Friday, 31 October 2008

အမေသို့ပေးစာ


အမေရယ်။
သား သတိရလိုက်တာ။

အအေးဓါတ်တွေဝေနေတဲ့
တန်ဆောင်မုန်းရဲ့ ညနေခင်းတစ်ခုမှာ
သားငါးယောက်ကို လူ့လောကထဲထားခဲ့ပြီး
အဖေ့နောက် အမေလိုက်သွားခဲ့တယ်နော်
အဲဒီနေ့ဟာ.. ဒီနေ့ဆို ၈ နှစ်တိတိရှိခဲ့ပြီလေ။

အမေသေသွားပေမဲ့
အမေနေသွားတဲ့အချိန်လေးမှာ
အဖေထားခဲ့တဲ့ သားငါးယောက်
လူးလားမြောက်ခဲ့ကြရတယ်လေ
အဲဒါ.. အမေ့စွမ်းအားတွေဘဲပေါ့။
..............................

အဖေဆုံးတော့ အမေ့အသက် သုံးဆယ်
အရွယ်ငယ်သေးပေမဲ့
သားတွေကိုငှဲ့ ကွက်
နောက်အိမ်ထောင်မဆက်ခဲ့ပါဘူး
သား... ဂုဏ်ယူတယ်.. အမေ။

အသက်သုံးဆယ် သားငါးယောက်
တစ်ယောက်တစ်မျိုးပူဆာ
အ၀တ်ဗလာ ၀မ်းဟာဟာမဖြစ်အောင် အမေကြိုးစား
ဖျားနာတာတွေကထပ်တိုး
ကျောင်းစာအုပ်ဖိုးငွေရှာ
သေချာပါတယ် အမေ မညီးညူခဲ့မှန်း။

အဖေမရှိတဲ့နောက် အဖေ့အိမ်ဟာ
အမေ့အိမ်မဟုတ်လေတော့
အမေ့အိမ်မှာ အမေနေထိုင်ဖို့ 
အမေကိုယ်တိုင်ဘဲ ကြိုးစားခဲ့တယ်လေ။

အမေ မိန်းမသားပေမဲ့
စိမ်းကားလှတဲ့ လောကကြီးထဲမှာ
ယိမ်းသွားလှုပ်ရှားခဲ့ရတာတောင်မှ
(အမေ့လမ်းကြောင်းတွေ)
နဲနဲလေးမှ တိမ်းမသွားခဲ့ပါဘူး အမေ။

မွေးကျေးဇူး ကျွေးကျေးဇူး
အမေပေးခဲ့တဲ့ ပေးကျေးဇူးတွေကြောင့်
(ခုဆိုရင် အမေ့သား)
လူမွေး(တောက်)ပြောင်နေခွင့်ရပြီ
ကျေးဇူးတင်တယ် အမေ။


.......

အဖေသို့ပေးစာ


ခုနစ်နှစ်သားအရွယ်
အတော်လေးငယ်သေးပေမဲ့
ကျနော် ကောင်းကောင်းမှတ်မိတယ်။

ညတစ်ညရဲ့ ညဥ့်ဦးယာမ်မှာ
အမေ့ရဲ့ အော်သံ အမေ့ရဲ့ ငိုသံ
အမေ့ရဲ့ ကြေကွဲသံ မိုးထက်ထက်ညံသွားလောက်ရဲ့ 
"မင်းတို့ အဖေ မရှိတော့ဘူး" တဲ့။
........................

ရင့်ကျက်မှုအပြည့်မရှိသေးတဲ့ အမေတစ်ယောက်
အရွယ်မရောက်သေးတဲ့ သားငါးယောက်နှင့်
ခရီးဘယ်လိုဆက်လျောက်ရမလဲ...အဖေ

အကြီးဆုံးအကိုက ၁၁ နှစ်
အငယ်ဆုံးညီက ၃နှစ်
အဖြစ်ကရင်နာစရာ
အဖေထွက်ခွါသွားတာစောလွန်းတယ်.. အဖေ။

အဖေမရှိတော့ပေမဲ့
အဖေရှိခဲ့တယ်ဆိုတဲ့အသိနဲ့
အဖြေမသိသေးတဲ့ အနာဂါတ်အတွက်
အမေနှင့်အတူလျောက်လှမ်းခဲ့ပါတယ်... အဖေ။

ရတက်တွေပွေလျက်နဲ့
အသက်ပင်သေသေ ကြိုးစားရုန်းကန်ခဲ့ရပေမဲ့
အဖေမမုန်းရအောင်ဆိုပြီး
အမေကတော့ အပြုံးမပျက် ပြုံးလျက်ပါဘဲလေ
အဲဒါ... အဖေပေးခဲ့တဲ့ အင်အားတွေတဲ့.. အဖေ။

အမေနေ့တိုင်းလုပ်နေတဲ့အလုပ်တစ်ခု
ငုတ်တုတ်မေ့လောက်အောင် အဖေအံ့သြသွားလိမ့်မယ်
အဖေ့အုတ်ဂူကိုနေ့တိုင်းသွား
တမလွန်ကအဖေကြားနိုင်လောက်အောင်
နာကြားဖူးသမျှတရား ပါးစပ်ဖျားကထွက်ပေါ်
အမေ့ အမျှဝေသံအဆုံးမှာ သာဓုခေါ် ဖြစ်ရဲ့ လား...အဖေ။

အမရာ ကိန္နရီ မဒ္ဒီ သမ္ဘူ တော်လေးဝအမျိုးသမီးတွေလောက်
ချစ်ခရီးမှာ အချစ်မကြီးခဲ့နိုင်ပေမဲ့
အဖေ့ချစ်ဇနီးကို စိတ်သာချ
သူ့ဘ၀ တမလွန်ပြောင်းသွားတဲ့ထိ
တုမရတဲ့ အချစ်တွေနဲ့ အဖေဟာ အမေ့ရဲ့ အဖေပါဘဲ... အဖေ။

"ငါ့သားတို့ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားကြပါ"တဲ့
အဖေမသေခင် မှားထားခဲ့တဲ့စကား
သား နားဝက မထွက်ခဲ့ပါဘူး
ရည်မှန်းချက်ကြီးတဲ့ အဖေ့မှာကြားချက်
သား တစ်သက်လုံးဂုဏ်ယူနေမယ်... အဖေ။

အဖေထားခဲ့တဲ့ ဆန်စပါး
အဖေပေးခဲ့တဲ့ အင်အား
အဖေဆုံးမခဲ့တဲ့စကားတွေကြောင့်
အခုဆို
အဖေ့သား... အင်္ဂလန်ရောက်ခဲ့ပြီ... အဖေ။

ငယ်ငယ်ဘ၀ မောဟအဖုံးတွေကြောင့်
အဖေဆုံးသွားတဲ့ရက်မသိခဲ့ပေမဲ့
ဒီနေ့ဆို
အမေဆုံးသွားတာ ၈ နှစ်တိတိပြည့်ခဲ့ပြီ...အဖေ။

အဖေနေတတ် အမေလဲကျေနပ်အောင်
သားတို့ တတ်နိုင်သမျှကြိုးစားရင်း
အဖေ့အုတ်ဂူနား နောက်ထပ်အုတ်ဂူတစ်ခုတိုးခဲ့ပြီ
အဲဒါ.. အမေ့အုတ်ဂူဘဲ....အဖေ။

တကယ်လို့များ.....
ဆုတောင်းလို့ ရကြစတမ်းဆိုရင်
တစ်ခုတည်းသောဆုကို သားတောင်းပါတယ်။

ရောက်ရာဘ၀ ဖြစ်ရာဘ၀မှာ
အဖေနှင့်အမေဟာ
သားရဲ့ အဖေနှင့်အမေဘဲ ပြန်ဖြစ်လာကြပါစေသား။

(ကွယ်လွန်သူ ဖခင်ကြီး ဦးကျော်လှိုင်အား ဦးညွတ်လျက်)

...

အအေးမီး နှင့် အပူမီး

သီတတေဇော ဥဏှတေဇော
တရားသဘော တီးခေါက်ကြည့်တော့
အအေးမီး အပူမီးတဲ့။
......................

ဆီမီး လျပ်စစ်မီး ဂက်စ်မီး ပါစကမီး
မီးအားလုံး အပူ
ယူတတ်ရင် ဗဟုသုတရတယ်။

တောမီးတောင်မီး
တဟီးဟီးလောင်ကျွမ်း
တောတောင်အ၀ှမ်းမီးသွေးဖြစ်။

မီးဖိုချောင်ကြည့်ဦးမလား
မီးသွေးပြာပူ
ရေတွေဆူနေတာ ဥဏှရဲ့ သတ္တိကြောင့်။

နေပူပူကို ခံစားရင်း
အရေထူထူဖြစ်အောင် လောင်ကျွမ်း
အဲဒါလဲ ဥဏှရဲ့ အစွမ်းတွေဘဲပေါ့။
.......................

သီတဓါတ်သဘောကိုလိုက်ရှာရင်း
အမောဆိုက်ခဲ့ပေါင်းမနည်းဘူး။

ဆောင်းချမ်းချမ်းမနက်ခင်းမှာ
ချောင်းတစ်ဖက်ကမ်းလက်ပစ်ကူးလဲ
ထူးသလိုရှိခဲ့ပေမဲ့
တွေ့ပါဘူး သီတမီး။

ချမ်းရင်ရေချိုး နှင်းတောတိုး
ဆိုရိုးစကား မှတ်သားစရာကောင်းပေမဲ့
ထပ်သွားစရာမလို
ပြတ်သားစွာသိခဲ့ရတာက အအေးမီးနတ္ထိ။

အေးနေတဲ့ ရေခဲတစ်ချောင်း
လက်ချောင်းလေးတွေပေါ်တင်
အအေးလောင်ကျွမ်းမယ်ထင်သလား
လားလားမှမရှိ နတ္ထိပါဘဲလေ။
...................................

အနောက်တိုင်းဒေသ ခဏလေးရောက်ခါရှိသေး
အေးလိုက်တဲ့အဖြစ်
စိတ်တော်တော်ညစ်သွားတယ်။

မြောက်ဝင်ရိုးစွန်းထုထည်
ရေခဲကြိုက်တဲ့သူတွေအတွက်
အကိုက်ဘဲဖြစ်သွားလိမ့်မယ်။

ဝင်ရိုးစွန်းဖြတ်တိုက်တဲ့ လေမိုက်ရူးရဲတွေကြောင့်
ဒေသတစ်ဝိုက်ကလူတွေ
အတော်လေး အကြပ်ရိုက်သွားကြတယ်။

လူတစ်ယောက်အကြောင်းပြောပြမယ်
သူ့ရဲ့ လက်ချောင်းခြေချောင်း နှာခေါင်းမကျန်
တွန်းလှန်မြစ်ပြုတ် တဖုတ်ဖုတ်မြေသို့ကျ
သီတအစွမ်းတဲ့လေ။

သစ်ပင်သစ်ရွက် သစ်ခက်တွေကိုကြည့်မလား
ရွက်ရှိဘ၀မှ ရွက်မဲ့ဘ၀ကိုပြောင်း
ဆောင်းရောက်ရင် အ၀တ်အထည်မရှိ
မိမွေးတိုင်း ဖမွေးတိုင်းဖြစ်နေကြ
သီတကချွေချသတဲ့လေ။
.......................................

အပူမီး အအေးမီး
ဒီနည်းနှင့်ကျနော်သဘောပေါက်
တစ်ယောက်ယောက်က ကန့် ကွက်လိမ့်မလား။

အမှားတွေ့ ရင်ထောက်ပြ
အမှန်ရအောင်ကူညီသူကို
ကျနော် ကြည်ဖြူနေမှာပါလေ။

Thursday, 30 October 2008

"ဒီနေ့ ဆရာကျော်ရွှေ သီလမကျိုးပါ"

ကျနော်တို့ရွာက ရွာငယ်ငယ်လေး။
စာသင်ကျောင်း ဘုန်းကြီးကျောင်း ဆေးပေးခန်း စာကြည့်တိုက် အားကစားကွင်း
ဘာတစ်မှမရှိပါဘူး။
ကျနော်တို့ရွာရဲ့ အရှေ့ ဘက် သာယာကုန်းဆိုတဲ့ရွာကြီးမှာတော့ မူလတန်းကျောင်းရှိတယ်။
ဒါကြောင့် ကျနော်တို့ အဲဒီမှာဘဲ ကျောင်းတက်ရတယ်။

ကျောင်းဆရာနာမည်က ကိုကျော်ရွှေ
ပညာတတ်ရှားပါးတဲ့ဒေသမှာ အနူတော လူချောကြီးပေါ့။
စာသင်ကောင်းသလောက် မြာကလဲ အရမ်းစွံ။
ရွာရှိ အပျိုစာရင်းကိုကောက်ကြည့်
တစ်ရာရှိရင် ငါးဆယ်လောက်က YES ပေးမဲ့သူတွေချည်း။
ကျနော့်အကို အပြောအရ သူတွဲခဲ့တဲ့ မိန်းခလေးပေါင်း ၉ ယောက်တောင်ရှိပြီတဲ့။

ကျနော့်အကိုနာမည်က အောင်ကိုလတ်
အသက်ကြီးမှစာသင်ကျောင်းနေရတော့ သူလေးတန်းအရောက်မှာ သူ့အသက်က ၁၄နှစ်။
ကျနော်တို့ရွာနှင့်သာယာကုန်းကြား တစ်မိုင်လောက်ဝေးတယ်။
ကျောင်းသွားရင်းနှင့် ကျနော့်အကိုက လှမြင့်ဆိုတဲ့ အပျိုပေါက်ကလေးကို လက်တည့်စမ်းလိုက်တယ်။
ရှင်းရှင်းပြောရရင် ရည်းစားစာပေးလိုက်တာပေါ့ဗျာ။

ဘယ်ပြောကောင်းမလဲ
ကျောင်းရောက်တော့ ဆရာကျော်ရွှေကို တိုင်ပါလေရော။
ကျနော့်အကို အရိုက်ခံထိတာ အတော်လေးအီသွားတယ်။
ကျနော် စဉ်းစားတယ်
ဆရာကဘာဖြစ်လို့ဒီလောက်တောင် ကျနော့်အကိုကိုရိုက်ရတာလဲ
သူ့မှာလဲ ရည်းစားတွေအများကြီးဘဲ။
ကျနော့်အကိုက တစ်ယောက်ထဲကို ရည်းစားစာပေးရုံပေးတာ။

ဆရာကပြောသေးတယ် "ဒီအရွယ်မှာ ပညာကိုဘဲရှာပါ၊ ဖိုမကိစ္စတွေကိုမစဉ်းစားသင့်ဘူး။ ငါတောင်မှ ကျောင်းအချိန်အတွင်းမှာ ဘယ်တော့မှ အဲဒီကိစ္စမစဉ်းစားဘူး" တဲ့။
သူ့သီအိုရီက တစ်မျိုးပါလား။ ရယ်ချင်စရာကြီး။
.........................................


အဲဒီအကြောင်းအရာလေးကို စဉ်းစားရင်း
ကျနော်ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေး အတွေးထဲရောက်လာတယ်။

ရွာတစ်ရွာမှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရှိသတဲ့။
ကျောင်းမှာဆရာတော်တစ်ပါးနှင့်ကိုရင်ကျောင်းသားအတော်များများရှိတယ်။
တစ်ရက်မှာ မောင်ညိုလို့ခေါ်တဲ့ကျောင်းသားတစ်ယောက်က ကျောင်းခေါင်မိုးပေါ်နားနေတဲ့ ခိုကလေးတစ်ကောင်ကိုလေးခွနဲ့ပစ်သတ်လိုက်တယ်။ ဆရာတော်က အဲဒါကိုမြင်တယ်။
ဒါကြောင့်မို့ ကျောင်းရဲ့ ရှေ့ တည့်တည့်မှာ ဘလက်ဘောကြီးကို ထောင်ပြီး
"ဒီနေ့ မောင်ညို သီလကျိုးသည်" လို့ မြေဖြူနဲ့ရေးလိုက်သတဲ့။

နောက်တစ်နေ့ မနက်ပိုင်းရောက်တော့
ကျောင်းဆွမ်းလာပို့တဲ့ ဒကာ ဒကာမတွေ ဘလက်ဘောနားဝိုင်းပြီး ဆူညံဆူညံ ရယ်မောနေကြတယ်။
ဆရာတော်က ငါရေးထားတဲ့ စာအတွက်နဲ့တော့ ရယ်စရာမဟုတ်တန်ရာ။ တစ်ခုခုကြောင့်ရယ်နေကြတာဖြစ်ရမယ်ဆိုပြီး ဘလက်ဘောကို သွားကြည့်သတဲ့။
"ဒီနေ့ မောင်ညို သီလကျိုးသည်"လို့ ရေးထားတဲ့ စာပိုဒ်အောက်က စာပိုဒ်တစ်ပိုဒ်ကို ၀ိုင်းကြည့်ပြီး ရယ်မောနေကြမှန်းဆရာတော်သိသွားတယ်။ ဆရာတော်ခင်မျာ ငိုအားထက်ရယ်အားသန်ဆိုသလို စိတ်မတိုနိုင်တော့ဘဲ မောင်ညိုကို ခေါ်ပြီး မင်းသိပ်တော်နေပါလားလို့ ရှက်ရမ်းရမ်း ချီးကျူးလိုက်ရသတဲ့။

အဲဒီစာပိုဒ်ကို မောင်ညိုတစ်ယောက် ဆရာတော်မသိခင် ညပိုင်းမှာ မြေဖြူခဲကို ယူပြီး
"ဒီနေ့ မောင်ညို သီလကျိုးသည်"ဆိုတဲ့ စာပိုဒ်ရဲ့ အောက်နားလေးမှာရေးထားခဲ့တာပါ။
စာပိုဒ်ကလေးက ဒီလို---
" ဒီနေ့ဆရာတော် သီလမကျိုးပါ"တဲ့။
....................................

"ဒီအရွယ်မှာ ပညာကိုဘဲရှာပါ၊ ဖိုမကိစ္စတွေကို မစဉ်းစားသင့်ဘူး။ ငါတောင်မှ ကျောင်းအချိန်အတွင်းမှာ ဘယ်တော့မှ အဲဒီကိစ္ခ္စမစဉ်းစားဘူး" ဆိုတဲ့ သီအိုရီပိုင်ရှင်ကြီး ဆရာကျော်ရွှေ တစ်ယောက် သူကိုယ်တိုင် မြာပွေပြီး ကျနော့်အကိုကို ရည်းစားစာကိစ္စကြောင့် ရိုက်နှက်ဆုံးမခဲ့တာကို ပုံပြင်ထဲကအတိုင်းဘဲ ကျနော်က ဒီလိုလေး ရေးလိုက်ချင်ပါတယ်။
"ဒီနေ့ ဆရာကျော်ရွှေ သီလမကျိုးပါ"

Love is much more

* Butterfly needs flowers.
Tiger needs meat.
Cow needs grass.
Baby needs milk.
Human needs rice and bread.
But
One needs one's lover more than they need the above.

* Butterfly wants more flowers.
Tiger wants more meat.
Cow wants more grass.
Baby wants more milk.
Human wants more rice and bread.
But
One wants one's sweetheart much more than they want the above.

လွတ်လပ်ရေးနေ့မှာ အမှတ်ရရင် ကျေနပ်ပါပြီ

သမိုင်းမတင်မီခေတ် သမိုင်းဦးခေတ် သမိုင်းတင်ပြီးခေတ် ကျောက်ခေတ်
ဗုဒ္ဓခေတ် အသောကခေတ်
ရောမခေတ်
ပုဂံခေတ် ပင်းယခေတ် အင်းဝခေတ် တောင်ငူခေတ် ညောင်ရမ်းခေတ် ကုန်းဘောင်ခေတ် ရတနာပုံခေတ်
တော်လှန်ရေးခေတ်

ခေတ်တွေအလီလီပြောင်းသွားခဲ့ပေမဲ့
မဟောင်းသေးတဲ့ ငါ့ကိုဘဲ အားကိုးနေခဲ့ကြတယ်။
လူသားအားလုံးကောင်းစားရေးအတွက်
ငါ့ကိုယ်ခန္ဓာ လုံးပါးပါးပါစေ ငါကူညီခဲ့တယ်။
ငါ့အသား ငါ့အသွေး ငါ့အရိုးအရေ အားလုံးကို ပေးဆပ် ပေးအပ်ရလဲ
ငါ့စိတ်ဓါတ်ကတော့ သံမဏိကို စိန်ရစ်ထားသလို မာကြောနေခဲ့တယ်။

ကပိလနှင့်ကောလိယ စစ်ခင်းမယ်ပြိုင်တုန်းက
အသောကမင်းကြီး ကလိင်္ဂတိုင်းကို သိမ်းပိုက်တိုက်ပွဲတုန်းက
ရောမအင်ယာကြီး ချဲ့ ထွင်စဉ်တုန်းက
မြန်မာဘုရင်အဆက်ဆက် နန်းသိမ်းတိုက်ပွဲဆင်နွဲစဉ်တုန်းက
ငါမပါရင် ပွဲမပြီးဘူးတဲ့။

ကုန်ကုန်ပြောမယ်
အင်္ဂလိပ်နယ်ချဲ့ တွေကို ဒို့မြန်မာတွေ တော်လှန်စဉ်တုန်းကတောင်
ငါ့ခန္ဓာကိုယ်ပေါ်ရှပ်တိုက်ပြီး ဓါး လှံ ပေါက်ခွန်း မြှား
အခါပေါင်းများစွာ ပြေးလွှားခဲ့ကြတယ်
ငါ့အရေခွံစုပ်ပြတ်မှ သူတို့တက်ကြွထက်မြက်ကြမယ်တဲ့လေ။

ဓါးတစ်ချက်တင်လိုက်တိုင်း
ငါ့အရေပြားတစ်ထပ်
စုပ်ပြတ်ကြေမွ အခြေမလှ မြေခခဲ့ရတယ်။

လှံတစ်ချက်ထောက်တိုင်း
ပေါက်ကွဲသံစဉ်တွေ အသားအသွေးတွေထိ
နာကျင်မြည်ဟီးလို့။

ပေါက်ချွန်းကို မကြာမကြာ
ထပ်ခါထပ်ခါဖိသွေးမှ
ခပ်သာသာ မြိမြိလေး ဖြစ်မယ်ဆိုပြီး
ခပ်ကြာကြာလေး ငါ့ကိုယ်ပေါ် လွန်းပြေးနေတော့
ငါ့အသွေးတွေ တစ်စက်စက် ရှေ့ ကထက်ပိုကျခဲ့တယ်။

အကောင်သေးပေမဲ့
ထောင်သောင်းအရေအတွက်ရှိတဲ့အတွက်
မြှားသွေးဒဏ် ကြာကြာခံကြည့်တော့
အသားအသွေးထဲထိ မချိတင်ကဲ ဖြစ်ခဲ့ရတယ်။

ခုဆို
ငါဟာ ငါနှင့်မတူတော့ဘူး
ပြည့်ဝစိုပြေနေတဲ့ ငါ့ခန္ဓာကိုယ်လေး
ဓါးသွေးဒဏ် မြှားသွေးဒဏ်
ပေါက်ချွန်းတိုက်ဒဏ် လှံစိုက်ဒဏ်တွေကြောင့်
နုပျိုပျိုခပ်ပြုံးပြုံးဘ၀ကနေ
ပုတိုတို ခါးကုန်းကုန်းနဲ့ 
တောင်ဝှေးမပါတဲ့ အဖိုးအိုတစ်ယောက်
လမ်းပျောက်နေသလို။

ပင့်ကူမြင် ပိုးမြင်
ကင်းချေမြင် အထပ်ထပ်နဲ့
ငါ့ကို ချောင်ကပ်ထားကြလေရဲ့ ။

ဒါပေမဲ့လဲလေ
အရေပြားမှအသား
အသားမှအရိုး
အရိုးမှနှလုံး
ပိုတိုး ပိုဆိုးလို့ နာကျင်ကြေမွ အသေမလှဖြစ်ရင်ဖြစ်ပါစေ
အားလုံးပျော်ရွှင် ဘ၀င်ချမ်းမြေ့ဖို့
ငါ့ခန္ဓာကိုယ်ပေါ် ချိုင့်တွေဖြစ်ရုံမက
အသက်ဝိညာဉ်ပင်ပျောက်ပျောက် ငါမကြောက်ဘူး
ငါ့ရဲ့ နောက်ဆုံးထွက်သက်ထိ မင်းတို့အားလုံးကို ထက်မြက်စေရမယ်
အဲဒါ ငါ့ရဲ့  မပြောင်းလဲတဲ့ သန္နိဋ္ဌာန်ဘဲ။

ဘယ့်နှယ်ဗျာ
မျက်မှောက်ခေတ်ရောက်မှ
တိုက်ပွဲဝင်ဖို့ ငါ့ကိုအလိုမရှိ
သူတို့မှာ အနုမြူရှိတယ်၊ ဒုံးကျည်ရှိတယ်
အဆက်မပြတ်ပစ်ခတ်နိုင်တဲ့ သေနတ်အမျိုးမျိုးရှိတယ်
မြေပေါ်မြေအောက်အသုံးပြုဖို့ ဗုံးအစားစားရှိတယ်
သူတို့သိတာက ငါဟာ ဒီခေတ်တော်လှန်ရေးအတွက် အသုံးမ၀င်ဘူးတဲ့။
ပြောရက်လိုက်တာ။

ထင်းခွဲ သစ်ခုတ် မြက်နှုတ်တဲ့အခါ
အမဲခုတ် အသားခုတ်တဲ့အခါ
မီးဖိုချောင်မှာ ချက်ပြုတ်ဖို့ အရွက်အဖုကို ပါးပါးလှီးတဲ့အခါ
အဲဒီလိုအခါတွေမှာ ဓါး မထက်တော့မှ
ငါ့ခါးထက်ကို ဓါးတင်သွေးကြမတဲ့လေ။

ငါ့ဘ၀စတေးပြီး
ငါယူပေးခဲ့တဲ့ လွတ်လပ်ရေး
သူတို့ တဟေးဟေး..အော်ဟစ် ပျော်မြူးနေကြလေရဲ့ 
ဒါပေမဲ့
ငါ့ကို
သူတို့ အလေးမမူကြတော့ဘူး။

အဲလေ....
တပ်ဦးမှာအောင်အလံလွင့်ထူတဲ့အခါ
လွတ်လပ်ရေးအောင်ပွဲ ဆင်နွဲနေကြတဲ့အခါ
လွတ်လပ်ရေးရအောင်
ငါ(ဓါးသွေးကျောက်)လဲ တစိတ်တဒေသ ပါဝင်ဆောင်ရွက်ခဲ့တယ်ဆိုတာ
တစ်နှစ်တစ်ခါလောက် သတိရရင်
ငါ့ဘ၀ စတေးခဲ့ရကျိုးနပ်ပါပြီလေ။

Wednesday, 29 October 2008

Why don't we be together?


* Flower itself is beautiful,
but not completely;
Butterfly is also itself beautiful,
but not absolutely;
Flower with butterfly sucking it's nectar is
absolutely and completely excellent.

* If you were a flower;
If I were a butterfly ever;
You would have a nectar;
I would have (a proboscis)power

* Why don't we be together?

သုတေသနပညာရှင်ကြီးကို နဲနဲလောက် အတုယူကြစို့


ဘီစီခြောက်ရာစုခန့်က အိန္ဒိယပြည်မှာ ထူးထူးခြားခြား အထူးပညာရှင်ကြီး တစ်ယောက် ပေါ်ပေါက်ခဲ့ဖူးတယ်။သူ့ငယ်နာမည်က သိဒ္ဓတ္ထတဲ့။ အမှန်တရားကို သိရှိဖို့  ခြောက်နှစ်တိုင်တိုင် သုတေသနလုပ်ငန်းကြီးကို ပြုလုပ်ခဲ့တယ်။
နောက်ဆုံးတော့လဲ အင်းကောင်းတစ်ကွက် ဆေးကောင်းတစ်စက် အကြံကောင်းတစ်ချက် ကံကောင်းတစ်သက် ဆိုသလို အောင်မြင်စွာနဲ့ဘဲ အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အမှန်တရားကို သိရှိပြီးတဲ့နောက်မှာ သူ့ကိုယ်သူ ဘွဲ့ တံဆိပ်တစ်ခု အပ်နှင်းလိုက်တယ်။ (ဂေါတမ)ဗုဒ္ဓတဲ့။ သူဖော်ထုတ်ပြခဲ့တဲ့ အမှန်တရားက တစ်ပါးထဲမဟုတ်ဘူး။ လေးပါးကြီးများတောင်။

၁။ဖြစ်ပျက် မွေးသေ စတဲ့ ဆင်းရဲ
၂။ဆင်းရဲရဲ့ ရင်းမြစ်မူလ
၃။ဆင်းရဲမှရှောင်ကွင်းနိုင်ခြင်း
၎။ဆင်းရဲမှရှောင်ကွင်းရာလမ်းကြောင်း။

အဲဒီ အမှန်တရားလေးပါးကိုသိဖို့ ဒီဘ၀မှာတင် ခြောက်နှစ်တိုင်တိုင်ရှာကြံခဲ့ရတာ။ သုတေသနလုပ်ခဲ့တဲ့ အတိတ်ဘ၀တွေပါပေါင်းလိုက်ရင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း။ သူ့ရဲ့ ဘ၀ပေါင်းများစွာ ပြုလုပ်ခဲ့တဲ့သုတေသနလုပ်ငန်းကြီးအတွင်းမှာ စည်းစိမ်ဥစ္စာရတနာကို မဆိုထားနဲ့ သားသမီးဇနီးကြင်ယာ ခြေလက်အင်္ဂါ မျက်စိ (ယုတ်စွအဆုံး) အသက်ပါ အဆုံးခံခဲ့ရတဲ့ ဘ၀ပေါင်းကလဲ အများကြီး။ တကယ်ကို လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပေါ့ဗျာ။ ဟုတ်တယ်လေ။ ခင်များတို့ ကျနော်တို့ Master လေး Doctorate လေးရဖို့ လေးငါးနှစ်ကလေး သုတေသနစာတမ်းပြုစုရတာကိုတောင် အသက်ထွက်မတတ်ညီးညူခဲ့ကြတာမဟုတ်လား။
...................................

အမှန်တရားလေးပါးကိုတော့ အကျယ်ချဲ့ လို့မရေးတော့ပါဘူး။ လေးပါးထဲဆိုပေမဲ့ အကျယ်ချဲ့ လိုက်ရင် ရေကန်ပေါင်း ရှစ်သောင်းလေးထောင် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ဖြစ်ကုန်မှာစိုးရိမ်ရတယ်။

လောကဥပမာလေးတစ်ပေးမယ်။
အလွန်တစ်ရာလှပသဘောကောင်းချောမွတ်နူးညံ့တဲ့ မိန်းခလေးတစ်ယောက်ကို ခင်များကြိုက်မိပြီဆိုပါတော့။
သူ့ကိုချစ်နေကြိုက်နေတဲ့အတွက် သူ့အတွက်စိတ်ပူရမယ်။ ကြော်တော့လှေသူကြီး ညားတော့လှေထိုးသားဖြစ်မှာ လဲစိုးရိမ်ရပြန်ရော။ ရည်စားလူလု အူနုကျွဲခတ်ဆိုသလို သူများလက်ထဲရောက်သွားမှာလဲ စိုးရိမ်ရ။ နေထိုင်မကောင်းဖြစ်မှာလဲ ပူပန်ရ။ အိပ်လို့ မရတဲ့ ညပေါင်းတွေလဲ မရေတွက်နိုင်။ အဲဒါ အားလုံးဒုက္ခတွေချည်းဘဲ။

အဲဒီကောင်မလေးက ညကလပ်တက်မယ်။ ရှုပ်မယ်။ ပွေမယ်။ ဘာမှလေးလေးနက်နက်မထားဘူး။ ငွေအသုံးအဖြုန်းကြီးမယ်။ ပထမကတော့ ချစ်လွန်းလို့ စိတ်ဆင်းရဲရတာပေါ့။ နောက်ကြာလာတော့ ဒီကောင်မလေးကိုချစ်နေလို့ ဘာမှမထူးပါဘူးလေ။ မေ့ပစ်လိုက်တာဘဲကောင်းပါတယ်။ လမ်းခွဲလိုက်တာဘဲကောင်းပါတယ်ဆိုပြီး။ ခင်များလမ်းခွဲလိုက်မယ်။

နောက်တော့
ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်မှုအပြည့်ရှိတဲ့ မိန်းခလေးတစ်ယောက်ကို ခင်များတွေ့မယ်။ တိုတိုပြောရရင် အဲဒီမိန်းခလေးနဲ့ဘဲ လက်ထပ်ပြီး အေးအေးချမ်းချမ်းနှင့် ဘ၀သစ်တစ်ခုထူထောင်လိုက်ကြမယ်။ အိမ်ထောင်ရေးသုခ ပြည့်ပြည့်၀၀ဘဲပေါ့။

ဆိုလိုတာက
၁။ပထမရည်းစားအတွက်စိတ်ဒုက္ခရောက်ခဲ့ရတယ်။ အဲဒါ ဆင်းရဲ။
၂။သူ့ကိုချစ်ကြိုက်ခဲ့တယ်။ အဲဒါ ဆင်းရဲရဲ့ ရင်းမြစ်မူလ။
၃။ဒုတိယရည်းစားအတွက် စိတ်ချမ်းသာခဲ့ရတယ်။ အဲဒါ ဆင်းရဲမှရှောင်ကွင်းနိုင်ခြင်း။
၎။ပထမရည်းစားကိုပစ်ပြီး ဒုတိယရည်းစားကို လက်ထပ်ခဲ့တယ်။ အဲဒါ ဆင်းရဲမှရှောင်ကွင်းရာ လမ်းကြောင်း။

အဲဒီလို လွယ်လွယ်လေးဘဲ မှတ်ထားလိုက်ပေါ့ဗျာ။ ဥပမာပေးရုံပေးတာပါ။ အဓိပ္ပါယ်ကတော့ တခြားစီဘဲ။
.........................................

ဗုဒ္ဓလောက်တော့ ဘယ်သူကမှ မကြိုးစားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်ချင်တဲ့စိတ်ဆန္ဒ သူ့လောက် ဘယ်သူမှ မပြင်းပြကြလို့ဘဲ။ ဒါပေမဲ့ သူ့ကို အားကျ အတုယူသင့်တယ်။
အမှန်တရားလေးပါးကို သိဖို့အတွက် ကမ္ဘာပေါင်းများစွာ နှစ်ပေါင်းများစွာမှာ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ခဲ့တယ်မဟုတ်လား။

ဒီတော့
ကျနော်တို့ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်တစ်ခုကို ရရှိဖို့ကြိုးစားနေတဲ့အခါမှာ....
အိပ်ရေးပျက်တာလေးကို ညီးညူနေကြမှာလား
အစားအသောက်ပျက်တာလေးကို ပုံကြီးချဲ့ နေကြမှာလား
ညောင်းကိုက်အောင်ထိုင်နေရတာလေးကို ပင်ပန်းတယ်လို့ထင်နေကြမှာလား
စရိုက်ချင်းမတူတဲ့သူတွေနှင့်ဆက်ဆံနေရတာကို စိတ်ညစ်နေကြမှာလား
လုပ်ငန်းကို မနိုင်မနှင်းဖြစ်တဲ့အခါ သေဘဲသေလိုက်ချင်တော့တယ်လို့ ညီးတွားနေကြမှာလား
လုပ်ငန်းအတွက်ပြေးရလွှားရလုပ်ရတာလေးကို သေလုမတတ်မြည်တွန်နေကြမှာလား

ပညာရှင်ကြီး ဂေါတမဗုဒ္ဓကြားသွားရင် ပြုံးတော်မူလိမ့်မယ်နော်။
သူကိုယ်တိုင်က အမှန်တရားကို သိရှိဖို့အတွက် နှစ်ပေါင်း ကုဋေကုဋာချီပြီး သုတေသနလုပ်ငန်းကြီးကို အသက်ရင်းပြီး ပြုလုပ်ခဲ့တာ။ ဒါကြောင့်မို့ ကျနော်တို့ ပါးစပ်ဖျားမှာ အမှန်တရားတွေ ရေပန်းစားနေတာပေါ့ဗျာ။

ကျနော်တို့လဲ
သူ့ဆီက ၀ီရိယလေးကို တစိတ်တဒေသ(အပုံအသင်္ချေပုံ တစ်ပုံ)လောက် ယူကြရအောင်လား။

အကြောက်တရား


The only thing we have to fear is fear itself.
ငါတို့ကြောက်ရမှာက အကြောက်တရားကိုဘဲ။
(Franklin D. Roosevelt, 32nd US President.)

Tuesday, 28 October 2008

ခေါင်းစဉ်ပျောက်နေတဲ့ စာတစ်ပုဒ်



ကြုံတုန်း
ကျနော် ရိုးအခဲ့တဲ့အကြောင်းလေးပြောပြရဦးမယ်။ တောသားဆိုတော့ ရိုးအချက်ကတော့ ကမ်းကုန်ပေါ့ဗျာ။
မြို့ ကြီးသားတွေကို အထင်ကြီးတတ်တဲ့ ရောဂါလဲ ကျနော့်မှာ စွဲကပ်နေတော့ ပိုဆိုးတာပေါ့။

ရန်ကုန်ဆိုတာ ကြားရုံကြားဖူးတာ ဘယ်နေရာမှာတည်ရှိနေမှန်းကောင်းကောင်းသိတာမဟုတ်ဘူး။
မှတ်မိသေးတယ် ကျနော်ရန်ကုန်ကို စရောက်ဖူးကာစတုန်းကပေါ့။ သူငယ်ချင်းတစ်ယောက်က အင်္ဂလိပ်စာသင်တန်း တက်နေတယ်။ အင်္ဂလိပ်စာဆိုကထဲက ကျနော်က အထင်ကြီးပြီးသား။ ကိုယ်မှ မတတ်တာကိုး။ ဒါပေမဲ့ အခြေခံအင်္ဂလိပ်စာကိုတော့ သင်ထားဖူးတယ်။

"ငါ U.M.A မှာ အင်္ဂလိပ်စာတက်နေတာ"
သူက ဂုဏ်ယူဝင့်ကြွားစွာနဲ့ဘဲ ပြောတယ်။ ကျနော်ကလဲ U ဆိုတဲ့ စာလုံးပါနေမှတော့ University တစ်ခုခုဖြစ်ရမယ်ဆိုပြီး ကျနော်တတ်ထားသလောက်တွေးကြည့်လိုက်တယ်။ သေချာမေးကြည့်လိုက်တော့မှ U.M.A ဆိုတာ U Mya Aung (ဦးမြအောင်)ကိုပြောတာတဲ့။ ဆရာကြီးဦးမြအောင်သင်ပေးတဲ့ သင်တန်းကို U.M.A လို့နာမည်မှဲ့ထားတာပါတဲ့ခင်များ။
.................................

ဒီအကြောင်းကို တခြားသူငယ်ချင်းတစ်ယောက်ကို ပြောပြလိုက်တဲ့အခါမှာ "မင့်ဟာက ငါတွေ့ ဖူးတဲ့ ဟို လူတစ်ယောက်လို ဖြစ်နေပြီ" လို့ဆိုပြီး အဲဒီလူအကြောင်းကို ပြောပြတယ်။

ဘယ်ကိုဘဲသွားသွား ဂျတ်ကော့လွယ်အိတ်ကြီးတကားကားလွယ်ပြီး လျောက်သွားနေတဲ့လူတစ်ယောက်ရှိတယ်။
အဲဒီလွယ်အိတ်ပေါ်မှာ M.B.B.S ဆိုတဲ့ စာလုံးကို ကင်းချေလိုက်ပြီးထိုးထားတယ်။ တစ်နေ့မှာ လမ်းလျောက်ရင်း လူတစ်ယောက်က သူ့ကိုအကူအညီတောင်းတယ်။
"ဆရာရယ်.. အိမ်ထဲခဏ၀င်ပြီး ကျနော့်အမျိုးသမီးကိုကြည့်ပေးပါ၊ အရမ်းနေမကောင်းဖြစ်နေလို့ပါ"

"ဟာ.. ငါက ဘုရားသွားမလို့ကွ။ လူနာအတွက် ဒေါက်တာသွားခေါ်ပေါ့"

"ဆရာက ဒေါက်တာမဟုတ်ဘူးလား"

"ပေါက်ပေါက်ရှာရှာ မောင်ရင်ရာ၊ ငါက လက်သမားဆရာကွ။ အခု အလုပ်ပြတ်တုန်းလေး ဘုရားသွားမလို့။ ငါ့လွယ်အိတ်ထဲမှာလဲ ပုတီးနှင့်ဘုရားရှိခိုးစာအုပ်ဘဲရှိတယ်"

"ဒါဖြင့် ဘာဖြစ်လို့ M.B.B.S ဆိုပြီး ဒေါက်တာဘွဲ့ကို ဆရာ့လွယ်အိတ်မှာရေးထားရတာလဲ"

"ဟ.... ကောင်လေးရ.. အဲဒါဒေါက်တာဘွဲ့မဟုတ်ဘူးကွ။ ငါ့နာမည်ကိုရေးထားတာ။ မသိရင်လဲ မှတ်ထားလိုက်ဦး ငါ့နာမည်က မောင်ဘိုဘိုစိန်" လို့ပြောလိုက်သတဲ့။
....................

ကျနော် လန်ဒန်ရောက်ခါစတုန်းကလဲ တောသား ရန်ကုန်တက်လာသလိုမျိုးနှင့်ခပ်ဆင်ဆင်။
မသိတာတွေကများ၊ အရင်ရောက်တဲ့သူတွေကလဲ ကြားဖူးနားဝနဲ့ရှင်းပြဆိုတော့ မျက်စိခပ်လည်လည်ရယ်။

တစ်နေ့
လန်ဒန်မြို့ ထဲ သူငယ်ချင်းတွေနဲ့လျောက်လည်ကြတယ်။ လန်ဒန်မြို့ အနှံ့ နေရာတော်တော်များများမှာ CCTV ဆိုတဲ့စာလုံးတွေ အများကြီးတွေ့တယ်။ သိတယ်မဟုတ်လား ကျနော် မောင်စပ်စုလေ။ ဘယ်ရမလဲ။ လန်ဒန်ကို အရင်ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို မေးကြည့်လိုက်တယ်။ CCTV ဆိုတာ ဘာလဲပေါ့။ ရှင်းရှင်းပြောရရင် ကျနော်က CCTV ကို တရုတ်ရုပ်မြင်သံကြားအသံလွင့်ဌာနလောက်ဘဲ သိတာ။

Criminal Control TV (ပြစ်မှုတားဆီရေးရုပ်မြင်သံကြားကင်မရာ)ကို ခေါ်တာပါတဲ့။
ယုတ္တိရှိတဲ့အတွက် ယုံလိုက်တယ်။ CCTVဆိုတဲ့ ကင်မရာကြီးတွေလဲ တပ်ဆင်ထားတာကိုး။
.......................

နောက်တနေ့
မြေအောက်ရထားပေါ်မှာ သူငယ်ချင်းတစ်ယောက်က ကျနော့်မျက်နှာကိုကြည့်ပြီး ပြောတယ်။
"ကိုကိုမောင်... မင့်မုတ်ဆိတ်နှင့်နှုတ်ခမ်းမွေးတွေ ရိတ်ပစ်လိုက်ရင် ပိုကောင်းမယ်။ အဲဒါတွေ ရှိနေတာ လူကြီးလူကောင်းမဆန်ဘူး"

ကျနော်လဲ အိမ်ပြန်ရောက်ရောက်ချင်းဘဲ မုတ်ဆိတ်ကျင်စွယ် နှုတ်ခမ်းမွေး အကုန်ရိတ်ပစ်လိုက်တယ်။
........................

နောက်သူငယ်ချင်းတစ်ယောက်က လူတွေရှေ့ မှာ စကားကျယ်ကျယ်မပြောရဘူး။ ရိုင်းတယ်ဆိုလို့ မြို့ ထဲသွားရင် ပါးစပ်ကပိတ်ပြီးသား။
နောက်တစ်ယောက်က ဘယ်ကိုဘဲသွားသွား ခြေအိတ်စွပ်ပြီးသွား။ ခြေအိတ်မစွပ်ရင် လူယဉ်ကျေး မဟုတ်ဘူး လို့ ပြောတဲ့အတွက် နေဘယ်လောက်ဘဲ ပူပူ ကျနော်ကတော့ ခြေအိတ်စွပ်ပြီး လန်ဒန်မြို့ ကြီးကို လှည့်လည်တာပေါ့ဗျာ။ စီနီယာတွေပြောတဲ့စကားတွေကို မြေ၀ယ်မကျပါဘဲ။
..........................

အခုဆိုရင်
ကျနော် လန်ဒန်ရောက်တာ တစ်နှစ်ပြည့်ခါနီးပြီ။
CCTV ဆိုတာ Closed-circuit TV (ကင်မရာနဲ့ ရိုက်ပြီး Main station ဆီကို ၀ါယာနှင့်ပို့လွတ်တဲ့ကိရိယာ)ကို ခေါ်တယ်ဆိုတာလဲ သိသွားပြီ။
မုတ်ဆိတ်ကျင်စွယ်နှုတ်ခမ်းမွေး ဗလဗျစ်နဲ့လူတွေကိုလဲ မကြာမကြာရထားပေါ် ကားပေါ်တွေမှာ တွေ့ ဖူးပြီးပြီ။
လူကြပ်ကြပ်မြေအောက်ရထားပေါ်မှာ စကားတွေ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်ပြောနေကြတဲ့ လူတွေကိုလဲ တွေ့ ဖူးပြီးပြီ။
ခြေအိတ်လုံးဝမစွပ်ဘဲ လမ်းလျောက်နေတဲ့လူတွေလဲ အသင်္ချေ အနန္တ။
................................

ကျနော်ဘာတွေရေးနေမှန်း မသိတော့ဘူး။ ဘယ်လိုခေါင်းစဉ်တပ်ရမယ်ဆိုတာလဲ စဉ်းစားလို့မရသေးဘူး။
ဒီတော့.... မိတ်ဆွေများ အားလပ်ရင် ကျနော့်ကို ကူညီပြီး ဒီစာတစ်ပုဒ်အတွက် ခေါင်းစဉ်တပ်ပေးကြပါလား။
ကျေးဇူးပါဘဲဗျာ။ ။

Positive & Negative


* A night is too long while one could not sleep well.
A night is very short while one wants to sleep all the time.

* Fire is not strongly hot enough while one desires hot-water ardently.
Refrigerator is not cold enough while one wants Ice.

* A plane is very slow while one expects to arrive somewhere eagerly.
A cart is very quick while one doesn't want to go anywhere.

* A second is quite long when lovers depart each other, even for a while.
A year is quite short while lovers stay together.

* A foot-step is too far while one is driven away by one's lover.
Thousands of miles are too near while one is invited by one's lover.

ပျား နှင့် ယင်ကောင်


ဇယားညို
ကျနော့်အဘိုးတစ်ယောက်ရဲ့ နာမည်ပါ။ အဖေ့ရဲ့အဖေပေါ့။ သူ့ နာမည်အရင်းက ဦးညိုပါ။
ကိစ္စတစ်ခုလုပ်ရင် ဇယားတွက်ပြီးလုပ်တယ်။ စားစရာရှိရင် အကုန်မစားဘူး။ နောက်နေ့အတွက်ချန်ထားတယ်။
ပိုက်ဆံကိုလဲ အရမ်းမသုံးဘူး။ မူးစေ့ ပဲစေ့ကလေးကအစ တွက်ချက်ပြီးမှသုံးတယ်။
ပြီးတော့ အိမ်နောက်ဥယျာဉ်ထဲမှာ သရက်ပင် ကွမ်းပင် သံပုရာပင်ကအစ အပင်မျိုးစုံစိုက်ပျိုးတယ်။
ယုတ်စွအဆုံး ထမင်းချက်တာတောင် တစ်ယောက်လျော့ရင် တစ်လုံးလျော့ချက် ဆိုသလိုမျိုး ဇယားကွက်ကြီးအတိုင်း လုပ်တယ်။ ဒါကြောင့်မို့ သူ့ကို ကျနော်တို့ မိသားစု အပါအ၀င် တစ်ရွာလုံးက တညီတညွတ်ထဲ ဇယားညို လို့နာမည်ပေးထားလိုက်ကြတယ်။
.......................

နွေရာသီနေ့လည်ခင်းတစ်ခု။
နွေခေါင်ခေါင် နေ့လည်ပိုင်းကြီးဆိုတော့ နေကအရမ်းပူတာပေါ့ဗျာ။ ကလိန်... ကလိန်
(ခေါင်းလောင်းဆွဲသံ) အသံလေးနဲ့အတူ ရေခဲချောင်းရောင်းတဲ့သူ ရွာထဲရောက်လာတယ်။ ရေဆာနေတဲ့အချိန် ရေတွင်းထဲကျ ဆိုသလို... ဟန်ကျလိုက်တာ...
ကျနော်တို့ညီအကိုတတွေ ရေခဲချောင်းဝယ်စားဖို့ အဘိုးညိုဆီမှာ ပိုက်ဆံတောင်းတယ်။

မှတ်ချက်.. ကျနော်တို့ ရွာဘက် ရေခဲချောင်းရောင်းသူတွေ အမြဲတမ်း ခေါင်းလောင်းသေးသေးလေးကို ခါပြီးရောင်းကြလေ့ရှိတယ်။ ခေါင်းလောင်သံကြားရင် ရေခဲချောင်းသည်ဆိုတာ တစ်ရွာလုံးသိပြီးသား။

ကျနော်တို့ ညီအစ်ကိုစုစုပေါင်း ငါးယောက်။ ရေခဲချောင်းက တစ်ချောင်း တစ်မတ်။ အဘိုးညို (ဇယားညို)က ကျနော်တို့ ကို တစ်ကျပ်ခွဲပေးတယ်။ ရေခဲချောင်း တစ်ယောက်တစ်ချောင်းစီဝယ်ပြီးတဲ့အခါ တစ်မတ်ပိုနေတယ်။
အကိုအကြီးဆုံးက သူနှစ်ခုစားမယ်ဆိုပြီး နောက်တစ်ခုဝယ်လိုက်တယ်။ တစ်ကျပ်ခွဲလုံးကုန်သွားပြီ။
ညနေထမင်းစားဝိုင်းမှာ အဘိုးညိုက တစ်မတ်ပြန်တောင်းတယ်။ အားလုံးဝယ်စားလိုက်ကြောင်းပြောပြတဲ့အခါ
မင်းတို့က ပျားလိုမကျင့်ဘဲ ယင်ကောင်လိုကျင့်ကြတာကိုး လို့ပြောပြီး ပျားနှင့်ယင်ကောင်တို့ ရဲ့ သဘောသဘာဝကို ပြောပြတယ်။
..............................


ပျားကောင်ဟာ
ရည်ရွယ်ချက်ကြီးတယ်
ရည်မှန်းချက်ကြီးတယ်
အသင်းလိုက်စုစည်း စည်းလုံးမှုအင်အားကောင်းတယ်
အချင်းချင်းသည်းခံကြတယ်
အရေးကြုံလျင် အသေခံပြီး ရန်သူတို့ကို နှိမ်နှင်းတယ်
အနာဂါတ်အတွက် ရေရှည်ကြည့်တယ်
တနပ်စားဥာဏ်ကို ဘယ်တော့မှ အသုံးမပြုဘူး
တပ်ဖြန့်ပြီး ၀တ်ရည်အရှာထွက်ကြတယ်
တစ်နှစ်ပတ်လုံးအတွက် ၀တ်ရည်ကို စုဆောင်းထားတယ်
လိုချင်မှုထက် လိုအပ်မှုကို ဦးစားပေးတယ်
သူတို့၏ဘဏ္ဍာတိုက်ကို သူတို့၏ခန္ဓာကိုယ်များနှင့် ကွန်ခြာအထပ်ထပ်လုပ်ပြီး စောင့်ရှောက်တယ်
အသက်သေမှ ၀တ်ရည်ကိုစွန့်လွတ်မယ်လို့ သန္နိဋ္ဌာန်ချထားကြတယ်။

ယင်ကောင်ကတော့
အတိတ်မရှိ
အနာဂါတ်မရှိ
အတ္တကြီးတယ်
တစ်ကိုယ်ကောင်းဆန်တယ်
တစ်နှပ်စားဥာဏ်ကိုသာအသုံးပြုတယ်
အများအတွက် ဘယ်တော့မှ မစဉ်းစား
အသင်းလိုက်စုစည်းမှုကိုမဆိုထားနဲ့ မိသားစုအတွက်ကိုတောင်မှ ခေါင်းထဲမထည့်
သူ့ရဲ့ ဝါဒက ဘယ်သူသေသေ ငတေမာလျင်ပြီးရော
အစားအစာအတွက် လုယက်စားသောက်ဖို့ဝန်မလေးဘူး
ရန်သူတွေ့လျင် ကိုယ်လွတ်ရုန်းပြေးလေ့ရှိတယ်
အချင်းချင်းကူညီလိုစိတ်လုံးဝမရှိဘူး။
...................................


အခုလဲ မင်းတို့က ရှိတာအကုန်သုံးပစ်လိုက်တာကိုးကွ။ တော်သေးတာပေါ့ အကြွေးမ၀ယ်စားခဲ့တာ။
လူဆိုတာ အတိုင်းအရှည်သိတတ်ရတယ်။ သူ့အိုးနှင့်သူ့ ဆန်တန်ရုံဘဲလုပ်ရတယ်။ ရှိတာနှင့်အသုံးပြုတာ ညီမျှရမယ်။ တစ်ရာရှိ တစ်ထောင်သုံးမလုပ်ကြနဲ့ ။ ကြီးပွါးမှာမဟုတ်ဘူး။ တစ်ရာရှိ ငါးဆယ်ဘဲသုံးပြီး ကျန်တာစုထား ဒါမှမဟုတ် အရင်းအနှီးလုပ်ရတယ်။ ဒါမှ တချိန်မှာ ချမ်းသာလာမှာ။
..................................

အခုဆိုရင် အဘိုးညို (ဇယားညို)တစ်ယောက် လူ့လောကကြီးထဲ မရှိတော့ပါဘူး၊ ဆုံးသွားတာကြာပါပြီ။ ဒါပေမဲ့ သူဇယားချပြီးစိုက်ပျိုးခဲ့တဲ့ အပင်တွေက အခုအချိန်မှာ အသီးတွေ အရွက်တွေ ဝေေ၀ဆာဆာဖြစ်နေပြီလေ။ သူကိုယ်ကတော့ ခံစားမသွားရရှာပါဘူး။ ဇယားညိုရဲ့ မြေးမြစ်တွေဖြစ်တဲ့ ကျနော်တို့ တတွေဘဲ ခူးပြီးခပ်ပြီးသား အဆင်သင့်စားသုံးနေကြလေရဲ့။

သူမရှိတော့ပေမဲ့လဲ ရေခဲချောင်းရောင်းသံ(ခေါင်းလောင်းသံ)လေးကို ကြားတိုင်း အဘိုးညို နှင့် သူပြောပြခဲ့တဲ့ ပျားနှင့်ယင်ကောင်အကြောင်းကို ဒီနေ့ထိ ကျနော် သတိရနေဆဲပါ။ အဘိုးညိုတစ်ယောက် နတ်ဘုံနတ်နန်းမှာ ဇယားကွက်ဆွဲပြီး နတ်စည်းစိမ်တွေ ခံစားစံစားနေပြီလားဆိုတာကိုတော့......

Monday, 27 October 2008

အသက်ရှည်လိုသူများအတွက်... သုံးဆယ်... သုံးခါ

မအိုချင်ရင် သေရမယ်၊ မသေချင်ရင် အိုရမယ်။

ဒီလိုအတွေးအခေါ်တွေကို လက်ခံပေမဲ့
အသက်ရှည်ရှည်ကျန်းကျန်းမာမာနေရတဲ့လူကြီးတွေကိုတော့ အားကျမိသား။
အသက်ငယ်ငယ်နဲ့ အိုသွားကြတဲ့သူတွေ
အသက်ကြီးရက်သားနဲ့ နုပျိုနေဆဲသူတွေလဲ ဒီလောကမှာ ဒုနဲ့ဒေးပါ။

အသက် ၃၅နှစ်အရွယ် မောင်ပိုဆိုတဲ့လူအိုကလေးကို တွေ့ဖူးတယ်။ အိမ်ထောင်ကျလို့ အိုတယ်လို့ပြောတာမဟုတ်ပါဘူး။ သူ့ပုံစံကြည့်ရတာ တကယ့်ကို အသက် ၇၀ ကျော် အဖိုးအိုကြီးကို ကြည့်ရသလိုပါဘဲ။ သူလုပ်တဲ့ လုပ်ရပ်တွေကိုလဲ ကြည့်ဦးလေ။ အရက်သောက်တယ်၊ ခေါင်ရည်သောက်တယ်၊ ဆေးလိပ်သောက်တယ်။ ဆေးခြောက်သုံးတယ်။ အချိန်မှန်မှန် မအိပ်ဘူး မစားဘူး။

ဦးဘတင်ဆိုတဲ့ အသက် ၈၀ ကျော်လူကြီးတစ်ယောက်ကိုတွေ့ဖူးတယ်။ အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ လူကြီးပေါ့။ သန်မာဖျတ်လတ်ဆဲပါဘဲ။ သူက စောစောအိပ် စောစောထပြီး လမ်းများများလျောက်တယ်။ အစားအသောက်မှန်တယ်။

ဦးဟန်ဆိုတဲ့ အသက် ၈၀ ကျော် လူကြီးတစ်ယောက်ကိုလဲ တွေ့ဖူးတယ်။ တက်တက်ကြွကြွနဲ့နုပျိုဆဲပါဘဲ။
သူက နောက်ကျမှအိပ်တယ် နေမြင့်မှထတယ်။ အလုပ်များများလုပ်တယ်။ တရားဘာဝနာပွါးများတယ်။

အမျိုးမျိုးပေါ့ဗျာ။ အိုပေမဲ့ပျို ပျိုပေမဲ့အိုဆိုတဲ့ကိစ္စရဲ့ နောက်ကွယ်မှာ အကြောင်းတွေကတော့ ရှိမြဲချည်းပါဘဲ။
......................................

ကျနော်ဖတ်ဖူးခဲ့တဲ့ စာအုပ်ထဲက အသက်ရှည်ပြီးကျန်းမာတဲ့နည်းလမ်းလေးကို တင်ပြချင်ပါတယ်။ လူပေါင်းထောင်ကျော်ကို သုတေသနလုပ်ပြီးမှ ဒီနည်းလမ်းလေးကို ဖော်ပြခဲ့တာပါ။
ဒီနည်းလေးအတိုင်း ကျင့်သုံးခဲ့ကြတဲ့ လူတွေထဲက ၈၀ ရာခိုင်နှုန်းလောက် အသက်ရှည်တာတွေ့ရတယ်လို့ဆိုပါတယ်။

နည်းလမ်းလေးကတော့......
သုံးဆယ်....သုံးခါ.. တဲ့။

၁။အိပ်ပျော်ရာကနိုးနိုးချင်းမထလိုက်ပါနဲ့။ စက္ကန့်သုံးဆယ်စောင့်ပြီးမှ ငုတ်တုတ်ထိုင်ပါ။
၂။ထိုင်ရာကချက်ချင်းမတ်တတ်မရပ်လိုက်ပါနဲ့။ စက္ကန့်သုံးဆယ်စောင့်ပြီးမှ မတ်တတ်ရပ်ပါ။
၃။မတ်တတ်ရပ်ပြီး ချက်ချင်းလမ်းမလျောက်လိုက်ပါနဲ့။ စက္ကန့်သုံးဆယ် စောင့်ပြီးမှ လမ်းစတင်လျောက်ပါ။

အဲဒီသုံးနည်းပါဘဲ။
တနည်းကို စက္ကန့်သုံးဆယ်၊ သုံးခါတိတိ လို့ဆိုထားတဲ့အတွက်
သုံးဆယ်... သုံးခါ လို့ နာမည်ပေးလိုက်တာပါ။

အသက်ပိုရှည်လိုတဲ့ မိတ်ဆွေများ....
သုံးဆယ်.. သုံးခါကို စမ်းသပ်ကြည့်စေချင်ပါတယ်။

ကျနော်ကိုယ်တိုင်ကတော့
နောက်ကျမှအိပ် နောက်ကျမှဘဲထပြီး
သုံးဆယ်.. သုံးခါ
ကိုတော့ မကျင့်သုံးရသေးပါဘူးခင်များ။

အာလူးကြော်လေးက ဇာတ်လိုက်


တစ်သက်လုံး မကြားဖူးပါဘူးဗျာ။
ထမင်းစားတာကို (ခြင်ထောင်ထောင်ပြီး) ခြင်ထောင်ထဲမှာဘဲ စားရတယ်လို့။
ဘက်တီးရီးယားတို့ ဗိုင်းရပ်တို့ကူးမှာကြောက်လို့တဲ့။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ဘဲ။

အာလူးကြော်လေးကိုမြင်တိုင်း ကျနော်တို့ရွာသားတွေပြောပြောနေတဲ့ ဦးဘမှုံကြီးအကြောင်းပြေးသတိရမိတယ်။
သူကလူထူးဆန်းကြီး။
......................................

မြို့ နယ်ခန်းမမှာ ကျန်းမာရေးဟောပြောပွဲရှိတယ်၊ တစ်ရွာကို အနည်းဆုံးတစ်ယောက်တက်ရမယ် ဆိုလို့ ဦးဘမှုံကြီးကို မြောက်ပင့်ပြီး လွတ်လိုက်ကြတာပါ။ သွားချင်တဲ့သူမှ မရှိကြဘဲကိုး။
ဟောပြောပွဲမှာ ဘယ်ဆရာဝန်တွေက ဘာတွေ ဟောပြောခဲ့မှန်းတော့ မသိဘူး။
ဦးဘမှုံတစ်ယောက်ကတော့ မြို့ က ပြန်လာကထဲက အချိုးတွေ ပြောင်းသွားတယ်။ အရင်ကဆို ထမင်းစားပြီး လက်သုပ်ပုဝါဘဲ သုံးနေကျ။ အခုတော့ တစ်ရှူးဆိုလား ဘာဆိုလား မြို့ က၀ယ်လာတဲ့ ဖြူဖြူစက္ကူလိပ်ကြီးကိုဘဲ တစိုက်မတ်မတ်သုံးနေတယ်။ ကျန်တဲ့သူတွေဆီက ရောဂါတွေကူးစက်မှာ စိုးလို့တဲ့ဗျာ။ ရယ်စရာလုပ်ပြနေတယ်ထင်လို့ ၀ိုင်းဟားကြသေးတယ်။ ဒါပေမဲ့ သူ့မျက်နှာက အတည်ပေါက်ကြီး။

ပိုပြီးရယ်စရာကောင်းတာက ထမင်းစားခါနီး ခြင်ထောင်ထောင်ပေးရတဲ့ ကိစ္စ။ ခြင်ထောင်က ဇာခြင်ထောင်ဆို တော်သေးရဲ့ ။ ခုဟာက ချည်ခြင်ထောင် ခပ်နွမ်းနွမ်းကြီး။ ခြင်ထောင်ထဲက ရောဂါတွေတောင် ပြန်ကူးစက်နိုင်သေးတယ်။ သူ့အမျိုးသမီးလဲ ကြာလာတော့ စိတ်ညစ်လာတယ်။ ရောဂါကူးမှာ ကြောက်ရင် တော်ကိုယ်တိုင်ဘဲ ချက်စားတော့ရှင်လို့ ရန်စောင်ညီးညူတော့မှ မိသားစုထမင်းဝိုင်းထဲ ပြန်ဝင်လာတယ်။

တစ်နေ့
ညနေထမင်းဝိုင်းမှာ အာလူးပြုတ်ပြီး သုပ်ထားတဲ့ ဟင်းတစ်ခွက်။ အဲဒီဟင်းခွက်ထဲမှာ အာလူးခွံလေးပါလာတယ်။
အာလူးခွံလေးကိုစိုက်ကြည့်ရင်း "ငါ မစားတော့ဘူး"ဆိုပြီး ဦးဘမှုံကြီး ထမင်းစားဝိုင်းက ထသွားတယ်။
သူက ဒီလို အကြောင်းပြတယ်..
"ဆရာဝန်တစ်ယောက်ဟောပြောချက်အရ အဲဒီအာလူးခွံထဲမှာရှိတဲ့ မဲမဲဘုကလေးတွေထဲမှာ အဆိပ်ဓါတ်ပါတယ်၊ အဲဒီအဆိပ်ပါတဲ့ အာလူးမျိုး အလုံး ၁၀၀ တိတိစားမိရင် အဆိပ်သင့်ပြီး သေနိုင်တယ်တဲ့။ ငါတို့အိမ်မှာက အားလူးဟင်းတွေဘဲ မကြာခဏစားတော့ ဒုက္ခရောက်နိုင်တယ်၊ မင်းတို့လဲ သေမှာ ကြောက်ရင် မစားကြနဲ့"
..................................................

ဦးဘမှုံပြောစကားမှန်မမှန်တော့မသိဘူး။ ကျနော်အခုရောက်နေတဲ့ လန်ဒန်မှာကတော့ အာလူးကို ပုံစံမျိုးစုံပြုလုပ်ပြီး
အဓိကအစားအစာအဖြစ်စားသုံးနေကြလေရဲ့ ။ စားသောက်ဆိုင်မှန်ရင် အာလူးရှိတယ်။ ကုန်စုံဆိုင်မှန်ရင် အာလူးရှိတယ်။ အိမ်တိုင်း မီးဖိုခန်းထဲမှာ အာလူးရှိတယ်။
အာလူးဟာ လန်ဒန်ရဲ့ ဇာတ်လိုက်ကျော်ကြီးပေါ့ဗျာ။ ဒါပေမဲ့ ကျနော်ကြိုက်တာက KFC နှင့်တွဲရောင်းတဲ့အားလူးကြော်။
KFC ဆိုတာ Kentucky Fried Chicken ( ကင်တပ်ကီ လို့ခေါ်တဲ့ အမေရိကန် မြို့ တစ်မြို့ က စတင်ခဲ့တဲ့ ကြက်သားကြော်) ရဲ့ နာမည်ပါ။ အရမ်းစားလို့ကောင်းပါတယ်။ ကျနော့် Favourate လေ။

KFC ၀ယ်ရင် အာလူးကြော်ပါတယ်၊ Coke (သို့) Pepsi ပါတယ်။ ဆား အချဉ်ရည် စတဲ့အမည် အမျိုးမျိုးပါတယ်။
ကျွတ်နေအောင် ကြော်ထားတဲ့အတွက် စားလို့အရမ်းကောင်းတယ်။
ပြီးတော့ လန်ဒန်မှာ နာမည်ကြီးတဲ့ Fish and Chip (ငါးနှင့်အာလူးကြော်) ၀ယ်စားတဲ့ အခါမှာလဲ အာလူးကြော်လေးမပါရင်မပြီး။
သက်သတ်လွတ်စားတဲ့သူတွေအတွက် အာလူးကြော်သီးသန့်ဝယ်စားလို့လဲရတယ်။
ပလပ်စတစ်နှင့်ထုပ်ပြီးရောင်းတဲ့ Potato chips နှင့် Potato crispတို့ကိုလဲ ဆိုင်တိုင်းနီးနီး ရောင်းတယ်။

လန်ဒန်မှာကတော့ အာလူးကို ပုံစံမျိုးစုံနှင့်စားသောက်နေကြတာပေါ့ဗျာ။
ဒါပေမဲ့ ဦးဘမှုံပြောသလို အာလူးအဆိပ်တက်ပြီး သေကြတယ်လို့တော့ မကြားဖူးသေးပါဘူး။ ပိုပြီးတောင်မှ ကျန်းမာဝဖြိုးပြီး အလှတိုးနေကြလေရဲ့ ။ အာလူးမှာ Fiber ဓါတ်ပါဝင်မှုများပြားတဲ့အတွက် ကင်ဆာ ဆီးချို စတဲ့ ရောဂါကြီးတွေကိုတောင် ကာကွယ်နိုင်တယ်လို့ အာလူးစားသုံးသူ (ကျနော်အပါအ၀င်)များကို လန်ဒန်ဆရာဝန်ကြီးများကတော့ အာလူးများများစားဖို့ ပန်ကြားနေလျက်ပါ။

ကျနော်ကလဲကြိုက် ဆရာဝန်တွေကလဲတိုက်တွန်း ကျန်းမာရေးနှင့်လဲညီ ဆိုတော့ ကျနော် အားလူးကြော်ကိုမှ
ရွေးပြီးကြိုက်မိတာ ဂုဏ်ယူတယ်။ ဒီနေ့လဲ ကော်ဖီဖျော်ထားပြီးပြီ။ အာလူးကြော်လေးနှင့်ကြိတ်ချမယ်ဆိုပြီး မီးဖိုခန်းထဲဝင်ပြီး အာလူးကြော်ထားနေကျ မီးဖိုဆောင်သုံးနံရံကပ်ဗီဒိုလေးကို ဖွင့်ကြည့်လိုက်တယ်။
ဟာ..... အာလူးကြော်တွေ မရှိတော့ဘူး။ ကျနော့်လိုဘဲ ကျန်းမာရေးလိုက်စားတဲ့ သူငယ်ချင်းတစ်ယောက် လက်ဦးသွားပြီထင်တယ်။ အပြင်ထွက်ဝယ်ရဦးမယ်။
ဒါပေမဲ့..အခုတော့..ကော်ဖီက ဖျော်ပြီးသားဖြစ်နေတဲ့အတွက် အာလူးကြော်မပါဘဲ ကော်ဖီသက်သက်ကိုဘဲ ကြိုးစားမျိုချလိုက်ရပါတော့တယ်။

စိတ်ထဲမှာကတော့----
"အာလူးကြော်လေးရယ်..... လွမ်းလိုက်တာ"

....

Sunday, 26 October 2008

မျှော်လင့်ပါ.... သို့သော်



"Hope for the best and prepare for the worst"
"အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ"

ဒီစကားလေးကို ပြောခဲ့တဲ့နိုင်ငံ့ခေါင်းဆောင်တွေ နည်းမှာမဟုတ်ပါဘူး။ ၀င်စတန်ချာချီလဲပြောခဲ့တယ်၊ ဗိုလ်ချုပ်အောင်ဆန်းလဲ ပြောခဲ့တယ်။ ကျနော်မသိတဲ့ သူတွေအများကြီးလဲ ပြောခဲ့ကြမှာပါဘဲ။ ဘယ်သူတွေ ဘယ်လောက်ဘဲပြောပြော ဒီစကားလေးက လုံးဝ ရိုးအီမသွားဘူး။ အမြဲတမ်းလန်းဆန်းတက်ကြွပြီး အင်အားတွေပါဝင်နေတယ်။ အဓိပ္ပါယ်တွေနဲ့ပြည့်နက်နေတယ်။ စကားလုံးအရမ်းလှပတယ်။

လူတိုင်းမှာ မျှော်လင့်ချက်ကိုယ်စီရှိကြစမြဲပါ။ မျှော်လင့်ပျောက်ဆုံးသွားရင် ပဲ့မပါတဲ့လှေလို လေတိုက်ရာ မျှောပါသွားတဲ့ဘ၀မျိုးရောက်သွားမှာပေါ့။ ငုတ်မိသဲကိုင်၊တက်နိုင်ဖျားရောက်ငှက်မှန်ရင် ပျံရင်းနဲ့သေ၊ လူမှန်ရင် ကြံရင်းနဲ့သေ စတဲ့ စကားပုံတွေဟာ အားလုံးနှင့် အကျွမ်းဝင်ပြီးသားပါ။ ဒီစကားပုံဟာ လူတွေရဲ့  မျှော်လင့်ချက်ထားရှိပုံကို ဖော်ပြနေတာပါ။

ဒါပေမဲ့ အဓိပ္ပါယ်မဲ့တဲ့ မျှော်လင့်ချက်မျိုးတော့မဖြစ်သင့်ပါဘူး။
ဥပမာအားဖြင့် အနောက်ကနေထွက်၊ အရှေ့ မှာနေ၀င်၊
တောင်ထိပ်မှာ ကြာပေါက်၊ ပိတောက်တွေပြာ၊ တမာတွေချို၊ မိုးပြို၊ မြေအက်၊ ကမ္ဘာပျက်။
ဒီလို မဖြစ်နိုင်တာကို စိတ်ကူးယဉ်ပြီး တမ်းတမှန်းဆနေရင်တော့ လူ့တိရစ္ဆာန်သက်သက်ဘဲပေါ့။
အဓိပ္ပါယ်ရှိပြီး ဖြစ်နိုင်ချေရှိတဲ့ မျှော်လင့်ချက်မျိုးဘဲဖြစ်သင့်တယ်။

အုန်းသီးထဲ ရေရှိတာ၊ ပင်လယ်ရေ ငန်တာ၊ ငါးတွေရေကူးနိုင်တာ၊ ငှက်တွေ ပျံသန်းနိုင်တာ.... အဲဒါတွေဟာ အထူးအဆန်းလဲမဟုတ်ဘူး။ ငါလဲ သူတို့လိုဖြစ်ချင်လိုက်တာလို့ မျှော်လင့်စရာလဲ မလိုဘူး။ ပြီးတော့ အားကျစရာလဲ မဟုတ်ဘူး။ သတ္တ၀ါတိုင်းမှာ ကျွမ်းကျင်ရာ လိမ္မာရာ ရှိကြတာဘဲမဟုတ်လား။

Targetကို တိတိကျကျထားရှိပါ။
အဲဒီ Target ပေါ်မှာဘဲ မျှော်လင့်ချက်ကိုထားရှိပါ။
ထားရှိတဲ့ မျှော်လင့်ချက်ကို အဆက်မပြတ်ပါစေနဲ့။
မျှော်လင့်ချက်အတိုင်း အကောင်အထည်ဖော်ဖို့ ကြိုးစားပါ။
ဒီ Theory လေးကို နားလည်ပါ= (Target>continuous intention>strenuous effort>Success)
တစ်လ... တစ်နှစ်... ဆယ်နှစ် ကြာရင်ကြာမယ်။ စိတ်ဓါတ်မကျပါနဲ့။
ရည်မှန်းချက်ရှိရှိကြိုးစားတဲ့သူတွေအတွက် အောင်မြင်မှုတွေက လက်ကမ်းကြိုးဆိုနေမှာ သေချာပါတယ်။

ဖိုးလမင်းကြီးရေ... ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ပေးပါ ဆိုတဲ့...... ကလေးမျှော်လင့်ချက်မျိုးမထားသင့်ပါဘူး။
တနေ့ကျရင် ဆရာဝန်ကြီးဖြစ်ကိုဖြစ်ရမယ်၊ အင်ဂျင်နီယာကြီးဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးဘဲထားသင့်တယ်။

သောမတ်စ် အက်ဒီဆင် အခါတစ်သောင်းတိတိ စမ်းသပ်မှုမအောင်မြင်ဘူး။ ဒါပေမဲ့သူစိတ်ဓါတ်မကျခဲ့ပါဘူး။
တစ်သောင်းနှင့်တစ်ကြိမ်မြောက်မှာ သူ့စမ်းသပ်မှုအောင်မြင်သွားတယ်။ သူ့မျှော်လင့်ချက်ကြီးမှုကြောင့် ကျနော်တို့ လျပ်စစ်မီးတွေ အသုံးပြုနိုင်တာပါ။ သူ့ကို လူတချို့ က ဆရာ.. ဆရာ့ စမ်းသပ်မှုတွေ အခါတစ်သောင်းအထိ မအောင်မြင်ခဲ့ဖူးဆို လို့ မေးကြတယ်။
သူပြန်ဖြေတဲ့ စကားလေးက အရမ်းမှတ်သားစရာကောင်းတယ် --
"ငါ အခါ ၁၀၀၀၀ တိတိ မအောင်မြင်ခဲ့တာ မဟုတ်ဘူး၊ ဒီလိုလုပ်ရင် လျပ်စစ်မီးမရဘူးဆိုတဲ့ Theory ပေါင်း ၁၀၀၀၀ တိတိကို အောင်မြင်စွာသိရှိခဲ့တာပါ" တဲ့။

မျှော်လင့်ချက်ကို ခိုင်ခိုင်မာမာ ထားရမယ်။
သို့သော်...
စစ်မှန်တိကျတဲ့ မျှော်လင့်ချက်မျိုးဘဲ ဖြစ်သင့်ကြောင်းပါ။ ။

နာရီဇောက်ထိုးထားရင် မြန်မာနဲ့ကွက်တိဖြစ်သွားပြီ


ဒီနေ့ အင်္ဂလန်ရဲ့ နာရီတွေ အိပ်ဆေးမိသွားသလားမသိဘူး။ တစ်နာရီနောက်ကျနေတယ်။ ကျနော့်အိမ်က နာရီတစ်လုံးထဲ နောက်ကျနေတာမဟုတ်ပါဘူး။ အင်္ဂလန်တစ်နိုင်ငံလုံးမှာရှိတဲ့နာရီတွေအားလုံး တစ်နာရီတိတိကို နောက်ကျနေတာ။ မနေ့က ဒီအချိန်ဆို မနက်ကိုးရှစ်နာရီ။ ဒါပေမဲ့ ဒီနေ့ ရှစ်နာရီဘဲ ရှိသေးတယ်။
နေ့စဉ်ထုတ်သတင်းစာလေးတစ်စောင်ကောက်ဖတ်လိုက်တော့မှ...... အော်... အော်.. ဂလိုလားလို့ သဘောပေါက်လိုက်တယ်။ Daylight saving time (တစ်နာရီတိုးထားတာ) ကို ဆောင်းရောက်ခါနီးရင် ဒီနိုင်ငံမှာ ဒီလိုဘဲ နှစ်စဉ် တစ်နာရီနောက်ဆုတ်နေကျဆိုဘဲ။
......................

Daylight saving timeတွေ ဘာတွေတော့ နားမလည်ဘူး။ ကျနော်မြန်မာမှာရှိစဉ်က ဆရာတစ်ယောက်ပြောဖူးတာကို အမှတ်ရမိတယ်။ အင်္ဂလန်ရဲ့ စံတော်ချိန်နာရီကို သိချင်ရင် မြန်မာနာရီကို ဇောက်ထိုးဆွဲထားလိုက်။ အဲဒါ အင်္ဂလန်စံတော်ချိန်ဘဲ တဲ့။ မှန်လိုက်တာဗျာ။ ကျနော် ဒီနေ့စောစောစီးစီး သေချာ စမ်းသပ်ကြည့်လိုက်တယ်။ ကွတ်တိဘဲ။ ဒီမှာက မနက်ရှစ်နာရီ။ မြန်မာမှာက နေ့လည် ၂နာရီခွဲ။

Daylight saving time သမိုင်းအကြောင်းလေး နဲနဲတင်ပြပေးပါ့မယ်။ အဲဒီ စိတ်ကူးကို ၁၇၈၄ ခုနှစ်ကတည်းက ဘင်ဂျန်မင် ဖရင်ကလင် ဆိုတဲ့သူက စတင်အကြံပြုခဲ့တာပါ။ ဒါပေမဲ့ ဘယ်သူမှ စိတ်မ၀င်စားခဲ့ကြပါဘူး။ နောက်နှစ်ပေါင်း ၁၀၀ကျော်အထိဘယ်နိုင်ငံကမှ အကောင်အထည်မဖော်ဖြစ်ခဲ့ကြပါဘူး။

ယူကေမှာတော့ ၁၉၀၈ ခုနှစ်မှာ Daylight saving time ကို အသုံးပြုဖို့ လွတ်တော်ကို တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ကန့်ကွက်မဲများတဲ့အတွက် အထမမြောက်ခဲ့ပါဘူး။
၁၉၁၆ခု၊ ပထမကမ္ဘာစစ်အတွင်းမှာဘဲ ဂျာမနီနိုင်ငံက စပြီး Daylight saving timeကို အသုံးပြုခဲ့ပါတယ်။ သြစတီးရီးယား ဒိန်းမတ် ပြင်သစ် ပေါ်တူဂီ အီတလီ နော်ဝေ ဆွီဒင်စတဲ့ နိုင်ငံတွေလဲ လက်ခံလာကြပါတယ်။ အဲဒီနှစ်မှာဘဲ လျပ်စစ်ပါဝါချွေတာဖို့ စစ်ရေးလှုပ်ရှားမှုတွေအတွက် အထောက်အကူဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နှင့် ယူကေမှာ Daylight saving time ကို အသုံးပြုလာပါတယ်။ အားလုံးလက်ခံလာတဲ့အတွက် အဲဒီနှစ်က စတင်ပြီး အခုထိ ယူကေမှာ အဲဒီစနစ်ကို သုံးစွဲလျက်ပါဘဲ။

Daylight saving timeဆိုတာ လက်ရှိနာရီကို တစ်နာရီထပ်တိုးလိုက်တာပါ။ နေရောင်ခြည်ပိုမြင်ရဖို့ဆိုတဲ့ရည်ရွယ်ချက်ပေါ့။ မနက်ပိုင်းမှာ လူတွေဟာ နေထွက်တဲ့အထိ အိပ်ရာထဲမှာ ရှိသေးတဲ့အတွက် မိုးစောစောလင်းရင်လဲ အိပ်မြဲအိပ်လျက်ဖြစ်နေမှာ သေချာပါတယ်။

ဥပမာ.. အရင်က မနက်ခုနစ်နာရီဆိုရင် အခု ရှစ်နာရီ။ ညနေပိုင်းကိုလဲ နေက နောက်ကျမှဝင်မယ်။ ဒါဆို လျပ်စစ်သုံးစွဲမှုတွေ အထိုက်အလျောက်လျော့ကျသွားနိုင်ပါတယ်။
ယူကေမှာ ၁၉၆၈ ကနေ ၁၉၇၁ အထိ တစ်နှစ်လုံး တစ်နာရီတိုးပြီး(၄ နှစ်လုံးလုံး) အဲဒီစနစ်ကို အသုံးပြုခဲ့တယ်။ ၁၉၇၂မှာ လူကြိုက်နည်းလာတဲ့အတွက် တစ်နှစ်လုံးအစား ၆လလောက်စီဘဲ တစ်နာရီတိုးလိုက် တစ်နာရီဆုတ်လိုက်နဲ့ ကျင့်သုံးခဲ့ကြတာ အခုအထိပါဘဲ။

Daylight saving time ကို အသုံးပြုနေတဲ့ကာလတစ်လျောက် လန်ဒန်မှာ မနက်လေးနာရီကျော်ရင်နေထွက်ပြီး ည ၁၀နာရီလောက်မှ နေ၀င်တယ်။ Daylight saving timeကို အသုံးမပြုတဲ့ကာလတွေမှာတော့ ညနေ ၄နာရီကျော်မှာ နေ၀င်ပြီး မနက် ရှစ်နာရီလောက်မှ နေထွက်တယ်။

လွန်ခဲ့တဲ့မတ်လ ၃၀ ရက်နေ့ကစပြီး တစ်နာရီရှေ့ တိုးလိုက်တယ်။ ဒီနှစ်အတွက် Daylight saving time စပြီပေါ့။ မြန်မာနိုင်ငံမှာ မကြုံဖူးခဲ့တော့ အရမ်းအံ့သြမိတယ်။ နေ့အချိန်တွေပိုရှည်လာတယ်။ အဲဒီအချိန်တုန်းက မြန်မာပြည်နဲ့ ၅ နာရီခွဲဘဲ အချိန်ကွာခြားတယ်။ ဒါကြောင့်မို့ အင်္ဂလန်ကနာရီကို အထက်အောက်ပြောင်းပြန်လှန်ပြီးကြည့်ရင် မြန်မာအချိန်နှင့်မကိုက်ဘူး။

အခု ဒီနေ့ (၂၆၊၁၀၊၀၈)ကစပြီး Daylight saving time အတွက် တိုးခဲ့တဲ့ တစ်နာရီကို နောက်ဆုတ်လိုက်တယ်။ ဒါကြောင့် အခုဆိုရင်
အင်္ဂလန်နှင့်မြန်မာ ၆ နာရီခွဲကွာသွားပါပြီ။ ဒီအချိန်မှာတော့ အင်္ဂလန်ကနာရီကို ဇောက်ထိုးဆွဲပြီးကြည့်လိုက်ရင် မြန်မာမှာရှိနေတဲ့ လက်ရှိအချိန်နှင့်ကွက်တိဘဲ။ နှိုင်းယှဉ်ထားတဲ့ပုံကို တင်ပေးလိုက်ပါတယ်။

မိတ်ဆွေကိုယ်တိုင်လဲ စမ်းကြည့်ပေါ့။ မိတ်ဆွေရဲ့ ဘယ်နာရီကိုမဆို ပုံထဲပါတဲ့အတိုင်း လုပ်ကြည့်လိုက်ရင် သဘောပေါက်မယ်ထင်ပါတယ်။
အင်္ဂလန်မှာ မနက် ၈ နာရီဆိုရင် မြန်မာမှာ နေ့လည် ၂ နာရီခွဲ။

ဒါကြောင့်... အင်္ဂလန်ကနာရီတွေ အိပ်ဆေးအသောက်လွန်ပြီး အိပ်စက်နေကြတာ မဟုတ်ကြောင်းပါခင်များ။

Saturday, 25 October 2008

အများအတွက် ကိုယ်ကဘာလဲ?


"Ask not what your country can do for you;
ask what you can do for your country"
"သင့်အတွက်သင့်နိုင်ငံက ဘာလုပ်ပေးနိုင်လဲလို့ မမေးပါနဲ့။ သင်က သင့်နိုင်ငံအတွက် ဘာလုပ်ပေးနိုင်လဲလို့ဘဲမေးပါ"
၂၀.၁.၁၉၆၁ သောကြာနေ့မှာ ပြောခဲ့တဲ့ ၃၅ဆက်မြောက် အမေရိကန်သမ္မတ John F. Kennedy (ဂျွန်ကနေဒီ)ရဲ့  မိန့်ခွန်းလေး တစ်ခုပါ။
...............................

အများအားဖြင့်တော့ လူတွေဟာ အသိဥာဏ်ရှိပြီး ထက်မြက်မှုတွေ တီထွင်ကြံဆမှုတွေ စဉ်းစားတွေးခေါ်မှုတွေရှိတဲ့အတွက် တိရစ္ဆာန်တွေထက် ဘ၀အဆင့်အတန်းမြင့်မားကြပါတယ်။ ဒါပေမဲ့ လူတွေမိုက်မဲ ကောက်ကျစ်ပြီဆိုရင် တိရစ္ဆာန်တွေထက် အဆထောင်သောင်းမက ပိုပြီးဆိုးဝါးညစ်ပတ်တတ်ကြပါတယ်။

ကျားဟာ သားစားသတ္တ၀ါဖြစ်တဲ့အတွက် သူစားဖို့ သူ့အင်အားကိုသုံးပြီး သားကောင်တွေလိုက်ဖမ်းကိုက်တတ် စားသောက်တယ်၊ ဒါပေမဲ့ သဘာဝရင်းမြစ်သယံဇာတကို မဖျက်ဆီးကြပါဘူး။

သမင်ဟာ သစ်ရွက် မြစ်ပင်ကိုသာ စားတဲ့အတွက် မြက်ပင် သစ်ပင်ကလေးတွေကို ကိုက်ဖြတ်စားသောက်တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အန္တရာယ်မပေးပါဘူး။

ဒီ့ပြင်မက ဥပမာတွေ အများကြီးရှိပါသေးတယ်။ တိရစ္ဆာန်တွေဟာ သူ့ တို့လိုအပ်ချက် (need)အရ သူတို့လုပ်လိုက်ကြတာဘဲရှိတယ်။ သူတို့မှာ လိုချင်မှု(want)အတွက်နဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး။
သူတို့ဗိုက်ပြည့်ရင် အေးအေးဆေးဆေးဘဲ နေတတ်ကြတယ်။
.............................

လူတွေက အဲဒီလိုမဟုတ်ကြဘူး။ Need နှင့် Want ကို မခွဲတတ်ကြဘူး။ များသောအားဖြင့် Want လို့ခေါ်တဲ့ Desire အတွက်ဘဲ ပင်ပန်းခံပြီး ဥစ္စာရဖို့ အမဲလိုက်ရှာသလို သဲသဲမဲမဲ ရုန်းကန်နေကြတယ်။ ဒါပေမဲ့ လိုချင်မှုတွေ ပြည့်ဝသွားတယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ သူငယ်ချင်းတစ်ယောက်ပြောတာဘဲ အမှတ်ရမိတယ်--
မလိုချင်တော့ဘူးဆိုရင် အရာအားလုံးပြည့်စုံသွားပြီတဲ့။
.............................

အလုပ်လုပ်စရာမရှိရင် အတင်းအဖျင်းတွေထိုင်တုတ်တတ်ကြတယ်။ အတင်းဆိုမှတော့ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေပေါ့။ ကိုယ်ရည်တွေးတတ်ကြတာ လူ့သဘာဝဘဲလေ။ တိရစ္ဆာန်တွေမှာ ကိုယ်ရည်တွေးတတ်ကြတယ်လို့ ဘယ်ဇာတ်တော် နိပါတ်တော်တွေထဲမှာမှ မဖတ်ခဲ့ဖူးပါဘူး။

လူသိရှင်ကြားအိမ်ထောင်ရေးဖောက်ပြန်ပြီးအလေလိုက်နေတဲ့ အမျိုးသမီးတစ်ယောက် တွေ့ဖူးတယ်။ သူက ရုံးတစ်ရုံးမှာ အလုပ်လုပ်တယ်။ ဒါပေမဲ့ တစ်ရက်ကို ပုတီးကိုးပတ်လောက် သူစိပ်တယ်။ အရဟံဂုဏ်ပွါးပြီးပုတီးစိပ်တာဆိုဘဲ။ တနေ့.. ရုံးမှာ ပြဿနာတစ်ခုပေါ်တယ်။ သူအလုပ်ပြုတ်လုလုအခြေအနေအထိ ပြဿနာကကြီးမားတယ်။ အဲဒီအချိန်မှာ သူညည်းညူသံလေးကြားပြီး ကျနော် မပြုံးဘဲ ၀ါးလုံးကွဲ ရယ်လိုက်မိတယ်။
"ဒီလောက်ကုသိုလ်ကောင်းမှုတွေလုပ်နေတာ၊ ဘာဖြစ်လို့ပြဿနာတွေ ငါ့ဆီလာနေရတာလဲ"တဲ့။
....................

လူတွေဟာ ကိုယ့်အတွက်ဘဲ ကြည့်တတ်ကြတယ်။ ကိုယ်လုပ်တဲ့အလုပ်မှကောင်းတယ်လို့ထင်တတ်ကြတယ်။
ဥစ္စာရှိတဲ့သူက ဆင်းရဲတဲ့သူတွေကို အထင်သေးတယ်။ ပညာရှိတဲ့သူတွေက ပညာမဲ့တဲ့သူတွေကို ခက်မာမာဘဲ။
ပြီးတော့...
ဘယ်သူက ဘာဖြစ်လို့ ဘာဖြစ်သွားတာပါ။
ငါက ဘာဖြစ်နေလို့ ဘာဖြစ်သွားရတာ။
တကယ်ဆို ငါက ဘာဖြစ်သင့်တာပေါ့။
ငါကူညီထားလို့ ဒီကောင်ကြီးပွါးနေတာ။ ငါ့ကိုပြန်ပြီးကြည့်သင့်တာပေါ့။ ခုတော့ ဒီကောင် ဘ၀မေ့သွားပြီ။
ငါက သူ့အတွက် ဘယ်လောက်ထိလုပ်ပေးခဲ့ရတာ။
အဲဒီလို စကားတွေလဲ မကြာမကြာရက်ကွက်ထဲမှာ ကြားနေရတယ်။

အဲဒီလို လူတွေမျိုးအတွက် ကျနော် ဂျွန်ကနေဒီ ရဲ့ စကားလေးကို
အတုယူပြီး ဒီလိုလေး ပြောလိုက်ချင်ပါတယ်။
"Ask not what others can do for you;
ask what you can do for others"
သူများကကိုယ့်အတွက်ဘာလုပ်ပေးနိုင်သလဲလို့ မမေးနဲ့။
ကိုယ်က သူများအတွက် ဘာလုပ်ပေးနိုင်သလဲလို့ဘဲ (ကိုယ့်ကိုကိုယ်) မေးကြည့်ပါ။

Friday, 24 October 2008

သတို့သား သတို့သမီးလောင်းများ သိရှိရန်

"အမေ.. အဖေ..လာကြပါဦး... အမမရှိတော့ဘူး။ ဖိုးထောင်နောက်ခိုးရာလိုက်ပြေးသွားပြီထင်တယ်"

မိစံရဲ့ ညီမ မိကြည်ရဲ့  ညဥ့်နက်တစ်ကောင် အလန့် တကြား အော်ဟစ်သံ ကြောင့် တစ်အိမ်သားလုံး အိပ်ရာမှ
လန့် နိုးကြကုန်ကြတယ်။

"အိမ်တံခါးမကြီးတွေ အားလုံးပိတ်ထားတာဘဲ ဘယ်လိုနည်းနဲ့ လိုက်ပြေးသွားတာလဲ"
..............

ကျနော့်ညီမ၀မ်းကွဲတစ်ယောက်ပါ။ သူ့နာမည်က မိစံ။ ဖိုးထောင်နှင့်မိစံ ချစ်ကြိုက်နေကြတာကြာပြီ။ မိစံက ရိုးရိုးအေးအေး။ ဖိုးထောင်က သာမန်အချိန်မှာ ကောင်းသယောင်ရှိပေမဲ့ အရည်လေးပါးစပ်ထဲဝင်သွားရင် အတော်လေးဆိုးတဲ့ကောင်။ သောက်လိုက်တာကလဲလွန်ရော။ တခါတခါ တနေကုန်။
သွေးဆိုးတဲ့အပြင် အာဠာဝကဆေးပါ ထပ်ထိုးထားလိုက်သေးတယ်။ အဲဒီအရည်အချင်းတွေကြောင့် မိစံရဲ့ မိဘတွေက ဖိုးထောင်နှင့် လုံးဝ သဘောမတူ။

ချစ်သူတွေဆိုတော့လဲ အခက်သား။ မိစံကလဲ ဖိုးထောင်ကိုမှ မရရင် သေလုမတတ်။ ဖိုးထောင်ကလဲ မိစံကိုတန်းတန်းစွဲ။
မိစံရဲ့ မိဘတွေချုပ်ချယ်တဲ့ကြားက သူတို့နှစ်ယောက်ခိုးပြေးကြတယ်။ မိစံအိပ်ခန်းရှေ့ တည့်တည့်မှာ သရက်ပင်တစ်ပင်ရှိတယ်။ မိစံတစ်ယောက် မိသားစုအားလုံးအိပ်မောကျနေချိန်မှာ အိပ်ခန်းပြတင်းပေါက်ပေါ်တက်ပြီး သရက်ကိုင်းကို လှမ်းဆွဲတယ်။ သရက်ကိုင်းကမှတဆင့် သရက်ပင်ကိုကူးသွားတယ်။ အပင်အောက်မှာ ဖိုးထောင်က အဆင်သင့်။ နှစ်ယောက်သား စက်ဘီးတစ်လက်ကို အတူစီးပြီး ညတွင်းချင်း တခြားတရွာကို ခိုးပြေးကြတယ်။

တိုတိုဘဲပြောမယ်။ သူတို့နှစ်ယောက် စရိုက်ချင်းမတူတော့ ခဏခဏရန်ဖြစ်တယ်။ ဖိုးထောင်အရက်တွေပိုသောက်လာတယ်။
မိစံတစ်ယောက် မိဘအိမ်ပြန်လာနေတဲ့အကြိမ်ပေါင်းလဲ မနည်းတော့ဘူး။ နှစ်ဦးသဘောတူအိမ်ထောင်ပြုခဲ့ကြပေမဲ့ အသွင်မတူတော့ မကြာခဏပြဿနာတက်တယ်။ ကွဲလိုက် ပြန်ပေါင်းလိုက်နဲ့ ကလေးသုံးယောက်ရှိပြီ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ မိစံခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေလဲ မနည်းတော့ဘူး။ အခုထက်ထိ နေ့စဉ် အော်ဟစ်သံ ဆဲဆူသံတွေ သူတို့အိမ်က
ပျံ့ လွင့်ဆဲပါဘဲ။ သူတို့နှစ်ယောက်ကို တစ်ရွာလုံးက ဖယ်ကြဉ်ထားသလောက် ဖြစ်နေပါပြီ။
...........................

ဆိုလိုတာကတော့ သတို့သားဘဲဖြစ်ဖြစ် သတို့သမီးဘဲဖြစ်ဖြစ် အိမ်ထောင်ပြုတော့မယ်ဆိုရင် ကွာသုံးကွာ ပါသုံးပါ ချာသုံးချာ ဆိုတဲ့သဘောတရားလေးတွေကို နားလည်တတ်ဖို့အရေးကြီးပါတယ်။ အဲဒါလေးတွေကို ဓမ္မစာပေများမှထုတ်နှုတ်ပြီး ကျနော်တင်ပြလိုက်ပါတယ်။

ကွာသုံးကွာ
၁။တိုင်းပြည်နှင့်လူမျိုးကွာလျှင်
၂။အယူဘာသာကွာလျှင်
၃။စိတ်ဓါတ်ချင်းကွာလျှင်

ပါသုံးပါ
၁။အနာရောဂါပါလာလျှင်
၂။အကြွေးပါလာလျှင်
၃။အပိုစားမယ့်လူပိုတွေပါလာလျှင်

ချာသုံးချာ
၁။ပညာရေးချာလျှင်
၂။စီးပွါးရေးချာလျှင်
၃။လူမှုရေးချာလျှင်
....................

သတို့သားနှင့်သတို့သမီးအချင်းချင်း ကွာသုံးကွာ ပါသုံးပါ ချာသုံးချာထဲက တခုခုနှင့်ညှိစွန်းနေတယ်ဆိုရင်
တစ်ယောက်နှင့်တစ်ယောက် အိမ်ထောင်မပြုသင့်ပါဘူးလို့ ဆိုလိုက်ပါရစေ။

သူဌေးဖြစ်ခါနီးကျနော်

ကျနော်က လူကောင်သေးပေမဲ့ လမ်းလျောက်ရတာ အားစိုက်ပြီးအလုပ်လုပ်ရတာတွေ အရမ်းကြိုက်တယ်။ ဘာမှလုပ်စရာမရှိရင် ကျနော့်အိမ်မှာ လေ့ကျင့်ခန်းလုပ်နေလေ့ရှိတယ်။

မနေ့ကပေါ့။
နေရောင်ခြည်လေးပွင့်တုန်း လေကောင်းလေသန့်လေးရှူရှိုက်ရင်း တစ်ယောက်ထဲ လမ်းထွက်လျောက်ဖြစ်တယ်။ လမ်းလျောက်ရင်း လမ်းပျောက်သွားတဲ့အတွက် ညနေ နေ၀င်တဲ့အထိ ဘယ်ဘက်ကို ဦးတည်သွားနေမှန်း ကျနော်ကိုယ်တိုင်မသိတော့ဘူး။ သူငယ်ချင်းတွေဆီ ဖုန်းဆက်မယ်လုပ်တော့လဲ ကျနော့် Moblieက ဘက်ထရီ ဒေါင်းနေပြီ။ ဒုက္ခဘဲ... မိုးအရမ်းချုပ်သွားပြီ။
လျပ်စစ်မီးတွေ လင်းထိန်နေကျမြို့ တော်ဖြစ်ပေမဲ့ ဒီနေ့ ဘာဖြစ်လို့ လျပ်စစ်မီးရောင်ကို မတွေ့ရတာပါလိမ့်။

လပြည့်ကျော်ရက်ပိုင်းတွေဆိုတော့ လရောင်ကလုံးဝမရှိ။ ကြယ်ရောင် ဖျော့တော့တော့အောက်မှာဘဲ မျက်စိကိုဖွင့် နားကိုစွင့်ပြီး ဆက်လျောက်ရင်း ကျနော် လျောက်လာတဲ့လမ်းက နှစ်ခွဖြစ်သွားတယ်။ ဘုရား.. ဘုရား.. ဘယ်လမ်းကိုရွေးပြီးသွားရပါ့မလဲ။ ငယ်ငယ်တုန်းက ကြားဖူးတယ် လမ်းမသိရင် ဘယ်ဘက်လမ်းကိုရွေးချယ်ပါတဲ့။ ဟုတ်ပြီ ကျနော် ဘယ်ဘက်ကိုသွားတဲ့ လမ်းကိုဘဲ ရွေးချယ်ပြီး ဆက်လျောက်သွားလိုက်တယ်။

ဒီအတိုင်းထင်ရာအရပ်ကို ရမ်းလျောက်သွားနေလို့တော့ မဖြစ်ချေဘူး။ ကြာလာရင် ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါးဖြစ်နေရင် ဒုက္ခ။ တွေ့တဲ့သူဆီမှာ အကူအညီတောင်းမှ ဖြစ်တော့မယ်။ ဟာ.. ဟိုရှေ့ မှာမီးရောင်မြင်တယ်။ ဟန်ကျလိုက်တာ။ သေချာကြည့်လိုက်တော့မှ အိမ်ပြတင်းပေါက်တစ်ခုက လျံကျလာတဲ့ ဆီးမီးရောင်။ မတတ်နိုင်ဘူး။ အိမ်ထဲဝင်ပြီး အကျိုးအကြောင်းပြောပြမှဖြစ်တော့မယ်။

အိမ်ဝင်းထဲဝင်လိုက်တဲ့ အခါမှဘဲ ရဲတိုက်အိုကြီးဖြစ်နေမှန်းသိတော့တယ်။ ကြယ်ရောင်မှုန်ဝါးဝါးအောက်မှာ ရဲတိုက်အိုကြီးကထီးထီး။ ပေါင်းမြက်နွယ်သစ်ပင်တွေ ရဲတိုက်နံရံတစ်ခုလုံးကို ရစ်တွယ်နေကြတယ်။

ဒေါက် ဒေါက်...
ကျနော်တံခါးခေါက်လိုက်တယ်။ မကြာလိုက်ပါဘူး။ ကျလိ ဆိုတဲ့ အသံရှည်ကြီးမြည်ပြီး ဧရာမသစ်သားတံခါးကြီးပွင့်သွားတယ်။

အစ်...အစ်.. ရှဲ... ရှဲ..
တံခါးဖွင့်လိုက်ပြီဆိုရင်ဘဲ လင်းနို့အော်သံ ဟိုမှဒီမှ ပျံသန်းသံတွေကြားလိုက်ရတယ်။ ထွီး... နံလိုက်တဲ့ လင်းနို့ ချေး။

ဝုတ်..၀ုတ်..၀ုတ်
ရဲတိုက်ကြီးအတွင်းက ခွေးဟောင်သံထွက်ပေါ်လာတယ်။ အသံကြီးက ကြက်သီးထချင်စရာ။

တံခါးဖွင့်ပေးတဲ့သူကို သေချာကြည့်လိုက်တယ်။ အဖြူရောင်မုတ်ဆိတ်မွေးနှင့်ပါးသိုင်းမွေးတွေရောယှက်နေတဲ့ အဖိုးအိုကြီးတစ်ယောက်။ သူ့လည်ပင်းမှာ ပုတီးနက်ကြီးတစ်ကုံး။ သူ့အနားမှာက သွားရည်တမြားမြားနဲ့ခွေးနက်ကြီးတစ်ကောင်။ ခွေးချည်ထားတဲ့ကြိုးကို သူကိုင်ထားတယ်။ သူ့မျက်နှာမှာက ရင့်ကျက်မှုတွေအထင်းသား။ အသက်က အတော်လေးကြီးနေပြီ။ ကြည့်ရတာ သူတစ်ယောက်ထဲ ဒီရဲတိုက်ကြီးထဲနေပုံရတယ်။ တော်တော်သတ္တိကောင်းတဲ့လူကြီးဘဲ။ ကျနော် ကျိတ်ပြီးချီးကျူးမိတယ်။ ကျနော်ကတော့ ကျောထဲခပ်စိမ့်စိမ့်။

Please come in , my guy= ဟေ့ကောင်လေး.. ၀င်ခဲ့လေ။
ကျနော်ဝင်သွားလိုက်တယ်။ အမည်ဖော်လို့မရတဲ့ ရုပ်တုကြီးတစ်ခုရှေ့ မှာ ဆီးမီးခွက် သုံးခုထွန်းတာတွေ့ရတယ်။

မောင်ရင်လာမှာကြိုသိလို့.. တမင်စောင့်နေတာ..

ခင်မျာ... ဘယ်လို..

ကဲ.. ကဲ ခင်မျာတွေလုပ်မနေနဲ့ ၊ ထိုင်ပြီးမှ ပြောကြတာပေါ့။

ကျနော်က လမ်းမှားပြီး မျက်စိလည်နေလို့ လာအကူအညီတောင်းတာပါ ခင်မျာ။

ငါသိပါတယ်ကွ၊ ငါကလဲ မင်းကို ကူညီရအောင်လို့ စောင့်နေတာ။ ကဲ ပြောနေတာကြာတယ်။ မင်းအင်္ကျီတွေချွတ်လိုက်စမ်း။
ငါ မင်းရဲ့ ကျောပြင်ကိုကြည့်ချင်တယ်။

ကျနော်လဲ ကူရှင်ပြတ်တစ်ခုပေါ် ထိုင်ချလိုက်ပြီး ခပ်ကြောက်ကြောက်နဲ့ ဘဲ အင်္ကျီတွေ အကုန်ချွတ်ပစ်လိုက်တယ်။ အေးလိုက်တာဗျာ မပြောပါနဲ့တော့။

ငါက ဗေဒင် အင်္ဂ၀ိဇ္ဇာ အကြားအမြင် ရှေ့ ဖြစ်နောက်ဖြစ် အကုန်သိတယ်ကွ။ မင်းဟာ တစ်နေ့ကျရင် အရမ်းချမ်းသာလာမယ်။ အတော်လေးကို ငွေကံကောင်းတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ခုထိ မချမ်းသာရတာလဲဆိုတာ သိချင်လို့ မင်းကိုစောင့်နေပြီး စစ်ဆေးကြည့်မလို့ ကွ။ ကဲ.. မင်းရဲ့ ကျောပြင်ကြီး ငါ့မျက်စိနားကပ်ပေးစမ်း။ မီးရောင်က ခပ်မှိန်မှိန် ငါကလဲ မျက်စိခပ်မွဲမွဲဆိုတော့ သိပ်ပြီးမမြင်ရဘူး။

အဖိုးကြီးက ကျနော့်ကျောပြင်ကြီးကို ကပ်ကြည့်ပြီး
အော်.. ဒါကြောင့်ကိုး... လို့ပြောကာ စားပွဲပေါ်က ဇာဂနာတစ်ချောင်းကို ဆွဲယူလိုက်တယ်။
ပြီးတော့ ဒီလိုပြောတယ်--
"မင်းကျောပြင်မှာ သူဌေးဖြစ်မဲ့ အမွေးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ၁၀ပေါင်တန် ပေါင် ၁၀၀တန် အမွေးတွေက ကြိုကြားကြိုကြားပေါက်နေတာ တွေ့ရတယ်။ အဲဒီ ၁၀ပေါင်တန် ပေါင်၁၀၀တန် အမွေးတွေကြောင့် မင်းမချမ်းသာတာ။ အဲဒါတွေကို ငါနှုတ်ပေးမယ်"
ပြောပြောဆိုဆိုဘဲ ကျနော့်ကျောပြင်က အမွေးတစ်ချို့ ကို ဗြုတ်ကနဲ ဗြုတ်ကနဲ မြည်အောင် ဇာဂနာကြီးနဲ့အားရပါးရနှုတ်ပစ်လိုက်တယ်။ ကျနော့်မှာတော့ အတော်လေး ကြက်သီးမွေးညှင်းထလို့။

ကဲ.. ပြီးသွားပြီ.. မင်းကျောပြင်မှာ မီလျံနာဖြစ်မဲ့ အမွေးတွေဘဲ ကျန်တော့တယ်။ မင်းမကြာခင် ချမ်းသာတော့မယ်။
တစ်ခုတော့ မမေ့နဲ့။ မင်းချမ်းသာလာတဲ့အခါ ငါ့ကို အမျှဝေပေးပါ။ ငါစောင့်မျှော်နေမယ်။ ကဲ.. ကဲ မင်းပြန်တော့။
အဲဒီ ဘယ်ဘက်လမ်းကိုဘဲ ဆက်လျောက်သွား။ မကြာခင် မင်းအိမ်ကိုရောက်လိမ့်မယ်။ မင်း ငါ့စကားကို မယုံကြည်ရင် လမ်းမှာတွေ့တဲ့ ထီဆိုင်ကိုဝင်ပြီး ထီသာထိုးသွားပေတော့။ ဒီနေ့ထီထိုး၊ မနက်ဖြန်ကစပြီး သူဌေးကြီး ဦးကိုကိုမောင် ဖြစ်ပြီပေါ့ကွာ။

ကျနော်လဲ အဖိုးအို ညွန်ခဲ့တဲ့လမ်းအတိုင်းလိုက်လာခဲ့ပြီး မကြာခင်မှာဘဲ ကျနော်နေတဲ့ အိမ်နားရောက်လာတယ်။
ကျနော့်အိမ်နားမှာက ထီဆိုင်ရှိတယ်လေ။ အဲဒီဆိုင်က ညဥ့်နက်တဲ့အထိဖွင့်တယ်။ ကွက်တိပါဘဲ။ သူဌေးဖြစ်ကိန်းဆိုက်ပြီပေါ့။
ထီးထိုးမယ်ဆိုပြီး ထီဆိုင်နားအရောက်မှာဘဲ လန်ဒန်မိုးက သဲကြီးမဲကြီးရွာချလိုက်တယ်။ ကျနော့် တစ်ကိုယ်ကောင်လုံး ရွှဲရွှဲစိုလို့။
ချမ်းလိုက်တာဗျာ။ အရမ်းချမ်းတာဘဲ။ အဲဒီ အချမ်းဒဏ်တွေကြောင့်ဘဲ ကျနော်အိပ်ရာက လန့်နိုးသွားတယ်။ စောင်တွေအားလုံးက ကျနော့်ကိုယ်ပေါ်မှာမရှိတော့။ နာရီလှမ်းကြည့်လိုက်တော့ မနက်လေးနာရီခွဲခါနီး။

ကျနော်လဲ ထပ်အိပ်ဦးမယ်ဆိုပြီး ကျနော့်ကိုယ်ပေါ်က လွတ်ကျနေတဲ့ ဂွမ်းကပ်စောင်ကြီးကို မျက်နာထိအောင်ဆွဲတင်ဖုံးလိုက်ပြီး ထပ်အိပ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့ အိပ်လို့မပျော်တော့ဘူး။ အိပ်မက်ကိုဘဲ သတိရနေပြီး ရယ်ချင်သလိုလို ဖြစ်လာတာနဲ့.. ခွိ.. ကနဲ အသံတိတ်ကလေးနဲ့ဘဲ ကျိတ်ရယ်ရင်း..
အော်.. ငါ့အဖြစ်အပျက်က.. ဂလိုကိုး.. လို့ရေရွတ်ပြီး အချိန်စောနေသေးတဲ့အတွက် မျက်စိကို ဇွတ်မှိတ်ပြီး ထပ်အိပ်ဖို့ ကြိုးစားလိုက်ရပါတော့တယ်။

Thursday, 23 October 2008

မိန်းမရှားသွားပြီ



"ရုပ်ဆိုးဆိုး မျက်နှာပုပ်သိုးသိုး ဖက်တီးပုပ်ကြီးတွေ ဖြစ်နေကြတဲ့ အပျိုကြီးမမများနှင့် ညီမငယ်လေးများ.. လင်ကောင်းသားကောင်းမရမှာ စိတ်ညစ်နေကြသလား၊ စိတ်မညစ်ကြပါနဲ့။ ကျနော်တို့ (Mount Isa)အိဆာလို့
အမည်ရတဲ့ တောင်တန်းမြို့ ကလေးကိုသာ လာခဲ့ကြပါ။ အားလုံး အိုကေ စိုပြေစေရပါ့မယ်"

အိဆာမြို့ ကလေးဟာ သြစတေးလျနိုင်ငံမှာ ရှိပါတယ်။
မြို့ ကြီးပြကြီးတွေနှင့်အလွန်အလှမ်းဝေးကွာတဲ့
သတ္တုတွင်းလုပ်ငန်းလုပ်ကိုင်ရာ မြို့ လေးတစ်မြို့ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ် သန်းခေါင်စာရင်းအရ အိဆာမြို့ လေးမှာ လူဦးရေ ၂၁၄၂၁ ဦးရှိတဲ့အထဲက ၂၀-၂၄ အရွယ်ရှိတဲ့ မိန်းခလေးဦးရေ ၈၁၉ ယောက်ဘဲ ရှိတယ်တဲ့။ မိန်းမတစ်ယောက်ကို ယောက်ျားငါးယောက်ယူရမဲ့အခြေအနေရောက်နေပြီ။ အားလုံးကလဲ မိန်းမရှားပါးမှုအတွက် ထိတ်လန့်နေကြတယ်။

ဒါကြောင့်မို့ ရုပ်ရည်အဆင်းမလှပတဲ့အတွက် ရည်းစားပါတနာမရှိတဲ့အမျိုးသမီးတွေကို အိဆာမြို့ ကလေးက ဖိတ်ခေါ်နေတာပါ။
သူတို့ရဲ့ လက်သုံးစကားကတော့--

"Really, beauty is only skin deep. အလှအပဆိုတာ တကယ်တမ်းကျတော့ အရေပြားပေါ်သက်သက်ပါ" တဲ့။

အထီးကျန်ဆန်နေတဲ့ အမျိုးသမီးများ အိဆာမြို့ လေးကို သွားနိုင်ဖို့ မြေပုံလေးထည့်ပေးလိုက်ပါတယ်။
အမျိုးသမီးများ အထီးကျန်ဘ၀မှ လွတ်မြောက်နိုင်ကြပါစေ။

မိန်းမရှားသလား


"ကျနော့်အသက်က ၈၄ နှစ်၊ ကျနော်ယူထားတဲ့ မိန်းမက ၈၆ ယောက်။
သားသမီးတွေကတော့ ၁၇၀ ကျော်ပြီ။ ကျနော့်ကို မြာပွေတယ်လို့ မထင်လိုက်ပါနဲ့ ၊ ကျနော်က သူတို့ကို ယူခဲ့တာမဟုတ်ပါဘူး။
သူတို့က ကျနော့်ကို လာယူကြတာပါ"

ကျောင်းဆရာဟောင်းလဲဖြစ် မွတ်စလင်တရားဟောဆရာလဲဖြစ် သမားတော်လဲဖြစ်တဲ့ မိုဟာမက် ဘဲယ်လို အဘူဘကာ (Mohammed Bello Abubakar) လူသိရှင်ကြားပြောခဲ့တဲ့စကားပါ။ သူက နိုင်ဂျီးရီးယားနိုင်ငံ နိုင်ဂါပြည်နယ်မှာ နေတယ်။ အသက်ကြီးနေပေမဲ့ တက်တက်ကြွကြွ သန်သန်မာမာပါဘဲ။

အစ်စလာမ်ဘာသာဝင်တိုင်း ယောက်ျားတစ်ယောက်ကို မိန်းမ ၄ ယောက်ဘဲ ယူခွင့်ရှိတယ် ဒီထက်ပိုယူလို့မရဘူး လို့လက်ခံထားကြတယ်။ ဒါကြောင့်မို့ အစ်စလာမ်ဘာသာရေးခေါင်းဆောင်တွေက သူ့ကိုဘာသာရေးအရ အပြင်းအထန်ပြစ်တင်ရှုပ်ချကြတယ်။

ဒီပြစ်တင်မှုကို သူက ဒီလိုချေဖျက်ပစ်တယ်---
"ကျွန်ုပ် ကိုရအန်ကျမ်းစာအုပ်ကို ဖတ်ပြီးပြီ၊ မိန်းမ လေးယောက်ထက်ယူတဲ့သူကို အပြစ်ဒဏ်ပေးရမယ်ဆိုတဲ့ ပညတ်ချက်မပါဘူး။ အမှန်ဆိုရင် မိန်းမ ၁၀ ယောက်ရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဘ၀ဟာ ပြိုလဲကျသွားနိုင်တယ်။ အခု အလ္လာအရှင်မြတ်ပေးတဲ့ အင်အား (Power)နဲ့ မိန်းမ ၈၆ ယောက်လုံးကို ထိန်းချုပ်ထားနိုင်တာပါ" တဲ့။

သူက သမားတော်ဖြစ်တဲ့အတွက် သူ့ဆီကို ဆေးကုဖို့လာကြတဲ့ အမျိုးသမီးလူနာတွေဟာ များသောအားဖြင့် သူ့ဇနီးဖြစ်သွားကြတာချည်းဘဲ။
ရှာရိဖတ် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကပြောတယ်--

"As soon as I met him the headache was gone= သူ့ကိုတွေ့တွေ့ချင်းဘဲ ကျွန်မရဲ့ ခေါင်းကိုက်ရောဂါ ပျောက်ကင်းသွားတော့တာပါဘဲ" တဲ့။

အဲဒီအချိန်တုန်းက ရှာရိဖတ်က ၂၅နှစ်၊ မိုဟာမက် ဘဲယ်လို အဘူဘကာက ၇၄ နှစ်ပါ။ ဒါနဲ့ဘဲ ရှာရိဖတ်က "ဘုရားက လက်ထပ်ခိုင်းတယ်"ဆိုပြီး ယူလိုက်တာပါ။

သူ့ရဲ့ မိန်းမ အများစုဟာ သူ့ရဲ့  သားသမီးတွေထက် အသက် ပိုငယ်ကြပါတယ်။
သူအပါအ၀င် အားလုံး ဘာအလုပ်မှ မလုပ်ကြပါဘူး။ အိပ်လိုက် စားလိုက်ပါဘဲ။
သူတို့အားလုံးအတွက် တစ်နေ့တာ အစားအသောက်အတွက် အမေရိကန်ဒေါ်လာ ၉၁၅ ကုန်ကျတယ်။
ဒါပေမဲ့ အဲဒီပိုက်ဆံတွေကို ဘယ်ကရသလဲဆိုတာကိုတော့ မိုဟာမက် ဘဲယ်လို အဘူဘကာက မပြောပြပါဘူး။
အဲဒါ လျှို့ ဝှက်ချက်ပါတဲ့ခင်ဗျာ။
.................

ဒီသတင်းလေး ဖတ်ပြီး ကျနော်တို့အင်္ဂလိပ်စာကျောင်းက မွတ်စလင်ကျောင်းသားတစ်ယောက်
ဝမ်းနည်းပက်လက် ညီးညူပြခဲ့တာကို သတိရမိလိုက်တယ်။
သူက ဘာပြောတယ်မှတ်လဲ--
"ငါ့မှာ မိန်းမ ၄ ယောက်ဘဲရှိတယ်၊ စိတ်အရမ်းညစ်တာဘဲ" တဲ့။

ကြီးပေမဲ့ သေးနေတယ်



ကျနော်တို့ မြန်မာနိုင်ငံမှာ ၅၀၀ ကျပ်တန် ၁၀၀၀ကျပ်တန်တွေ စထုတ်တုန်းက "ဒီလောက် တန်ဖိုးရှိတဲ့ ငွေစက္ကူတွေထုတ်မှတော့ ကုန်ဈေးနှုန်းတွေ တက်ရောပေါ့"ဆိုပြီး အားလုံးမျက်လုံးပြူးကုန်ကြတာ မှတ်မိကြဦးမှာပေါ့။ မကြာခင်နှစ်တွေက ငွေစက္ကူ ၅၀၀၀ကျပ်တန် ထုတ်မယ်လို့ ကောလာဟလဖြစ်သေးတယ်။ လူတွေ ပါးစပ်ဟောင်းလောင်းကြီးဖြစ်သွားကြတယ်။ အံ့သြကြတာ။

ကဲ..ကဲ... ၅၀၀ ကျပ်တန်လောက်နဲ့တော့ မျက်လုံးမပြူးကြနဲ့တော့။
အာဖရိကတိုက်ထဲက ဇင်ဘာဘွေနိုင်ငံမှာ ဒေါ်လာ ၁၀၀ ၀၀၀ ၀၀၀ ၀၀၀ တန်ငွေစက္ကူထုတ်ဖို့ ဆုံးဖြတ်ချက် ချပြီးပြီ။
အခု ဒေါ်လာ ၁၀၀ ၀၀၀ ၀၀၀ တန် နှင့် ၅၀၀ ၀၀၀ ၀၀၀ တန် ထုတ်ပြီးပြီ။ ၁၀၀ ၀၀၀ ၀၀၀ ၀၀၀ တန်ကိုတော့ agro-cheque အမည်နှင့်ထုတ်လုပ်မယ်လို့ သိရပါတယ်။

ဒီလောက် ဂဏန်းကြီးတဲ့ ငွေစက္ကူတွေထုတ်လုပ်တာတောင် ဇင်ဘာဘွေနိုင်ငံသားတွေကတော့
"ဒီဒေါ်လာ ၁၀၀ ၀၀၀ ၀၀၀ ၀၀၀ တန်တစ်ရွက်ဟာ ကျနော်တို့ ထမင်းတစ်နပ်အတွက် မလောက်ငှပါဘူး။
ဒီနိုင်ငံမှာ ထမင်းတစ်နပ်ကို ဒေါ်လာ ၅၀၀ ၀၀၀ ၀၀၀ ၀၀၀ ရှိနေပြီ" ဆိုပြီး ညီးညူနေကြလေရဲ့ ။

အဖေယောက်ျား


"အဖေ ကျမကို အနိုင်ကျင့်ခဲ့တာ ၂၄နှစ်တိတိ၊ ကျမလဲ အဖေဆိုတော့ ကြောက်ရတယ်မဟုတ်လား။ ဒါကြောင့် အဖေနှင့်ကျမ ကလေး ၇ ယောက်တိတိရခဲ့တာ"

ဒီစကားကို ဖွင့်ဟလာတာကတော့ သြစတီးရီးယားနိုင်ငံ အမ်စတက်တန်မြို့ သူလေး အဲလိစဘက် ဖရစ်ဇယ် လေးပါဘဲ။
သူမ ကျောင်းသူဘ၀ အသက် ၁၈ နှစ်အရွယ်ကထဲက အဖေဖြစ်သူ မစ်စတာ ဂျိုးဇက်က မပြောမဆို အိမ်အောက် မြေတိုက်ခန်းထဲမှာ ထိန်းသိမ်းထားခဲ့တာပါ။

ဂျိုးဇက်မှာ သူ့အမျိုးသမီးနှင့်ရတဲ့ကလေးက ၇ ယောက်၊ သူ့သမီးနှင့်ရတဲ့ကလေးက ၇ ယောက်၊ စုစုပေါင်း ၁၄ ယောက်တိတိ။
အဲလိစဘက်ကလေးပျောက်သွားတော့ သူ့အမျိုးသမီးက စိုးရိမ်လွန်းအားကြီးလို့ လိုက်စုံစမ်းသေးတယ်။ ဂျိုးဇက်က စုံစမ်းမနေနဲ့တော့၊ တောရွာလေးတစ်ရွာမှာ သီလရှင်ဝတ်ပြီး တရားအားထုတ်နေတာ သူသိတယ်လို့ လိမ်ပြောလိုက်တယ်။ သူ့အမျိုးသမီးလဲ ဂျိုးဇက်စကားကို ယုံကြည်ပြီး ဘယ်မှာမှ လိုက်မရှာတော့ပါဘူး။ သနားစရာကောင်းတာက သူ့သမီးလေး အိမ်အောက်ထပ်ရှိမြေတိုက်ခန်းထဲမှာ ရှိနေတာကို မသိရှာဘူး။

အိမ်အောက်ခန်းဆိုပေမဲ့ Facility တွေ အပြည့်အစုံရှိပါတယ်။ အိပ်ခန်း သန့်စင်ခန်း ရေချိုးခန်း မီးဖိုခန်း အားလုံးရှိတယ်။
ဂျိုးဇက်ဟာ အဲဒီမြေအောက်ခန်းထဲမှာဘဲ သူ့သမီးနှင့်ပေါင်းဖော်ပြီး ကလေး ၇ ယောက်ရခဲ့တယ်။ တစ်ယောက်က ဆုံးသွားတဲ့အတွက် အဲဒီမြေအောက်ထပ်မှာဘဲ ဖြောက်ဖျက်ပစ်လိုက်တယ်။ အကြီးသုံးယောက်ကိုတော့ မွေးစားသားဆိုပြီး မိသားစုနှင့်အတူနေစေတယ်။ ကျန်တဲ့ သုံးယောက်ကတော့ မြေအောက်ထပ်မှာ အဲလိစဘက်နှင့်အတူတူ။

တစ်နေ့မှာ
ကံဆိုးချင်တော့ (အဲလိစဘက်နဲ့ရထားတဲ့)သူ့သားတစ်ယောက် (ကာစတင်) သေလုမျောပါးနေမကောင်းဖြစ်တဲ့အတွက် ဆေးရုံကိုပို့လိုက်ရတယ်။ ဆရာဝန်တွေက ဆေးမှတ်တမ်းမတွေ့နိုင်လို့ ကာစတင်ရဲ့ အမေကို ဆေးရုံကိုလာခဲ့ဖို့ ညွန်ကြားလိုက်တယ်။
အဲဒီကစပြီး ပြဿနာစတော့တာပါဘဲ။

ဂျိုးဇက်က အဲလိစဘက်ကို ဆေးရုံသွားဖို့  မြေအောက်တိုက်ခန်းထဲက ထွက်ခွင့်ပေးလိုက်တယ်။ သူ့အမျိုးသမီးအပါအ၀င် အားလုံး အံ့သြကုန်ကြတာပေါ့။ ၂၄နှစ်လုံးလုံးပျောက်နေတာ၊ ပေါ်လာပြန်တော့လဲ ဆိုင်းမဆင့် ဗုံမဆင့်။ သူမက ရဲစခန်းသွားပြီး ဒီလိုဖွင့်ပြောပြလိုက်တယ်--
"အဖေ ကျမကို အနိုင်ကျင့်ခဲ့တာ ၂၄နှစ်တိတိ၊ ကျမလဲ အဖေဆိုတော့ ကြောက်ရတယ်မဟုတ်လား။ ဒါကြောင့် အဖေနှင့်ကျမ ကလေး ၇ ယောက်တိတိရခဲ့တာ။ တစ်ယောက်ကဆုံးသွားလို့ မြေအောက်ခန်းထဲမှာဘဲ သူလက်စဖျောက်လိုက်တယ်။ အခုဆို ကျမအသက် ၄၂ နှစ်ရှိပြီ။ အခုမှ ငရဲဘုံကလွတ်မြောက်ခဲ့ရသလို ခံစားရတယ်"
.......................

အခုဆိုရင်..
ကာစတင်လေးလဲ နေကောင်းကျန်းမာလာပါပြီ။ မိသားစုဝင်တွေအားလုံးလဲ အတူတူပျော်ပျော်ပါးပါးနေနိုင်ကြပါပြီ။
ဂျိုးဇက်ကိုလဲ ခုံရုံးတင်ထားပြီးပြီ။ ၂၀နှစ်အထက် နှစ်ရှည်ထောင်ဒဏ် ကျခံရမှာကတော့ မြေကြီးလက်ခတ်မလွဲပါဘဲ။

အော်... လောက... လောက
ခေတ်ကြီးကိုက သမီးအရင်းခေါက်ခေါက်ကိုတောင် အလွတ်မပေးတဲ့ခေတ်ရောက်နေပါပေါ့လား။

Wednesday, 22 October 2008

ဘာဘဲလုပ်လုပ် မလောနဲ့ (၂)

မောင်ဖြူတစ်ယောက်အတော်လေးဆင်းရဲရှာပါတယ်။ မနက်စာကို ညနေမှပေါင်းစားရတဲ့အကြိမ်ပေါင်းလဲ မနည်းတော့ဘူး။ ဒါပေမဲ့ သူက ပွဲအရမ်းကြိုက်တယ်။ ဆိုင်းသံဗုံသံကြားရင် နေလို့ထိုင်လို့မရတော့ဘူး။ ခြေလှုပ် လက်လှုပ် ခေါင်းလှုပ် ကွေးနေအောင်ကတော့တာပါဘဲ။ ဒါပေမဲ့ သူ့မှာ ရှုမငြီးတဲ့ ချစ်ဇနီးမယားလေးတစ်ယောက်ရှိတယ်။

တစ်နေ့
တစ်ဖက်ရွာမှာ အလှူရှိတယ်။ အဲဒီအလှူပွဲမှာ ဇာတ်ပွဲပါသွင်းတယ်။ အလှူပွဲကို သူသွားမစားနိုင်ပါဘူး။ တစ်နေကုန် တစ်ခြားနေရာမှာ အလုပ်သွားလုပ်နေရတယ်။ ညနေစောင်းမှ အလုပ်ကပြန်ရောက်တယ်။ တစ်ဖက်ရွာက လွင့်လာတဲ့ ဆိုင်းတီးသံကြားရတယ်ဆိုရင်ဘဲ သူဂဏှာမငြိမ်တော့ဘူး။ ထမင်းကို ကပျာကယာစားပြီး ချွေးသံတရဲရဲနှင့် တစ်ယောက်ထဲ တစ်ဖက်ရွာကို သွားတယ်။

တစ်ဖက်ရွာမရောက်ခင် (နှစ်ရွာအကြားမှာ) ရေကန်တစ်ကန်ရှိတယ်။ ပွဲခင်းထဲသွားမှာ ဆိုတော့ ရေချိုးသွားမှဖြစ်မယ်၊ အလုပ်ကပြန်လာခဲ့တာဆိုတော့ ခန္ဓာကိုယ်လဲ ညစ်ပစ်နေပြီ။ မိုးလဲချုပ်နေပြီ။ ဘယ်သူမှလဲ မြင်မှာ မဟုတ်ပါဘူး။ အင်္ကျီကိုချွတ်။ ပုဆိုးကိုချွတ်။ ရေကန်ထဲ ၀ုန်းကနဲ ခုန်ဆင်းလိုက်တယ်။ ဆိုင်းသံဗုံသံက ပိုမြည်လာသလားအောက်မေ့ရတယ်။ ပွဲကြည့်ချင်ဇောနဲ့ ခပ်မြန်မြန်ဘဲ ရေကန်ထဲကတက်။ အင်္ကျီကိုကောက်စွပ်ပြီး ပွဲခင်းထဲ အရောက်လှမ်းခဲ့ပါတော့တယ်။

ပွခင်းထဲရောက်တော့ သူ့ကိုကြည့်တဲ့သူတွေ မူမမှန်ဖြစ်နေတာတွေ့ ရတယ်။ တစ်ချို့ သူတွေကျတော့ ပြုံးစိစိ။ မိန်းခလေးတွေကျပြန်တော့ အမလေး..အော်ပြီး မျက်နှာကို လက်ဝါးနှင့်အုပ်ထားကြပြန်ရော။ လူတွေ.. လူတွေ အနားက ခွါခွါသွားကြတာ.. ဘာဖြစ်လို့ပါလိမ့်။

ဒီလူတွေနဲ့တော့ခက်တယ်။ ဒီအနားမှာ နေလို့မဖြစ်ချေဘူး။ ပွဲကြည့်စင်မီးရောင်အောက်ကိုသွားမှ။ အဲဒီမီးရောင်အောက်ကိုရောက်မှဘဲ လူတွေပိုပြီး ရုတ်ရုတ်ရက်ရက် ဖြစ်သွားတယ်။ ကြာလာတော့ သူစိတ်ညစ်လာတယ်။ ကဲ ကဲ တစ်ခုခုတော့ မှားနေပြီ။ အိမ်ပြန်တာဘဲကောင်းတယ်။ တော်တော်စိတ်ညစ်စရာကောင်းတဲ့လူတွေ။

ပွဲမကြည့်တော့ မောင်ဖြူတစ်ယောက် အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့ မိန်းမကို အိမ်တံခါးဖွင့်ခိုင်းလိုက်တယ်။
မိန်းမက "မောင်ရေ.. ပွဲမကောင်းလို့အစောကြီးပြန်လာတာလား။ ဒါမှမဟုတ် ပြဿနာဖြစ်လို့ပြန်လာတာလား" ဆိုပြီး တံခါးကိုဖွင့် မီးခွက်ထွန်းပြီး လင်တော်မောင်ကြည့်လိုက်တယ်။ လင်တော်မောင်ကိုကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ဘူး။ တဟီးဟီးနဲ့ အကြာကြီးရယ်နေတယ်။

မောင်ဖြူလဲ ပွဲခင်းထဲ စိတ်ညစ်လာတာကတစ်ကြောင်း မိန်းမက အဓိပ္ပါယ်မရှိ တဟီးဟီးရယ်နေတာကတစ်ကြောင်း စိတ်တိုလာတယ်။ ဒါကြောင့် မိန်းမကို ရိုက်မယ်ဆိုပြီး ပုဆိုးခါးတောင်းကြိုက်မယ်လုပ်မှ သူ့ခန္ဓာကိုယ် အောက်ပိုင်းမှာ ပုဆိုးမပါလာတာကို သိသွားတယ်။
ပွဲအသွားတုန်းက ပွဲဇောနဲ့ အင်္ကျီဘဲဝတ်ပြီး ပုဆိုးကိုမ၀တ်ဘဲ ရေကန်မှာကျန်နေရစ်ခဲ့တာကို မောင်ဖြူသတိရသွားတယ်။
.................

မောင်ဖြူအကြောင်းစဉ်းစားရင်းနဲ့ဘဲ ဖုန်းကဒ်ရောင်းတဲ့ဆိုင်နားရောက်လာတယ်။ စိတ်ထဲမှာကတော့ "ဖုန်းကဒ်ရောင်းတဲ့သူက ကုလားဆိုတော့ ပြန်ရတော့မှာ မဟုတ်ပါဘူး၊ ကုလားဆိုတာ လူညစ်တွေလို့ သူငယ်ချင်းတွေ ပြောတာကြားဖူးတယ်" ဆိုပြီး စိတ်ဓါတ်ကတော့ ခပ်ကျကျဘဲ။ သူ့ဆိုင်ကို လှမ်းကြည့်လိုက်တော့ ဖုန်းကဒ်ဝယ်နေတဲ့သူတွေက အများကြီး။
စောင့်နေဦးမှဖြစ်မယ်။ တော်ကြာ ပိုက်ဆံပြန်မရတဲ့အပြင် အရှက်ပါကွဲနေရင်ဒုက္ခ။
လူစဲသွားတဲ့အခါမှာ သူ့ဆိုင်ကို သွားပြီး အကျိုးအကြောင်းရှင်းပြလိုက်တယ်။

သူပြန်ပြောတာကတော့
"ခင်များက တော်တော် အရေးကြီးနေပုံဘဲ။ ခင်များပိုက်ဆံပေးဖို့ ကျနော်လိုက်ခေါ်သေးတယ်။ ခင်များက မကြားဘူး။ ကျနော့်ဆိုင်မှာက ကျနော်တစ်ယောက်ထဲဖြစ်နေတဲ့အတွက် လိုက်လို့လဲမပေးနိုင်ဘူး။ လာတောင်းတဲ့အခါ ဘယ်အချိန်ဘဲဖြစ်ဖြစ် ပြန်ပေးမယ်ဆိုပြီး သိမ်းထားလိုက်တယ်။ ရော့..ဒီမှာ.. ခင်များ ပိုက်ဆံ ၁၀ ပေါင်"

ကျနော် အတော်လေး ပျော်သွားတယ်၊ ပြန်ရမယ်မထင်တဲ့ ပိုက်ဆံ ပြန်ရခဲ့တာကိုး။ တစ်ခါမှ ဘယ်သူ့ကိုမှ လှိုက်လှိုက်လှဲလှဲ မပြောခဲ့ဖူးတဲ့ "ကျေးဇူးအရမ်းတင်တယ် Thank you very (very) much" ဆိုတဲ့ စကားကို သူ့လက်ဆွဲပြီး ပြောဖြစ်လိုက်တယ်။ ပြီးမှ ထီရောင်းတဲ့ဆိုင်ဘက် ထပ်ပြီး ဦးလှည့်လိုက်တာပေါ့ဗျာ။
..............

ဒါကြောင့် ကျနော်နှင့်မောင်ဖြူ မေ့တတ်ပုံချင်းခပ်ဆင်ဆင်လို့ပြောခဲ့တာပါ။

ဒီဖြစ်အင်လေးကို သင်ခန်းစာယူပြီး အားလုံးကို ကျနော် ပြောချင်တာကတော့---
"ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ် ဆိုတဲ့ ယာဉ်စည်းကမ်းအတိုင်းဘဲ ဘာဘဲလုပ်လုပ် မလောကြပါနဲ့" လို့။

ဘာဘဲလုပ်လုပ် မလောနဲ့ (၁)

ဒီနေ့ နေရောင်ခြည်မြင်ရတယ်၊ အင်္ဂလန်မှာက သိတဲ့အတိုင်းဘဲ ရေချိုးရတာထက် နေချိုး (Sun-bathing)ရတာကို အတော်ကြိုက်ကြတာကလား။ နေထွက်တဲ့နေ့တွေမှာဆို အင်္ဂလိပ်လူမျိုးတွေ Park (ပန်းခြံ)တွေထဲမှာ တုံးလုံးပက်လက် ပိုးစိုးပက်စက် နေချိုးနေကြတာ တွေ့ရစမြဲ။ ကျနော်လဲ မြန်မာပီပီ (ဟိတ်ဟန်အပြည့်နဲ့)နေရောင်ခြည်ကို ချိုးသုံးရင်း လမ်းလျောက်ထွက်ဖြစ်တယ်။
လမ်းလျောက်ရင်း စဉ်းစား၊ စဉ်းစားရင်းလမ်းလျောက်။

"ဒီနေ့ မြန်မာနိုင်ငံကို ဖုန်းဆက်စရာရှိတယ်၊ ဖုန်းကဒ် တစ်ဆယ်ဖိုးဝယ်ရမယ်၊
၂၀ဘဲ ယူခဲ့တာဆိုတော့ ကျန်တဲ့ ၁၀ ကို ထီထိုးမယ်။ သူတို့ခေါ်တဲ့ Jackpot အမြင့်ဆုံးဆုကြီးတာပေါက်ရင်တော့ ဟဲ ဟဲ ကမ္ဘာ့မီလျံနာ သူဌေးကြီးဖြစ်ပြီပေါ့"

စဉ်းစားရင်းနှင့်ဘဲ ဖုန်းကဒ်ရောင်းတဲ့ ဆိုင်နားရောက်လာတယ်။ ရောင်းတဲ့သူက ကုလားစစ်စစ်။ ကျနော် တိုတိုရှင်းရှင်းဘဲ ပြောလိုက်တယ်။

"UniAsia two, Cobra one"

UniAsia ဆိုတဲ့ ဖုန်းကဒ်က နှစ်ကဒ်ဝယ်ရင် ၅ပေါင်နှင့်ရတယ်၊ Cobra က တစ်ကဒ်ကို ၅ပေါင်။ စုစုပေါင်း ၁၀ပေါင်ပေါ့ဗျာ။
UniAsia တစ်ကဒ်ကို မြန်မာနိုင်ငံကိုပြောရင်(တစ်ဆက်ထဲပြောရင်)မိနစ် ၂၀ လောက်အချိန်ရတယ်။ Cobra တစ်ကဒ်ကို မိနစ် ၉၀ လောက်ရတယ်။
အခုခေါ် အခုပြန်ချ၊ ပြီးမှထပ်ခေါ်ဆိုရင်တော့ မိနစ်တွေ တစ်ဝက်မက စားသွားတယ်။ ကြာကြာပြောလို့မရတော့ဘူး။
ဒါကြောင့် ကျနော်က လိုရမယ်ရ ၁၀ဖိုး ၃ ကဒ်ဝယ်လိုက်တယ်။ တစ်ဆယ်ဖိုးဝယ်တဲ့ အတွက် ပဲနိနှစ်ဆယ် လျော့ပေးတယ်။
စုစုပေါင်း ၉ ပေါင်နှင့် ၈၀ ပဲနိ။

ကျနော် ပေါင် ၂၀ တိတိပေးလိုက်တယ်။ သူ ဖုန်း ၃ ကဒ်ပေးတယ်၊ ပြီးတော့ ၂၀ ပဲနိ ပြန်အမ်းပေးတယ်။ ကျနော်လဲ ဖုန်းကဒ် ၃ ကဒ်နှင့် ပဲနိ ၂၀ကို ယူပြီး ထီရောင်းတဲ့ဆိုင်ကို တန်းလစ်တော့တာပါဘဲ။ ထီထိုးဖို့စိတ်က လောနေတာကိုး။

ထီရောင်းတဲ့ဆိုင်ရောက်ပြီ။ ထီလက်မှတ်ကိုယူ။ စိတ်ကြိုက်ဂဏန်းကိုရွေးချယ်။ ငွေချေဖို့ကောင်တာကိုသွား။ ပိုက်ဆံအိတ်ထဲ နှိုက်ကြည့်လိုက်တော့.. ဟိုက် ရှာလပတ်ရည်.... ပဲနိ ၂၀ ဘဲ ရှိနေပါလား။ ထီလက်မှတ်က တစ်စောင်ကို ၁ ပေါင်။ ရွေးချယ်ပြီးတဲ့ ထီလက်မှတ်က ငါးစောင်။

ဖုန်းကဒ်ဝယ်တာက ၁၀ ပေါင်ဖိုးထဲ။ ကျန်တဲ့ ၁၀ ပေါင် ဘယ်ရောက်သွားပါလိမ့်။ စေ့စေ့တွေးကြည့်မှ ရေးရေးပေါ်လာတယ်။
ဟာ... သွားပြီ....ဖုန်းကဒ်ဝယ်တုန်းက ပေါင် ၂၀ ပေးလိုက်တာ။ ၁၀ ပေါင်နှင့် ၂၀ ပဲနိ ပြန်အမ်းရမှာ။ ဖုန်းကဒ် ၃ ကဒ်နှင့် ပြန်အမ်းငွေ ၂၀ ပဲနိဘဲ ယူပြီး (၁၀ ပေါင်အပေးကို မစောင့်ဘဲ) ထီရောင်းတဲ့ဆိုင်ကို တမ်းပြေးလာခဲ့တာကိုး။

၁၀ ပေါင်ထဲဘဲလေဆိုတဲ့ အတွေးနှင့် သိပ်ပြီးမနှမြောဘူး။ ဒါပေမဲ့ ကျနော်က မြန်မာလူမျိုးလေ။ မြန်မာငွေနှင့်တွက်ကြည့်လိုက်တယ်။ ဘုရား...ဘုရား ကျပ်နှစ်သောင်းကျော်တန်ဖိုးရှိနေပါလား။ မဖြစ်ချေဘူး ပြန်သွားတောင်းမှ ဖြစ်မယ်။ ရွေးချယ်ပြီးသား ထီလက်မှတ်ကို အသာလေးပြန်ထားပြီး ဖုန်းကဒ်ရောင်းတဲ့ ဆိုင်ဘက်ကို အပြေးလေးခြေဦးလှည့်ခဲ့တယ်။ တော်ကြာ.. သူ မမှတ်မိဘဲဖြစ်နေမှ ဒုက္ခ။

အပြေးလေးလာရင်းနဲ့ဘဲ.. ကျနော့်အဖြစ်က ကြာနီကန်ဆရာတော် ဟောကြားခဲ့တဲ့ မောင်ဖြူ ပုံပြင်နှင့်ခပ်ဆင်ဆင်ဖြစ်နေတာကို ပြေးမြင်ယောင်မိရင်း ၁၀ ပေါင်ပြန်မရမှာ စိုးရိမ်တဲ့ကြားထဲက ပြုံးစိစိဖြစ်မိသေးတယ်။

မောင်ဖြူလို လူမျိုးထဲ ကျနော်လဲ ပါဝင်နေပြီထင်ပါရဲ့ ။

Tuesday, 21 October 2008

ငါဖြစ်နိုင်ရင် မင်းလဲဖြစ်နိုင်တယ်



"If I can, you can ငါဖြစ်နိုင်ရင် မင်းလဲဖြစ်နိုင်တယ်။"
သူတိုင်တိုင် (အိပ်ရာထဲကထလို့မရအောင် ၀နေတဲ့အတွက်) စိတ်ဓါတ်ကျနေတဲ့ ရက်တွေများနေပေမဲ့ Obesity လို့ခေါ်တဲ့ အ၀လွန်ဝေဒနာရှင်က အခြားအ၀လွန်နေသူများကို အားပေးတဲ့ စကားတစ်ခွန်းပါ။ သူက မက္ကစီကိုနိုင်ငံမြောက်ပိုင်းး၊ မွန်တာရီပြည်နယ်ကပါ။

သူ ဒီစကားကိုပြောတာ အကြောင်းရှိပါတယ်၊ ဘာလို့လဲဆိုတော့ သူက ကမ္ဘာပေါ်မှာ လက်ရှိအ၀ဆုံးလူသားဖြစ်နေလို့ပါဘဲ။
သူရဲ့ မူလအလေးချိန်က ၅၆၀ ကီလိုဂရမ် (တန်ဝက်)။ အာဟာရဗေဒပညာရှင်တွေရဲ့ ညွန်ကြားချက်အရ ၀ိတ်ကျအောင် ဓါတ်စာစားပြီး Diet လုပ်ခဲ့တဲ့အတွက် အခုဆိုရင် ၁၈၅ ကီလိုဂရမ်ကျသွားပြီးပြီ။ နောက်လဲ ထပ်ကျဖို့များပါတယ်။

သူ့ရဲ့ အဓိက ဓါတ်စာကတော့ နေ့စဉ် သံလွင်ဆီထည့်ပြီးချက်ထားတဲ့ (အချိုဓါတ်ဟော်မုန်းကို အားနည်းစေတဲ့) ကြက်သားမုန့်ညှင်းဟင်း၊ ခရမ်းချဉ်သီးနှင့် ငရုပ်နီအစိမ်းတွေပါဘဲ။ ဒါပေမဲ့လို့ ငါး အသား အသီးအနှံနှင့် ဟင်းသီးဟင်းရွက်
အချို့ ကိုလဲ အညီအမျှစားခွင့်ပေးထားပါတယ်။
ကံကောင်းတာတစ်ခုက သူ့မှာ ချစ်သူရှိတယ်။ သူ့ချစ်သူက အစစအရာရာ သူ့ကိုကူညီပေးတယ်။
အခု သူကတော့ ပြုံးပြုံးပျော်ပျော်ပါဘဲ။

ကမ္ဘာ့လူဦးရေသန်းပေါင်း ၆၀၀၀ ကျော်ရှိတဲ့အထဲက သန်းပေါင်း ၁၆၀၀ ဟာ Overweight ဖြစ်နေတယ်၊ အဲဒီအထဲက သန်းပေါင်း ၄၅၀ ဟာ အ၀လွန်ရောဂါတွေဖြစ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဆိုပါတယ်။

အ၀လွန်ပြီး စိတ်ညစ်နေတဲ့ မိတ်ဆွေများ သူ့ရဲ့  အားပေးစကားလေးကို သတိရပါ။
"If I can, you can" "ငါတောင်(၀ိတ်ချလို့)ဖြစ်နိုင်မှတော့ မင်းလဲ ဖြစ်နိုင်ပြီပေါ့" တဲ့။

ယောက်ျားတွေ ကိုယ်ဝန်ဆောင်လို့ရနေပြီ



ဓါတ်ပုံကြည့်ပြီးတော့ ထမင်းစားလွန်ပြီး ဗိုက်ကယ်နေတဲ့ လူတစ်ယောက်လို့ မတွေးလိုက်ကြနဲ့ ကိုယ့်လူတို့ရေ။
ကမ္ဘာပေါ်မှာ မဖြစ်နိုင်တာ မရှိသလောက်ဖြစ်နေပြီ။
ကြံကြံဖန်ဖန်ဗျာ။
ယောက်ျားတန်မဲ့ ကိုယ်ဝန်ဆောင်ရတယ်လို့။

သူ့နာမည်က မစ်စတာဘီတီတဲ့။ သူ့အသက်က ၃၄နှစ်။ သူ့ဇာတိက အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း။ သူ့မှာ နန်စီလို့ခေါ်တဲ့ ဇနီးမယားတစ်ယောက်ရှိတယ်။ ဇနီးခင်ပွန်းနှစ်ယောက် ပေါင်းဖော်ကြတာ ဇနီးမှာ ကိုယ်ဝန်မတည်ဘဲ လင်မှာ ကိုယ်ဝန်တည်တယ်ဆိုတော့ မလွန်လွန်းဘူးလားဗျာ။
ကျနော်တောင် ယောင်ယမ်းပြီး ကိုယ့်ဗိုက်နှင့်ကိုယ် ကိုင်စမ်းကြည့်မိလိုက်သေးတယ်။ သူ့ကလေး (သမီးလေး)ကို ၂၀၀၈ ဇွန်လ ၃၀ ရက် တနင်္ဂနွေနေ့မှာ အောင်မြင်စွာဘဲ မွေးဖွားနိုင်ခဲ့ပါတယ်။ မွေးဖွားပေးခဲ့တဲ့နေရာကတော့ အမေရိကန်၊ အော်ရေဂန်ပြည်နယ်၊ ဘင်ဒ် ဆေးရုံမှာပါ။
ကလေးရော အမေပါ (အဲ... အဖေပါ) နေကောင်းကျန်းမာလျက်ပါဘဲ။

သူ့အဆိုအရ မစ်စတာ ဘီတီဟာ မွေးဖွားစဉ်က မိန်းခလေးပါ။ မော်ဒယ်မလေးတောင်လုပ်ခဲ့သေးတယ်။ အသက် ၂၀ ကျော်လာမှ မိန်းခလေးဘ၀ကနေ ယောက်ျားဘ၀ကို ဆရာဝန်တွေ အကူအညီနဲ့ ပြောင်းယူခဲ့တာပါ။ ဒါပေမဲ့ ကလေးရစေတတ်တဲ့ မမျိုးစေ့ဥတွေကိုတော့ ခန္ဓာကိုယ်ထဲက ထုတ်မပစ်ခဲ့ဘူးလို့ဆိုပါတယ်။
အခုလဲ အမည်မဖော်လိုသူ ဆရာဝန်တစ်ယောက်က ဖိုမျိုးစေ့ကို သူ့ ခန္ဓာကိုယ်ထဲဆေးထိုးပြွန်မှတစ်ဆင့် သွင်းပေးခဲ့တာလို့ သိရကြောင်းပါခင်ဗျာ။

အို... အသင်လောက
ထူးဆန်းမှုတွေ ပြင်းထန်လွန်းလှပါလားလို့ ငြီးတွားရမလိုတောင်ဖြစ်နေပြီ။

အတုတွေ... အတုတွေ


စက်တင်ဘာ ၁၃ ရက်နေ့ထုတ် Daily Mail သတင်းစာလေးကို ဖတ်လိုက်တယ်။ အံ့ရောဗျာ... ဒီလိုမျိုး Techonology တွေ အရမ်းတိုးတက်နေတဲ့ နိုင်ငံကြီးမှာတောင် အတုတွေပေါ်နေပါလား။ စတာလင်ပေါင်အတုတွေပါ။ နဲနဲနှောနှော မဟုတ်ဘူး။ တစ်ပေါင်တန်အစေ့ပေါင်း သန်း ၃၀။ ဒီလိုလေးရေးထားတယ်။

Have you got a fake #1? 30million coins are counterfeit.
တစ်ပေါင်တန်အတုတွေ အသင်တို့လက်ထဲရှိနေလား၊
တစ်ပေါင်တန် အစေ့အတုတွေ သန်း ၃၀ ကျော်ရှိနေတယ်။

ဘုရား... ဘုရား.... မီလျံနာတွေ လက်ထဲ အဲဒါတွေ ရောက်သွားရင် ကိစ္စမရှိဘူး။ ကျနော်တို့လို ပေါင်စေ့လေးအချို့ ကို နှမြောပြီး (ကျောင်းတက်တာတောင် ဘတ်စ်ကားမစီးဘဲ) ကျစ်ကျစ်ပါအောင် ဆုပ်ထားရတဲ့ လူတွေလက်ထဲ ရောက်လာရင်တော့ ဧရာမဒုက္ခ။

အော်.. အတုဆိုတာ နေရာတိုင်းမှာ ရှိနေကြတာပါလား။

Monday, 20 October 2008

WWW နှင့် MMM (၅)

မနေ့က ငါပြောပြခဲ့တဲ့ မုန့်ဆီကြော်ရောင်းတဲ့ အဘွားကြီးရဲ့  မုန့်ဆီကြော်စားနည်းကို မောင်ရင် ကောင်းကောင်းမှတ်မိတယ်မဟုတ်လား။

ဟုတ်ကဲ့ ဘကြီးဖြိုး ကျနော် မှတ်မိပါတယ်။

အေး... အင်္ဂလိပ်တွေဟာ အဲဒီမုန့်ဆီကြော်စားနည်းအတိုင်းဘဲ ဒို့ မြန်မာနိုင်ငံကို ၀ါးမြို ပစ်လိုက်တာကွ။


ပထမအနေနဲ့
M= Marketing လို့ခေါ်တဲ့ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုကို စတင်ပြုလုပ်တယ်။ ဥပမာအားဖြင့် သံထည်ပစ္စည်းတွေကို သွင်းကုန်လုပ်ပြီး ဒို့မြန်မာနိုင်ငံရဲ့  ကျွန်းသစ်တို့ကို ၀ယ်ယူလေ့ရှိကြတယ်။ ပြီးတော့ မောင်ရင်တို့ ရင်းနှီးနေပြီးဖြစ်တဲ့ ဘိလပ်မြေတို့ ဘိလပ်ရည်တို့ဆိုတဲ့ နာမည်တွေဟာ အဲဒီအင်္ဂလိပ်တွေရဲ့  နာမည်တွေပေါ့ကွာ။
ဘိလပ်ဆိုတာ ဗြိတိသျှ(အင်္ဂလန်)ကို ခေါ်တာပါ။ ဘိလပ်ပြန် ဘယ်သူ ဘယ်ဝါ ဆိုပြီးနာမည်ယူကြတာ မောင်ရင်လဲ ကြားဖူးမှာပေါ့။ ကုန်းဘောင်ခေတ်အစပိုင်းလောက်ကတည်းက အင်္ဂလိပ်တွေက မြန်မာတွေနှင့် ကူးသန်းရောင်းဝယ်မှုတွေရှိနေကြပြီ။ အဲဒီ ရောင်းဝယ်ဖောက်ကားမှုတွေ
တိုးချဲ့ လေ ကြောက်စရာကောင်းလေဘဲ။ အဲဒီနည်းနဲ့ ဘဲ သူတို့ ချဉ်းကပ်ကြတာကိုးကွ။

ဒုတိယအနေနဲ့
M= Missionary ဆိုတဲ့ သာသနာပြု Mission လုပ်ငန်းကြီးပေါ့ကွာ၊ သူတို့ရဲ့ ခရစ်ယာန်ဘာသာပြန့်ပွါးဖို့ သာသနာပြုအဖွဲ့အစည်းတွေ ၀င်ရောက်လာကြတယ်။ ဒို့မြန်မာ ဗုဒ္ဓဘာသာသာသနာပြုဘုန်းကြီးတွေဟာ နယ်စပ်နှင့်တောင်တန်းဒေသသာသနာပြုလုပ်ငန်းစတင်တာ သူတို့ထက် အများကြီးနောက်ကျတယ်။ သူတို့က တကယ်ဆင်းရဲနွမ်းပါးနေတဲ့ တောင်တန်းနှင့်နယ်စပ်က မြန်မာတိုင်းရင်းသားတွေကို စားစရာ ၀တ်စရာ နေထိုင်စရာ ဆေးဝါးကအစ အကုန်ပေးပြီး စည်းရုံးရေးဆင်းတယ်၊ ခပ်မြန်မြန်ဘဲ တောင်တန်းတစ်လျောက် ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်သွားကြတယ်လေ။
ဆရာယုဒသန်ဆိုရင် အင်္ဂလိပ် မြန်မာ အဘိဓာန်တောင် ပထမဦးဆုံးအနေနဲ့ ပြုစုပြသွားလိုက်သေးတယ်။
ရန်ကုန်မြို့တော်မှာ စိန်ပေါကျောင်းတို့ စိန်ဂျွန်းကျောင်းတို့ ဆိုတာ တကယ့် ခရစ်ယာန်ကျောင်းတွေပေါ့။
ဒီလိုနည်းနဲ့ဘဲ သူတို့ အင်အားတောင့်တင်းသွားကြတယ်။

တတိယနည်းအနေနဲ့
M= Military လို့ခေါ်တဲ့ စစ်တပ်ကြီးဝင်ရောက်လာတော့တာဘဲ။ ပထမနည်းနှင့်ဒုတိယနည်းတွေကို တိတိကျကျ သေသေချာချာ အသုံးပြုပြီးဖြစ်တဲ့အတွက် တတိယနည်းကို သုံးတဲ့နေရာမှာ အရမ်းလွယ်ကူသွားတယ်။ ကြက်ကလေး ငှက်ကလေးတွေကို ဖမ်းသလိုဘဲ သီပေါမင်းကို အေးအေးဆေးဆေးဘဲ ဖမ်းဆီးသွားတယ်။
တိုက်ခိုက်ရေးနည်းဗျူဟာချင်းကကွာ၊ လက်နက်ချင်းကမမျှတ၊ ဒီကြားထဲ သစ္စာဖောက်မြန်မာတွေက ပေါ်လာဆိုတော့ လွယ်မှလွယ်။ သူတို့ဘက်တော်သားတွေကလဲ အထဲမှာ စိမ့်ဝင်နေရာယူထား။ အသာလေးဘဲ မြန်မာနိုင်ငံဟာ သူတို့ရဲ့ လက်ထဲကို နေ့ချင်းညချင်းဆိုသလို ရောက်ရှိသွားတယ်။
ကဲ.. ကဲ.. ဒါ ငါအကျဉ်းချုပ်ပြီးပြောပြတာဘဲကွာ။ နောက်ကြုံကြိုက်ရင်လဲ တစ်ခြားအကြောင်းလေးတွေ ဆက်ဆွေးနွေးကြသေးတာပေါ့။ အခု ထမင်းပွဲလဲ ပြင်ပြီးပြီ၊ ထမင်းစားပြီးမှဘဲ ပြန်၊ လာ ထမင်းသွားစားကြစို့။

ကျနော်လဲ ဘကြီးဖြိုးတို့နှင့်အတူ ညနေစာထမင်းအတူစားပြီးတဲ့နောက်၊ နှုတ်ဆက်ပြီး ဘကြီးဖြိုးအိမ်က ပြန်လာခဲ့ပါတော့တယ်။ ဘကြီးဖြိုး ဗဟုသုတ အတော်စုံတာဘဲ လို့ အပြန်လမ်းမှာ တွေးတောရင်း ဘကြီးဖြိုးကို ကျနော် အတော်လေး လေးစား အထင်ကြီးမိသွားတယ်။
ကျနော် သူ့ဆီနောက်တစ်ခေါက်မက ထပ်သွားဦးမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။
......................................

လန်ဒန်ရောက်ပြီး အဒေါ်တစ်ယောက်ပြောပြတဲ့ W သုံးလုံး (WWW) ကို ကြားပြီးတဲ့နောက် ကျနော် ရေရွတ်မိတာကတော့--
"အင်္ဂလိပ်လူမျိုးတွေဟာ M သုံးလုံး (MMM)နှင့် မြန်မာနိုင်ငံကို သိမ်းယူနိုင်ခဲ့ပေမဲ့ အင်္ဂလန်မှာW သုံးလုံး (WWW)ကတော့ {ကက်ကင်းပြန်နေလို့လားမသိ} အစိုးမရရှာပါလားနော်" လို့။

WWW နှင့် MMM (၄)

နောက်တစ်နေ့
မိုးလင်းကထဲက ကျန်တော် အဲဒီဦးလေးကြီးအိမ်ကို သွားချင်နေတာ။ M သုံးလုံးအကြောင်းကို သိချင်စိတ်က အရမ်းပြင်းပြနေတာကိုး။ အဲဒီ M သုံးလုံးက ဘယ်လောက်အထိအရေးပါ အရာရောက်လို့  အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ရသလဲပေါ့။
.........................................

အဲ... အဲဒီ ဦးလေးကြီးအကြောင်း နဲနဲမိတ်ဆက်ပေးလိုက်ဦးမယ်။
ဦးလေးကြီးရဲ့ နာမည်က တစ်လုံးတည်း၊ ဦးဖြိုးတဲ့။ ကျနော်တို့က ဘကြီးဖြိုးလို့ဘဲ လွယ်လွယ်ခေါ်ကြတယ်။
သူက ပဇင်းလူထွက် လူပျိုလူလွတ်ကြီးပေါ့။ ရန်ကုန်က နာမည်ကြီး ပရိယတ္တိစာသင်တိုက်တစ်ခုမှာ ရဟန်းငါးဝါအထိ စာသင်ဖူးတယ်လို့  သူခဏခဏပြောလေ့ရှိတယ်။

စာသင်တိုက် စည်းကမ်းက အရမ်းကြပ်။ သူက အတန်းစာတွေထက် ဗဟုသုတရေးရာ စာပေတွေကိုဘဲ စိတ်ဝင်စား။ ရှေ့ သို့ဂျာနယ် နိုင်ငံတကာရေးရာဂျာနယ်တွေကို လစဉ် မလွတ်တမ်းဖတ်။ ဒါနဲ့ဘဲ ကျောင်းအုပ်ဘုန်းကြီးက သူ့ကို စာမကျက်ရကောင်းလားဆိုပြီး မကြာမကြာ ကြိမ်းမောင်းတယ်လို့ ပြောပြတယ်။ သူလဲရဟန်းဘ၀နှင့်နေထိုင်ရတာ မနှိပ်ပါဘူး ကိုယ်ဖတ်ချင်တဲ့စာလဲ မဖတ်ရဘူး ဆိုပြီး ရဟန်းငါးဝါအရမှာ ရွာပြန်ပြီး လူဝတ်လဲလိုက်တယ်။

လူဝတ်နှင့်နေထိုင်ပေမဲ့ စိတ်က ဘုန်းကြီး စိတ် ဆိုတော့ အိမ်ထောင်ပြုဖို့လဲ စိတ်မ၀င်စားဘူး။ မိဘအိမ်မှာနေထိုင်ရင်း စာဖတ်လိုက် ရွာဦးကျောင်းသွားလိုက်နဲ့ သူ့ဘ၀ကို အချိန်ကုန်လွန်စေတယ်။
မိဘတွေမရှိတဲ့နောက်ပိုင်းမှာ အိမ်ထောင်ကျပြီးသား သူ့နှမမိသားစုနဲ့ ဘဲ အတူနေထိုင်ရင်း အခုဆို
သူ့အသက်က ၅၀ကျော် ၆၀နီးနီး လူပျိုသိုးကြီးပေါ့ဗျာ။
......................................

ဗျို့ .... ဘကြီးဖြိုး

အေး.... မောင်ရင်.. လာ.. လာ မောင်ရင့်ကို စောင့်နေတာ။

ညနေငါးနာရီလောက်မှာ ကျနော် သူ့ အိမ်ရောက်သွားတယ်။

"ဗြိတိသျှတွေက သူများနိုင်ငံတွေကို လက်အောက်ခံ ကိုလိုနီ လုပ်တဲ့ နေရာမှာ
အလွန်ဥာဏ်ကြီးတာကွ"
ရေနွေးကြမ်းသောက်ရင်းနဲ့ဘဲ မနေ့က M သုံးလုံးအကြောင်းကို ဘကြီးဖြိုး နိဒါန်းပျိုးလိုက်တယ်။

"M သုံးလုံး ( MMM) လို့ပြောလိုက်တာနဲ့ Myanmar Military Members ဆိုပြီး
မြန်မာအကြောင်းကို ပြောနေတာလို့  မထင်လိုက်နဲ့ဦး မောင်ရင်၊
ငါတို့ငယ်ငယ်တုန်းကဆို M ဆိုတဲ့ စကားလုံးကို မြင်လိုက်တာနဲ့ မြန်မာနိုင်ငံ (Myanmar) ကိုဘဲ မြင်ယောင်နေကြတာ၊
အခု MMM ဆိုတာက
M= Marketing (ကုန်စည်ကူးသန်းရောင်းဝယ်မှု)
M= Missionary (သာသနာပြုအဖွဲ့အစည်းတွေစိမ့်ဝင်မှု)
M=Military (စစ်တပ်တွေ အလုံးအရင်း ကျူးကျော်မှု)
အဲဒီ သုံးမျိုးနှင့်ဘဲ ဒို့မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပိုက်သွားတာပေါ့ကွာ"

"ဘကြီးဖြိုး... ကျနော် သိပ်မရှင်းသေးဘူးဗျ၊ အဲဒီစာလုံးတွေကို သေချာရှင်းပြပေးပါလား"

အေး အေး... ငါသေသေချာချာ ရှင်းပြပေးပါ့မယ်၊
မင်းတို့လူငယ်တွေ တကယ်သိထားသင့်တဲ့ ကိစ္စတွေဘဲလေ" လို့ပြောပြီး ဘကြီးဖြိုးတစ်ယောက် ခပ်နွေးနွေးဖြစ်နေပြီဖြစ်တဲ့ ရေနွေးကြမ်း တစ်ခွက်ကို အတော်လေးမောသွားဟန်နဲ့  ဂလု ဂလု အသံမြည်အောင် သောက်နေပြီး နှုတ်ခမ်းကို လျာနဲ့သပ်ကာ ခဏရပ်နားနေလိုက်တယ်။

ကျနော်လဲ ဘကြီးဖြိုးရဲ့  ဟန်အမူအယာတွေကို ကြည့်ပြီး နားထောင်ချင်လွန်းအားကြီးတဲ့အတွက် စိတ်ထဲမှာ မကျေမနပ်နဲ့ တီးတိုးရေရွတ်နေမိလိုက်တယ်။
"ဘကြီးဖြိုးကလဲ အရေးထဲ ဈေးကိုင်နေပြန်ပြီ" ဟူ၍သာ။

Friday, 17 October 2008

WWW နှင့် MMM (၃)

ကျနော်ကလူတစ်မျိုးဗျ။ ဘောလုံးပွဲတွေဆို အရမ်းကြိုက်တယ်။ ဒါပေမဲ့ ဘောလုံးမကန်ရဲဘူး။ ကလေးတုန်းက ဘောလုံးကစားရင်း တစ်ဖက်က ကန်လိုက်တဲ့ ဘောလုံး ရင်ဘတ်ကို တိုက်ရိုက်ထိပြီး အီသွားအောင် ခံစားလိုက်ရတဲ့ အောင့်တောင့်တောင့်အရသာဆိုးကြီးကြောင့် ကျနော် ဘောလုံးကစားခြင်းမှ အနားယူလိုက်တာပါ။
ဒါပေမဲ့ Satellite ကလာတဲ့ ဘောလုံးပွဲတွေကိုတော့ မလွတ်တမ်း အမြဲကြည့်လေ့ရှိတယ်။ ကျနော့် Favourate team ကတော့ လူတကာကြိုက်တဲ့ မန်ယူပေါ့ဗျာ။

မှတ်မိသေးတယ် ၁၉၉၈ခုနှစ်တုန်းက မန်ယူ နှင့် ဘိုင်ယန်မြူနစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဆုံကြတယ်။ မိနစ် ၉၀ လုံးလုံး ဘိုင်ယန်မြူနစ်က ၁းဝ နဲ့ နိုင်ထားတယ်။ မန်ယူရှုံးပြီဆိုပြီး တစ်ချို့ သူတွေ သူတို့ အိမ်ပြန်သွားကြတယ်။
ကျနော်ကတော့ အေးအေးဆေးဆေးဘဲ ပွဲပြီးအောင်ကြည့်လိုက်တယ်။ မိနစ်ကိုးဆယ်ပြည့်ပြီး နာကျင်ချိန်လေးမိနစ်လောက်ထပ်ပေးတယ်။ အံ့သြစရာကောင်းလောက်အောင် အဲဒီလေးမိနစ်အတွင်းမှာဘဲ မန်ယူက ၂ ဂိုးထပ်သွင်းလိုက်ပြီး ၂း၁ နဲ့ ချန်ပီယံလိဂ်ရဲ့  ချန်ပီယံဖလားကြီးကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။

မန်ယူကိုအသဲစွဲအောင် ကြိုက်တဲ့အတွက် ကမ္ဘာ့မြေပုံတစ်ချပ်ကိုယူပြီး မန်ယူတည်နေရာကို လိုက်ရှာကြည့်တယ်။ အင်္ဂလန်နိုင်ငံရဲ့ မြောက်ပိုင်းမှာ ရှိတဲ့ မြို့ လေးတစ်မြို့ ပါဘဲ။ မန်ယူကိုတည်နေရာ မန်ချက်စတာမြို့ ကို လိုက်ရှာရင်း အင်္ဂလန်နိုင်ငံတစ်ခုလုံးရဲ့  မြေပုံကို အကဲခတ်မိလိုက်တယ်။
အင်္ဂလန်တစ်နိုင်ငံလုံးရဲ့  အကျယ်အ၀န်းက ကျနော်တို့ မြန်မာနိုင်ငံရဲ့  တစ်ဝက်လောက်တောင်မကျယ်ဘူး။

ဒီမှာတင် ဘောလုံးအကြောင်းကို အသာမေ့ထားပြီး ဘာဖြစ်လို့ ဒီလောက်သေးတဲ့ နိုင်ငံလေးက သူ့ထက်အဆပေါင်းများစွာကြီးတဲ့ အိန္ဒိယ၊ မြန်မာစတဲ့ နိုင်ငံတွေကို ကိုလိုနီ (လက်အောက်ခံ) လုပ်နိုင်ရတာလဲ ဆိုတဲ့ အတွေးတွေဘဲ ခေါင်းထဲမှာ ချာချာလည်နေခဲ့တယ်။ ဒီအကြောင်းကို သိမယ်ထင်တဲ့သူတွေကို လိုက်ပြီး မေးကြည့်ဖြစ်တယ်။ ဦးလေးတစ်ယောက်ရဲ့ အဖြေကို ပိုသဘောကျမိတယ်။ သူက မင်းတို့ ကို ပုံပြင်တစ်ခု ပြောပြမယ်၊ သေချာနားထောင်ကြဆိုပြီး မင်းသားလေးတစ်ယောက်အကြောင်းကို ပြောပြတယ်။
.......................

တစ်ခါတုန်းက နန်းတော်တစ်ခုမှာ မင်းသားလေးတစ်ယောက်ရှိတယ်။ အဲဒီမင်းသားလေးဟာ ကံဆိုးစွာနဲ့ ဘဲ လုပ်ကြံတဲ့ပြစ်မှုအတုတစ်ခုနှင့်တိုင်းပြည်က နှင်ထုတ်ခံရတယ်။ သူလဲ နယ်စပ်တစ်ခုမှာ စခန်းချကာ လူသူလက်နက် စုဆောင်းပြီး မြို့ တော်ကို ခဏခဏလာတိုက်တယ်။ ဒါပေမဲ့ တိုက်တိုင်း သူအရှုံးနဲ့ ရင်ဆိုင်ရတာချည်းပါဘဲ။

ဒါကြောင့်မို့  မင်းသားလဲ စစ်ရှုံးတာ အကြောင်းတစ်ခုခုတော့ရှိရမယ်ဆိုပြီး မြို့ တော်ကိုကိုယ်တိုင် ရုပ်ဖျက်လို့  စုံစမ်းဖို့  တိတ်တစ်ဆိတ် ထွက်လာခဲ့တယ်။ မြို့ တစ်မြို့ ရဲ့  လမ်းဆုံဒေါင့်လေးတစ်ခုမှာ မုန့် ဆီကြော်ရောင်းနေတဲ့ အဘွားကြီးတစ်ယောက်ရှိတယ်။ ကလေးတစ်ယောက် အဘွားကြီးဆီက မုန့် ဆီကြော်ဝယ်ပြီး အဲဒီအနားမှာဘဲ စားနေတယ်။ ကလေးက မုန့် ဆီကြော်ကို အလည်ပိုင်းက စပြီး ကိုက်စားတယ်။ ဒါကြောင့်မို့ သူ့ ရဲ့  နှုတ်ခမ်းတွေမှာ ဆီတွေပေကုန်တယ်။ မုန့် ဆီကြော်ကိုသိတယ်မဟုတ်လား။ ဒီလောက်ကြီးတဲ့ အချပ်ကြီးကို အလည်ခေါင်ကစပြီး ကိုက်ဖောက်စားမှတော့ ပေကုန်ရောပေါ့။ အဘွားကြီးက ကလေးကို ပြောလိုက်တယ် "ဟေ့ကောင်လေး.... မုန့် ဆီကြော်စားတာကို ဟိုမင်းသား ပုန်ကန်သလို မလုပ်စမ်းပါနဲ့ "

အဲဒီအချိန်မှာ ဗိုက်ဆာလာလို့  မင်းသားကလဲ မုန့် ဆီကြော်ဝယ်စားဖို့ အနားမှာ စောင့်နေတယ်လေ။ အကုန်လုံးမြင်ရ ကြားရတာပေါ့။ မင်းသားလဲ မုန့် ဆီကြော်ဝယ်စားရင်း စိတ်ဝင်တစား အဘွားကြီးကို မေးကြည့်တယ် "အဘွား... မင်းသား ပုန်ကန်တာ နှင့် ဟိုကလေး မုန့်ဆီကြော်စားတာ ဘာဆိုင်လို့လဲ"

"ဆိုင်လှပြီကော မောင်ရာ မုန့်ဆီကြော်ကို အလည်ကစပြီး ကိုက်စားရင် မောင်ရင် မြင်တဲ့အတိုင်းဘဲလေ၊ အဆင်မပြေဘူး၊ လွယ်လဲ မလွယ်ကူဘူး။ ပါးစပ်လဲ ပေကုန်တာပေါ့။ နဘေးသားလေးတွေက စပြီးကိုက်စားရင် လွယ်လွယ်လေးဘဲ။ ပါးစပ်ဆီပေစရာလဲ မလိုဘူး။
ဟိုမင်းသားလဲ မြို့ တော်ကို စပြီး ချီတက် ပုန်ကန်တိုက်ခိုက်မှတော့ အင်အားခြင်းမှ မညီမျှတာ စစ်ရှုံးမှုာပေါ့။ နယ်စပ်တွေမှာ စစ်မက်ဗိုလ်ပါ ရဲမက် လက်နက်တွေ စုဆောင်းပြီး အင်အားလုံလုံလောက် တောင့်တင်းတဲ့အခါမှာမှ အဲဒီနယ်စပ်တစ်လျောက်က မြို့ လေးတွေကို သစ္ခာအရင်ခံခိုင်း နယ်တွေအားလုံးကိုယ့်ဘက်ပါလာပြီဆိုတဲ့ အချိန်ရောက်မှ လာပုန်ကန်ရင် လွယ်လွယ်နဲ့ နေပြည်တော်ကို ရနိုင်ပါတယ်"

ဟုတ်ကဲ့ ကျေဇူးပါဘဲ အဘွားရယ်.. ရော့ ဒီမှာ မုန့်ဖိုး.. ကျနော် သွားလိုက်ပါဦးမယ်။

အဘွားကြီးက သူ့ကို မင်းသားကိုယ်တိုင်ဖြစ်နေမှန်းမသိရှာပါဘူး။ မုန့် ဆီကြော် ရောင်းမြဲ ရောင်းလျက်ပါဘဲ။
......................................

မင်းသားဟာ အဘွားကြီးရဲ့ စကားအတိုင်း နယ်စပ်တစ်လျောက် အားလုံးကို စည်းရုံးပြီး အင်အား အရမ်းတောင့်တင်းလာတယ်။ တိုတိုပြောရရင်တော့ မကြာခင် နှစ်များအတွင်းမှာဘဲ နေပြည်တော်ကြီးကို အောင်မြင်စွာ သိမ်းယူပြီး တရားမျှတစွာ အုပ်ချုပ်ပြီး အဘိသိက်ခံ ဘုရင်တစ်ဆူ ဖြစ်လာပါတော့တယ်။

မင်းသားလဲ မင်းဖြစ် အဘွားကြီးလဲ မုန့်ဆီကြော်ဆိုင် ပြုတ်တော့တာပါဘဲ။ ဟုတ်တယ်လေ။ မုန့်ဆီကြော်ရောင်းဖို့မှ မလိုတော့တာ။ ရှင်ဘုရင်က ပေးသနားတဲ့ ဆုတော်လာဘ်တော်တွေကို လက်ခံရယူပြီး ချမ်းသာစွာဘဲ နေသွားရပါသတဲ့။

ဗြိတိသျှလို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုးတွေက အဘွားကြီးရဲ့  မုန့်ဆီကြော်စားနည်း နိသျည်းအပြင် အခြားနည်းလမ်းတွေကို ကောင်းကောင်းသိတယ်ကွ။ ဒါကြောင့်မို့ လို့ အကောင်သေးပေမဲ့ အဆိပ်ပြင်းတာ။
အဲဒီနည်းစနစ်တွေနဲ့ဘဲ အိန္ဒိယ မြန်မာစတဲ့ နိုင်ငံကြီးတွေကို အုပ်ချုပ်နိုင်တာပေါ့...လို့ ဦးလေးကြီးက စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ်။
ကျနော်လဲ အတော်လေး သဘောကျသွားတယ်။ ဒါယုတ္တိရှိတယ်လေ။
..............................


"ကိုကိုမောင်ရေ့  .... နောက်နေ့ကျရင် ငါ့အိမ်ကို ထပ်လာခဲ့ဦးကွာ၊ မင်းကို ငါ အင်္ဂလိပ်တွေ အသုံးပြုတဲ့ M သုံးလုံး အကြောင်း ငါပြောပြမယ်။ အဲဒီ M သုံးလုံးနဲ့ဘဲ ဒို့မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ အုပ်ချုပ်သွားတာကွ။ အခုတော့ ငါ ရွာဦးကျောင်းသွားပြီး ဆရာတော်ဆီမှာ ဓမ္မပဒ၀တ္ထုတွေအကြောင်း သွားဆွေးနွေးလိုက်ဦးမယ်"လို့ပြောပြီး ဦးလေးကြီးလဲ အိမ်တိုင်မှာ ရိုက်ကပ်ထားတဲ့ ဆပ်ချိုပေါ်မှာ ချိတ်ထားတဲ့ တိုက်ပုံအကျီ င်္ကို ဆွဲယူပြီး ၀တ်လိုက်တယ်။

ကျနော်လဲ M သုံးလုံးအကြောင်းကို သိချင်စိတ်ပြင်းပြပေမဲ့ အလိုက်သိစွာနဲ့ ဘဲ Good bye လို့ပြောကာ ဦးလေးကြီးအိမ်က ထွက်ခွါလာခဲ့ရပါတော့တယ်။

မနက်ဖြန်ရယ် မြန်မြန်ရောက်လာပါတော့။

WWW နှင့် MMM (၂)

အဲဒီ အဒေါ်တစ်ယောက်ပြောပြတဲ့ လန်ဒန်ရဲ့ W သုံးလုံးအကြောင်းကို နားထောင်ပြီး ကျနော်ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းကို ပြေးသတိရမိတယ်။ အဲဒီရွာဦးကျောင်းမှာရှိတဲ့
ကိုရင် ကျောင်းသားတွေရဲ့ ပါးစပ်ဖျားမှာ ရည်ပန်းစားနေတဲ့ စကားတစ်ခွန်းရှိတယ်။
"မိုးရယ် နွားသိုးရယ် ဘိုးသြရယ် အစိုးမရပါဘူးကွာ" တဲ့။
.......................

ကျနော်တို့ က ကလေးအရွယ်တွေဆိုတော့ မိသားစု အဆင်ပြေမပြေမသိဘူး ကိုယ်ပျော်ဖို့ ဘဲ သိတယ်လေ။
တစ်နေ့  ကျောင်းကနေပြီး ညနေစာစားဖို့ အိမ်အပြန် အိမ်ရှေ့ မှာ စပါးလှန်းထားတာတွေ့ ရတယ်။ နေပူတုန်းကတည်းက လှန်းထားတာ ထင်ပါရဲ့ ။ ဒါပေမဲ့ ကျနော်အိမ်ရောက်သွားတော့ မိုးက ခပ်အုံ့ တုံ့ တုံ့ ။

အိမ်ထဲမှာ လူတွေတစ်ယောက်မှမရှိကြဘူး။ သိပ်မကြာခင်မှာဘဲ မိုးတွေ သဲသဲမဲမဲ ရွာချလိုက်တယ်။ ကျနော်လဲ စပါးလှန်းထားတာကို သတိမေ့ပြီး မသိမ်းလိုက်မိဘူး။ ....မိုးရွာရင်.. မိုးရေချိုးမယ်.... ဆိုတဲ့ မိုးသီချင်းကိုညီတွားရင်း မိုးရေထဲမှာ မိုးရေချိုးတော့တာပေါ့ဗျာ။ ပြီးတော့ ဆပ်ပြာခဲယူပြီး ဆပ်ပြာတိုက်တယ်။

သိပ်မကြာခင်မှာဘဲ မိုးရွာတာရပ်သွားတယ်။ ဟာ... ဒုက္ခဘဲ.. ဆပ်ပြာမြှုပ်တွေကကိုယ်ပေါ်မှာ မပြောင်သေးဘူး။ ချွဲစိစိနဲ့ ။ ဒါပေမဲ့လို့ မိုးက လုံးဝရပ်သွားပြီ။ မတတ်နိုင်ဘူး။
အ၀တ်အစားတွေနဲဘဲ ဆပ်ပြာရည်တွေကို သုတ်ပြီးဖြေရှင်းလိုက်ရတယ်။

ပိုပြီးဒုက္ခဖြစ်တာက စပါးတွေ မိုးရေထဲမှာ ပေါလောပေါ်နေတဲ့ ကိစ္ခ။
အမေလဲ ပြန်လာရော.. ဘာပြောကောင်းမလဲ ကျနော့်ကို ဆူပါလေရော။
အော်... မိုး... မိုး... အစိုးမရပါလားနော်။
...............................

မြန်မာလူမျိုးတွေရဲ့ ထက်ဝက်ကျော်ဟာ တောင်သူလယ်သမားတွေဘဲ မဟုတ်ဘူးလား။ ဒါကြောင့် နွားသိုးအကြောင်းကိုတော့ ကောင်းကောင်းသိကြမှာပါ။ နွားသိုးတွေ စိတ်ထလာပြီဆိုရင် ဘာကိုမှ သူတို့ မမြင်ကြတော့ဘူး။ ရှင်းရှင်းပြောရရင် သူတို့ ရဲ့  ပိုင်ရှင်ကိုတောင် မမြင်တတ်ကြတော့ဘူး။

သူတို့ သိတာက နွားမပျိုလေးတွေနဲ့  မိတ်လိုက်နေဖို့ ဘဲလေ။ အဲဒီအချိန်မျိုးမှာ သူ့ အနားကပ်ရင် သတိထားရတယ်၊ သတိမထားရင် အဝှေ့ ခံရတတ်တယ်။
မနက်ပိုင်းမှာ အကောင်းကြီးရှိပေမဲ့ နေ့ ပိုင်းဆိုရင် ဖောက်လာလေ့ရှိတယ်။ နေ့ ခင်းမှာကောင်းနေရင် ညနေကျ ခက်ထန်ပြန်ရော။ ဒါကြောင့် နွားသိုးကြိုးပြတ်ဆိုတဲ့ စကားပေါ်ပေါက်လာတာထင်တယ်။ နွားသိုး အဝှေ့ ခံရတဲ့ ကလေးပေါင်း ကျနော်တို့ ရွာမှာ မနည်းတော့ဘူး။
အော်.. နွားသိုးလဲ အစိုးမရပါလား။
...........................................

ကျနော်တို့ ရွာဦးကျောင်းမှာ ကျောင်းသား ကိုရင်တွေ စုစုပေါင်းရင် တစ်ရာကျော်ရှိတယ်။ ကျောင်းသားကိုရင်များတဲ့အတွက် ဆရာတော်က
ဘောလုံးအသင်းဖွဲ့ ပေးရင်တောင် အကြီးသင်း အလတ်သင်း အငယ်သင်းဆိုပြီး အမာခံ အသင်းသုံးသင်းဖွဲ့ ပေးထားတယ်။
ဆရာတော်ရဲ့ ဘွဲ့ တော်အမည်က ဦးသြသဓလို့ ခေါ်တယ်။
ကိုရင်ကျောင်းသားတွေက လွယ်လွယ်ဘဲ ဘိုးသြလို့ ဆရာတော်ကွယ်ရာမှာ ခေါ်လေ့ရှိတယ်။ ကိုရင်ကျောင်းသားတွေပေးထားတဲ့ ဆရာတော်ရဲ့  Nick name ပေါ့။

ဆရာတော် အရမ်းသဘောကောင်းတယ်။ ကိုရင်ကျောင်းသားတွေကိုလဲ အရမ်းချစ်တယ်။ ကိုရင်တွေလူထွက်သွားပြီဆိုရင် သူ့ အခန်းထဲမှာ ဘယ်သူမှမသိအောင် ကြိတ်ပြီး မျက်ရည်ကျလေ့ရှိတယ်။
ဆရာတော် မြို့ တက်သွားပြီဆိုရင် ပြန်လာတဲ့အခါမှာ ကစားစရာ စားစရာတွေ ပါလာစမြဲပါဘဲ။
အဲဒီလောက်ထိအောင် ကိုရင်ကျောင်းသားတွေကိုချစ်တာ။

စာကျက်ခိုင်းတာမရတဲ့အခါ ကြိမ်ဒဏ်ပေးတတ်သလို စာတွေကြေညက်နေတဲ့အခါမျိုးမှာ ဆုလာဘ်တွေ ပေးလေ့ရှိတယ်။ ဂဏန်းသင်္ချာ ဗေဒင်နှင့် ယုတ်စွအဆုံး နာရီကြည့်နည်းကိုပါ သင်ပေးတယ်။
ကျနော်လဲ ဘယ်နှစ်နာရီထိုးပြီလဲ ဆိုတာကို သိရအောင် သုံးရက်လောက်ထိ ဆရာတော်ထံမှာ သင်ယူခဲ့ရတာပါ။
ကလေးအရွယ်ဆိုတော့ မမှတ်မိဘူးလေ။ နာရီကြည့်နည်း ခဏခဏမေ့လို့ အရိုက်ခံထိတာလဲ မနည်းဘူး။

တစ်နေ့ မှာ
သူ့ ရဲ့ ညီအရင်း တစ်ယောက် ဘိန်းမှုနဲ့  ရဲတွေဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။ ညီအတွက်နဲ့  သောကရောက်ပြီး စိတ်တွေမငြိမ်ဖြစ်နေတယ်ထင်ပါရဲ့ ။ အပြစ်မရှိအပြစ်ရှာပြီး ကိုရင်ကျောင်းသားတွေကို လက်စွဲတော် ကြိမ်လုံးနဲ့  မကြာမကြာရိုက်ဆုံးမတော့တာပါဘဲ။

မှတ်မှတ်ရရ။
တစ်နေ့  ကျောင်းကို ဆွမ်းလာပို့ တဲ့ မိန်းမကြီးတစ်ယောက် ကျောင်းဝင်းထဲဝင်ကာစဘဲရှိသေး ပိုးစိုးပက်စက် ချော်လဲကျသွားတယ်။ ငှက်ပြောခွံကို တက်နှင်းမိပြီး ချော်လဲသွားတာပါ။ ဆရာတော်လဲ သိရော ခေါင်းလောင်း (ဂလိုင်)ဆွဲပြီး ကိုရင်ကျောင်းသားတွေကို စုလိုက်တယ်။ ငှက်ပြောခွံလွင့်ပစ်တဲ့သူကို တစ်ယောက်ချင်းစီ ပုလိပ်စစ် စစ်တယ်။ အဖြေမပေါ် ဘဲဖြစ်နေတဲ့ အတွက် ကိုရင်ကျောင်းသားအားလုံးကို တစ်ယောက်မကျန် ကြိမ်လုံးဆွဲပြီး ဗြင်းတော့တာပါဘဲ။ ကိုရင်ကျောင်းသားတွေအားလုံး အသားနာ မနာတော့ သေချာမသိဘူး။ ဆရာတော်ကတော့ အတော်လေးဟိုက်သွားလို့  အားဆေးသွင်းလိုက်ရတယ်။

ဒါကြောင့်မို့ .....
ဆရာတော့်ကွယ်ရာမှာ ကိုရင်ကျောင်းသားတွေ ပြောဆိုနေကြတာကတော့
"မိုးရယ် နွားသိုးရယ် ဘိုးသြရယ် အစိုးမရပါဘူးကွာ" တဲ့။

WWW နှင့် MMM (၁)

WWW ဆိုလို့  World Wide Website ဆိုတဲ့ ကမ္ဘာအင်တာနက်ကွန်ယက်နဲ့  မလွဲမှားစေချင်ဘူး။ အင်တာနက်တွေ အရမ်းခေတ်စားလာတဲ့ ခေတ်ကာလကြီးဖြစ်နေတဲ့အတွက် ကြိုတင်ပြောပြထားတာပါ။ အင်တာနက်ကို
နေ့ တိုင်းသုံးခွင့်ရနေတဲ့အတွက် နားလည်သယောင်ယောင်ရှိပေမဲ့ အမှန်အတိုင်းဝန်ခံရရင် ကျနော် အင်တာနက်ရဲ့  Techonology တွေကို ဘာမှ မသိသေးပါဘူး။ ဒါကြောင့်မို့  ခေါင်းစဉ်မှာပါတဲ့ WWW ဆိုတာဟာ အင်တာနက်ကို ဆိုလိုတာမဟုတ်ပါဘူးလို့ ဆိုလိုက်ပါရစေ။
.....................................

ကျနော် လန်ဒန်ကိုရောက်ပြီး တစ်ပတ်အကြာမှာဘဲ အင်္ဂလိပ်လူမျိုးဆီ အင်္ဂလိပ်စာ သင်ယူဖို့  အင်္ဂလိပ်ကျောင်းတစ်ကျောင်းမှာ စတင်တက်ရောက်ခဲ့ပါတယ်။ ကျနော်တို့ နေတဲ့ နေအိမ်နှင့် အဲဒီကျောင်းနှင့် နှစ်မိုင်လောက်နီးပါး ဝေးပေမဲ့ ဘတ်စ်ကားစီးရင် (အသွားအပြန်) စတာလင်ပေါင် နှစ်ပေါင်လောက် ကုန်တဲ့အတွက် နေ့ တိုင်းလမ်းလျောက်ပြီး ကျောင်းကိုသွားလေ့ ရှိပါတယ်။

ရာသီဥတုကအရမ်းအေးတဲ့အတွက် ခန္ခာကိုတစ်ခုလုံး အ၀တ်တွေနဲ့ ထုပ်ပိုးထားရတယ်။ အေးတာလဲ မဆန်းပါဘူးလေ။ တစ်နေ့ လုံး နေရောင်ခြည်မြင်ရတာက ခပ်ရှားရှားကိုး။ တစ်နေ့ လုံး အုံ့ ဆိုင်းဆိုင်းပါဘဲ။ မနက် ၈ နာရီလောက်မှာ မိုးလင်းပြီး ညနေ ၄ နာရီ မိုးချုပ်တယ်ဆိုတော့ အိပ်ချိန်မျာများရတာက လွဲရင် ဘာမှ မကောင်းဘူးပေါ့ခင်မျာ။

လမ်းလျောက်ရင်း လမ်းတစ်လျောက် အကဲခတ်လေ့လာမိလိုက်တယ်။ ဘယ်သစ်ပင်မှာမှ သစ်ရွက်တစ်ရွက်မှ မရှိကြဘူး။ ရိုးတံကျဲကျဲ နေပူထဲအစား ရိုးတံကျဲကျဲ နှင်းထုထဲလို့ အစားထိုးရလောက်တယ်။ အရွက်မရှိတဲ့အပင်တွေကို ကြည့်ရတာ အ၀တ်အစားမပါတဲ့ သူယောင်မယ်ကို ကြည့်ရသလောက် မနှိပ်ဘူးဗျာ။

ဒီနိုင်ငံမှာက မြန်မာနိုင်ငံလို ရာသီ ၃ မျိုးမဟုတ်ဘူး။ ၄ မျိုးရှိတာ။ ဆောင်းဦးရယ် ဆောင်းရယ် နွေဦးရယ် နွေရယ်။ မိုးရာသီမရှိဘူး။ ဒါပေမဲ့ အချိန်မရွေး မိုးရွာလေ့ရှိတယ်။

တစ်နေ့ ။
နေရောင်ခြည်လေး မနက် ကိုးနာရီလောက်မှာ ပေါ်ထွက်လာတယ်။ ပိုင်ပြီပေါ့။ ကျနော်တို့ အဖွဲ့  ထီးမယူဘဲ ကျောင်းကို လမ်းလျောက်သွားကြတယ်။(ထီးယူသွားရင်လဲ လေအရမ်းတိုက်တဲ့အတွက် သိပ်အဆင်မပြေဘူး၊ အကာအကွယ် ရရုံလောက်ပါဘဲ)။ လမ်းတစ်ဝက်လောက်လဲ ရောက်ရော ဆိုင်းမဆင့် ဘုံမဆင့် မိုးရွာချလိုက်ပါရော။ ဘာပြောကောင်းမလဲ လူတစ်ကိုယ်လုံး ကြွက်စုပ်ရေမွှန်းပေါ့ခင်မျာ။
နီးစပ်ရာ အိမ်ထဲ ၀င်ပြေးဖို့ နေနေသာသာ ဒီမှာက လူ့ အခွင့်အရေးတွေ အရမ်းများတဲ့အတွက် တော်ကြာ ကျူးကျော်မှုနဲ့ တရားစွဲနေမှ ဘတ်စ်ကားခထက် အဆ သိန်းချီပြီး ကုန်နေရင် ဒုက္ခ။ ဒါကြောင့်မို့  ခပ်မိုက်မိုက်ဘဲ ကားလမ်းဘေးက ဆက်လျောက်သွားလိုက်တယ်။


တီ....တီ.... တီ
ကားဟွန်းတီးသံနှင့်အတူ ကားဖြူလေးတစ်စီး အနားမှာလာရပ်တယ်။ ဘုရား.. ဘုရား.. လူဆိုးထိန်းကားများလား မသိဘူး။ သေချာကြည့်လိုက်မှ ကယ်တင်ရှင်ဖြစ်နေမှန်းသိရတယ်။ အသိမိတ်ဆွေ အမျိုးသမီးကြီးတစ်ယောက်။

"ငါ့တူတို့ ... ကားပေါ်တက်ကြ မိုးကအရမ်းသည်းနေတယ်"

ကားပေါ် ကပျာကယာတက်ပြီး အဲဒီကားလေးရဲ့ အကူအညီနဲ့ ဘဲ ကျောင်းကို ချောချောမွတ်ရောက်သွားတယ်။

ကျနော်တို့ က "အဒေါ်ရာ.. ကျနော်တို့ က နေထွက်လာလို့  မိုးမရွာဘူးတော့ဘူးထင်ပြီး ထီးမယူလာခဲ့ကြဘူး" လို့  ပြောလိုက်တဲ့ အခါမှာ
ကားကို သတိထားမောင်းရင်းနဲ့  အဲဒီအဒေါ်က မျက်နှာခပ်ပြုံးပြုံးနဲ့ ဘဲ ပြောပြတယ်။

"ငါ့တူတို့ ... သေချာမှတ်ထားကြ၊ လန်ဒန်မှာ W သုံးလုံး (WWW) အစိုးမရဘူးကွဲ့ "

"အဒေါ်ရယ် သေချာလေးရှင်းပြပေးပါလား W သုံးလုံးဆိုတာကို"

"အေးမှတ်ထားကြ ပြောပြပေးမယ်
W= Weather (ရာသီဥတု)
W= Work (အလုပ်အကိုင်)
W= Woman (မိန်းမ)
အဲဒါ W သုံးလုံးရဲ့ အဓိပ္ပါယ်ဘဲကွဲ့ ။
ဒီမှာက ရာသီဥတုက လုံးဝမမှန်ဘူး အခုငါ့တူတို့ အသိဘဲ၊ မိနစ်ပိုင်းအတွင်းမှာ နေပူမယ် မိုးရွာမယ် လေတိုက်မယ်။ ဖြစ်ချင်သလို ဖြစ်နေတာ။
အလုပ်ရဖို့ ကိစ္စလဲ ဒီလိုဘဲ လွယ်သယောင်နဲ့  အတော်ကို ရှာရခက်တာ။
မိန်းမဆိုရင် မပြောနဲ့ တော့ အခုကြိုက် အခုလိုက်ပြေး အခုကွဲကြပြန်ရော"

သူ့ စကားတွေကို နားထောင်ရင်း ကျနော်လဲ အော်.. အော်... သူတို့ လန်ဒန်က W သုံးလုံးဆိုတာ ဂလိုကိုးလို့ သာ စိတ်ထဲ ရေရွတ်မိနေလိုက်ပါတော့တယ်။

...




Letter နှင့် Litter

ဟိုတစ်နေ့ တုန်းက မနက်ဝေလီဝေလင်းမှာ ကျနော့် Moblile ထဲကို သူငယ်ချင်းတစ်ယောက်ဆီက Message တစ်ခုဝင်လာတယ်။ ကျနော်လဲ အိပ်ရာထဲမှာ ပျင်းကြောဆွဲပြီး လက်ကိုင်ဖုန်းထဲက Message ကို မျက်လုံးမဖွင့် တစ်ဖွင့်နဲ့ ဖတ်ကြည့်လိုက်တယ်။
"ကိုကိုမောင်ရေ.. အိပ်ရာကထပြီး မျက်နှာသစ်ပြီးရင် အပြင်ဘက်မှာ ဖြစ်ပေါ်နေတဲ့ လောကရဲ့ အလှတရားကို အားရပါးရ ခံစားလိုက်စမ်းပါ"

ကျနော် ပြတင်းပေါက်ကို ဖွင့်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တယ်။
ဟာ.. နှင်းတွေ အရမ်းကျနေပါလား။ ကားလမ်းမတစ်လျောက် ပန်းခြံတွေလျောက် နှင်းခဲကြီးတွေ အများကြီးဘဲ။
သစ်ပင်ပေါ်တွေမှာရော အိမ်ခေါင်မိုးပေါ်မှာပါမကျန် နှင်းခဲတွေက နေရာယူထားကြတယ်။
မြန်မာနိုင်ငံမှာ ဒီလောက် နှင်းကျတာ တစ်ခါမှ မကြုံဖူးဘူး။ ရှုခင်းက အရမ်း အရမ်းကို လှသဗျာ။

ကျနော်လဲ သူငယ်ချင်းတစ်ယောက်နှင့်အတူ နှင်းခဲတွေရဲ့ အလှအပကို
ခံစားဖို့အပြင်ကို ထွက်ပြီး နေရာအနှံ့ လျောက်လည်ခဲ့ပါတယ်။ နှင်းခဲတွေကို လက်နှင့်ကိုင်ကြည့်တယ်။ ပါးစပ်ထဲ နဲနဲထည့်ပြီးမြည်းကြည့်တယ်။ ပျော်လိုက်တာ အရမ်းဘဲ။ တစ်ချို့ အိမ်ဝင်းတွေထဲမှာဆိုရင် နှင်းခဲတွေနှင့် ပန်းပုထုထားတာတွေ့ ရတယ်။
...........................................

နှင်းကျတာကို ကြည့်ရင်း လမ်းတစ်ခုကို ချိုးအ၀င်မှာ စာတိုက်ပုံးနီနီကြီးတစ်ခုကို လမ်းဒေါင့်မှာ တပ်ဆင်ထားတာ တွေ့ လိုက်ရတယ်။ ရေးစာ ပေးစာတွေထည့်ဖို့  Letter လို့  သင်္ဘောဆေးအဖြူရောင်နဲ့  စာတိုက်ပုံးအပေါ်ပိုင်းမှာ ရေးထားတယ်။ စပ်မိတုန်းပြောရဦးမယ်။ ဒီလန်ဒန်မှာ စာတိုက်ပုံးထဲက စာတွေကို တနင်္ဂနွေနေ့ ကလွဲရင် နေ့ တိုင်းစာသိမ်းလေ့ရှိတယ်။ စနေနေ့ မှာ နေ့ လည် ၁၂နာရီ၊ ကျန်တဲ့နေ့ တိုင်း မနက် ၁၁ နာရီ ခွဲ နှင့် ညနေ ၅နာရီခွဲ တစ်ရက်ကို နှစ်ကြိမ်စာသိမ်းတယ်။ တစ်ချို့ နေရာတွေမှာဆို တစ်ရက်ကို သုံးကြိမ် (5:30am, 11:30am, 5:30pm) စာသိမ်းတယ်လို့ သိရတယ်။ ကောင်းလိုက်တဲ့ စနစ်ဗျာ။

ဒီလိုနဲ့  နောက်တစ်လမ်းကျော်လဲရောက်ရော စာတိုက်ပုံးထက်နဲနဲလေးပိုကြီးတဲ့ ပုံးမဲမဲကြီးတစ်ခုကို လမ်းဘေးမှာ ချထားတာတွေ့ လိုက်ရပြန်တယ်။ ပုံးရဲ့ ထိပ်ပိုင်း အဖုံးအောက်နား ဘယ်ညာနှစ်ဘက်မှာ အပေါက် ခပ်ကျယ်ကျယ်ဖောက်ထားတာတွေ့ ရတယ်။ လမ်းသွားရင်း အမှိုက်စွန့် ပစ်ဖို့ အတွက် အမှိုက်ပုံးကြီးပေါ့ဗျာ။ ပုံးကြီးရဲ့ အလည်ပိုင်းမှာကတော့ အမှိုက်ရဲ့ အမှတ်အသားဖြစ်တဲ့ Litter ဆိုတဲ့စာလုံးကို သင်္ဘောဈေး ဖြူဝါရောင်နဲ့  ရေးထားတယ်။ ဒီလိုမျိုး အမှိုက်ပုံးနှင့်စာတိုက်ပုံးတွေ လန်ဒန်မြို့ ထဲမှာ ဒုနဲ့ ဒေးပါဘဲ။
...........................................

အဲဒီ စာတိုက်ပုံးနှင့်အမှိုက်ပုံးကြီးကိုမြင်တိုင်း ကျနော် မြန်မာနိုင်ငံမှာ ရှိစဉ်က ဆရာကြီးတစ်ယောက်ပြောပြခဲ့တာကို အမှတ်ရနေမိတယ်။ သူနိုင်ငံခြားတိုင်းပြည်ကြီးတစ်ခုမှာ နေစဉ်က တစ်နေ့ မှာ "ဟဲ့.. မောင်မျိုး... ငါ့မိသားစုဆီ ငါစာတစ်စောင်ရေးထားတယ်၊ ရော့.. ဒီစာကို ဟိုလမ်းထိပ်က စာတိုက်ပုံးထဲ သွားထည့်ချေ" ဆိုပြီး မောင်မျိုးလို့ ခေါ်တဲ့ သူ့ ရဲ့  မြန်မာ Staff တစ်ယောက်ကို စာထည့်ခိုင်းလိုက်တယ်။ မောင်မျိုးလဲ စာသွားထည့်ပြီး အေးအေးဆေးဆေးဘဲ ပြန်လာခဲ့တယ်။

ဒါပေမဲ့လို့  တစ်လ.. နှစ်လ.. သုံးလ အချိန်တွေ အများကြီး ကုန်လွန်သွားပေမဲ့ ဖုန်းဆက်ပြီး သူ့ မိသားစုဆီကို မေးကြည့်လိုက်တော့ စာက မရောက်ဘူး..တဲ့။ ဒါနဲ့  မောင်မျိုးကို ခေါ်ပြီး.. "မောင်မျိုး.. မင်းကိုထည့်ခိုင်းလိုက်တဲ့ စာကို စာတိုက်ပုံးထဲ သေချာကော ထည့်ခဲ့သလားကွ" လို့  မေးကြည့်လိုက်တော့ မောင်မျိုးက ဘာပြောတယ် မှတ်လဲ။
"ဆရာရယ်.. ကျနော် သေသေချာချာကို ကြည့်ပြီး Litter လို့ ရေးထားတဲ့ ပုံးထဲကို အတိအကျ ထည့်ခဲ့တာပါ" တဲ့။



မောင်တော်ရယ် ချမ်းဆဲပါဘဲ

လူဆိုတဲ့ သတ္တ၀ါတွေအကြောင်းသိတယ်မဟုတ်လား၊ တင်းတိမ်မှုသိပ်မရှိကြဘူးလေ။ ပူတဲ့ရာသီဥတုမှာ အအေးဓါတ်ကို အလွန်ခုံမင်မက်မောပြီး အဲ.. အရမ်းအေးတဲ့အခါမျိုးမှာ နွေးထွေးမှုအင်အားကို တပ်မက်ကြပြန်ရော။ ပုံမှန်ဆန္ဒရဲ့ တောင်းဆိုမှုကို အပြစ်မပြောလိုပါဘူး။ လိုချင်မှုတွေ အရမ်းများလွန်းလို့ ခက်နေကြတာပါ။

ကျနော် ရန်ကုန်မှာနေစဉ်တုန်းက စီးပွါးရေးအလယ်အလတ်တန်းစားရှိတဲ့လူကြီးတစ်ယောက်တွေ့ ဖူးတယ်။
အဲယားကွန်းတွေ အိမ်မှာ အပြိုင်အဆိုင်တပ်ဆင်ကြတဲ့ ခေတ်တုန်းကပေါ့။ သူကလဲ သူ့ အိမ်ကြီးမှာ အဲယားကွန်းတွေတပ်ဆင်တယ်။ သူ့ အိပ်ခန်းမှာလဲ သီးသန့် တစ်လုံးတပ်ဆင်ထားတယ်။ နွေရာသီရဲ့ နေ့ တစ်နေ့ မှာ ကျနော်သူ့ အိမ်ရောက်သွားတယ်။ မှတ်မှတ်ရရ နေ့ လည်တစ်နာရီလောက်မှာပါ။

သူ့ ကိုဧည့်ခန်းမှာ မတွေ့ ရဘူး။ ဘယ်ရောက်နေတယ် ထင်လဲ။ လား...လား... ဘိုးတော်က အိမ်ခန်းထဲက သူ့ ကုတင်ပေါ်မှာ နွေခေါင်ခေါင်နေ့ လည်တုံးလုံးကြီး ဂွမ်းစောင်ကြီးခြုံလို့  ကွေးနေလေရဲ့ ဗျာ။ အဲယားကွန်းကြီးဒိတ်ကုန်အောင်ဖွင့်ထားတာကိုးဗျ။ ကဲ မှတ်ဦး မှတ်ဦး.. အဲဒါ မြန်မာကွ..လို့ ပြောရမလိုတောင်ဖြစ်မိတယ်။
............................

ရတနာပုံခေတ်မှာလဲ အလားတူ အဖြစ်အပျက်ကလေးတစ်ခုဖြစ်ပျက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီဇာတ်လမ်းလေးက ပြောင်းပြန်။ ဆောင်းပိုင်းကြီးမှာ။ ကနောင်မင်းသားနှင့်လှိုင်ထိပ်ခေါင်တင်မင်းသမီးလေးအကြောင်း မြန်မာမှန်ရင် သိကြတာများပါတယ်။ သူတို့ နှစ်ယောက်က အရမ်းချစ်ကြတဲ့ ကြင်ယာတွေလေ၊ ဒါကြောင့်လဲ လှိုင်ထိပ်ခေါင်တင်ရဲ့  စိန်ခြူးကြာညောင်.. ဘောလည် (အချစ်အလွမ်းသီးချင်း)တွေ အခုထက်ထိ မြန်မာ့အနုပညာကဏ္ဍတွေမှာ နေရာယူနေလျက်ရှိနေတာပါ။

ဆောင်းရာသီရဲ့ နေ့ တစ်နေ့ မှာ အိမ်ရှေ့ စံကနောင်မင်းသားဟာ အရပ်တစ်ပါးမှာ တာဝန်ထမ်းဆောင်နေခဲ့ရတယ်။ ဇနီးအလှလေးနဲ့ မခွဲချင်ပေမဲ့လဲ တာဝန်သိတတ်တဲ့သူအဖို့  တာဝန်တွေက ရှိသေးတယ်မဟုတ်လား။ သူတာဝန်ထမ်းဆောင်တဲ့အရပ်မှာ အရမ်းအေးတဲ့အတွက် သူ့ ချစ်ဇနီးလေးလဲ ဒီအချိန်မှာ ချမ်းနေရောပေါ့လို့ ... သူစဉ်းစားမိတယ်။ ဒါကြောင့် အဖိုးတစ်သန်းထိုက်တန်ပြီး အလွန်နူးညံ့နွေးထွေးလှတဲ့ ကတ္တီပါခြုံလွှာစောင်တစ်ထည်ကို မင်းမှုထမ်းတစ်ယောက်က တစ်ဆင့် ပို့ ခိုင်းလိုက်တယ်။

ညဥ့်နက်သန်းခေါင်ယံ အချိန်မှာ လှိုင်ထိပ်ခေါင်တင်ဟာ ဖဲမွေ့ ယာကုတင်ထက်လဲလျောင်းပြီး အဲဒီကတ္တီပါခြုံလွှာစောင်လေးကို ရင်မှာပိုက်ခြုံထားလိုက်တယ်၊ ပြီးတော့ မျက်စိကို ဇွတ်မှိတ်ပြီးအိပ်ပျော်ဖို့ သူကြိုးစားပေမဲ့ သူအိပ်မပျော်နိုင်ရှာပါဘူး။ တူနှစ်ကိုယှဉ်တွဲပြီး ချစ်ရည်လူးခဲ့တဲ့ အတိတ်က ဆောင်းညလေးတွေကိုဘဲ အမှတ်ရနေမိခဲ့တယ်။

တစ်ခုခုကို သတိရပြီး သူငုတ်ကနဲထထိုင်တယ်။

"မနက်ဖန် မောင်တော်ဘုရားထံသွားမဲ့ လူကြုံကောင်းတစ်ယောက်ရှိတယ်"

ကလောင်တံလေးကို ဆွဲကိုင်ပြီး အဆင်သင့်ရှိနေတဲ့ ခုံပေါ်ကပေပုရပိုက်တစ်ခုပေါ်မှာ စာကြောင်းလေး သုံးကြောင်းခပ်သွက်သွက်ဘဲ ရေးချလိုက်တယ်။

"တစ်သန်းတန်ကတ္တီပို့ သော်လည်း... ကြငှန်းစံမဒီပျို့ မှာဖြင့်.... မောင်တော်ရယ် ချမ်းဆဲပါဘဲ"

.