Sunday 29 August 2010

ကလေးကလေး အထင်မသေးနဲ့


ဆရာတော်တစ်ပါးရဲ့ ကလေးကလေး အထင်မသေးနဲ့ ဆိုတဲ့ စကားလေးကိုဘဲ ကြားယောင်နေမိတယ်။ အခုခေတ်ကလေးတွေ အရမ်း အရမ်းကို ချီးကျူးစရာကောင်းတယ်။ အသက်ငယ်ငယ်နဲ့ ဒီလောက်အသံကို ပိုင်နိုင်စွာ သီဆိုနိုင်တာကို နားထောင်ပြီး ဒီလိုကလေးတွေ မြန်မာနိုင်ငံမှာ ရှိနေတာကို ဂုဏ်အရမ်းယူနေမိတယ်။ ဂီတတံခါးလေးဖွင့်ပါဦး အစီအစဉ်လေးကို အကောင်အထည်ဖော်ပေးကြတဲ့သူတွေကိုလဲ ကျေးဇူးတင်နေမိတယ်။ အခုခေတ်မှာ ဖွင့်ပေးရင် ဖောက်ထွက်လာကြမဲ့ ကလေးတွေ အများကြီးရှိတယ်ဆိုတာ ဒီကလေးလေးတွေက သက်သေပြလိုက်သလိုပါဘဲ။

ဒီလင့်ခ်လေးကို အီမေးလ်ဖော်ဝါ့ဒ်လုပ်ပေးခဲ့တဲ့ မဆွေကိုလဲ ကျေးဇူးတင်ပါတယ်။ You Tube မှာ တင်ပေးကြတဲ့ phosan555 နှင့် nyanlin1984 တို့ကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ ကျနော့်ဘလော့ဂ်ပေါ်လဲ တင်ခွင့်ပြုစေချင်ပါတယ်။ ကလေးလေးတွေကို သဘောကျလို့ ခဏခဏဖွင့်ကြည့်ဖြစ်တယ်။ တကယ့်ကို အားနဲ့မာန်နဲ့ ဆိုနေတဲ့ ဟန်ပန်ကို ကြည့်ပြီး တကယ်ကို ကြည်နူးမိပါတယ်။

ဒီအင်္ဂလန်နိုင်ငံမှာတော့ တီဗီအစီအစဉ်မှာ အခုလို မီးခဲပြာဖုံးအနုပညာသမားလေးတွေကို ဖော်ထုတ်ပေးတဲ့ အစီအစဉ်လေးတွေ အတော်များများလွင့်ထုတ်ပေးလေ့ရှိပါတယ်။ X Factor တို့၊ Britain's Got Talent တို့၊ America's Got Talent တို့ စသဖြင့်ပေါ့။ နှစ်စဉ်ပြုလုပ်ကျင်းပပေးလေ့ရှိတယ်။ ကလေးလေးတွေ ၀င်ပြိုင်ကြတာ မကြာမကြာတွေ့ရတယ်။ အားပေးကြတဲ့ ပရိသတ်အရေအတွက်ကတော့ ကြောက်ခမန်းလိလိပါဘဲ။ မြန်မာနိုင်ငံမှာလဲ အခုလို အစီအစဉ်လေးတွေမျိုး မကြာမကြာပြုလုပ်ပေးရင် တကယ်တော်တဲ့ ကလေးလေးတွေ ပေါ်ပေါက်လာမှာ သေချာပါတယ်။ တကယ်လှိုက်လှိုက်လှဲလှဲ အားပေးကြမယ်ဆိုရင် နိုင်ငံရပ်ခြားမှာမှ ကလေးပါရမီရှင်လေးတွေရှိတာမဟုတ်၊ မြန်မာနိုင်ငံမှာလဲ အခုလို ကလေးပါရမီရှင်လေးတွေ အတော်များများ ရှိနေဦးမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘဲခင်များ။ ။

ဟိုတုန်းကလို (အယ်နီရှိုင်း) {ပထမဆုရှင်}


အဆိပ်ရိုင်း(ကြည်ဖြူခင်)


အချစ်များလက်ဆောင်(အက်စတာဒွေး)


လမ်းခွဲ(ခင်ဘုန်းပွင့်စံ)


ဘေဘီအိုင်လပ်ဖြူ(သရဖီကို)


မြန်မာနိုင်ငံမှာ ပါရမီရှင်များ များများပေါ်ထွက်နိုင်ပါစေ။
ကိုကိုမောင်(ပန်းရနံ့)
.
ဒါလေးကတော့ America's Got Talent ထဲက ကလေးလေးတစ်ယောက်ရဲ့ ဆိုဟန်လေးပါ။
Kaitlyn Maher (4 years old)


သူတို့နိုင်ငံတွေက သူတွေဟာ တကယ်တော်တဲ့ သူတွေကို လှိုက်လှိုက်လှဲလှဲ အားပေးလေ့ရှိကြတယ်။

..

Thursday 19 August 2010

သတိလေးနဲ့အသုံးပြုစေချင်


အသုံးဝင်သော ပစ္စည်းသည် အသုံးပြုနေသော သူတို့အား ရံဖန်ရံခါ အန္တရာယ်ပေးတတ်ချေ၏။ ကိုယ်မွေးထားသော ခွေးသည် ကိုယ့်ကို ပြန်ကိုက်သကဲ့သို့ပင်တည်း။

ကျွန်ုပ်သည် စက်တင်ဘာလနောက်ဆုံးပတ်ထိ မအားသော်ငြားလည်း နေ့စဉ်အင်တာနက်သတင်းများနှင့် ဘလော့အချို့ တို့ကိုမူ မလည်ပတ်ဘဲ မနေနိုင်အောင် ဖြစ်နေလေ၏။ သို့သော် အချို့ ညီအကို အမ ညီမများ၏ ဘလော့များသို့ မလည်ပတ်ဖြစ်သည်ကိုမူကား အားအနာကြီးနာလျက်ရှိနေချေတော့၏။ ယခင်လိုပင် အသစ်အသစ်ဖြစ်သော ပို့စ်တို့ကို မလွတ်တမ်းဖတ်ပြီး ကွန်မင့်များကို စိတ်တိုင်းကျပေးချင်နေသော်လည်း ရရှိလာသည့်အချိန်လေးကို မြတ်မြတ်နိုးနိုး သိမ်းပိုက်လုပ်ကိုင်နေရသောကြောင့် စိတ်ထင်တိုင်း မပေါက်ဖြစ်နေ၏။

သတင်းဆိုသည်မှာကား စိတ်ချမ်းမြေ့စရာ၊ ကြည်နူးစရာ အကြောင်းအရာများထက် စိတ်ညစ်စရာ စိတ်မချမ်းသာစရာ စိတ်ပျက်စရာ အကြောင်းအရာများဖြင့်သာ ဖွဲ့စည်းတည်ဆောက်ထားသော မဏ္ဍိုင်တစ်ခုကို ခေါ်ဆိုလေရော့သယောင်ဖြစ်တော့၏။ ဖတ်ရသည့်သတင်း မြင်ရသည့်အကြောင်းအရာများမှာ စိတ်ချမ်းမြေ့ဖွယ်ရာဟူ၍ လုံးလုံးလျားလျားမရှိ၊ စိတ်ပျက်ဖွယ် အတိပင်တည်း။ ရေကြီးသည့်သတင်း မြေပြိုသည့်သတင်း ယာဉ်တိုက်သည့်သတင်း အသေခံဗုံးခွဲသည့်သတင်း စသည့်စသည့် မနှစ်မြို့ဖွယ်ရာ သတင်းများကိုသာ တွင်တွင်ကြီးဖတ်နေရလေ၏။

ယနေ့နံနက် အိပ်ရာမှ ထထချင်း ကွန်ပြုတာကောက်ဖွင့်ပြီး အင်တာနက်ထဲဝင်ကာ ရာဟုသတင်းလေး ဖတ်ကြည့်လိုက်၏။ ထိပ်ဆုံးမှာရှိနေသည့်သတင်းတစ်ခုကို ခပ်သွက်သွက်ဖတ်လိုက်၏။ ထိုသတင်းမှာ အခြားသတင်းမဟုတ်။ လူတစ်ယောက်သည် သူကိုယ်တိုင်အသုံးပြုနေသည့် မိုဘိုင်းဖုန်း ပေါက်ကွဲပြီး အသက်ပါပေးလိုက်ရသည့်သတင်းပင်တည်း။ ထိုကဲ့သို့ သတင်းမျိုးကို အရင်ကထဲက ဖတ်ခဲ့ဖူး၏။ ကြားခဲ့ဖူး၏။ သို့သော် ထိုအချိန်က မိုဘိုင်းပေါက်ကွဲမှုဖြစ်ရခြင်းမှာ မိုဘိုင်းကို အားသွင်းထားပြီး ကေဘယ်လ်ကြိုးတန်းလန်းနဲ့ စကားပြောကြခြင်းကြောင့်ဖြစ်၏။ ယခုဖြစ်ပျက်မှုမှာ မိုးဘိုင်းကို အားလဲသွင်းမထား ကြိုးတန်းလန်းနဲ့လဲ မဟုတ်ဘဲ အလွတ်ပြောနေရင်း ပေါက်ကွဲခြင်းဖြစ်လေသည်။ ယခုချိန်ထိ ပေါက်ကွဲမှုဖြစ်ခဲ့သည့်နိုင်ငံတို့မှာ တရုတ် တောင်ကိုရီးယား နီပေါနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ကြ၏။

မနေ့တစ်နေ့ကမှ ဖုန်းအသစ်တစ်လုံး ၀ယ်ယူထားမိသည့် ကျွန်ုပ်သည်ပင်လျှင် ထိုဖုန်းကို အသုံးပြု ရသည်မှာ ခပ်လန့်လန့်ဖြစ်နေလေ၏။ တပ်ခ်ျစကရင်ဖြစ်နေသည်က ပိုပြီးကြောက်အားကို ပိုစေ၏။ အဘယ့်ကြောင့်ဆိုသော် တို့လိုက်ထိလိုက်လျှင် ဗိုက်ဘရေးရှင်း အားပြင်းသောကြောင့်ပင်ဖြစ်၏။

အထူးသတိပေးလိုသည်မှာ ချာဂျင်လုပ်ရင်း မိုဘိုင်းကို အသုံးမပြုဖို့ပင်ဖြစ်၏။ ချာဂျင်သွင်းခြင်းသည် မိုဘိုင်းထဲသို့ လျပ်စစ်ဓါတ်လွတ်ပေးခြင်းပင်ဖြစ်၏။ လျှပ်စစ်သည် မီးတစ်မျိုးဖြစ်၏။ မီးသည် ရန်သူမျိုးငါးပါးထဲမှ တစ်ပါးပင်ဖြစ်၏။ အမြဲတမ်းအန္တရာယ်ပေးနိုင်လေ၏။ (အားသွင်းရင်းတန်းလန်းမဟုတ်ဘဲ) အလွတ်အသုံးပြုလျှင်လည်း မိုဘိုင်းကို ရေမစိုစေဖို့အရေးကြီး၏။ ရေသည် မီး(လျပ်စစ်)၏ ဆန့်ကျင်ဘက်ဖြစ်၏။ ရေနှင့်မီးပေါင်းစပ်မိခြင်းသည် အခန့်မသင့်က အရာဝတ္ထုတစ်ခုကို ၀ုန်းဒိုင်း ပေါက်ကွဲစေတတ်၏။ ထို့ကြောင့် မိုဘိုင်းတိုင်းကို သတိထားပြီး အသုံးပြုစေချင်၏။ အသက်ကို ဥာဏ်စောင့်သည်မဟုတ်ပါလော။ ။

မူရင်း http://uk.news.yahoo.com/5/20100818/tod-phone-user-killed-by-his-exploding-m-870a197.html

..

Thursday 12 August 2010

အောင်နိမိတ်ထွန်းခြင်း

တစ်ည၌...
ကျွန်ုပ်သည် စာရေးစာဖတ်ရင်းဖြင့် မိုးစင်စင်လင်းသွား၏။ လန်ဒန်နွေရာသီသည် နေ့တာရှည်လွန်းလှပြီး ညတာတိုတောင်းလှ၏။ ထို့ကြောင့် မနက် လေးနာရီခွဲလောက်တွင် မိုးလင်းပြီတည်း။ မနက် ငါးနာခွဲခန့်၌ ခေါင်းမူးတူးတူးဖြစ်လာ၍ "အသက်ဥာဏ်စောင့် ဥစ္စာကံစောင့်" ဟူသော နိယာမအရ "အနားယူမှ တော်ကာကျမည်"ဟု စဉ်းစားပြီး ကွန်ပျူတာပိတ်ကာ စာရေးစာဖတ်ခြင်းအလုပ်ကို အနားပေးလိုက်ပြီး အိပ်ရာထက်၌ လှဲလျောင်းကာ မျက်စိကိုမှိတ်ပြီး အနားယူလေနေ၏။ မိုးစင်စင်လင်းပြီးသည့်ကစား အခန်းကို ကာတင်ခပ်ထူထူဖြင့်ကာရံပြီး အလုံပိတ်ထားသဖြင့် အပြင်က အလင်းရောင်တို့ကား အခန်းတွင်းသို့ မ၀င်ရောက်လာနိုင်ပေ။ အလင်းရောင်ရှိလျင် အိပ်ပျော်လေ့မရှိသည့် ကျွန်ုပ်အတွက် အိပ်စက်ဖို့ အဆင်ပြေလှ၏။

အိပ်တစ်ဝက် နိုးတစ်ဝက်အချိန်လေးတွင် အိပ်ရာအထက် အင်္ဂါထောင့် အပေါ်မျက်နှာကြက်တစ်နေရာမှ ၀တ်ဖြူစင်ကြယ် အဘိုးအိုတစ်ဦးဆင်းလာလေ၏။ အဘိုးအိုသည် ညာဘက်လက်၌ တောင်ဝှေးလိုလို အရာဝတ္ထုတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ဘယ်ဘက်လက်၌မူ အရောင်ပြိုးပြိုးပြက်ပြက်ရှိသည့် ရတနာအလုံးလေးတစ်လုံးကို ကိုင်ဆောင်ထားလေ၏။ ထိုအဘိုးအိုသည် ကျွန်ုပ်၏ ရှေ့တူရူအရပ်၌ မတ်တပ်ရပ်နေပြီး ကျွန်ုပ်အား....

"ကိုကိုမောင်ကို မစဖို့ အဘိုးလာခဲ့ရခြင်းဖြစ်ပေသည်။ အလိုရှိရာကို စဉ်းစားပြောကြားပါလော့"

ဟူ၍ ထူးဆန်းသည့်အသံ တည်ကြည်သည့် ဟန်ဖြင့် စကားကို တစ်လုံးချင်းစီ ပီပီသသကြီး ပြောကြားလေ၏။ ကျွန်ုပ်သည်လည်း အဘိုးအို၏ အသွင်သဏ္ဍာန်နှင့်စကားပြောဟန်တို့ကို အကဲခတ်လေ့လာပြီး အဘိုးအို၏ စကားကို အကြွင်းမဲ့ယုံကြည်သွားလေ၏။

"မင်္ဂလာပါ အဘိုးအို။ ကျွန်ုပ်သည် ယခုလက်ရှိအနေအထားဖြင့် နေရလျင်ကျေနပ်ပါပြီ။ ပိုပြီးချမ်းသာခြင်းကို တပ်မက်မောမှု မရှိလှပါ။ သို့သော် ဆင်းရဲတွင်းသို့ မ၀င်ရောက်နိုင်အောင်တော့ ကျွန်ုပ်ကို ကာကွယ်ပေးစေလိုပါသည်"

"အိမ်းး အိမ်းးး.. ဒီလောက်တော့ လွယ်လွယ်လေးပေပါ့။ ခက်ခဲမှု မရှိလှပေဘူး။ စိတ်သာချပါ။ ပြီးတော့ ကိုကိုမောင်တစ်ယောက် အများကြီး တိုးတက်ကြီးပွား ချမ်းသာဦးမည့် အရိပ်နိမိတ်ကိုလည်း အဘိုးမြင်တွေ့နေရပေသည်။ အတိတ်ကံအရမ်းကောင်းခဲ့သည့်အတွက် ကိုကိုမောင် မချမ်းသာချင်သော်လည်း ဒီထက်ပိုပြီး ချမ်းသာလာပါဦးမည်"

"ကျေးဇူးတင်လှပါသည် အဘိုးအို။ ကျွန်ုပ်ထပ်ပြီး အကူအညီတစ်ခုတောင်းလိုသည်။ အဘိုးအို ခွင့်ပြုမည်လော။ ကူညီပေးနိုင်မည်လော"

"ဘဇာကို ဆိုလိုသနည်း။ ပြောကြားလေလော့"

"ကျွန်ုပ်၏ စိတ်အစဉ်ကို ရွှင်လန်းအောင် ပြုလုပ်ပေးခဲ့ကြည့် အကို အမ ညီ ညီမ စုစုပေါင်း ၂၅ ယောက် ရှိခဲ့ဖူးပါသည်။ ထို ၂၅ ယောက်တို့အား အဘိုးအို ကြည့်ရှုစောင့်ရှောက် မစ ပေးတော်မူပါ။ အကုသိုလ်မဖက် ကုသိုလ်သက်သက်ဖြင့် သူတို့၏ ဘ၀များကို ကြီးပွါးချမ်းသာအောင် ကူညီပေးစေလိုပါသည် အဘိုးအို"

"အိမ်းး.. ကိုကိုမောင် တောင်းဆိုမှတော့ အဘိုးအို မငြင်းလိုပြီဘူး။ ကြည့်ရှုစောင့်ရှောက်ဖို့ အဆင်သင့်ပေဘဲ။ သို့ပေသည့် ထို ၂၅ ယောက်တို့၏ အိုင်ဒီကို အဘိုးအို သိလိုလှပေသည်။ ကိုကိုမောင် ရှာကြံပေးလေလော့"

"အဘိုးအို.. ထိုသူတို့၏ အိုင်ဒီဟူသည်မှာ အဘယ်ကို ဆိုလိုသနည်း။ ပိုပြီး ရှင်းသွားအောင် တစ်ဆိတ်လောက်တော့ ရှင်းပြစေလိုပါသည် အဘိုးအို"

"ဒါက သည်လို ရှိပေသည်။ သူတို့၏ အိုင်ဒီဆိုသည်မှာ ကိုကိုမောင်ကို စိတ်ချမ်းသာမှုဖြစ်အောင် သူတို့ဆောင်ရွက်ခဲ့ဖူးသည့် အထောက်အထားတစ်ခုခုဆို ရပေပြီ"

"ဒါဖြင့် သူတို့ ပြောခဲ့ကြသည့် စကားလုံးများစွာတို့က ကျွန်ုပ်အား စိတ်ဘ၀င်ချမ်းမြေ့မှု အပြည့်အ၀ ပေးခဲ့ပေသည်။ ထိုစကားလုံးတို့ကို အိုင်ဒီအနေနဲ့ ဖော်ပြပေးလိုက်လျင် အဆင်ပြေမည်လော အဘိုးအို"

"အိမ်းး ကောင်းပေစွ.. ကောင်းပေစွ။ သူတို့ပြောခဲ့ကြသည့် စကားတို့ကိုသာ တင်ပြလေလော့။ ထိုစကားတို့သည်ပင်လျင် သူတို့၏ အိုင်ဒီစစ်စစ်ဖြစ်စေပေအံ့"

ထိုကဲ့သို့ ကျွန်ုပ်နှင့် ၀တ်ဖြူအဘိုးအိုတို့ အချင်းချင်း စကားပြောခဲ့ကြပြီးနောက် ကျွန်ုပ်သည် အဘိုးအိုအား ကျွန်ုပ်ကို စိတ်ချမ်းသာမှုပေးခဲ့ကြသည့် ထို ၂၅ ယောက်တို့၏ ရင်တွင်းစကားတို့ကို ပြသလိုက်လေတော့၏။ အဘိုးအိုသည်လည်း ထို ၂၅ ယောက်နှင့် ထိုသူတို့၏ အိုင်ဒီဖြစ်စေမည့် စကားတို့ကို သေချာစွာ တစ်စိမ့်စိမ့် ဖတ်ရှုရင်း...

"အိမ်းး.. အိမ်းး သင့်မြတ်လှပါပေသည်။ ထိုသူတို့၏ စေတနာအမှန်ကို မြင်ရပေသည်။ ထို နှစ်ဆယ့်ငါးယောက်လုံးကို အောင်မြင်မှု ပန်းတိုင်ဆီ အရောက် ပို့ပေးမည်။ လုပ်ငန်းများ အောင်မြင်အောင် ကြည့်ရှုစောင်မပေးမည်။ ယုတ်စွအဆုံး ထိုသူများ ထီထိုးကြလျင်ပင် ထီပေါက်နိုင်အောင် အဘိုးဆောင်ရွက်ပေးမည်။ သို့သော် ၀၃ ၁၂ ၂၁ ၃၀ ၄၈ ၅၇ ၆၆ ၇၅ ၈၄ ၉၃ ဟူသော မင်္ဂလာဂဏန်းတို့ကို မမေ့ကြလေလင့်"

ဟု ပီပီသသပြောဆိုပြီးနောက် သူ့လက်အတွင်း၌ ရှိနေသည့် ရတနာအလုံးလေးကို ကျွန်ုပ်အား ပေးလေ၏။ ကျွန်ုပ်သည် ထိုရတနာအလုံးလေးကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေလက်ခံလိုက်လေ၏။ လက်တွင်းသို့ ထိုရတနာလေးလုံး ရောက်လာချင်းချင်းပင် ထိုရတနာလုံးလေးသည် လက်အတွင်း ငွေ့ရည်အဖြစ်ပြောင်းလဲသွားကာ ကျွန်ုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးထဲသို့ စီးဆင်းသွားလေတော့၏။ ခန္ဓာကိုယ်တစ်ပြင်လုံးလည်း အားအင်များ ပိုပြည့်ဖြိုးလာသကဲ့သို့ ခံစားရလေ၏။ ပိုပြီး လန်းဆန်းတက်ကြွလာလေ၏။ ထို့နောက် အဘိုးအိုသည်...

"အောင်စေ... အောင်စေ... အောင်စေ..."

ဟု လေးနက်စွာ ဆုပေးပြီး သူကိုင်ဆောင်ထားသည့် တောင်ဝှေးလိုလို အရာဝတ္ထုတစ်ခုဖြင့် ကျွန်ုပ်၏ ကျောပြင်သို့ လေးငါးခါမျှ အသာအယာ ပုတ်ပေးနေလေ၏။ ပြီးနောက် အဘိုးအိုသည် ထိုတောင်ဝှေးလေး၏ ထိပ်တစ်ဘက်ကို လက်နှစ်ဖက်ဖြင့် စုကိုင်ကာ ကျန်တစ်ဘက်ကို မြေကြီးပေါ် ထောက်ထားပြီး မျက်စိနှစ်လုံးကို စဉ်းငယ်မှိတ်၍ ပါးစပ်က ပွစိပွစိရွတ်ဆိုနေလေ၏။ ထိုမှနောက်တွင် အဘိုးအိုသည် ကျွန်ုပ်၏ ရှေ့မှောက်တွင်ပင် မူလရုပ်သွင်မှ တဖြည်းဖြည်း အရည်အငွေ့သဏ္ဍာန်ပြောင်းလဲကာ ပျောက်ကွယ်သွားလေတော့၏။

ကျွန်ုပ်သည်လည်း ထိုအဘိုးအို၏စကား အမှန်လေလား ယောင်ဝါးဝါးလေလား သိရှိရလေအောင် ထိုနေ့မှစ၍ ကျွန်ုပ်အား စိတ်ချမ်းသာမှုကို ပေးခဲ့ကြသည့် အထက်ဖော်ပြပါ ၂၅ ယောက်တို့၏ တုန့်ပြန်စကားများကို မျှော်လင့်စောင့်စားနေမိလေတော့သတည်း။ ။

ကံက ကံကို ကံအဖြစ် ကံပြု၏
ကိုကိုမောင်(ပန်းရနံ့)

...

ကျွန်ုပ်၏စိတ်ကို ကြည်နူးစေခဲ့သည့် ၂၅ မောင်မယ်များ

Blogger အဖြူရောင်နတ်သမီး said...

ကျွေး...ကျွေး...ရဝူး..ကျွေး...
မကျွေးမချင်း ထိုင်ကိုစောင့်နေမှာ...
ကိုကိုမောင့်မွေးနေ့မှာ မုန့်စားရေး...
ဒို့အရေးး..ဒို့အရေး...
ခေတ်ပျက်နေတယ်နော်...သိတယ်မလား..။

HAPPY BIRTHDAY ...KO KO MAUNG

Tuesday, 10 August 2010 03:02:00 PDT


Blogger Khun Thadar said...

ဟုတ်ပါ့ မွေးနေ့ရော မွေးရက်ရော
တိုက်တယ်နော်...
ခွန်လည်း အိမ်ကအစ်ကိုဆီကိုဖုန်း
မဆက်ရသေးဘူး။
ဒီ~~နှစ်မြောက်မွေးနေ့ကနေ
နောက်မွေးနေ့တွေ အများကြီးတိုင်အောင်
စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ဆန္ဒတွေ
ပြည့်ဝပါစေ.....

Tuesday, 10 August 2010 04:05:00 PDT


Anonymous ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုကိုမောင်ရဲ့ နှစ် ၅၀ပြည့် မွေးနေ့မှသည်
နောင်နှစ်ပေါင်း ရာကျော် တိုင်ပါစေ..း)
အင်း နှစ်တမ်း ၁၀၀ နေရမယ်ဆိုရင်တောင် တစ်ဝက်ကျိုးနေပြီဘဲနော်...
ဘုရားတရား များများလုပ်တော့ ကိုကိုမောင်ရေ...
ကိုယ့်နောက်ပါအောင် အထုပ်ကလေးပါလေး စုဆောင်းဦး..
ကဲ... ကျက်သရေဝေဖြာခညောင်းပြီး
မင်္ဂလာအပေါင်းနဲ့ပြည့်ဝတဲ့ မွေးနေ့ဖြစ်ပါစေ...
စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒအားလုံးပြည့်စုံပါစေ...
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံအောင်မြင်ပါစေသော်....


ခင်တဲ့
မချော

(အပေါ်မှာရေးခဲ့တဲ့ အသက်၅၀ကို လူတွေက နောက်တယ်ထင်နေရင်ဒုက္ခ .. အဲလေ .. တကယ်ထင်နေရင်ဒုက္ခ) :)

Tuesday, 10 August 2010 04:06:00 PDT


Blogger ကောင်းမွန်ဝင်း said...

ကိုကိုမောင်
မွေးနေ့မှာပျော်ရွှင်ချမ်းမြေ့ပါစေ။

အသက်ကအရေးမကြီးပါဘူး။
နုနေတာပဲဟာကို နော်။

Tuesday, 10 August 2010 06:01:00 PDT


Blogger နွေဆူးလင်္ကာ said...

ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ ....

Tuesday, 10 August 2010 06:10:00 PDT


Blogger မေဓာဝီ said...

မွေးနေ့မွေးရက် တိုက်ဆိုင်တဲ့အပြင် လကွယ်ဥပုသ်နေ့နဲ့လည်း တိုက်ဆိုင်တဲ့အတွက် အခါကြီးရက်ကြီးလို့ ပြောလို့ရပါတယ်။
မွေးနေ့မွေးရက်က တိုက်ဆိုင်ခဲတယ်နော်။ ဘယ်နှနှစ်ပြည့် မွေးနေ့မို့ တိုက်ဆိုင်တာလဲဆိုတာ သိနေတယ်နော် ... :P

အဲ မွေးနေ့ ဆုတောင်းရအုံးမှာပဲ ... မေ့တော့မလို့ ...
အဟမ်းးးးးး
မွေးနေ့ရက်မြတ် ၀ိဇာတ မင်္ဂလာ အခါသမယမှသည် ... နေ့တိုင်း ရက်တိုင်း မင်္ဂလာအပေါင်းနှင့် ပြည့်ဝပြီး ဆက်လက်၍ လောကီ လောကုတ် ကောင်းကျိုးအဖြာဖြာ သယ်ပိုးဆောင်ရွက်နိုင်ပါစေ .... ။
လျှောက်လှမ်းနေသည့် ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိနိုင်ပါစေ ... ။
ဂုဏ်သတင်းလဲ ပန်းရနံ့ကဲ့သို့ မွှေးပျံ့ကြိုင်လှိုင်နိုင်ပါစေ ... ။

Tuesday, 10 August 2010 06:13:00 PDT


Blogger Ko Min Htet said...

Birthday နေ့၊ Happy တွေ့၊ ပျော်မွေ့နိုင်ပါစေ၊
လက်ရှိဇနီး၊ ချစ်မငြီး၊ အပြီးကွာပါစေ၊
နောက်တစ်ယောက်တွေ့၊ တစ်သက်မေ့၊ အူခွေ့နိုင်ပါစေ၊
တစ်နှစ်တစ်ယောက်၊ တွေ့တိုင်းကောက်၊ မှတ်ကျောက်တင်နိုင်စေ။
ကိုကိုမောင်စန်း၊ လန်းထက်လန်း၊ ပွဲကြမ်းနိုင်ပါစေ။

း)

Tuesday, 10 August 2010 06:32:00 PDT


Blogger မိုးစက်အိမ် said...

Happy Birthday ပါအစ်ကိုရေ
မွေးနေ့ မှသည်နှောင်နှစ်ပေါင်းများစွာ
တိုင်အောင်စိတ်ချမ်းသာကိုယ်ကျန်းမာ
နဲ့ သာယာပျော်ရွှင်သောဘ၀တစ်ခုကို
ထူထောင်နိုင်ပါစေသားဗျာ . . . :)

Tuesday, 10 August 2010 07:12:00 PDT


Anonymous ဂျူးလိယက် said...

Happy Birthday ကိုကိုမောင်...
မွေးနေ့မှသည် ဘလောက်မှာ စာတွေ အများကြီး တင်နိုင်ပါစေ...
ဟီးဟီး ၀တ်ရည်လိုချင်တဲ့ ဆုပေးတာလေ။ ဒါမှ စာများများဖတ်ရမှာပေါ့.... :)

Tuesday, 10 August 2010 07:20:00 PDT


Blogger SHWE ZIN U said...

မွေးနေ့ ရှင်ကြီး ကျန်းမာချမ်းသာ ပျော်ရွှင်ပါစေဗျာ
အထူးဆုမွန်တောင်းလိုက်ပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Tuesday, 10 August 2010 07:52:00 PDT


Blogger Shinlay said...

လိုအင်ဆန္ဒများပြည့်စုံပါစေ။

Tuesday, 10 August 2010 07:53:00 PDT


Blogger ကိုဇော် said...

ဟားဟားဟား.....လူဇိုး...

ဟက်ပီး ဘတ်ဒေးပါဂျာ...

Tuesday, 10 August 2010 08:11:00 PDT


Anonymous မြစ်ကျိုးအင်း said...

Happy Birthday ပါဗျာ
ဆက်လက်ပြီး အရှိန်အဟုန်ပြင်းစွာဖြင့် မျောလွင့်နိုင်ပါစေ..
မွေးနေ့မှသည် အသက်ထက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေ။ ကိုကိုမောင်ရဲ့ ရည်မှန်းချက်ပန်းတိုင်လည်း ပြည့်ဝအောင်မြင်ပါစေ။

Tuesday, 10 August 2010 09:14:00 PDT


Blogger လင်းကြယ်ဖြူ said...

ပျော်စရာကောင်းတဲ့ နေ့ထူးလေးတစ်ခုပါပဲ...
အနာဂတ်လှလှ နဲ့ ချိုမြိန်မှုတွေ ..အများကြီး သုံးဆောင်
နိုင်ရင်း...
ပျော်ပါစေ..
*.*.*

Tuesday, 10 August 2010 09:27:00 PDT


Anonymous ပန်းနုနှင်းဆီ said...

ပျော်စရာမွေးနေ့ဖြစ်ပါစေရှင်။
ယနေ့မှ နောင်နှစ်ပေါင်းများစွာတိုင်
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျနိုင်ပါစေ။

Tuesday, 10 August 2010 09:48:00 PDT


Anonymous Anonymous said...

ဟဟဟား...
ွHappy birthday အတိုမှောင်
swe

Tuesday, 10 August 2010 09:49:00 PDT


Anonymous blackroze said...

ဟတ်ပီဘတ်ဒေးတူယူ(အမြှောက်)တသန်း

Tuesday, 10 August 2010 10:27:00 PDT


Anonymous Anonymous said...

ပျော်ရွှင်မွေးနေ့ဖြစ်ပါစေ ကိုကို

Tuesday, 10 August 2010 13:38:00 PDT


Blogger ယွန်း said...

ပျော်စရာမွေးနေ့ လေးဖြစ်ပါစေ..အဘရေ..
(အသက်မပြောထားတော့ အဘပဲခေါ်လိုက်တော့မယ် )
ဟဟဟ... :p

Tuesday, 10 August 2010 14:05:00 PDT


Blogger noblemoe said...

HAPPY BIRTHDAY TO U HAPPY BIRTHDAY U HAPPY BIRTHDAY U KO KO MAUNG HAPPY BIRTHDAY TO U ဖြောင်းဖြောင်း ဖြောင်း လက်ခုပ်သံ
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ....
ဘဝရည်မှန်းချက်ပန်းတိုင်ကို အခက်ခဲမရှိအမြန်ဆုံးရောက်နိုင်ပါစေ....
သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကိုလည်း ပိုင်နိုင်ပါစေရန်တောင်ဆုပြုပါတယ်ရှင်းးးးးးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး

ps: နှတ်ခမ်းမွှေးကြီးနဲ့ဦးလေးကြီးလို့ ထင်သွားပြီးDံ

Tuesday, 10 August 2010 19:25:00 PDT


Anonymous flowerpoem said...

Happy Birthday ကိုကိုမောင် ပျော်ရွင်ပါစေရှင်.
By the way ဘယ်နှစ်နှစ်မြောက်လည်းမပါဘူးနော်. . သူကြီးသက်တမ်းကလည်းမနည်းဘူးဆိုတော့ အင်း အနည်းဆုံး Over 60 ဖြစ်ရမယ် :P

Tuesday, 10 August 2010 21:26:00 PDT


Blogger ခိုင်နုငယ် said...

ဟက်ပီးဘက်ဒေးပါ..ကိုကိုမောင်ရေ..
ကဲ..ဘယ်နှစ်မြောက်မွေးနေ့မှန်းမသိတော့။
တော်သလို..သင့်သလိုပဲ..ဆုတောင်းပေးသွား
တော့မယ်။
မွေးနေ့မှသည်....နောင်နှစ်ပေါင်းများစွာတိုင်
ကိုယ်စိတ်စိတ်နှစ်ပါး..ကျန်းမာချမ်းသာစွာနဲ့
စာပေအကျိုးကိုဆက်လက်ရေးသားနိုင်ပါစေ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

Tuesday, 10 August 2010 23:45:00 PDT


Anonymous မဗေဒါ (၈၈) said...

ဟာလို... မစ္စတာ ကိုကိုမောင်..

မွေးနေ့ရေးတာပဲ.. `ဝေဝေ` တွေ `ဆွေဆွေ`တွေနဲ့ အကြွားပိုရသေးတယ်.. ကောင်လေး သူငယ်ချင်း ဇာတ်ကောင်လုပ်လည်း ရသားနဲ့.. ဒီလိုပါပဲ နိုင်ချန်ငှားမှာနေတာဆိုတော ပဲ များမှ တော်ကန်ကြာာာာာာာာာာာားမှာာာာာာာာာာာာာာာားးးး..။

မွေးနေ့မွန်ဖြစ်ပါစေလို့..။

မဗေဒါ (၈၈)

Wednesday, 11 August 2010 01:52:00 PDT


Blogger မောင်လေး said...

ဟတ်ပီး ဘတ်ဒေး ပါ တဂျီးကိုကိုမောင်ရေ....
မုန့်မစားရတာတော့ ဆိုးသဗျာ...။

Wednesday, 11 August 2010 05:54:00 PDT


Blogger မောင်မောင် said...

ပျော်ရွှင်ဖွယ်ရာမွေးနေ့ မှ သည် နှောင် အသက် ၁၂၀ ရှည်စေသော် သူကြီး ကိုကိုမောင်!
သူကြီးမင်းတာဝန်များ ကိုထမ်းဆောင်ယင်း နဲ့လည်း
သာယာဝပြောပါစေဗျာ။
ဆုတောင်းပေးလိုက်တယ်နော်။ :)

ကိုမောင်မောင်
ခေတ္တ ကဘူး

Wednesday, 11 August 2010 05:57:00 PDT

...

ကိုကိုမောင်၏ ကျေးဇူးတင်စကား။
မွေးနေ့ပွဲကို မအားတဲ့ကြားထဲ တကူးတကလာရောက်ပြီး အားပေးကြသည့် အထက်ပါ မိတ်ဆွေတို့အား ဘာတစ်ခုနဲ့မှ ဧည့်မခံလိုက်ရသည့်အတွက် ကျွန်ုပ် အလွန်ပင် အားနာလှပါသည်။ သိုက်သိုက်ဝန်းဝန်းလာရောက်ဆင်နွဲခဲ့ကြသည့်အတွက် အလွန့်အလွန်ပင် အားရကြည်နူးမှု ဖြစ်ရပါသည်။ မိတ်ဆွေအားလုံးကို အမှန်အကန်ပင် ရင်တွင်းက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လှပါသည်။ ထို့ကြောင့် မိတ်ဆွေတို့အား ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် မိတ်ဆွေတို့၏ နာမည်စာရင်းများကို ၀တ်ဖြူစင်အဘိုးအိုအား ပေးလိုက်လေသည်။ အနှေးနှင့်အမြန် အောင်မြင်မှုများ မိတ်ဆွေတို့ထံ ရောက်လိမ့်မည်ဟု မျှော်လင့်ပါသည်။ စောင့်မျှော်ရစ်ကြလေလော့။ မွေးနေ့မှာ ဧည့်ခံမကျွေးမွေးနိုင်ခဲ့သည့်အကြွေးကို မိတ်ဆွေတို့၏ အောင်မြင်မှုဖြင့် ကျေအေးစေအံ့။ အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ ။

ကံက ကံကို ကံအဖြစ် ကံပြု၏
ကိုကိုမောင်(ပန်းရနံ့)


.

Tuesday 10 August 2010

အရှိန်အဟုန်ဖြင့် မျောလွင့်ခြင်း


"ဟလို..ဟလို... ကိုကိုမောင်လား"

"ဟုတ်ကဲ့ပါခင်များ။ ဘယ်က ဆက်နေတာပါလိမ့်"

"မြန်မာနိုင်ငံကပါ"

"ဘယ်သူပါလဲ ခင်များ"

"အင်းး ဘယ်သူရမှာလဲ၊ နင့်သူငယ်ချင်းလေ။ မမှတ်မိဘူးလား။ ဝေေ၀လေ"

"အော်.. ဝေေ၀လား။ ဘာကိစ္စရှိလို့ ပိုက်ဆံအကုန်ခံပြီး ဖုန်းတွေ ဆက်နေရတာလဲ"

"အခုလို နေ့ကြီးရက်ကြီးမှာ နင်ဘာတွေလုပ်နေတာလဲဆိုတာသိချင်လို့"

"အမ်.. နေ့ကြီးရက်ကြီး "

ကိုကိုမောင်စဉ်းစားခန်းထုတ်နေလေ၏။ (ဓမ္မစကြာအခါတော်နေ့ကလဲ ပြီးခဲ့တာ ကြာရောပေါ့။ အာဇာနည်နေ့လဲ မဟုတ်နိုင်။ ၈လေးလုံးနေ့လဲ ကျော်ခဲ့ပြီ။ စက်တင်ဘာအထိမ်းအမှတ်နေ့လဲ မရောက်သေး။ ဘာနေ့ကြီးရက်ကြီးများပါလိမ့်နော်)

"ဘာနေ့ကြီးရက်ကြီးလေ ဝေေ၀"

"ဟောတော့.. တကယ်မသိတာလား။ မသိချင်ယောင်ဆောင်နေတာလား"

"မဟုတ်တာ ဝေရယ်။ ဟန်ဆောင်နေရဦးမှာလား။ ဒီမှာက အလုပ်တွေရှုပ်လို့ ခေါင်းကိုက်နေရတဲ့ကြားထဲ"

"ဘာအလုပ်တွေရှုပ်နေတာလဲ"

"ဒက်ဇာတေးရှင်းကိစ္စနဲ့ ခေါင်းမီးတောက်နေတယ်။ ဒက်လိုင်းက လှိုင်းလုံးကြီးလို လှိမ့်လှိမ့်လာပြီး အနားရောက်နေပြီ။ အခုအချိန်မှာ ငါ ဘာဆိုဘာမှကို မစဉ်းစားချင်တော့ဘူး။ ခေါင်းတွေလဲ ပူထူနေကုန်ပြီ။ အလည်သွားနေကျ ဘလော့တွေဆီတောင် သိပ်မသွားနိုင်ဘဲ ဖြစ်နေတာ။ သူတို့ကို အားနာနေရတဲ့ကြားထဲ။ နင်က တစ်မှောင့်။ ကဲ.. ကဲ.. ရှည်ရှည်ဝေးဝေး စကားပလ္လင်ခံမနေနဲ့တော့။ တဲ့တိုးကြီးသာ ပြောချလိုက်။ ဒီနေ့က ဘာဖြစ်လို့ နေ့ကြီးရက်ကြီးလို့ ဝေပြောရတာလဲ"

"တကယ်မသိဘူးပေါ့"

"တကယ်ပါဆို။ ငါ စိတ်မရှည်လိုက်တာနော်"

"အော်... နင် ဂေါက်သွားပြီထင်တယ်နော်။ ဒီနေ့က နင့်မွေးနေ့လေ။ ပြီးတော့ မွေးလ မွေးရက် မွေးနေ့ အားလုံးတိုက်ဆိုင်နေတယ်"

"ဟေ.. ဟုတ်လား"

"အင်း.. အဲဒါကြောင့် ဟက်ပီးဘတ်ဒေးလုပ်မလို့ ပိုက်ဆံအကုန်ခံပြီး ဖုန်းဆက်လိုက်တာကို။ တကထဲ။ ပဲ များနေလိုက်တာ။ အင်္ဂလန်က ပြန်လာရင် နင် အဲဒီပိုက်ဆံတွေ ပြန်လျော်ပေးရမယ်"

ကိုကိုမောင်တစ်ယောက် နှစ်တစ်ရာပြက္ခဒိန်ကို လှန်ကြည့်ပြီး ခေါင်းတညိတ်ညိတ်ရှိလေနေ၏

"အေးဟ.. ဟုတ်သားဘဲ။ ဒီနေ့ ငါ့မွေးနေ့ကြီးပါလား။ အံမယ်.. အံမယ်.. မွေးနေ့မွေးရက် ကွက်တိကြီးပါလား"

"ဘယ်နှစ်နှစ်မြောက် မွေးနေ့ပါလိမ့်" ဟု စဉ်းစားကာ ကိုကိုမောင်တစ်ယောက် လက်ချိုးပြီး တိုးတိုးတိတ်တိတ်ကလေး စိတ်ထဲကရေတွက်နေလေ၏။

("တစ်... နှစ်.... သုံး... လေး.......... နှစ်ဆယ်.. နှစ်ဆယ့်တစ်... နှစ်ဆယ့်ခုနစ်.... အင်း.. တော်ပါပြီ။ ဆက်မရေတွက်တာဘဲ ကောင်းပါတယ်။ တော်ကြာ ငါ့ကို အသက်ကြီးကြီး နှုတ်ခမ်းမွေးကြီးနဲ့လို့ ထင်နေကြပါဦးမယ် :D")

"အဲဒါ နင်ဘာကျွေးမှာလဲ"

"ဟာ.. လန့်လိုက်တာဟာ နင်ကလဲ။ ငါ တွေးနေတာလေးတောင် ပျက်သွားပြီ။ ငါက ဘာကျွေးရဦးမှာလဲဟ။ နင်နှင့်ငါက အဝေးကြီးဘဲ ဥစ္စာ"

"ကပ်စေးကလဲ နှဲလိုက်တာ လွန်ရော။ ပါးစပ်ကလေးနဲ့ ကျွေးရမှာတောင် နှမြောနေလိုက်တာ။ အမြင်ကို ကပ်တယ်"

"ငါ ဒီကနေ ပြန်လာမှ အ၀ကျွေးမယ်။ ဒီနေ့တော့ နင်လဲ ငါ့မွေးနေ့မှာ ကုသိုလ်ရအောင် ကိုးပါးသီလခံပြီး ဥပုသ်စောင့် တရားထိုင် ဘုရားစာတွေရွတ်ပေးနော်။ ပြီးတော့ ငါးကလေးတွေ ငှက်ကလေးတွေလဲ လွတ်ပေးဖို့ မမေ့နဲ့ဦး။ ကြားလား။ နင်က လိမ္မာပါတယ် ဟဲ ဟဲ"

"တော်ပီ.. တော်ပီ..။ နင်များဝမ်းသာမလားဆိုပြီး တကူးတကဆက်နေတဲ့ဟာကို။ အစကတော့ နင့်ကို ဟတ်ပီးဘတ်ဒေးတူယူ ဆိုပြီး အကြီးကြီး(အသံအကျယ်ကြီး) ဆုတောင်းပေးမလို့။ အခုတော့ နင်လုပ်ပုံကြောင့် ငါစိတ်ဆိုးသွားပြီ။ ငါ နင့်ကို အဲဒီလောက်ကြီး ဆုတောင်းမပေးနိုင်တော့ဘူး။ ဒါကြောင့် သေးသေးလေး(အသံတိုးတိုးလေး)ဘဲ ဆုတောင်းပေးလိုက်တော့မယ်။ ဟတ်ပီးဘတ်ဒေး တူယူ ပါဒါဘဲ"

"(အင်း... သူကလဲ တစ်မျိုးပါလားနော်) ကျေးဇူးအထူးတင်ပါတယ်ဗျာ။ ဒါဘဲနော်"

"ဂွပ်"

ကိုကိုမောင်တစ်ယောက် သူ မ"ဂွပ်"ခင် အရင် "ဂွပ်" လိုက်ပြီး သူ့ဘာသာသူ စာလုံးအကြီးကြီးဖြင့် အကြိမ်ပေါင်းများစွာ ဆုတောင်းနေလေတော့၏။

"ဟတ်ပီး ဘတ်ဒေး တူမီ ကိုကိုမောင်" (အကြိမ်တစ်သန်းတိတိဆိုရန်) :D

...

Sunday 8 August 2010

အဖေမြင်ချင်တဲ့ မိသားစုထမင်းဝိုင်းလေး

ဆူးခင်းတဲ့ ရိုးပြတ်တွေကို
ချွေးနှင့်ရင်း သွေးနှင့်ခင်းပြီး
အဖေခုတ်ရှင်းခဲ့တဲ့ ယာတစ်ကွက်
သားတို့တစ်သက်
မြိုးမြိုးမြက်မြက်ကလေးရှိနေခဲ့ပြီအဖေ။


တုတ်ထိုး နွယ်ရစ်
ဆူးခြစ် ငုတ်စူး
တောရိုင်းတွေ လှုပ်အလူးမှာ
မူးမေ့မတတ် ထိပါးခံခဲ့ရပေမဲ့
"မိသားစု ထမင်းဝိုင်းလေး
သိုင်းသိုင်းဝန်းဝန်းနဲ့
အချင်းချင်း ရိုင်းပင်းကူညီလို့
တူညီတဲ့ စိတ်ဓါတ်ကလေးတွေ ရှိနေကြရင်
အဖေ ကျေနပ်ပြီ" တဲ့လား အဖေ။


ယာကွက်ကို ယာညက်အောင် မထွန်နိုင်ခင်
တမလွန်ကို အဖေ တာထွက်စော
အမေ့အသက်ပါ နှောလိုက်ရတော့
သားတို့ ရင်မောရတာပေါ့ အဖေ။


အခုဆိုရင်..
အကိုကြီးက ခပ်ရိုင်းရိုင်း
အကိုလတ်က ထင်ရာစိုင်း
ညီငယ်တွေက ခပ်မှိုင်းမှိုင်းနဲ့
အဖေ မျှော်မှန်းခဲ့တဲ့ ထမင်းဝိုင်းလေး
သိုင်းသိုင်းဝန်းဝန်း မဖြစ်သေးဘူး အဖေ။


မာနတွေ တက်ပြီး
အဖေချန်ခဲ့တဲ့ ယာတစ်ကွက်ကို
မသာဖျက်သလို လုယက်
မိသားစု ဂယက်လေး ထနေခဲ့ရပြီ အဖေ။


တစ်နေ့ရွှေ
တစ်နေ့ငွေ
မသေသေးသရွေ့ မျှော်မှန်း
ရော်ရမ်းနေမိတဲ့ ပန်းတိုင်
စိတ်ခိုင်ခိုင်ထားပြီး
အားထုတ်ကြိုးစား
သား
မိသားစု ထမင်းဝိုင်းလေး ပြန်တည်ဆောက်မယ် အဖေ။


အကိုကြီးကို နားချ
အကိုလတ်ကို တရားပြ
ညီငယ်တွေကို သွား မစ ပြီး
သားဘ၀ကို ပုံအပ်နှင်း
အချင်းချင်း ညီညွတ်စေရမယ် အဖေ။


အဖေဖြစ်ချင်တဲ့ ဆန္ဒ
အမေ အပြစ်မတင်တဲ့ အမှန်ဘဝ
ကျန်သမျှ ယာကွက်ကို
တက်ညီစွာကြိုးစားပြီး
မိသားစု ထမင်းဝိုင်းလေး ရှင်သန်ဖြစ်ခဲ့ရင်
တမလွန်ကနေ
အဖေ..
ကျေနပ်ပါတော့ အဖေ။ ။

....

Friday 6 August 2010

ကိုကိုမောင်


ကိုကိုမောင်
ပျင်းနေပါတဲ့ ကိုကိုမောင်
ဖျင်းနေပါတဲ့ ကိုကိုမောင်။


ဟိုချောင်မှာ ဟိုကောင်များရယ်နဲ့
ကိုကိုမောင် အိုအောင်ပျင်းလောက်တယ်
မြင်းမို့ရ်နတ်တောင်။


ဘလော့လေးကိုလ
သော့ရေးမကွဲ့ စုတ်တံတင်
ရုပ်သွင်က အလန်း။


ပျင်းစိတ်ရယ်ပို
ကင်းလိပ်လို ဟန်ပိုပိုနဲ့
အမ်အေကို ကြံစည်လိုက်ပုံက
ဘိလပ်မှာ သိမှတ်လောက်ပါရဲ့
ကိုကိုမောင် ပျိုပျိုရှောင်လို့ရယ်
အောင် နိမိတ်မှန်း။ ။


မှတ်ချက်။
ဆရာမင်းသုဝဏ်၏ သပြေညို အလိုက်ဖြင့် ရေးသားခြင်းဖြစ်သည်။ ထိုသပြေညို အလိုက်ဖြင့်ပင် ချစ်မှတ်တိုင် နှင့် ကညာပျို အမည်ရှိ ကဗျာနှစ်ပုဒ်ကို ကျနော်ရေးခဲ့ဖူးသည်။ ။

..

Wednesday 4 August 2010

ဒါဘဲ "ဂွပ်"


တစ်နေ့၌ ကိုကိုမောင်တစ်ယောက် ပျင်းရိရိဖြစ်လာသဖြင့် ဂျီတော့ခ်ကို ဖွင့်ထားကာ ဘလော့တကာ လျောက်လည်ပြီးနောက် သူ့ဘလော့ထဲ၌ သူရေးခဲ့ပြီးသည့် ပို့စ်အဟောင်းများကို ပြန်လည်ဖတ်ရှု စစ်ဆေးနေလေ၏။ ထိုအခိုက် ချစ်သူလေး အွန်လိုင်းပေါ် တက်လာကာ.. တတုံ...တုံ... ခေါ်နေလေ၏။ ကိုကိုမောင်လဲ ပြန်ပြီး အမ်ဆာလုပ်လိုက်၏။

"ဟာ.. ချစ်လေးလား။ တိုက်ဆိုင်လိုက်တာ။ ကိုလဲ ခုနကမှ အွန်လိုင်းပေါ်တက်လာတာ။ ချစ်လေး တက်လာတာနဲ့ ကွက်တိဘဲ"

"သိနေတယ်လေ။ ဒီအချိန်ဆို ကို အွန်လိုင်းမှာ ရှိတတ်တာ။ ဒါကြောင့် တက်လာတာ"

"ဟုတ်လား။ ၀မ်းသာလိုက်တာ အချစ်လေးရေ.."

"ချစ်လဲ ကိုနဲ့တွေ့ရတာ ပျော်တယ်။ ဒါနဲ့ အခု အွန်လိုင်းမှာ ဘာလုပ်နေတာလဲ"

"ကိုလား။ ဟိုလေ... ကိုရေးခဲ့ပြီးသား ပို့စ်အဟောင်းတွေကို ပြန်ဖတ်နေတာ။ ဟိုတုန်းက ရေးခဲ့တာနဲ့ အခုရေးနေတာ ဘာကွာသလဲပေါ့။ ဟိုတုန်းက စရေးကာစဆိုတော့ ဖတ်ရတာ ထစ်ထစ်နေသလိုဘဲ။ အခုမှ ဖတ်ရတာ နဲနဲချောလာတယ်။ အခုဆိုရင် ဘလော့ကို တစ်ရက်တစ်ခါလောက်မှ မဖွင့်ရရင် စားမ၀င်အိပ်မပျော်အောင် ဘလော့ရောဂါဖြစ်နေပြီ။ ကိုကလဲ သူများ ဘလော့ကို သွားလည်လိုက်။ ကွန်မင့်ပေးလိုက်။ သူတို့ကလဲ ပြန်လိုက်လာပြီး ကို့ပို့စ်တွေကို ဖတ်လိုက် ကွန်မင့်ပေးလိုက်နဲ့။ ပျော်စရာကြီးနော် ချစ်လေး။ ဟိုတစ်လောကဆိုရင် ကိုရေးထားတဲ့ ပို့စ်ကို လာဖတ်ကြတဲ့သူတွေ တစ်ရက်ထဲနဲ့ လေးရာကျော်ရှိတယ်။ အဲဒါတွေက ကိုတို့လို ဘလော့ဂါတွေအတွက် အားဆေးတစ်ခွက်ပေါ့ ချစ်လေးရယ် နော်.. နော်လို့.."

"ဘာ.. ဘာပြောတယ်။ ချစ်သူတစ်ယောက်လုံးကို ဥပေက္ခာပြုထားပြီး သူ့ဘလော့အကြောင်းဘဲ ပြောနေလိုက်တာ။ အနားမှာရှိရင်လေ နှုတ်နှုတ်စင်းပစ်လိုက်တယ်။ သက်မဲ့ဖြစ်တဲ့ ဘလော့လေးကိုတောင်မှ ချစ်သူထက်ပိုချစ်နေသေးရင် ရှင့်ကို ဘယ်လိုယုံရမှာလဲ။ ရှင် ဆုံးဖြတ်။ ဘလော့နှင့်ချစ်သူ ဘယ်သူ့ကို ရွေးမှာလဲ။ ချစ်သူကိုကျတော့ တစ်ရက်ကို အီးမေးလ်လေးတစ်ကြောင်းတောင် ရေးပို့ဖော်မရဘူး။ ရှင်နော်။ စိတ်ပျက်လာပြီ။ မပြောချင်တော့ဘူး။ ဒါဘဲ"

"ဂွပ်"

ထိုကဲ့သို့ ကြိမ်းမောင်းကာ ဂျီတော့ခ်မှ အောက်သွားလေ၏။
...


တစ်နေ့၌ လန်ဒန်မှာ မိုးဖွဲဖွဲလေး ရွာသွန်းနေ၏။ ထိုအခိုက်၌ ကိုကိုမောင်သည် ချစ်သူလေးကို သတိရပြီး ဖုန်းလှမ်းခေါ်လိုက်၏။

"ချစ်လေးရေ... အခုဆိုရင် အပြင်မှာ မိုးဖွဲဖွဲလေးရွာနေတယ်။ အလွမ်းဓါတ်ခံရှိတော့ လွမ်းချင်စရာကြီး။ ချစ်လေးကို အရမ်းသတိရတာဘဲကွာ"

"ချစ်လဲ ကို့ကို အရမ်းသတိရတာဘဲ။ ဒီမှာက မိုးသိပ်မရွာသေးဘူး။ အိုက်စပ်စပ်နဲ့။ ကိုရှိတဲ့ဆီကိုသာ အပြေးလေး လာခဲ့ချင်ပါတော့တယ်"

"တစ်နေ့နေ့ပေါ့ ချစ်ရယ်... ကိုတို့ ငယ်ငယ်တုန်းက ဆိုရင်လေ အခုလို မိုးလေးတွေ ဖွဲဖွဲနဲ့ တောင်ပြန်လေ တသဲသဲဖြစ်ပြီဆိုရင် လယ်ကန်ဆင်း တစ်လျောက်သူငယ်ချင်းတွေနှင့်အတူ ပြေးလွှားဆော့ကစားပြီး စပါးပင်ရနံ့ သင်းသင်းလေးကို ရှူရှိုက်ရတာ အရမ်းအရသာရှိတာဘဲ။ ဆော့လို့အားဝမှ ချောင်းထဲဆင်းပြီး ရေချိုးကြတာလေ။ အေးမာတို့ ယုယတို့ ကြည်ဦးတို့ဆိုရင် ကို့ငယ်သူငယ်ချင်းတွေပေါ့။ အော်... ပြောရင်း ဆိုရင်း တောရနံ့လေးတွေ သင်းသင်းပျံ့အနံ့ရလာသလိုဘဲ။ ချစ်လေးကကော မိုးရွာရင် ကို့ကို သတိမရဘူးလား"

"ဟင်းးး ရှင်က ချစ်သူတစ်ယောက်လုံးအနားမှာ ထားပြီး တောခြုံအုံခြားက သူ့ငယ်ချစ်ဟောင်းတွေကို သတိရနေတယ်ပေါ့။ ချစ်သူတစ်ယောက်လုံး ရှေ့ မှာ ထားပြီး တစ်ခြားကောင်မလေးတွေ အကြောင်း စဉ်းစားနေတာဟာ ချစ်သူကို သစ္စာဖောက်တာဘဲ။ ရှင်ဟာ အလကားလူ။ သစ္စာမဲ့တဲ့သူ။ ရှင့်ကို စိတ်ကုန်သွားပြီ။ စကား ဆက်မပြောချင်တော့ဘူး။ ဒါဘဲ"

"ဂွပ်"

ထိုကဲ့သို့ ပေါက်ကွဲပြီး ဖုန်းချသွားလေ၏။
...


တစ်နေ့၌ ကိုကိုမောင်တစ်ယောက် ကျောင်းသွားရင်း ချစ်သူလေးကို သတိရနေသဖြင့် လန်ဒန်တက္ကသိုလ်ထဲမှနေပြီး ဖုန်းလှမ်းဆက်လိုက်၏။

"ချစ်လေးရေ.. အခုဆို ကိုက လန်ဒန်တက္ကသိုလ်ထဲမှာလေ။ တက္ကသိုလ်နားမှာ ဗြိတိသျှပြတိုက်ကြီးလဲ ရှိတယ်လေ။ အချိန်ရရင် ကိုကတော့ ပြတိုက်ထဲ သွားလည်နေကျ။ အလကား ၀င်ကြည့်လို့ရတယ်"

"ဟုတ်လား။ အခု အတန်းမရှိဘူးလား"

"အတန်းက အခုတင်လေး ပြီးလာတာလေ။ ဒါကြောင့် ချစ်လေးကို သတိရလို့ ဖုံးလှမ်းဆက်လိုက်တာ"

"အော်... ဒါနဲ့.. ကိုတို့ အတန်းထဲမှာ မိန်းခလေးတွေ မပါဘူးလား"

"ပါတယ် အများကြီးဘဲ"

"ဘယ်နိုင်ငံကတွေလဲ မသိဘူး"

"ဂျပန် တရုတ် ထိုင်ဝမ် ထိုင်း။ စုံနေတာပါဘဲ။ ဟို ထိုင်းမလေးတစ်ယောက်ဆိုရင် အရမ်းချောတယ် သိလား"

"အော်... ရှင်က သူတို့နှင့်တွေ့ပြီး ချစ်သူလေးကိုတော့ မေ့နေပြီပေါ့လေ"

"မမေ့ပါဘူး ချစ်လေးရယ်။ သူတို့အလှအပတွေက ကို့နှလုံးသားကို မလှုပ်ရှားစေနိုင်တော့ပါဘူး။ ကို့ရင်ထဲမှာ ချစ်လေးတစ်ယောက်ထဲဘဲ ရှိတာပါ"

"အင်း... အဲဒါ ကောင်းတယ်"

"ဒါနဲ့... စကားမစပ်.. ချစ်လေးရဲ့ ဟိုတစ်ယောက်ကကော ဘယ်နေရာ ရောက်နေလဲ မသိဘူး"

"ဘယ်သူ့ကိုပြောတာလဲ"

"ဟိုကောင်လေးလေ။ ချစ်လေးကို အသေရရအရှင်ရရ ဇွတ်လိုက်ကြိုက်နေတဲ့ ချာတိတ်လေးကိုပြောတာ"

"သူ့အကြောင်း လာမမေးနဲ့။ စိတ်မ၀င်စားဘူး။ စိတ်ထဲမှာ နဲနဲလေးမှ သူ့ကို မနှစ်သက်ဘူး"

"ကိုက သိချင်ရုံသက်သက်ပါ။ ချစ်လေးကိုလဲ စိတ်ထဲမှာ ယုံကြည်ပြီးသားပါ"

"အဲဒီလောက်သိချင်ရင် ပြောပြမယ်။ သူလဲ အခု လန်ဒန်မှာဘဲ။ ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတာ။ မြန်မာနိုင်ငံကိုလဲ ပြန်မလာတော့ဘူးတဲ့။ ပြီးတော့ သူကမထင်မရှားနဲ့ နေနေရတာ"

"အော်.. အဲဒီလိုလား။ အဲဒီအကြောင်းတွေကို သိနေတယ်ဆိုတော့ ချစ်လေးက သူနှင့် အီးမေးလ်အဆက်အသွယ် အမြဲရှိနေပုံရတယ်နော်"

"ရှင်.. ဘာစကားပြောတာလဲ။ လူကို လာမစော်ကားနဲ့။ ဘုရားစူးရချေရဲ့။ သူနှင့်အီးမေးလ်အဆက်အသွယ် လုံးဝမရှိဘူး။ သူ့မိဘတွေနှင့်ကျမမိဘတွေက ရင်းနှီးပြီးသားတွေ။ မကြားချင်မှအဆုံး သူတို့မိဘတွေက အိမ်လာပြီး သူ့အကြောင်းဘဲ ပြောပြောနေကြတယ်။ ဒါကြောင့်မို့ သူ့အကြောင်းကို ဒီလောက်သိနေတာ။ သူ့ကို စိတ်ဝင်စားရင် ယူပြီးသာ ကြာရောပေါ့။ နှစ်ဘက်မိဘတွေက ပေးစားချင်နေကြတာ။ ကျမက သူ့ကို ဘယ်လိုမှ ချစ်လို့ရတာမဟုတ်ဘူး။ ရှင်က သက်သက်မဲ့ကျမကို မယုံမကြည်ဖြစ်နေတာ။ အဲဒါ ကျမကို စော်ကားတာဘဲ။ တော်ပီ တော်ပီ။ ရှင်နှင့်စကားဆက်ပြောရင် ကျမ လွန်ရာကြကုန်ရော့မယ်။ ဒါဘဲ"

"ဂွပ်"

ထိုကဲ့သို့ ကရားရေလွတ်ပြောဆိုပြီး ဖုန်းချသွားလေ၏။
...


တစ်ခုသောဆန်းဒေး၌ ကိုကိုမောင်တစ်ယောက် အင်းမရိတ်(အာစင်နယ်)ဘောလုံးကွင်းထဲ ၀င်ရောက်ပြီး တတိယတန်းထိုင်ခုံတစ်ခု၌ ထိုင်ပြီး ဇိမ်ကျစွာ အင်းမရိတ်ဖလားဘောလုံးပြိုင်ပွဲကြီးကို ထိုင်ကြည့်နေလေ၏။ ထိုသို့ထိုင်ကြည့်နေစဉ် မြန်မာနိုင်ငံရှိ ချစ်သူလေးထံသို့ မိုဘိုင်းဘုန်းဖြင့် လှမ်းခေါ်ပြီး စကားပြောနေလေ၏။ သတိလဲရ အာစင်နယ်ကွင်းထဲက ဖုန်းပြောရတာလဲ ကြွားချင်၍ ဖြစ်၏။

"ချစ်ရေ.. အခု ကိုဘယ်မှာလဲ သိလား"

"သိဘူးလေ ပြောပြပါလား"

"အာစင်နယ်ဘောလုံးကွင်းထဲရောက်နေတယ်လေ
"

"ဟင်.. ဟုတ်လား"

"ဟုတ်တယ်ချစ်လေး"

"ဘောလုံးပွဲရှိလို့ သွားကြည့်တာလား"

"ဟုတ်တယ် ချစ်လေး။ အာစင်နယ်အသင်းနှင့်ဆဲလ်တစ်အသင်း အခုကန်နေကြတယ်"

"ပျော်စရာကြီးနေမှာနော်။ အာစင်နယ်ဘောလုံးအသင်းက နာမည်ကြီးဘဲ။ ချစ်လဲ ကိုနှင့်အတူထိုင်ကြည့်ချင်လိုက်တာ"

"ကြည့်ရမှာပေါ့ ချစ်ရယ်.. တစ်နေ့နေ့ပေါ့.. ဟော ပြောရင်း ဆိုရင်း ၀ဲလ်ကော့ ဘောလုံးဆွဲလာပြီ။ ဘေးစည်းနား ဖြတ်ကာ ဖြတ်ကာနဲ့ လိမ်ခေါက်ပြီး ဆွဲလာတယ်။ ဂိုးဧရိယာရှေ့ နားရောက်လာပြီ။ လိမ်တယ်။ လိမ်တယ်။ တစ်ယောက် နှစ်ယောက် သုံးလေး လေးယောက်။ ဆဲလ်တစ်နောက်တန်းလူ လေးယောက်ကို လိမ်ခေါက်ပြီး ဂိုးစည်းရှေ့ ရောက်လာပြီ။ ဟိုဘက်က နာဇရီကလဲ ပြေးလိုက်လာတယ်။ ဟော... ၀ဲလ်ကော့က နာဇရီကို ထိုးပေးလိုက်ပြီ။ နာဇရီက နောက်တန်းလူနှစ်ယောက်ကြားထဲက လှလှပပဘဲ ကန်သွင်းလိုက်တယ်။ ဂိုး... ဂိုး .. ဂိုးး။ ချစ်လေးရေ ဂိုးသွားပြီ။ ဟေး ဟေး ဟေး..."

"ဟင်... ရှင်က ချစ်သူတစ်ယောက်လုံးကို ဘေးဖယ်ထားပြီး ဘောလုံးကိုဘဲ အားပေးနေတယ်ပေါ့။ ဒီမှာ ဖုန်းတန်းလန်းကြီးနဲ့ နားတွေလဲပူနေပြီ။ အမှန်ဆို ရှင်က ကျမကို ချစ်တာမဟုတ်ဘူး။ ဘောလုံးကိုဘဲ ချစ်တာ။ ဘောလုံးလောက်မှ အချစ်မခံရတဲ့ ချစ်သူဖြစ်ရတာ ရှက်ဖို့ကောင်းတယ်။ တော်ပြီ ရှင့်ကို စိတ်ကုန်သွားပြီ။ ဒါဘဲ"

"ဂွပ်"

ထိုသို့ပြောရင်း ချစ်သူလေးက ဖုန်းချသွားလိုက်လေတော့၏။
....


တစ်နေ့၌
ယူကေမြန်မာအသင်းကြီးက ကြီးမှူး၍ မြန်မာနိုင်ငံမှ နာမည်ကြီး သရုပ်ဆောင်အချို့ ကို ဖိတ်ခေါ်ပြီး ရှိုးပွဲတစ်ခုသွင်းပေးလေ၏။ နေတိုး ထွန်းထွန်း ကျော်ကျော်ဗို မိုးယုစံ ဂျင်နီ တို့ ပါဝင်လေ၏။ ထိုရှိုးပွဲသို့ ကိုကိုမောင် သွားရောက် မကြည့်ရှုဖြစ်ခဲ့ပါ။ သို့သော် ထုံးစံအတိုင်း ချစ်သူလေးထံသို့ ဖုန်းခေါ်ပြီး ထိုပွဲအကြောင်းကို ပြောဖြစ်လေ၏။

"ဟလို.. ချစ်လေးလား"

"ဟုတ်ပါတယ်။ ကို အခုဘာလုပ်နေလဲ"

"ဘာမှ လုပ်မနေပါဘူး။ ချစ်လေးသိလား။ မြန်မာနိုင်ငံက သရုပ်ဆောင်တွေ ဒီကို လာကြတယ်လေ"

"သိသားဘဲ။ အဲဒီအထဲမှာ နေတိုးပါတယ်လေ။ နေတိုးက တကယ်ချောတယ်နော် ကို။ မျက်နှာကလဲ ချိုတော့ ချစ်ဖို့ကောင်းတယ်။ ပြီးတော့ ဖော်ရွှေပုံလဲရတယ်။ သူကတော့ နောက်ဆို လျှမ်းလျှမ်းတောက် နာမည်ကြီး ဖြစ်ဦးမှာ သေချာတယ်"

"ဟုတ်တယ်ချစ်လေးရ... သူက ချောတယ် မဆိုးဘူး။ ဒါပေမဲ့ ကို့အတွက်ကတော့ မိုးယုစံလေးကမှ တကယ်ချော တကယ်လှတာ။ အေးအေးလေး နေထိုင်တတ်တယ်။ မျက်နှာကလဲ ကြည့်လိုက်ရင် အေးချမ်းလို့ဘဲ။ ယဉ်ယဉ်ကျေးကျေးလေး။ မာနလဲ ရှိပုံမပေါ်ဘူး။ အသက်ကလဲ ၁၉ နှစ်ဘဲ ရှိသေးတယ်တဲ့။ သူစကားပြောတဲ့စတိုလ်ကလေးကလဲ အရမ်းချစ်စရာကောင်းတာ။ နောက်ဆိုရင် ကိုကတော့ သူ့ကို အားပေးနေမှာ သေချာတယ်"

"ဘာ... ဘာပြောတယ်။ သူ့ကို ချစ်စရာလား။ ကြည့်စမ်း။ ချစ်သူတစ်ယောက်လုံးရှိနေရဲ့သားနဲ့ တစ်ခြားမိန်းခလေးအကြောင်းကို မြိန်ရည်ယှက်ရည်ပြောနေလိုက်တာ။ ရှင်တို့ယောက်ျားတွေက ဒီလိုမျိုးတွေချည်းဘဲလား။ အချောအလှမြင်တိုင်း ငမ်းငမ်းတက်ဖြစ်နေတတ်ကြတာလား။ ရှင့်ကို ချစ်ရတာ ပင်ပန်းလိုက်တာ။ စိတ်ချချင်စရာ ဘာတစ်ခုမှ မရှိဘူး။ တော်ပီ။ မပြောချင်တော့ဘူး။ စိတ်တိုလာပြီ။ ဒါဘဲ"

"ဂွပ်"

ထိုသို့ကဲ့ တောင်စဉ်ရေမရပြောဆိုပြီးဖုန်းချသွားလေ၏။
....


တစ်နေ့၌ ချစ်သူလေးသည် အလုပ်တစ်ခုဖြင့် နယ်ဘက်ခရီးထွက်နေလေ၏။ ကိုကိုမောင်သည် ချစ်သူလေး အားငယ်နေမှာ စိုး၍ ဖုံးဆက်ပြီး အားပေးစကားပြောနေ၏။

"ချစ်လေးရေ... အခု ဘယ်ရောက်နေလဲ"

"မြန်မာနိုင်ငံအထက်ပိုင်းမှာလေ"

"ပျော်စရာကောင်းလား"

"ပျော်စရာကောင်းတယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ ကိုရယ်။ လုပ်ငန်းသဘောအရဆိုတော့လဲ သွားလာ လှုပ်ရှားနေရတော့တာပေါ့။ ဒါပေမဲ့ ချစ်လေးက ခရီးသွားတာနဲ့ ဓါတ်တည့်လို့လား မသိဘူး။ အသားအရည်ပြည့်လာတယ်။ ပိုလှလာတယ်။ ပိုကြည့်ကောင်းလာတယ် ထင်တာဘဲ။ ဒါကြောင့် ဘယ်နေရာသွားသွား ချစ်လေးကို အားကျပြီး ကျားကျားမမ ခိုးကြည့်နေတဲ့သူတွေ မနည်းဘူး"

"ဟုတ်လား။ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ။ ကိုလဲ အခုတလော ၀ိတ်နဲနဲတက်လာတယ်။ သိလား"

"ဟုတ်လား ကို"

"ဟုတ်တယ်ချစ်လေး။ အရင်က ၁၂၅ ပေါင်ဘဲ ရှိတာ။ အခုဆိုရင် ၁၄၀ လောက်ရှိလာပြီ။ အရင်လို ပိန်ပိန်ကပ်ကပ်မဟုတ်တော့ဘူး။ ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာပြီ။ အသားအရည်ကလဲ နဂိုကထဲက ခပ်ဖြူဖြူဆိုတော့ ၀င်းလက်နေတာဘဲ။ သူငယ်ချင်းမိန်းခလေးတွေကလဲ ပြောတယ်။ ပိုချောပြီး ပိုခန့်လာတယ်တဲ့။ ရင်ခုန်ချင်စရာကြီးဆိုလားဘဲ။ အဟီးဟီး"

"ဟင်.... ဘယ်လို ဘယ်လို။ ပိုဝလာတယ်။ ဟုတ်လား။ ဘာဖြစ်လို့ ပိုဝလာအောင် အစားအသောက်ကို စားရတာလဲ။ ရှင်ဟာလေ အစားအသောက်ကို ကြီးလွန်းအားကြီးပါတယ်။ နောက်ဆို အစားအသောက်ကို လျော့စား။ ချောကလက်တွေ မစားနဲ့တော့။ အသားဓါတ်များများရမဲ့အစားအစာတွေကို မစားနဲ့တော့။ ၀ိတ်ကိုလျော့။ ဘယ့်နှယ် နဂို ပိန်ကပ်ကပ်ကထဲကမှ မိန်းခလေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ဟာ။ အခုလို စိုစိုပြေပြေ လှလှပပ ခန့်ခန့်ငြားငြားဆိုရင် ရှင့်ကို ဘယ်လို စိတ်ချရမှာလဲ။ ဒီနေ့ကစပြီး ဗိုက်တာမင် စီဓါတ်ပါတဲ့ အစားအသောက်ကိုဘဲ စား။ ကြားလား။ ရှင်ကလဲ ရှင်ဘဲ။ ချစ်သူရှိရက်သားနဲ့ အလှပြင်ပြီး မိန်းခလေးတွေ စိတ်ဝင်စားအောင် လုပ်နေတာထင်တယ်။ မပြောလိုက်ချင်ဘူး။ ပြောရင်းနဲ့ စိတ်တိုလာပြီ။ တော်ပီ တော်ပီ။ ဒါဘဲ"

"ဂွပ်"

ထိုကဲ့သို့ သူထင်ရာ သူပြောပြီး ဖုန်းချသွားလေတော့၏။
....


အခုဆိုရင် ကိုကိုမောင်တစ်ယောက် ချစ်သူလေးကို စကားတစ်လုံးပြောဖို့ တစ်ညလုံး စကားလုံး ရွေးချယ်နေရလေပြီ။ ဘယ်လို စကားမျိုးပြောရင် ချစ်သူလေးကြိုက်မလဲ၊ ဘယ်လို စကားမျိုးပြောရင် ချစ်သူလေး မကြိုက်ဖူးလဲ စသည့်အတွေးများစွာတို့ ကိုကိုမောင့်ဦးဏှောက်ထဲ ၀င်ရောက်နေလေပြီ။ အော်.. ဘာလိုလိုနဲ့... ကိုကိုမောင်တစ်ယောက် မယားကြောက်ဖြစ်ရမဲ့ကိန်း ဆိုက်နေလေပြီတည်း။ ။

"ပိတ်သတ်ကြီး ကယ်တော်မူကြပါ"


....