Wednesday 3 December 2008

ပီတိ (၅)

နှစ်သက်မှုလို့မြန်မာလိုခေါ်တဲ့ ပီတိကို ၅ မျိုးရှိကြောင်း စာပေကျမ်းဂန်တွေမှာ တွေ့ဖူးတယ်။ မြန်မာဘာသာစကားမှာ
ပါဠိပျက်၊ ပါဠိသက် ဝေါဟာရတွေ အများကြီး ရောပြွမ်းနေပါတယ်။ တစ်ချို့ စကားတွေမှာ ဆိုရင် ပါဠိအရှိအတိုင်းဘဲ သုံးစွဲနေကြပါတယ်။ ဒါပေမဲ့ အားလုံးနားလည်ပြီးသားဘဲလေ။
ဥပမာ
ငရဲ (နိရယ).............
အပါယ် (အပါယ)...........
သုခ၊ ဒုက္ခ၊ အနိစ္စ၊ အနတ္တ အသုဘ..........

အခု ပီတိဆိုတဲ့ပါဠိစကားလုံးကိုလဲ မြန်မာတိုင်း နားလည်နေကြပါပြီ။ မြန်မာလို ဘာသာပြန်ပေးဖို့တောင် လိုတော့မယ်မထင်ပါဘူး။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ဗုဒ္ဓစာပေတွေ လွှမ်းမိုးတာ မဆန်းပါဘူးလေ။
ဂုဏ်ယူစရာပါ။
ဒါကြောင့်
"မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာသည် မြန်မာ့ယဉ်ကျေးမှု" လို့ ဆိုကြတယ်မဟုတ်လား။

ပီတိ (Zest) ရဲ့  အဆင့် ၅ မျိုးကို ဖော်ပြပေးပါ့မယ်။
၁။ခုဒ္ဒကာပီတိ= ကြက်သီးမွေးညှင်းထရုံမျှ ပမာဏသေးငယ်တဲ့ နှစ်သက်မှု
၂။ခဏိကာပီတိ= လျှပ်ပြက်သကဲ့သို့ ခဏခဏဖြစ်ပြီး ပျက်တဲ့ နှစ်သက်မှု
၃။သြက္ကန္တိကပီတိ= ဒီလှိုင်းကဲ့သို့ တစ်ကိုယ်လုံး ဖုံလွှမ်းသက်ရောက်တဲ့ နှစ်သက်မှု
၎။ဥဗ္ဗေဂါပီတိ= အဟုန်နဲ့ ကိုယ်ကို ကြွမြောက်လွင့်မျောစေနိုင်တဲ့ နှစ်သက်မှု
၅။ဖရဏာပီတိ= ကြာရှည်စွာ တစ်ကိုယ်လုံးပျံ့ နှံ့နေတဲ့ နှစ်သက်မှု

ကိုယ့်ရဲ့  သာသမီး တူ တူမ ဆွေမျိုးတွေ အောင်မြင်နေတာကို မြင်တွေ့နေရတဲ့ အခါမှာဘဲ ဖြစ်ဖြစ်
ကိုယ့်ရဲ့  အသိမိတ်ဆွေတွေ အဆင်ပြေနေတာကို တွေ့မြင်နေရတဲ့အခါမှာဘဲ ဖြစ်ဖြစ်
တရားတော်ရဲ့ လေးနက်မှုကို သဘောပေါက်တဲ့ အခါမှာဘဲ ဖြစ်ဖြစ်
ကိုယ်ရောက်ချင်တဲ့အရပ်ကို ရောက်ရှိနေတဲ့အခါမှာဘဲ ဖြစ်ဖြစ်
ကိုယ့်ရဲ့  တပည့်တွေ ပေါက်ပေါက်ရောက်ရောက်ဖြစ်နေတာကို တွေ့မြင်ရတဲ့အခါမှာဘဲ ဖြစ်ဖြစ်
အရာအားလုံး အဆင်ပြေ ကျေနပ်နေတဲ့အခါမှာ ပီတိတွေ ဆင့်ကဲဆင့်ကဲ ဖြစ်တတ်ပါတယ်။

တကယ်လို့ မိတ်ဆွေများကိုယ်တိုင် ပီတိဖြစ်နေပြီဆိုရင် အထက်က ပီတိ ၅ မျိုးထဲက ဘယ်ပီတိဖြစ်နေတယ်ဆိုတာ ဆန်းစစ်ကြည့်ကြပေါ့။ အဲဒီ ၅ မျိုးထဲက ကျော်ပြီး ဘယ်ပီတိမှ မဖြစ်နိုင်ပါဘူး။
အော်....ပီတိ.. ပီတိ... စာနှစ်လုံးဘဲရှိပေမဲ့... တကယ်ထိတယ်ဗျာ။

အားလုံး... အားလုံး..(အထူးသဖြင့် ဆရာဆရာမများ) ပီတိကို စားပြီး အားရှိနိုင်ကြပါစေ။

.

No comments: