Sunday, 31 August 2014

"ဘလော့ဒေးမို့" ထပ်ကွန့်တေးထပ်


ဘလော့ဂါ ဖြစ်ကာစ၊ ထစ်မာန ပုံပုံပင်
ဖြစ်တာက စုံစုံလင်သည်၊ ပုံပြင်တွေ မနဲ။
နှစ်ထောင့်ရှစ် သက္ကရာဇ်မှာ၊ စလှစ်ခါ ရေးဖြစ်ဖို့ ခဲ။ 
အင်တာနက် အွန်လိုင်းပေါ်ဝယ်၊ ထင်တိုင်းပျော် နေမြဲ။ 
မြင်မဆိုင်း ကြွေအသဲ ဟာမို့၊ တွေဝေဆဲ ချိန်ခါ။
မြှောက်ပင့်ဆို ထိုကွန်မင့်တွေက၊ လွန်အတင့် ပျော်ဆင့်သည်သာ။
ခုများတော့ တုမှားစရာကို၊ မုသားဆို ရှက်လွန်းလို့
ထက်နန်းမှာ စာပုလွေ၊ ရေးကြစို့လေ။
ဘလော့အရေးမို့ အသော့ပေးနေသည်၊ မလျော့ရေးကာ နေဦးကွဲ့လေး။
ဘလော့ရေးဖို့ အသော့ပေးပါသည်၊ အလျော့ပေးကာ နေဦးနဲ့လေး။
ဘလော့ဒေးမို့ အသော့ရေးချင်သည်၊ အလျော့ပေးကာ နေဘူးကွဲ့လေး။ ။



.

Wednesday, 27 August 2014

"ဘလော့ဂါပေါင်းစု" တေးထပ်



ဘလော့ရွာ  မာန်ချီဝင့်၊ အန်တီတင့်  ချစ် မေဓာ
ဟန်ကြည် နှင့် ဂျစ် ဧရာရယ်၊ နှစ်ဖွေရှာ နေ မြဲ။
မဒမ်ကိုးတို့  မယ်ကိုး အိမ်မှာ၊ ကြယ် မိုးကာ  လည်ဖြစ်ဖို့ ခဲ။
စော ၀ါ ငဘ  ချောကလျာ၊ မျော သဒ္ဓါ ဖတ်မြဲ။
မစ် မာယာ  မှတ်မလွဲစေနဲ့၊ ထပ်ကဲ၍ ဖတ်ပါ။
ရွှေစင်  တ်တဲ့  ချစ် စံအိမ်မှာ၊ ပစ် ပြန်ချိန်  ကန်ဒီလွမ်းတော့
ဥာဏ်မီ မန်း မို့  မောင် ဒု ပျော်၊ သူကြီးနိုးလို့ဆော်။
မိုး သက်တို့  ပျိုး လက်မျှော်သည်၊ တိုးဖက်ခေါ် ရေးဦးစို့လေး။


တေးထပ်ထဲ မပါခဲ့ကြည့်သည့် ဘလော့ဂါများအားလည်းကောင်း ခွင့်မတောင်းဘဲ တေးထပ်ထဲ ထည့်ဖြစ်ခဲ့သူတို့အားလည်းကောင်း ခွင့်လွတ်ပေးကြပါဟု တောင်းပန်ပါသည်။ ကာရန်ကို ငဲ့ထားရပါသောကြောင့် ဦးဦး ဒေါ်ဒေါ် ကိုကို ညီညီ နှမ အမ အကို ဆရာ စသည့် လေးစားသမှုဝိသေသနာမ်ပုဒ်များ မထည့်နိုင်ခဲ့တာကိုလည်း နားလည်ပေးကြပါဟု တောင်းပန်ပါသည်။  ကာရန်သင့်သည့် ဘလော့ဂါ ၄၃ ယောက် ထည့်သွင်းထားပါသည်။ အိုးနင်းခွက်နင်း ရေးသားသည်မို့ အဆင်ပြေသလို ဖတ်ရှုစေလိုပါသည်။ အဆင်ပြေလျှင် ဘလော့ရွာလေး၌ ပို့စ်လေးများ ရေးပေးကြပါဟုလည်း တောင်းဆိုပါသည်။
အားလုံးကို ချစ်ပါသည် ခင်ပါသည် တွယ်တာပါသည် မြတ်နိုးပါသည်။ (သူကြီးမင်း)

.

Tuesday, 5 August 2014

မတူရင် မတုကြပါနဲ့




ဘိလပ်တိုင်းပြည်၏ အထင်ကရမြို့တော်ကြီးမှာ ဘိလပ်သားစစ်စစ်ဦးရေက ချိနဲ့နဲ့ ဖြစ်နေသည်။ ဟင်းလေးအိုးကြီးဟု အမည်ခံထားသည်နဲ့အညီ နိုင်ငံပေါင်းစုံမှ ကျက်စားကျင်လည်လာကြသည့် ဆူ ကြုံ နိမ့် မြင့် အဖြူ အမဲ စသူတို့ဖြင့် လန်ဒန်မြို့ကြီးကား ခန့်ခန့်စန့်စန့်ကြီးပင်။ စီစစ်ကြည့်လိုက်တော့ မြို့တော်ပေါ်မှာ ဘိလပ်သားစစ်စစ်က ၄၀၊ ကျန်တာက ၆၀။ (ရန်ကုန် မန္တလေးထက် ပိုဆိုးနေသလား မှတ်ရသည်)။ ကျွန်ုပ်တို့ နေထိုင်ရာ အရပ်သည်ကား ကုလားမြို့တော်ဟု နာမည်ကြီးလှသည့် ဆောက်(သ်)ဟောရပ်ကွက်ကြီးနဲ့ ကပ်လျက်တည်ရှိသည့် ဟောင်းစလိုးအမည်ရှိသော အရပ်ဖြစ်၏။ ကျွန်ုပ်တို့အိမ် ပတ်ဝန်းကျင်၌လည်း အဖြူအိမ် တစ်လုံးနှစ်လုံးမှ တစ်ပါး ပန်ချာပီ ဟိန္ဒူစသည့် အိန္ဒိယကုလားများ၏ နေအိမ်များဖြင့်သာ စည်ကားနေလေ၏။ မူလပထမ မြို့အတွင်း နေရာယူထားကြသည့် ဘိလပ်လူမျိုးတို့မှာ ကုလားများ၏ ပဲညှော်နံ့၊ မြန်မာတို့၏ ငါးပိညှော်နံ့တို့ကြောင့် မြို့ပြင်ရောက်ကုန်ကြသောဟူ၏။ ခံပေဦးတော့ မစ်စတာ ကိုလိုနီတို့ရေ။ တစ်လှည့်စီပေါ့။ 

အနံ့ချင်းမတူပေမဲ့ အနံ့ပြင်းတာချင်း တူညီနေသည့် ရွှေလူမျိုးတို့နှင့်ကုလားလူမျိုးတို့သည်ကား သူတော်ချင်းချင်း သတင်းလွေ့လွေ့ အနံ့ပေါင်းစုံတို့ဖြင့် ပေါင်းသင်းပျော်မွေ့ကြလေကုန်၏။ ငါးပိနဲ့ပဲ ပဲနဲ့ငါးပိ ပြိုင်သူမရှိ နိုင်သူမရှိ ကရောဟိ သဘောရှိ။ ချက်ချင်သလိုချက်၊ ပြုတ်ချင်သလိုပြုတ်။ ကြော်ချင်သလိုကြော်။ လှော်ချင်သလိုလှော်။ စောဒကတက်မည့် ရွာဆော် တစ်ယောက်မှ မရှိ။ သို့သော် အနံ့ထုံခံရတာ များလာပြီး ထိုအနံ့ကို ကျင့်သားရလာသည့် ရွှေမြန်မာလူမျိုးတို့မှာ နဂိုကထဲကမှ ပဲနဲ့ ဆွေမျိုးတော်ပြီး ဖြစ်နေရကား ပဲကြိုက်ခင်များ ဖြစ်သွားကြလေ၏။ ထိုကုလားများအဖို့ ငါးပိကြိုက်ခင်များ ဖြစ်မဖြစ်ကိုမူကား မသိတော့။ ရှိစေတော့။ ဘုရားတောင်မှ သူတို့နိုင်ငံထွက် ဘုရားကို ကိုးကွယ်ရသည်ကိုး။ 

ကိုကိုပဲ ပျိုပျိုပဲ ဘိုးဘိုးပဲ ဘွားဘွားပဲ ဦးလေးပဲ အဒေါ်ပဲ စသည်တို့ဖြင့် ရောပြွမ်းနေရသည့်အတွက် အိမ်ရှင်အဘိုးအိုကြီးသည်လည်း ဘိုးဘိုးပဲ ဖြစ်သွားလေ၏။ ပဲဟင်းမပါရင် ထမင်းတစ်လုပ် သူမ၀င်။ ဘာဟင်းချက်ချက် ပဲဟင်းလေးတော့ပါမှ။ ပဲဟင်းကြိုက်သည့် ဘိုးဘိုးပဲက သူကြိုက်သည့်  ပဲရာဇ၀င်ကို ခင်းပြလေ့ရှိ၏။

"ငါက ဒုတိယကမ္ဘာစစ်အတွင်းကထဲက ပဲနဲ့ ကြီးပြင်းလာတာကွ။ နေ့တိုင်း ပဲဟင်းမပါရင် ထမင်းဝိုင်းမဖြစ်ဘူး။ ဘိလပ်နယ်ချဲ့တွေကို တော်လှန်ဖို့ စစ်ထဲရောက်ပြန်တော့လဲ ပဲဟင်းဘဲ။ မင်းကြားဖူးမှာပေါ့။ ငါတို့ စစ်သားတွေရဲ့ မိုတိုတွေကိုလေ"

"ပြောပြပါအဘိုး"

အဘိုးအိုသည် ပြောပြောဆိုဆိုနဲ့ ခေါင်းကိုမော့ ရင်ကိုကော့ပြီး အောက်ပါမိုတိုတို့ကို သံကုန်ဟစ်အော်လေတော့၏။

"ဘာလုပ်နေလဲ (လေ့ကျင့်နေတယ်)"
"ဘာလုပ်ဖို့လဲ (တိုက်ပွဲဝင်ဖို့)"
"ဘယ်သူ့အတွက်လဲ (ပြည်သူ့အတွက်)"
"ဘာဟင်းစားလဲ (ပဲနဲ့ချဉ်ပေါင်)"
"ဘာ့ညော် ဘာ့ညော် ဘာ့ညော်"

"အော်.. ဒါဖြင့် အဘိုးက ပဲဟင်းစားပြီး အင်္ဂလိပ်တွေကို တော်လှန်ခဲ့တာကိုး။ ချီးကျူးပါတယ် အဘိုး။ အဲဒီလို စားသောက်ပြီး အဲဒီလို နိုင်ငံတော်ကို အသက်ပေးခဲ့ကြတဲ့အတွက် ဗမာ့သွေးကို နှမပေးချင်ပါတယ် ဆိုပြီး သီချင်းနဲ့ ဂုဏ်ပြုထားတာကိုး"

"ငါက ချီးကျူးခံချင်လို့ မဟုတ်ပါဘူး။ ပဲရာဇ၀င်ခင်းပြရုံသက်သက်ပါ။ ဘိလပ်ရောက်မှ ပတ်ဝန်းကျင်ကြောင့် ပဲကြိုက်မောင် ဖြစ်သွားရတာ မဟုတ်ကြောင်း သိစေချင်လို့ပါ"

ထိုကဲ့သို့ ရာဇ၀င်ဖြင့် ပဲကြိုက်ခဲ့သည့် အိမ်ရှင်အဘိုးအိုသည်  နေ့တိုင်း ပဲတစ်မျိုးမျိုးကို ချက်ပြုတ်ကြော်လှော်လေ့ ရှိ၏။ ပဲနီ ပဲဝါ ပဲမဲ ပဲဖြူတိုဖြင့် တစ်နေ့တစ်မျိုး မရိုးစေရပေ။ မနေ့ကလဲ ပဲဟင်းချက်၏။ ဒီနေ့လဲ ပဲဟင်းချက်၏။ မနက်ဖန်လဲ ပဲဟင်းချက်ဦးမည်ပင်ဖြစ်၏။ 

တစ်နေ့။
အစာစားချိန်ကို လူထက် ဗိုက်က ပိုသိနေသည့်အတွက် ဂြီ ဂြီအသံမ်ား ၀မ်းတွင်းက ညံထွက်လာသောခဏ၌ ကျွန်ုပ်သည် အောက်ထပ်သို့ ဆင်းကာ မီးဖိုခန်းထဲ ၀င်ပြီး တစ်ခုခု ကြံဖန် ချက်ပြုတ်စားဖို့ ကြံစည်ရင်း ဟိုဒီကြည့်မိသောအခါ အဘိုးအို၏ ဟင်းအိုးကို မီးဖိုပေါ် အစွင့်သားကြီး တွေ့ရလေ၏။

"အဘိုး.. ဒယ်အိုးကင်းထဲမှာ ဘာတွေ ထည့်ချက်ထားတာလဲ မီးတူးပြီး မဲညစ်နေပြီ"

"မောင်ရင်... အဲဒါ မီးတူးနေတာမဟုတ်ဘူး။ ပဲနက်တွေကြော်ထားတာ။ မင်းက ငါ ဟင်းချက်တိုင်း မီးတူးမယ်ချည်းထင်နေတာကိုး။ မင်းမှာလဲ အဲဒီအထင်နဲ့ တဒုက္ခ"

"သိပါဘူး အဘိုးရာ။ အဘိုးကလဲ ပြောမယ်ဆို ပြောစရာကိုး။ မီးမတူးတဲ့ရက်မှ မရှိတာ။ ဒါနဲ့ ဘာဖြစ်လို့ ဒီလောက်မဲတူးနေတဲ့ ပဲကိုမှ ကြော်စားရတာလဲ အဘိုး။ ပဲဖြူ ပဲဝါ ပဲနီတွေဆို တော်သေး"

"မင်းကတော့ လုပ်ပြီ။ အပြစ်တွေချည်း မြင်နေတော့တာဘဲ။ အမှန်ဆို ပဲထဲမှာ ပဲနက်ကမှ ဆေးဖက်အ၀င်ဆုံးကွ။ ပဲမှ မဟုတ်ပါဘူးကွာ။ အမဲရောင်မှန်ရင် ဘာဖြစ်ဖြစ် ပိုပြီး ဆေးဖက်ဝင်တာတွေချည်းပါဘဲ"

"အာ.. အဘိုးကလဲ ဟုတ်သေးပါဘူး။ ကျနော် ကြားဖူးတာကတော့.. မျက်စိမှာရည်၊ နားမှာဆီ၊ ဒန္တီမှာဆား၊ ၀မ်းမှာခါး.. လို့သာ ကြားဖူးပါတယ်။ ၀မ်းကောင်းဖို့အတွက် အခါးဓာတ်ကသာ ဆေးဖက်ဝင်မှာပါ။ ဘယ့်နှယ် အမဲရောင်က ဆေးဖက်ဝင်ရတယ်လို့"

"မောင်ရင်.. ထင်တာတွေ လျောက်ပြောမနေနဲ့။ မင်းသိထားတာက ပါးပါးလေးရယ်။ အမှန်က အမဲရောင်ဆိုတာ အပူဒဏ်ကို ခံနိုင်ရည် ပိုရှိပြီး အပူဓာတ်တွေကိုလဲ စုပ်ယူထားလေ့ရှိတယ်။ အ၀တ်အစားဆိုရင်တောင်မှ အမဲရောင် အ၀တ်အစားက ပိုနွေးနေတာကို မင်းသတိထားမိကောင်း ထားမိနိုင်တယ်။ ဒါကြောင့် အလွန်အေးလွန်းလှတဲ့ နေရာမှာ နေထိုင်ကြတဲ့ တော်ပေါ်သူ တောင်ပေါ်သားတွေ အနက်ရောက် အ၀တ်အစားကို အ၀တ်များကြတာလေ။ အဲဒီ အနက်ရောင် အ၀တ်အစားတွေက နေ့လည်ဘက်မှာ အပူတွေ စုပ်ယူထားပြီး ညဘက်အေးတဲ့အခါမှာ ပြန်ထုတ်လွှင့်ပေးလေ့ ရှိတယ်။ ဒါကြောင့် အပူဓာတ်တွေ သိုလှောင်ထားတဲ့ အမဲရောင်က ပိုပြီး ဆေးဖက်ဝင်တယ်လို့ ပြောတာ။ မောင်ရင်ဘဲ စဉ်းစားကြည့်လေ။ ရောဂါအတော်များများကို အပူနဲ့ ကုသရတာမဟုတ်လား။  ဆေးထိုးဆေးသောက်ပြီးရင် ချွေးတွေထွက်လာပြီး နေကောင်းလာကြတာ မဟုတ်လား။ အဲဒါ ဆေးထဲမှာ အပူဓါတ်တွေ ပါဝင်လို့ပေါ့။ အမဲနဲ့အပူဆိုတာ လင်မယားလို တပူးတွဲတွဲတွေ မဟုတ်လား။ ဆိုတော့... အမဲမှန်ရင် ဘယ်အမဲဖြစ်ဖြစ် တနည်းနည်းနဲ့တော့ ဆေးဖက်ဝင်တာပါဘဲ"

"သဘောပေါက်ပြီ အဘိုး။ ဒါကြောင့်မို့  ဒီက အဖြူမတွေ ကပ္ပလီအမဲကောင်ကြီးတွေကို ယူကြတာ။ အစတော့ စဉ်းစားလို့ မရခဲ့ဘူး။ အခုတော့ သဘောပေါက်သွားပြီ။ အမဲကောင်ကြီးတွေက ဆေးဖက်ဝင်တာကိုး ဟီး ဟီး ဟီး"

"မင်း မဟုတ်မဟတ်တွေ ပြောမနေနဲ့ ငါက အတည်ပြောနေတာ။ တခြားဟာတွေ စဉ်းစားမနေနဲ့ဦး။ နွားတွေကိုဘဲကြည့်။ နွားနက်တွေရဲ့ ကျင်ငယ်ရည်က ကျန်တဲ့နွားတွေရဲ့ ကျင်ငယ်ရည်တွေထက် ပိုပြီး ဆေးဖက်ဝင်တယ်တဲ့။ ရှေးလူကြီးတွေဆို အဲဒီ နွားနက်ကျင်ငယ်ရည်နဲ့ ဖန်ခါးသီးကို နှစ်ပေါက်အောင် စိမ်ထားပြီး စားလေ့စားထရှိကြတယ်။ အညောင်းအညာ ထုံကျင်ကိုက်ခဲတာတွေ ယူပစ်လိုက်သလိုဘဲတဲ့"

"ဟုတ်မယ်နော် အဘိုး။ ဒါကြောင့် မန်လန်ဆရာတော်ဘုရားကြီးက...ရေသီတာ  နွားနက်ဓါတ်၊ ဆားစွက်ခတ်သောက်ပါ။ ဖျားငှက်ပြတ်ပျောက်ကွာသည်၊ နောင်မလာ ပျက်သုဉ်း။ မန်လည်မြို့နဂရာပေါ်မှာ၊ ဆရာတော်စွဲသည့် လက်သုံး... စသဖြင့် တေးထပ်စပ်ဆိုထားခဲ့တာမဟုတ်လား"

"မင်း.. အခုတော့ သဘောပေါက်သွားပြီမဟုတ်လား။ ရှေးတုန်းက လူတွေဆို မနက်စောစော နွားနက်ကျင်ငယ်ရည်လိုချင်လွန်းလို့  နွားနက်ရှိတဲ့နေရာကိုသွားပြီး ဗိုက်အောက် ခွက်ထိုးခံထားကာ... ဆရာကြီး မ စ ပါဦး... ဆိုပြီး ကျင်ငယ်ရည် တောင်းလေ့ရှိကြလေရဲ့။ အံမယ်.. နွားကလဲ ပေါက်ချလိုက်တာ ခွက်တစ်လုံး ခဏလေးနဲ့ ပြည့်ဆိုဘဲ"

"ဒါနဲ့ အဘိုး။ အဲဒီ နွားနက်ကျင်ငယ်ရည်က နွားနက်မကျင်ငယ်ရည်လား၊ နွားနက်ထီးကျင်ငယ်ရည်လား မသိဘူးနော်"

"မင်းကတော့ မေးလိုက်ရင် ကပ်ကပ်သတ်သတ်တွေချည်းဘဲ။ အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ဆေးဖက်ဝင်လောက်ပါတယ်ကွ"

"အင်း... ဒါဖြင့် နွားနက်မကျင်ငယ်ကို လိုချင်ရင်တော့... ဆရာကြီး မ စ ပါဦးလို့ ပြောရမဲ့အစား ဆရာမကြီး မ စ ပါဦး လို့ ပြောရတော့မှာပေါ့နော်"

"ဒါပေမဲ့ မင်း သေချာစဉ်းစားကြည့်ရင် သိလိမ့်မယ်။ နွားထီးကျင်ငယ်နဲ့ နွားမကျင်ငယ် ဘယ်ဟာက ပို ခံယူရတာ လွယ်သလဲ ဆိုတာ"

"နွားထီးကျင်ငယ်ရည် ခံယူရတာကို ပိုလွယ်ပါတယ် အဘိုး။ နွားမကျင်ငယ်ရည်ခံယူမယ် ဆိုရင်တော့ ဗြဲလျန်းကြီး ဖြစ်နေမှာသေချာတယ်"

"အေးပေါ့ကွ။ မင်း ဟို သင်္ဂဇာဆရာတော်ဘုရားကြီးရဲ့ မတူရင် မတုကြနဲ့ ဆိုတဲ့ ပုံပြင်ကို ကြားဖူးတယ် မဟုတ်လား"

"အဘိုးပြောပြမှ သိရမှာပေါ့"

"အေးဒါဖြင့် ပြောပြမယ်။ ဟိုရှေးရှေးတုန်းက အိမ်တစ်အိမ်မှာ ခွေးနှစ်ကောင်မွေးထားတယ်တဲ့။ တစ်ကောင်က အထီး၊ တစ်ကောင်က အမပေါ့။ ဒါပေမဲ့ အိမ်ရှင်က အမြဲတမ်း ခွေးထီးကို အသားတွေကျွေးပြီး ခွေးမကိုကျတော့ အရိုးတွေဘဲ နေ့စဉ်ကျွေးသတဲ့။ ဒါနဲ့ ခွေးမက လုံးဝ မကျေနပ်ဘူးပေါ့။ သူ့သခင်က ဇာတ်ခွဲခြားတယ် ဘာညာပေါ့။ ကျားကျားမမ ခွေးဟာ ခွေးဘဲပေါ့။ ညီတူမျှတူ ရှိသင့်တယ် ဆိုပြီးတော့ရောပေါ့။ အဲဒီ ခွေးမဟာ မသိမသာရော သိသိသာသာရော ခွေးထီးနဲ့ ပြိုင်ဆိုင်နေသတဲ့။ ခွေးထီးမှာ ရှိတဲ့ အရည်အချင်းတွေအားလုံး သူ့ဆီမှာ ရှိတယ်ဆိုပြီး အရိုးနဲ့အသားခွဲကျွေးခြင်းကို မကျေနပ်တဲ့အတွက် သူလုပ်နိုင်တာကို သက်သေပြတဲ့ သဘောပေါ့"

"ခွေးမာနပေါ့နော် အဘိုး"

"ဆိုပါတော့ကွာ။ ဒါနဲ့ ခွေးထီးက ပြေးရင် ခွေးမလဲ အတူလိုက်ပြေးတယ်။ ခွေးထီးက ခုန်ရင် ခွေးမလဲ ခုန်ပေါက်တယ်။ အတူတူ လုပ်နိုင်တာချည်းပါဘဲ။ ခွေးထီးက ပိုသာတယ်ဆိုတာ ယုတ္တိမရှိဘူးပေါ့။ ဒါပေမဲ့ တစ်ရက်ကျတော့ ခွေးထီးက နောက်ခြေတစ်ဖက်မြှောက်ကာ သစ်ပင်တစ်ပင်ကို သေးပန်းလိုက်သတဲ့။ ဒက်ထိကွက်တိဘဲပေါ့။ မလွဲဘူး။  ခွေးမလဲ အားကျမခံ အဲဒီသစ်ပင်ဆီသွားပြီး ပေါင်ကို မြှောက်ပင့်ကာ ရှူရှူးပန်းလိုက်သတဲ့။ ဒါပေမဲ့ အဲဒီရှူရှူးတွေက သူ့ရှေ့က သစ်ပင်ကို မထိဘဲ သူ့နောက်ကနေဘဲ ရှီးးးးကနဲ နောက်ပြန် ထွက်သွားတော့သတဲ့"

"ဟား ဟား ဟား အဘိုးပြောမှဘဲ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းမြင်တော့တယ်"

"ဒါကြောင့် မတူရင် မတုကြနဲ့ ဆိုတဲ့ ဆိုရိုးစကား ပေါ်ပေါက်လာတာပေါ့ မောင်ရာ"

"ကဲ ဟုတ်ပါပြီ အဘိုးရေ။ ကျနော်လဲ မတူတာကိုတော့ မတုတော့ပါဘူး။ တူတာလေးဘဲ တုတော့မယ်။ ဒီတော့ အဘိုးအို ကြော်ထားတဲ့ ပဲမဲကြော်လေးကို ထမင်းကြမ်းခဲလေးနဲ့ ကော်ဖီလေးနဲ့ ဗိုက်ဖြည့်လိုက်ဦးမယ်။ ကျနော်က ဗိုက်ဆာလာတာနဲ့ အောက်ထပ်မီးဖိုချောင်ကို ခဏ ဆင်းလာကြည့်တာ။ အဘိုးကြော်ထားတဲ့ ပဲကြော်နဲ့ ကွက်တိဘဲ။ အဘိုးနဲ့ အကြိုက်ချင်းတူအောင်လို့ တုကြည့်လိုက်တဲ့သဘောပါဘဲ။ နဲနဲ ယူစားမယ်နော် အဘိုး"

"အေးအေး စားစား။ မင်းကတော့ အတော်လူလည်ကျတဲ့ကောင်ဘဲ။ ဒီ ပဲကြော်လေး စားချင်တာနဲ့ ဇာတ်ကွက်တွေ ဆင်နေလိုက်တာ။ ဘာမှ မပြောဘဲ ယူစားလိုက်လဲ ပြီးတာဘဲကို။ ဟိုချီပါသား ပခန်းသား ပုံပြင်ထဲက... အရှင်ဘုရား မနေ့က စွန့်ခဲ့တဲ့ ကြက်ဟင်းခါးသီးကြီးက ကြီးလွန်းလို့ တပည့်တော်တို့ နှစ်ယောက် အတော်လေး ချက်စားလိုက်ရတယ်။ ဒါပေမဲ့ အခွံတော့ အတော်မာသားနော် ဘုရား... ဆိုပြီး ဘုန်းတော်ကြီးကို မြှောက်ပြောပြီး နောက်ထပ်ပိန္နဲသီးအမှည့်တစ်လုံး ထပ်ရဖို့ ကြံဖန်သလိုမျိုး ဇာတ်ကွက်တွေနဲ့ ငါ့ကို လာကပြပြီး ပဲကြော် လာအလှူခံတာ မဟုတ်လား။ မသိရင်ခက်မယ် မင်းကတော့"

"အဘိုး ပြောချင်သလိုသာ ပြောပေတော့ အဘိုးရေ။ ကျနော်ကတော့ ၀ါးနေပြီ ဟဲ ဟဲ ဟဲ"

အဘိုးအို၏ ပဲကြော်လေးကို မြည်းရင်း တကိုယ်တော် စဉ်းစားခန်းဝင်နေမိသည်။ ဟုတ်သည်။ အဘိုးအို ပြောသလို မတူရင် မတုတာဘဲ ကောင်းသည်။ ကျားကျားမမ တူတာကိုဘဲ တုကြတာ ကောင်းသည်။ လူတစ်စုနဲ့တစ်ခု တူတာကိုဘဲ တုကြတာ ကောင်းသည်။ လူမျိုးစုတစ်ခုနှင့်တစ်ခု တူတာကိုဘဲ တုကြတာကောင်းသည်။ နိုင်ငံတစ်ခုနဲ့တစ်ခု တူတာကိုဘဲ တုကြတာ ကောင်းသည်။ အုပ်ချုပ်မှုစနစ် တစ်ခုနဲ့တစ်ခု တူတာကိုဘဲ တုကြတာ ကောင်းသည်။ ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခု တူတာကိုဘဲ တုကြတာ ကောင်းသည်။ ဘာသာတစ်ခုနဲ့တစ်ခု တူတာကိုဘဲ တုကြတာ ကောင်းသည်။ ဒါကြောင့် တူတာကိုသာ တုကြစေချင်ပါတော့သည်။

.


Saturday, 19 July 2014

ဇာနည်ဆုတောင်း



စာအုပ်ကိုဆွဲ
အခန်းထဲဝယ်
လဲလျောင်းကာသာ နေမိသည်။

ကွန်ပြူတာဖွင့်
နားကိုစွင့်သည်
ရဲရင့်သွေးတို့ နီလေပြီ။

ချိန်ခါအမီ
ပွဲတော်စည်သည်
ဇာနည်သားတို့ များလေပြီ။

ဥသြအော်မြည်
သမိုင်းချီသည်
မျက်ရည်စက်တို့ ရွှဲစေပြီ။

ဤသို့ဤပုံ
ရင်တွေခုန်သည်
ရဲဂုဏ်စိတ်တို့ မြဲပါစေ။

မျိုးချစ်စိတ်ကြီး
ကောက်ရိုးမီးသို့
ချည်းနှီးခြင်းများ လွှဲဖယ်စေ။

လွမ်းဆွတ်အတူ
သံဝေယူမည်
အပူမီးများ ငြိမ်းပါစေ။

(သူကြီးမင်း၊ ၁၉ .၀၇.၂၀၁၄ စနေ ၁၅း၅၈ နာရီ)



.

Monday, 14 July 2014

သင်မူးသွားသော်....


အော်..
ဘောလုံးလောက၊ ဘောဘ၀ကား။
ငိုကြရယ်ကြ၊ မူးကြဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်မူးသွားသော်
သင်စားသောမြေ၊ သင်သောက်ရေသည်
ညစ်ပေစွာဖြင့်၊  ကျန်ရစ်လင့်၏။

သင်၏အကြွား၊ ဆိုစကားလဲ
ငြိုးထားမာန်ဝင့်၊ ကျန်ရစ်လင့်၏။

သင်မူးဝ၍၊ အလှသေရာ
ထိုဌာနာ၌၊ ဒေါသာအရောင် 
မာန်စောင်စောင်လည်း၊ နှောင်လျှက်ဖွဲ့လျှက် ကျန်လေသတည်း။


မှတ်ချက်။
ဆရာဇော်ဂျီ၏  "သင်သေသွားသော်" ကဗျာကို တုပထားပါသည်။ ဆရာ့ကို စော်ကားသလို ဖြစ်သွားရင် ဆရာ့အား တောင်းပန်ပါ၏။

တုံးဖလားသူကြီးမင်း 
(၁၄.၀၇.၂၀၁၄ တနင်္လာနေ့။ ၀၂း၂၀ နာရီ)

.

Sunday, 29 June 2014

"ကြားမြင်ရှိလော့"


လူတို့ရပ်ထံ၊ သိမှတ်ရန်ကား....

အမှန်မလိုက်၊ အမှားကြိုက်ပြီး 
စရိုက်မျိုးစုံ၊ အွန်လိုင်းယုံသော်
တွေ့ဆုံရင်းနှီး၊ အထင်ကြီး၍ 
ပစ္စည်းဥစ္စာ၊ ဆုံးတတ်ရာ၏။

စကားသာချို၊ သူပြောဆို၍
ထိုထိုဖုံဖုံ၊ လူကိုယုံသော်
အကုန်ပုံပေး၊ လွမ်းချင်သေး၍ 
ငယ်သွေးဘ၀၊ ပျက်တတ်စွာ့၏။

အကြွားတုန်ခိုက်၊ အမြှောက်ကြိုက်ပြီး
လူမိုက်ဇာတ်ခုံ၊ ပြောတိုင်းယုံသော်
မျိုးစုံဝင်ထွက်၊ လူနှိပ်စက်၍
အသက်ခန္ဓာ၊ ဆုံးတတ်ရာ၏။

အွန်လိုင်း သာချို၊ လူမိုက်ကိုမှ
ပိုမိုအားကိုး၊ စီးပွါးတိုးဟု
မျှော်ကိုးယုံစား၊ လွန်သနား၍
ချိန်းထားတွေ့ဆုံ၊ ပစ္စည်းပုံသော်
(ချိန်းထားတွေ့ဆုံ၊ လူကိုပုံသော်
ချိန်းထားတွေ့ဆုံ၊ အသက်ပုံသော်)
မျိုးစုံပစ္စည်း၊ ဘ၀ပေး၍
သေဘေးခါခါ၊ ရောက်တတ်ရာသည်။

ကညာပုရိ၊ ကြားမြင်ရှိလော့။

(တုံးဖလား သူကြီးမင်း
၂၉ .၀၆.၂၀၁၄ ၁၄း၄၅ နာရီ)

/

Thursday, 19 June 2014

"ဖဘပျက်စေ"


ဤသို့ပြုရ၊ ကုသလကြောင့်
ဖဘပျက်စေ၊ တောင်းဆုချွေ၏
ညနေမနက်၊ အိပ်ရေးပျက်၍
စာကျက်စာအံ၊ စာရေးဥာဏ်နဲ့
စာဟန်တွေဖောက်၊ စာယဉ်ပျောက်၏။

ရှေ့ နောက်မြောက်တောင်၊ သတင်းဆောင်ပြီး
မှန်ယောင်ထင်မှား၊ စိတ်လိုက်သွားသော်
တရားကွယ်ပျောက်၊ အမှားရောက်၍
ဖောက်လွဲဖောက်ပြန်၊ မှန်လေဟန်ဖြင့်
ဥာဏ်နီဥာဏ်နက်၊ ဥာဏ်လှည့်ကွက်အောက်
စုံးစုံးမှောက်ပြီး၊ မာန်မြှောက်မူပို
ထင်တိုင်းဆိုသော်၊ ကုသိုလ်တစ်ပဲ
ငရဲများစွာ၊ ဖြစ်တတ်ရာ၏။

ပညာမျက်စိ၊ ဥာဏ်နှင့်ညှိပြီး
သတိကိုဆောင်၊ ဂတိရှောင်၍
အမှောင်ပယ်ရှင်း၊ အမှားကင်းလော့။

ခပင်းဝေနေ၊ လွန်တွေဝေ၍
သုံးနေအွန်လိုင်း၊ ထင်ရာစိုင်းသော်
စိတ်ရိုင်းတွေဝင်၊ စိတ်ကောင်းကြဉ်ပြီး
ပူပင်စိတ်တို၊ မာနပို၍
မလိုဒေါသ၊ လိုလောဘကြောင့်
ဖဘပျက်စေ၊ တောင်းဆုချွေသည်။

များထွေကောင်းကျိုး၊ ရွက်သယ်ပိုးလော့။ 


(သူကြီးမင်း  
၁၉ .၀၆.၂၀၁၄  ၀၉း၁၁း၃၆)