Tuesday, 9 December 2008
ခရစ်စမတ်ရဲ့  အဓိပ္ပါယ်အမှန် (၁)
ဘာလိုလိုနဲ့ ခရစ်စမတ်ရောက်ပြန်တော့မယ်။
မနှစ်က ခရစ်စမတ်ကာလမှာ ကျနော်ဟာ လန်ဒန်ရဲ့  မွေးကင်းစ ကလေးလေးပေါ့ဗျာ။
တောသားမြို့ ရောက်သလို ယောင်လည်လည်နဲ့မို့ ခရစ်စမတ်ပွဲတော်ကြီးကို ဘယ်လိုကျော်ဖြတ်ခဲ့ရမှန်း ကောင်းကောင်းတောင်မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ ညဥ့်နက်သန်းခေါင်ထိ "ရွှီး" "ဒိုင်း" "ဖျောင်း" ဆိုတဲ့ ဗျောက်အိုးဖောက်သံတွေ ကြားခဲ့ရတာကိုတော့ မှတ်မိနေသလိုလိုဘဲ။
ချမ်းအေးလှတဲ့ ရာသီဥတုဒဏ်ကို အမှုမထားဘဲ ပျော်ကြပါးကြတာနေမှာပေါ့လေ။
ခေတ်ကာလ အခြေအနေအရ
ဘယ်ဘာသာဘဲဖြစ်ဖြစ် ဘာသာရေးအခမ်းအနားပြုလုပ်တယ်ဆိုရင် ရိုးရာယဉ်ကျေးမှုအရ အဖြစ်သဘောလောက်ဘဲ ရှိကြပါတော့တယ်။ ဘာသာတရားရဲ့  ရင်းမြစ်မူလကို ကောင်းကောင်းမသိကြတော့ဘူး။ သူတို့သိတာက ပျော်ဖို့ပါးဖို့လောက်ဘဲ။
မြန်မာမှာလဲ တန်ခူးသင်္ကြန်ပွဲတော်၊ သီတင်းကျွတ်ဆီးမီးထွန်းပွဲတော်၊ တန်ဆောင်မုန်းတန်ဆောင်တိုင်ပွဲတော်၊ တပေါင်းဘုရားပွဲတော် စတဲ့ ပွဲတော်တွေကို ကျင်းပကြလေ့ရှိပါတယ်။ ဒါပေမဲ့ ပွဲတော်ရဲ့  ရွယ်ရည်ချက်ကို လူတွေ မသိကြတော့ဘူးလေ။ သင်္ကြန်ရောက်ရင် ဘယ်လိုကဲမယ်၊ သီတင်းကျွတ်မှာ ဘယ်လိုမိုက်မယ်၊ တန်ဆောင်တိုင်ညမှာ ဘယ်လို ကြမ်းမယ်၊ တပေါင်းပွဲမှာ ဘယ်လိုရမ်းမယ် စတဲ့ အပျော်အပါးလောက်ဘဲ စိတ်ဝင်စားတတ်ကြတာမဟုတ်လား။ ရင်နာစရာပါ။
အခုလဲ ခရစ်စမတ်ရောက်ခါနီးပြီ။
Merry Christmas လုပ်ကြမယ်။
ကဒ်တွေ အပြန်အလှန်ပို့ကြမယ်။ ရုံးပိတ်ရက်အားရမှာမို့ လျောက်လည်ကြမယ်၊ စားပွဲသောက်ပွဲပြုလုပ်ကြမယ်။ အပျော်အပါးတွေနဲ့ အချိန်ကို ကုန်လွန်စေမယ်။
လက်ဆောင်တွေ ဖလှယ်ပြီး ဖောက်ကြည့်ကြမယ်။
ခရစ်စမတ်ပြီးမကြာခင်နှစ်သစ်ရောက်တော့မှာမို့ နှစ်သစ်ကို သောက်စားပြီး ကြိုဆိုကြမယ်။ Happy New Year လုပ်ကြတယ်။
လူတွေသိတာက ဒီလောက်ဘဲ။
ခရစ်စမတ်ရဲ့  အဓိပ္ပါယ် အမှန်အကန်ကိုကျတော့ မသိကြတော့ဘူးလေ။
အမှန်အတိုင်းဝန်ခံရရင် ကျနော်ကိုယ်တိုင်လဲ ကောင်းကောင်းမသိပါဘူး။
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က Hounslow High Street မှာ ရှိတဲ့ Super Market ကို သွားပြီး လျောက်ကြည့်ဖြစ်တယ်။ ဈေးကို မရောက်ခင် လမ်းခုလတ်မှာ အမျိုးသမီးလေးသုံးယောက် လက်ကမ်းစာစောင် သဘောမျိုး စာအုပ်ကလေးတွေကို အလကားပေးနေတာတွေ့လို့ ကျနော်လဲ မြန်မာပီပီ တစ်အုပ်ယူလာခဲ့တယ်။
အချိန်ကုန်ခံပြီး ရောက်လာတဲ့လူတိုင်းကို တောင်းတောင်းပန်ပန်နဲ့ ပေးနေတာကို ကြည့်ခြင်းအားဖြင့် ဒီစာအုပ်ဟာ တစ်နည်းနည်းနဲ့ အရေးပါမှန်း ကျနော် သဘောပေါက်ပါတယ်။
အိမ်ပြန်ရောက်ပြီး သေချာကြည့်လိုက်တော့မှ ခရစ်ယာန်အကြောင်းရေးထားတဲ့ စာအုပ်ကလေးဖြစ်မှန်းသိရတယ်။ တကယ်ကောင်းတဲ့ စာအုပ်ကလေးပါ။
နာမည်လေးက Rhapsody of Realities တဲ့။ စာမျက်နှာ ၈၀ ကျော်ရှိတယ်။
Chris နှင့် Anita တို့ စုပေါင်းရေးထားတဲ့စာအုပ်ကလေးပါ။
စာရွက်သားကလဲ အလွန်ကောင်းပါတယ်။ စာတွေရေးသားပုံကလဲ သပ်ရပ်မှုရှိပါတယ်။
စာအုပ်ကလေးကို ကြည့်ပြီး အော်... ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေလဲ သာသနာပြုတဲ့အနေနဲ့ ဒီလိုအလုပ်မျိုးကို ပြုလုပ်သင့်တာဘဲ လို့ စဉ်းစားမိတယ်။ ငါတို့ဘာသာက မှန်တယ်၊ ငါတို့ဘာသာထဲမှာမှ ဘယ်ဂိုဏ်းက ပိုမှန်တယ် လို့ ငြင်းခုံပြီး မာနတွေ တထောင်ထောင်ဖြစ်နေကြမဲ့အစား ဘာသာသာသနာပြန့်ပွါးဖို့ စုစုစည်းစည်း ညီညီညွတ်ညွတ် သာသနာပြုလုပ်ငန်းကို ပြုလုပ်ကြရင် အမှန်တကယ်လဲ ကျနော်တို့ သာသနာ ပြန့်ပွါးမှာ သေချာပါတယ်။
အဲဒီ စာအုပ်ရဲ့ နောက်ကျောဘက်မှာ ရေးထားတဲ့ စာပိုဒ်လေးကြောင့် ကျနော်ပိုပြီး ဒီစာအုပ်ကလေးကို စိတ်ဝင်စားသွားတာပါ။
"ဒီ Rhapsody of Realities စာအုပ်ကို Copy ပေါင်း သန်းပေါင်းများစွာရိုက်နှိပ်ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်ကို ဖြန့်ချီပြီးပါပြီ။ မြန်မာဘာသာအပါအ၀င် ဘာသာပေါင်း ၆၀ ကျော် ဘာသာပြန်ထားပြီးပါပြီ" တဲ့။
(ဆက်မယ်)
Subscribe to:
Post Comments (Atom)
1 comment:
ကိုကိုမောင်ကြီး တန်းလန်းတော့ မလုပ်နဲ့ဗျာ၊ ဆက်မယ်ဆိုလဲ မြန်မြန်ဆက်။
Post a Comment