Tuesday 16 December 2008

လူ့ဗီဇ


ဘ၀မှာ အနီကပ်ပြခံရတဲ့ နေ့တွေဖယ်ထုတ်
ဂုဏ်လုပ်ကြည့်နေတတ်သူတွေ
အမြီးရှည်တာကလွဲရင်
နည်းပညာတွေကမရေမရာ။

မြင်သာလောက်တဲ့ စာရိတ္တ ဖာထေးရာတွေနဲ့
အတ္တတွေက
တောက်တဲ့တစ်ကောင်လို ခါထုတ်မရတဲ့သူတွေ
အပူပွေကာနေကြလေရဲ့ ။

အမှန်တရားနှင့်ပတ်သက်ရင်
ပါဝါတိုးဖို့လိုအပ်နေတဲ့သူတွေ
အချစ်လို့ခေါင်းစဉ်တပ်
ရမ္မက်စာတမ်း လက်သရမ်းနေသူတွေ
တစ်ဖက်ကန်းဆိုပြီး ကဗျည်းတင်ရမတတ်ဘဲ။

သစ္စာပန်းကိုင်ရင်း
ပါးစပ်တစ်ခုထဲ သီလတွေ ထိုးထိုးထည့်နေပေမဲ့
ပြန်ထွက်လာတာက ပေါက်ပန်းတွေလေ။

ဘ၀လို့ရေတွက်လိုက်ရင်
တစ်ညနဲ့မိုးချုပ်ခဲ့ရသူတွေ
လူသားတွေရဲ့ ဗီဇအုပ်စုတွေပါလား။

ငြင်းပယ်လို့ မရချင်လောက်အောင်
လက်ခံယုံကြည်သူမဲ့စွာ
တစ်ယောက်ယောက်ကတော့
တစ်ခုခုမှာ ပါဝင်နေသတဲ့။

အဖြေမဲ့တဲ့ သင်္ချာတစ်ပုဒ်လို
လှုပ်ခါအောင်ရေးမိခဲ့တော့
ရုပ်ဝါဒီ ငတိလေးတွေမှာ
ဗီဇနှင့်သီလ
ဒီမျှနဲ့ စခန်းသိမ်းခဲ့ပေါ့။

No comments: