Thursday 16 January 2014

အဘိုးအိုနှင့်ဖဦးထုပ်ရှာပုံတော်


ဖဦးထုပ် အကြောင်းရေးမှာဆိုတော့ အရင်ဆုံး ပြေးမြင်ယောင်မိတာက မစပ်မဆိုင် ဟို ကျနော်တို့ ငယ်ငယ်တုန်းက မန္တလေးသိန်းဇော်တစ်ယောက် ဖာတောင်းကြီး ထမ်းကာထမ်းကာနဲ့ အို... အသင်လောက.. အို အသင်လောက ဆိုပြီး ခဏခဏ ဇာတ်စင်ပေါ်တက် အော်ဟစ်နေတာကို ပြေးမြင်ယောင်မိပါရဲ့။ လူကြီးတွေကတော့ အနှစ်သာရ တကယ်ရှိတဲ့ ဖာတစ်လုံးခေါင်းကြားပြဇာတ်ဆိုလား ဘာဆိုလားဘဲ။ ကျနော်တို့ကတော့ အဲဒါကြီး ကြည့်ကြည့်ပြီး ပျင်းလွန်းလို့ ဇာတ်ပွဲထဲ အိပ်ရေးကို ၀လို့။

ကျနော်တို့ တုံးဖလားရွာမှာလဲ လူတစ်ယောက်ရှိတယ်။ သူက ရှေးရိုးစွဲဆိုတော့ ရိုးရာတွေပျက်ပြီး ခွေးကို အကျ င်္ီဝတ်ပေးတာတို့ စောင်ခြုံပေးတာတို့ မကြိုက်ဘူး။ မကြိုက်ဘူး ဆိုတာထက် ကြောက်တာ။ မိုးကြိုးပစ်မှာ ကြောက်တာ။ တိရစ္ဆာန်ကို လူလို ဆင်ပေးလို့တဲ့လေ။ တစ်နေ့ကျတော့ သူ့ သားလေး တစ်ယောက် စာသင်ကျောင်းထားတယ်။ ကျောင်းက ပြန်လာတော့ အိမ်စာတွေ ပါလာတာပေါ့။ ဒီတော့ သူ့သားလေးက ကကြီး ခခွေး ဂငယ် စသဖြင့် စာတွေ ကျက်တော့တာပေါ့။ အဲ... ပစောက် ဖဦးထုပ်လဲ ရောက်ရော ကလေးက ဖဦးထုပ်အစား ဖားဦးထုပ်ဆိုပြီး ကျက်မှတ်သံလဲ ကြားရော။ သူ့သားကို ပြောတယ်။ ဟေ့ကောင်.. မင်းကြည့်လဲ လုပ်ပါဦးကွာ ဒို့အိမ်ပေါ် မိုးကြိုးတွေ ခနေပါဦးမယ်တဲ့။ အဲဒီလောက်ထိ မှတ်သားစရာကောင်းတဲ့ ဖဦးထုပ်။ 

မနှစ်တုန်းက သူငယ်ချင်းတစ်ယောက် ဥရောပက ပြန်လာတယ်။ သူက ဥရောပကို ခဏခဏ သွားနေကျ။ သူ့နာမည်က ကိုရွှေတဲ့။ အဲဒါ လွန်ခဲ့တဲ့ အပတ်က သူ့အိမ်မှာ ၀ိုင်းဖွဲ့စားသောက်ကြတော့ သူ့သူငယ်ချင်းဟောင်းတွေ ပါလာတာပေါ့။ သူနဲ့ မတွေ့တာ ကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ဘာပြောတယ် မှတ်လဲ။ ကိုရွှေရာ မင့်ဆီ ငါ မရောက်တာ အတော်လေး ကြာပြီ။ ကြာဆို ငါ မင့်ကို တွေ့ရမှာ ရှက်နေတာနဲ့ မရောက်ဖြစ်တာတဲ့။ ဘာဖြစ်လို့လဲလို့ မေးလိုက်တော့ ရပ်ကွက်ထဲမှာ နာမည်ကြီးနေတာလေ မင်းက ခဏခဏ ဖင်လှန်သွားတယ် ဆိုပြီးတော့လေ။ အဲဒါကြောင့် ငါ ရှက်လွန်းလို့ မင်းနဲ့ တွေ့ဖို့ မလာတာတဲ့။ ကိုရွှေသွားတဲ့ နိုင်ငံက ဥရောပထဲက ဖင်လန်နိုင်ငံကိုး။

အင်း... ဖဦးထုပ် အကြောင်းပြောရင်း ဖာဂူဆန်ကြီးကိုလဲ ပြေးမြင်ယောင်မိသား။  ဖာဂူဆန်ကြီးက နှစ်ပေါင်း ၂၆ နှစ်လုံးလုံး မန်ယူကို ဂုဏ်တွေတင် ပုံတွေတင်ပြီး ဆေးရောင်ပေးခဲ့တာ မန်ယူတောင် အတော်လေး တောက်ပြောင်သွားခဲ့တာကိုး။ သူ့နည်းတူ ၂၆ နှစ်လုံးလုံး ကျနော်တို့အမိမြေကြီးကိုလဲ  ဂုဏ်တင်ပေးခဲ့တဲ့လူ ပေါ်ပေါက်ခဲ့ပါရဲ့။  ဒါပေမဲ့..ဖာဂူဆန်ကြီးက ၂၆ နှစ်တိတိ အမှုထမ်းဆောင်ခဲ့တာ ဖလားပေါင်း ၃၈ လုံး ရခဲ့သတဲ့။ အင်းးးး အမိမြန်မာနိုင်ငံကြီးလဲ အဲဒီ ၂၆ နှစ်အတွင်း ပြုစုပျိုးထောင်လိုက်တာ -ာ ဖိုး ဖဲ မျိုးစေ့တွေ အတော်လေး ဖြစ်ထွန်းခဲ့ပါရောဆိုလားဘဲ။ ဟုတ်မဟုတ်တော့ မသိ။

ကျနော်တို့ လန်ဒန်ရောက်ခါစ အိမ်ရှင်အဘိုးက ဂရင်းနစ်စံတော်ချိန်သတ်မှတ်တဲ့နေရာ (ဂရင်းနစ်ဥယျာဉ်)ကို လိုက်ပို့တယ်။ အပြန်မှာ ပစ်ကယ်ဒလီမြေအောက် ရထားစီးပြီး ပြန်လာကြတယ်။ ရထားပေါ်မှာ ကျနော်တို့နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ အမျိုးသမီးတစ်ယောက် ထိုင်နေတယ်။ ပုံစံက ဖိလစ်ပိုင်စတိုင်လ်မျိုးပါဘဲ။ အဲဒီအမျိုးသမီး မျက်နှာမှာ ၀က်ခြံတွေ ထူလပျစ်ပေါက်နေတယ်။ ဒါပေမဲ့ အဲဒီဝက်ခြံတွေက အမျိုးသမီးရဲ့ အလှအပတွေကိုတော့ ဖျက်ဆီးမပစ်ပါဘူး။ လှနေဆဲပါဘဲ။ အဲဒီမှာ အဘိုးအိုက တစခန်းထလာတော့တာဘဲ။ အဲဒီအမျိုးသမီးရဲ့ မျက်နှာကို ကြည့်ပြီး... မောင်ရင် အဲဒီအမျိုးသမီး မျက်နှာပေါ်က ၀က်ခြံတွေ ပျောက်တဲ့ နည်းရှိတယ်။ လွယ်လွယ်လေးတဲ့။.. ဆိုစမ်းပါဦးအဘိုးဆိုတော့.. ကောင်လေးတစ်ယောက်ကို နမ်းခိုင်းလိုက်ရင် ဒီနေ့နမ်း မနက်ဖန် ပျောက်ပြီ။ မပျောက်ဘူးဆို ကြိုက်တာပြော တဲ့။ ဟိုက ဗမာစကားတွေ နားမလည်လို့ တော်ပါသေးရဲ့။ အဘိုးအို ဆေးနည်းကလဲ ခပ်ကောင်းကောင်းရယ်။ ဒါပေမဲ့ တော်ကြာ ၀က်ခြံပေါက်နေတဲ့ အမျိုးသမီးတွေ အဲဒီနည်းအတိုင်း ကျင့်သုံးကုန်မှဖြင့် မဟာ့မဟာဒုက္ခ။ ပြီးတော့ အဘိုးအိုက ကျနော့်ကို ဆက်မေးသေးတယ်။ အဲဒီအမျိုးသမီးက ဘာလူမျိုးလဲ မသိဘူးနော်တဲ့။ ကျနော်လဲ  အများသုံးနေကျ စကားဝှက်ကလေးနဲ့ ကျနော်ထင်ထားတဲ့အတိုင်း. ဖဦးထုပ်အမျိုးသမီးထင်တာဘဲ အဘိုး..လို့ ပြန်ပြောလိုက်တော့.. အဘိုးက မျက်မှောင်ကြုတ်ပြီး ကျနော့်ကို ကြိမ်းမောင်းတယ်။ မင်း... သူတပါးသားသမီးကို အဲဒီလို မစော်ကားနဲ့။ မစွပ်စွဲနဲ့၊ မပုတ်ခတ်နဲ့တဲ့။ ကိုင်း ခက်ချေဘူးလား။ ကျနော် ဘာများ စော်ကားနေမိပါလိမ့်။ အော်..... လက်စသတ်တော့ အဘိုးအိုက စကားဝှက်ကို မသိဘဲ သူထင်ရာစဉ်းစားပြီး ဖဦးထုပ်ဆိုတာ မကောင်းတာ လုပ်စားတဲ့ အမျိုးသမီးတွေကို ခေါ်ဝေါ်တာလို့ ထင်နေတာကိုး။။

အင်း... ပြောရင်းနဲ့ ဖဦးထုပ် ရှာပုံတော် မရောက်ဘဲ ဖြစ်နေဦးမယ်။ ထုံးစံမပျက်အောင် စာသံပေသံလေးနဲ့ လုပ်ထားပေဦးမှ။
............

တနေ့သောအခါ ကျွန်ုပ်တို့၏အိမ်ရှင် အဘိုးအိုသည် သူ၏ မိတ်ဆွေရှိရာ လန်ဒန်အရှေ့ဘက်ပိုင်းသို့ ညအိပ်ညနေ ခရီးထွက်နေ၏။ ထိုအခိုက် ထိုအိမ်သို့ အဘိုးအို၏ နာမည်ဖြင့် စာတစ်စောင်ရောက်လာလေ၏။ သူ၏သမီးအငယ်ဆုံးမှ မွေးဖွားသော သမီးငယ် (မြေးငယ်)လေးထံမှ စာဖြစ်၏။ ထိုမြေးငယ်လေးကို လွန်ခဲ့သည့် ရှစ်နှစ်ခန့်က လန်ဒန်၌ မွေးဖွားခဲ့ခြင်းဖြစ်၏။ မိဘနှစ်ပါး၏ ကျေးဇူးကြောင့် ထိုမြေးငယ်လေးသည် မြန်မာစာကို ရေးတတ်ဖတ်တတ်လေ၏။ ထိုစာသည် မြေးငယ်လေး၏ နှစ်သစ်ကူးဆုတောင်းစာတစ်စောင်ပင်ဖြစ်၏။

"ဖိုးဖိုး ကျန်းမာချမ်းသာပါစေ။ နှစ်သစ်မှာ ဖေဖေမေမေနဲ့အတူ ဖိုးဖိုးအပါအ၀င် ပျော်ကြရအောင် အိမ်ကို လာခဲ့ပါဦး ဖိုးဖိုး"
""ချစ်တဲ့ေ မြေး ရွှန်းလဲ့""

 ထိုစာကို အဖိုးအိုက ပထမဖတ်၏။ အဘိုးအို၏ မိတ်ဆွေကြီးဦးစိုးက ဒုတိယဖတ်၏။ အဘိုးအို၏ မျက်နှာ၌ သူ့မြေးငယ်လေးအတွက် ကြည်နူးပီတိပြုံးဖြင့် တွန့်လိမ်နေသည့် ပါးရည်နားရည်များ ပိုပြီး တွန့်လိမ်လာသည်ထိ ပြုံးတုံ့ပြုံးလှယ် ပြုံးကျယ်ကျယ်ကြီး ဖြစ်နေလေ၏။ ဖြစ်ပေမပေါ့။ နိုင်ငံရပ်ခြားမှာ မွေးဖွားကြီးပြင်းလာသည့် မြေးငယ်လေးက ဒီလောက်ထိ မြန်မာစာကို ရေးတတ်ဖတ်တတ်သည်ကိုး။ ထိုအခိုက် သူ၏ မိတ်ဆွေကြီးကလဲ အဘိုးအို၏ မြေးငယ်လေးအတွက် ဟိမ၀န္တာချီးမွမ်းခန်းဖွင့်လေ၏။

"ဘဘိုး ခင်ဗျားမြေးငယ်လေးကတော့ သြချရလောက်ပါရဲ့ဗျာ။ အသက်ကလေး ရှစ်နှစ်လောက်နဲ့.....မြန်မာစာကို..အတော်လေး ရေးတတ်တယ်။ နှစ်သစ်ဆုတောင်းတွေတောင်      တောင်းပေးတတ်နေပြီကော"

"အေးကွ ငစိုးရ။ ဆုတောင်းလေးတော့ ကောင်းပါတယ်။ ဒါပေမဲ့.."

"ဒါပေမဲ့ ဘာဖြစ်တုန်း။ ဆိုစမ်းပါဦး"

"မင်းလဲ ဖတ်ပြီးပြီဘဲကွာ။ မင်းမြင်တဲ့အတိုင်းပေါ့။ ဖဦးထုပ် ရေးထုံးရေးနည်းက မှားနေတယ် မဟုတ်လား"

"ဗျာ... ဘယ်လို ဘဘိုး"

"မင်းကလဲ... ရော့... ဒီမှာ ပြန်ဖတ်ကြည့်ဦး"

(အဘိုး ထိုးပေးသည့် စာကို ဖတ်ကြည့်ပြီး)

"ဟာ.. ဘဘိုးကလဲ သူရေးထားတာ မှန်နေတာဘဲလေ"

"မင်းကလဲ ကကြီးခခွေးတောင် မကျေဘဲနဲ့ ပြောနေပြန်ပါပြီ။ ဖဦးထုပ်ကို သေချာကြည့်ပါဦး။ အမှန်က ဖဦးထုပ်ရဲ့ အဆံလေးက ညာဘက်ခြမ်းမှာ ရှိရမှာ မဟုတ်ဘူး။ ဘယ်ဘက်ခြမ်းမှာ ရှိရမှာ။ မသိရင်မှတ်ထားလိုက်ဦး။ ဖဦးထုပ်ရေးနည်းက ဒီလို ဒီလို"



အဘိုးအိုရဲ့ ဖဦးထုပ်ရေးနည်းကို ကြည့်ပြီး သူ့မိတ်ဆွေကြီး ငစိုးတစ်ယောက်လဲ ယောင်ချာချာ ဖြစ်သွားလေ၏။ အဖေအိုဘဲ မှန်သလိုလို သူဘဲ မှားသလိုလိုနဲ့ ဇဝေဇ၀ါ ဖြစ်သွားလေတော့၏။

"ဟာဗျာ.. ဘဘိုး.. ဒါဆို နေဦး.. ကျနော့် အသိတစ်ယောက်ဆီ ဖုန်းဆက်ပြီး မေးလိုက်ဦးမယ်။။။။"

"မေးပါ မေးပါ"

"""ကလင်ကလင်ကလင်"""

"ဟလို အမိန့်ရှိပါ"

"တင်ဇာလား။ ဦးစိုးရယ်ပါ"

"ဟုတ်..ဦးစိုး ပြောလေ"

"ဒီမှာဟေ့.. ဖဦးထုပ် ပြဿနာတက်နေလို့"

"ဘာကြီးတုန်း ဦးစိုး"

"ဘဘိုးတစ်ယောက်လေ.. ဖဦးထုပ် ရေးနည်းကို အူချာချာ ဖြစ်နေတယ်"

"ဘယ်လို ဖြစ်တာတုန်း ဦးစိုး"

"ဖဦးထုပ် ရေးတဲ့အခါမှာ အဆံလေးကို ဘယ်ဘက်ကထားပြီး ရေးတဲ့ ဖဦးထုပ်ကမှ အမှန်တဲ့။ အဲဒါ မေးမလို့ ညည်းကကော ဖဦးထုပ်ကို ဘယ်လို ရေးမှ မှန်တယ် ထင်လဲ"

""ဟာ.. ဦးစိုးကလဲ.. အဆံက ညာဘက်က ရှိရမှာလေ

"ဟုတ်လို့လား သမီးတင်ဇာ.. သေချာလဲ စဉ်းစားကြည့်စမ်းပါဦး"

(ဇဝေဇ၀ါလေသံဖြင့်)

"သိတော့ဘူး ဦးစိုးရေ... သမီးလဲ အခု အလုပ်ထဲ ရောက်နေတယ်။ နောက်မှ အင်တာနက်ကနေ ရှာပေးတော့မယ်။ ဒါဘဲနော်"

ဦးစိုးတစ်ယောက် ဖဦးထုပ် သတ်ပုံအမှန် ရမသွားရှာပေ။ ထို့နောက် မြှားဦးက ကျွန်ုပ်ထံသို့ လှည့်လာသည်။ ဒီတစ်ခါ ဖုန်းဆက်အလှည့်ကျသူက ကျွန်ုပ်တို့ အဘိုးအို။

"""ကလင် ကလင် ကလင်"""

"ဟလို.. အဘိုးလား။ ဘယ်ရောက်နေလဲ"

"ငါ လန်ဒန်အရှေ့ဘက်ပိုင်းရောက်နေတယ်။ အဲဒါ မင်းကို မေးစရာရှိလို့"

"ပြောလေ အဘိုး"

"ဘာရယ်လို့တော့ မဟုတ်ပါဘူးကွာ။ ဖဦးထုပ် သတ်ပုံအမှန်ကို သိချင်လို့ပါ"

"ပြော အဘိုး"

"မင်း ဖဦးထုပ် ရေးတဲ့အခါမှာ အဆံလေးကို ဘယ်ဘက်ခြမ်းမှာ ထားပြီးရေးတာလား။ ညာဘက်ခြမ်းမှာ ထားပြီး ရေးတာလား။ အဲဒါလေး ပြောပြပေးစမ်းပါကွာ။ ဒီမှာ ဟိုကောင် ငစိုးက ဖဦးထုပ်ရေးရင် အဆံကို ညာဘက်ခြမ်းမှာ ထားရမယ်ဆိုပြီး ဇွတ်ငြင်းနေလို့"

အဘိုးအို ပြောကာမှ ကျွန်ုပ်လဲ စိတ်ဖြင့်မှန်းကာ ဖဦးထုပ်ကို ရေးကြည့်သည်။ ဟိုအရင် စာတွေ ရေးနေကျတုန်းကတော့ ခက်ခက်ခဲခဲမရှိ။ အခု အဘိုးအိုပြောကာမှ ဖဦးထုပ်ရဲ့ အဆံက ဘယ်ဘက်မှာလား ညာဘက်မှာလား ဝေခွဲမရ ဖြစ်နေသည်။ စာရွတ်တစ်ရွက်ယူပြီး ဘောလ်ပင်နဲ့ ရေးကြည့်ပြန်တော့လဲ ဖဦးထုပ်တွေက ယောင်လည်လည်။         

" ဘယ်လိုလဲကွ.. အဆံက ဘယ်ဘက်မှာ မဟုတ်လား"

"နေဦးအဘိုး.. ကျနော်လဲ ယောင်နေတယ်။ မြန်မာစာသတ်ပုံကျမ်း ရှာကြည့်လိုက်ဦးမယ်"

ကျွန်ုပ်လဲ လွန်ခဲ့သည့် ငါးနှစ်ခန့်ကထဲက ကျွန်ုပ်၏ ဘလော့ဆိုဒ်ဘား၌ အဆင်သင့်လုပ်ထားသည့် မြန်မာစာသတ်ပုံကျမ်းကို ကလစ်နှိပ်ပြီး ရှာကြည့်လိုက်သောအခါ အဘိုးအိုပြောသည့် ဖဦးထုပ်ကို ပက်ပက်ပင်းပင်းကြီး တွေ့ရလေတော့၏။ သို့သော် သူ၏အဆံကား ဘယ်ဘက်၌မရှိ ညာဘက်မှာ အဆံခတ်ထားသည့် ညာဆံခတ်ဖဦးထုပ်ပင် ဖြစ်လေတော့၏။

"အဘိုး"

"ဘာတုန်းကွ"

"ဖဦးထုပ်ကြီးက ညာဘက်မှာ အဆံခတ်ထားတယ်။ အဲဒါကမှ အမှန်ဗျ"

"ဟေ.. သေချာရဲ့လားကွာ"

"အဘိုးကလဲ သေချာဆို ကျနော်က မြန်မာနိုင်ငံအစိုးရ ပညာရေးဌာနက ထုတ်ဝေတဲ့ မြန်မာစာသတ်ပုံကျမ်းကို သေချာကြည့်ပြီးမှ ပြောတာပါဗျ"

(အဘိုးအိုကား လုံးဝအလျော့မပေး)

"အေးပေါ့ကွာ.. မင်းတို့ လက်ထက်တော့ လုပ်ထားကြပေါ့။ ငါတို့ လက်ထက်တုန်းကတော့ ဖဦးထုပ်ဆိုတာ ဘယ်ဘက်မှာ အဆံခတ်ပြီး ရေးခဲ့ကြတာပါဘဲကွာ" တဲ့။

 အဘိုးအို၏ ဖဦးထုပ်ရှာပုံတော်ကား ဤမှာတွင် ပြီးသွားလေ၏။ သို့သော် အဘိုးအို၏ တယူသန် ဖဦးထုပ်စွဲလန်းမှုကြောင့် ကျွန်ုပ်သည် စပ်မိစပ်ရာ ပုံပြင်တစ်ပုဒ်ကို အမှတ်ရမိသွားလေ၏။

ရှေးရှေးတုန်းက အိမ်ကြီးတစ်ဆောင်၌ လသာဆောင်ရှိ၏။ တစ်နေ့ ထိုလသာဆောင်၌ ညအခါ လူနှစ်ယောက် လေညှင်းခံရင်း လရောင်၏ အရသာကို ခံစားနေကြ၏။ တစ်ယောက်က အဘိုးအို။ နောက်တစ်ယောက်က မြေးယောက်ျားလေး။ အဘိုးအိုက အနှိပ်ခံနေသည်။ မြေးလေးက နှိပ်ပေးနေသည်။ ထိုအခါ မြေးလေးက အဘိုးအိုကို....

"အဘိုး... ဟို.. ကျနော်တို့အထက် တောင်ဘက် ကောင်းကင်ပေါ်မှာ လင်းထိန်နေတဲ့ ကြယ်ကြီးတစ်လုံး ရှိတယ်။ အဲဒါ ဘာကြယ်ကြီးလဲ မသိဘူးနော် အဘိုး"

ဟု. နှိပ်ပေးရင်း လှမ်းမေးလိုက်လေ၏။

"အဲဒါ ဓူဝံကြယ်လို့ ခေါ်တယ်ကွဲ့ ငါ့မြေးရဲ့"

ဟု..  ပြန်ဖြေလေ၏။

"အာ... အဘိုးကလဲ ဓူဝံကြယ်ဆိုတာ ကျနော်တို့ ခေါင်းအပေါ်ရဲ့ မြောက်ဘက်မှာ ရှိရမှာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ဓူဝံကြယ်က တောင်ဘက်ကို ရောက်သွားရတာလဲ"

ဟု လှမ်းအထောက်... အဘိုးအိုကလဲ အရှုံးမပေး..

"ရှူးတိုးတိုး... ငါ့မြေး... ဘယ်သူ့ကိုမှ မပြောနဲ့နော်။ အဲဒီ ဓူဝံကြယ်ကြီး တောင်ဘက်ကို ပြောင်းသွားတာ တစ်ပတ်ဘဲ ရှိသေးတယ်။ ငါကလွဲပြီး ဘယ်သူမှ အဲဒီ အကြောင်းကို မသိကြဘူး။ အခုဆိုရင်တော့ ဓူဝံကြယ်ကြီး တောင်ဘက်ပြောင်းသွားတာကို သိတာ မင်းနှင့်ငါဆိုတော့ နှစ်ယောက် ရှိသွားပြီပေါ့ကွာ။ အဲဒီ အကြောင်း ဘယ်သူ့ကိုမှ မင်း သွားမပြောနဲ့နော်"

ဟု မြေးလေးနဲ့ အပြိုင် အငြင်းအခုန်လုပ်ပြီး အနိုင်ယူလေသောဟူ၏။

ဤလောကကြီး၌ ဖဦးထုပ်အဆံကို ညာဘက်မှာ ရေးရသည်ဆိုသော၊ ဓူဝံကြယ်ကြီး တောင်ဘက်အရပ် ပြောင်းသွားသည်ဆိုသော အဘိုးအိုနှစ်ဦးကဲ့သို့  လူပေါင်းများစွာ လူပေါင်းများစွာ ရှိခဲ့ပေမည်၊ ရှိနေဦးမည်၊ ရှိနေလိမ့်ဦးမည်မှာ အမှန်ပင် ဖြစ်ပေတော့သတည်း။  ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.

Wednesday 1 January 2014

နယူးတွေလဲ ခဏခဏ ယီးယားလို့


  

 မိုးလေ၀သကြေငြာသူက ပြောတယ်။ နှစ်တွေကတော့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၄ခုနှစ် (နှစ်သစ်)ကို ပြောင်းသွားပြီ၊ ဒါပေမဲ့ ရာသီဥတုကတော့ မပြောင်းသေးဘူး၊ မနေ့ကနဲ့ အတူတူဘဲတဲ့။ လေတိုက်တုန်း။ မိုးရွာတုန်း။ ရေကြီးတုန်း။ လျပ်စစ်မီးတွေပြတ်တောက်နေတုန်းတဲ့။ အဲဒါ အင်္ဂလန်မှာ လောလောဆယ် ဖြစ်နေတာ။

သူပြောမှဘဲ ကိုယ့်ကိုကိုယ် ပြန်စစ်ကြောမိတယ်။ ဟုတ်ပါရဲ့။ နှစ်သစ်သာ ကူးသွားတယ်။ လူက ငုတ်တုတ်ကြီး။ စိတ်သစ်လူသစ် အင်အားသစ်တွေ အလိုလိုများ မွေးဖွားလာမလားမှတ်တယ်။ ဘယ်ဟုတ်မလဲ လူကလဲ ရာသီဥတုနောက် လိုက်ပုံရတယ်။ အေးစက်စက် အေးခဲခဲကြီး။ တစ်ယောက်ထဲ ဟက်ပီးနယူးယီးယားလို့ ရေရွတ်နေမိပေမဲ့ စိတ်ထဲမှာတော့ လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ။ 

အိမ်အောက်ထပ်မှာရှိတဲ့ အိမ်ရှင်အဘိုးအိုကြီးကတော့ သူ့မိတ်ဆွေကျော်ကြီး ရောက်နေဟန်တူပါရဲ့။ ဖိုက် ဖိုး ဿရီး တူး ၀မ်း  ကောင့်ဒေါင်းတွေ ရေတွက်ပြီး ချွလွင် ချွလွင် ခွက်ချင်းရိုက်ခတ်သံနဲ့အတူ ဟက်ပီးနယူးယီးယား အော်ဟစ်နေကြလေရဲ့။ အလိုလို နားထဲ ကြားယောင်လာတာက ကိုထီးရဲ့ """အပူအပင်ကင်းတဲ့ ကလေးလေး ဘ၀ကို တခါပြန်ပြီး ရချင်သေးတယ်"""""...။..နိုး..နိုး..နိုး။ အဲလို မဟုတ်တော့ဘူး။ """""""အပူအပင်ကင်းတဲ့ အဘိုးကြီးဘ၀ကို မြန်မြန်အပြေး ရောက်ချင်သေးတယ်"""""" လို့ ဆိုရလေမလား။

"မောင်ရင်... အင်္ဂလိပ်တွေ ညစ်ပတ်ပုံတော့ မပြောနဲ့.. တို့ဗမာတွေကို သိပ္ပံပညာတွေ ပေးထားခဲ့တာလေ။.. မိုးဘာကြောင့် ရွာရတယ်... ဖားအော်လို့ ရွာရတယ်တဲ့။ ကဲ.. ကောင်းရော"

နေ့လည်ခင်း ကော်ဖီဆင်းသောက်တုန်း အဘိုးအို ပြောခဲ့တဲ့ စကားတွေကို ပြန်စမြုံ့ပြန်ပြီး တစ်ယောက်ထဲ ပြုံးနေမိတယ်။ အပြုံးတုလား အပြုံးစစ်လားတော့ ကိုယ်တိုင်ပင် မဝေခွဲတတ်။ ဘာဘဲဖြစ်ဖြစ် အပြုံးတုပေမဲ့ အပြုံးမဲ့ထက်တော့ သာလွန်ကောင်းပါရဲ့။ ဟန်ဆောင်ကောင်းရင် သူတော်ကောင်းတဲ့။ လူကြီးသူမတွေဆီက ပညာတွေ တနင့်တပိုးနဲ့။

"ရေဒီယိုဆို ဂျီအီးစီ။ ချုပ်စက်ဆို ဆင်းဂါး။ စက်ဘီးဆို ရီလေးနဲ့ ဟမ်းမား။ ကားဆို ချက်ဗလက်။ သူတို့ ဘိလတ်ထွက်တွေချည်း အားပေးခိုင်းနေတာ။ ပြည်တွင်းဖြစ်ကို အားပေးပါဆိုတဲ့ အထာကြီးနဲ့။ အမြင်ကပ်ဖို့ တကယ်ကောင်းတာ မောင်ရ။ ခုမှ ဒို့ကို တမူးတပဲ ထောက်ပံ့ရတာ နစ်နာတယ်ရှိသေး"

ကိုလိုနီခေတ်တုန်းက တက်ကြွလှုပ်ရှားခဲ့သူပီပီ အင်္ဂလိပ်အစိုးရကို ခုထက်ထိ ကလော်တုတ်နေဆဲ အဘိုးအို။ အသက် ၉၀ နားနီးနေပေမဲ့ တစ်ပိဿာလောက် ရှိတဲ့ ကျောက်တုံးကို ဂိုက်နှစ်ဆယ်လောက် အသာလေး ပစ်နိုင်သေးသူ အဘိုးအို။ အသက် ၇၀ ကျော်လာရင် ကြီးလာလေ ငယ်သွားလေတဲ့။ ဟုတ်လောက်တယ်။

"သူတို့ မားကက်လင့်ဒ် လုပ်ပြီး အဆီအနစ်တွေ စုပ်ယူပြီးမှ ရော့အင့် လွတ်လပ်ရေးတဲ့။ ဟော.. သူတို့ ပြန်သွားတော့ ယပက်လက်နဲ့ ပေါက်ဖော်ကြီးက မားလက်လင့်ဒ် ပြန်လုပ်ပြီး အကျန်အကြွင်းတွေ ထပ်သိမ်းပြန်ပါလေရော။ ဒီတော့ တို့အဖို့တော့ ရှိသည့်ဗမာ နောက်မှာသာ"

"အဘိုးအို အဲဒါတွေ တွေးမနေပါနဲ့တော့။ အဘိုးအိုရဲ့ ဘုရားကိုးဆူ ကွန်ပျူတာ စီချင်တယ်ဆို။ နှစ်သစ်မှာ အဆင်သင့်ကိုးကွယ်နိုင်ဖို့ ရဟန္တာကိုယ်တော်လေးတွေကို နာမည်ပေးဦးမယ်ဆို"

"အေးပါကွာ။ နှစ်ဟောင်းလေးမကုန်ခင်တော့ နဲနဲကဲပါရစေဦး။ နှစ်သစ်ရောက်မှဘဲ ဘုရားကိုးဆူကို ထိခြင်းငါးပါးနဲ့ အပြတ်အသတ် ပူဇော်ပလိုက်ဦးမယ်"

စာရေးရင်း နာရီ မော့ကြည့်လိုက်တော့ ၂၀၁၄ခု ဇန်န၀ါရီ ၁ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁ နာရီ ၄၅ မိနစ်။ လှေခါးနားသွားပြီး အဘိုးအိုအခန်းကို နားစွင့်ကြည့်လိုက်တော့ တခေါခေါ အသံက ညံထွက်နေလေပြီ။ မောပေမပေါ့။ သူ့အခန်းထဲ သော့ကျန်ခဲ့လို့ သုံးပေါင်တူနဲ့ တဒုန်းဒုန်းထုဖွင့်ရတာက ၁၀ မိနစ်။ ဒါတောင် သွားကူပေးလိုက်လို့။ ဒါ့ပြင် သူ့ဘော်ဒါကြီးနဲ့ နယူးယီးယား စယ်လီဘရေးရှင်းလုပ်တာကလဲ အတော်များသွားတဲ့ပုံ။ သို့ပေသည့် သူ့အခန်းထဲက လက်မ ၄၀ တီဗီကြီးကတော့ အော်ဟစ်နေဆဲ။ မောရိန်း။ မောဝင်း။ မောဖလပ်ဒင်း တဲ့။ 

ဝန်းကျင်တ၀ိုက် ပုရစ်အော်သံ ခွေးအအူသံ ကြက်တွန်သံ ဘာသံမှ မကြားရ။ သို့သော် နှစ်သစ်ကူးခဲ့တာ နှစ်နာရီနီးနီး ရှိပေမဲ့ ကုလားရပ်ကွက်ပီပီ နှစ်သစ်ကူးလို့ ကောင်းနေကြတုန်း။ တဒုံးဒုံး တဂွမ်းဂွမ်း ဟေးလား ဟားလား။

တီဗီကျေးဇူးနဲ့ ကင်မရာလေးထောင်ပြီး ရိုက်ယူထားတဲ့ နယူးယီးယားမြင်ကွင်းကို အပ်လုပ်ဒ် လုပ်နေတာကလဲ မိနစ်ပေါင်းများစွာ။ ပြီးနိုးနိုးနဲ့ စောင့်ရင်းရေး ရေးရင်းစောင့်။ သို့သော် ယခုထက်ထိ အပ်လုပ်ဒင်းတဲ့။ ထရိုင်ပေါ့နဲ့ စခရင်ကြီးကို သေချာချိန်ပြီး ရိုက်ထားတာတောင်မှ ခေါင်းပိုင်းက ဘယ်လို ဘယ်လို မြင်ကွင်းရဲ့ အခြားတစ်ဘက် ဖြစ်သွားပါလိမ့်။

အဘိုးအို ဘုရားဆွမ်းတော်ကပ်ဖို့ မချက်ပြုတ်ခင် အိပ်ထားမှ။ သူ အိပ်ရာကနိုးပြီဆိုရင် အသံပေါင်းစုံ အနံ့ပေါင်းစုံ၊ တခါတခါ စမုက်ခ်အလန်းသံက ပါသေး။ အိပ်ဖို့ ခက်ရချေသေးရဲ့။ ဒါပေမဲ့ နှစ်သစ်ကူးကို လဘက်သုပ် ခပ်ခါးခါးလေးနဲ့ ကူးထားခဲ့တဲ့ အရှိန်က ခုထက်ထိ မျက်လုံးပြူးနေဆဲ။ 

အိပ်ယာမ၀င်ခင်လေးတော့ ဆုတောင်းပေးဦးမှဘဲ။ အရှေ့ဘက်ခြမ်းက လူတွေအတွက် နောက်အကျကြီး ကျနေပေမဲ့ အနောက်ဘက်ခြမ်းက လူတွေအတွက်တော့ ကွက်တိဖြစ်လောက်ပါရဲ့။ ဖိုက် ဖိုး ဿရီး တူး ၀မ်း....  

ဟက်ပီးနယူးယီးယား ၂၀၁၄...........

.