Saturday 26 March 2011

ထို့ကြောင့် ထိုရွာကို တုံးဖလားဟု ခေါ်သည်

(မှာကြားချက်။ ဒီပို့လေးရေးထားတာ အတော်လေး ကြာခဲ့ပါပြီ။ ပို့စ်တင်တော့မဲ့ ဆဲဆဲမှာ ဂျပန်ဆူနာမီသတင်း၊ နောက်ဆက်တွဲ နူကလီးယားအန္တရာယ် သတင်းတွေကို ဆက်တိုက် ကြားသိလိုက်ရတော့ စိတ်မကောင်း ဖြစ်ပြီး အခုလို ခပ်ပေါပေါ ခပ်ပေါ့ပေါ့ ပို့စ်လေးကို ဒီလို အချိန်မျိုးမှာ မတင်သင့်ဘူးလို့ ယူဆပြီး မတင်ဖြစ်ခဲ့တာပါ။ ဒါနဲ့ မနေ့တုန်းက ထပ်တင်မယ်လို့ လုပ်တုန်း မြန်မာငလျင်သတင်း ကြားရပြန်ရော။ "မဖြစ်ချေဖူး၊ ငါ ဒီပို့စ်မတင်ဘဲ ထားပြီး နောက်တစ်ခါ တင်မယ်စိတ်ကူးတဲ့အခါ မတော်တစ်ဆ ကမ္ဘာ့တစ်နေရာမှာ သဘာဝဘေးဒဏ်တစ်ခုခု ပေါ်ပေါက်လာရင် ဒုက္ခ" လို့ စဉ်းစားမိပြီး ဒီနေ့တော့ တင်လိုက်ပါတယ်။ ခပ်ပေါ့ပေါ့လေးတွေ ဖတ်တတ်တဲ့သူတွေအတွက်ပါ။)
....


သစ်ပင် ၀ါးပင်၊ ရေပင် တောတောင်
ရှိုမြောင် အလျှိုလျှို၊ စိမ်းစိုမြသား
ငှက် ကျား သားရဲ၊ ပေါမြဲမြဲတည့်။

မဲမဲ နက်မှောင်၊ နေရောင် မထိုး
ဖုန်းဆိုး ထူထပ်၊ ချေ ဆတ် သမင်
ဝံ ဆင် မြွေ အောင်း၊ သိန်း သောင်း ရာချီ
စုံညီစွာရှိ၊ ထိုသည့် ၀နာ
နိဂမာကား--------

အပြုံးများစွာ
အမုန်းမပွါးပါ
တုံးဖလားရွာ

တားဖလုံးလို့ဘဲ ခေါ်ခေါ်၊ တုံးဖလားလို့ဘဲ အော်အော်၊ လုပ်ဘိုးဟီဘစ် လို့ဘဲ ကျော်ကျော်၊ အရကောက်တဲ့ အခါမှာတော့ သူကြီးမင်း ကိုကိုမောင် နေထိုင်တဲ့ ဘုံဗိမာန်ကိုသာ ရစမြဲပါဘဲ။:D တုံးဖလားရွာက ဘယ်အနားမှာလဲတဲ့၊ အမည်မသိသူတစ်ယောက်က ကွန်မင့်မှာ မေးခွန်းထားလေရဲ့။ အဲဒီ ကွန်မင့်လေးကြောင့် တုံးဖလားရွာ တည်နေရာကို ပြောပြချင်စိတ်တွေ ပေါက်လာမိတယ်။ ရိုးရိုးသားသား ပြောရရင်တော့ အဲဒီ ကွန်မင့်လေးက ဒီပို့စ်ကို မွေးထုတ်ပေးလိုက်တာပါဘဲ။ ကျေးဇူးပါ အမည်မသိသူရေ...။

နေရပ်ကို အပြည့်အစုံပြောရရင်တော့--
ဘဒ္ဒကမ္ဘာ လူ့ဘုံ အာရှတိုက် အရှေ့တောင်အာရှ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ကသာခရိုင် ပင်လည်ဘူးမြို့နယ် ရွာသာယာအုပ်စု တုံးဖလားရွာ။ အဲဒီလိုဘဲ ပြောရပါမယ်။ တကယ့်အမှန်အကန်ပါ။ ရောက်ဖူးချင်သူများ အလည်လိုက်ချင်သူများကို တစ်ခါထဲ ဖိတ်ခေါ်ပါတယ်။ တစ်ခါ ရောက်ဖူးရင် နောက်ကို နောက်ကို ခဏခဏ လာချင်စိတ်တွေ ပျောက်သွားမှာကိုတော့ လုံးဝအာမ ခံကြောင်းပါ။ အဲဒီလောက်အထိ ဆွဲဆောင့်မှု ကောင်းတဲ့ တုံးဖလားရွာလေးပါ။

ကဲ အဲဒီ တုံးဖလားရွာကို ဘယ်လို ရောက်အောင် သွားကြမလဲ။ အဲဒါက ပြဿနာဘဲ။ တုံးဖလားရွာဟာ ချင်းတွင်းမြစ် ဧရာဝတီမြစ် သံလွင်မြစ်၊ ဘယ်မြစ်နဲ့မှ မနီးပါဘူး။ ပြီးတော့ ရန်ကုန်-မြစ်ကြီးနား ပြည်လမ်းမကြီးနဲ့ကော နီးသလားဆိုတော့ မနီးရေးချ မနီးပါဘူး။ ဒါဖြင့် မန္တလေး-မြစ်ကြီးနား မီးရထား သံလမ်းပိုင်းနဲ့ကော နီးသလားဆိုတော့ အဲဒါလဲ မနီးပါဘူး။ ဒါဖြင့်ရင် လမ်းပန်းဆက်သွယ်ရေး သိပ်မကောင်းတဲ့ ခန္တီးတို့ ပူတာအိုတို့လို လေယာဉ်ကွင်းလေးတော့ ရှိမှာပေါ့။ အင်း... ဟုတ်တယ်။ အဲဒါတော့ ရှိခဲ့တယ်။ မဆလ လက်ထက်တုန်းက ပင်လည်ဘူးမြို့မှာ ရှိခဲ့တာပါ။ ဒါပေမဲ့ အခု မရှိတော့ပါဘူး။ တောင်သူ လယ်သမားတွေချည်းနေတဲ့ နေရာဆိုတော့ အဲဒီလေယာဉ်ကွင်းကြီးရဲ့ တစ်ဝက်လောက်က နွားစားကျက်ကြီးတစ်ခု ဖြစ်နေပြီး နောက်တစ်ဝက်လောက်ကတော့ မူးမြစ်တိုက်စားလို့ ကုန်သွားပါပြီ။ ဒါကြောင့် အခုနေ အဲဒီ လေယာဉ်ကွင်းကို သွားကြည့်ရင်တော့ နွားတွေကိုဘဲ တွေ့မြင်ရမှာ သေချာပါတယ်။

ဆိုတော့... ကုန်းကြောင်းခရီး ရေကြောင်းခရီး လေကြောင်းခရီး၊ ဘာခရီးမှ တိုက်ရိုက်မရှိပါဘူး။ သနားစရာ တုံးဖလားရွာလေးပါ။ ရန်ကုန်ကနေ သွားမယ်ဆိုရင် (အခုတော့ မသိပါ) နှစ်ညအိပ် ခရီးသွားရပါတယ်။ နှစ်ညလုံး မီးရထားပေါ်မှာ အိပ်ရတာပါ။ ရန်ကုန်-မန္တလေး မီးရထားကို စီးပြီး မန္တလေးမှာ ဆင်းရပါတယ်။ ရထားပေါ်မှာ တစ်ညအိပ်ရပါတယ်။ နောက် မန္တလေး-မြစ်ကြီးနား ရထားစီးပြီး ကောလင်းမှာ ဆင်းရပါတယ်။ ကောလင်းကို ည၁၀ နာရီလောက်မှ ရောက်တာဆိုတော့ ကောင်းလင်းမှာဘဲ ညအိပ်ရပါတယ်။ နောက်တစ်နေ့မနက်မှ ကောလင်း-ပင်လည်ဘူး လိုင်းကား စီးပြီး တုံးဖလားရွာ မှတ်တိုင်မှာ ဆင်းရပါတယ်။ ရွာလဲရောက် လူလဲ ဖလက်ပြပေါ့။ နှစ်ရက်လုံးလုံး ရထားပေါ်မှာ ပုခက်စီးသလို ယိမ်းထိုးခဲ့ရတာကိုး။ မန္တလေး-မြစ်ကြီးနား သံလမ်းပိုင်းက ရန်ကုန်-မန္တလေး သံလမ်းပိုင်းလောက် မကောင်းတဲ့အခါကျတော့ ရထားက အရမ်းဆောင့်ပါတယ်။ ဆောင့်တာမှ အထက်အောက်ဆောင့်တယ်။ ဘေးတိုက်ဆောင့်တယ်။ ဘယ်အခြမ်းဆောင့်တယ်။ ညာအခြမ်းဆောင့်တယ်။ ဆောင့်လို့ရတဲ့ နည်းပေါင်းစုံနဲ့ ဆောင့်ပါတယ်။ အဲဒီလိုမျိုး မီးရထားကို စီးရဲရင်တော့ တုံးဖလားရွာကို ရောက်ဖူးဖို့ မခဲယဉ်းပါဘူး။

တုံးဖလားကို ကောလင်းက မဟုတ်ဘဲ ၀န်းသိုက သွားလဲ ရပါတယ်။ ဒါပေမဲ့ ၀န်းသို-ပင်လည်ဘူးက ကောလင်း-ပင်လည်ဘူးလို လိုင်းကား မရှိဘူး။ သစ်ထုတ်လုပ်ရေးက သစ်လုံးကားတွေဘဲ ရှိတယ်။ ကျနော် ငယ်ငယ်တုန်းကဆို အဲဒီသစ်လုံးကားနဲ့ ခဏခဏ ခရီးသွားဖူးတယ်။ သစ်လုံးတွေပေါ် တက်စီးရတာပါ။ တကယ်လို့ သံကြိုးပြတ်ပြီး သစ်လုံးတွေ ပြုတ်ကျရင်တော့ ကိစ္စအတုန်းဘဲပေါ့။ ကောလင်းက သွားတဲ့ လမ်းနဲ့ ၀န်းသိုက သွားတဲ့လမ်းက ငါးမိုင်ဆိုတဲ့ စခန်းလေးမှာ သွားဆုံတယ်။ ကောလင်းကလဲ ငါးမိုင် ၀န်းသိုကလဲ ငါးမိုင်တိတိရှိလို့ ငါးမိုင်စခန်းလို့ ခေါ်တာပါ။ အဲဒီငါးမိုင်စခန်းက စပြီး ကောလင်း-ပင်လည်ဘူး၊ ၀န်းသို-ပင်လည်ဘူး လမ်းခရီးအတူတူ ဖြစ်သွားပါပြီ။ သစ်ထုတ်လုပ်ရေးကားတွေက နွေဦးနဲ့ နွေရာသီမှာဘဲ ရှိတာပါ။ ကျနော်တို့ဘက်မှာ သစ်တွေကလဲ ပေါသလားမပေးနဲ့။ ကျနော် မမွေးခင်ကထဲက သစ်လုံးကားတွေ ရှိနေတာ၊ အခုထက်ထိ ရှိနေတုန်းဘဲ။ ကောလင်း-ပင်လည်ဘူး လိုင်းကားက တစ်ရက်မှ သုံး လေးစီးဘဲ ရှိတာပါ။ ဒါကြောင့် လိုင်းကားကို ၀ီရိယထားပြီး စောင့်ရတယ်။ တစ်စီးလွှတ်သွားရင် စောင့်ပေရော့ နောက်ထပ် နာရီများစွာ။ ဟာ ဟ။ ရိုက်စစ်နေတာ ကျနေတာဘဲ။ သေချာ ရှင်းပြနေဖြစ်တယ်။

ကောလင်းမြို့နှင့် ၀န်းသိုမြို့က ရှစ်မိုင်ဘဲ ဝေးပါတယ်။ ကောလင်း-ပင်လည်ဘူး၊ ၀န်းသို-ပင်လည်ဘူးက မိုင် ၄၀ တိတိ ဝေးပါတယ်။ မိုင်လေးဆယ်ထဲ ရှိတယ်ဆိုပေမဲ့ ကျနော် ငယ်ငယ်တုန်းကဆို မနက်ထွက်တဲ့ကားဟာ ညနေ မိုးချုပ်မှ ရောက်တာ များပါတယ်။ လမ်းက ကျောက်လမ်းဆိုတော့ လိပ်သွားသလို သွားနေရတာလေ။ အဲဒီတုန်းက တစ်ရက်မှ လိုင်းကားက အသွားတစ်စီး အပြန်တစ်စီးဘဲ ရှိတယ်။ အတော်လေးကို တောကျတဲ့ ကျနော်တို့ ရွာလေးပါ။ :D

အဲ... ပြောရဦးမယ်။ ကောလင်း ၀န်းသိုနဲ့ ပတ်သက်လို့ ဆိုရိုးစကားလေး တစ်ခုရှိတယ်။

ကောလင်း ၀န်းသို
တစ်မိုးခို

မုဆိုးဖိုတောင် မိန်းမ ငါးယောက်ရနိုင်တယ်
တဲ့။

အဲဒီတုန်းက အတော်လေး ရိုးသားကြတာကိုး။ အင်း... အခုလဲ ရိုးသားကြပါတယ်။ :D မြို့ကြီးသားတွေ အလည်ရောက်လာရင် အပျိုလေးတွေက ပြူတစ်ပြူတစ် ဖြစ်နေပြီ။ တစ်လွှဲမထင်ပါနဲ့။ ပြူတစ်ပြူတစ်နဲ့ ချောင်းကြည့်ကြတာလေ။ ပြီးတော့ မိတ်ဖွဲ့ချင်ကြတယ်။ မိတ်ဖွဲ့ပြီးရင် မိတ်လိုက် ခံရရော။ မြို့ကြီးသားဆိုတော့ တောသူတောင်သူလေးတွေလောက်တော့ ပျင်းတောင် ပျင်းသေးတယ်ပေါ့။ တစ်ချက်လောက် တော်ကီပစ်လိုက်ရင် မိန်းခလေးက ကြွေချင်နေပြီ။ ဒါကြောင့် ကျနော်ကတော့ ကျနော့် အသိ သမီးပျိုလေးတွေကို ပြောထားရတယ်။ ကုလားနဲ့ မြို့ကြီးသားကို လုံးဝ မယုံနဲ့လို့။ ဟာ ဟ ကြိုပြောထားတာ။ တုံးဖလားကို အလည်လာဖြစ်ရင်တော့ "ကျနော်က တောချိုတောကြား ပစ္စန္တရာဇ် ဇနပုဒ်အရပ်က တောသားလေးပါဗျာ" လို့ ပြောပြီး မိတ်ဆက်ကြပေါ့။ ဒါမှ သူတို့လေးတွေက ရဲရဲဝံ့ဝံ့ ခင်မင်ရဲရှာကြမှာ။ ဘကျောက်ကြီးက အဲဒီနယ်ဘက်ရာက်ဖူးတော့ အဲဒီနယ်အကြောင်း ကောင်းကောင်း သိလောက်တယ်။ တော်ပါသေးရဲ့။ ဘကျောက်ကြီး ကျနော်တို့ တုံးဖလားရွာ မရောက်ခဲ့တာ။ နို့မို့ဆို ရွာထဲက အပျိုကြီး ဒေါ်မှုံ ကျွတ်တမ်းဝင်ပြီးရောပေါ့။ ဒါတောင် တုံးဖလားနဲ့ ကပ်ရက် အင်းဂါး(အင်္ဂါး) ဆိုတဲ့ ရွာလေးကို ရောက်ခဲ့သေးသတဲ့။ အခန့်သင့်လို့ ရွာဖက်ကို သွားဖြစ်ရင် ဘကျောက် ခြေရာတွေ သွားရှာဦးမှ။ :D

အဲ... ကျနော်တို့ တုံးဖလားနဲ့ ပတ်သက်ပြီးတော့လဲ ဆိုရိုးစကားလေးတွေ ရှိခဲ့တယ်။ ကလေးဘ၀တုန်းက အော်ဆိုကောင်းလွန်းလို့ တစ်ယောက်ထဲရော သူငယ်ချင်းတွေနဲ့ အတူတူရော ခုနစ်အိမ်ကြား ရှစ်အိမ်ကြား သံပြိုင် အော်ဆိုခဲ့တဲ့ လင်္ကာလိုလို ကဗျာလိုလို ဘာလိုလို ညာလိုလိုပေးပေါ့။ ဘယ်လို ကဗျာ အမျိုးအစားထဲ ပါလဲတော့ မသိဘူး။ နောက်မှ မေဓာဝီကို မေးကြည့်ရဦးမယ်။ သူက ချောင်ကြိုချောင်ကြားက ကဗျာလေးတွေကစ သိနေတဲ့သူဆိုတော့။ တုံးဖလားနဲ့ မနီးမဝေးအရပ်မှာ မြေလင်းဆိုတဲ့ ရွာရှိတယ်။ ပေကုန်းဆိုတဲ့ ရွာရှိတယ်။ မြေလင်းရွာဘုန်းကြီးကျောင်းမှာ ခွေးတွေ အကောင် ရာချီပြီး မွေးထားတယ်။ မွေးထားတာဆို ရွာထဲက မလိုချင်တဲ့ ခွေးမလေးတွေကို ဘုန်းကြီးကျောင်းဝင်းထဲ ပံသုကူ သွားပစ်ထားကြတာကိုး။ အဲဒီလိုနဲ့ ခွေးမျိုးပွါးပြီး အကောင်ရာချီသွားတာပေါ့။ ပေကုန်းဆိုတဲ့ ရွာကြီးမှာတော့ အသေအပျောက် များတယ်တဲ့။ ကောလာဟလစကားအရကတော့ စုန်းပြုစားလို့ သေကြတာဆိုဘဲ။ ကျနော်တို့ တုံးဖလားရွာလေးကတော့ အိမ်ခြေနဲနဲလေး ရှိတဲ့အတွက် အသေအပျောက် နည်းတာပေါ့။ ဒါကြောင့် အဲဒီ ကဗျာလိုလို ဘာလိုလိုလေး ပေါ်ပေါက်လာခဲ့တာ ထင်ပါရဲ့။ အဲဒီ ဘာလိုလိုလေးကတော့---

ရှေးသရောအခါ၊ ဘေးကြောနာ
ခွေးပေါတာ မြေလင်း

အသေကင်းတာ တုံးဖလား

စုန်းစားတာ ပေကုန်း

ပေ သုံးတာ ကန်ထရိုက်

ပန်းကန် တိုက်တာ အိမ်သား

ချိန်စားတာ ဈေးသည်....
တဲ့။

အင်းးး... ဖတ်ရတာ ပျင်းနေကြလောက်ပြီထင်တယ်။ အင်းလေ။ ပျင်းရင်လဲ ပျင်းချင်စရာကြီးကိုနော့။ ကျနော်တောင် စာရိုက်ရင်း ဆယ်ခါလောက် သန်းဖြစ်တယ်။ မျက်စိမှိတ်ပြီး မျက်စိထဲ တုံးဖလားကို ပုံဖော်နေရတာနဲ့တင် အိပ်ပျော်သလို ဖြစ်ဖြစ်သွားလို့ မနဲပြီးအောင် ရေးနေရတယ်။ ဟာ ဟ။

ကျနော်တို့ဘက် သွားတဲ့ မီးရထားအကြောင်းလေး နဲနဲတော့ ပြောဦးမယ်။ သည်းခံပြီး ဖတ်ကြဦးနော်။ ရန်ကုန်-မန္တလေး မီးရထားကတော့ စီးရတာ စိတ်ချမ်းသာပါတယ်။ မြန်ကလဲ မြန်၊ နေရာကလဲ ချောင်ချောင်ချိချိဆိုတော့။ ဒါပေမဲ့ မန္တလေး-မြစ်ကြီးနား မီးရထားတွေကတော့ ကြပ်မှကြပ်ဘဲ။ မီးရထားတစ်တွဲမှာ ၆၂ ယောက် (၆၂ ခုံ) သာ စီးရမှာ ဖြစ်ပေမဲ့ ၀စ်ေဿာက် တွေကို ရာချီပြီး တင်ကြတယ်လေ။ ဒါကြောင့် ရထားတစ်တွဲမှာ ခရီးသည်ပေါင်း ၁၅၀ လောက်တော့ အမြဲတမ်း ရှိနေတာပါဘဲ။ အနံ့ပေါင်းစုံ ရောပြွမ်းပြီး နာရီပေါင်းများစွာ ချာချာလည် ဖြစ်ကုန်တော့တာပေါ့။

အဲဒီတုန်းက တစ်ရက်ကိုမှ မန္တလေး-မြစ်ကြီးနား မီးရထားက သုံးစီးဘဲ ရှိတယ်။ အထူးအမြန်ရယ် ရိုးရိုးအမြန်ရယ် စာပို့ရထားရယ်ပါ။ တစ်ရက်ခြားစီလောက်တော့ မေခ-မခိလဆိုတဲ့ ရထား အပိုတစ်စီး ရှိပါတယ်။ အဲဒီ လေးစီးထဲပါ။ အခုတော့ ဘယ်နှစ်စီး ရှိနေမှန်း မသိပါဘူး။ မရောက်တာလဲ ကြာပြီကိုး။ ဒါပေမဲ့ လမ်းပိုင်းမှာ ဟိုဟိုဒီဒီ ပြေးတဲ့ ရထားကတော့ရှိပါတယ်။ ဥပမာ။ မန္တလေး-ကောလင်းရထား။ မန္တလေး-နဘားရထား။ နဘား-မြစ်ကြီးနား ရထား စသဖြင့်ပေါ့။ ကျနော်ကတော့ အမြဲတမ်း အထူးအမြန်ရထားကိုဘဲ စီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းပိုင်းမှာ အချိန်သိပ်မကြာချင်လို့ပါ။ အနှေးရထား စီးမိရင်တော့ သွားပြီ။ လမ်းခရီးမှာ ရှိတဲ့ ဘူတာတိုင်း ရပ်တယ်။ ပြီးတော့ အမြန်ရထားတွေ နောက်က ပါလာရင် စောင့်ပြီး ကျော်တက်ခံရတယ်။ သံလမ်းက အသွားအပြန်မှ တစ်လမ်းထဲ ရှိတာဆိုတော့ အချိန်က ပိုကြာရောပေါ့။ ရထားဆုံရင်လဲ ဘူတာမှာ အကြာကြီး ရပ်စောင့်ရတယ်။ ရထားကျော်တက်မယ်ဆိုလဲ နောက်ဘူတာက ရထားကို ရပ်စောင့်ပြီး အဲဒီကျော်တက်တဲ့ ရထား ရှေ့ဘူတာကို ရောက်သွားမှ အနှေးရထားက ထွက်ရတယ်။ အဲဒီလိုနဲ့ မိုင်တစ်ရာလောက် ခရီးလေးအတွက် တစ်ရက်တိတိ ကြာသွားရော။

အဲဒီလို နှေးလွန်းတဲ့အတွက် ရထားပေါ်မှာ ခရီးသည်အချင်းချင်း မိတ်ဆွေ ဖြစ်တဲ့သူက ဖြစ်သွားကြ၊ သမီးရည်းစားဖြစ်သွားတဲ့ သူက ဖြစ်သွားကြနဲ့ ပျော်ရမလို စိတ်ညစ်ရမလို ရယ်ရမလို ငိုရမလို ကြီးပါဘဲ။ ညဘက်ဆိုရင် ရထားပေါ်မှာ မီးကလဲ မရှိတော့ ဖယောင်းတိုင်ထွန်းရပြန်ရော။ ရထားထွက်ရင် ဖယောင်းတိုင်မီးက ငြိမ်းသွားပြန်တယ်။ ရထားပြတင်းပေါက်တွေက ပိတ်လို့မှမရတာ။ ပိတ်မရဆို တစ်ချို့ ပြတင်းပေါက်တွေမှာ တံခါးတောင် မပါဘူး။ ဟိုတုန်းက ပြောပါတယ်။ အခုတော့ ဘယ်လို နေမှန်းမသိပါဘူး။ မယုံချင်နေ ကြုံဖူးတာလေး ပြောရဦးမယ်။ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ရထားပေါ်မှာ မိန်းမတစ်ယောက် ကလေးမွေးသွားတာ ပြောမလို့ပါ။ ဧကန္တကတော့ မြို့တက်ပြီး ဆေးရုံမှာ မွေးမလို့လား မသိပါဘူး။ ရထားက လမ်းမှာ သောင်တင်နေတော့ မြို့မရောက်နိုင်တော့ဘဲ မယ်တော်မာယာ လမ်းခုလတ်မှာ အလောင်းတော်ကို မွေးဖွားသလို ရထားပေါ်မှာဘဲ ဖြစ်သလို မွေးဖွားလိုက်ရတာထင်ပါရဲ့။

ရထားကျောရိုးက တစ်လမ်းဘဲ ရှိတာဆိုတော့ ရထားလမ်း ရေတိုက်စားတာတို့၊ လမ်းပိုင်း ပြင်ဆင်နေတာတို့၊ ရထားတစ်စီးစီး တွဲချော်နေတာတို့၊ လမ်းတစ်ဝက်မှာ ရထားစက်ခေါင်းပျက်တာတို့နဲ့ ကြုံရင် သွားပြီ၊ ရက်ချီပြီးကို ရထားပေါ်မှာ ဆွေမတော် မျိုးမတော်တဲ့သူတွေနဲ့ အနီးကပ် မျက်လုံးချင်းဆုံပြီး စိတ်တင်းတင်းကြပ်ကြပ် နေရတော့တာပါဘဲ။ ရထားပေါ်မှာ အဆင်ပြေတဲ့သူက အဆင်ပြေ၊ အဆင်မပြေတဲ့သူက အဆင်မပြေ၊ ကလေးမွေးတဲ့သူက ကလေးမွေး၊ ယုတ်စွအဆုံး ၀ါဆိုခါနီး ခရီးက ကပ်ပြီး ပြန်လာတဲ့ ဘုန်းတော်ကြီးတွေတောင် ၀ါကျိုးဝါပျက် ဖြစ်ကြကုန်ရောတဲ့။ အဲဒီလို အဲဒီလို။

အဲဒီလို လမ်းပိုင်းမှာ တစ်ခုခုဖြစ်ပြီး ရထားပိတ်မိနေပြီဆိုရင် မြွေပူရာ ကင်းမှောင့်ဆိုသလို စားရေး သွားရေး သောက်ရေး ပေါက်ရေးတွေလဲ ခက်ကုန်ကြတော့တာပေါ့။ တစ်ချို့ရွာတွေဆို ရထားတစ်စီး သောင်တင်နေတာ သိလို့ကတော့ ပွပေါက်ဘဲ။ ထမင်းဟင်းတွေ ဖြစ်သလို ချက်ပြီး ဈေးကြီးကြီးနဲ့ လာရောင်းကြရော။ မြို့က ဟိုတယ်စာစားရင်တောင် အဲဒီလောက် ဈေးကြီးမယ်မထင်။ ဒါပေမဲ့ တစ်ချို့ဒေသက လူတွေကတော့ ရပ်ရွာထဲ နိုးဆော်ပြီး ရထားပိတ်မိနေတဲ့သူတွေကို အခမဲ့ လာရောက် ဝေငှပေးကြပါတယ်။ ဘုန်းတော်ကြီးတွေ ဦးဆောင်ပြီး လာဝေငှကြတာလဲ ရှိပါတယ်။ ဒေသအလိုက် စိတ်ဓါတ်ကလေးတွေ ကွာဟမှုပေါ့။ တစ်ခါတစ်လေ အဆင်မပြေရင် ရထားက တစ်ရက်လုံး တစ်နေရာထဲမှာဘဲ ရပ်နေရတာပါ။ ထွက်ခွါလို့ မရပါဘူး။ လမ်းပိုင်းရှင်းသွားမှ ထွက်ခွါလို့ ရပါတယ်။

မန္တလေး-ကောလင်း ပြေးဆွဲတဲ့ လော်ကယ်ရထားဆိုရင် လမ်းပိုင်းမှာ ရှိတဲ့ ရွာတွေ (ဘူတာတွေ) အကုန်ရပ်တယ်။ ပြီးတော့ ကျန်တဲ့ ရထားတွေကို ဦးစားပေးရတယ်။ အဲဒီ ရထားကတော့ ကိုရွှေလိပ်ပါဘဲ။ မန္တလေးနှင့်ကောလင်း မိုင် တစ်ရာလောက်ဘဲ ရှိတာကို ၁၅ နာရီလောက် ခုတ်မောင်းရတယ်။ ပြီးတော့ ရထားပေါ်မှာ နေရာမလပ် ပစ္စည်းတွေ တင်ကြတယ်။ လူတွေဆိုလဲ ပြွတ်ခဲနေတာပါဘဲ။ အိမ်သာထဲလဲ မနေရဘူး၊ ပစ္စည်းတွေ တင်ကြတယ်။ ခရီးချဉ်သီးခြင်းတောင်း မုန်လာထုပ် ခြင်းတောင်းတွေကို အိမ်သာထဲ မကြာမကြာတွေ့ရတယ်။ ခရီးသည်တွေတော့ ဆီးချုပ်ဝမ်းချုပ် ဖြစ်ကြကုန်ရော။ အိမ်သာခန်းက ဘ၀ပြောင်းပြီး ပစ္စည်းတင်ခန်း ဖြစ်သွားတာကိုး။ ဟိုတုန်းကပါ။ ပြီးတော့ အဲဒီ အရပ်က ပြောစကားတစ်ခု ရှိတယ်။ ကောလင်းရထား လာနေတာ မြင်ရရင် လက်ဆန့်တန်းပြီး အညောင်းမဆန့်လိုက်ပါနဲ့၊ ရထားကို လာတားတယ်ထင်ပြီး ရပ်ပေးနေဦးမယ်တဲ့။ အဲဒီလောက်ထိ ရွာစဉ်ထိုးရပ်တဲ့ ရထားလေ။ အင်း.. ရေးရင်းနဲ့ ဘယ်ရောက်သွားပါလိမ့်။ မဖြစ်ချေဘူး။ အပြီးသတ်မှ။

အချုပ်ပြောရရင်တော့ တုံဖလားရွာလေးကို လာချင်တယ်ဆိုရင် တကယ်ဖိတ်ခေါ်ပါတယ်။ လမ်းကြောင်းလေးကတော့ ဒီလိုလေး သွားရပါတယ်။ ရန်ကုန်--မန္တလေး--ကောလင်း--တုံးဖလား။ ဒါပေမဲ့ နှစ်ညအိပ် သုံးရက်ခရီးနော်။ ရထားနှစ်တန် ကားတစ်တန်။ အဲဒါ အသွားသတ်သတ်။ အပြန်ခရီးလဲ အဲဒီလို နှစ်ညအိပ် သုံးရက်ခရီးပါဘဲ။ တစ်ပတ်ဘဲ ခွင့်ရတဲ့ သူတွေအတွက်ကတော့ အသွားသုံးရက် အပြန်သုံးရက် တုံးဖလားမှာ တစ်ရက်ပေါ့။ ဟာ ဟ။ ဒီလောက် တုံးဖလားရွာကို ကြော်ငြာထိုးနေရအောင် အဲဒီ တုံးဖလားရွာမှာ ဘာတွေ ရှိသလဲဆိုတော့။ ဟုတ်ကဲ့။ တုံးဖလားမှာ.....
၁။ ဈေးဆိုင်တစ်ဆိုင်မှမရှိဘူး။
၂။ စာသင်ကျောင်း မရှိဘူး။
၃။ ဆေးပေးခန်း မရှိဘူး။
၎။ စာကြည့်တိုက် မရှိဘူး။
၅။ မြေစိုက်ဘုရား တစ်ဆူမှမရှိဘူး။
၆။ဘောလုံးကွင်းမရှိဘူး။
၇။ ဗီဒီယိုရုံမရှိဘူး။
၈။ လျပ်စစ်မီး မရှိဘူး
၉။ မိုဘိုင်းဖုန်း မြင်တောင်မြင်ဖူးကြရဲ့လား မသိ။

ဗိသုကာအမြင်နဲ့ ကြည့်ရင် အဆောက်အဦနဲ့ တူတာ ဆိုလို့ကတော့ ရွာဦးကျောင်း တစ်ခုတော့ ရှိပါတယ်။ အဲဒီလို အဲဒီလို မပြည့်စုံမှုတွေ ပြည့်စုံနေတဲ့ တုံးဖလားရွာလေးမှ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ လာချင်ကြသေးလား မသိ။ :D ။ တားဖလုံးရောက်ရင်တော့ ကရားတစ်လုံးနဲ့တော့ ဧည့်ခံကြမှာပါ။ ဒါပေမဲ့ သူတို့ မယားတွေကတော့ ခပ်ပြုံးပြုံးလေး ဖြစ်နေမှာ သေချာပါတယ်။ (လဘက်ခြောက်ဈေးကလဲ သေးမှမသေးဘဲကိုး)။

တောကျသည်။ ခရီးဆိုးသည်။ ဆင်းရဲမှုတွေ ချမ်းသာသည်။ ချမ်းသာမှုတွေ ဆင်းရဲသည်။ ရိုးသားသည်။ ကြိုးစားသည်။ လယ်ယာမြေကိုသာ အားကိုးသည်။ ကျွဲ နွားများကိုသာ အလေးထားသည်။ တုံးကို တံတားလုပ်သည်။ ဖလားဖြင့် ရေချိုးသည်။

ထို့ကြောင့် ထိုရွာကို တုံးဖလားဟု ခေါ်သည်။ :D

..

တောင်းပန်ချက်။
အလုပ်မဟုတ်တဲ့ အလုပ်တွေနဲ့ အလုပ်ရှုပ်နေလို့ အလုပ်ဟုတ်တဲ့ အလုပ်တွေနဲ့ အလုပ်မလုပ်နိုင်သေးတဲ့အတွက် အလုပ်လို့ယူဆရတဲ့ ဘလော့လည်ခြင်းအလုပ် ဘလော့ဂင်းခြင်းအလုပ်တို့အား မပြုလုပ်နိုင်အားသေးတာကို အနူးအညွတ်တောင်းပန်အပ်ပါတယ်။

.

Saturday 19 March 2011

ဥယျာဉ်မှူး အဆိပ်သင့်တဲ့ နေ့

သောကြာကြယ်လေးရေ
မင်း မြေခတဲ့ ညမှာ
ငါသာ ဥယျာဉ်မှူးဆိုရင်
ရင်တွင်း ဆူနာမီ ဖြစ်ရောပေါ့။

တစ်ပင်ချင်း ပေါင်းတင်
တစ်ရစ်ချင်း မောင်းတင်
အမြစ်ကလေး ထွက်လာရင်တောင်
ဥယျာဉ်မှူး ရင်ထဲ ပန်းပွင့်ပြီလေ။

မင်းအပေါ် ပက်ဖျန်းပေးတဲ့
ပွင့်လှ သတ္တိကြွဆေးတွေ
မင်းအခြေမှာ ရစ်ခွေပေးတဲ့
မြေလွှာ အားတိုးဆေးတွေ
အဲဒါ..
ဥယျာဉ်မှူးရဲ့ သွေးတွေပေါ့။

ပန်းတိုင်းလှဖို့
သူ့ရဲ့ ခြေဖ၀ါးပြင်ကြီးနဲ့
ငြောင့် ခလုပ် သစ်ငုတ်ပေါ်
ပျော်ပျော်ကြီး တက်ခဲ့ဖူးတယ်။

ပန်းတိုင်း ၀င့်ကြွားဖို့
သူရဲ့ လက်ဖ၀ါး နုနုလေးနဲ့
ဆူးကြမ်းကြမ်းကြီးကို
ကျေကျေနပ်နပ်ကြီး ဆုပ်ကိုင်ခဲ့ဖူးတယ်။

သူ့ရဲ့ စိတ်ကူးထဲမှာ
ပန်းတွေ ပွင့်ခဲ့ဖူးမယ်
ပန်းတွေ ၀င့်ခဲ့ဖူးမယ်
လောကကြီးကို
ပန်းနှင့်အလှဆင်
သူ့အမြင်မှာ ပန်းပင်တွေကို အားရခဲ့ဖူးမယ်။

ခုအခါ
သူပေးအပ်ခဲ့တဲ့ ဆေး
သူပေးဆပ်ခဲ့တဲ့ သွေး
သူတေးမှတ်ခဲ့တဲ့ အတွေးတွေက
သူကိုယ်တိုင် မျက်စိ ခဏ အမှိတ်မှာ
အဆိပ်သင့် ခံခဲ့ရပြီကော။

.....

Thursday 3 March 2011

ဦးညိုမြ မြင်းပျောက်ခြင်း


(တောင်းပန်ချက်။
နဲနဲရှည်သွား၏။ အချိန်မရှိသူများ မဖတ်ကြပါရန်)


"မကြိုက်တဲ့ အရာကို ကြိုက်မိရင် ကြိုက်တဲ့ အရာကို ကြိုက်တာထက် ပိုကြိုက်သွားတတ်တယ်"

ညနေ ဆည်းဆာချိန်လေး တစ်ခု၌ တုံးဖလားသူကြီး ကိုကိုမောင်သည် သူကိုယ်တိုင် သီအိုရီထုတ်ထားသည့် အထက်ပါ စာသားလေးကို ရေမန်းမှုတ်သလို အကြိမ်များစွာ ပါးစပ်က တတွတ်တွတ်ရွတ်ပြီး သူ၏ အိမ်ဝင်းအပြင်ရှိ မြက်ခင်းစပ်၌ လူးလာခေါက်တုန့် စင်္ကြန်လျှောက်နေလေ၏။

"ဗျို့ .. လုပ်ဂ်ဘိုးလ် ဟီဘစ်ဂ်.. ပါးစပ်က လှုပ်စိလှုပ်စိနဲ့ ဘာဂါထာတွေ မန်းမှုတ်နေတာလဲဗျ"

အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ဘိလတ်ပြန် မောင်ပေါက်ကျော်တစ်ယောက် အိမ်ဝင်းထဲ ၀င်လာနေသည်ကို တွေ့ရလေ၏။ သီအိုရီကောင်းလေး ထုတ်နေခိုက်မို့ မောင်ပေါက်ကျော်အသံသည် သူကြီးအဖို့ ငှက်ဆိုးထိုးသံကဲ့သို့ ဖြစ်သွား၏။ ဒီကောင် အရေးကောင်းတုန်း ရောက်လာပြန်ပြီ ဟု စိတ်ထဲကနေ ကျိန်ဆဲမိနေ၏။

"ဘာတုန်းကွ.. မောင်ပေါက်ကျော်ရ"

"ဟာ... လုပ်ဂ်ဘိုးလ် ဟီဘစ်ဂ် ကလဲ သိရဲ့သားနဲ့"

ဒီလိုဘဲ မောင်ပေါက်ကျော်တစ်ယောက် သူကြီးမင်းအိမ်ကို အလည်လာနေကျဖြစ်၏။ အလည်လာတာက ရိုးရိုး အလည်လာတာမဟုတ်။ ကော်ဖီသောက်ချင်လို့ တမင်သကာ လမ်းမကြုံ ကြုံအောင် ၀င်လာခြင်းပင်ဖြစ်၏။ သူပြောတဲ့ သိရဲ့သားနဲ့ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်မှာ ကော်ဖီလာသောက်တာဟူ၍ ဆိုလိုခြင်းပင်ဖြစ်၏။ ဒါပေမဲ့ သူပြောတဲ့ လုပ်ဂ်ဘိုးဟီဘစ်ဂ် ဆိုတဲ့ စကားလုံးကို သူကြီးမင်း တစ်ယောက် နားမလည်နိုင်ဘဲ ဖြစ်နေ၏။ ဒီကောင် ဘာတွေ စကားထာ လာလုပ်တာပါလိမ့်ဟု စိတ်ထဲ တွေးနေမိနေ၏။

"ဘာကြီးတုန်း မင်းပြောတဲ့ လုပ်ဂ်ဘိုးလ် ဟီဘစ်ဂ် ဆိုတာကြီးက"

"သူကြီးမင်းကလဲ ပိန်းလိုက်တာ။ အဲဒါ ဘိုလို ပြောနေတာဗျ"

"ဟေ.. ဂလိုကြီးလား"

"ဟုတ်တယ်ဗျ။ သူကြီးမင်း မသိရင် မှတ်ထားလိုက်ဦး Log-bowl He-big လို့ စာလုံးပေါင်းတယ်"

"အင်း ဆိုစမ်းပါဦး။ ဘာအဓိပ္ပါယ်ကြီးလဲ"

"Log ဆိုတာ တုံး၊ Bowl ဆိုတာ ဖလား၊ He ဆိုတာ သူ၊ Big ဆိုတာ ကြီး။ အားလုံးပေါင်းလိုက်တော့ Log-bowl He-big ဆိုတာ တုံးဖလား သူကြီးပေါ့ ဗျာ။ ဝေးပါ့။ ရှင်းပြရတာ လက်ပေါက်ကပ်လိုက်တာနော်ာ်ာ်ာ်"

ပေါက်ကျော် တစ်ယောက် သူ့အကျင့်အတိုင်း နိုင်ကွက်တွေ့ရင် လူသူလေးပါးမရှောင် နှိပ်ကွပ်တတ်သည်ချည်းပင်။ အခုလဲ သူကြီးမင်းဆိုတဲ့ မျက်နှာကိုပင် မထောက်တော့ဘဲ အကွက်ဆိုက်လာတာနဲ့ တန်းပြီး နှိပ်ကွပ်လေ၏။ ထိုကဲ့သို့ အင်္ဂလိပ်စကားကို ကြားညှပ်ပြီး ပြောတတ်တဲ့အတွက် ရွာထဲက သူတွေ အများအပြား သူ့ကို ရှောင်နေလေကြ၏။ စကားပြောရင် တံတွေးစင်တယ် ဟု အကြောင်းပြကာ ပေါက်ကျော်ကို ပယ်ထားကြလေ၏။ ထို့ကြောင့်ပင် သူ့ကို လက်ခံ စကားပြောသည့် သူကြီးမင်းအိမ်သို့ မကြာခဏ ရောက်လာတတ်၏။ ဒီတစ်ခါတော့ သူကြီးမင်းလဲ ငြိမ်ခံ မနေတော့ပေ။ ကြားဖူးနားဝနဲ့ ပြန်ပက်လိုက်၏။

"ထွီ.. မင့် အင်္ဂလိပ်စာ ချေးပေနေတယ်ကွ။ ညံ့ချက်ကတော့။ ဒါများ ဘိလတ်က ပြန်လာတာတဲ့။ ပြောရရင် မင့် အင်္ဂလိပ်စာက ရွာအနောက်ပိုင်းက ပေတူးရဲ့ အင်္ဂလိပ်စာလောက်ကို မကောင်းဘူး။ မသကာ Good Evening, Your Majesty, Mister Ko Ko Mg, ဒါမှမဟုတ် Your Excellency, Mr Ko Ko Mg ဆို တော်သေး။ မင်းက ဘိလတ်ကသာ ပြန်လာတာပါ။ ထီးသုံးနန်းသုံး ဘိလတ်စကားလဲ ကောင်းကောင်း တတ်မြောက်ခဲ့ပုံ မပေါ်ပါဘူး။ အင်္ဂလိပ်စာ မကျေညက်သေးရင် ပေတူးဆီသွားပြီး သင်ယူလိုက်ဦး။ ဟိုတစ်နေ့ ရွာအနောက်ပိုင်းကို လမ်းလျှောက်သွားရင်း ပေတူး အင်္ဂလိပ်စာ ကျက်နေတာ ငါကြားခဲ့တယ်။ အသံထွက် ကောင်းသလားမမေးနဲ့။ ပြီးတော့ အင်္ဂလိပ်စာ မီးနင်းတွေကို လင်္ကာလေးနဲ့ ကျက်နေလိုက်တာများ တကယ်မှတ်သားလောက်တယ်"

"သူကြီးမင်းကလဲ ဒီက ဘိလတ်ပြန် ပေါက်ကျော်ကြီး တစ်ယောက်လုံး ရှေ့မှာ ထားပြီး ဘာမှမဟုတ်တဲ့ ရွာနောက်ပိုင်းက ငါးနှစ်သား ပေတူးကို ချီးကျူးနေလိုက်တာ၊ သူက အခုမှ မူကြိုအဆင့်ဘဲ ရှိသေးတာဗျ။ မတော်သကာ မူလတန်း တက်နေတဲ့ အောင်တိုးနဲ့ နှိုင်းယှဉ်ပြောရင် တော်သေးတယ်။ အဟီး။ ဒါနဲ့ ဆိုစမ်းပါဦး။ သူက ဘယ်လို လင်္ကာလေးတွေ စီကုံးပြီး မီးနင်းတွေ ကျက်မှတ်နေတာလဲ"

"ဒီလိုကွ။ Cat ကို "ကြောင်"ဆိုပြီး ရိုးရိုးမကျက်ဘူး။ လင်္ကာလေးနဲ့ ဒီလို... စီအေတီ-ကက် ၊ အသံထွက်၊ အနက် ကြောင်ဟုမှတ် နောက်ပြီး (Rat) "ကြွက်"ကိုလဲ အာအေတီ-ရက်၊ အသံထွက်၊ အနက်ကြွက်ဟုမှတ် ဆိုပြီး ကျက်နေလိုက်တာများ မင့်ထက်အများကြီး သာတယ်ကွ။ နားလည်လား"

"ကဲပါ ထားပါတော့ သူကြီးမင်းရယ်။ ပေတူးဆီ သွားသင်ဆိုလဲ သွားသင်ပါ့မယ်။ ဒါပေမဲ့ အခုတော့ သူကြီးမင်း အိမ်ပေါ်တက်ပြီး ကော်ဖီပွဲလေး ကျင်းပလိုက်ကြရင် မကောင်းဘူးလား"

"အေးပါ။ မင်း လာပြီဆိုကထဲက ငါ သဘောပေါက်ပြီးသားပါ။ စကားစမြည် ပြောဖို့ လာသလိုလို ဘာလိုလိုနဲ့ နောက်ဆုံးကျတော့ ကော်ဖီဘူတာကို ဆိုက်တာချည်းဘဲ။ ဟုတ်တယ်မဟုတ်လား"

"အာ.... သူကြီးမင်းကလဲ..."

"ကဲ... အာ မနေနဲ့ ... လာ အိမ်ပေါ်တက်ပြီး ကော်ဖီသောက်ရင်း စကားပြောကြတာပေါ့"
.....


"ရော့.... ပေါက်ကျော်.. ဒီမှာ စူပါကော်ဖီမစ်..မင့်ဖာသာ ဖျော်သောက်ပေတော့"

"အာ.. သူကြီးမင်းကလဲ အမြဲတမ်း စူပါတွေချည်းဘဲ။ နတ်ကော်ဖီလေး တိုက်ပါဦးဗျ"

"ဘာကော်ဖီ"

"နတ်ကော်ဖီလေ။ ဟိုတစ်နေ့ကတောင် ကျနော် သောက်သွားသေးတယ်။ အနံ့လေးက မွှေးမွှေးလေးနဲ့။ ဗူးထဲကနေ ဇွန်းလေးနဲ့ ကော်ပြီး ဖျော်ရတာလေ။ အဲဒီ ကော်ဖီ။ နတ်ကော်ဖီလေ"

"ဟာ.. မင်းကတော့ လုပ်ပြီ။ အဲဒါ နတ်ကော်ဖီလဲ မဟုတ်ဘူး။ သိကြားကော်ဖီလဲ မဟုတ်ဘူး။ ဗြဟ္မာကော်ဖီလဲ မဟုတ်ဘူး။ နက်စ် ကော်ဖီပါကွ။ မင်းကလဲ နောက်ပိတ်တွေ ပျောက်လှချည်လား"

"သိပါတယ် သူကြီးမင်းရယ်။ အဲဒီလောက်ကြီး ကျနော် မညံ့သေးပါဘူး။ အခုတလော ကျနော် စိတ်နေလေလို့ အင်္ဂလိပ်စကားပြောတဲ့အခါ နောက်ပိတ်တွေကို အမြဲတမ်း ဖြုတ်ထားလိုက်တယ်။ အထူးသဖြင့် အက်စ် အသံတွေကိုပေါ့"

"ဟေ.. ဘာဖြစ်လို့တုန်းကွ"

"ကျနော့်အိမ်က ထမင်းဝိုင်းမှာ ကျနော့်ကို ပယ်ထားကြတယ်လေ။ ထမင်းစားရင်း စကားပြောရင် ပါးစပ်ထဲက ထမင်းလုံးတွေ ထွက်စင်လို့တဲ့။ ကျနော်ကလဲ ကျနော်ဘဲ။ ထမင်းစားရင်းနဲ့ ချက်တဲ့သူ စိတ်ချမ်းသာပါစေတော့ ဆိုပြီး ချီးကျူးစကားကို အင်္ဂလိပ်လို ပြောဖြစ်လိုက်တယ်ဗျ။ Very delicious, fantastic, Amazing, Unbelievable အစရှိတဲ့ စကားလုံးတွေကို ပြောရတာဆိုတော့လဲ တစ်ခါတစ်လေ တံတွေးထွက်လိုက်၊ တစ်ခါတစ်လေ ထမင်းလုံးလေးတွေ ထွက်စင်လိုက်တော့ ဖြစ်တာပေါ့။ အဲဒီလို ဖြစ်လို့တဲ့၊ ကျနော့်ကို သူတို့ ထမင်းဝိုင်းက ပယ်ထားကြတယ်လေ"

"အော်... ကျွတ် ကျွတ် သနားစရာဘဲ"

"သူကြီးမင်းကလဲ လူကို ရွဲ့နေပြန်ပါပြီ"

"ကဲ.. ကဲ.. မင့်ကို ရွဲ့ ဖို့လဲ အချိန်မရှိပါဘူး။ ဒီမှာ နက်စ်ကော်ဖီဗူး၊ ဒီမှာ သကြား၊ ဒီမှာ နို့မှုန့်၊ ဒီမှာ ကော်ဖီမိတ်၊ ဒီမှာက နို့စိမ်း။ မင်းကြိုက်သလိုသာ ဖျော်သောက်ပေတော့"

"ဟုတ်ကဲ့ ကျေးဇူးပါ သူကြီးမင်း။ ကျနော်တွေ့ဖူးတဲ့ သူတွေထဲမှာတော့ သူကြီးမင်းက ကျနော့်အပေါ် နားအလည်ဆုံးနဲ့ လူတွေအပေါ် စိတ်ကောင်း အရှိဆုံးဘဲ"

"မြှောက်မနေပါနဲ့ကွာ။ ၀အောင်သာ သောက်။ ပြီးတော့ ဒီ လဘက်သုပ်ကလေးလဲ စားလိုက်ဦး"

"လဘက်သုပ်နှင့်ကော်ဖီ တည့်ပါ့မလား သူကြီးမင်း။ တော်ကြာ အဆိပ်အတောက်တွေ ဖြစ်ကုန်မှ.."

"စကားမများနဲ့။ မင့်ကို ငါ သေဆေးကျွေးနေတာ မဟုတ်ဘူး။ လဘက်သုပ်နဲ့ ကော်ဖီနဲ့က Good Match လို့ ဆရာတော်ကြီးတစ်ပါး ပြောဖူးတယ်။ ကော်ဖီကို ပိုပြီး အရသာ ရှိအောင် သောက်ချင်ရင် လဘက်သုပ်ကို အရင်စားပါတဲ့"

"ဟုတ်လား သူကြီးမင်း။ ဒါဖြင့် ကျနော် အားမနာတော့ဘူးနော်"

"အင်းပါ။ မင်းက ပထမတော့ တည့်ပါ့မလား အဆင်ပြေပါ့မလားနဲ့ စားပြီးသောက်ပြီးရင် စွဲသွားရော။ အဲဒီလို လူစားမျိုး"

"မဟုတ်ပါဘူး သူကြီးမင်းရာ"

"ဘာမဟုတ်ရမှာလဲ။ ပထမဆုံး မင့်ကို ကော်ဖီတိုက်တုန်းက မှတ်မိသေးတယ်။ မင်းက ကော်ဖီဆို မကြိုက်ဘူး။ လုံးဝ မသောက်ချင်ဘူး။ ပြီးတော့ အိပ်လို့ မပျော်မှာလဲ စိုးရိမ်ရတယ် ဆိုပြီး ငါတိုက်တဲ့ ပထမဆုံး ကော်ဖီကို မင်းက မသောက်သွားဘူး မဟုတ်လား။ နောက်ကျတော့လဲ အားနာလို့ သောက်ကြည့်ရင်းနဲ့ စွဲသွားရော။ အခုတောင် မင်း ကော်ဖီသောက်ချင်နေလို့ ငါ့ဆီ လမ်းလျှောက်လာသလိုလို ဘာလိုလို လုပ်ပြီး ၀င်လာတာ မဟုတ်လား။ အရူးကို အမဲသား ကျွေးမိသလို ဖြစ်နေပြီ"

"အရူးကို အမဲသားကျွေးမိရင် ဘာဖြစ်သလဲ သူကြီးမင်း"

"ဘာဖြစ်ရမှာလဲကွ။ နွားမြင်တိုင်း လက်ညိုး ထိုးပြနေတော့တာပေါ့"

"ဟား ဟား ဟား။ သူကြီးမင်းကတော့ ကြံကြံဖန်ဖန် ပြောတတ်တယ်။ ဒါနဲ့ စကားမစပ်။ ကျနော် မလာခင် သူကြီးမင်း ပါးစပ်က လှုပ်လှုပ် လှုပ်လှုပ်နဲ့ ရွတ်ဖတ်နေတာ ဘာတွေလဲဗျ။ သီချင်းဆိုနေတာတော့ မဟုတ်လောက်ဘူး ထင်ပါတယ်။ တစ်ခုခု မှုန်းမှုတ်နေသလိုဘဲ"

"မန်းမှုတ်နေတာ မဟုတ်ပါဘူးကွာ။ ငါ့ရဲ့ Own Theory လေးကို ရွတ်ဆိုကြည့်နေတာပါ"

"ဆိုစမ်းပါဦး သူကြီးမင်း"

"ဒီလိုကွ "မကြိုက်တဲ့ အရာကို ကြိုက်မိရင် ကြိုက်တဲ့ အရာကို ကြိုက်တာထက် ပိုကြိုက်သွားတတ်တယ်""

"ကျနော် နားမလည်ဘူး။ သူကြီးမင်း ရှင်းပြပါဦး"

"ဥပမာကွာ။ မင့်လိုပေါ့။ ပထမကတော့ ကော်ဖီကို လုံးဝ မကြိုက်ဖူးဆိုပြီး ဇွတ်ငြင်းနေခဲ့တာ မဟုတ်လား။ နောက် ကြိုက်သွားတဲ့အခါကျတော့ ကျန်တာတွေထက် ပိုကြိုက်သွားရောလေ။ ပိုကြိုက်လို့လဲ ငါ့ဆီ မျက်နှာပြောင်တိုက်ပြီး နေ့တိုင်း ကော်ဖီလာသောက်နေတာ မဟုတ်လား"

"ဟား ဟား ဟား။ သူကြီးမင်းကတော့ အခွင့်သာရင် နှိပ်ကွပ်မယ်ဆိုတာချည်းဘဲ။ ကျနော်က သူကြီးမင်း ကော်ဖီတွေ နှစ်ချို့ပြီး လွှင့်ပစ်ရမှာစိုးလို့ လာအကူအညီပေးနေတာပါ။ သောက်ချင်လွန်းလို့ မဟုတ်ပါဘူး။ ဟီး ဟီး။ ဒါနဲ့ အဲဒီ "မကြိုက်တဲ့ အရာကို ကြိုက်မိရင် ကြိုက်တဲ့ အရာကို ကြိုက်တာထက် ပိုကြိုက်သွားတတ်တယ်" ဆိုတဲ့ သီအိုရီလေး ဖြစ်ပုံကို လုပ်ပါဦးဗျ။ သူကြီးမင်းဆီကဆို အထူးအဆန်းတွေ ကြားရတတ်လို့"

"အေး.. ငါကလဲ ပြောချင်နေတာနဲ့ အတော်ဘဲ။ ရွာထဲက လူတွေက ငါ့ကို သူကြီးမင်းဆိုပြီး ရင်းရင်းနှီးနှီး စကားမပြောရဲကြဘူး။ ဒီတော့ ငါလဲ စကားပြောရတာ မလွတ်လပ်ဘူး။ မင်းနဲ့မှ စကားပြောရတာ အဆင်ပြေတယ်။ ဒီသီအိုရီကို ငါက ပုံပြင်တစ်ပုဒ်ကို အခြေခံပြီး ထုတ်ယူထားတာကွ"

"ဆက်မိန့်ပါ သူကြီးမင်း"

"ရှေးရှေးတုန်းက ဒီ တုံးဖလားရွာမှာ အိမ်ခြေ ၉ အိမ်ဘဲ ရှိသတဲ့။ ငါ့ အဘိုးရဲ့ အဘိုးအိမ် အပါအ၀င်ပေါ့။ ငါ့ အဘိုးရဲ့ အဘိုး နာမည်က ဦးကျော်လှတဲ့။ သူ့မှာ ၀မ်းကွဲညီတစ်ယောက်ရှိတယ်၊ ဦးညိုမြတဲ့။ လူပျိုကြီးပေါ့။ ဦးညိုမြ ငယ်ငယ်ကထဲက သူ့မိဘနှစ်ပါး ဆုံးသွားလို့ ငါ့အဘိုးရဲ့ အဘိုးက သူ့ကို အိမ်ပေါ် ခေါ်တင်ထားတယ်။ အဲဒီခေတ်တုန်းက လမ်းပန်းဆက်သွယ်ရေးက အခုလောက် မကောင်းသေးဘူး။ တစ်ရွာနဲ့ တစ်ရွာ သွားချင်ရင် မြင်းစီးပြီး သွားရတယ်တဲ့။ ဒါကြောင့် အိမ်တိုင်းမှာ မြင်းတွေ မွေးမြူထားရတယ်။ ဦးညိုမြလဲ မြင်းတွေ မွေးထားတာပေါ့။ သူစီးနေကျ မြင်းနက်ကြီးကို တိမ်ကျားလို့ နာမည်ပေးထားတယ်"

"တစ်နေ့မှာ အဲဒီ သူစီးနေကျ တိမ်ကျားကြီး ပျောက်ခြင်းမလှ ပျောက်သွားတယ်။ ဦးညိုမြလဲ ရွာနီးဝန်းကျင် အားလုံး လိုက်ရှာပေမဲ့ တိမ်ကျားကြီးကို မတွေ့ဘူးတဲ့။ ဒါနဲ့ သူ့မြင်းကြီး စားကျက်ရှာရင်းနဲ့ နယ်ကျွံသွားတာ ဖြစ်နိုင်တယ်။ ဟိုဘက် ၀နာမြိုင်တောထဲများ ရောက်နေလားမသိဘူး ဆိုပြီး သစ်ပင်ပိတ်ပေါင်း အရမ်းထူထပ်တဲ့ ၀နာမြိုင်တောထဲ မြင်းပျောက်ရှာ ထွက်သွားသတဲ့" (တုံးဖလားရွာ တစ်ဝိုက်၌ ယနေ့တိုင်အောင် ကျွဲသူခိုး၊ နွားသူခိုး၊ မြင်းသူခိုးဟူ၍ လုံးဝ မရှိပေ။ ကြက်သူခိုးတော့ ရံဖန် ရှိတတ်၏။ ထို့ကြောင့် ကျွဲနွားပျောက်ပါက တောထဲဝင်ပြီး ရှာလျှင် ပြန်တွေ့လေ့ရှိ၏)။

"ဒီလိုနဲ့ ဦးညိုမြတစ်ယောက် မြင်းပျောက်ရှာဖို့ ထမင်းထုပ်ကိုင်စွဲပြီး ၀နာမြိုင်တောထဲ ၀င်ရောက်လာတယ်။ သူ့နားထဲ တိမ်ကျားရဲ့ လည်ပင်းမှာ ချိတ်ဆွဲပေးထားတဲ့ ခြူသံတွေကို ကြားနေရသလိုလို ဖြစ်နေသတဲ့။ အဲဒီလို အသံကြားသလိုလိုဖြစ်လိုက် တောနက်ထဲ ၀င်သွားလိုက်၊ ခြူသံက ဝေးသွားလိုက် တောနက်ထဲ ထပ်တိုးလိုက်နဲ့ ၀နာမြိုင်တောထဲ ခရီးအတော် ရောက်သွားသတဲ့။ ဒီလိုနဲ့ တုံးဖလားရွာနဲ့ နှစ်ယူဇနာ အကွာလောက် ရောက်သွားသတဲ့"

"သူကြီးမင်း... ခဏလေး မရှင်းလို့။ စကားဖြတ်ပြောတယ်လို့တော့ မထင်ပါနဲ့။ နှစ်ယူဇနာဆိုတာ ဘာကို ပြောတာလဲ"

"အော်... မင်းက စာပေတွေ မဖတ်ဘဲ တစ်အိမ်တက်ဆင်း သွားလည်ဖို့လောက်တာ သိတာကိုး။ မှတ်ထားကွ။ တစ်ယူဇနာကို ၁၂ မိုင် ရှိတယ်တဲ့။ ဒါကြောင့် နှစ်ယူဇနာဆိုတာ ၂၄ မိုင်လို့ မှတ်လိုက်ပေါ့။ ဟုတ်ပြီလား"

"ဟုတ်ပါပြီ သူကြီးမင်း ဆက်ပြောပါ"

"အဲဒီ ၂ ယူဇနာ ခရီးပေါက်တော့ ညနေ မိုးချုပ်ကာနီး ဖြစ်သွားပြီ။ မြင်းပျောက်ကိုလဲ ရှာလို့ မတွေ့ဘူးတဲ့။ တုံးဖလားရွာဘက် ပြန်လာရအောင်လဲ လမိုက်ညလဲ ဖြစ်ပြန် လက်နှိပ်ဓါတ်မီးလဲ ပါမလာပြန်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးတဲ့။ ဦးညိုမြ တစ်ယောက် ၀နာမြိုင်တောထဲမှာ စိတ်ဓါတ်တွေ ကျနေတော့တာပေါ့။ အဲဒီ အချိန်မှာ ခပ်လှမ်းလှမ်းက အသံဗလံတွေကို ကြားလိုက်ရသတဲ့။ နေ၀င်ပြီးကာစ အလင်းရောင်လေးကို အားပြုကာ အသံလာရာဖက်ကို အရဲစွန့်ပြီး ခြေဖွလို့ သွားလိုက်သတဲ့။ ၀နာမြိုင်တော အလယ်ထဲမှာ အံ့သြဖွယ်ကောင်းလောက်အောင် ဆောက်လုပ်ထားတဲ့ အဆောက်အဦ တစ်ခုကို အံသြစွာ တွေ့လိုက်ရသတဲ့။ မိုးချုပ်ကာစမို့ ဆီးမီးအလင်းရောင်တွေက အဆောက်အဦအတွင်းကနေ အပြင်ကို ဖျာထွက်နေသတဲ့။ ဒါနဲ့ ဦးညိုမြလဲ စဉ်းစားမနေတော့ဘဲ အကူအညီတောင်းဖို့ အဲဒီ အဆောက်အဦထဲ ၀င်သွားလိုက်သတဲ့။ အဲဒီအထဲက လူတွေလဲ သူ့ကို မြင်သွားပြီး အထိတ်တလန့်ဖြစ်ကာ ဟောခန်းကြီးတစ်ခုထဲမှာ စုနေကြသတဲ့။ ဦးညိုမြလဲ ပါးစပ်က ကျနော် လူဆိုး မဟုတ်ပါဘူး။ လူကောင်းပါ။ အညီအကူတောင်းချင်လို့ လာခဲ့တာပါ။ မကြောက်ကြပါနဲ့ လို့ ပြောရင်း အဆောက်အဦထဲ ၀င်သွားလိုက်သတဲ့။ အထဲရောက်မှ ပိုပြီး အံ့သြစရာ ကောင်းတာက အဲဒီ လူတွေအားလုံးဟာ မိန်းခလေးတွေချည်း ဖြစ်နေသတဲ့။ ဒီထက် ပိုထူးဆန်းတာက အားလုံး တူညီဝတ်စုံ ၀တ်ဆင်ထားကြသတဲ့"

သူကြီးမင်းသည် ပုံပြင်ကိုလဲပြော ကော်ဖီကိုလဲ သောက် လဘက်သုပ်ကိုလဲ စားရင်း ပါးစပ် အတော်လေး အလုပ်ရှုပ်နေလေ၏။ နောက်ဆုံး လက်ကျန် ကော်ဖီလေးကို အဆုံးသတ်လိုက်ပြီး နှုတ်ခမ်း သပ်လေ၏။ ပြီးနောက်...

"မောင်ပေါက်ကျော်ရေ... ကော်ဖီသောက်ပြီးတော့ ခံတွင်း ချဉ်လာသလိုဘဲ။ ရေနွေးကြမ်း သောက်ရအောင် ရေနွေး သွားကျိုလိုက်ပါဦး။ ပြီးတော့ ပြောရင်းနဲ့ မိုးကလဲ ချုပ်လာပြီ။ ဖယောင်းတိုင် မီးလဲ ထွန်းလိုက်ဦးနော်"

"အာ.. သူကြီးမင်းကလဲ စိတ်ဝင်စားမှန်းသိရင် အမြဲတမ်း ဈေးကိုင်တယ်။ ပုံပြင်ကို ပြီးအောင်ပြောပြီးမှ ရေနွေးကြမ်းသောက်လဲ ဖြစ်ပါတယ်ဗျ။ ပြီးတော့ မီးမထွန်းဘဲ ပြောလဲ ဖြစ်တာပါဘဲ။ စကားပြောတာဘဲ ကပြနေတာမှ မဟုတ်တာ။ မီးထွန်းဖို့ လိုသေးလို့လား"

"ခိုင်းတာသာ လုပ်စမ်းပါ ပေါက်ကျော်ရာ။ ငါ စိတ်ပါတုန်း မင့်ကို ပြောပြတာ။ စိတ်မပါရင် ငါက ဘာမှ ပြောချင်တော့တာ မဟုတ်ဘူး။ ပြီးတော့ အခုပုံပြင်က True stroy ရယ်။ လုပ်ကြံပြောနေတာ မဟုတ်ဘူး။ ဒီတော့ မင်း ဆက်ပြီး နားထောင်ချင်ရင်တော့ ခိုင်းတာကိုလုပ်။ ဟုတ်ပြီလား"

မောင်ပေါက်ကျော်တစ်ယောက်လဲ ပုံပြင်ထဲ စိတ်ဝင်စားနေပြီမို့ သူကြီးမင်းခိုင်းတာ လုပ်ပေးနေရ၏။ ရေနွေးကြမ်း ကျိုချက်ပြီး သူကြီးမင်းကို ပြုစုရ၏။ နောက် ဖယောင်းတိုင်မီး ထွန်းရ၏။ အားလုံး ကိစ္စပြီးမှ သူကြီးမင်းအား ပုံပြင် ဆက်ပြောရန် အသနား ခံရပြန်လေ၏။

"ကဲ.. သူကြီးမင်း.. အားလုံး ပြီးပါပြီ။ ပုံပြင်ကိုသာ ဆက်ပြောပါတော့"

"အင်း.. ဆက်ပြောရမယ်ဆိုရင်တော့.... အဲဒီ အဆောက်အဦထဲမှာ အမျိုးသမီး အပျိုတွေချည်း အယောက် ငါးဆယ်လောက် ရှိသတဲ့။ သူတို့အားလုံးကို အုပ်ချုပ်တဲ့သူကလဲ အပျိုကြီးတစ်ယောက်ဘဲတဲ့။ ချောလဲချောသတဲ့။ မျက်နှာကြည့်ရတာလဲ ကျက်သရေ အတော်ရှိသတဲ့။ အဲဒီ အပျိုမလေးတွေ ကြားထဲမှာ ခေါင်းဆောင် အမျိုးသမီးက အရမ်းပေါ်လွင် ထင်ရှားနေသတဲ့။ သနားကြင်နာတတ်မဲ့ ပုံလဲ ပေါက်သတဲ့။ ဒါနဲ့ဘဲ ဦးညိုမြဟာ အဲဒီ ခေါင်းဆောင် အမျိုးသမီးကို အသနား ခံတော့သတဲ့"

မောင်ပေါက်ကျော်တစ်ယောက် သူကြီးမင်း၏ တော်ကီကို နားထောင်လို့ ကောင်းနေတုန်း သူကြီးမင်းသည် စကားပြောရင်း တစ်ခုခုကို ဖြုန်းကနဲ သတိရသွားဟန်ဖြင့် စကားလမ်းကြောင်း ပြောင်းသွားပြန်လေ၏။

"အာ.. မောင်ပေါက်ကျော်ရေ.. မေ့နေလိုက်တာ။ ငါ ဒီနေ့ ည အစည်းအဝေးရှိတယ်ကွ။ သာယာကုန်းကို သွားရမယ်။ နဲနဲကို နောက်ကျနေပြီလားမသိဘူး။ မင်းရောက်လာလို့ ငါ သွားဖို့ မေ့နေတာ။ ငါ သွားမှ ဖြစ်မယ်နဲ့တူတယ်။ ပုံပြင်ကို မနက်ဖန်ညမှ ဆက်ပြောကြတာပေါ့ကွာ။ ဟုတ်ပြီလား"

"သူကြီးမင်း မနောက်နဲ့လေဗျာ။ သူကြီးမင်းက တော်တော့်ကို လူတွေကို နေမထိထိုင်မသာ ဖြစ်အောင်၊ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တတ်တာဘဲ။ ဒါကြောင့်လဲ သူကြီးရာထူးကို ရထားတာ ထင်တယ်။ အစည်းအဝေးရှိလဲ မသွားခင်လေး ပုံပြင်ကို အကျဉ်းချုပ်ပြီး အချုပ်ပြောထားခဲ့လေဗျာ"

"ဟား ဟား ဟား။ မောင်ပေါက်ကျော်တစ်ယောက် အတော်လေး ပုံပြင်ကို စိတ်ဝင်စားနေတာကိုး။ မင်းကလဲ ကလေးမဟုတ် ဘာမဟုတ်နဲ့ ပုံပြင်ကို စိတ်ဝင်စားနေတယ်။ ဧကန္တတော့ မင်း ကလေးစိတ် မပျောက်သေးဘူး။ ဟား ဟား ဟား"

"တော်ပြီ သူကြီးမင်းရာ။ မပြောချင်လဲ နေတော့ နားမထောင်တော့ဘူး။ ပြန်တော့မယ်"

"ဟာ.. မင်း အဲဒီလိုတော့ မလုပ်နဲ့လေကွာ။ ဟဲ ဟဲ ငါ စတာပါကွ။ ဘာအစည်းအဝေးမှ မရှိပါဘူး။ ဆက်ပြောမယ်။ ဟုတ်ပြီလား ဟဲ ဟဲ"

"တကထဲမှဘဲ" (ပေါက်ကျော် စိတ်ထဲမှ ရေရွတ်သံ)

"ဒီလိုကွ။ ဦးညိုမြက အဲဒီ ခေါင်းဆောင် အမျိုးသမီးဆီမှာ ခွင့်တောင်းသတဲ့။ တုံးဖလားရွာကို ပြန်ရအောင်ဆိုတာကလဲ ၂၄ မိုင် ခရီးဆိုတော့ ပြန်လာလို့ မဖြစ်နိုင်တော့ဘူးပေါ့။ ဒါနဲ့ တစ်ညလောက် သူတို့ဆီမှာ အိပ်ခွင့်ပြုဖို့ တောင်းဆိုတော့တာပေါ့။ ဒါပေမဲ့ သူ့ကို ခွင့်မပြုဘူး။ ခွင့်မပြုတဲ့ အကြောင်းပြချက်က သူတို့ဆီမှာ ယောက်ျားသားဆိုလို့ တစ်ယောက်မှ မရှိလို့တဲ့။ အဲဒီ အဆောက်အဦက အမျိုးသမီးတွေ အတွက်ဘဲဖြစ်တဲ့အတွက် ဘယ်လို ယောက်ျားသားတွေကိုမှ လက်မခံနိုင်ဘူးလို့ ပြောသတဲ့"

"သူကြီးမင်း... မရှင်းလို့... အဲဒီ အမျိုးသမီးတွေက အဲဒီ ၀နာမြိုင်တောထဲမှာ ဘာတွေ လုပ်နေကြတာလဲ။ သူတို့ အဲဒီလို နေထိုင်ကြတာကို ပတ်ဝန်းကျင် ရွာတွေကကော မသိကြဘူးလား"

"အေး.. မင်းမေးမယ်ဆိုလဲ မေးစရာဘဲ။ စိတ်ဝင်စားစရာတော့ အကောင်းသား။ အဲဒီ အမျိုးသမီးတွေ နေတဲ့ နေရာက ၀နာမြိုင်တောရဲ့ အလယ်လောက်မှာဆိုတော့ အဲဒီနေရာအထိ ဘယ်သူမှ မရောက်ဖြစ်ကြဘူးတဲ့။ ပြီးတော့ အဲဒီတော ပတ်ဝန်းကျင်မှာလဲ ရွာတွေ မရှိကြဘူးတဲ့။ တောတောင် သစ်ပင်တွေကလဲ အခုလို တောင်ကတုံးတွေ မဟုတ်ဘူးတဲ့။ နေရောင်ထိုးလို့ မပေါက်နိုင်လောက်အောင်ကို တောထူထပ်သတဲ့။ အဲဒီ အမျိုးသမီးတွေက အားကစားတစ်မျိုးဖြစ်တဲ့ ယောဂကျင့်စဉ်လို ကျင့်စဉ်တစ်မျိုးကို ကျင့်နေကြတဲ့ အမျိုးသမီးတွေချည်းဘဲတဲ့။ လောကီရေးရာကိုလဲ စိတ်ကုန်သယောင် ဖြစ်နေကြတဲ့ အမျိုးသမီးအုပ်စုတွေတဲ့။ ခေါင်းဆောင် အမျိုးသမီးက အားလုံးကို စည်းရုံးပြီး အဲဒီတောထဲမှာ အခြေချနေထိုင်ကြတာတဲ့။ အဲဒီလို နေထိုင်ကြတာကို ဘယ်သူမှ သတိမထားမိကြဘူးတဲ့။ အမျိုးသမီးတွေ အားလုံးကလဲ အချောအလှတွေချည်းဘဲတဲ့"

"ဟုတ်လား သူကြီးမင်း။ စိတ်ဝင်စားစရာဘဲ ဟီး ဟီး"

"နှာဗူး။ ဒါမျိုးကျတော့ စိတ်ဝင်စားပြီ"

"အာ.. သူကြီးမင်းကလဲ သူကြီးမင်းပြောနေတဲ့ ပုံပြင်ကို စိတ်ဝင်စားတာကို ပြောတာပါ။ တစ်လွဲမတွေးပါနဲ့"

"မင်းကတော့ မသိရင် ခက်မယ်။ အညစ်အကြေးဆို တစ်ဆစ်ကလေး ပြောမယ်မကြံသေးဘူး။ သွားရည် တမြားမြား ကျချင်နေပြီ။ ကဲ... ဆက်ပြောမယ်။ ဒီလိုကွ။ ဦးညိုမြက အသနားခံ တောင်းပန်လိုက်၊ အဲဒီ ခေါင်းဆောင် အမျိုးသမီးက ငြင်းပယ်လိုက်နဲ့။ ညဥ့်ကလဲ အတော်နက်သွားသတဲ့။ ဦးညိုမြလဲ ဘယ်လိုမှ အသနားခံလို့ မရတာနဲ့ ထိုင်ငိုနေလိုက်တော့သတဲ့။ အဲဒီ အခါကျမှ အဲဒီ အမျိုးသမီးခေါင်းဆောင်က တစ်ဆင့် လျှော့ပေးလိုက်သတဲ့။ ကဲ.. ဒီလောက် အခက်အခဲ ဖြစ်နေရင်လဲ လုပ်စရာ တစ်နည်းတော့ ရှိပါတယ်။ ဒီ အဆောက် အဦထဲမှာတော့ လက်မခံနိုင်ဘူး။ ဟို မြောက်ဘက် ခြံစည်းရိုးဒေါင့်က ကညင်ပင်ကြီးအောက်မှာဘဲ အိပ်ပါ။ ရော့ ဒီမှာ စောင်နှင့်ခေါင်းဆုံး ဆိုပြီး ခွင့်ပြုလိုက်သတဲ့။ ဦးညိုမြလဲ ဘယ်နေရာမှာမှ လက်မခံတာနဲ့ စာရင် ကညင်ပင်အောက်မှာ စောင်နဲ့ခေါင်းအုံးနဲ့ အိပ်ရလဲ မဆိုးပါဘူးဆိုပြီး အဲဒီ ကညင်ပင်အောက်မှာဘဲ ညအိပ်လိုက်ရသတဲ့"

"အဲဒီတော့ ဘာတွေ ဆက်ဖြစ်သေးလဲ သူကြီးမင်း"

"အင်း... ပုံပြင်က အဲဒီအချိန်က စပြီး ကောင်းခန်း ရောက်တော့တာပါဘဲ"

"ဆက်ပြောပါ သူကြီးမင်း"

"ဦးညိုမြတစ်ယောက် ကညင်ပင်အောက်မှာ ခြင်ကကိုက် ကြောက်စိတ်ကလဲ နဲနဲဝင်၊ ပတ်ဝန်းကျင်တစ်ခုလုံးကလဲ မှောင်မိုက်နေဆိုတော့ တွေးရင်းတွေးရင်း အဲဒီ အမျိုးသမီးခေါင်းဆောင်ကို အခဲ မကြေ ဖြစ်နေသတဲ့။ သူ့ကို အဆောက်အဦထဲမှာ လက်မခံတဲ့ အတွက်ကြောင့်ပေါ့။ အိပ်လို့လဲ မပျော်ဘဲ ဖြစ်နေသတဲ့။ ဒါနဲ့ မကောင်းတဲ့ စိတ်တွေ ၀င်လာတော့တာပေါ့။ ငါ ယောက်ျားတန်မဲ့ ဒီလောက် အသနားခံ အကူအညီတောင်းတာကိုတောင် ရက်ရက်စက်စက် ငြင်းလွှတ်တယ်။ ဒုက္ခရောက်နေတဲ့သူကို မကူညီဘူး။ လူသား မဆန်ဘူး။ ဒီတော့ ငါတစ်ခုခုလုပ်ပြီး ပြန်ကလဲ့စား ချေရမှ စိတ်ကျေနပ်မယ်ဆိုပြီး မကောင်းတဲ့ စိတ်တွေ ၀င်ကုန်တော့တာပေါ့"

"ဦးညိုမြက ကျေးဇူးကန်းလိုက်တာ။ ကျေးဇူးရှင်ကို ကလဲ့စားချေမယ်တဲ့။ အေးပေါ့လေ။ သူကြီးမင်း ဆွေမျိုးဆိုတော့လဲ ဒီလောက်တော့ ရှိမှာပေါ့။ ဟဲ ဟဲ ဟဲ"

"ခွေးကောင် ပေါက်ကျော်။ အေးအေးဆေးဆေး နားထောင်၊ ကောင်းခန်း ရောက်လာပြီ။ ပုံပြင်ဆုံးမှ ဦးညိုမြဟာ ဘယ်သူလဲဆိုတာ မင်းသိလာလိမ့်မယ်"

"ဟား ဟား။ သူကြီးမင်းက ခင်ဖို့ကောင်းတယ်။ ဆက်ပြောပါ သူကြီးမင်း"

"ဦးညိုမြဟာ အဆောက်အဦထဲ ရောက်စဉ်ကထဲက အဆောက်အဦအခြေအနေကို လေ့လာထားပြီးသားတဲ့။ ကျန်တဲ့ အမျိုးသမီးတွေ အားလုံးက ဟောခန်းထဲမှာ စုပြီး အိပ်ကြပေမဲ့ ခေါင်းဆောင် အမျိုးသမီးကတော့ အိပ်ခန်း သီးသန့်နဲ့ အိပ်သတဲ့။ အဆောက်အဦက ကျယ်တော့ အမျိုးသမီးတွေ အိပ်ကြတဲ့ ဟောခန်းနဲ့ ခေါင်းဆောင် အမျိုးသမီး အိပ်တဲ့ အခန်းက နဲနဲ ဝေးကွာနေသတဲ့။ အဲဒါဟာ သူ့အတွက် အခွင့်ကောင်း ဖြစ်သွားသတဲ့။ ညသန်းခေါင်ကျော်မှာ အားလုံး အိပ်မောကျနေပေမဲ့ ဦးညိုမြက အိပ်လို့ မရနိုင်ဘူးတဲ့။ ခေါင်းဆောင် အမျိုးသမီးအပေါ်ကို မကျေမနပ်ဖြစ်ပြီး တောက် တစ်ခေါက်ခေါက် ဖြစ်နေသတဲ့။ အဆောက်အဦတစ်ခုလုံးလဲ ဘာမီးရောင်မှ မတွေ့ရတော့ဘူးတဲ့။ ဒါနဲ့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီးတော့ အဲဒီ ခေါင်းဆောင် အမျိုးသမီးအိပ်တဲ့ အိပ်ခန်းကို တွယ်တက်ပြီး ပြတင်းပေါက်ကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်သတဲ့။ သူကဘဲ ကံကောင်းတာလား၊ ခေါင်းဆောင် အမျိုးသမီးကဘဲ ကံဆိုးတာလား မသိ၊ ပြတင်းပေါက် တံခါးလေး ပွင့်သွားသတဲ့။ ဒါနဲ့ သူလဲ ပြတင်းပေါက်ကနေပြီး အခန်းထဲကို လွှားကနဲ ခုန်ဝင်လိုက်သတဲ့"

"သူကြီးမင်း.... ဦးညိုမြက ဘာဖြစ်လို့ ခေါင်းဆောင် အမျိုးသမီးအခန်းထဲ အဲဒီလို တိတ်တဆိတ် ၀င်သွားတာလဲ မသိဘူး။ ပစ္စည်းတွေ သွားခိုးတာလား"

"မင်းကလဲ တုံးလိုက်တာ။ ပစ္စည်းသွားခိုးတာ မဟုတ်ဘူးကွ။ လူသွားခိုးတာ။ ခိုးတာ ဆိုတာထက် ဓါးပြသွားတိုက်တာ"

"ဘုရား ဘုရား ဓါးပြသွားတိုက်တာ"

"ဟုတ်တယ်။ ဓါးပြသွားတိုက်တာ။ ဓါးပြမှ ရိုးရိုးဓါးပြမဟုတ်ဘူး။ ကာမဓါးပြသွားတိုက်တာ"

"ပက်စက်လိုက်တာ"

"ဘယ်တတ်နိုင်မလဲ။ ငါ့အထင်ကတော့ ဦးညိုမြတစ်ယောက် ကာမရယူချင်တာထက် ခံပြင်းစိတ်ကြောင့် အခုလို ကြံစည်လိုက်တာ ဖြစ်နိုင်တယ်"

"အဲဒါနဲ့.. အမျိုးသမီးခေါင်းဆောင်ကကော ဦးညိုမြ လိုချင်တာ ပေးလိုက်ရောလား"

"မပေးဘူး။ ဦးညိုမြ ပြတင်းပေါက်က ခုန်ဝင်လာလာချင်းဘဲ အဲဒီခေါင်းဆောင်အမျိုးသမီးလဲ လန့်နိုးလာသတဲ့။ ဒါနဲ့ ဘယ်သူလဲ။ မနာချင်ရင် ပြန်ထွက်သွားပါ ဆိုပြီး အမိန့်ပေးသတဲ့။ ဦးညိုမြလဲ ပေါက်တဲ့ နဖူး မထူးပါဘူးဆိုပြီး အဲဒီ အမျိုးသမီးခေါင်းဆောင်ကို အတင်းဝင်ပူးပြီး အသင့်ပါလာတဲ့ ဓါးမြှောင်နဲ့ လည်မျိုကို ထောက်ပြီး အသံထွက်ရဲရင် ထွက်ကြည့် ငါ့ကို ဘာထင်လဲ ဆိုပြီး ခပ်ကြမ်းကြမ်း ခပ်မာမာနဲ့ ချိန်းခြောက်လိုက်သတဲ့။ ပြီးတော့ အတင်းအဓမ္မ ကာမပြုကျင့်ဖို့ အားထုတ်သတဲ့။ အဲဒီအမျိုးသမီးခေါင်းဆောင်ကလဲ လောကီရေးရာတွေကို စိတ်မ၀င်စားလို့ အခုလို တောထဲမှာ လာနေတာ၊ သူ့ကို အဲဒီလို အနိုင်မကျင့်ပါနဲ့။ လိုချင်တဲ့ ပစ္စည်းပေးပါ့မယ်ဆိုပြီး တောင်းပန်သတဲ့။ ဦးညိုမြလဲ ငါလိုချင်တာ ပစ္စည်းမဟုတ်ဘူး။ လူကို လိုချင်တာဆိုပြီး ရုန်းကန်နေတဲ့ ကြားထဲက အတင်းဗလက္ကာယ ပြုကျင့်လိုက်တော့သတဲ့။ ဦးညိုမြတစ်ယောက် သူစိတ်ကျေနပ်သလောက် ပြုကျင့်ပြီးမှ ပြတင်းပေါက်က တစ်ဆင့် ခုန်ဆင်းလာပြီး ကညင်ပင်အောက်မှာဘဲ ဣနြေ္ဒမပျက် ပြန်အိပ်နေလိုက်သတဲ့။ မနက်မိုးလင်းတော့ အိပ်ရာက ထ၊ ပြီးတော့ အဆောက်အဦထဲ ၀င်သွားပြီး အမျိုးသမီးခေါင်းဆောင်ဆီ ခပ်တည်တည်နဲ့ သွားတွေ့ပြီး အခုလို ခြံစည်းရိုးနားက ကညင်ပင်အောက်မှာ တစ်ည အိပ်ခွင့်ပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ကြောင်း၊ အခုတော့ နွားပျောက်ကို ထပ်ရှာရဦးမှာမို့ ပြန်တော့မဲ့အကြောင်း ပြောပြီး နှုတ်ဆက်စကား ဆိုလိုက်သတဲ့"

"အဲဒါနဲ့ အမျိုးသမီးခေါင်းဆောင် သူ့ကို ဘာလုပ်လိုက်သလဲ။ ဆဲလွှတ်လိုက်သလား။ ဒါမှ မဟုတ် ပါးချ လွှတ်လိုက်သလား"

"ဘယ်ကလာ မောင်ပေါက်ကျော်ရာ။ အဲဒီလို သွားနှုတ်ဆက်တဲ့အခါ အဲဒီ အမျိုးသမီးခေါင်းဆောင် ပြောတဲ့ စကားကို ကြားရရင် မင်း အတော်လေး အံ့သြသွားလိမ့်မယ်"

"ဟုတ်လား သူကြီးမင်း။ အဲဒီအမျိုးသမီးခေါင်းဆောင်က ဘာပြောလိုက်သလဲ။ ရဲတိုင်မယ်လို့ ပြောလိုက်တာလား"

"မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။ မင်းကတော့ ခန့်မှန်းလိုက်ရင် အလွှဲတွေချည်းဘဲ"

"ဒါဖြင့် အဲဒီ အမျိုးသမီးခေါင်းဆောင်က ဘယ်လို ပြောလိုက်သလဲ"

"ဦးညိုမြ နှုတ်ဆက်စကား သွားပြောတော့ အဲဒီအမျိုးသမီးခေါင်းဆောင်က ဒီလို ပြောလိုက်သတဲ့။ "အေးကွယ်... နောက်ဆိုရင် မြင်းပျောက်ပျောက် မပျောက်ပျောက် လာလည်လို့ ရပါတယ်။ အမြဲတမ်း ကြိုဆိုနေပါတယ်"လို့ ပြောလိုက်သတဲ့"

"ဟင်....... မြင်းပျောက်ပျောက် မပျောက်ပျောက်....."

"အင်း ဟုတ်တယ်။ မင်း အံ့သြသွားတယ် မဟုတ်လား"

"မအံ့သြဘဲ ဘယ်နေပါ့မလဲ သူကြီးမင်းရာ။ ကိုယ့်နားကို ကိုယ်တောင် မယုံချင်သလိုလိုဘဲ"

"အေး... ဒီထက် မင်း ပိုပြီး အံ့သြရဦးမယ်"

"ဆက်ပြောပါ သူကြီးမင်း"

"ဦးညိုမြလဲ အပြန်လမ်းမှာ ကံကောင်းစွာနဲ့ဘဲ တိမ်ကျားကို ပြန်ရှာတွေ့ခဲ့သတဲ့။ အဲဒီနေ့ကစပြီး ဦးညိုမြတစ်ယောက် တစ်လမှာ ရက်နှစ်ဆယ်လောက် မြင်းပျောက်လို့ချည်း နေသတဲ့။ မြင်းပျောက်တိုင်းလဲ ညအိပ် မြင်းရှာထွက်သတဲ့။ နောက်ပိုင်းကျတော့ ဦးညိုမြတစ်ယောက် မြင်းပျောက်နေတာနဲ့ မတင်းတိမ်နိုင်တော့ဘဲ တရားဝင် အိမ်ထောင်ကျသွားတော့သတဲ့။ သူယူတဲ့ အမျိုးသမီးကတော့ သိတဲ့ အတိုင်း သူအနိုင်ကျင့်ပြီး အတင်းအဓမ္မပြုထားတဲ့ အမျိုးသမီးခေါင်းဆောင်ဘဲ ဖြစ်တော့သတဲ့။ သူအိမ်ထောင်ကျပြီး အဘိုးရဲ့ အဘိုးအိမ်ကနေပြီး အိမ်ခွဲထွက်သွားသတဲ့။ ဒါနဲ့ ဒီတုံးဖလားရွာမှာ အိမ်ခြေတစ်အိမ်တိုးပြီး ၁၀ အိမ် ဖြစ်သွားသတဲ့"

"တကယ်ကြီးလား။ မအံ့သြဘဲကို မနေနိုင်တော့ဘူး။ လုံးဝ သဘောမတူဘဲ အနိုင်ကျင့်ပြီး ကာမကို အယူခံထားရတဲ့သူက အနိုင်ပြုကျင့်တဲ့ သူနှင့် ရာသက်ပန်အတူနေသွားကြတယ်ဆိုတော့......"

"အဲဒါကြောင့် ပြောတာပေါ့။ "မကြိုက်တဲ့ အရာကို ကြိုက်မိရင် ကြိုက်တဲ့ အရာကို ကြိုက်တာထက် ပိုကြိုက်သွားတတ်တယ်" လို့။ ဘယ်လိုလဲ ငါ့ရဲ့ ကိုယ်ပိုင် သီအိုရီလေး မမှန်ဘူးလား"

"သွေးထွက်အောင် မှန်ပါတယ် သူကြီးမင်း"

"အေး သွေးထွက်အောင် မှန်မှာပေါ့ကွ။ အဲဒီ ဦးညိုမြနှင့် အိမ်ထောင်ကျတဲ့ အမျိုးသမီးခေါင်းဆောင်ရဲ့ နာမည်က ဒေါ်အေးတင်တဲ့။ သူတို့အိမ်ထောင်ကျပြီး သမီးလေး တစ်ယောက် မွေးတယ်။ နာမည်က ကြည်တင်တဲ့။ ကြည်တင် အရွယ်ရောက်တော့ အိမ်ထောင်ကျပြီး သားတစ်ယောက် မွေးတယ်။ ဦးဘမောင်တဲ့။ အဲဒီ ဦးဘမောင်ဟာ တစ်ခြားသူ ဟုတ်ပါရိုးလား မောင်ပေါက်ကျော်ရ။ မင့် အဘိုး (မင့်အမေရဲ့ အဖေ) ဦးဘမောင်ပါဘဲ"

"ဟာ... တကယ်လား။ ဒုက္ခဘဲ။ ဒါဆို ဦးညိုမြဟာ ကျနော့် အမျိုး အရင်းခေါက်ခေါက်ကြီးပေါ့"

"အင်း... အဲဒါကြောင့် မင့်ကို ပြောတာ။ ပုံပြင်ပြီးဆုံးသွားမှ ဦးညိုမြဟာ ဘယ်သူ့အမျိုးလဲဆိုတာ မင်း သိလာမယ်လို့"

"မယုံနိုင်စရာပါဘဲ သူကြီးမင်းရာ။ ဒါနဲ့... အဲဒီ အမျိုးသမီးတည်ထောင်ခဲ့တဲ့ အဆောက်အဦရယ်၊ သူ့တပည့်မလေးတွေရယ်၊ အဲဒါတွေက ဘယ်လို ဖြစ်သွားလဲ"

"သူ အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်ပြီးကထဲက အဲဒီ အမျိုးသမီးတွေ အကုန်းလုံး ကိုယ့်ရွာကိုယ် ပြန်ကြဖို့ သူပြောလိုက်သတဲ့။ ဒါနဲ့ အကုန်လုံး အဲဒီတောကြီးထဲက ပြန်သွားကြတယ်တဲ့။ အဆောက်အဦကြီးတော့ ဒုတိယကမ္ဘာ စစ်အတွင်းက ဗုံးဒဏ်မိပြီး မီးလောင်ပျက်စီးသွားသတဲ့။ အခုကတော့ ၀နာမြိုင်တောကြီးလဲ တောတွေပြုန်းနေပါပြီ။ အဲဒီ အဆောက်အဦနေရာလဲ ဘယ်အနားမှာဆိုတာ ဘယ်သူမှ မမှတ်မိကြတော့ပါဘူး။ မောင်ပေါက်ကျော်ရေ.. ပုံပြင်လေးကတော့ ဒါပါဘဲ"

ဤသို့ဤနှယ် လွန်စွာမှ ရှည်လျားထွေပြားလှသည့် ပုံပြင်တစ်ပုဒ်ကို မြိန်ရည်ယှက်ရည် ပြောဆိုပြီး သူကြီးကိုကိုမောင်လဲ အကြမ်းပန်းကန်ထဲမှ ရေနွေးကြမ်းကို အားရပါးရ ဂလု ကနဲ မြည်အောင် မော့သောက်လိုက်လေ၏။ မောင်ပေါက်ကျော် တစ်ယောက်လဲ ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် မျက်လုံးကလေး ကလည်ကလည်နဲ့ ပြုံးစိစိ ဖြစ်နေလေတော့၏။
.


"ကဲ.. သူကြီးမင်းရေ... ကော်ဖီလေးကလဲ ကောင်း၊ ပုံပြင်လေးကလဲ ကောင်း၊ ကျေးဇူးပဲဗျို့ ။ ပြန်လိုက်ဦးမယ်"

"ဟေ့ကောင် ပေါက်ကျော်.. မင်းသောက်ထားတဲ့ ကော်ဖီပန်းကန်လေးတော့ ဆေးထားခဲ့ဦးလေကွာ၊ ငါကိုယ်တိုင် ဆေးကြောနေရတာချည်းဘဲ။ မင်းတို့ လုပ်လိုက်မှ ငါက လင်းဘက်လဲ စိုက်ရသေး၊ ရေနက်ကလဲ နေရသေး ဖြစ်နေတယ်"

"ဆောရီး သူကြီးမင်းရာ... ကျနော်လဲ အိမ်ပြန်ပြီး နွားပျောက်ချင်စိတ်ပေါက်နေလို့ စိတ်မြန်သွားတာ။ မြင်းမရှိမှတော့ ရှိတဲ့ နွားပျောက်ပြီး အဘိုးရဲ့ အဘိုးလို လုပ်ရမလား စဉ်းစားနေတာ။ ဟဲ ဟဲ။ ဆောရီး ဆောရီး ဆောရီး နော်။ ဟီး ဟီး မနက်ဖန် ညနေလဲ လာခဲ့မယ်နော် သူကြီးမင်း။ ကြိုတင် ဘုတ်ကင် လုပ်ထားတာ"

မျက်နှာချိုသွေးကာ မေ့ချင်ယောင်ဆောင်ပြီး မဆေးဘဲ ထားခဲ့တဲ့ ကော်ဖီပန်းကန်ကို ဆေးကြောပြီး ပေါက်ကျော်တစ်ယောက် လေးကလေး တချွန်ချွန်ဖြင့် သူ့နေအိမ်သို့ ပြန်သွားလေတော့၏။ ပေါက်ကျော်ရဲ့ နောက်ကျောကို ကြည့်ပြီး သူကြီးမင်းလဲ မောင်ပေါက်ကျော်တစ်ယောက် ကော်ဖီကို အရူးအမူး ကြိုက်တတ်လာပုံ၊ ပုံပြင်ထဲက အပျိုကြီးရဲ့ မြင်းပျောက်ပျောက် မပျောက် လာခဲ့ပါလို့ ပြောပုံတို့ကို စဉ်းစားတွေးတောနေရင်း ပါးစပ်ကလဲ သူ့သီအိုရီလေးကို တတွတ်တွတ် ရွတ်ဆိုနေလေတော့၏။

"မကြိုက်တဲ့ အရာကို ကြိုက်မိရင် ကြိုက်တဲ့ အရာကို ကြိုက်တာထက် ပိုကြိုက်သွားတတ်တယ်"

"မကြိုက်တဲ့ အရာကို ကြိုက်မိရင် ကြိုက်တဲ့ အရာကို ကြိုက်တာထက် ပိုကြိုက်သွားတတ်တယ်"

"မကြိုက်တဲ့ အရာကို ကြိုက်မိရင် ကြိုက်တဲ့ အရာကို ကြိုက်တာထက် ပိုကြိုက်သွားတတ်တယ်"


မှတ်ချက်။
မောင်ပေါက်ကျော်အား နှိပ်ကွပ်လို၍ သူကြီးမင်းတီထွင်ပြောသော ပုံပြင်သာ ဖြစ်၏။ အဖြစ်ပျက်အမှန်မဟုတ်ချေ။ မိမိကို အနိုင်ကျင့်ထားသူအား အဘယ်သူသည် ပေါင်းဖော်အံ့နည်း။ (ကိုကိုမောင်၊ပန်းရနံ့)။ ။


.