Tuesday, 2 December 2008

ပီတိ (၂)

ရန်ကုန်မြို့  စာသင်ကျောင်းတစ်ကျောင်းက ကျောင်းဆရာတစ်ယောက်ဟာ အိမ်စီးပွါးရေး အဆင်မပြေဖြစ်တယ်။
မိသားစုအားလုံး သူ့အပေါ်မှီခိုနေကြတော့ ပိုပြီး ခက်တယ်။ လစာကခပ်နဲနဲ ရပ်ကြေးရွာကျေးတွေကများ ဆိုတော့
ဒီအတိုင်းနေလို့ မဖြစ်တော့ဘူး။ နွေရက်ရှည် ကျောင်းပိတ်တဲ့အခါမှာ ရရာအလုပ် လုပ်ဖို့ အလုပ်ရှာထွက်ရတော့တာပေါ့။ အလုပ်ရှာဖို့ ထွက်လာခဲ့ပေမဲ့ သူလုပ်တတ်တာက စာသင်ပေးတတ်တာ တစ်ခုဘဲရှိတယ်။ ကျန်တာ ဘာမှ မလုပ်တတ်ဘူး။

ဒါပေမဲ့ သူကံကောင်းသွားတယ်။
လက်သမားဆရာတစ်ယောက်နဲ့တွေ့ပြီး အလုပ်အဆင်ပြေသွားတယ်။ တောက်တိုမယ်ရ ခိုင်းတာလုပ်ဖို့ပေါ့။ ဒီလောက်တော့ သူကြိုးစားပြီးလုပ်ရင်ဖြစ်မှာပါ။ စာသင်ပေးရတာလောက် မခက်လောက်ပါဘူး။ ခက်တာက အခုလိုမျိုး လက်သမားအလုပ် (လက်သမားဆရာရဲ့  တပည့်တစ်ယောက်အဖြစ်) လုပ်နေတဲ့အချိန်မှာ သူစာသင်ပေးခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့မှာကိုတော့ တွေးပြီးရှက်နေမိတယ်။

"ဆရာ.. ကျနော့်ကို လူတွေရှေ့ မှာ ကျောင်းဆရာလို့ မခေါ်ပါနဲ့နော်။ ဆရာ့တပည့်တစ်ယောက်အဖြစ်ဘဲ သတ်မှတ်ပါ။ ကျောင်းဆရာမှန်း လူတွေသိရင် မကောင်းဘူး။ ကျနော်က ရှက်တတ်လို့ပါ "

တစ်ချိန်လုံး ဆရာ အခေါ်ခံခဲ့ရတဲ့ ကျောင်းဆရာဟာ အခုတော့ လက်သမားဆရာကို ဆရာလို့ ခေါ်ပြီး သူ့ဘ၀သရုပ်မှန်ကို မပြောပြဖို့ ကြိုတင်တောင်းပန်ထားတဲ့စကားပါ။

ကံကောင်းချင်တော့ လက်သမားအလုပ်က ရန်ကုန်မှာ မဟုတ်ဘူး။ နယ်ဘက်ဆင်းပြီးလုပ်ရမှာတဲ့။ သူ့အတွက်ကတော့ ဟန်ကျတာပေါ့လေ။ နယ်ဘက်မှာဆို တပည့်တွေနဲ့တွေ့မှာ မဟုတ်ဘူး။ အလုပ်ကို ရဲရဲတင်းတင်းလုပ်ရဲပြီပေါ့။ ကျောင်းဆရာဆိုတော့လဲ အခက်သား။ ဂုဏ်ဘဲ ရှိတာ။ ပိုက်ဆံကတော့ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် သောက်စရာရေတောင် မရှိ ဆိုသလိုဖြစ်နေတယ်။ ကျောင်းဆရာနဲ့သင့်တော်တဲ့အလုပ်ကလဲ ခပ်ရှားရှား။

အ၀တ်အစား ခပ်နွမ်းနွမ်းလေးတွေကို ထုပ်ပိုးပြီး နေ့လည်ပိုင်းလောက်မှာ လက်သမားဆရာနှင့်အတူ နယ်ဘက်ကို ဘတ်စ်ကားနဲ့ ခရီးထွက်လာခဲ့တယ်။ ငါးနာရီခန့် ကားစီးပြီးတဲ့အခါ ညနေပိုင်းမှာ ရွာတစ်ရွာကိုရောက်ပါတယ်။ အဲဒီရွာမှာဘဲ အလုပ်လုပ်ရမှာပါ။ အိမ်ဆောက်တဲ့အလုပ်ပါ။ ညနေပိုင်းရောက်ပြီဆိုတော့ ရေမိုးချိုး ညစာစားပြီး အေးအေးဆေးဆေးဘဲ အနားယူလိုက်ကြတယ်။ အလုပ်က နောက်တစ်နေ့ မနက်မှ လုပ်ရမှာကိုး။

နောက်တစ်နေ့ မနက်ရောက်တော့ အ၀တ်အစား ခပ်နွမ်းနွမ်းလေးကို ၀တ်ပြီး အိမ်ဆောက်ဖို့ ခုတ်ထွင်ရှင်းလင်းထားတဲ့ အိမ်ရာကို ရောက်လာတယ်။ ရွာသားတွေလဲ အဲဒီနေရာမှာ အတော်များများတွေ့ရတယ်။ လိုအပ်ရင် အကူအညီပေးဖို့ အိမ်ရှင်က ခေါ်ထားဟန်တူပါရဲ့ ။
သူတို့ ရောက်ရောက်ချင်းဘဲ အိမ်ရှင်က ရေနွေးကြမ်းနဲ့ အရင်ဧည့်ခံတယ်။ ကလေးတွေကလဲ အနီးနားမှာ ၀ိုင်းဝိုင်းလည်နေတာဘဲ။ မြို့ ကလာပြီး အိမ်ဆောက်ပေးမဲ့သူတွေကို လာကြည့်ကြတာနဲ့တူပါတယ်။

"ကဲ... အခါတော်ရောက်ပြီ။ ဦးတိုင်ကို အရင်စထောင်မယ်၊ ငါ့တပည့် အသင့်ပြင်ထား"

လက်သမားဆရာက ကျောင်းဆရာကို အသိပေးလိုက်တယ်။ တိုင်ထူကူမဲ့ ရွာသားတွေလဲ ခါးတောင်းကျိုက်ကုန်ကြပြီ။ ကျောင်းဆရာက ဘေးပတ်ပတ်လည်မှာရှိတဲ့ လူတွေကို မျက်လုံးကစားကြည့်လိုက်တယ်။ ရိုင်းရိုင်းပြောရရင်တော့ သူခိုးကြည့်မျိုးပေါ့။ တစ်ခါမှ ဒီအလုပ်မလုပ်ဖူးသေးတော့ အလုပ်စလုပ်ရမှာ ခပ်အမ်းအမ်းဖြစ်နေတယ်။ ငါ့ အသိများ ဒီလူအုပ်ထဲပါလာမလား ဆိုတဲ့ အသိက သူ့စိတ်ကို ခြိန်းခြောက်နေလေရဲ့  ။ နောက်ဆုံးတော့ တိုင်ထူဖို့ရွေးထားတဲ့နေရာကို ခပ်ကုတ်ကုတ်ထွက်သွားလိုက်တယ်။ ပြီးတော့လူတွေအားလုံးကို အသေအချာ ကြည့်ပြီးမှ ၀တ်လာတဲ့ ပုဆိုးကို အများနည်းတူ ခါးတောင်းကျိုက်ဖို့ပြင်လိုက်တယ်။

အဲဒီအခါမှာ.....

(ပီတိ အမှတ် ၃ ဆက်ဖတ်ပါ)

No comments: