Monday 30 March 2009

အမေသို့ပေးစာ (၃)

သန္ဓေတစ်ခု အောင်မြင်ဖို့အတွက်
အဖက်ဖက်ကို ကိုင်တွယ်ဖြေရှင်း
သေမင်းကို စစ်ခင်းပြီး
ချစ်ခြင်းတရားနှင့်တည်ဆောက်
အရာရာကို လုံးဝမကြောက်ဘဲ
စောင့်ရှောက်ခဲ့တဲ့ အမေ့သတ္တိတွေ
သား သေသွားရင်တောင် မမေ့ပါဘူး အမေ။

ကြည်လင်တဲ့ အပြုံးတွေနဲ့
အမုန်းတွေ လုံးဝမစွက်ဘက်ဘဲ
ရက်အဆက်ဆက် တိုက်ကျွေးခဲ့တဲ့ အမေ့နို့ရည်
(သားအတွက်) သတ္တိတွေ မွေးဖွားစေခဲ့တယ် အမေ။

စား ၀တ် နေရေး စီးပွါးရေး
အရေးပေါင်းစုံ အမေရင်ဆိုင်ရင်း
ကိုယ်တွင်းကထွက်တဲ့ ချွေးတွေကို မသုတ်အား
သားတွေကို အားပေး
ပညာရေးအတွက် အမေ အလုပ်ရှုပ်ခဲ့ပြန်တယ် အမေ။

သား အတန်းတစ်တန်းတက်ရင်
အမေ အားတစ်အား တက်ရပါတယ်တဲ့
သား ကျောင်းစာမှာ တော်နေရင်
အမေ လူကြားထဲ မော်နေရတာပေါ့ တဲ့
ဒါပေမဲ့
သား ဘွဲ့တွေ အလီလီရနေတဲ့အခါကျတော့
အမေ လှည့်ကြည့်ခွင့်မရှိရှာတော့ဘူး အမေ။

လောကကြီးအပေါ် သား စိတ်တိုနေတဲ့အခါ
အမေ ကြိတ်ငိုနေမလားဘဲ
သားရဲ့ ဘ၀ခရီး ဘယ်လောက်ဘဲ ကြမ်းတမ်းပါစေ
နိုးကြားမှုတွေနဲ့ လျောက်လှမ်းနေမယ်။
အေးအေးချမ်းချမ်းဘဲ (တမလွန်မှာ) နေပါတော့ အမေ။

.....

ချစ်သူ

ချစ်သူ
ဒေါသတွေဖြစ်လာရင်
မျက်လုံးလေးမှိတ်လိုက်ပါ
အသက်ကို ဖြေးညှင်းစွာ ရှုသွင်းလိုက်ပါ
ဒါဟာ
ကောင်းကင်ကြီးရဲ့  အနံ့ကို ရှူသွင်းလိုက်ခြင်းဘဲ
ကောင်းကင်ကြီးကို အိပ်မက်ထဲကို ထည့်ကြည့်လိုက်ခြင်းဘဲ
ဒါဆိုရင်
အရာအားလုံးဟာ အသေးအမွှားလေးတွေဆိုတာ နားလည်သွားပြီလေ။

ချစ်သူ
သတိရစရာတွေ ရှိလာရင်
မျက်လုံးလေးကို မှိတ်လိုက်ပါ
နှလုံးသားလေးကို ဖွင့်လိုက်ပါ
ဒါဟာ
အမှတ်တရတွေကို ရင်ဘတ်ထဲ ထည့်ကြည့်လိုက်ခြင်းပါဘဲ
ဒါဆိုရင်
နူးညံ့နေတဲ့ အထိအတွေ့တွေကြား စည်းချက်ကျစွာ ပြေးလွှားနေတဲ့
သတိရအောက်မေ့ခြင်းတွေ ဘယ်တော့မှ မရိုးနိုင်ဘူးဆိုတာ
နားလည်သွားပြီလေ။

ချစ်သူ
လွမ်းစရာတွေ ရှိလာရင်
မျက်လွှာလေးတွေကို ပိတ်လိုက်ပါ
နားကလေးကို စွင့်လိုက်ပါ
အေးမြစွာ စီးဆင်းနေတဲ့ ဂီတသံစဉ်ကို နားဆင်ကြည့်ပါ
ဒါဟာ
မြူးတူးစွာ ကခုန်နေတဲ့ ရင်ခုန်သံကို ခယ၀ပ်တွားလိုက်ခြင်းပါဘဲ
ဒါဆိုရင်
သာယာမိန်းမူးခြင်းတွေနဲ့ အချစ်ရဲ့  သင်းပျံ့ မှုတွေ
ဘယ်အခါမှ
မက်မပြေဘူးဆိုတာ သိသွားနိုင်ပြီလေ။

ချစ်သူ
အောက်မေ့တွယ်တာမှုတွေ ရှိလာရင်
မျက်လုံးကလေးတွေကို ပိတ်လိုက်ပါ
တွယ်တာနေတဲ့ သံယောဇဉ်တွေကို တွေးတောလိုက်ပါ
နှုတ်ခမ်းတွေရဲ့  ချော့မြူမှုတွေ ခဏလောက် ခံစားကြည့်လိုက်ပါ
သောကကင်းနေတဲ့ ဘ၀ရဲ့  ပင့်သက်မှုတွေ တဆိတ်လောက်ရှုထုတ်ကြည့်ပါ
မောပန်းနေတဲ့ လောဘအနမ်းတွေ တသသနမ်းရှိုက်ကြည့်ပါ

ပူနွေးနေဆဲ
ရင်ခွင်ထဲက ရင်ခုန်သံကို
တစ်ဘ၀စာ နားဆင်ကြည့်လိုက်တော
ချစ်သူ
ဘ၀စာမျက်နှာသစ်တွေနဲ့အတူ မြူးတူးကခုန်လိုက်တော့
ချစ်သူ
အမြဲတမ်း မနွမ်းသော လန်းဆန်းသော အနမ်းများဖြင့်
လောကကြီးရဲ့  သံစုံတေးသံသာကို နာယူလိုက်ပါတော့ ချစ်သူ။ ။


.....

စိုးစိတ်

အချစ်ဆိုတာ ဘာမှန်းမသိတဲ့...
အချစ်ဆိုတာကို ကျကျနနသဘောပေါက်တဲ့...
မာနတွေတစ်လွင့်လွင့်အလံထူနေတဲ့...
မာနတွေဆို ဘာမှ မရှိတော့တဲ့...
ရဲရင့်တက်ကြွနေတဲ့...
သိမ်မွေ့နူးညံ့နေတဲ့...
မျက်နှာတည်တည်ကြီးနေတတ်တဲ့...
ဖော်ဖော်ရွှေရွှေပြုံးပြနေတတ်တဲ့...
...တဲ့...
...တဲ့...
ချစ်သူတစ်ယောက် ကျနော့်မှာ ရှိတယ်။

အဲဒီ ချစ်သူကပြောတယ်
သူ့ရဲ့ မာနတွေဟာ
အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ပျောက်ဆုံးသေကြေသွားတာ ကြာပြီတဲ့။

အပြောင်းအလဲတွေကြား
ထားခဲ့ရင်လဲ နေခဲ့ပါ့မယ်
လိုက်ခဲ့ဆိုလည်း ကြိုးစားပါ့မယ်တဲ့။

မိဘကို ချစ်တဲ့ချစ်သူလေးမို့
ချစ်သူကို ချစ်တဲ့စိတ်နဲ့ အနာဂါတ်ကိုတွေး
ခံစားမှုကို စတေးပြီး မိဘကျေးဇူးဆပ်နေတဲ့မင်းလေး
ကိုယ်တကယ်မဆွေးစေချင်ပါဘူး။

ဒါပေမဲ့..
အတ္တတွေ ကိုယ့်ရင်မှာစွဲနေပြီမို့
ဆင်းရဲသောကကို ဆက်မမွေးချင်လည်း
သညာအသိနှင့်ယှဉ်
ပညာပကတိကို ကြဉ်ပြီး
မင်းလေး (မိဘ)ကျေးဇူးတွေ ပြန်မဆပ်နိုင်ခင်မှာ
အနာဂါတ်အတွက်
ကြယ်တွေ ကြွေမှာ ကြောက်လှတယ်။

....

ဆုံဆည်းခွင့်

မင်းမျက်နှာလေး

မမြင်ရချိန် မြင်ချင်တယ်

ဒါပေမဲ့..

မြင်ခွင့်မရှိ။


မင်းအသံလေး

မကြားရချိန် ကြားချင်တယ်

ဒါပေမဲ့..

ကြားခွင့်မရှိ။


မင်းရဲ့ ဘေးနား

အချိန်တိုင်း နေချင်တယ်

ဒါပေမဲ့..

နေခွင့်မရှိ။


တစ်ရက်လေးမှ မဝေးချင်

ထွေးနှောင်ပတ်ရစ်

ကိုယ်ချစ်ခဲ့မိသောမင်းလေး

ဆုံဆည်းခွင့်ပေးပါ။


...

Friday 27 March 2009

လက်ကမ်းလို့ကြို

မင်းနေထိုင်ရာ အဝေးကမြို့လေး

တစ်ရေးးရေး ကိုယ်တိုင်မှန်းမျှော်ရင်း

တင်းထားတဲ့ ဦးနှောက်အသိတွေက လမ်းပိတ်ထားပေမဲ့

နှလုံးသားရပ်ဝန်းထဲ မင်းလေးနေရာယူနေခဲ့ပြီ။


စွဲလမ်းခြင်းရဲ့ တပ်မက်မှုတွေနောက်

တကောက်ကောက်လိုက်ရင်း

မှားမှန်းသိသိနဲ့

ငါ့ကိုဆက်လျှောက်ခွင့်ပေးပါဦး။


တင်းထားတဲ့သံမဏိစိတ်ဓါတ်တွေ

အရည်ပျော် သံလိုက်ဖြစ်သွားပြီး

ငါ့ဒူးတွေ မင်းလေးရဲ့  ရုပ်ပုံလွှာအောက်မှာ

ဘာကြောင့် ညွတ်ကျသွားရတာလဲ

ငါ စဉ်းစားနေဆဲဘဲ။


ငါ့ရင်မှာလှိုင်းတွေထန်နေပြီ

အောက်မေ့ခြင်း လွမ်းဆွတ်ခြင်းတွေ

မနိုင့်တနိုင်သယ်ဆောင်ရင်း

ကျိန်စာတွေရဲ့  အောက်မှာ

ဆန္ဒွရဲ့ တောင့်တမှုက ကိုက်ဝါးချိုးဖဲ့နေလေရဲ့ 

ငါ့သီလတွေလည်း

ဖရိုဖရဲတစ်စစီဖြန့်ကြဲနေခဲ့ရပြီလေ။


စွဲလမ်းမှုရဲ့ရှို့ တဲ့မီး တစ်ဟီးဟီးလောင်ကျွမ်းနေပေမဲ့

ဆန်းပြားစွာ ရှုပ်တဲ့ကြိုးနဲ့နှောင်ရစ်

တုန်နေအောင် ချစ်သမို့

ခုန်သောရင် တုန်သောလက်ဖြင့်

မင်းလေးကို ကမ်းလင့်လို့ကြိုနေဆဲပါဘဲ။


.....

Wednesday 25 March 2009

ဝါသနာကို အရင်းခံလို့ (၃) (အပြီးသတ်)

ဝါသနာမပါခဲ့တဲ့ ၀ါသနာအကြောင်းလေးတွေ ထပ်ပြောပြရဦးမယ်။ ကျနော်တို့ ရွာဦးကျောင်းဆရာတော်က ဗေဒင်ဟောတတ်တယ်။ လက္ခဏာလဲကြည့်တတ်တယ်။ ရွာထဲမှာ ပြောကြတာကတော့ ဆရာတော်ဟောတဲ့ ဗေဒင်တွေဟာ အရမ်းမှန်တယ်တဲ့။ ကွက်တိတွေချည်းဘဲတဲ့။ ကျွဲပျောက် နွားပျောက်ကစလို့ စီးပွါးရေးအထိ ဆရာတော်ဟောတတ်တယ်။ ယတြာတို့ ဓါတ်ရိုက်ဓါတ်ဆင်တို့ ဇာတာဖွဲ့တာတို့ အားလုံးဆရာတော်ကျွမ်းကျင်တယ်လို့ ကျနော်တို့နယ်ဘက်မှာ နာမည်ကြီးနေတယ်။ဒါနဲ့ ကျနော်လဲ အားကျပြီး ဗေဒင်စာအုပ် လက္ခဏာစာအုပ်တွေ ၀ယ်ဖတ်တာပေါ့ဗျာ။

ဗေဒင်အစ မဟာဘုတ်က ဆိုတဲ့အတိုင်း မဟာဘုတ်တိုင်ထူနည်းကစပြီး လေ့လာရပါတယ်။ မရှင်းတာရှိရင် သိတဲ့လူ တတ်တဲ့လူဆီချဉ်းကပ်ပြီး မေးမြန်းရတာပေါ့။ ဆရာတော့်ကိုတော့ မမေးရဲပါဘူး။ ဆရာတော်က ကျနော်တို့ကို လက္ခဏာ ဗေဒင်တွေဘက် စိတ်မ၀င်စားစေချင်ဘူး။ ပညာရေးသက်သက်ကိုသာ ဇောက်ချလုပ်စေချင်တာ။ သူ့ရဲ့  စေတနာပေါ့လေ။

ဗေဒင်လက္ခဏာကို တိုးတိုးတိတ်တိတ်ဘဲ ကျနော်လေ့လာဖြစ်ပါတယ်။ ၀ါသနာပါနေခိုက်မို့ ဖတ်သမျှမှတ်မိတာများတယ်။ အခြေခံလေးတွေပေါ့လေ။ ဗေဒင်ဘက်ဆိုရင် မဟာဘုတ်တိုင် ကသစ်ဂြိုဟ်တည်ပုံ ဥစ်ဂြိုဟ်တည်ပုံ အိမ်ထောင်ဖက် အိမ်ထောင်ရန်ဖက် မိတ်ဖက် ရန်ဖက် ဓါတ်ဖက် ဓါတ်ရန်ဖက်စတဲ့ အခြေခံလေးတွေကို ကျနော်သိသွားတယ်။ လက္ခဏာဖက်ဆိုပြန်ရင်လဲ ကမ္မလေခ အာယုလေခ ဇေယျလေခ ဥာဏလေခ ဟဒယလေခ နိယောဂလမ်းကြောင်း လက်ဗွေပုံစံ လက်ဖ၀ါး အကြမ်းအနု ဂမ္ဘီရကြက်ခြေခတ်စတဲ့ အပေါ့စားလက္ခဏာကြည့်နည်းလေးတွေကို သိလာတယ်။
ဒါဆို ငါဗေဒင်လက္ခဏာတတ်ပြီပေါ့လေ။ စိတ်ကြီးဝင်မိခဲ့သေးတယ်။ ကျွဲခြေရာခွက်ထဲက ဖားသူငယ်လိုပေါ့။ ပင်လယ်ကို မမြင်ဘူးတော့ မူး(ချောင်းလေး)ကို မြစ်လို့ ထင်တော့တာပေါ့လေ။ အချင်းချင်းတွေကို ဗေဒင်ဟောပေးတယ်။ လက္ခဏာကြည့်ပေးတယ်။ အဟောခံ အကြည့်ခံတဲ့သူတွေကိုတောင် ကြံဖန်ကျေးဇူးတင်ရသေးတယ်။ ကျနော်အရူးထတာကို ကူညီဖေးမပေးလို့။

လေ့လာလေလေ ခက်ခဲလာလေမှန်းသိလာတော့ ကျနော် စိတ်ပျက်လာတယ်။ ဒီကြားထဲ သမာဓိထူထောင်ဖို့ တရားရှုမှတ်ရမယ်ဆိုတဲ့ အပိုင်းတွေပါ ဗေဒင်ထဲပါဝင်နေတော့... ဟဲ ဟဲ ကျနော်က ပျင်းတယ်လေ။ အချိန်မရှိသလိုလို အလုပ်များသလိုလို ကိုယ့်ဟာကိုယ် အကြောင်းပြပြီး တရားမထိုင်ဖြစ်ပါဘူး။ ဒါနဲ့ဘဲ ဗေဒင် လက္ခဏာဖက်ကို စိတ်လျော့လျော့လာလိုက်တာ အခုဆို ဗေဒင်လက္ခဏာနဲ့ပတ်သက်လို့ ဘာဆိုဘာမှ မသိတော့ပါဘူး။

"မဟာဘုတ်တိုင်လေးထူပေးစမ်းပါ"လို့ တစ်ယောက်ယောက်ကပြောလာရင် "တိုင်ထူဖို့ အလုပ်သမား အများကြီးလိုမယ်"လို့ ကျနော်ဖြေဖြစ်လိမ့်မယ်။ ပြီးတော့ ဗေဒင်ဆိုတဲ့ စကားလုံးကို မြင်ရရင် ကျနော်က အဆိုတော် ဗဒင်ကိုဘဲ မြင်ယောင်နေမိတယ်။ ဗေဒင်ဟောပေးပါလို့ပြောလာရင် "ဗေဒင်တော့မသိတော့ဘူး။ အဆိုတော်ဗဒင်ရဲ့  သိုးမည်းကြီးတွေအကြောင်း သီချင်းတော့ရတယ်။ နားထောင်မလား"လို့ ပြောရလောက်အောင် ဘာမှကို ကျနော့်ခေါင်းထဲမှာ ဗေဒင်လက္ခဏာအကြောင်း မကျန်တော့ပါဘူး။ အဲဒါ ကျနော် စွဲစွဲမြဲမြဲ ၀ါသနာမပါခဲ့လို့ပေါ့။
..........

အဲဒီလို ၀ါသနာပါလိုက် မပါလိုက်နဲ့ ဖြစ်ပျက်ခဲ့တာတွေ အများကြီးပါဘဲ။ စာဖတ်ဝါသနာပါတုန်းက တစ်နေ့ထဲ စာအုပ်တွေ အများအပြားဖတ်ခဲ့ဖူးတယ်။ ကာတွန်း ၀တ္ထုတို ၀တ္ထုရှည် ဆောင်းပါး ကဗျာ အားလုံး ကျနော်ဖတ်တယ်။ ညဖက် မအိပ်ဘဲနဲ့ကို ဖတ်တာ။ ဒါပေမဲ့လဲ နောက်ဆုံးတော့ ဒုံးရင်းပါဘဲလေ။ အခု သိပ်မဖတ်ဖြစ်တော့ပါဘူး။ စားကောင်းရုံ သောက်ကောင်းရုံလောက်ဘဲ ဖတ်တော့တယ်။
ဟဲ ဟဲ... ၀ါသနာမပါခဲ့တဲ့ ၀ါသနာအကြောင်းရေးရင်း ကြွားနေသလိုများဖြစ်သွားလားမသိဘူး။

နောက်တစ်ခုရှိသေးတယ်။ ဘာသာစကားကိစ္စလေ။ ပထမ အင်္ဂလိပ်စကားကို စိတ်ဝင်စားတယ်။ နောက် ဂျပန်စကားကို စိတ်ဝင်စားတယ်။ ပြီးတော့ အင်္ဂလိပ်စကားကို ပြန်စိတ်ဝင်းစားတယ်။ ကလေးဘ၀တုန်းက မြန်မာတီဗီကထုတ်လွင့်ပေးတဲ့ အိုရှင်းဂျပန်ဇာတ်လမ်းတွဲကိုကြည့်ရင်း ဂျပန်စကားကို စိတ်ဝင်စားခဲ့တာပါ။ အဲဒါကြောင့်လဲ သင်ယူဖြစ်တယ်ဆိုပါတော့။

"ဟဂျိမဲ့မရှိတဲ့ ၀ါတာရှိဝ ကိုကိုမောင်ဒဲ့စ်၊ ဒိုင်းဂခု နော့ ဂကုဆေးဒဲ့၊ ဒိုဇိုယောရော့ရှိကု"

ဂျပန်စကားစသင်စဉ်တုန်းက ကျက်မှတ်ထားတဲ့ စကားလုံးလေးပါ။ တွေ့ရပါတာ ၀မ်းသာပါတယ်။ ဘာညာပေါ့။ တစ်နှစ်ကျော်ကျော်လောက် သင်ယူမှတ်သားထားတော့လဲ ဂျပန်စကားနဲနဲ ပြောတတ်ခဲ့ပါတယ်။ ဗမာအချင်းချင်း ဂျပန်လိုပြောကြဆိုကြတော့ အဟုတ်ပါဘဲ။ ဒါပေမဲ့ တကယ့်ဂျပန်စစ်စစ်နဲ့လဲ တွေ့ရော ဟိုင်း..ဟိုင်း.. ဆိုပြီး ခေါင်းညိတ်ရုံဘဲ တတ်တော့တယ်။ နားမလည်ဘူး။ ဖီးအရမ်းငုတ်တယ်။ ဒါနဲ့ ဂျပန်စကားကို ပစ်ထားလိုက်တာ ယနေ့အထိပါဘဲ။ ၀ါတာရှိ အနတ ခိုရဲ့  ခရဲ့  ခနော့ဂျော့ ဟိုင်း အိယဲ့။ အဲဒါလေးတွေဘဲ မှတ်မိတော့တယ်။

အင်္ဂလိပ်စကားသင်တုန်းကလဲ ဒီလိုပါဘဲ။ တစ်ရက်ထဲနဲ့ မီးနင်းအလုံး ငါးဆယ်လောက် ကျက်မှတ်နိုင်တယ်။ ဆန္ဒပြင်းထန်နေတာကိုး။ သူငယ်ချင်းတွေနဲ့ အချင်းချင်းပြောတယ်။ ပါးစပ်က အမြုပ်ထွက်လောက်အောင်ကို လေ့ကျင့်ပြောဆိုခဲ့တာပါ။ အဲ.. အဲ... ဒါပေမဲ့လဲ တကယ့်နိုင်ငံခြားသားနဲ့တွေ့တော့ နားမလည်တာက ခပ်များများရယ်။

မှတ်မိသေးတယ်။ ဂျာမန်မလေးနှစ်ယောက် မန္တလေးမှာတွေ့ခဲ့ဖူးတယ်။ သူတို့က ဂျာမနီ ဟမ်းဘတ်မြို့ကတဲ့။ ကျနော်က ဟမ်းဘတ်ကို ဟန်ပိုလို့ အသံထွက်မိတာကစပြီး အဲဒီထဲက အမျိုးသမီးတစ်ယောက်က ကျနော့်ကို ဟန်ပိုလို့ ခေါ်တယ်။ ကျနော်ကလဲ သူ့ကို အဲဒီလိုဘဲ ဟန်ပိုလို့ နာမည်ပြန်ပေးတယ်။ ကြုံတုန်း စစ်ကိုင်းတောင်ကို လိုက်ပို့တာပေါ့။ စစ်ကိုင်းတောင် အတက်လမ်းမှာ သီတဂူဇီဝိတဒါနဆေးရုံရှိတယ်လေ။ အဲဒီနားက ဖြတ်ပြီး ကျနော်တို့ စစ်ကိုင်းတောင်ကို တက်တယ်။ သူ့အင်္ဂလိပ်စကားလဲ broken ကျနော်ကလဲ brokenဆိုတော့ အတော်လေးရယ်ရတယ်။ ကျနော်က အဲဒီဇီဝိတဆေးရုံကို လက်ညိုးထိုးပြီး Hanpo, this is monk's hospital. အဲဒီလိုပြောလိုက်တဲ့အခါမှာ သူက အံ့သြတဲ့အမူအယာနဲ့ Really, is it monkey's hospital? လို့ ပြန်မေးတယ်။
ဘုရား.. ဘုရား... မိုးကြိုးပစ်မှာ တောင်ကြောက်ရတယ်။

အင်္ဂလိပ်စကားက အခုထက်ထိဒုက္ခပေးတုန်းပါဘဲ။ ဟိုတစ်နေ့ကလဲ CD Label လိုချင်လို့ High street မှာရှိတဲ့ Currys ဆိုတဲ့ ကွန်ပျူတာဆိုင်ကို သွားဖြစ်တယ်။ အဲဒါမှာ CD Label မရောင်းဘူးတဲ့။ ဒါနဲ့ ၀န်ထမ်း အမျိုးသမီးတစ်ယောက်ကို CD Label ဘယ်မှာ ရနိုင်သလဲလို့ မေးလိုက်တယ်။ မျက်နှာချင်းဆိုင်က Ryman မှာရနိုင်ပါတယ်လို့ ပြန်ပြောတယ်။ ကျနော်က ရိုင် ဆိုတဲ့အသံကိုဘဲ အမှတ်ထားမိလိုက်တယ်။ ခပ်တည်တည်နဲ့ အပြင်ထွက်လာတော့ မျက်နှာချင်းမှာ Primark ဆိုတဲ့ ဆိုင်ကို တွေ့လိုက်တယ်။ ဒီဆိုင်ကိုဘဲ ညွန်းတာနေမှာပါဆိုပြီး အဲဒီဆိုင်ထဲကိုဘဲ ၀င်ရောက်ပြီး CD Lebal ရှာတာပေါ့လေ။ ဆိုင်ကြီးက အကြီးကြီးဘဲ။ တစ်ဧကသာသာလောက်ရှိမယ်ထင်တယ်။ အပေါ်ထပ်အောက်ထပ်ရှိတယ်။ ဓါတ်လှေကား စက်လှေခါးတွေတပ်ဆင်ထားတယ်။

တစ်နေရာမှာမှ CD Label ကို မတွေ့ပါဘူး။ ဘယ်တွေ့မလဲ Primark ဆိုတာ အ၀တ်အစားတွေဘဲ ရောင်းတာကိုး။ ဒီမိန်းမ နေရာအမှားညွန်းခဲ့တယ်ဆိုပြီး အပြစ်တောင်တင်မိခဲ့သေးတယ်။ ဒါနဲ့ဘဲ အဲဒီဆိုင်ထဲက ထွက်လာခဲ့တယ်။ အဲဒီဆိုင်နဲ့ တစ်ဆိုင်ကျော်ဘေးချင်းယှဉ်ရက်မှာ Ryman ဆိုတဲ့ဆိုင်ကိုတွေ့မှ အော်.. ဒီဆိုင်ကို ညွန်းခဲ့တာကိုးလို့ သဘောပေါက်လိုက်တယ်။ အဲဒီ Ryman မှာဘဲ CD Label ရခဲ့ပါတယ်။

အဲဒီလို... အဲဒီလိုပေါ့လေ။ အင်္ဂလန်နိုင်ငံမှာနေပြီး အင်္ဂလိပ်စကားကို အရမ်းဝါသနာမပါလေတော့ Four skills လုံး ခပ်ညံ့ညံ့ရယ်။ အမှားပေါင်းတစ်ထောင် တွေ့ကြုံနေရတော့တာပါဘဲ။
................

ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ခဲ့တဲ့အတွက် ဟိုဟာနဲနဲ ဒီဟာနဲနဲတော့ သိပါတယ်။ ကြားဖူးတာတော့များတယ်။ ဒါပေမဲ့ ဘာကိုမှ ကျွမ်းကျင်စွာမတတ်ပါဘူး။ ဒါကြောင့်မို့ ရှေးပညာရှင်ကြီးတွေက ဆိုရိုးစကားတစ်ခု ထားခဲ့ဟန်တူပါရဲ့ ။

"စုံရင် မတတ်ဘူး။ တတ်ရင် မစုံဘူး" တဲ့

ကိုမင်းထက်ရဲ့  ဘဲဥပမာလိုပေါ့လေ။ ရေကူးတတ်တယ်။ ဒါပေမဲ့ ငါးတွေလောက် ရေကူးမကျွမ်းကျင်ဘူး။
ပျံတတ်တယ်။ ဒါပေမဲ့ ငှက်တွေလောက် အပျံမကျွမ်းကျင်ဘူး။ ပြေးတတ်တယ်။ ဒါပေမဲ့ သမင်တွေလောက် မပြေးနိုင်ဘူး။
.................

ကျနော်ပြောခဲ့သားဘဲ။ ကျနော် ဘာကိုမှ စွဲစွဲလန်းလန်း ၀ါသနာမပါခဲ့ပါဘူးလို့။ ဒါကြောင့်မို့လဲ ဘာမှမကျွမ်းကျင်တာပေါ့။ ၀ါသနာမပါတာကို ၀ါသနာပါခဲ့မိတဲ့အတွက် နောင်တတော့ ရမိသလိုလိုရှိမိတယ်။
ဘာကိုဝါသနာပါရမလဲဆိုတာလဲ အခုထက်ထိ မစဉ်းစားတတ်သေးဘူး။

ဒါပေမဲ့.. ဘာကိုမှ စွဲစွဲမြဲမြဲမရှိခဲ့ပေမဲ့လဲ ချစ်သူလေးကို ချစ်တဲ့စိတ်ကတော့ ရာသက်ပန် စွဲစွဲတည်မြဲနေမယ်လို့ ယုံကြည်ပါတယ်။(ဟဲ ဟဲ....ဒီအပိုဒ်ကလေးကို တမင်ထည့်ထားတာ သက်ဆိုင်သူဖတ်မိရင် အမျက်တော်ရှမှာ ကြောက်လို့)။
..........

ကဲ.. ကဲ... ပန်းကဗျာရေ...
ပန်းကဗျာ Tag ပေးခဲ့တဲ့ ၀ါသနာကို အရင်းခံလို့ဆိုတဲ့ ခေါင်းစဉ်လေးကို ဒီမှာဘဲ အကျဉ်းချုံးပြီး အဆုံးသတ်ပေးလိုက်ပါတယ်။ ဒီထက်ရှည်ရှည်ရေးရင် နောက်ထပ် ဘယ်သူမှ လာ မTagဘဲ နေမှာ စိုးရိမ်ရတယ်မဟုတ်လား။ ပန်းကဗျာလဲ ဒီလောက်နဲ့ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော့်အဖြစ်ကို သင်ခန်းစာယူပြီး အားလုံးဝါသနာတစ်ခုကို အကောင်အထည်ဖော်ကာ pro ဖြစ်အောင်ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
...........

ဘယ်သူ့ကိုမှ မTagဖူးသေးဘူး။ Tag ကြည့်လိုက်ဦးမယ်။
ညီလေးထင်လင်းအောင် ညီမလေး ကြယ်ဖြူစင် မဗေဒါ တို့ရေ.. ကျနော့်ကို အဲဒီ ၀ါသနာကို အရင်းခံလို့ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပို့စ်တစ်ခုစီလောက် ရေးပေးကြပါလား။ စိတ်ဝင်စားစွာ ဖတ်ချင်လို့။

...............

Tuesday 24 March 2009

ထင်ကျန်ရစ်စေ

အချစ်ကလေးတွေ ရင်ခံ

ပြည့်အန်တော့ မျက်ရည်ဖြစ်တယ်။


အချစ်ကလေးတွေ လေခံ

ပွင့်အန်တော့ ရန်ဖြစ်တယ်။


ဆန္ဒတွေ ပြည့်လျံ

အပွေ့သန်တော့ ၀မ်းသာလှတယ်။


အနမ်းငယ် သင်းပြန်

နှင်းကန်လေသွေးတော့ ရနံ့မွှေးတယ်။


ချစ်သူရယ်

သံယောဇဉ်ကြိုးမျှင်ချည်

မင်းဆီနှောင်တွယ်ရစ်တော့

ချစ်ခြင်းတစ်စုံသာ ထင်ကျန်ရစ်စေ။


....

မဆုံတဲ့လမင်း


တစ်ချို့ ကပြောကြတယ်

"ဘ၀အောင်မြင်မှုကအရေးကြီးတယ်

အချစ်ကအသေးအဖွဲပဲ"တဲ့။


ဒါပေမဲ့

အောင်မြင်ဖို့အခွင့်အလမ်းကိုအသဲအမဲရှာဖွေနေသူမှာ

ဒီအချစ်က အသက်ကယ်ဆေးလို တန်ဖိုးရှိတယ်ဆိုတာ

ချစ်သူ...မင်းလေးတကယ်မသိခဲ့ပါဘူး။


ကမ္ဘာမြေရဲ့  တစ်နေရာမှာတော့

မင်းလေးဟာ

ဖြစ်ချင်တာကို ဖြစ်ခွင့်ရသူ တစ်ယောက်အဖြစ် ရပ်တည်နေပြီး

ငါကတော့

ကမ္ဘာမြေရဲ့  အခြားတစ်နေရာမှာ

ဖြစ်ချင်တာတွေ ဖြစ်မလာမှာ စိုးရိမ်သူတစ်ယောက်အဖြစ်

ရပ်တည်နေရပြီ။


ချစ်သူရေ

ဖြစ်နိုင်မယ်ဆိုရင်

ကမ္ဘာမြေရဲ့  မင်းလေးရှိနေတဲ့နေရာတိုင်းမှာ

မင်းလေးသိနိုင်မြင်နိုင်စေဖို့

ငါကလေ

လမင်းရဲ့ မျက်နှာပြင်အနှံ့

"ငါ နင့်ကို အရမ်းလွမ်းနေတယ်"လို့

စာတက်ရေးချင်နေမိတယ်။


ငါကိုယ်တိုင်တောင် မသိနိုင်တဲ့

တမ်းတမှုပေါင်းများစွာ သတိရခြင်းပေါင်းများစွာ

မွတ်သိပ်မှုပေါင်းများစွာ လွမ်းဆွတ်ခြင်းပေါင်းများစွာ

ချစ်ခြင်းရနံ့သင်းပျံ့ ခြင်းပေါင်းများစွာ

တောင့်တမှုပေါင်းများစွာ

ဆန်းပြားအနမ်းပေါင်းများစွာ။


များစွာ... များစွာ

မျှော်လင့်မှုဆန္ဒပေါင်းများစွာနဲ့

ရင်ခွင်ထဲက ငါ့ချစ်သူလေး

လရိပ်အောက်မှာ အေးမျှစေကြောင်း

အခါခါတောင်းဆု ပြုနေလျက်ပါဘဲ။



........

Monday 23 March 2009

အမေသို့ ပေးစာ (၂)


(ရင်ဘတ်ထဲ)
အမေထည့်ပေးခဲ့တဲ့ အင်အား
အမေသွန်သင်ခဲ့တဲ့ စကား
အမေမွေးခဲ့တဲ့ သား
အမေ့သားကလေ
အခုဆို (လောကကြီးထဲမှာ) မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပြီ အမေ။

အမေ့လက်နဲ့ လွဲခဲ့တဲ့ ပုခက်
အမေချန်ထားခဲ့တဲ့ အသက်
အမေကြည်နူးခဲ့တဲ့ နေ့ရက်
အမေ ဖြေရှင်းခဲ့တဲ့ အခက်
သားတစ်သက် မမေ့ပါဘူး အမေ။

အမေ့ဘ၀ခရီး တစ်လျောက်မှာ
သားယောက်ျားတွေချည်း ငါးယောက်
အမေထွန်းတောက်ခဲ့လို့
လွမ်းလောက်စရာ မိသားစုလေးအနေနဲ့
(တစ်ရွာလုံးက) ငေးမောကြည့်နေကြလေရဲ့  အမေ။

သုံးယောက်မြောက်သားဖြစ်ခဲ့လို့
သုံးခုမြောက် ပုခက်ထဲမှာသာ
အူဝဲ အူဝဲ အော်ခွင့်ခဲ့ရပေမဲ့
(သားလေးရေလို့ ကြင်နာစွာ) အမေခေါ်ခဲ့တဲ့စကား
(အခုထိ) သား နားထဲက မထွက်သေးပါဘူး အမေ။

အမေ့သားဦးဖြစ်ခဲ့ချင်ပေမဲ့
တစ်ခြားနှစ်ဦး ပြီးမှ သားအလှည့်
သားအလှည့်ပြီး အခြားနှစ်ယောက်
ငါးယောက်ထဲမှာ သားက အလယ်အလတ်
အလယ်အလတ်ဆိုရင် တကယ်လတ်နေတတ်တယ်ဆိုပေမဲ့
သားက လာဘ်တောင်ပိုကောင်းနေသေးလို့
သား တကယ်ကျေနပ်တယ် အမေ။

ယူကေရဲ့  အမေများနေ့မှာ
အမေ့သားကို အမေတွေ့ရင်
ဘယ်ရွေ့  ဘယ်မျှ အမေ၀မ်းသာမယ်ဆိုတာ
သားမှန်းဆလို့ ရပါတယ်အမေ။

တောရွာလေးမှာ မွေးခဲ့တဲ့သား
(ကိုကိုမောင်ဆိုတဲ့)အမေ့သားတစ်ယောက်
(အခုဆိုရင်) ယူကေရောက်နေပြီ အမေ။

အမေဖြစ်စေချင်တဲ့ ဆန္ဒ
သားရောက်နေတဲ့ ဘဝ
တမလွန်ကသာ ၀မ်းမြောက်ပါတော့ အမေ။ ။


မှတ်ချက်။
ဤကဗျာလေးဖြင့် ဒီနေ့မှာ ကျရောက်တဲ့ ယူကေနိုင်ငံရဲ့  အမေများနေ့ကို ဂုဏ်ပြုပါတယ်။
အမေသို့ပေးစာ (၁) ကို ဒီမှာ ဖတ်ပါ။


.......

Sunday 22 March 2009

ဝါသနာကို အရင်းခံလို့ (၂)

ကျနော် ဘာကိုမှ ၀ါသနာမပါတာကိုဘဲ ၀ါသနာပါတယ်လို့ ပြောခဲ့တယ်နော်။ အဲဒီစကားဟာ အမှန်ပါ။ တကယ်ကို ကျနော်ဘာကိုမှ ၀ါသနာမပါခဲ့တာပါ။ ဒါပေမဲ့ ဖြစ်ချင်တဲ့ အရာကတော့ အများကြီးရှိခဲ့ပါတယ်။ ဖြစ်ချင်တာတွေကိုသာ တန်းစီပြီးရေးချပြရင် ပြီးနိုင်မယ်မထင်ပါဘူး။ လူကိုးဗျ။ ဒီလောက်တော့ ရှိမှာပေါ့။ လူ့အကြိုက် နတ်မလိုက်နိုင်လို့တောင် ဆိုရိုးစကားရှိတယ်မဟုတ်လား။ သူငယ်ချင်းတစ်ယောက်ရဲ့  ပြောစကားနဲ့ပြောရရင်တော့ (ကန်တော့ပါသေးရဲ့ ) တော်သလင်းလမှာ ခွေးဖြစ်ချင်တယ်။ ပြာသိုလမှာ ကြောင်ဖြစ်ချင်တယ်။ တပေါင်းလမှာ နွားဖြစ်ချင်တယ်။ ကျနော့်စိတ်ကလဲ အဲဒီပုံစံနဲ့ ခပ်ဆင်ဆင်ပါဘဲ။

ကျနော်ငယ်ငယ်တုန်းက တရုတ်သိုင်းကားတွေကြည့်ပြီး သိုင်းသမားကြီးတစ်ယောက်ဖြစ်ချင်ခဲ့တယ်။
တီဗီထဲက သိုင်းကွက်တွေကြည့်ပြီး ယား ကျား စတဲ့ စကားလုံးတွေကို ပါးစပ်ပြဲအောင် ကုန်းအော်ပြီး အရူးထခဲ့တယ်။ ကံကောင်းချင်တော့ အပျော်တမ်းသိုင်းသင်ပေးတဲ့ သိုင်းဆရာတစ်ယောက်က ကျနော့်ကို သိုင်းကွက်နဲနဲသင်ပေးတယ်။ ရိုးရိုးသိုင်းကွက်တွေပါဘဲ။ ပင့် ကာ ထိုး ခုတ် ၀ိုက် ချ ကန် ဖယ် တွေဘဲပေါ့။ ဒါပေမဲ့ ကီးထိုင်ရတာနဲ့တင် လူက မောချင်နေပြီ။ တကယ်တမ်းကစားကြည့်တော့ ခဏခဏဒူးညွတ်ကျတယ်။ အကွက်စုံအောင်တော့ ကစားဖူးပါတယ်။

ဒါပေမဲ့ တကယ်တမ်း ရန်ဖြစ်တဲ့အခါမှာ
"၀ုန်း"
"ဒိုင်း"
"ဂွမ်း"
"အင့်"
ဆိုပြီး အသံတွေ ဆက်တိုက်ကြားရရင် ပြေးကြည့်စရာ မလိုပါဘူး။ အင့် ဆိုတဲ့အသံက ကျနော့်ဆီကထွက်ပေါ်လာတဲ့ အသံပါ။ အဲဒီလောက်ထိ ၀ါသနာ(မ)ပါတာ။ ဖြစ်ချင်တာဘဲ ရှိတာကိုး။ ၀ါသနာမှ မပါတာ။ ဘယ်ပညာမဆို လေ့ကျင့်မှုအားနည်းရင် ခံရတာဘဲလေ။
.............

နောက်တစ်ခု
ကျနော်တို့ တောရွာဓလေ့အရ ယောက်ျားလေးတွေဆိုရင် အနည်းဆုံး တစ်နှစ်လောက် ဘုန်းကြီးကျောင်းမှာ နေပြီး ကိုရင်ဝတ်ကြရတယ်။ စာသင်ယူကြရတယ်။ ကျနော် ကိုရင်ဘ၀တုန်းကလဲ စာတတ်ပေတတ် အရမ်းဖြစ်ချင်ခဲ့တာ။ ဒါကြောင့်မို့ ရွာဦးကျောင်းဆရာတော် ပို့ချပေးတဲ့ ပရိတ်ကြီး ၁၁ သုတ်၊ လောကနီတိ၊ နမက္ကာရ၊ ရတနာရွှေချိုင့်၊ သဂြိ င်္ုဟ်၊ သဒ္ဒါကြီး၊ ၀ိနည်း၊ ဆုံးမစာ ပေါင်းစုံတို့ကို အာဂုံနီးပါး ရခဲ့တယ်။ လုပ်ချင်တာကို ကောက်ရိုးမီးလို ၀ုန်းကနဲ ထလုပ်လိုက်တာပါဘဲ။

အစဦးဆုံးကတော့ ပထမတန်းကပြေးနေတာပေါ့။ စာတွေနင်းကန်ကျက်လိုက်တော့ အများကြီးရသွားတာကိုး။
တစ်ခါတုန်းကဆိုရင် ဆရာတော်က ကျောင်းသားကိုရင်တွေ အားလုံးစုခေါ်ပြီး သဂြိ င်္ုဟ် စိတ်ပိုင်းကို အစအဆုံးအလွတ်ပြန် (ရွတ်ဆို)ခိုင်းတယ်။ ဟဲ ဟဲ.. ကြွားလိုက်ဦးမယ်။ အဲဒီတုန်းက ကျနော်တစ်ယောက်ထဲ အလွတ်ပြန်နိုင်ခဲ့တယ်လေ။ အဲဒီအချိန်တုန်းက ဆရာတော်ပြောတဲ့စကားမှတ်မိသေးတယ်။

"မင်းတို့အားလုံး.... ကိုကိုမောင့် ဖင်ဖျားကိုတောင် မမီဘူး။ သူ့လို ဥာဏ်ကောင်းချင်ရင် (ကန်တော့ပါရဲ့ ) သူ့ဖင်က ချေးကို သွားလျက်ချေ" တဲ့။

ဒါပေမဲ့ နှစ်တွေ ကြာလာတော့ ကျနော် စာကျက်ရတာကို စိတ်မပါပြန်တော့ဘူး။
ပညာတတ်ကြီး ဖြစ်ချင်လိုက်တာ... ၀ါး......... ဆိုပြီး အမြဲတမ်းအိပ်ငိုက်တဲ့အထဲမှာ ကျနော်က ထိပ်ဆုံးဘဲလေ။ ကျက်ထားခဲ့တဲ့ စာတွေအားလုံးလဲ စာအုပ်ထဲ ပြေးဝင်သွားကြတယ်။ ဘာဆိုဘာမှကို မရတော့တာ။ ဘောလုံးစကားနဲ့ ပြောရရင်တော့ အဆင့်မြင့်တန်းကနေပြီး တန်းဆင်းဇုန်ရောက်သွားတဲ့သဘောပေါ့ဗျာ။
...............

နောက်တစ်ခု
စာကျက်စာအံရတဲ့အလုပ်ကို ငြီးငွေ့လာတဲ့အခါမှာ ပျို့  ရတု လင်္ကာ ကဗျာ သံပေါက် သံချပ် တေးထပ် စာချိုး စတဲ့ ကာရန်ညီညီမြန်မာစာပေဖက်ကို စိတ်ဝင်စားလာပြန်တယ်။ ဒါနဲ့ဘဲ ကဗျာစပ်နည်း နိဿျည်းစာအုပ်တွေ ၀ယ်ဖတ်တော့တာဘဲ။ မဃဒေ၀လင်္ကာသစ်စာအုပ်ကြီးဆို ကျနော့်အကြိုက်ဆုံးဘဲ။ ကဗျာစာအုပ်တွေ ဖတ်ပြီး ကဗျာလေးတွေ စပ်ဖြစ်တယ်။ အထူးသဖြင့် ရှစ်လုံးဖွဲ့ကဗျာလေးတွေပေါ့။

ဥပမာအားဖြင့် စာမေးပွဲတွေ နီးလာတဲ့အခါမှာ ရွတ်ဆိုလေ့ရှိကြတဲ့ ကဗျာလိုမျိုးပေါ့။

စာမေးပွဲကြီး နီးလို့လာပြီ
ကျက်စရာတွေက များလှပေသည်
မေးချင်တာမေး ရေးလို့ဖြေမည်
ဒီနှစ်ကျ နောက်နှစ်ကျန်သေးသည်။

အဲဒီလိုမျိုး ကို့ယို့ကားရား ကဗျာတွေ စပ်ဖြစ်တာများပါတယ်။ ဒါပေမဲ့ ဒီကဗျာကတော့ ကျနော်စပ်ထားတာမဟုတ်ပါဘူး။ ဥပမာပြောပြတာပါ။

ကြာလာပြန်တော့လဲ ကျနော် ပြောခဲ့သလိုဘဲ ၀ါသနာက အရမ်းမပါတော့ ကဗျာတွေအားလုံးလဲ စာအုပ်ထဲ ပြန်ရောက်သွားကုန်ကြတယ်။ အရေးအကြောင်းရှိလို့ ကိုကိုမောင်ရေ ကဗျာစပ်ပေးစမ်းပါ၊ ရတု တေးထပ်ကလေးတွေ လုပ်စမ်းပါဆိုရင် ကျနော် ဖျားပြီ။ ဘာလုပ်ရမှန်းမသိတော့ဘူး။ ကာရန်တွေလဲ ပျောက် သတ်ပုံတွေလဲ မှားကုန်တော့တာပါဘဲ။

ဟို ကဗျာလေးတွေလိုပေါ့။

မြင့်လွန်းလှသဗျာ၊ မဲဇာက တောင်ကြီး။ ငါ အဖေ မျှော်ကာ ကြည့်တယ်။ ခေါင်းပေါင်းပြုတ်ကျ။
(နောက်ဆုံးအပိုဒ် အဓိပ္ပါယ်ရှိပေမဲ့ ကာရန်လွတ်နေ)

ရိုးရင့်ရွက်ရှည်၊ တိုးတင့်ကျက်သရေ၊ ဂိုးဂွင့်ဂွက်ဂွေ။
(နောက်ဆုံးအပိုဒ် ကာရန်မိပေမဲ့ အဓိပ္ပါယ်မရှိ)

ဒီကဗျာလေးတွေက အလင်္ကာသင်ရင်း အပြစ်သင့်တဲ့ စာသားလေးတွေကို ထုတ်ပြတဲ့အခါမှာ ပုံစံပေးခဲ့တဲ့ နမူနာလေးတွေပါ။
.....................

ကျနော်က အဲဒီလို ဟိုစပ်စပ် ဒီစပ်စပ် လုပ်ချင်စိတ်ပေါ်တဲ့အခါမှာ ထလုပ်လိုက်ပေမဲ့ ၀ါသနာကတော့ ဘာကိုမှ မပါခဲ့ပါဘူး။ ဘာကိုမှ ၀ါသနာမပါခဲ့လို့လဲ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မကျွမ်းကျင်ပါဘူး။ သူများကိုဘဲ ဆရာခေါ်ဖို့ ပါးစပ်ပြင်နေမိတာချည်းဘဲ။ အဲ.. အဲ.. ဒါပေမဲ့ ဘာမှ မသိတဲ့လူကို တတ်ချင်ယောင်ဆောင်ပြီး ဖြီးဖျန်းတဲ့ အကျင့်တော့ ကျနော့်မှာ ရှိနေတယ်။

နောက်ပြီးတော့ ကျနော်သိပြီးသားအရာတွေကိုလဲ လာမမေးနဲ့။ မေးခွန်းမဆုံးခင် ကျနော် အမြန်ဖြေလေ့ရှိတယ်။
ဥပမာ။
ကောင်မလေးချောချောတစ်ယောက်ကို လူပျိုကောင်လေးတစ်ယောက်က ဒီလိုပြောတယ်ဆိုကြပါစို့။

"ရော့... ဟောဒီမှာ.. ၁၀၈ လုံးပါတဲ့ ပုတီးတစ်ကုံး။ အဲဒါကို ဆယ်ပတ်တိတိစိပ်ပါ။ ပြီးရင် အိမ်ပြန်ပြီး ၄၂၀ နှင့်ပေါင်းလိုက်။ အဲဒါ မနက်ဖန်ကျရင် ငါ့ကို အဖြေပေး"

အဲဒီလိုမျိုး ဆင်တူ မေးခွန်းတွေဆို မသိရင် ကျနော့်ကိုသာမေး။ ဒေါက်ကနဲ ဖြေပြလိုက်မယ်။ သိပြီးသားကိုး။

ဒီနေ့လဲ ရေးရင်းနဲ့ကို မပြီးနိုင်ဘူးဖြစ်နေတယ် ပန်းကဗျာရေ။ ကျနော်က တစ်ခါတစ်ခါ ဒီလိုဘဲ အရစ်ရှည်တတ်တယ်လေ။ ဘယ်သူတွေ လာဆဲကြဦးမလဲ မသိဘူး။ မန္တလေးပြန်အောင်မိုး တုန်းကလဲ အအော်ခံခဲ့ရပြီးပြီ။ လေရှည်လွန်းလို့တဲ့။ အခုလဲ အော်ချင်ရင် အော်ကြပစေတော့။ တတ်နိုင်ဘူး။ ဆက်ရန်ဘဲ လုပ်လိုက်ဦးမယ်။

(အမှတ် ၃ ဆက်ဖတ်ပါ)


.....

Saturday 21 March 2009

ဝါသနာကို အရင်းခံလို့ (၁)

ဘလော့ဂ်တွေ ၀င်ဖတ်တိုင်း တစ်ချို့ နေရာမှာ ကိုဘယ်သူ/မဘယ်သူက tag ထားလို့ ဒီ post လေးကို တင်ပေးလိုက်တာပါ။ ကိုဘယ်သူ/မဘယ်သူကို tag လိုက်ပါတယ် ဆိုတဲ့ စာသားလေးတွေ မကြာမကြာဖတ်ရပါတယ်။ အဲဒီလို တစ်ယောက်က တစ်ယောက်ကို tag လိုက်ရင် နောက်တစ်ယောက်ကလဲ အဲဒီ tag တဲ့ ခေါင်းစဉ်လေးကိုဘဲ title ပေးပြီး သူ့အတွေးအခေါ်လေးထည့်ရေးတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ကျနော်ကိုယ်တိုင်က အဲဒီ tag ဆိုတဲ့ စကားလုံးကို ဘာဖြစ်လို့ ဒီလိုနေရာမှာ သုံးတာလဲ ဆိုတာ တိတိကျကျမသိတာအမှန်ပါ။ ဒါနဲ့ သူငယ်ချင်းဘလော့ဂါတစ်ယောက်ကို မေးကြည့်ဖြစ်တယ်။ tag ဆိုတဲ့ အဓိပ္ပါယ်ဟာ ဘာလဲပေါ့။ သူကလဲ ပြန်ပြောပါတယ်။ ငါ သိရင် မင်းကို ရှင်းပြပြီးတာ ကြာရောပေါ့တဲ့။

တိတိကျကျမသိဘူးဆိုပေမဲ့ ကိုဘယ်သူရေ tag လိုက်ပြီနော် ဆိုရင် tag ခံရတဲ့သူက အဲဒီ tag လိုက်တဲ့ ခေါင်းစဉ်လေးအတိုင်း ရေးရမယ်ဆိုတာလောက်တော့ သိတာပေါ့လေ။ မသိရင်မေး မစင်ရင်ဆေး ဆိုပေမဲ့ အမေးခံရတဲ့သူက မသိလေတော့ ခက်ချေရောပေါ့။ အင်္ဂလန်မှာ နေပြီး အင်္ဂလိပ်စာ သင်နေတဲ့သူတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံကို လှမ်းပြီး မေးရအောင်ဆိုပြန်တော့လဲ ခပ်ရှက်ရှက်ဘဲ။
ဒါနဲ့ နီးစပ်ရာ အဘိဓာန်တွေ လှန်ကြည့်ဖြစ်တယ်။

Oxford dictionary, Cambridge dictionary စတဲ့ အဘိဓာန်တွေထဲ ရှာကြည့်ပေမဲ့ နောက်ဆုံးတော့လဲ မြန်မာလိုပါဘဲ ဆိုသလို ရှေ့ ဆောင် အဘိဓာန်ထဲမှာ သွားတွေ့တယ်။
အဓိပ္ပါယ်တွေ များစွာရှိပေမဲ့ ဒီနေရာမှာကတော့ နှစ်ခုလောက်ယူလို့ရတယ်။

Tag
၁။ Join something esp. a piece of writing= ပူးတွဲရေးသည်။
၂။ Follow closesly= ပူးကပ်၍လိုက်သည်။

အကြောင်းအရာတစ်ခုကို အတူပေါင်းရေးမယ်။ ဒါမှမဟုတ် ရှေ့ ကသူရေးတာကို နီးကပ်အောင်လိုက်ရေးမယ်။
ခေါင်းစဉ်တစ်ခုအောက်မှာ စာတွေကို ပူးပေါင်းပြီး အတူတူရေးကြမယ်။ အတွေးချင်းဖလှယ်ကြမယ်။ ခေါင်းစဉ်နဲ့အနီးကပ်ဆုံးသင့်လျော်မဲ့ စာသားတွေဖြစ်ရမယ်။
ကျနော်ကတော့ tag ဆိုတဲ့စကားကို ဒီနေရာမှာ အဲဒီလိုလေးဘဲ သဘောပေါက်ပါတယ်။
.........................

လေရှည်နေတာနဲ့ လိုရင်းတောင်ပျောက်တော့မယ်။ ကျနော့်ဘလော့ဂ်လေး တည်ဆောက်ခဲ့တာ ငါးလလောက်ရှိခဲ့ပါပြီ။ ဘယ်သူ့ဆီကမှ tag တာ မရဖူးသေးပါဘူး။ ဒီနေ့မှ ထူးထူးဆန်းဆန်း ပန်းကဗျာဆီက ပထမဆုံးအနေနဲ့ tag တာကို လက်ခံရရှိပါတယ်။ ၀ါသနာကို အရင်းခံလို့ တဲ့။

ကျနော် ဘာတွေ ရေးရမှန်းမသိတာ အမှန်ပါ။ အမှန်အတိုင်း ရေးပြန်ရင်လဲ လူတွေက လူ့ဂွစာလို့ ပြောကြမလားဘဲ။ ဦးဦးဖျားဖျား ထူးထူးခြားခြား လာtag တဲ့ ပန်းကဗျာကိုလဲ ပစ်ပယ်လို့ မရပြန်ဘူး။ ဒီတော့ ရေးကြည့်လိုက်ပါ့မယ်။

ရှင်းရှင်းနှင့်ဘွင်းဘွင်းပြောရရင် ကျနော် ၀ါသနာပါတာက ဘာကိုမှဝါသနာမပါတာကိုဘဲ။
နားရှုပ်မသွားကြနဲ့ဦးနော်။ အမှန်အတိုင်းပြောတာပါ။ ကလေးဘ၀ကထဲက ဘာကိုမှ စွဲစွဲလန်းလန်း ၀ါသနာမပါခဲ့ဖူးဘူး။ဘာကိုမှလဲ စွဲစွဲလန်းလန်းလန်းမလုပ်ခဲ့ဖူးဘူး။

ဝါသနာဆိုတာ အထုံကို ခေါ်တာမဟုတ်လား။ အထုံဆိုတာ အမြဲတမ်းလုပ်နေတဲ့အရာကိုပြောတာလေ။ အမြဲလုပ်နေမှ ထုံမှာပေါ့။ အမြဲထုံနေတဲ့အရာကိုမှ ၀ါသနာလို့ဆိုကြတယ်မဟုတ်လား။ ဖြစ်ချင်တိုင်းလဲ ၀ါသနာမဟုတ်ဘူးလေ။ ဖြစ်ချင်တာက တစ်ခြား၊ ၀ါသနာကတစ်ခြားဘဲ။ အဲဒီတစ်ခြားစီဖြစ်နေတဲ့ ဖြစ်ချင်တဲ့ဆန္ဒနှင့်ဝါသနာကို ပေါင်းစပ်ပေးလိုက်ရင်တော့ အောင်မြင်ကျော်ကြားတဲ့ လူတစ်ယောက်ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါဘူး။

"သားကကြီးလာရင် ဆရာဝန်ကြီးလုပ်မယ်။ သင်္ဘောသားလုပ်မယ်။ အင်ဂျင်နီယာကြီးလုပ်မယ်"

အဲဒါတွေက ဆန္ဒသက်သက်ရယ်ပါ။ ၀ါသနာမပါသေးဘူး။ ဖြစ်ချင်တဲ့အတိုင်း နေ့စဉ်လိုလိုချင်ချင် အမြဲတမ်းကြိုးစားပြုလုပ်နေမှ ၀ါသနာလို့ခေါ်တယ်။ ထုံနေအောင်ကြိုးစားမှ အကောင်အထည်ပေါ်လာမယ်လေ။
ဝါသနာကြီးတဲ့အရာဆိုရင် အောင်မြင်တာများပါတယ်။

ကျနော့်မှာ ငယ်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက စာပေဖက်ကို လုံး၀၀ါသနာမပါဘူး။ ကလေးဘ၀ကထဲက စာကြည့်စာဖတ်စာကျက်အလုပ်တွေ မလုပ်ခဲ့လေတော့ ရေးတတ်ဖတ်တတ်အဆင့်လောက်တောင် မရှိပါဘူး။
အ သုံးလုံးကို ခ အဆင့်နဲ့ အောင်မြင်တဲ့ လူစားမျိုးပေါ့။ ဒါပေမဲ့ အရွယ်ရောက်လာတော့ ရည်းစားထားချင်လာတယ်။ ပါးစပ်နဲ့လဲ ဖွင့်မပြောရဲဘူး။ ဒီတော့ စာလိုက်ပေးရုံပေါ့။ သူရည်းစားစာတစ်စောင်ရေးလာတယ်။ ကိုကိုမောင်ရေ ဖတ်ကြည့်ပြီး ပြင်ပေးပါဦးတဲ့။ ကျနော် သူ့စာကို ဖတ်ကြည့်လိုက်တယ်။

တို့/
တိတ်ချစ်ရတဲ့ အ၀င်း
ညပျာပျာ လ၀ါဝါအောက်မာ ကိုဟာ တရောက်ထဲ ကျွေကွဲနေပီ အ၀င်းရယ်။
အ၀င်းကို အရန်းချစ်နေမိပီ။
ပိသောက်တွေပျာ သမာတွေချို မိုးပျိုမြေအက် ကမ္ဘာကြီးပျက်မ အ၀င်းကို မုန်းမာပါ။
ယုံပါ အ၀င်းရယ်။
........ပ............ တော်သေးပီ။
ချစ်ရင် စာပျန်ပါ။
စာအမားပါရင်ပျင်ဖတ်ပါ။
ချစ်တဲ့
အကို

အဲဒါ သူ့ရဲ့  ကြားဖူးနားဝနဲ့ ရေးထားတဲ့ မူရင်း ရည်းစားစာပေါ့လေ။ အဲဒီလောက်အထိ သူက စာပေဖက်မှာ ၀ါသနာနည်းနေတာ။ ဒါပေမဲ့ သူကိုယ်တိုင် စာရေးရင် အဆင်မပြေဘူးဆိုတာကိုတော့ သူသိတယ်။ သူဝန်ခံတယ်။ ဒါကြောင့်လဲ အ၀င်းမဖတ်ခင် သူ့ရည်းစားစာကို ကျနော် အရင်ဖတ်ရလေ့ရှိတယ်။ စာလုံးပေါင်းတွေ မှားတာ အ၀င်းတွေ့ရင် အထင်သေးပြီး ပြန်မချစ်မှာ ကြောက်လို့တဲ့။ ဟဲ ဟဲ။ ဘယ်ရမလဲ။ ကျနော်က သူ့ထက်စာရင်တော့ သင်ပုန်းကြီးကျေတယ်လေ။ ဘုန်းကြီးကျောင်းသားကိုး။ အားလုံးကို ပြင်ပေးလိုက်ပါတယ်။ ထည့်သင့်တဲ့ စကားလုံးလေးတွေလဲ ထည့်ပေးလိုက်ပါတယ်။

သူ စာပေဖက်မှာ ၀ါသနာအရမ်းနည်းခဲ့တာမှန်တယ်။
ဒါပေမဲ့.... ဒါပေမဲ့
အထင်တော့ မသေးလိုက်နဲ့ဦး။ သူ့မှာ ၀ါသနာပါတာ တစ်ခုရှိတယ်။ စွဲစွဲမြဲမြဲကို ၀ါသနာပါတာ။ အဲဒါက စက်ပစ္စည်းဖက်ကိုဘဲ။ ဘယ်လောက်အထိဝါသနာပါသလဲဆိုရင် လမ်းသွားရင်း စက်ဘီးပျက်ပြင်နေတာတွေ့ရင်၊ ခရီးသွားရင် ဘတ်စ်ကားပျက်ပြီးပြင်နေရင် သူမကြည့်ဘဲ မနေနိုင်ဘူး။ ထိုင်ကြည့်ပြီး လိုက်မှတ်လေ့ရှိတယ်။
နောက်ဆုံးတော့လဲ သူ့ရဲ့  ၀ါသနာတန်ခိုးကြောင့် အင်ဂျင်ကြီးတွေကိုင်တတ်လာတယ်။ စက်ဘီး ဆိုင်ကယ်တွေ ပြင်တတ်လာတယ်။ ကင်မရာ၊ တီဗီ၊ အ၀တ်လျော်စက်၊ ရေခဲသေတ္တာ၊ ရေဒီယို၊ ကက်ဆက်၊ အင်ပလီဖိုင်းယား၊ မော်တာ၊ ဒိုင်နမို၊ လက်နှိပ်ဓါတ်မီးစတဲ့ စက်ပစ္စည်းတွေဖက်မှာ ထူးချွန်လာတယ်။

စာမတတ်ပေမဲ့ သူ့ရဲ့  ဆန္ဒနှင့်ဝါသနာကြောင့် အခုဆိုရင် သူအဆင်ပြေနေပါပြီ။ နီးစပ်ရာ ပညာတတ်ပါရဂူ အင်ဂျင်နီယာ ဆရာဝန် သူဌေးတွေစတဲ့ ဥစ္စာရှင်ဓနရှင်တွေလဲ သူတို့ စက်ပစ္စည်းပျက်ရင် သူ့ကိုဘဲ အားကိုးနေကြရပြီလေ။ အဲဒါ ၀ါသနာရဲ့  ကောင်းတဲ့ ကျိုးဆက်တွေဘဲပေါ့။

အဲ.. အဲ သူများအကြောင်းရေးနေရတာနဲ့ ကျနော့်အကြောင်းတောင် မရေးဖြစ်သေးဘူး။ ပို့စ်ကလဲ အရမ်းရှည်သွားပြီ။ ဒီတော့ ဆက်ရန်ဘဲ လုပ်လိုက်ကြစို့ ပန်းကဗျာရေ။

(အမှတ် ၂ ဆက်ဖတ်ပါ)

Thursday 19 March 2009

မ၀ံ့မရဲ

အချစ်အဘိဓမ္မာတရားတွေကို အသစ်ဋီကာချဲ့ 
ဖွဲ့ဖွဲ့နွဲ့နွဲ့တင်စား ထင်ထားသလိုမဟုတ်
ဟိုရှုပ်ရှုပ် ဒီရှုပ်ရှုပ်။


ကြင်နာစရာစကားတွေကို ရင်နာစွာမေ့ပစ်
အသစ်တွေ့ အချစ်မေ့နိယာမတရားတွေအောက်
ဟိုလျောက် ဒီလျောက်။


အစဉ်မြင်သာပါရဲ့  သခင်ကြင်နာပါလှဲ့
ခင်မင်တွယ်တာလို့ တူတူပုန်းတမ်းကစား
ဟိုအနား ဒီအနား။


တစ်သက်မှာ တစ်ခါချစ်တဲ့မင်းလေးကို
တစ်ရက်တာ တစ်ခဏလေးတောင် မမေ့နိုင်
ဟိုငိုင်ငိုင် ဒီငိုင်ငိုင်။


ချစ်တာကို သစ္စာဆိုပြချင်ပါရဲ့ 
အပြစ်မပါ ချစ်တာတစ်ခုထဲမို့
မေတ္တာတွေ လှစ်ခါဖွင့်ဟရင်
သခင်စိတ်ဆိုးလေမလားမသိ
(ကြိတ်ပိုးသူလေး) ဟိုကြည့် ဒီကြည့်။ ။


....

Wednesday 18 March 2009

ရန်ကုန်+လန်ဒန် ကွဲပြားမှုအချို့ 

ရန်ကုန်မြို့ထဲမှာ ကြွက်ခေါင်းပေါင်းများစွာရှိသည်။
လန်ဒန်မြို့ထဲမှာ မြေအောက်ရထားလမ်းပေါင်းများစွာရှိသည်။

ရန်ကုန်မှာ အဆောက်အဦးအသစ်ကို ကြိုက်သည်။
လန်ဒန်မှာ အဆောက်အဦးဟောင်းလေကောင်းလေဖြစ်သည်။

ရန်ကုန်မှာ နွေရာသီသစ်ရွက်ကြွေသည်။
လန်ဒန်မှာ ဆောင်းရာသီ သစ်ရွက်ကြွေသည်။

ရန်ကုန်မှာ ကိုယ့်မိန်းမ သူများနှင့်စကားပြောနေရင်မကြိုက်။
လန်ဒန်မှာ ကိုယ့်မိန်းမကို သူများ ကစ်(စ်)ပေးနေတာ အထူးအဆန်းမဟုတ်တော့။

ရန်ကုန်ဘတ်စ်ကားများ မျဉ်းကြားကူးဖြတ်သူရှိရင် အမြန်မောင်းပြေးကြ၏။
လန်ဒန်ဘတ်စ်ကားများ မျဉ်းကြားကူးဖြတ်သူရှိရင် ရပ်ပေးကြ၏။

ရန်ကုန်ဘတ်စ်ကားပေါ်မှာ သံဃာတော်များအတွက်သာဟုရေးထားသော ထိုင်ခုံရှိ၏။
လန်ဒန်ဘတ်စ်ကားပေါ်မှာ အိုမင်းမသန်မစွမ်းသူများကို ဦးစားပေးပါ ဟုရေးထားသော ထိုင်ခုံရှိ၏။

ရန်ကုန်ဘတ်စ်ကားများ ညနေ ၆ နာရီကျော်ရင် ကြားကားများဖြစ်သွားကြ၏။
လန်ဒန်ဘတ်စ်ကားများ ၂၄ နာရီပတ်လုံးပြေးဆွဲကြ၏။

ရန်ကုန်မှာ နွေရာသီအပူလွန်၍ သစ်ပင်များသေကြ၏။
လန်ဒန်မှာ ဆောင်းရာသီအအေးလွန်၍ သစ်ပင်များသေကြ၏။

ရန်ကုန်မှာ ကလေးများများမွေးလေ ပိုက်ဆံများများကုန်လေဖြစ်၏။
လန်ဒန်မှာ ကလေးများများမွေးလေ ထောက်ပံ့ကြေး များများရလေဖြစ်၏။

ရန်ကုန်မှာ အိမ်သာသုံးပြီးလျင် ရေသုံးလေ့ရှိကြ၏။
လန်ဒန်မှာ အိမ်သာသုံးပြီးလျင် တစ်ရှူးသုံးလေ့ရှိကြ၏။

ရန်ကုန်မှာ Air-con ကို သုံးကြ၏။
လန်ဒန်မှာ Heater ကို သုံးကြ၏။

ရန်ကုန်မှာ နွေ မိုး ဆောင်းဟူ၍ ရာသီဥတု သုံးမျိုးရှိ၏။
လန်ဒန်မှာ နွေဦး နွေ ဆောင်းဦး ဆောင်းဟူ၍ ရာသီဥတု လေးမျိုးရှိ၏။

ရန်ကုန်မြို့မှာ လမ်းသွားရင်း ဆေးလိပ်သောက်သုံးသူများသည် အများအားဖြင့် ယောက်ျားလေးများဖြစ်ကြ၏။
လန်ဒန်မှာ လမ်းသွားရင်း ဆေးလိပ်သောက်သုံးသူများသည် အများအားဖြင့် မိန်းခလေးများဖြစ်ကြ၏။

ရန်ကုန်မှာ ချမ်းသာတဲ့မိသားစုက ကလေးမွေးရင် ရွှေလင်ပန်းနှင့်အချင်းဆေး မင်းမွေးတဲ့သမီးလို့ ပြောလေ့ရှိ၏။
လန်ဒန်မှာ ချမ်းသာတဲ့မိသားစုက ကလေးမွေးရင် ငွေဇွန်းကိုက်ပြီး မွေးလာသလားအောက်မေ့ရတယ် လို့ ပြောလေ့ရှိ၏။
(ဘုရင်မကြီးကိုယ်တိုင် ငွေထည်ပစ္စည်းကို တန်ဖိုးထား၏)


မှတ်ချက်။
ကွဲပြားမှုများစွာကျန်ရှိနေဦးမည်မှာ သေချာသည်။

....

Tuesday 17 March 2009

မီးဖိုချောင်ဖူးစာ

မြန်မာအစ၊ တကောင်းက။
မြန်မာအစ၊ ကျောက်ဆည်က။
အဲဒီလို အယူအဆတွေနှင့်ပြည့်နှက်ရောပြွမ်းနေသော မြန်မာလူမျိုးများသည် အစဦဆုံးဆိုသည့် ဂုဏ်ပုဒ်တို့ကို လိုချင်သည့်အတွက် အမျိုးမျိုး ကြံဖန်ပြီး အဦးပထမဖြစ်အောင်တီထွင်ရေးသားကြ၏။

လူမျိုးအစ၊ မြန်မာက။
စပါးအစ၊ မြန်မာက။
သမိုင်းအစ၊ မြန်မာက။
ဘုရားသည် မြန်မာလူမျိုး။
အဲဒီလို အဲဒီလို စာရွက်ပေါ်မှာ ကြွေးကြော်ပြီး ပထမဆိုတဲ့စကားကို အလွန်နှစ်သက်လိုချင်ကြသော လူမျိုးများသည် မြန်မာလူမျိုးများပင်ဖြစ်၏။

ယုတ်စွအဆုံး ဝေါဟာရကြွယ်ဝမှု၌ပင်လျင် မြန်မာစကားသည် ဝေါဟာရအကြွယ်ဝဆုံးဟု ဂုဏ်ယူဝင့်ကြွားတတ်ကြ၏။ ဥပမာအားဖြင့် အလေးစွန့်တဲ့ကိစ္စကို အပြင်သွားမယ်၊ တောထိုင်မယ်၊ ကျင်ကြီးသွားမယ်၊ ဓါတ်သွားမယ်၊ အိမ်သာသွားမယ်၊ အိမ်သာတက်မယ် စသည့် ဝေါဟာရတွေ တစ်ပြုံကြီးရှိနေတာကို ဂုဏ်ယူမဆုံးရှိတတ်ကြ၏။

ကျွန်ုပ်၌ ဂျပန်မိန်းခလေးမိတ်ဆွေအနည်းငယ်ရှိ၏။ တစ်နေ့ ဝေါဟာရအကြောင်းပြောရင်းနှင့် အိမ်သာတက်သည့်အကြောင်းရောက်သွား၏။ သူတို့ထဲက တစ်ယောက်၏ ပြောစကားသည် ဂုဏ်ယူချင်လွန်းသော မြန်မာလူမျိုးများအတွက် ခပ်အောင့်အောင့်ဖြစ်စေမှာ သေချာသည်။

"ရှင်တို့ မြန်မာလူမျိုးတွေဟာ ဂုဏ်ယူတတ်လွန်းအားကြီးတယ်။ အိမ်သာတက်မယ်ဆိုတဲ့ ဝေါဟာရလေး ၁၀ခုလောက်ရှိတာကို "ငါတို့မြန်မာစကားဟာ ကမ္ဘာမှာ ဝေါဟာရအများဆုံးနှင့်အခက်ဆုံးဖြစ်မယ်။ Toilet သွားတာလေးကိုတောင် အမျိုးမျိုးအဖုံဖုံပြောဆိုလေ့ရှိကြတယ်" လို့ ဂုဏ်ယူပြောတတ်ကြတယ်။ အမှန်ပြောရရင် အိမ်သာသွားမယ်ဆိုတဲ့ ဝေါဟာရအတွက် ဂျပန်စကားမှာ အမျိုးနှစ်ဆယ် သုံးဆယ်လောက်ရှိတယ်" တဲ့။
.............

အဦးအစနှင့်ဝေါဟာရကြွယ်မှုကို မြိန်ရည်ယှက်ရည်ပြောဆိုတတ်ကြသော မြန်မာလူမျိုးများအတွက်
ကျွန်ုပ် သီအိုရီလေးတစ်ခု ထုတ်ကြည့်မိသည်။ လန်ဒန်ရောက်ရွှေမြန်မာများအတွက် ဖြစ်ကောင်းဖြစ်နိုင်သည့် မှတ်သားစရာ သီအိုရီလေးဟု ဆိုလျင်ရနိုင်၏။
ချစ်ခြင်းအစ မီးဖိုဆောင်က တဲ့။

ချစ်ခြင်းအစ မျက်စိက ဆိုသည့် အယူအဆသည် လန်ဒန်ရွာကြီးမှာ အသုံးမ၀င်တော့ပြီ။ မျက်စိသည် စာကြည့်စာဖတ်ခြင်း အင်တာနက်ထဲ ၀င်ရောက်ကြည့်ရှုခြင်း ရှေးဟောင်းရဲတိုက်ကြီးများကို သွားရောက် ကြည့်ခြင်းစသည့် ကြည့်ခြင်းများစွာတို့အတွက် အလုပ်လုပ်ပေးရသည့်အတွက်ကြောင့် အချစ်ကိစ္စ၏ Function ကို ပြုလုပ်ဖို့ မျက်စိမှာ အင်အားလုံလောက်မှုမရှိတော့ချေ။

လူသေလူဖြစ်ဝါဒကို ဆန့်ကျင်ကြသလောက် မြန်မာပြန်ရင် မြန်မာပြန်ဝင်ဆိုတဲ့အယူအဆကိုတော့ လန်ဒန်မြန်မာတွေ တစ်စိုက်မတ်မတ်လိုက်နာကြဟန်တူသည်။ မြန်မာလူမျိုးငှားပြီးနေထိုင်ခဲ့ကြသည့်အိမ်များတွင် မြန်မာလူမျိုးများပင် ထပ်မံငှားနေကြပြန်သည်။ မြန်မာလူမျိုးမြန်မာပြန်လျင် အငှားအိမ်မှာ မြန်မာလူမျိုးထပ်ကျန်သည်။ လူပြောင်းသွားသည်။ သို့သော် လူမျိုးကားမပြောင်း။

ပိုဆိုးတာ (အဲ... ပိုကောင်းတာ)က ကျဉ်းကြပ်ပြွတ်သိပ်နေသည့် အိမ်တစ်အိမ်ထဲတွင် အမျိုးသား အမျိုးသမီးများ အတူစုပေါင်းနေထိုင်ကြခြင်းပင်။ အိမ်တစ်လုံး၌ အပေါ်ထပ်အိပ်ခန်းသုံးခန်း (Single room ဆိုရင် ငါးခန်းလောက်)ရှိသည်။ အောက်ထပ်၌ အိပ်ခန်းနှစ်ခန်းလောက်ရှိသည်။ ပြီးတော့ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုခန်း။
Public toilet တွေမှာ ကျား၊မ ခွဲပေးထားပေမဲ့ အငှားအိမ်တွေမှာတော့ Share bathroom, share toilet, share kitchen တွေသာ ရှိသည်။

အိပ်လျင် ကိုယ့်အခန်းကိုယ်အိပ်ကြသည်။
သို့သော်
အပေါ့အလေးသွားချင်လျင် တန်းစီရသည်။ ရေချိုးချင်လျင် တန်းစီရသည်။ ထမင်းဟင်းချက်ချင်လျင် တန်းစီရသည်။ ရေချိုးခြင်း အိမ်သာသွားခြင်းလုပ်ငန်းတို့၌ ပြဿနာကြီးကြီးမားမားမရှိ။ ပြဿနာက မီးဖိုဆောင်ထဲမှာ ရှိ၏။ ရေချိုး အိမ်သာသွားခြင်းတို့၌ တစ်ယောက်ချင်းစီ ပြုလုပ်ရသောကြောင့် အဆင်ပြေသည်။ မီးဖိုချောင်ကိစ္စ၌ကား နှစ်ယောက်အတူ သုံးယောက်အတူ ချက်ပြုတ်ကြရ၏။

ကျားမ အတူချက်ပြုတ်ကြရသည့် မီးဖိုဆောင်က ကျဉ်းလွန်းသည်။ ကြပ်သည်။ ရှုပ်ပွသည်။ မီးဖိုဆောင် တစ်ဘက်မှ တစ်ဘက်ဖြတ်သွားလျင် လူရှောင်ပြီးသွား၍မရ။ တစ်ယောက်နှင့်တစ်ယောက် ထိမိတိုက်မိပြီး ဖြတ်သန်းကြရ၏။ တစ်ချို့ ကလည်း တမင်သက်သက် ထိမိတိုက်မိအောင်ကြိုးပမ်းကြ၏။ ဟင်းချက် ထမင်းချက်ရာ၌လည်း အချင်းချင်းထိမိခိုက်မိကြ၏။

တစ်ယောက်ကိုယ်ရနံ့ တစ်ယောက်ရှူရှိုက်မိကြ၏။ ညစ်ပတ်ပေရေနေသည့်တိုင် ဆန့်ကျင်ဘက်ချင်း ထိခိုက်ရှူရှိုက်မိတာများလာသည့်အခါ သာယာသလိုလိုခံစားလာမိကြ၏။ "အဲဒီလူကြီးက မုန်းစရာကြီး"ဆိုတဲ့စကားမှ "သေချာပေါင်းကြည့်တော့လဲ သူက အရမ်းသဘောကောင်းတာ"ဆိုတဲ့ နိယာမဘက် ကူးသွားတတ်ကြ၏။
"အဲဒီမိန်းခလေးက အကျည်းတန်ရုပ်ဆိုးလိုက်တာ" ဆိုတဲ့လေသံမှ "သူလေးက သေချာကြည့်တော့လဲ ချစ်စရာအကောင်းသား" ဆိုတဲ့ လေသံသို့ ရောက်သွားတတ်ကြ၏။

"ညီမရေ.. ထားခဲ့။ အကိုဆေးလိုက်မယ်။ အကိုဘဲ တစ်လက်စထဲ ပြီးအောင်လုပ်လိုက်မယ်လေ။ ညီမ အနားယူပါ"

"အကို ပင်ပန်းနေပါဦးမယ်။ မီးဖိုချောင်ကိစ္စဆိုတာ မိန်းခလေးတွေအတွက် မဆန်းပါဘူး။ ညီမဘဲ လုပ်လိုက်ပါ့မယ်"

"ညီမ... အကို ဈေးဘက် လမ်းလျောက်သွားမလို့။ မှာစရာရှိတာမှာလိုက်လေ"

"အကို့မွေးနေ့ရောက်ရင် ဘူဖေး kfc fish&chip တစ်ခုခုလိုက်ကြွေးရမယ်နော်။ မကြွေးရင်တော့ ဟွန်း"

ယောက်ျားအချင်းချင်း မိန်းခလေးအချင်းချင်းဆိုလျင် အငေါက်အငန်း အဆဲအဆို အညစ်အပတ်တွေ ထွက်လေ့ရှိသည့် ရွှေပါးစပ်တော်မှ ဆန့်ကျင်ဘက် လိင်အချင်းချင်းဆိုလျင်တော့ ဂွမ်းစလေးကို ဆီစိမ်ထားသကဲ့သို့ နူးညံ့သိမ်မွေ့လှသည့် စကားလုံးများ ထွက်တတ်ကြ၏။ လိင်တူအချင်းချင်းဆိုလျင် ကြောင်နှင့်ကြွက်လို ရန်စောင်နေကြပေမဲ့ လိင်ကွဲတွေနှင့်ဆိုလျင်တော့ သကာပျားလို ချိန်မြိန်တတ်ကြ၏။

အငွေ့သာရှောင်လို့ရမယ်။ အတွေ့ကိုတော့ ရှောင်လို့မရ ဆိုသည့်စကားကဲ့သို့ တွန်းတိုက်တာများတော့ နှဲ့နှဲ့လို့ လာခဲ့ကြလေပြီ။ အိမ်သာဝင်လျင် အချင်းချင်းထိ၍မရ။ ရေချိုးသွားလျင် အချင်းချင်းထိမိ၍မဖြစ်။ မီးဖိုဆောင်၌ကား မတော်တဆ(တမင်သကာ)ထိမိခွင့်ရှိကြသည်။ ထို့ကြောင့် မီးဖိုဆောင်ထဲ ချက်စရာမရှိ ချက်စရာရှာပြီး လာထိကြသည်။ အဲ.. အဲ... လာချက်ကြသည်။

ဤကဲ့သို့ ထိုကဲ့သို့ ၄င်းကဲ့သို့ မီးဖိုဆောင်ထဲမှာ ချစ်ကြကြိုက်ကြ.... အဲ... ချက်ကြပြုတ်ကြရင်းနှင့် လက်လွန် ခြေလွန်... အဲ ... အဲ....ဆားအခတ်လွန်ကုန်ကြသည်။ ဆီအထည့်လွန်ကုန်ကြသည်။ ထို့ကြောင့် မယူ၍မဖြစ်ကြတော့။ ဖူးစာရှင်တွေ ဖြစ်ကုန်ကြသည်။ တစ်ဘ၀လုံးယူမှာလား၊ တစ်ခဏဘဲယူမှာလား၊ ရာသက်ပန်လား တစ်ရက်ပန်လား ကျွန်ုပ်မပြောတတ်တော့ပြီ။

တိုက်ဆိုင်သူများရှိလျင် ၀ိုင်းဆဲခံရမှာကြောက်၍ ကျွန်ုပ်၏ မီးဖိုချောင်ဖူးစာ အမည်ရှိ ချစ်ခြင်းအစ မီးဖိုချောင်ကဆိုသည့် သီအိုရီကို ဤနေရာ၌ရပ်နားလိုက်သည်။


.....

Monday 16 March 2009

မီးဖိုချောင်ရန်ပွဲ

ဗုဒ္ဓဘာသာ၏လမ်းဆုံးပန်းတိုင်ကား နိဗ္ဗာန်ဖြစ်၏။ ထိုနိဗ္ဗာန်ကို မှန်းဆပြီး ရောက်ချင်စိတ်ပေါ်ပေါက်ခဲ့ဖူး၏။
သို့သော် နိဗ္ဗာန်ရောက်ပြီးသူသည် ဘာမှပြန်မဖြစ်တော့။ အေးငြိမ်းသွားပြီတည်း။

ကျနော်တို့ မြန်မာအားလုံးနီးပါး နိုင်ငံခြားရူးဖူးကြ၏။ အထူးသဖြင့် အင်္ဂလန် အမေရိကန်ဆိုရင် ပိုခုံမင်ကြ၏။
ထိုနိုင်ငံများသို့ စိတ်ကူးဖြင့်သွားပြီး ရူးခဲ့ကြဖူး၏။ ကျွန်ုပ် ယခု ထိုနိုင်ငံ(အင်္ဂလန်)သို့ရောက်ရှိခဲ့ပြီ။ သို့သော် ဘာမှထူးခြားမှုမရှိ။ ပကတိအတိုင်းပင်တည်း။

လူများစွာပြွတ်သိပ်နေရသော အိမ်တစ်အိမ့်၌ မီးဖိုခန်းတစ်ခုထဲရှိ၏။ အိမ်သာ ရေချိုးခန်း စုသုံးကြရ၏။ နေရေးထိုင်ရေး ကျဉ်းကြပ်၏။ လေကောင်းလေသန့်မရှိ။ ဆောင်းရောက်ရင် ဆိုးဝါးစွာအေး၏။ နွေရောက်ရင် အူတူတူ (ခပ်ရှိန်းရှိန်း)ဖြစ်၏။

စုပေါင်းနေထိုင်ကြသောသူများသည် လုပ်ငန်းချင်းမတူကြ။ ကျောင်းသွားကျောင်းတက်တာချင်းမတူကြ။ ထို့ကြောင့် တစ်ချို့  နံနက်စောစော အိပ်ရာထချိန်တွင် တစ်ချို့  အိပ်မောကျနေဆဲ။ တစ်ချို့  ညစာစားခိုက် တစ်ချို့  တူးနေအောင် အိပ်ပျော်နေကြပြီ။

မီးဖိုချောင်သည် နှစ်ယောက်ထက်ပိုဝင်လျှင် ပြည့်ကျပ်နေတတ်၏။ ဂက်မီးဖို၊ ရေဘေဇင်၊ မိုက်ရိုဝေ့ဖ်၊ အာဗင်န်၊ ရေနွေးအိုး၊ ထမင်းပေါင်းအိုး ဟင်းချက်ဖို့ ကိရိယာအစုံရှိပေမဲ့ လွန်စွာမှ ကျဉ်းမြောင်း၏။ ကြပ်တည်း၏။ အိပ်ခန်းထဲ စုပေါင်းအိပ်လို့ ရသည့်တိုင် မီးဖိုခန်းထဲတော့ စုပေါင်းချက်ပြုတ်၍မရ။

ခက်တာက တစ်ခါတစ်ရံ လမ်းကြောင်းချင်း မတူပေမဲ့ အိမ်မှထွက်ခွါချိန်တူနေတတ်၏။ ထိုအခါများ၌ မီးဖိုခန်းထဲဝယ် သူ့ထက်ငါဦး ချက်ကြပြုတ်ကြ၏။ တစ်ယောက်ချက်ပြုတ်၍မပြီးခင် နောက်တစ်ယောက်ချက်ပြုတ်ချင်၏။ တစ်ယောက်က ဟင်းတစ်မယ်တည်းချက်၏။ နောက်တစ်ယောက်က နှစ်မျိုးချက်၏။ နောက်တစ်ယောက်က သူကြိုက်သလောက်ချက်၏။ သို့သော် ဘီလ်ဆောင်ရသည့်အခါမှာတော့ အညီအမျှ။

"မင်းကလဲ ဟင်းချက်တာ ကြာလိုက်တာကွာ၊ တစ်ခြားလူတွေကိုလဲ ငှဲ့ ပါဦး"

"မနေ့က မင်းချက်တော့လဲ ကြာတာဘဲကွာ၊ ဒီနေ့ ငါကြာကြာချက်တော့ ဘာဖြစ်လဲ"

ဒီလို ကြေးတမ်းခွဲစကားလေးတွေ ထွက်ပေါ်လာတတ်သည်။ အချင်းချင်းပေမဲ့ အတူနေတာ ကြာလာတဲ့အတွက် မြန်မာပီပီ စိတ်ဝမ်းကွဲတတ်ကြသည်။ မရှိမဲ့ ရှိမဲ့ မာနချင်း ပြိုင်လာတတ်သည်။ တစ်ယောက်ကွယ်ရာမှာ တစ်ယောက်အကြောင်း ဖောက်သည်ချလာတတ်သည်။
တစ်ယောက်အပြစ်ကို တစ်ယောက်ကြည့်တတ်မြင်တတ်လာသည်။

"မင်းက ဟင်းတွေ အများကြီးချက်တယ်၊ ဘီလ်ဆောင်ရတော့ အတူတူရယ်၊ မတရားဘူး"

"မင်း မီးဖိုဆောင် သန့်ရှင်းရေးမလုပ်ဘူး။ ငါချည်းဘဲ လုပ်ရတယ်။ အရမ်းတစ်ကိုယ်ကောင်းဆန်တာဘဲ"

"မင်းကြောင့် ခွက်တစ်လုံး ကွဲသွားတာ အခုထိ အစားမ၀ယ်ပေးသေးဘူး"

"ဆီပုလင်း မင်းမှောက်ပစ်လိုက်တာ။ ပြန်ဝယ်ထားလေကွာ။ ဆီမရှိလို့ မဖြစ်ဖူး"

"မင်းတို့ မီးဖိုချောင်ဝင်ရင် အရမ်းဆူညံတာဘဲ။ ကျက်သရေတုံးတယ်"

"မင်းတို့ ချက်တဲ့ဟင်းက ခဏခဏတူးနေတယ်ထင်တယ်။ အနံ့တွေက ဆိုးလိုက်တာ"

"ဘာဖြစ်လို့ ရေပိုက်ကို ဖွင့်ပြီး ပြန်မပိတ်ထားခဲ့တာလဲ"

"ဂက်မီးဖိုကို မင်းမကြာမကြာ ဖွင့်ပြီး ပြန်ပိတ်လေ့မရှိဘူး"

အဲဒီလို အဲဒီလို သံစဉ်လေးအပြည့်အစုံကို မကြာခဏကြားရတတ်၏။ ဗိုလ်တစ်ထောင်အိမ်ဟု အမည်ပေးလျင်ရ၏။ တပည့်တစ်ယောက်မှမရှိ။ ထိုအိမ်သည်ကား လန်ဒန်မြို့၌ အတောင်နှစ်ဆယ်ဝတ် မြန်မာလူမျိုးများ စုပေါင်းနေထိုင်ကြသော အိမ်ဖြစ်ပေ၏။ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သူတစ်ပါးကို နည်းနည်းလောက်တော့ စောင်းလိုက်ရမှ ရွဲ့ လိုက်ရမှ စားဝင်အိပ်ပျော်သော လူမျိုးများဖြစ်ကြသည်။

"၀ုန်း"

"ဒိုင်း"

"ဂွမ်း"

တစ်ချို့ က သောက်စားမူးယစ်တတ်ကြသည်။ အချိန်ပိုင်းအလုပ်လုပ်၍ရခဲ့သော ဘုရင်မခေါင်း ပေါင်ငွေတို့ကို အရည်ဖျော်သောက်တတ်ကြသည်။ အဖျော်ယမကာလေးမှ မသောက်တတ်ရင် မြန်မာမပီသလိုလို ကြိုးစားပြီး သောက်ကြသည်။ သောက်ပြီးရင် အေးအေးဆေးဆေး မနေတတ်ကြ။ အေးအေးဆေးဆေးနေရင် သောက်ရကျိုးမနပ်ဟု ထင်ပုံပေါ်၏။ အိမ်ရှိလူတွေကို နည်းနည်းလောက်တော့ ပြဿနာရှာလိုက်ရမှ စားဝင်အိပ်ပျော်ဖြစ်ပုံရ၏။

"ထမင်းဟင်း များများချက်တဲ့ကောင် မီးဖိုချောင် သန့်ရှင်းရေး တာဝန်ယူကွာ"

"မင်းက ဂက်စ်တွေ ဖွင့်ပြီး ပိတ်ဖို့ မေ့နေကျ။ ဒီတော့ မင်းဘဲ ဂက်စ်ဖိုးရှင်း"

"ငါကတော့ ဘာမှ မလုပ်ချင်ဘူးကွာ။ မကျေနပ်ရင် လာပြော။ ဘာဖြစ်ချင်လဲ"

မီးဖိုချောင်ကိစ္စကိုအကြောင်းပြုပြီး မကြာမကြာစကားများကြ၏။ မူးတာကနည်းနည်း ရစ်တာက ခပ်များများ။
ကြာလာတော့ အုပ်စုလေးတွေ ကွဲကုန်ကြသည်။ နှစ်ယောက်တစ်အုပ်စု။ သုံးယောက်တစ်အုပ်စု။ တစ်ယောက်ထဲ တစ်အုပ်စု။ မြန်မာတွေ ဒီမိုကရေစီမရတာ သဘောပေါက်လာသည်။ တစ်အိမ်ထဲ လေးငါးယောက်ကလေး စုနေတာတောင်မှ ညီညွတ်မှုမရှိကြ။ တိုင်းပြည်ကို ညီညီညွတ်ညွတ် အတူတူအုပ်ချုပ်ကြဖို့ဆို ဝေးလေစွ။

ကျွန်ုပ်တို့ ရပ်ကွက်ထဲမှာ (အဲ) ကျွန်ုပ်တို့ လန်ဒန်မြို့ထဲမှာ ဒီလိုဘဲရှိသည်။ တစ်အိမ်ထဲ၌ ခုနစ်ယောက် စုနေထိုင်ကြသော မြန်မာလူမျိုးများသည် အုပ်စု ရှစ်အုပ်စုထိကွဲတတ်ကြသည်။ ဗုဒ္ဓဘာသာလွှမ်းခြုံ၍ ယဉ်ကျေးသိမ်မွေ့လှပါသည်ဆိုသော မြန်မာလူမျိုးများသည် ပါးစပ်ထဲက နေ့စဉ် ဆဲဆိုမှုတွေ အစောင်းအမြောင်းတွေ အန်ထွက်တတ်ကြသည်။

ပြဿနာတွေထဲက ပြဿနာကတော့ ကျွန်ုပ်တင်ပြခဲ့သကဲ့သို့ မီးဖိုချောင်ရန်ပွဲပင် ဖြစ်ပေတော့၏။
.................

ဗုဒ္ဓဘာသာ၏လမ်းဆုံးပန်းတိုင်ကား နိဗ္ဗာန်ဖြစ်၏။ ထိုနိဗ္ဗာန်ကို မှန်းဆပြီး ရောက်ချင်စိတ်ပေါ်ပေါက်ခဲ့ဖူး၏။
သို့သော် နိဗ္ဗာန်ရောက်ပြီးသူသည် ဘာမှပြန်မဖြစ်တော့။ အေးငြိမ်းသွားပြီတည်း။

သို့ပေသည့်..
ကျွန်ုပ်တို့ စိတ်ကူးယဉ်အိပ်မက်မက်ခဲ့ကြသော လန်ဒန်မြို့ကြီး၌ကား........................



...

သင့်ရဲ့  ဖူးစာရှင် ဘယ်လိုလူလဲ ???

ရေးစရာကမရှိ အချိန်လေးလဲ ရတာနဲ့ သူများရေးထားတဲ့ ဗေဒင်လေး ပြန်ကူးပေးလိုက်ပါဦးမယ်။
ဗေဒင်ဝါသနာပါလို့တော့ မဟုတ်ပါဘူး။ ဖူးစာရှင်ရွေးချယ်နည်း ဆိုလို့ စိတ်ဝင်စားပြီး ဖတ်မိခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ။ ဆန်းပညာနည်းနဲ့ အိမ်ထောင်ဘက်ကို ရွေးတဲ့ နည်းစနစ်ကလေးပါဘဲ။
ဘာသာရေးစာပေတွေမှာ ကျမ်းကြီးပဋ္ဌာန်း ကျမ်းငယ်ဆန်း ကျမ်းလတ်ဓာတုကထာ ဆိုပြီး လင်္ကာရှိတယ်လေ။
အခက်ခဲဆုံးကျမ်းတွေကို ဆိုလိုတဲ့လင်္ကာလေးပါ။
ကျမ်းကြီးမှာ ပဋ္ဌာန်းကျမ်းက အခက်ဆုံး
ကျမ်းငယ်မှာ ဆန်းကျမ်းက အခက်ဆုံး
ကျမ်းလတ်မှာ ဓာတုကထာက အခက်ဆုံး တဲ့။

အခုလဲ ဆန်းပညာနဲ့တွက်ချက်ထားတာမို့ ပြန်လည်မျှဝေပေးလိုက်ခြင်းရယ်ပါ။

အိမ်ထောင်ရေးကံကို စစ်ဆေးတော့မယ်ဆိုရင် မွေးသက္ကရာဇ်ကို တစ်ခုနှုတ်ပြီး (၇)နှင့်စား။ အကြွင်းကို ဇေယျတိုင်ထူပါ တဲ့။ သတို့သားဆိုရင် သတို့သမီးနဲ့ဆိုင်တဲ့ (၆) သောကြာအနေအထားကိုကြည့်။ သတို့သမီးအတွက်ဆိုရင် သတို့သားနဲ့ဆိုင်တဲ့ (၃) အင်္ဂါအနေအထားကို ကြည့်ပါ တဲ့။

ဇေယျတိုင်ထူနည်းက ဒီလိုပါ။

၁ ကြွင်းရင်..
၁-ေဇယ်
၄-၀ရ

၀-လာဘ

-ဒြယ

-ဗ်ယ

၂-မရဏ

၅-ကိစၦ

၁ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က ဗျယဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် မိမိထက် အသက်ကြီးတဲ့သူနှင့် အိမ်ထောင်ကျမယ်။ တကယ်လို့ မိမိထက် ငယ်တဲ့သူနှင့်အိမ်ထောင်ကျရင်တော့ အိမ်ထောင်မမြဲပါဘူးတဲ့။

၁ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က ဒွယဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် မိမိသတို့သားနှင့် တိတ်တခိုး မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်ပါတယ်။ ချစ်ဦးသူနှင့်လဲ လမ်းလွဲရတတ်တယ်။

၂ ကြွင်းရင်
၂-ေဇယ်
၅-၀ရ

၁-လာဘ

-ဒြယ

-ဗ်ယ

၃-မရဏ

၆-ကိစၦ


၂ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က ကိစ္ဆဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် အရွယ်လွန်အရွယ်ဟိုင်းအသက်ကြီးသူနှင့်ရတတ်ပါတယ်။ အိမ်ထောင်ကျဖူးပြီးသူလဲ ဖြစ်နိုင်တယ်။ ရန်တကျက်ကျက်ဖြစ်မယ်။ အိမ်တွင်းရေး မသာမယာလဲ ဖြစ်မယ်။

၂ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က မရဏဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် မိမိက တစ်ဘက်သတ်ချစ်ရသူ၊ အလိုလိုက်အကြိုက်ဆောင်တတ်သူဖြစ်ရတတ်တတယ်။ အိမ်ထောင်ကျပြီး သောကရတက်မအေး ပူဆွေးဗျာပါဖြစ်ရတတ်ပါတယ်။

၃ ကြွင်းရင်
၃-ေဇယ်
၆-၀ရ

၂-လာဘ

-ဒြယ

-ဗ်ယ

၄-မရဏ

၀-ကိစၦ


၃ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က ၀ရဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် ဖူးစာရှင်က စိတ်ထားမြင့်မြတ်မယ်။ သဘောထားကြီးမယ်။ အကြင်နာတရားရှိမယ်။ အကြင်နာတရားကြီးမားမယ်။ ဒါအိမ်ထောင်ဖက်ဖြစ်မဲ့အတွဲပေါ့။

၃ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က ဇေယျဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် ဖူးစာရှင်က ဘာသိဘာသာနေတတ်တယ်။ အရာရာမှာ မှန်မှန်နေတတ်တယ်။ ပြီးတော့ အေးအေးချမ်းချမ်းနေလိုစိတ်ရှိတဲ့သူဖြစ်မယ်။

၎ကြွင်းရင်
၄-ေဇယ်
၀-၀ရ

၃-လာဘ

-ဒြယ

-ဗ်ယ

၅-မရဏ

၁-ကိစၦ


၎ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က ဒွယဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် မမျှော်လင့်ဘဲ ရုတ်တရက် အိမ်ထောင်ကျတတ်တယ်။

၎ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က လာဘဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် ဖူးစာရှင်က ထက်ထက်မြက်မြက်ရှိမယ်။ ပညာဥစ္စာပြည့်စုံမယ်။ နာမည်ကျော်တဲ့ယောက်ျားဖြစ်ရမယ်။

၅ကြွင်းရင်
၅-ေဇယ်
၁-၀ရ

၄-လာဘ

-ဒြယ

-ဗ်ယ

၆-မရဏ

၂-ကိစၦ

၅ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က မရဏဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် မိမိက တစ်ဘက်သတ်ချစ်ရပြီး အလိုလိုက်ရမယ်။ အကြိုက်ဆောင်ရမယ်။ အိမ်ထောင်ကျပြီးရင်လဲ သောကဗျာပါရတွေ များရတတ်တယ်။

၅ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က ဗျယဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် မိမိထက် အသက်ကြီးသူနှင့်ပေါင်းဖော်ရမယ်။ မိမိထက် ငယ်ရွယ်သူနှင့်အိမ်ထောင်ကျရင် မမြဲဘူး။

၆ ကြွင်းရင်
၆-ေဇယ်
၂-၀ရ

၅-လာဘ

-ဒြယ

-ဗ်ယ

၀-မရဏ

၃-ကိစၦ


၆ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က ဇေယျဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် ဇနီးသည်က ဘာသာဘာသာ ခပ်အေးအေးနေတတ်သူဖြစ်မယ်။ အိမ်ထောင်ရေး ကံကောင်းမယ်။

၆ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က ကိစ္ဆဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် ဖူးစာရှင်က အရွယ်ဟိုင်းလဲဖြစ် အသက်လဲ ကြီးမယ်။ လူပျိုအတုလဲဖြစ်တတ်တယ်။

ဝ ကြွင်းရင်
၀-ေဇယ်
၃-၀ရ

၆-လာဘ

-ဒြယ

-ဗ်ယ

၁-မရဏ

၄-ကိစၦ


ဝ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က ၀ရဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် ဖူးစာရှင်က စိတ်သဘောထားကြီးပြီး အကြင်နာတရားနှင့်ပြည့်စုံတဲ့သူဖြစ်မယ်။ မြင့်မြတ်တဲ့စိတ်ထားရှိတဲ့သူဖြစ်မယ်။

ဝ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က လာဘဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် အောင်မြင်တဲ့ စီးပွါးရေးသမား၊ အရာရှိ၊ ကျော်ကြားတဲ့ လုပ်ငန်းရှင်၊ ထက်မြက်တဲ့သူနှင့်ဖူးစာဆုံမယ်။


မှတ်ချက်။
နက္ခတ္တရောင်ခြည် အမှတ် ၂၃၂၊ စာမျက်နှာ၁၇၂
ဆရာဆန်းဝင်းရဲ့  ဆောင်းပါးကို ထပ်ဆင့်မျှဝေပေးလိုက်ခြင်းဘဲ ဖြစ်ပါတယ်။

Thursday 12 March 2009

ချစ်ခရီး

ချစ်သူရဲ့ 
ကြမ်းတမ်းတဲ့ ချိန်းခြောက်သံကို ကိုယ်မကြောက်ဘူး
ဒါပေမဲ့....
နူးညံ့တဲ့ လမ်းခွဲစကားကိုတော့ ကိုယ်လန့်တယ်။

ချစ်သူကြိုဆိုနေမဲ့ မိုင်းပေါင်းအသင်္ချေခရီးဟာ
ကိုယ့်အတွက် မောပန်းစေမှာ မဟုတ်ဘူး
ဒါပေမဲ့....
ချစ်သူနှင်လို့ ထွက်ခွါလာရမဲ့ ခြေတစ်လှမ်းကတော့
ကိုယ့်အားအင်တွေ ဆုတ်ယုတ်စေမှာ သေချာတယ်။

ချစ်သူရဲ့  မုန်းတီးစွာ ဆဲဆိုမဲ့စကားကို ကိုယ် ဂရုမစိုက်ဘူး
ဒါပေမဲ့....
ကြင်နာစွာ ငြင်းဆန်မဲ့စကားကိုတော့ ပူပန်တယ်။

အမုန်းကို မလိုချင်ဘူး
အပြုံးကိုဘဲ လိုချင်တယ်။

အပြစ်တွေ မလိုချင်ဘူး
အချစ်ကိုဘဲ လိုချင်တယ်။

ဝေးသွားမှာ မလိုချင်ဘူး
ထွေးထားတာဘဲ လိုချင်တယ်။

အပူတွေကို မလိုလားဘူး
အတူနေဖို့ဘဲ တမ်းတတယ်။

အပြုံးအိမ်ထဲမှာ အချစ်ကိုအခန်းဖွဲ့
ကဲ့ရဲ့ စကားတွေကို ဥပေက္ခာပြု
ယုယမှု ကုဋေကုဋာနှင့် ထွေးဖက်ထားပြီး
အတားအဆီးမှန်သမျှ တွန်းလှန်
ဂျွန်းပြန်လောက်တဲ့ ဘ၀(အချစ်)ခရီး
ရဲရဲကြီး အတူလျောက်ကြစို့။



Sunday 8 March 2009

ချစ်လွန်းလို့....


မင်းလေးရဲ့ အချစ်ဟာ
ပြင်းထန်တဲ့ အဆိပ်တစ်ခွက်ဖြစ်ပါစေ
ကော်ဖီတစ်ခွက်လို
စွဲမက်စွာ သောက်သုံးပါ့မယ်။

မင်လေးရဲ့ သံယောဇဉ်ဟာ
ငရဲမီးတောင်တန်းတွေဖြစ်ပါစေ
Trekking ခရီးလို
ရူးသွပ်စွာ တက်ရောက်ဖြတ်ကျော်ပါ့မယ်။

မင်လေးရဲ့ မေတ္တာဟာ
သံလျက်ပင်လယ်ပြင်ဖြစ်ပါစေ
Voyage ရွက်လွင့်သလို
ရဲရင့်စွာ လက်ပစ်ကူးပါ့မယ်။

ဒါပေမဲ့.......

ကို့ရဲ့  အချစ်တွေဟာ
အဆိပ်တစ်ခွက်ဖြစ်ခဲ့ရင်
မင်းလေးကို မတိုက်ရက်ပါဘူး။

ကို့ရဲ့  သံယောဇဉ်တွေဟာ
ငရဲမီးတောင်တွေဖြစ်ခဲ့ရင်
မင်းလေးကို ဖြတ်သန်းခွင့်မပေးရက်ပါဘူး။

ကို့ရဲ့  မေတ္တာတွေဟာ
သံလျက်ပင်လယ်ဖြစ်ခဲ့ရင်
မင်းလေးကို မကူးခတ်စေရက်ပါဘူး။

အဲဒါ...
မင်းလေးကို ချစ်လွန်းလို့။ ။


အဆိပ်သင့်ကဗျာတစ်ပုဒ်


လက်ချောင်းလေးတွေ ကီးဘုတ်ပေါ်ဖြတ်သန်းပြေးလွှားရင်း
ရှင်းရှင်းလင်းလင်း ကဗျာတစ်ပုဒ်
ကျနော် မွေးထုတ်ပေးခဲ့မိတယ်။

ဒါပေမဲ့
ဇော်ဂျီမရှိရင် ကဗျာမရှိနိုင်
စခရင်မရှိရင် ကဗျာမဖြစ်နိုင်
နက်မကောင်းရင် ကဗျာမသိနိုင်။

ကဗျာတွေရှိနေတယ်ဆိုတာ
ကမ္ဘာကသိအောင် ကြိုးစား
ကျနော့်ရည်းစားလဲ အပါအ၀င်ပေါ့။

တစ်နေ့မှာ
သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း
ခပ်ကြမ်းကြမ်းအယူအဆတွေနဲ့
ကျနော့်မှတ်တမ်းထဲ ၀င်ရောက်လာခဲ့တယ်။

တစ်ယောက်က နှိပ်စက်
တစ်ယောက်က စိတ်ကွက်
တစ်ယောက်ကတော့ အိပ်ပျက်။

တစ်ဦးက အရှုံးပေး
ကျန်နှစ်ဦးက နှလုံးမအေး
နောက်ဆုံးတော့ အကုန်လုံးဝေး။

ဝေးခဲ့ရပေမဲ့
ဆွေးစိတ်တွေ မဖြေနိုင်
တွေးထိတ်ထိတ် သံယောဇဉ်လက်ကျန်လေးနဲ့
ထက်သန်စွာ တိတ်တခိုး
တစ်ယောက်က ကျိတ်ပိုးနေပြန်လေရဲ့ ။

အဆက်ဖြတ်လိုက်ပြီဆိုပြီး
အဆက်မပြတ်နိုင်သူလေးအကြောင်း
ကျနော့်ခေါင်းထဲကထွက်လာ
အဲဒါ ကဗျာတစ်ပုဒ်ဘဲပေါ့။

တစ်သက်လုံးမက်မပြေသူလေးမို့
မျက်လုံးသက်သေဆိုတဲ့ ကဗျာလေးရေး
ချစ်သူလေးက ကောက်ဖတ်
ပြဿနာ အဲဒီက စပါလေရော။

ချစ်သူဟောင်းရှိခဲ့ရင်
ချစ်သူပြောင်းလိုက်တော့တဲ့
ချစ်သူလေးပြောတဲ့စကား
နားထဲ သံရည်ပူလောင်းသလိုလို။

ချစ်သူလေးကိုဘဲ ချစ်တာပါလို့
နစ်နစ်ကာကာဖွင့်ပြောပေမဲ့
ကဗျာတစ်ပုဒ် လက်ကမြင်းမိတာကြောင့်
ချစ်ခြင်းတရားကို အပြစ်ယူ
ချစ်သူလေးစိတ်က ခပ်ထင့်ထင့်
(ကျနော့်အတွက်တော့)
အဆိပ်သင့်ကဗျာလေးတစ်ပုဒ်ဖြစ်ခဲ့ရပြီ။


ကဗျာဆိုတာ....

ကျနော်ကဗျာလေးတွေ ကြိုစားရေးတယ်
ချစ်သူက ကျနော့်ကဗျာလေးတွေဖတ်ပြီး
သံသယတွေများလာတယ်။

ကဗျာလေးတွေကို ချစ်တဲ့ ချစ်သူဟာ
ကဗျာလေးတွေကို ကြည့်ရင်း
ယုံကြည်မှုအားနည်းလာတာ ကျနော်နားမလည်နိုင်ဘူး။

ကဗျာဆိုတာ ရင်ခေါင်းထဲကချည်း ထွက်ပေါ်လာတာမဟုတ်ပါဘူး
ဦးဏှောက်နှင့်အတွေ့အကြုံအရလဲ ထွက်ပေါ်လာတတ်တာဘဲလေ
ပြီးတော့ သူများကိုယ်စား ၀င်ခံစားကြည့်ရင်းလဲ ကဗျာတစ်ပုဒ်ဖြစ်သွားတတ်တာပါဘဲ။

အချစ်မရှိရင် ကဗျာမဖြစ်နိုင်ပါဘူးဆိုတဲ့ အဘိဓာန်ဟာ
ဟိုး.. ဘီစီထောင်ပေါင်းများစွာ နောက်မှာ
မှုန်ဝါးဝါးကျန်ရစ်ခဲ့ပါပြီ။

ဒါကြောင့်.....
ကဗျာရဲ့  ဒဿနကို ဒီလိုလေး ကျနော် ပြောကြည့်လိုက်တယ်။


ကဗျာဆိုတာ...........
တစ်ခါတစ်ရံမှာ ဘဝ
အခန့်မသင့်တဲ့အခါ ဒေါသ
ရံဖန်ရံခါ ခံစားမှု
တစ်ခါတစ်လေ အချစ်
တစ်ကြိမ်ကြိမ်မှာတော့ ကြည်နူးမှု
တစ်ကွေ့ကွေ့မှာတော့ ကြေကွဲမှု
တစ်နေရာရာမှာတော့ ကျေနပ်မှု

တစ်ခါတစ်ခါ ကျပြန်တော့လဲ
ကဗျာဟာ ကဗျာပါဘဲ။



Saturday 7 March 2009

ချစ်သူဝိရောဓိ

ကိုယ့်ကိုယုံကြည်ပါလို့ မပြောခဲ့ပေမဲ့
ချစ်သူက ကိုယ့်ကို ယုံကြည်မှုအပြည့်ရှိခဲ့တယ်။

ကိုယ့်ကိုယုံကြည်ပါလို့ ပြောနေတဲ့အခါကျတော့
ချစ်သူက ကိုယ့်ကို မယုံကြည်တော့ဘူး။

ကိုယ် သစ္စာတွေ ပေးအပ်နေတဲ့အခါ
ချစ်သူက သံသယတွေနဲ့ တုန့်ပြန်ခဲ့တယ်။

"နာရီလက်ဆောင်ပေးရင် နာကျင်စွာနဲ့ ရီနေရမယ်" လို့ ကိုယ်ပြောခဲ့ပေမဲ့
ချစ်သူကပြောတယ် "နာရီဆိုတာ အချိန်နဲ့အမျှ သတိရမှုရဲ့  သင်္ကေတပါ" တဲ့။

"အချစ်ဆိုတာ အင်အားတစ်ခုပါ" လို့ ကိုယ်ဖွင့်ဆိုခဲ့ပေမဲ့
ချစ်သူကပြောတယ် "အချစ်ဆိုတာ အဆိပ်သင့်ခြင်းတစ်ခုပါဘဲ" တဲ့။

"ယောက်ျားလေးတွေနဲ့ ခြေပုတ်လက်ပုတ်စကားပြောတာ မကောင်းဘူး" လို့ ကိုယ်ပြောတဲ့အခါ
ချစ်သူက ပြောတယ် " စာသင်ပေးခဲ့သူမို့ ပုတ်ခတ်တာ အကျင့်ဖြစ်နေလို့ နားလည်ပေးပါ" တဲ့။

မိန်းခလေးတွေကို ကိုယ်ဖော်ဖော်ရွေရွေစကားပြောနေတဲ့အခါကျတော့
ချစ်သူက ပြောတယ် "မျက်နှာအရမ်းများတာဘဲ" တဲ့။

"ကိုယ်ငွေကြေးအလုံအလောက်ရှိရင် ချစ်သူကို လုံးဝ အလုပ် မလုပ်ခိုင်းဘူး၊ ပင်ပန်းတာ မကြည့်ရက်ဘူး" လို့ပြောတော့
ချစ်သူကပြောတယ် "အလုပ်မလုပ်နဲ့လို့ ပြောတဲ့သူဟာ သူ့ရဲ့  ရန်သူဘဲ" တဲ့။

ဒါဖြင့် "ကိုယ့်ကို မချစ်တော့ဘူးလား" လို့ ကိုယ်ကမေးတော့
ချစ်သူက ပြောတယ် "အရမ်းချစ်တာဘဲ" တဲ့။

Friday 6 March 2009

မန္တလေးပြန် အောင်မိုး (၂၀) ဇာတ်သိမ်းပိုင်း

သူ့မှတ်စုစာအုပ်ကလေးထဲမှာ စိတ်ဝင်စားစရာ စာပိုဒ်ခပ်ရှည်ရှည်တစ်ပုဒ်ကို ကျနော်တို့ ဖတ်လိုက်ကြရတယ်။
ခပ်နွမ်းနွမ်းမှတ်စုစာအုပ်ထဲ ဖောင်တိန်မှင်နဲ့ ရေးထားတဲ့အတွက် မှင်တွေ ပျံ့ နေပေမဲ့လဲ စကားလုံးတွေကို ကောင်းမွန်စွာ ဖတ်ရှုလို့ရနိုင်ပါတယ်။ သူ့ရဲ့  မှတ်စုစာသားအတိုင်း ကူးယူဖော်ပြပေးလိုက်ပါတယ်။

"ကျွန်ုပ်သည် အောင်မိုးလေး သေဆုံးချိန်ကစပြီး စိတ်ဂယောက်ချောက်ခြားဖြစ်ခဲ့ရပါသည်။ အိပ်ပျက်ညတွေလည်း ရေတွက်လို့ မကုန်နိုင်တော့ပါ။ နေ့စဉ်လုပ်နေကျ သမထ ၀ိပဿနာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ပါသော်လည်း စိတ်အရမ်းပျံ့ လွင့်နေ၍ သမာဓိထူထောင်ဖို့ ခက်ခဲခဲ့ပါသည်။ ပျံ့ လွင့်မှု ဥဒ္ဓစ္စကို စုစည်းမှုသမာဓိ စောင့်ကြည့်မှုသတိချွန်းတို့နှင့် အုပ်ဖို့အခါခါကြိုးစားခဲ့ပါသည်။ သို့သော် အားထုတ်မှုမှန်သမျှ အချည်းနှီးသာတည်း။

တစ်သွင်သွင်စီးဆင်းနေသော မြစ်ရေအလျဉ်ကို ဆည်ကန်သင်းပြုလုပ်ပြီး ဟန့်ထားထားသကဲ့သို့ ကျွန်ုပ်တစ်စိုက်မတ်မတ် ကျင့်ကြံအားထုတ်ခဲ့သော သမထ ၀ိပဿနာတရားရေအလျဉ်ကို အောင်မိုးလေးအပေါ်ထားရှိနေတဲ့ သံယောဇဉ်တွေကြောင့် သောကပရိဒေ၀မီးတွေနှိပ်စက်ပြီး စိတ်ပျံ့ လွင့်မှု ဥဒ္ဓစ္စဆည်ကန်သင်းနှင့် ပိတ်ပင်ရပ်တန့်စေသကဲ့သို့ ဖြစ်ခဲ့ရပါသည်။

ထို့ကြောင့် လက်ရှိ သမထ ၀ိပဿနာအလုပ်ကို ရပ်နားလိုက်ပြီး ကြားဖူးနားဝရှိခဲ့သော အဂ္ဂိရတ်လုပ်ငန်းကို စမ်းသပ်လုပ်ကိုင်ကြည့်ခဲ့ပါသည်။ အဂ္ဂိရတ်ထိုးခြင်းဖြင့် စိတ်တည်ငြိမ်မှုရရှိအောင်ကြိုးစားခဲ့ပါသည်။ ဗဟုသုတအနေနဲ့ ရွှေဖြစ်ငွေဖြစ်ဖိုထိုးခြင်းကိုလည်း အဂ္ဂိရတ်ပညာဆိုင်ရာ တဘောင်စနည်း နည်းနာ နိဿယများအတိုင်း စာအုပ်ဖတ်ပြီး အစမ်းသဘော လုပ်ကြည့်ခဲ့ပါသည်။ စိတ်တည်ကြည်မှု အထိုက်အလျောက်ရှိခဲ့ပေမဲ့ အဂ္ဂိရတ်ထိုးခြင်းဖြင့် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေမယ်ဆိုတာကို သဘောပေါက်လာပါသည်။

ထွက်ရပ်ပေါက်နောက်လိုက်ရင်း နိဗ္ဗာန်ကို ဖြတ်လမ်းကလိုက်ဖို့ဆိုတာ တကယ်မဖြစ်နိုင်မှန်းသိလာပါသည်။ ၀ိပဿနာမပါဘဲ နိဗ္ဗာန်ကို ဖြတ်လမ်းက လိုက်ခဲ့တဲ့ ရဟန္တာအရှင်သူမြတ် တစ်ပါးမှ မပေါ်ပေါက်ခဲ့ဖူးပါ။ ဒါပေမဲ့
ကျွန်ုပ်ပြုလုပ်နေသောအလုပ်သည် အဓိပ္ပါယ်မရှိသည့်အလုပ်ဖြစ်ကြောင်း လူတွေသိရင် ပိုရှုပ်ကုန်မည်စိုးသောကြောင့် အဂ္ဂိရတ် ထွက်ရပ်ပေါက်အပေါ် တကယ်ယုံကြည်သည့်ဟန်ဖြင့် ကျွန်ုပ် သရုပ်ဆောင်ကာ တစ်စိုက်မတ်မတ်ပြုလုပ်ခဲ့ပါသည်။

နောက်ဆုံး ကျွန်ုပ်သဘောပေါက်လိုက်သည်မှာ "ထွက်ရပ်ပေါက်နောက် လိုက်နေမည့်အစား နောက်ထွက်ရပ်ပေါက်တစ်မျိုးဖြစ်သည့် လူထွက်လိုက်ခြင်းက ပိုကောင်းမည်။ လူထွက်ပြီး အိမ်ထောင်သားမွေးရင် အောင်မိုးကိုယ်စားလေး ရလာကောင်းရလာနိုင်သည်။ အောင်မိုးကိုယ်စား သားသမီးလေး ရလာရင် အောင်မိုးလေးကို မေ့ပျောက်သွားနိုင်မည်။ အောင်မိုးလေးကို မေ့နိုင်လျှင် ကျွန်ုပ်၏ သမထ ၀ိပဿနာတရားအလုပ်ကို ပြန်လုပ်နိုင်မည်" ဟူ၍ဖြစ်သည်။

ထို့ကြောင့် ရှေ့ မျက်နှာနောက်ထားပြီး အိမ်ထောင်သားမွေးအလုပ်ကို ကျွန်ုပ်စတင်လိုက်ပါသည်။ ကျွန်ုပ်ကံကောင်းပါသည်။ ကျွန်ုပ်၏ ပထမဆုံးမွေးလာသော ကလေးသည် ယောက်ျားလေးဖြစ်သည်။
ထိုသားဦးလေးကို အောင်မိုး ဟူ၍ ကျွန်ုပ် အမည်နာမ တပ်ပေးခဲ့ပါသည်။ ကျွန်ုပ်၏ရည်မှန်းချက်ပြည့်သွားလေပြီတည်း။

ကလေးရပြီးနောက် စိတ်ကို လျော့ချလိုက်မိပါသည်။ အောင်မိုးကိုယ်စား ရရှိလာသည့်ကလေးကို ကျွန်ုပ် အလွန်ချစ်မြတ်နိုးခဲ့ပါသည်။ ထို့ကြောင့် အောင်မိုးလေးကို တဒင်္ဂတစ်ခဏအားဖြင့် မေ့ပျောက်၍ စိတ်ရွှင်လန်းမှုကို ရရှိခဲ့ပါသည်။ ထို့ကြောင့်လည်း အချိန်ရသရွေ့  တရားဘာဝနာကို တစ်နိုင်တစ်ပိုင် ကြိုးစားအားထုတ်ခဲ့ပါသည်။

သားအရင်း အောင်မိုးကို မန္တလေးဘုရားဖူးသွားပို့ချင်စိတ် ဖြစ်ပေါ်နေတာကြာပါပြီ။ ဘုရားဖူးပို့ရတာကလဲ အကြောင်းရှိပါသည်။ ဘုရားဖူးရင်း မန္တလေးရတနာပုံ တိရစ္ဆာန်ဥယျာဉ်ထဲသွားပြီး သားလေးနှင့်ချစ်ဇနီးတို့ကို အောင်မိုးလေးရဲ့  နေရာဟောင်းလေးကို ပြသချင်၍ဖြစ်သည်။

ကံတရားကို အရမ်းကျေးဇူးတင်ပါသည်။ သားအောင်မိုးလေး သုံးနှစ်သားအရွယ်မှာ ကျွန်ုပ်၏လိုအင်တွေကို ကံတရားက ဖြည့်ဆည်းပေးခဲ့လို့ ဖြစ်သည်။ နေမကောင်းဖြစ်ခဲ့ပေမဲ့ မန္တလေး မုံရွာ စစ်ကိုင်း မင်းကွန်း အင်းဝ တောင်တမံ မေမြို့အနှံ့ ဘုရားဖူးခွင့်ရခဲ့သည်။ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ထဲ မိသားစုလည်ပတ်ခဲ့ရသည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။

မန္တလေးက ပြန်ရောက်တဲ့အချိန်က စပြီး ကျွန်ုပ်၏ဆန္ဒလုံးဝ ပြည့်ဝသွားခဲ့လေပြီ။ အောင်မိုးလေးကိုယ်စား သားအရင်း အောင်မိုးလေးကို ရရှိခဲ့ပြီးပြီ။ သားအရင်းအောင်မိုးလေးကိုလဲ မန္တလေးဘုရားဖူးလိုက်ပို့ခဲ့ပြီးပြီ။
မန္တလေးကပြန်ရောက်လာသော သားအရင်းအောင်မိုးလေးကိုလဲ ကျွန်ုပ်ကိုယ်တိုင် ဂုဏ်ထူးဘွဲ့ထူးတစ်ခုပေးလိုက်ပြီးပြီ။
မန္တလေးပြန်အောင်မိုး ဟူ၍။

ထို့ကြောင့် ဤလူ့ဘောင်၌ ကျွန်ုပ် အိမ်ထောင်သွားမွေးအလုပ်ကို လုပ်ချင်စိတ်မရှိတော့ပြီ။ အမှန်ဝန်ခံရရင် သာသနာဘောင်သို့ ပြန်တက်ရောက်ပြီး တရားဘာဝနာအလုပ်ကို လုပ်ချင်ခဲ့ပါသည်။ သို့သော်ငြားလည်း သားမယားကျင့်ဝတ်ကို လိုက်နာသည့်အနေဖြင့် ကျွန်ုပ်ကိုယ်လွတ်မရုန်းထွက်နိုင်ခဲ့ပါ။

စိတ်ကို ဒုံးဒုံးချလိုက်သည့်အတွက်ကြောင့် ကျန်းမာရေး ဆိုးဝါးစွာ ဖောက်ပြန်လာသည်။ ဒီတောင်ကို မကျော်နိုင်တော့ဘူးဆိုတာ ကျွန်ုပ်သဘောပေါက်လာသည်။ ဒါပေမဲ့ ကျွန်ုပ်ပျော်ရွှင်နေခဲ့သည်။ ကျွန်ုပ်၏တာဝန်အားလုံး ကျေခဲ့ပြီဖြစ်သောကြောင့်ဖြစ်သည်။ အောင်မိုးလေးရဲ့ တာဝန်၊ မိသားစုတာဝန်၊ ကျွန်ုပ်၏ဆန္ဒအားလုံး ပြည့်စုံခဲ့ပြီဖြစ်သောကြောင့် ကျွန်ုပ် သေမည့်နေ့ကို စောင့်မျှော်နေမိခဲ့သည်။

ကျွန်ုပ်၏ တစ်သက်တာမှာ........"



ကျွန်ုပ်၏ တစ်သက်တာမှာဆိုပြီး စာပိုဒ်က အဆုံးမရှိဘဲ ရပ်တန့်သွားတယ်။
သူရေးထားခဲ့တဲ့စာပိုဒ်ကလေးဟာ ပြီးဆုံးဟန်မရှိသေးပါဘူး။ ဒါပေမဲ့ ပြီးဆုံးသွားလေပြီ။ သူဆက်လို့ မရေးနိုင်တော့ပါဘူး။ စာပိုဒ်မပြီးဆုံးခင် သူသေဆုံးသွားလေပြီ။ ဘာတွေ ဆက်လက်ပြီး ရေးသားထားခဲ့ချင်သလဲဆိုတာကိုတော့ ကျနော်လဲ မစဉ်းစားတတ်တော့ပါဘူး။
မိတ်ဆွေများ ဖြစ်နိုင်ရင် စဉ်းစားပေးကြပါလား။

ကျနော်ကတော့
မန္တလေးပြန်အောင်မိုး ပို့စ်တ်လေးကိုလဲ ဒီမှာတင် ရပ်တန့်မှ ဖြစ်တော့မယ်။ စာဖတ်တဲ့သူတစ်ချို့ က ၀ိုင်းဆဲနေကြပြီ။ ပေရှည်လွန်းလို့တဲ့။ လူပုသလောက် အတော်ရစ်ပြီး လေကိုရှည်လွန်းတယ်တဲ့။ တကယ်ဆို ကျနော်က သူတို့ပြောသလို လူပု(ဂျပုစုပ်ကလေး) မဟုတ်ရပါဘူးဗျာ။ အရပ်ကို တိုင်းကြည့်လိုက်တော့ ၅ ပေ ၆လက်မ ပြည့်လုလုရယ်ပါ။ ပေါင်ချိန်ကြည့်လိုက်တော့လဲ ၁၃၂ ပေါင်ကြီးတောင် ရှိတယ်လေဗျာ။

ဘာဘဲဖြစ်ဖြစ်လေ ကျနော်လဲ ဒီ မန္တလေးပြန်အောင်မိုး ပို့စ်တ်လေးကို ရပ်တန့်ဖို့ သင့်ပါပြီ။ မြန်မာနိုင်ငံမှာ မီးပျက်တဲ့ကြားထဲ ကိုရီးယားဇာတ်လမ်းတွဲ နှိပ်စက်ခဲ့လို့ စိတ်တိုရတဲ့ အပြင် ကျနော့် ပို့စ်တ်လေးက ထပ်ဆင့် ဒုက္ခပေးသလိုဖြစ်နေပြီလေ။ ဒါကြောင့် မန္တလေးပြန်အောင်မိုး ပို့စ်တ်လေးကို ဒီနေရာမှာတင် တကယ်ရပ်လိုက်ပါပြီဗျာ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။
................

အဲ...အဲ....အဲ....
ဖတ်လက်စနဲ့ ခဏတော့ သည်းခံပြီးဆုံးအောင်ဖတ်ပေးလိုက်ပါဦး။ ဦးတင်အောင်ရဲ့  မှတ်စု မဆုံးသေးတာကို ကျနော် အဆုံးသတ်ပေးချင်လို့ပါ။ သူ့စိတ်ထဲ ကျနော်ဝင်ရောက်ခံစားပြီး သူ့ကိုယ်စား သူ့စာပိုဒ်ကလေးကို အဆုံးထိ ပို့ပေးလိုက်ပါတယ်။

"ကျွန်ုပ်၏ တစ်သက်တာမှာ.... ကျွန်ုပ် အပျော်ရွှင်ဆုံးနေ့ရက်ကလေးကတော့ ကျွန်ုပ်သေဆုံးရမည့် နေ့ရက်ကလေးပင် ဖြစ်ပါတော့သည်" ဟူသတည်း။ ။

အားလုံး မင်္ဂလာပါခင်များ။ ။

မန္တလေးပြန် အောင်မိုး (၁၉)

ဆန္ဒရှိတဲ့အတိုင်း ဦးတင်အောင်တို့ မိသားစု သုံးယောက် မန္တလေးကို ဘုရားဖူးဆင်းခဲ့ကြတယ်။ ကားတစ်တန် ရထားတစ်တန် နာရီပေါင်းများစွာ စီးလာခဲ့ရပေမဲ့ ဦးတင်အောင်တို့ မိသားစု မမောနိုင်မပန်းနိုင်ပါဘဲ။ စိတ်ဆန္ဒဆောင်လို့ရှိရင် ပင်ပန်းမှုတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်တတ်ကြတာ လက်တွေ့ပါဘဲလေ။
နာလန်ထခါစ ဦးတင်အောင်ကို ကြည့်ရတာလဲ နဲနဲလေးမှ မောပန်းပုံမပေါ်။ အကျေနပ်ကြီး ကျေနပ်နေလေရဲ့ ။

မန္တလေးကို ရောက်တဲ့ရက်မှာဘဲ မဟာမြတ်မုနိကို ဖူးမျှော်တယ်။ ရွှေသင်္ကန်းကပ်လှူတယ်။ ဆုတောင်းအမျှဝေတယ်။ မန္တလေးရောက်ရင် နံပါတ်တစ် အရေးအကြီးဆုံးက မဟာမြတ်မုနိကို ဖူးမျှော်ဖို့ မဟုတ်ပါလား။ ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးဖို့က အဓိက ကျသလိုပေါ့။

နောက်တစ်နေ့ကစပြီး ဘုရားစုံဖူးဖို့ စတင်တယ်။
စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်စေတီ၊ ဥမင်သုံးဆယ်စေတီ၊ ဥမင်ကိုးဆယ်စေတီ၊ ရှင်ဖြူရှင်လှစေတီ၊ သယမ္ဘူစေတီ၊ လွမ်းစေတီ၊ စစ်ကိုင်းမြို့ ဆင်များရှင်စေတီ၊ ကောင်းမှုတော်စေတီတို့ကို ဖူးမျှော်ဖို့သွားတယ်။ ပြီးတော့ ကံတလူစေတီကိုလဲ ချန်ရစ်ထားလို့ မဖြစ်။ နလန်မထူရင် ကံတလူကို သွား လို့ ဆိုရိုးစကားရှိတယ်လေ။ ကံကောင်းချင်ရင် (အထူးသဖြင့် စာမေးပွဲတို့၊ စီးပွါးရေးတို့၊ အတိုက်အခံကိစ္စတို့မှာ အောင်မြင်ချင်ရင်) ကံတလူဘုရားကို ဖူးရမယ်လို့ သူတို့ဒေသလူတွေ ယူဆထားကြတယ်။

အင်းဝ မယ်နုအုဌ်ကျောင်း၊ ငတက်ပြားစေတီ၊ ဗားကရာကျောင်းတော်တို့ကို သွားလည်ပတ်တယ်။တောင်တမံ ဦးပိန်တံတား၊ ကျောက်တော်ကြီးဘုရားတို့ကိုလဲ သွားတယ်။

မုံရွာ မိုးညှင်းသမ္ဗုဒ္ဓေဘုရား၊ ဗောဓိတစ်ထောင်စေတီ၊ ကျောက္ကာစေတီတို့ကို ဖူးမျှော်ဖို့ သွားတယ်။

မေမြို့ ပိတ်ချင်းမြောင်စေတီ၊ ရုက္ခဗေဒဥယျာဉ်၊ ပွဲကောက်ရေတံခွန်အနှံ့ ခြေဆန့်ခဲ့တယ်။

ပုလိပ် မြွေဘုရားလဲ မကျန်ရစ်ရပါ။

မန္တလေး ဈေးချို၊ နန်းတော်ရာ၊ မန်းသီတာဥယျာဉ်တို့ကို လည်ပတ်တယ်။

မင်းကွန်း ပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်း၊ မြသိန်းတန်စေတီ၊ မိုးမိတ်ကုန်းမြေတို့ကိုလဲ လည်ပတ်ခဲ့တယ်။

ရန်ကင်းတောင် ငါးရံ့ မင်းစေတီ၊ မန္တလေး ရွှေကျောင်း၊ အတုမရှိကျောင်းတော်၊ ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးဘုရား၊ မန္တလေးတောင် မြွေနှစ်ကောင်ဆုတောင်းပြည့်ဘုရား၊ ဗျာဒိတ်ပေးဘုရား၊ အားလုံးကို လည်ပတ်ဖူးမျှော်ပြီးနောက် နောက်ဆုံးအနေနဲ့ မန္တလေးရတနာပုံတိရစ္ဆာန်ဥယျာဉ်ကို အလည်အပတ်သွားကြခဲ့တယ်။

"ဒါက.. အောင်မိုးလေးကို ငါလာပို့ထားခဲ့တဲ့ နေရာလေးပေါ့။ ဒီလှောင်အိမ်ကြီးထဲမှာဘဲ အောင်မိုးလေး တစ်နှစ်ကျော်ကျော်နေထိုင်လာခဲ့တာ။ ငါက.. သူပျော်နေမယ်ထင်ပြီး ဒီကို လာပို့ထားခဲ့တာပါ။ ဒါပေမဲ့ တစ်နှစ်လုံးလုံး တစ်ရက်ကလေးမှ ပျော်ပုံမရပါဘူး။ နောက်တစ်နှစ် ငါလာတော့ သူအရမ်းပိန်ကပ်ပြီး ကျန်းမာရေး မကောင်းသလို ဖြစ်နေခဲ့တယ်။ ဒါကြောင့် သူ့ကို ငါရွာကို ပြန်ခေါ်ခဲ့တာပါ။ အော်... ပြောရင်းနဲ့.. သတိရလိုက်တာ.. အောင်မိုးလေးရယ်"

ဦးတင်အောင်တစ်ယောက် မျက်ရည်ခပ်စို့စို့နဲ့  သူ့ရဲ့  ဇနီးလေးနှင့်သုံးနှစ်ကျော်အရွယ်ကလေးလေးကို အောင်မိုးအကြောင်း ရှင်းပြနေလေရဲ့ ။ လှောင်အိမ်ထဲမှာရှိတဲ့ မျောက်တွေအားလုံးကို ငှက်ပျောသီးဝယ်ကျွေးရင်း မျောက်လှောင်အိမ်နားမှာ တစ်နာရီကျော်ကျော်လောက် ဦးတင်အောင်တို့မိသားစု အနားယူနေခဲ့ကြတယ်။
ဥယျာဉ်တာဝန်ခံတွေကတော့ ဦးတင်အောင်ကြီးကို မှတ်မိဟန်မတူ။
အောင်မိုးလေးမရှိတော့ပေမဲ့ အောင်မိုးလေးအလွမ်းပြေအနေနဲ့ မျောက်တွေကို အချိန်ကြာကြာ အစာကျွေးနေတာထင်ရဲ့ ။ ဦးတင်အောင်တစ်ယောက် မျောက်အိမ်တွေနားက မခွါနိုင်ဘဲ ဖြစ်နေတယ်။

"ပြန်ကြပါစို့ ဖေကြီးရယ်"

ချစ်ဇနီးလေး သတိပေးစကားဆိုလိုက်မှ ပြန်ဖို့သတိရသွားတယ်။ မိသားစုသုံးယောက် ရတနာပုံတိရစ္ဆာန်ဥယျာဉ်ထဲက အတွေးကိုယ်စီနဲ့ ထွက်ခွါလာခဲ့ကြပါတော့တယ်။ အချင်းချင်း စကား မပြောဖြစ်ကြ။ ချစ်ဇနီးလေးနဲ့ ကလေးလေးကတော့ ဘာတွေကို တွေးတောလာမှန်းမသိ၊ ဦးတင်အောင်ကြီးကတော့ အောင်မိုးလေးအကြောင်း စဉ်းစားတွေးတောနေမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။

နောက်တစ်နေ့မှာ မန္တလေးကနေပြီး ပြန်လာခဲ့ကြပါတယ်။
မန္တလေးဘုရားဖူးခရီးက ပြန်ရောက်ပြီး သိပ်မကြာခင်မှာဘဲ ဦးတင်အောင်တစ်ယောက် ကျန်းမာရေး ဆိုးဆိုးဝါးဝါးဖောက်ပြန်ချွတ်ယွင်းလာတယ်။ သူသွားချင်လှပါတယ်ဆိုတဲ့ မန္တလေးဘုရားဖူးခရီးကို အောင်မြင်စွာ သွားပြီးလို့ စိတ်ဓါတ်တွေကို လုံးလုံး လျော့ပစ်လိုက်တယ်ထင်ရဲ့ ။ သတိရတစ်ချက် မရတစ်ချက်ဖြစ်လာတယ်။
ဘုရား... ဘုရား.... အနိစ္စ... အနိစ္စ... ဆိုတဲ့ ညည်းညူသံလေးတွေ မကြာခဏ ကြားကြားနေရတယ်။

"မိန်းမရယ်... ငါကတော့ သွားရတော့မယ်ထင်ပါတယ်"

"မဟုတ်တာ ဖေကြီးရယ်။ ဖေကြီးရယ် ကျမရယ် ကလေးလေးရယ် လောကကြီးမှာ အကြာကြီး ပျော်ပျော်ပါးပါးနေကြဦးမယ်လေ"

သူတို့ဖြစ်ချင်သလို လောကကြီးက ဖြစ်ခွင့်မပေးတော့ပါဘူး။ သူတို့ နေချင်သလို လောကကြီးမှာ အတူတူပျော်ပျော်ပါးပါး နေခွင့်မရကြရှာတော့ပါဘူး။ သူတို့အတူတူနေကြရမဲ့ ကံတရားက ဒီမှာတင် ကုန်သွားလေပြီ။ မန္တလေးဘုရားဖူးခရီးက ပြန်ရောက်ပြီး မကြာခင်ရက်ပိုင်း အတွင်းလေးမှာဘဲ ဦးတင်အောင်တစ်ယောက် သူ့ဇနီးလေးနှင့်ကလေးလေးကို လောကကြီးမှာ ပစ်ထားခဲ့ပြီး တမလွန်ဘ၀ကို အပြီးအပိုင် ထွက်ခွါသွားခဲ့လေပြီ။

တောရွာဓလေ့အရ အလောင်းကို မီးမသဂြိ င်္ုဟ်ဘဲ မြေမြှုပ်သဂြိ င်္ုဟ်လိုက်ကြပါတယ်။
အခုဆိုရင် နမ္မားသုဿာန်အတွင်း မြေပုံခပ်မို့မို့လေးထိပ်မှာ အသစ်စက်စက်မှတ်တိုင်တစ်ခု တိုးပွါးလာခဲ့လေပြီ။

ဦးတင်အောင်
အသက် (၅၀) နှစ်
တဲ့။


လောကကြီးကို ထာဝရစွန့်ခွါသွားကြပြီး ဆရာတော်တစ်ဖြစ်လဲ ဦးတင်အောင်လဲ သူကိုယ်ပိုင် မြေပုံ၊ (ဦးတင်အောင်၊ အသက် (၅၀)နှစ်)ဆိုတဲ့ သူကိုယ်ပိုင် မှတ်တိုင်လေးရဲ့  အောက်မှာ၊ အောင်မိုးလေးမှာလဲ သူကိုယ်ပိုင် မြေပုံ၊ (မန္တလေးပြန်အောင်မိုး)ဆိုတဲ့ သူကိုယ်ပိုင်မှတ်တိုင်လေးရဲ့ အောက်မှာ အေးဆေးငြိမ်သက်စွာ လဲလျောင်း အနားယူနေကြလေရဲ့ ။

ဒါပေမဲ့... ဦးတင်အောင်ရဲ့  လဲလျောင်းရာက သုဿာန်ထဲမှာ။ အောင်မိုးလေးရဲ့  လဲလျောင်းရာက ရွာဦးကျောင်းဝင်း နဘေးနားမှာ။ ကိုယ်ပိုင်သံယောဇဉ်လေးတွေနှင့် အချင်းချင်းချစ်ခင်နားလည်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ ဘ၀သစ်မှာ အတူတူဆုံဆည်းခွင့် ရမရကိုကတော့ ဘုရားရှင်မှတစ်ပါး ဘယ်သူမှ သိနိုင်မှာ မဟုတ်တော့။

နမ္မားရွာဦးကျောင်းထဲမှာ ဆရာတော်(ဦးတင်အောင်)လဲ မရှိတော့ပြီ။
အောင်မိုးလေးရဲ့ နေအိမ်လေးလဲ မရှိတော့သလို ဆရာတော်(ဦးတင်အောင်)ရဲ့  အဂ္ဂိရတ်ဖိုတဲအိမ်လေးလဲ မရှိတော့လေပြီ။ ရွာထဲက မောင်းထောင်းသံ ကြက်တွန်သံ ယက်ကန်းခတ်သံမှတစ်ပါး ဘာသံမှမကြားရတော့ဘဲ ရွာဦးကျောင်းဝင်းအတွင်း တိတ်ဆိတ်ငြိမ်သက်နေလေရဲ့ ။

ဆရာတော်(ဦးတင်အောင်)နှင့် မန္တလေးပြန်အောင်မိုးလေးတို့ရဲ့  လွမ်းဆွတ်ဖွယ် လွမ်းမောဖွယ် ကြည်နူးဖွယ် ကျေနပ်ဖွယ် ကြေကွဲဖွယ်ဇာတ်လမ်းလေးဟာ ဒီလိုနဲ့ဘဲ အဆုံးသတ်သွားလေပြီ။ ရက် လ နှစ်တွေ အလီလီပြောင်းလဲခဲ့ပေမဲ့လဲ ၀မ်းနည်းကြွေကွဲဖွယ် ဖြစ်ရပ်ကလေးမို့ ကျနော့်ရင်မှာ ထာဝရအမှတ်ရနေမြဲပါ။
ဆရာတော်(ဦးတင်အောင်)နှင့် မန္တလေးပြန်အောင်မိုးလေးတို့ ကောင်းရာသုဂတိလားပြီး ဖြစ်ရာဘ၀တိုင်းမှာ အခုလိုမျိုး အဖြစ်ဆိုးနှင့်မကြုံကြိုက်ကြပါစေနဲ့ လို့ တောင်းဆုပြုရင်း ကျနော့်ရဲ့  မန္တလေးပြန် အောင်မိုး ဖြစ်ရပ်မှန်လေးကို ဒီမှာဘဲ နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါတယ်။

အားလုံး... အားလုံး... ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်များမှ ကင်းလွတ်ကြပါစေ။ ။
....................................


အော်.... အော်.... မေ့နေလို့။
တစ်ခုပြောပြရဦးမယ်။ ဦးတင်အောင် သေဆုံးပြီးတဲ့နောက် သူ့ပစ္စည်းတွေကို သန့်ရှင်းရေး လုပ်တဲ့အခါ သူ့အိပ်ရာဘေးမှာ မှတ်စု စာအုပ်ကလေးတစ်အုပ်တွေ့ရတယ်။


(အပိုင်း ၂၀ ဆက်ဖတ်ပါ)

Thursday 5 March 2009

မန္တလေးပြန် အောင်မိုး (၁၈)

ရွာဦးကျောင်းမှာ ဆရာတော်မရှိတော့ပြီမို့ ရွာသူရွာသားတွေ အကြပ်ရိုက်နေလေပြီ။ ကျောင်းထိုင်ဆရာတော်မရှိလို့ မဖြစ်။ တစ်ပါးမရှိရင် နောက်တစ်ပါး ရှာဖွေရမဲ့တာဝန်က ရွာသူရွာသားတွေရဲ့ တာဝန်မဟုတ်ပါလား။ ကိုရင် ကျောင်းသားတွေရဲ့  ပညာရေး၊ စိတ်ဓါတ်မြင့်တင်ရေး၊ သာသနာရေးတွေအားလုံး ကျောင်းထိုင်ဆရာတော်ရှိမှ ဖြစ်မယ်လေ။

လင်ယောက်ျားမရှိတဲ့ မိန်းမ၊ အလံမပါတဲ့ ရထား၊ ကြာမရှိတဲ့ရေကန်၊ ထုံးမပါတဲ့ ကွမ်း၊ ဆားမပါတဲ့ဟင်း၊ အဲဒါတွေ အားလုံးဟာ မတင့်တယ်သလို အရသာလဲ မရှိဘူးတဲ့။ လောကနီတိက ဆိုထားတာပါ။ အခု နီတိတစ်ခု တိုးလာခဲ့လေပြီ။ ကျောင်းထိုင်ဆရာတော်မရှိတဲ့ ရွာဦးကျောင်းဟာလဲ လုံးဝ မတင့်တယ်ပါဘူး တဲ့။

လောကသဘာဝနိယာမအရလဲ ခေါင်းဆောင်ကောင်းတစ်ယောက်လိုအပ်နေလေပြီ။ ဘာသာ သာသနာ ပညာရေးရှုထောင့်အရလဲ ကျောင်းထိုင်ခေါင်းဆောင်ဆရာတော် လိုအပ်နေလေပြီ။ ဒါကြောင့် ကျောင်းထိုင်ဆရာတော်နောက်တစ်ပါး လိုက်ရှာနေရလေပြီ။ ဒါပေမဲ့ သိပ်ပြီး ခက်ခက်ခဲခဲ မရှာလိုက်ရပါဘူး။ ကျောင်းထိုင်ဆရာတော်ရာထူးနဲ့ ထိုက်တန်တဲ့ ဦးဇင်းလေးတစ်ပါး တွေ့လိုက်ပါပြီ။ ဆရာတော်( ဦးတင်အောင်)ရဲ့  တပည့်အရင်းဦးဇင်းလေးပါဘဲ။ တိုတိုပြောရရင်တော့ အဲဒီ ဦးဇင်းလေးကိုဘဲ ကျောင်းထိုင်ဆရာတော်အဖြစ် တင်မြောက်လိုက်ကြပါတယ်။

ကျောင်းထိုင်ဆရာတော်တင်မြောက်တဲ့ကိစ္စပြီးတဲ့အခါမှာ ဦးတင်အောင်ရဲ့  ကိစ္စက ရှိသေးတယ်လေ။ လူဝတ်ကြောင်ကို ပြောင်းလာပြီဆိုတော့လဲ လူတွေ လုပ်တဲ့အလုပ်၊ လူတွေရဲ့  နေထိုင်မှုစတဲ့ အရာတော်တော်များများလိုအပ်လာပြီမဟုတ်ပါလား။ ရှင်းရှင်းပြောရရင်တော့ ဦးတင်အောင်ကို အရင်ဆရာတော်ဘ၀ကလို ဘယ်သူမှ ကြည့်ရှုစောင့်ရှောက်နိုင်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် ဆေးပေးမီးယူ လုပ်ကိုင်ပြုစုပေးမဲ့သူ လိုအပ်လာချေပြီ။ ဘယ်တုန်းကမှ မရင်းနှီးခဲ့ဖူးတဲ့ ဘ၀သစ်ကို အသက် ၅၀ နီးမှ ရောက်ရှိလာခဲ့သူအဖို့ အကူအညီတကယ်လိုအပ်နေပြီလေ။ အဲဒီလို.. အဲဒီလို အကြောင်းကိစ္စတွေကြောင့် ဦးတင်အောင်ကို ရပ်ရွာထဲက အမျိုးသမီးလေးတစ်ယောက်နဲ့ ထိမ်းမြှားပေးလိုက်ကြတယ်။

ဦးတင်အောင်ရဲ့  ရိုးချက်ကတော့ နာလှသဗျာ။ ကန်တော့ပါရဲ့ ။ မင်္ဂလာဦးညမှာ အမျိုးသမီးတစ်ဦးနှင့်တစ်အိမ်ထဲ အတူနေရမှာကို မနေတတ်မထိုင်တတ် (ခပ်ရှက်ရှက်)ဖြစ်လာလို့ ရွာဦးကျောင်းဆရာတော်(အသစ်တင်မြောက်ထားတဲ့ဆရာတော်)ဆီမှာ ခွင့်တောင်းပြီး ရွာဦးကျောင်းမှာဘဲ လာရောက် အိပ်စက်တယ်။ အသစ်စက်စက် သတိုးသမီးလေးခမျာ သနားစရာ။ နောက်တစ်နေ့မှဘဲ ရွာသူရွာသားတွေရဲ့  ဖျောင်းဖြမှုကြောင့် ဦးတင်အောင်တစ်ယောက် ရှက်ရှက်နဲ့ဘဲ လူ့ဘ၀ရဲ့ အစိပ်အပိုင်းတစ်ခုကို စတင်လိုက်ပါတော့တယ်။

မင်္ဂလာဆောင်ပြီး တစ်နှစ်လောက်အကြာမှာဘဲ မိသားစုအသိုက်အအုံလေးဖြစ်လာတယ်။ သူ့ရဲ့  အမျိုးသမီးက ကလေးတစ်ယောက် မွေးဖွားပေးလိုက်ပြီလေ။ ဦးတင်အောင်တစ်ယောက် ကလေးလေးရဲ့  မျက်နှာကိုကြည့်ပြီး ပြုံးဖြီးဖြီးနဲ့ ကျေနပ်နေလေရဲ့ ။ စာတော်တဲ့ တပည့်တစ်ယောက်ကို ကြည့်နေတဲ့ ဆရာတော်တစ်ပါးရဲ့  ကြည်နူးမှုမျက်နှာမျိုးနဲ့ပေါ့။

နှစ်ယောက်တစ်ကမ္ဘာကနေပြီး သုံးယောက်တစ်ကမ္ဘာဖြစ်လာတော့ အလုပ်တွေပိုကြိုးစားလာရတယ်။ ငွေတွေ စုရတယ်။ ကလေးရဲ့  ကျန်းမာရေး ပညာရေးတို့ကို စဉ်းစားလာရတယ်။ မိဘတိုင်းရဲ့  ၀တ္တရားတွေလေ။ မွေးရာပါ ၀တ္တရားတွေပေါ့။ ဦးတင်အောင်ကြီးလဲ ရင်သွေးငယ်လေးရဲ့  ရှေးရေးကို မျှော်ကြည့်ပြီး မမောနိုင်မပန်းနိုင် အလုပ်တွေ အရမ်းကြိုးစားလာတယ်။ အသက်ကြီးမှ ဘ၀ကို စတင်လာရတာဖြစ်တဲ့အတွက် အစားပျက် အအိပ်ပျက်ဒဏ်ကို သူလုံးဝမခံနိုင်ရှာဘူး။ ဒါပေမဲ့ မိသားစုရှေ့ ရေးနှင့် ကလေးရဲ့  အနာဂါတ်တွေက ရှိသေးတယ်လေ။ မိဘကျင့်ဝတ်ကျေပွန်ရမှာပေါ့။
ပင်ပန်းဒဏ်ကို ကြံ့ကြံ့ခံပြီး အလုပ်ကြိုးစားရင်း ဦးတင်အောင်တစ်ယောက် သူ့ကလေး သုံးနှစ်သားအရွယ်လောက်မှာ ကျန်းမာရေးဖောက်လာတယ်။

တစ်နေ့ထက်တစ်နေ့ ခန္ဓာကိုယ် ပိန်ကျလာတယ်။ အစားအသောက်တွေ ပျက်လာတယ်။ အမောတွေ ဖောက်လာတယ်။ သူ့ရဲ့  ကျန်းမာရေးကို တောဓလေ့အရ တောဆေးဆရာတွေနဲ့ဘဲ ကုသတယ်။ ဘုရားကု ကုသတယ်။ သက်သာလာလိုက်၊ ပြန်ဖြစ်လိုက်ပါဘဲ။

"မန္တလေးကို ဘုရားဖူးဆင်းချင်လိုက်တာ"

နာလန်ထူခါစမှာ ဦးတင်အောင်ပြောလိုက်တဲ့စကားပါ။ နေမကောင်းပြီး ယောင်ရမ်း ပြောဆိုတာဖြစ်တန်ကောင်းပါရဲ့ လို့ ရွာသူရွာသားတွေ ထင်ခဲ့ပေမဲ့ သူတို့ အထင်ဟာ လုံးဝမှားပါတယ်။ တကယ့်ကို သတိရှိစွာနဲ့ ဦးတင်အောင်ပြောနေတာပါ။

"ဦးတင်အောင်ကြီး ကျန်းမာရေးကောင်းလာမှ သွားကြတာပေါ့လေ။ ဘုရားဖူးသွားတာ ကုသိုလ်ရပါတယ်။
ကျနော်တို့လဲ အဖော်လိုက်ခဲ့မယ်လေ"

"ငါက.. ငါ့မိသားစု သုံးယောက်ထဲ သွားချင်တာပါ။ ငါရယ်.. ငါ့ဇနီးလေးရယ်... ငါ့ကလေးရယ်။ အခု ငါ တကယ် နေကောင်းနေပါပြီ"

နေကောင်းနေပါပြီဆိုပေမဲ့ ဦးတင်အောင်ရဲ့  ပုံစံကိုကြည့်ရတာ အားရစရာမကောင်းလှ။ လူက ပိန်ချုံးနေလေပြီ။
မျက်လုံးတွေလဲ တောက်ပကြည်လင်မှုလုံးဝမရှိ။ ဒါပေမဲ့ ဆန္ဒဆောင်ရင် အရာအားလုံး မဖြစ်နိုင်တာ မရှိပါဘူးလေ။ ဦးတင်အောင်တစ်ယောက် မန္တလေးကို ဘုရားဖူးဆင်းဖို့ အင်အားတွေ ရှိနေမှာ သေချာပါတယ်။
ဆန္ဒဇောက ပြင်းထန်နေပြီမဟုတ်ပါလား။


(အပိုင်း ၁၉ ကို ဆက်ဖတ်ပါ)

မန္တလေးပြန် အောင်မိုး (၁၇)

နွေ မိုး ဆောင်း ပြောင်းလဲသွားခဲ့လေပြီ။
အောင်မိုးမရှိတော့ပြီမို့ ရွာဦးကျောင်းဝင်းထဲ ခြောက်ကပ်ကပ်ဖြစ်နေသလိုလိုခံစားလာရတယ်။ ခါတိုင်းဆို အောင်မိုးလေးရဲ့  တကွိကွိအော်ဟစ်သံ၊ အောင်မိုးကို လာရောက်ကြည့်ရှုကြတဲ့ လူတွေရဲ့  အောင်မိုးအပေါ်ချီးကျူးသံစတဲ့ အသံမျိုးစုံ ရောပြွမ်းနေခဲ့တဲ့ ပျော်ရွှင်စရာနေရာလေးတစ်ခု ဖြစ်ခဲ့တယ်လေ။
အခုတော့ ပျော်ရွှင်ကြည်နူးစရာတွေ အတိတ်မှာ ဝေးလို့.. ဝေးလို့ ကျန်ရစ်နေခဲ့လေပြီကော။

ဆရာတော်ရဲ့  စိတ်အခြေအနေ ဘယ်လိုဖြစ်နေမှန်းမသိ။
အောင်မိုးအလွမ်းပြေ အနေနဲ့ဘဲလား၊ တစ်ယောက်ယောက်ကများ အကြံပေးလိုက်လို့လား မပြောတတ်တော့၊ ဆရာတော်ကိုယ်တိုင် အချိန်ရှိသရွေ့  အဂ္ဂိရတ်(ဖို)ထိုးလေ့ရှိလာတယ်။ ဟို အရင်တုန်းက ပရိယတ် ပဋိပတ်တို့နှင့်မွေ့လျော်လာခဲ့တဲ့ ဆရာတော် အခုအခါမှာတော့ အဂ္ဂိရတ်တဲ(အိမ်)ထဲမှာ အချိန်တွေ ကုန်လွန်နေတယ်။
ရွှေဖြစ်ငွေဖြစ်ဆိုလား၊ ထွက်ရပ်ပေါက်ဆိုလား ကျနော်လဲ ကောင်းကောင်း နားမလည်။

ကျောင်းမှာရှိတဲ့ ရှေးသုံး ကြေးလင်ပန်း ကြေပန်းကန် ကြေးပန်ပြားစတဲ့ ကြေးပစ္စည်းတွေကို ကပ်ကြေးနဲ့ အပိုင်းပိုင်း ညှပ်ပြီး လုံအိုးထဲ တည့်ကာ ဖိုးထိုးပစ်ကုန်တယ်။ တစ်ခါတစ်ရံ မြေကျင်း အကြီးကြီး တူးပြီး ကျင်းထဲဖွဲတွေထည့်ကာ လုံအိုးကြီးကြီးကို ကျင်းထဲမြုပ်ပြီး ရက်ပေါင်းများစွာ မီးလောင်ကျွမ်းစေတယ်။
ကိုရင်ကျောင်းသားတွေ တောအုပ်ထဲသွားပြီး မကြာမကြာ စစ်စေး(သစ်စေး)ပင်တွေ လိုက်ရှာရတယ်။
စစ်စေးပင်တွေ့ရင် ခုတ်လှဲပြီး အပိုင်းပိုင်းဖြတ်ကာ မီးသွေးရအောင် မီးရှို့ ကြရတယ်။ စစ်စေးသားတွေ အကုန်မလောင်ကျွမ်းမီ မီးကို ရေနှင့်လောင်းသတ်ပြီး မီးသွေးတွေကို ကျောင်းကို ယူလာကြရတယ်။
စစ်စေးသားက ပိုပြင်းပြီး ကြာကြာမီးလောင်ဒဏ်ကို ခံနိုင်သတဲ့လေ။

ရွာဦးကျောင်းဝင်းထဲမှာလဲ အဆောက်အဦတစ်ခုတိုးလာတယ်။ အောင်မိုးရဲ့  နေအိမ် မဟုတ်ပါဘူး။ ဆရာတော်ရဲ့  ဖိုထိုးဖို့ ဖိုအိမ်အဆောက်အဦပါ။ ဆရာတော်ကို ကျောင်းပေါ်မှာ မတွေ့ရင် တစ်ခြားနေရာမှာ သွားမရှာနဲ့၊ ပြီးတော့ ဗေဒင်တွေလဲ မေးမနေပါနဲ့၊ ပိုက်ဆံကုန်ရုံဘဲရှိမယ်။ ဖိုအိမ်ထဲမှာဘဲ သွားရှာပါ။ ကျိန်းသေပေါက်တွေ့ရပါလိမ့်မယ်။ အဲဒီလောက်ထိ ဆရာတော် ဖိုထိုးတာကို ရောဂါတစ်ခုလို စွဲကပ်လာတယ်။

ဘုန်းကြီးဖိုထိုး၊ နွားချိုကျိုး၊ လယ်လျှိုရိုး ဆိုတဲ့ စကားပုံလေးရှိပါတယ်။ ဖိုထိုးနေတဲ့ ဘုန်းကြီး၊ ဦးချိုကျိုးနေတဲ့ နွား၊ လျှိုမြောင်ရိုးထဲမှာ တည်ထားတဲ့ လယ်ယာ၊ အဲဒါတွေဟာ ဘာမှ အကျိုးမရှိပါဘူးတဲ့။ ကောင်းကွက်လဲ ဘာမှ မရှိနိုင်ပါဘူးတဲ့။ စကားပုံအရပြောတာပါ။ သာသနာကို စော်ကားလိုလို့ ပြောတာမဟုတ်ပါဘူး။ အခုလဲ ဆရာတော် ဖိုထိုးနေလေပြီ။ ချစ်သူ (သို့မဟုတ်) အိမ်သူသက်ထားတွေ ဆုံးရှုံးသွားလို့ စိတ်ညစ်နေတဲ့အခါ အလွမ်းတွေ ပြေပျောက်အောင် ကျန်ရစ်သူအနေနဲ့ အရက်သေစာသောက်စားကြသလို ဆရာတော်လဲ အောင်မိုးကို လွမ်းတဲ့စိတ်ဖြေဖျောက်ဖို့လား မပြောတတ်တော့ ဖိုမှဖို ဖြစ်နေပြီ။ ဆွမ်းမစားရနေပါစေ၊ ဖိုထိုးတော့ အပျက်မခံနိုင်ဘူးလို့ ပြောလေ့ရှိလာတယ်။

ရွှေဖြစ်ငွေဖြစ် ဖို(အဂ္ဂိရတ်)ထိုးလို့ ရွှေငွေဖြစ်လာသလားတော့ ဘယ်သူမှမသိ၊ ကျောင်းမှာရှိတဲ့ ကြေးပစ္စည်းတွေ ကုန်ခန်းသွားတာဘဲ လူတွေသိကြတယ်။ ဓါတ်လုံးတွေ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာပေမဲ့ ဘယ်ဓါတ်လုံးကတော့ဖြင့် စွမ်းလိုက်တာ၊ ဘယ်ဓါတ်လုံးကဖြင့် ကာယသိဒ္ဓိပြီးတယ်၊ ဘယ်ဓါတ်လုံးကတော့ လာဘသိဒ္ဓိပြီးတယ်၊ ဘယ်ဓါတ်လုံးဟာ ပိယသိဒ္ဓိပြီးတယ် လို့ အနည်းငယ်မျှမကြားရ။ အချိန်ကုန် ပစ္စည်းကုန် ငွေကုန်တာဘဲ အဖတ်တင်လာတယ်။

ဆရာတော်ရဲ့  ဓါတ်လုံးလေးတွေကို ကြည့်ပြီး ဆရာတော်ရဲ့  ကွယ်ရာမှာ လူတွေကတော့ ပြက်ရယ်ပြု ပြောဆိုနေကြလေရဲ့ ။
ဒီဓါတ်လုံးကတော့ "ပွတ်ရင်ပြောင်၊ ဆောင်ရင်လေး၊ ရေစိမ်သောက်၊ တကယ် (သေး)ပေါက်တဲ့ ဆေး" တဲ့။

"ရွှေဖြစ်ငွေဖြစ် အောင်ခါနီးပြီ၊ ငါလုပ်သမျှ ရွှေတွေ ငွေတွေဖြစ်ရင် ဒီကျောင်းကြီးကို ရွှေကျောင်းကြီး အဖြစ် ပြောင်းလဲ ပစ်လိုက်မယ်။ ရွာသူရွာသားတွေကိုလဲ အားလုံးချမ်းသာကြွယ်ဝအောင် ရွှေတွေ ငွေတွေ လိုသလောက် ပေးမယ်။ အဲဒီအချိန်ရောက်ရင် အားလုံး အလုပ်ကို အခုလို ပင်ပင်ပန်းပန်း လုပ်စရာမလိုတော့ဘူး။ အေးအေးဆေးဆေးနေကြရုံပါဘဲ"

ဆရာတော် မကြာခဏ ရွာသူရွာသား ကျောင်းသားကိုရင်တွေကို ပြောတတ်တဲ့စကားပါ။ ဆရာတော် တကယ့်စေတနာနဲ့ ပြောနေတယ်ဆိုတာ အားလုံးသဘောပေါက်ကြပါတယ်။ ဒါပေမဲ့ ဒီကိစ္စမျိုးက ဆယ်လေးတစ်လေး ကိုးရေးတစ်ရာ မဟုတ်ပါလား။ ဘိုးဘိုးအောင်တို့၊ ရှင်အဇ္ဇဂေါဏတို့ဆိုတာက တစ်သန်းမှာ တစ်ယောက်ပါဘဲ။ ကံတရားက လိုသေးတယ်လေ။

"ရွှေဖြစ် ငွေဖြစ် မအောင်မြင်ရင် ထွက်ရပ်ပေါက်ဖက်ကို လိုက်မယ်ကွာ၊ နိဗ္ဗာန်ကို ဖြတ်လမ်းကလိုက်မယ်။ သမထယာနိက ၀ိပဿနာယာနိကတွေနောက်လိုက်နေရင် အချိန်ကြာဦးမယ်။ ဖိုထိုးပြီး ထွက်ရပ်ပေါက်ကို အမြန်နည်းနဲ့ လိုက်ရှာမယ်။ ငါ လွတ်မြောက်သလို မင်းတို့ အားလုံးလဲ ဒီဝဋ်ဆင်းရဲက လွတ်မြောက်စေရမှာပေါ့ကွာ"

ဆရာတော်ဖိုထိုးရင်း ရွှေဖြစ်ငွေဖြစ်မအောင်မြင်ဘဲ ပစ္စည်းတွေသာ ကုန်ဆုံးသွားတာကို သဘောပေါက်ပြီးနောက် ရွှေဖြစ်ငွေဖြစ်ကနေပြီး ထွက်ရပ်ပေါက်ဖက် ကူးလာတယ်။ ဆရာတော်ရဲ့  (အဂ္ဂိရတ်) ထွက်ရပ်ပေါက် အောင်မြင်သွားလေရော့သလားမသိ။ ဆရာတော်ကိုယ်တိုင် သူ့ရဲ့  ဖိုတဲ (အဂ္ဂိရတ်အိမ်)ကို စွန့်လွတ်ပစ်လိုက်တယ်။ ရွာဦးကျောင်းကိုလဲ စွန့်လွတ်ခွဲခွါလိုက်တယ်။ ပြီးတော့ သူနှစ်ပေါင်းများစွာ ၀တ်ရုံသုံးစွဲလာတဲ့ ၀တ်ရုံလွှာ သင်္ကန်းတွေကိုပါ လွတ်လွတ်ကျွတ်ကျွတ် မုတ္တစာဂီ ယတိပြတ်စွန့်လွတ်ပစ်လိုက်တယ်။

"ဆရာတော် ဘယ်လိုဖြစ်သွားတာလဲ မသိဘူး။ သာသနာ့ဘောင်ကို စွန့်လွတ်ပြီး လူဝတ်ကြောင်ဖြစ်သွားပြီ၊
ရွာဦးကျောင်းမှာ သူမရှိတော့ဘူး။ အခု ရွာထဲရောက်နေပြီ။ ရွာသူရွာသားတွေက သနားလို့ အိမ်တစ်လုံးဆောက်ပေးလိုက်ရတယ်"

ဟုတ်ပါတယ်။ ရွာသူရွာသားတွေ ပြောတဲ့စကားအတိုင်း ဆရာတော် လူဝတ်လဲလိုက်ပြီဖြစ်ပါတယ်။ ဖို(အဂ္ဂိရတ်)ထိုးခြင်းရဲ့  အကျိုးဆက်တွေပါဘဲ။ ရွှေဖြစ်ငွေဖြစ်လဲ မအောင်မြင်၊ ထွက်ရပ်ပေါက်လဲမဖြစ်၊ စိတ်တွေလဲ အညစ်ကြီးညစ်ပြီး အဂ္ဂိရတ်အိမ်ကို မီးရှို့  ဖျက်ဆီးပစ်လိုက်တယ်။ မီးပေါက်တွေဖြစ်နေတဲ့ သင်္ကန်းတွေကိုလဲ စွန့်လွတ်လိုက်တယ်။ နောက်ဆုံး ရွာဦးကျောင်းကိုပါ စွန့်လွတ်လိုက်လေပြီ။

ဆရာတော်ဟာ အခု ဆရာတော်မဟုတ်တော့။ အသက် ၄၅-၅၀ခန့်ရှိတဲ့ ဒကာတော် ဦးတင်အောင် ဖြစ်နေလေပြီ။ ဆရာတော်ဟာ ရွာဦးကျောင်းမှာ မနေတော့။ ရပ်ရွာထဲ ရောက်နေလေပြီ။ ရပ်ရွာထဲမှာ ဆရာတော်တစ်ဖြစ်လဲ ဦးတင်အောင်ရဲ့  နေအိမ်လေး တစ်လုံးတိုးချဲ့  နေရာယူလာတယ်။ ရွာဦးကျောင်းမှာတော့ ခေါင်းဆောင်မရှိတဲ့ စစ်တပ်လို ကျောင်းထိုင်ဆရာတော်မရှိတဲ့ ကိုရင်ကျောင်းသားတွေ ရှိနေကြလေရဲ့ ။


(အပိုင်း ၁၈ ဆက်ဖတ်ပါ)

Wednesday 4 March 2009

မန္တလေးပြန် အောင်မိုး (၁၆)

ဆရာတော် ကျောင်းဝင်းအ၀င်ဝ ခြေချမိတာနဲ့ သဘောပေါက်လိုက်ပါပြီ။ ကျောင်းဝင်းတစ်ခုလုံး ခါတိုင်းနှင့်မတူ ရှင်းရှင်းလင်းလင်းဖြစ်နေတယ်။ အဆောက်အဦ တစ်ခုခုပျောက်ကွယ်နေသလိုခံစားရတယ်။
သိလိုက်ပါပြီ။ အောင်မိုးလေးရဲ့  အိမ် မရှိတော့ဘူး။ သူ့နေရာ(လှောင်အိမ်)နှင့်မနီးမဝေးမှာ မီးလောင်ကျွမ်းထားတဲ့ ပြာပုံ အကြွင်းအကျန်လေးကိုသာ တွေ့မြင်ရတယ်။

အောင်မိုးကျက်စားသွားလာနေကျဖြစ်တဲ့ သရက်ပင် ပိန္နဲပင် မန်ကျည်းပင်တွေအောက်ကို ဆရာတော်သွားပြီး အပေါ်ကို မော့မော့ကြည့်ရတာလဲ အမော။ ဒါပေမဲ့ အောင်မိုးရဲ့  ဘာအရိပ်အယာင်ကိုမှ ဆရာတော်မတွေ့။ ဆရာတော်ကို မြင်ရင် တကွိ ကွိ အသံပြုနေကျ အောင်မိုးလေးရဲ့  အသံကိုလဲ ဆရာတော် မကြားရတော့။ အောင်မိုးလေးရဲ့  အသံနေရာမှာ ကျေးငှက်မြည်သံ စာကလေးအော်သံ ခိုးညည်းသံတို့ အစားထိုး နေရာယူလိုက်ကြလေပြီ။ ကျေးငှက်သာရကာတွန်ကြူးသံတွေလဲ အရင်ကလို ဆရာတော်ကို သာယာကြည်နူးမှု မပေးနိုင်ကြတော့။

ခါတိုင်းဆို ဆရာတော် ခရီးတစ်ခုခုက ပြန်လာတိုင်း ကျောင်းပေါ်တက်ပြီး ဘုရားဝတ်ပြုနေကျ။ ဘုရားဝတ်ပြုပြီးမှ လုပ်စရာ ကိုင်စရာရှိတာတွေကို လုပ်ကိုင်နေကျ။ အခုတော့ ကျောင်းပေါ်ကို ဆရာတော် မတက်အားတော့ဘဲ အောင်မိုးလေးရဲ့  အရိပ်အယောင်တွေကို တွေ့လိုတွေ့ငြား လိုက်ရှာနေမိတယ်။ ဒါပေမဲ့ ဆရာတော် ကြိုးစားသမျှ အချည်းနှီးပါဘဲ။ အောင်မိုးလေးခမျာ ဆရာတော်ပြန်အလာကို မစောင့်နိုင်ရှာဘဲ ဆရာတော်ကို ထာဝရနှုတ်ဆက်သွားခဲ့လေပြီ။

အောင်မိုးလေးကို ဟိုဟိုဒီဒီလိုက်ရှာရင်း ကျောင်းစည်းဝင်းထောင့် အပြင်ဘက်နားက သစ်ပင်ကြီးကြီးအောက် မျက်စိရောက်သွားတယ်။ ဆရာတော်အိပ်မက်ထဲမှာ အဲဒီနားက သရက်ပင်အောက်မှာ အောင်မိုးလေး ဆရာတော့်အတွက် သရက်သီးခူးဆွတ်ပေးရင်း အောက်ကို ပြုတ်ကျလို့ သေဆုံးရရှာတယ်။ အခုလဲ ဆရာတော် အဲဒီသရက်ပင်အောက်ကို လှမ်းကြည့်လိုက် သရက်ပင်နှင့်မလှမ်းမကမ်း သစ်ပင်ကြီးအောက်လှမ်းကြည့်လိုက်နဲ့ မျက်စိ အလုပ်ရှုပ်နေလေရဲ့ ။

တွေ့လိုက်ပါပြီ။ မတွေ့ချင်ဆုံး အရာတစ်ခုကို ဆရာတော် တွေ့လိုက်ပါပြီ။ မြေပုံခပ်မို့မို့ ထိပ်နားမှာ စိုက်ထူထားတဲ့ မှတ်တိုင်လေးတစ်ခု။ ရောင်စုံသင်္ဘောဆေးနဲ့ ဆရာတော်ကိုယ်တိုင်ရေးခြယ်သထားတဲ့ ဆိုင်းဘုတ်ကလေးရယ်ပါ။ မန္တလေးပြန်အောင်မိုး တဲ့။ ဆရာတော် မျက်စိအကြည့်မှားတာများလား၊ စိတ်ထင်လို့ဘဲလား သေချာအောင် အဲဒီမှတ်တိုင်နားသွားရောက်ပြီး မျက်စိကို ပွတ်သပ်ပြီး သေသေချာချာကြည့်ရှုလိုက်တယ်။ မြင်တဲ့အတိုင်း အသေအချာပါဘဲ။ မျက်စိလုံးဝမမှားပါဘူး။
အောင်မိုးရဲ့  မှတ်တိုင်မှ မှတ်တိုင်အစစ်။

မန္တလေးပြန်အောင်မိုး ဆိုင်းဘုတ်ကလေးက အောင်မိုးရဲ့  နေအိမ်လေးကနေပြီး ဒီနေရာမှာ ထားရှိတာကိုထောက်ဆရင်၊ ပြီးတော့ မြေပုံမို့မို့လေးဖြစ်နေတာကို ထောက်ဆရင် အောင်မိုးလေး ဒီနေရာမှာ ရှိနေတာ သေချာသွားပြီ။ ဒါပေမဲ့ အောင်မိုးနှင့်ဆရာတော် ဘ၀ခြားသွားလေပြီ။ ဘ၀ချင်းမတူတော့။

"အောင်မိုးလေးရယ်.... ငါ အပြန်နောက်ကျသွားတယ်ကွာ။ ငါ့ကို ခွင့်လွတ်ပါ။ တကယ်ဆို မင်းကို ငါ ပစ်မထားခဲ့သင့်ပါဘူး။ ငါ ကောလင်းမှာ မက်ခဲ့တဲ့ အိပ်မက်ထဲကအတိုင်း တကယ်ဘဲ မင်းသေဆုံးရှာလေပြီဘဲ။
ရွာသူရွာသားတွေအားလုံး စိတ်ချမ်းသာဖို့အတွက် ပြီးတော့ ငါ့ရဲ့  အခက်အခဲတွေဖြေရှင်းဖို့အတွက် မင်းအသေခံသွားတယ်ဆိုတာ ငါသဘောပေါက်ပါတယ်။ တကယ်ဆို မင်းမှာ ခွန်အားတွေ စွမ်းအားတွေ အပြည့်အ၀ရှိနေတယ်လေ။ မင်း ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးရင် လွတ်မြောက်နိုင်ပါတယ်။ အားလုံး ငါ နားလည်ပါတယ်။ ကဲ ကဲ... ဒီနေရာမှာဘဲ ကောင်းကောင်းအနားယူရစ်ပါတော့။ ငါလဲ.. ကျောင်းပေါ်မတက်ရသေးဘူး။ သွားလိုက်ဦးမယ်။ ကောင်းရာဘုံဘ၀ ရောက်ပါစေကွာ"

ဆရာတော် ကျောင်းပေါ်တက်ပြီး ဘုရားဝတ်ပြုလိုက်တယ်။ ခဏအကြာ ရွာထဲက လူ(ဒကာ)
အချို့ ရောက်ရှိလာပြီး ဆရာတော်ကို ရှိခိုးဦးချဝတ်ပြုကြတယ်။ ဒကာတစ်ယောက်က ဆရာတော်ကို အောင်မိုးလေးရဲ့  အကြောင်းစုံကို ရှင်းပြတယ်။ အောင်မိုးလေး သေခါနီးမှာ ခေါင်းလေးထောင်လာပြီး ကိုရင်တွေဘက်ကို မျက်လုံးဝေ့၀ဲကြည့်သွားခဲ့တဲ့အကြောင်း၊ ဆရာတော်ကို သေခါနီးတွေ့ချင်လို့ လိုက်ရှာနေပုံရကြောင်း၊ သူသေမဲ့ နေ့က သူ့ဆီမှာ ရန်ပြုလိုစိတ်ရှိပုံမရကြောင်း စသဖြင့်ပေါ့။

"တပည့်တော်တို့လဲ အခြေအနေအရ လုပ်လိုက်ရပေမဲ့ စိတ်မကောင်းဖြစ်ကြရပါတယ်ဘုရား၊ တစ်ချို့  အမျိုးသမီးတွေဆို ငိုကြွေးကြတယ်ဘုရား"

"ပြီးခဲ့တာလဲ ပြီးခဲ့ပြီဘဲ ဒကာတို့။ ပြန်ပြင်လို့ ရတဲ့ ကိစ္စမှ မဟုတ်တော့တာ။ အောင်မိုးလေးကို မေ့ပစ်ပြီး ဆိုင်ရာ တာဝန်ကိုဘဲ ဆက်လက်လုပ်ဆောင်ကြပါ။ ဆရာတော်လဲ တရားသံဝေဂ အများကြီးဖြစ်မိပါတယ်။ ရှေ့ ကိုဆိုရင် ဆရာတော်လဲ သံယောဇဉ်တွယ်စရာ ဘာသတ္တ၀ါကိုမှ မမွေးတော့ပါဘူးလေ။ သောက ပရိဒေ၀တွေ များလွန်းလှတယ်။ ကဲ... ကဲ... ကဲ ... ဒကာတို့ ပြန်ကြတော့၊ ဆရာတော်လဲ နည်းနည်းခရီးပန်းလာလို့ အနားယူလိုက်ပါဦးမယ်။ ဘုရား... ဘုရား... ဘုရား...."

ဆရာတော်ကို ရိုရိုသေသေ ဦးချရှိခိုးပြီး ဒကာတွေ ရွာထဲ ပြန်သွားကြတယ်။ ဆရာတော်လဲ စိတ်မော လူမောဖြစ်လာတဲ့အတွက် ခေတ္တအနားယူဖို့ ဘောဂခန်းထဲ ၀င်ရောက်သွားပါတော့တယ်။ သံယောဇဉ်.. သံယောဇဉ်ဆိုတာကရော... သောကရဲ့  မြစ်ဖျားခံရာ..... ရေသောက်မြစ်တစ်ခု... ဆိုတဲ့ သီချင်းလေးအတိုင်း သံယောဇဉ်ဖြစ်မိရင် သောက ပရိဒေ၀မီးတွေ တောက်လောင်တတ်တာ သဘာဝဘဲ မဟုတ်ပါလား။
လူဝတ်ကြောင်သော သင်္ကန်းဝတ်ဘုန်းကြီးသော ဘာသော ညသော သံယောဇဉ်ဖြစ်မိရင် သောကပရိဒေ၀ အပူမီးတွေ တောက်လောင်ကြစမြဲပါဘဲ။

ဆရာတော်လဲ အခါကြီးရက်ကြီးတိုင်း အောင်မိုးလေးအတွက် ကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ပြီး ဆုတောင်းပေးတယ်။ အမျှဝေပေးတယ်။ သီတင်းကျွတ် တန်ဆောင်တိုင်တွေမှာ အောင်မိုးလေးရဲ့  မှတ်တိုင်မှာ ဆီမီးထွန်းပေးတယ်။ ပြီးတော့ တရားသံဝေဂတွေ ပွါးများပြီး နေ့ရက်နှစ်လတွေကို ကုန်လွန်စေလိုက်ပါတယ်။

ဆရာတော် တိုးတိုးလေး တောင်းဆုပြုနေလေရဲ့ ။

"အောင်မိုးလေး... ကောင်းရာ ဘုံဘ၀ရောက်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ပါစေ"


(အပိုင်း ၁၇ ဆက်ဖတ်ပါ)