်ကြိုက်သည်ကိုး။ ပုံပြင် နားထောင်ချင်သည်ကိုး။ ခံပေါ့။း)

"အင်း... ဆက်ပြောမယ်။ သေချာနားထောင်။ စိတ်ပါတုန်းလေး ပြောပြတာ။ စိတ်က မပါတော့ဘူးဆိုရင် ဘယ်လောက် ညှစ်ထုတ်ညှစ်ထုတ် ပုံပြင်က ထွက်လာမှာ မဟုတ်ဘူး"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"အိမ်ထောင်ကျပြီး တစ်ပတ်လောက် အကြာမှာ အဲဒီ အောင်ထွန်းဆိုတဲ့ ကောင်လေး ဘကြီးသာဖြိုးအိမ်ကို  စကားစမြည်ပြောဖို့ ညဘက်မှာ အလည်လာတာပေါ့။ စကားပြောပြီး တစ်နာရီလောက် ကြာတဲ့ အခါမှာ မောင်အောင်ထွန်းက.. ဘကြီးသာဖြိုးရေ... ပြန်တော့မယ်ဗျ။ ဟိုတုန်းက လူပျိုလူလွတ်ဘ၀တုန်းကလို အေးအေးဆေးဆေး နေလို့ မရတော့ဘူး မဟုတ်လား။ အခုဆို အမျိုးသမီးက အိမ်မှာ စောင့်နေလောက်ပြီ..လို့ ဆိုသတဲ့။ လူဆိုတာကလဲ သိတဲ့အတိုင်းမဟုတ်လား။ အိမ်ထောင်ကျခါစမှာ အိမ်က မိန်းမ၊ အိမ်က ယောက်ျားဆိုပြီး ပြောပြရတာကိုက ပါးစပ်အရသာ အတွေ့သား ကလား။  ဘကြီးဖြိုးလဲ စနောက်ချင်တာနဲ့ မောင်အောင်ထွန်းကို မေးသတဲ့။ " မောင်ရင်ရေ... စကားမစပ်... မင့်အဒေါ် မညွန့်လဲ အိပ်နေပြီဆိုတော့ မင်းနဲ့ငါ ယောက်ျားအချင်းချင်းဆိုတော့ ငါမေးရဦးမယ်။ မင်း မင့်ဇနီးလေးကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပေးသလဲ"လို့ မေးသတဲ့"

"မောင်အောင်ထွန်းကလဲ.. ဟာဗျာ ဘကြီးသာဖြိုးကလဲ ကျနော်တို့က အခုမှ ရကာစ ပူပူနွေးနွေးလေး ရှိသေးတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်မ၀ ကြိုက်မ၀ဆိုတော့ တစ်ရက်ကို လေးငါးခါလောက်တော့ ကြင်နာယုယုမှု ပြုတာပေါ့"လို့ ဆိုသတဲ့။ အဲဒီ မောင်အောင်ထွန်းကဘဲ ဆက်ပြီး... "ဒါနဲ့... ဘကြီးသာဖြိုးကိုလဲ မေးရဦးမယ်။ ဘကြီးသာဖြိုးကကော အန်တီညွန့်ကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပေးဖြစ်သလဲ"လို့ မေးသတဲ့။ အဲဒီလို မေးတဲ့အခါမှာ ဘကြီးသာဖြိုးက လက်ညှိုးတစ်ချောင်း ထောင်ပြီး ပါးစပ်ကလဲ... "အဘက အသက်ကြီးပြီဆိုတော့ ၀မ်း ဘဲ"... လို့ ဆိုသတဲ့"

"ခိ ခိ ခိ။ တော်တော်နောက်တဲ့ ဘကြီးသာဖြိုးဘဲနော် သူကြီးမင်း"

"အင်း.. အဲဒီလိုနဲ့။ ခုနစ်လ ရှစ်လလောက်ကြာတဲ့အခါမှာ မောင်အောင်ထွန်းတစ်ယောက် ဘကြီးသာဖြိုးအိမ်ကို အလည်လာရင်း ထုံးစံအတိုင်း ရောက်တတ်ရာရာ စကားပြောကြတာပေါ့။ မောင်အောင်ထွန်း ပြန်ခါနီးမှာ ဘကြီးဖြိုးက အရင် မေးခွန်းဟောင်းကိုဘဲ ပြန်မေးသတဲ့။ မောင်ရင်ရေ... မင့်ဇနီးလေးကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပြုဖြစ်သေးသလဲပေါ့။ မောင်အောင်ထွန်းကလဲ... "ဟာ ဘကြီးဖြိုးရေ... အိမ်ထောင်သက်က တစ်နှစ် ပြည့်ခါနီးနေပြီ မဟုတ်လား။ ပြီးတော့ လုပ်ငန်းကိုင်ငန်းတွေက တစ်ဖက်ဆိုတော့ ၀တ်ကျေတန်းကျေ ငါးရက်လောက်နေမှ တစ်ခါ ကြင်နာယုယမှု ပေးဖြစ်တော့တယ်"လို့ ဆိုသတဲ့။ "ဒါနဲ့.. ဘကြီးသာဖြိုးကကော အန်တီညွန့်ကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပေးဖြစ်သေးသလဲ"လို့ ပြန်မေးသတဲ့။ ဘကြီးသာဖြိုးက အရင်တုန်းကအတိုင်း လက်ညှိုးတစ်ချောင်းထောင်ပြီး... "အဘက အသက်ကြီးပြီဆိုတော့ ၀မ်း ဘဲ"... လို့ ဆိုသတဲ့"

"ခိ ခိ ခိ ရယ်ရတယ်"

"အဲဒီလိုနဲ့ နောက်ထပ် သုံးနှစ်လောက် ကြာတဲ့အခါမှာ ဘကြီးသာဖြိုးအိမ်ကို မောင်အောင်ထွန်း ပေါက်ချလာပြန်သတဲ့။ ဘကြီးသာဖြိုးလဲ မေးနေကျ စကားကိုဘဲ ပြန်မေးသတဲ့။ မောင်ရင့် ဇနီးသက်နုလေးကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပေးဖြစ်သေးသလဲပေါ့။  ဒီအခါမှာတော့ မောင်အောင်ထွန်းက.... "ဟာ ဘကြီးဖြိုးရာ... ကျနော်တို့က တောင်သူလယ်သမားတွေ မဟုတ်လား။ အလုပ်လုပ်ရတာ အရမ်း ပင်ပန်းတယ်လေ။ ပြီးတော့ ကလေးတစ်ယောက်လဲ မွေးထားပြီးပြီဆိုတော့ နေ့တိုင်း မြင်တွေ့နေကျ ဒီမျက်နှာကြီးကို စိတ်မပါတော့သလိုဘဲ။ ဒါကြောင့် တစ်လနေလို့မှ တစ်ခါတောင် ကြင်နာယုယမှု မပြုဖြစ်တော့ဘူး"လို့ ဆိုသတဲ့။ "ဒါနဲ့... ဘကြီးသာဖြိုးကကော.. အန်တီညွန့်ကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပြုဖြစ်သေးလဲဗျ.." ဆိုပြီး ပြန်မေးသတဲ့။ ဘကြီးသာဖြိုးလဲ ထုံးစံအတိုင်း လက်ညှိုးတစ်ချောင်း ထောင်ပြီး.. "အဘက အသက်ကြီးပြီဆိုတော့ ၀မ်းဘဲ" လို့ ဆိုသတဲ့ဗျားးးး။ ပုံပြင်လေးကတော့ ဒါပါဘဲ"

"ခစ် ခစ် ခစ် တော်တော် ဘရုတ်ကျတဲ့ ဘကြီးသာဖြိုး။ နွားပျိုသန်လှ နွားအို ပေါင်ကျိုးသလောက်ဆိုတာ အဲဒီဘကြီးသာဖြိုးကို ရယ်ရွယ်ပြီး ပြောတာ ဖြစ်မယ်။ ဒါနဲ့.. ဒီပုံပြင်နဲ့ သူကြီးမင်း ပို့စ်အသစ်တွေ မတင်ဖြစ်တာနဲ့ ဘာဆိုင်လို့လဲ"

"ဆိုင်ရန်ကောဗျာ။ ဘလော့ဂါတွေ အများစုက စိတ်ပါတဲ့ အခါကျရင် တစ်လကို ပို့စ် ငါးပုဒ် ခြောက်ပုဒ်လောက် တင်ဖြစ်ကြတယ်လေ။ အင်နာဂျီတွေ အချိန်တွေ အိုင်ဒီယာတွေ အားကောင်း မောင်းသန်နေတုန်းမဟုတ်လား။ နောက်ပိုင်းကျတော့လဲ တစ်လကို တစ်ပုဒ် မပြောနဲ့။ တစ်နှစ်နေလို့မှ တစ်ပုဒ် မတင်ဖြစ်ကြတဲ့ ဘလော့ဂါတွေ အများသား မဟုတ်လား။ သူတို့ စိတ်ပါခိုက်ကလေးမှာ ပို့စ်တွေ နင်းကန်တင်ပြီး အခြားဘလော့ဂါတွေကိုလဲ ဘလော့တွေကို မပစ်ထားကြဖို့ စာမှန်မှန် ရေးကြဖို့ လှုံ့ဆော်နေကြလေရဲ့။ နောက်ပိုင်းကျတော့လဲ သူတို့ဘဲ ဘလော့ကို ပစ်ထားကြတာလေ။ သူတို့ကို မေးကြည့်ပါလား။ တစ်လကို ပို့စ် ဘယ်နှစ်ပုဒ် တင်ဖြစ်သလဲဆိုပြီးတော့။ တစ်လ ငါးပုဒ်တင်တဲ့လူ ရှိမယ်။ ငါးလလောက်မှ တစ်ပုဒ် တင်ခဲ့တဲ့သူ ရှိမယ်။ တစ်နှစ်နေလို့မှ တစ်ပုဒ်မှ မတင်ဖြစ်ခဲ့တဲ့ သူတွေရှိမယ်"

"အင်း.. ဟုတ်တယ်နော် သူကြီးမင်း။ သူကြီးမင်းပြောပြမှဘဲ သတိထားမိတော့တယ်"

"အဲဒီတော့... ခင်ဗျား ကျုပ်ကို မေးကြည့်ပါလား။ တစ်လမှာ ပို့စ် ဘယ်နှစ်ပုဒ် တင်ဖြစ်သလဲလို့"

"သူကြီးမင်း တစ်လမှာ ပို့စ်ဘယ်နှစ်ပုဒ် တင်ဖြစ်ပါသလဲ ရှင့်။ ကိုင်း.. အဲဒီလို မေးတော့ သူကြီးမင်း ဘယ်လို ဖြေမလဲ"

"ကျုပ်ကလဲ ဘကြီးသာဖြိုးလိုဘဲ လက်ညှိုးတစ်ချောင်းထောင်ပြီး.. "အဘက.. အဲလေ သူကြီးမင်းက ဘလော့သက်ကြီးပြီ ဆိုတော့ ၀မ်းဘဲ" လို့ ဖြေပစ်လိုက်မှာပေါ့။ ကဲ.. မနှိပ်ဖူးလား ဟား ဟား ဟား"

"တော်ပြီ။ သူကြီးမင်း လူညစ်ကြီး လူလည်ကြီး လူဆိုးကြီး ညစ်ပတ်အိုးကြီး... ဒါဘဲ... ဂွပ်"

ထိုကဲ့သို့သော ဝေါဟာရများကို ပါးစပ်က ရေရွတ်ဆိုပြီး ထိုအမျိုးသမီး ဖုန်းချသွားလေ၏။ နားရှက်သယောင် စိတ်ဆိုးသယောင် မူယာမာယာများဖြင့် ဖုန်းချသွားခဲ့ပေမဲ့ အမှန်မှာ ထိုအမျိုးသမီးသည် ကျွန်ုပ်ပြောပြလိုက်သည့် ပုံပြင်ကို ညအိပ်ယာဝင်ချိန်၌ ပြန်လည်စမြုံ့ပြန်ပြီး ပြုံးစိစိ ဖြစ်နေမည်မှာ သေချာလှပေတော့၏။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.