Friday 12 December 2008

လမင်းကြီး ကမ္ဘာမြေကြီးနဲ့ နီးကပ်လာပြီ


ဖိုးလမင်းကြီးရေ.. ထမင်းဆီဆန်း ရွှေလင်ပန်းနှင့်ပေးပါ၊ ပေးပါ။

ကလေးဘ၀တုန်းက အမေနှင့်အတူ လမင်းကြီးကို ကြည့်ပြီး သီဆိုခဲ့တဲ့ သီချင်းလေး တစ်ပိုင်းတစ်စပါ။ လပြည့်ညတွေမှာ ကျနော်တို့ မိသားစုတွေ ကောင်းကင်ပေါ် မော့ကြည့်ဖြစ်ကြတယ်။ လမင်းကြီးကို အတူတူကြည့်ဖြစ်ကြတယ်။ ကြယ်တွေကို အတူရေတွက်ဖြစ်ခဲ့ကြတယ်။

ကျနော်တို့ အိမ်က တောရွာလေးတစ်ရွာမှာဆိုတော့ အိမ်ကျယ်ဝင်းကျယ်ကြီးပေါ့ဗျာ။
အိမ်ရဲ့  နောက်ကျောဖက်မှာ ဥယျာဉ်ကြီးက တစ်မျှော်တစ်ခေါ်။ စားပင်သောက်ပင်တွေကလဲ ပေါမှပေါ။
အိမ်ကိုလဲ ခပ်ကြီးကြီးဆောက်ထားပြီး လသာဆောင်ကို ရှယ်ထုတ်ထားတယ်။ လသာဆောင်ကလဲ ကျယ်ကျယ်ဝန်းဝန်းပါဘဲ။

ညဘက်ဆိုရင် လသာဆောင်မှာ မိသားစုတွေ ၀ိုင်းဖွဲ့ပြီးထိုင်ကြတယ်။ ဧည့်သည်လာရင် ဧည့်သည်တွေပါ ရောထိုင်ကြတယ်။ ထိုင်ရက်သားနဲ့ရော ပက်လက်အိပ်ပြီးတော့ရော စကားတပြောပြောနဲ့ လရောင်ကို အပြည့်အ၀ခံစားကြတယ်။

ကြယ်တွေကို အသံထွက်ပြီး ရေတွက်တဲ့အခါမှာ
"ကြယ်တွေကို မရေတွက်ကောင်းဘူး။ မျက်စိမွဲတတ်တယ်။ တစ်လုံးနှစ်လုံး မိုးအဆုံး။ တစ်လုံးကြယ်စေ့ မိုးအပြည့်။ အဲဒီလို ရေတွက်ရတယ်။ ဒါမှ အဆင်ပြေတာ။
နို့မဟုတ်ရင် မျက်စိတစ်လုံးရေတွက်လို့ မကုန်နိုင်ဘူး"
လို့ အမေက ပြောပြတယ်။

ဒါကြောင့်မို့ ကျနော်တို့အိမ်မှာ ညတိုင်း "တစ်လုံးနှစ်လုံး မိုးအဆုံး၊ တစ်လုံး ကြယ်စေ့ မိုးအပြည့်" ဆိုတဲ့ ကျနော်တို့ညီအကို တစ်တွေရဲ့  ကြယ်ရေတွက်တဲ့အသံတွေ ဆူညံနေပါတော့တယ်။
.............................................

ညအခါ လသာသာ၊ ကစားမလား၊ နားမလား။
တစ်ခါတစ်ခါ ကျနော်တို့ ကလေးတွေ လသာသာ (လရောင်)အောက်မှာ တူတူပုန်းတမ်းကစားကြတယ်။
လူကြီးတွေကတော့ သိပ်ကြိုက်ပုံမရဘူး။ "မကစားနဲ့ တစ္ဆေတွေ ကပ်ပါလာတတ်တယ်"လို့ပြောတယ်။
ဒါပေမဲ့ တောဓလေ့ရှိတယ်လေ။ ညဘက် အပြင်ထွက်ရင် သြဇာရွက်ကို ဆောင်လို့သာသွား။ ဘယ်တစ္ဆေသရဲမှ မကပ်ရောက်နိုင်ဘူးတဲ့။
ဘယ်ရမလဲ ကျနော်တို့လဲ သြဇာရွက်ကို ဘောင်းဘီကြားထဲထိုးထည့်ထားပြီး တူတူပုန်းတမ်း စိမ်ပြေးတမ်း ကစားကြတာပေါ့။ ပြောရင်းနဲ့ ကလေးဘ၀ကို လွမ်းသလိုလိုတောင် ဖြစ်လာပြီ။
............................

လမင်းကြီးကို မြင်လို့ ကျနော့်ဘ၀အကြောင်းလေးကို ပြန်ပြောင်းတွေးတောကြည့်လိုက်တာပါ။
အမှန်တကယ် ကျနော် တင်ပြချင်တာက လမင်းကြီး ကမ္ဘာမြေကြီးနှင့် အတော်လေး နီးကပ်လာပြီ ဆိုတဲ့ အကြောင်းပါ။ ဒီနေ့ ကျနော် ၀က်စ်ဆိုက်ထဲ ၀င်ကြည့်ရင်း ဘီဘီစီ သတင်းထဲမှာ တွေ့ရတဲ့ သတင်းလေးပါ။ အကျဉ်းချုပ်လိုက်ပါတယ်။ အကျယ်ဖတ်ဖို့ အောက်မှာ လင့်ခ်လိပ်စာပေးထားပါတယ်။

ဒီနေ့ (၁၂.၁၂.၀၈)ဟာ လပြည့်နေ့ပါ။ ဒီနေ့မှာ လမင်းကြီးဟာ ၁၅ နှစ်အတွင်း ကမ္ဘာမြေကြီးနဲ့အနီးကပ်ဆုံးနေရာကို ချဉ်းကပ်လာပါတော့မယ်။ ကမ္ဘာမြေကြီးနှင့် ကီလိုမီတာ ၃၅၀၀၀၀ ခပ်သာသာလောက်အထိ မြောက်အီကွေတာပေါ်ဖြတ်သန်းသွားမှာပါ။ အဲဒီအကွာအဝေးဟာ ပုံမှန်ဖြတ်သန်းနေကြထက် ကီလိုမီတာ ၃၀၀၀၀ ပိုပြီး ကမ္ဘာမြေကြီးနဲ့ နီးကပ်နေပါ့မယ်။

အာကာသပညာရှင်တစ်ဦးရဲ့ အဆိုအရ
ကောင်းကင်ရှင်းလင်းနေရင် ပုံမှန်ထက် ပိုတောက်ပပြီး အလင်းရောင်ကိုလဲ ပိုပေးပါလိမ့်မယ်။

လဟာ ကမ္ဘာကို စက်ဝန်းပုံသဏ္ဍာန်လှည့်ပတ်နေကျပါ။ ဒါပေမဲ့ အခုကတော့ ဘဲဥပုံသဏ္ဍာန်လှည့်ပတ်ပါ့မယ်။ လဟာ ဒီနေ့ အဲဒီ ဘဲဥပုံသဏ္ဍာန်ရဲ့  ကမ္ဘာနဲ့အနီးကပ်ဆုံး နေရာကို ရောက်ရှိလာမှာပါ။

နာဆာအဖွဲ့ ရဲ့  အတည်ပြုချက်အရ
ဒီနေ့ လပြည့်လ၀န်းကြီးဟာ အခြားလပြည့်လ၀န်းထက် ၁၄ ရာခိုင်နှုန်းပိုကြီးပြီး ၃၀ ရာခိုင်နှုန်း ပိုပြီးတောက်ပါလိမ့်မယ်။

ယူကေတော်ဝင်အာကာသစခန်းက ဒေါက်တာ မရက်ကုကုလ (Marek Kukula) ကတော့
"လဟာ ကမ္ဘာကို ကီလိုမီတာ ၃၈၅၀၀၀ အကွာကနေ ပုံမှန်လည်ပတ်နေကျပါ။ ဒါပေမဲ့ ဒီညမှာတော့ ကီလိုမီတာ ၃၆၃၀၀၀ အကွာအဝေးလောက်ထိ ကမ္ဘာမြေကြီးနဲ့ နီးကပ်လာပါလိမ့်မယ်။ လထွက်ချိန် လ၀င်ချိန်တွေမှာ ပိုပြီး ကြီးမားစွာ မြင်တွေ့ကြရပါ့မယ်"
လို့ ပြောသွားပါတယ်။

တကယ်အမှန်အကန်ဟုတ်မဟုတ် စမ်းသပ်မှုပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီနေ့ည အပြင်ထွက်ပြီး လပြည့်ညရဲ့  ညပြာပြာ လ၀ါဝါအောက်မှာ လရောင်ကိုခံစားပြီး အကဲခတ်ဆုံးဖြတ်ကြစေချင်ပါတယ်။
ကျနော်တို့နေတဲ့ လန်ဒန်ရဲ့  ကောင်းကင်ပြင်မှာတော့ ဒီနေ့ည တိမ်မဲညိုတွေ ကြီးစိုးနေတဲ့အတွက် ကျနော်ကတော့ လမင်းကြီးကို အသေအချာမြင်ရမှာ မဟုတ်ကြောင်းပါခင်များ။

မှတ်ချက်။
http://news.bbc.co.uk/1/hi/sci/tech/7779294.stm ကို ကိုးကားဖော်ပြထားပါတယ်။

No comments: