အိပ်မက်တွေကို စွဲလန်းလွန်းလို့လဲ အိပ်မက်တိတ္ထုံကျမ်း၊ အိပ်မက်အဟောကျမ်းတို့ ထွက်ပေါ်လာကြတာပါ။
အိပ်မက်တွေ ထူးဆန်းနေရင် အိပ်မက်ဖတ်တတ်တဲ့သူတွေဆီ သွားပြီး မေးမြန်းမယ်။
ဒါမှမဟုတ် အိပ်မက်အကြောင်း စာအုပ်တွေဝယ်ဖတ်မယ်။ ပြီးရင် ဥပါဒါန်ရောက်ကြပြန်ရော။
အိပ်မက် မက်ပုံတွေ အမျိုးမျိုးရှိပေမဲ့ အမှန်တကယ်ဆိုရင် အိပ်မက် မက်ရခြင်းအကြောင်းက ၄ မျိုးထဲရှိတာပါ။
အဲဒီ ၄ မျိုးထဲက တစ်မျိုးမျိုးနှင့် အိပ်မက် မက်လေ့ရှိပါတယ်။ စာပေကျမ်းဂန်မှာ ဖော်ပြထားတဲ့ အိပ်မက်လေးပါးကို ကျနော် အကျဉ်းချုပ်ပြီး ဖော်ပြပါ့မယ်။
အိပ်မက် ၄ ပါး
၁။ဓာတုက္ခောဘ= သွေးလေ(ဓါတ်) ခြောက်ခြားလို့မက်ခြင်း
၂။အနုဘူတပုဗ္ဗ= ရှေ့ ကတွေ့ဖူး မြင်ဖူးခဲ့တာကို ပြန်မက်ခြင်း
၃။ဒေ၀တောပသံဟာရ= နတ်တို့က မက်ပေးလို့ မက်ခြင်း
၎။ပုဗ္ဗနိမိတ္တ= တကယ်ဖြစ်ပေါ်လာမဲ့အရာကို ရှေ့ ပြေးနိမိတ်အနေနဲ့ ကြိုတင်မက်ခြင်း
ဓါတ်ခြောက်ခြားလို့မက်တဲ့ ဓာတုက္ခောဘအိပ်မက်
အဲဒီလေးပါးထဲက
လူတွေ အိပ်မက် မက်တာ အများဆုံးကတော့ နံပါတ် ၁ ဖြစ်တဲ့ သွေးလေ (ဓါတ်) ခြောက်ခြားလို့ မက်တဲ့ အိပ်မက်ဘဲ။ တောင်အမြင့်ကြီးပေါ်က ပြုတ်ကျတာမျိုး၊ အာကာသကောင်းကင်လွင်ပြင်ကြီးမှာ လျောက်သွားနေရတာမျိုး၊ သားရဲတိရစ္ဆာန်အလိုက်ခံရတာမျိုး၊ သူခိုးဓါးမြ အလိုက်ခံရတာမျိုးစတဲ့ အိပ်မက်တွေဟာ ဓာတုက္ခောဘ (သွေးလေခြောက်ခြားလို့မက်တဲ့) အိပ်မက်တွေဖြစ်ပါတယ်။
စက်တွေ အင်ဂျင်တွေမှာ ဆီ လေ ရေ မီး ရှိနေမှ သူတို့ရဲ့ လုပ်ငန်းကို ကောင်းမွန်စွာ လည်ပတ်နိုင်မှာ ဖြစ်သလို လူတွေမှာလဲ ပထ၀ီ (မြေဓါတ်)၊ အာပေါ (ရေဓါတ်)၊ တေဇော (အပူ အအေးဓါတ်)၊ ၀ါယော (လေဓါတ်) ဆိုတဲ့ ဓါတ်ကြီးလေးပါးညီမျှမှ နေလို့ထိုင်လို့ကောင်းပါတယ်။ အဲဒီဓါတ်ကြီးလေးပါး မညီမျှတော့ဘူးဆိုရင် သွေးလေ ခြောက်ခြားလာတော့တာပါဘဲ။
ဥပမာအားဖြင့်
အလွန်အေးတဲ့ရာသီမှာ ညအိပ်ပျော်နေရင်း ခြုံထားတဲ့စောင် လွတ်နေတဲ့အခါ တစ်ခြားဓါတ်တွေထက် အအေးဓါတ်က ခန္ဓာကိုယ်မှာ ပိုလွန်နေပါတယ်။ ဒါဆိုရင် သွေးလေ ခြောက်ခြားပြီပေါ့။ အဲဒီလိုအခါမျိုးမှာ ရေကူးရတာတို့၊ မိုးရေထဲ လျောက်သွားနေရတာတို့၊ ရေချိုးရတာတို့လို အိပ်မက်ကို မက်တတ်ပါတယ်။
ပြီးတော့
ဒူးကိုကွေးပြီး အိပ်ပျော်သွားတဲ့အခါမျိုးမှာ ဒူးအောက်ပိုင်းကို သွေးလည်ပတ်မှု အပြည့်အ၀ မရောက်ရှိတဲ့အတွက် ခြေထောက် ထုံကျင်လာမယ်။ ကိုက်ခဲလာမယ်။
ဝါယောဓါတ်လို့ခေါ်တဲ့ လေလျောက်အား လျော့နည်းသွားတဲ့အတွက်ကြောင့် သွေးလေ ခြောက်ခြားလာမယ်။
အဲဒီလိုမျိုးအခါမှာ ခွေးလိုက်လို့ ပြေးရတာတို့ ၊ ကျားလိုက်လို့ပြေးရတာတို့၊ စစ်မက်ဖြစ်ပွါးဖို့ ထွက်ပြေးရတာတို့ စတဲ့ အပြေးသွားလာရတဲ့အိပ်မက်မျိုးမက်တတ်ပါတယ်။ ဒါပေမဲ့ ပြေးလို့မရဖြစ်နေမယ်။ မောဟိုက်လာမယ်။ ပင်ပန်းလာမယ်။ အသက်ရှူမြန်လာမယ်။
ဒီအိပ်မက်မျိုး လူတိုင်းမက်ဖူးကြမှာပါ။ ကျနော်လဲမက်ဖူးပါတယ်။
ကျနော့် အိပ်မက်ထဲမှာ တတိယကမ္ဘာစစ်ကြီးဖြစ်တယ်။ တိုက်လေယာဉ်ပေါ်က ဗုံးမိုးတွေရွာချတယ်။ စက်သေနတ်တွေ အဆက်မပြတ်ပစ်တယ်။ အိမ်တွေအားလုံးလဲ မီးတောက်မီးလျံကြားမှာ ပြားပြားဝပ်ဝပ်။
ကျနော်တို့ ထွက်ပြေးရတာပေါ့ဗျာ။ လူတွေအားလုံး ဟိုပြေးဒီပြေး။ ကျနော်လဲ ကြိုးစားပြီး ထွက်ပြေးပါတယ်။
ဒါပေမဲ့ အဲဒီနေရာကနေပြီး မရွေ့ တတ်ဘူးဖြစ်နေတယ်။ ကြောက်လိုက်တာ လွန်ပါရော့။ ခြေထောက်က တစ်လှမ်းမှ လှမ်းလို့ မရဘူး။ ကျနော့်တစ်ကိုယ်လုံး ချွေးစေးတွေ ထွက်နေတယ်။ ဒီလိုနဲ့ဘဲ ကျနော်လန့်နိုးလာတယ်။ နိုးလာပြီးမှဘဲ ကျနော် ဒူးကွေးပြီး အိပ်ပျော်နေခဲ့မှန်းသိတယ်။ ခြေကျင်လိုက်တာလဲ လွန်ရောဘဲ။ ထုံကျင်နေတာဘဲ။ လက်နှင့်ထိကြည့်တာတောင် ခံစားလို့ မရသလိုလို။
ခြေထောက်ကို ဖြေလျော့ပြီး Relax လုပ်လိုက်ရတယ်။ ဓါတ်တွေ ညီမျှသွားတဲ့အခါမှ နေသာ ထိုင်သာရှိလာတယ်။
ပြီးတော့ ရေအရမ်းဆာနေတဲ့အတွက် အိပ်ရာကထပြီး ရေတစ်ခွက်ကို အားရပါးရသောက်လိုက်ရပါတော့တယ်။
ဖူး..... မောလိုက်တာဗျာ။ (ရေးရင်း အိပ်မက် ပြန်တွေးမိလို့)
(အိပ်မက် အမှတ် ၃ ဆက်ဖတ်ပါ)
2 comments:
အော်.. ကြည့် ဆက်ဥိးမယ်ဆို ပါလား..
ဟွင့်..မြန်မြန်လေး..
:P :P
သြော်...
ငါ့နှယ်...
ကိုရီးယားခွေဆက်နဲ့လာတွေ့နေတယ်...
သူဂျီး...သူဂျီး...
လုပ်ထားအုံးပေါ့...း)
Post a Comment