Wednesday 30 November 2011

ကိုရင်တက်ပု

တစ်ခုသော နွေကာလ၌
တုံးဖလားသူကြီးမင်းတစ်ယောက် အောက်အကျေ ရန်ကုန်ရွှေမြို့တော်သို့ ဘုရားဖူးဆင်းလာခဲ့သည်။ ဘုရားစုံဖူးမျှော်ပြီးနောက် တုံးဖလားရွာသို့ ပြန်ရန် ရန်ကုန်မီးရထားဘူတာရုံကြီးဆီသို့ လာခဲ့လေ၏။ ဘူတာရုံအတွင်းရှိ ဂျာနယ်ရောင်းသည့်ဆိုင်၌ အားကစားဂျာနယ်တစ်စောင် ၀ယ်ပြီး ရန်ကုန် မန္တလေး အဆန် အမှတ် ၃ ရထားပေါ်သို့ တက်ရောက်ကာ မိမိ၏ ခုံနံပါတ်အတိုင်း အထက်တန်းတွဲပေါ်ရှိ ထိုင်ခုံ တစ်လုံးပေါ်၌ ထိုင်လျက် ထိုအားကစား ဂျာနယ်အား စိတ်ပါဝင်စားစွာ ဖတ်နေလေ၏။

ထိုအခိုက်...

"သူကြီးမင်း.. နေကောင်းပါရဲ့လား"

ဟူသော အသံကို ကြားလိုက်ရသောကြောင့် အသံလာရာဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်ရာ နေကာမျက်မှန်ကားကားနဲ့ ဖော်မွန်လွယ်အိတ်ကြီးကို စလွယ်သိုင်းလွယ်ကာ ဘယ်ဘက်လက်ဖျံပေါ်၌ လက်ကိုင်ပ၀ါတစ်ခုကို စတိုင်လ်ကျကျ ချည်နှောင်ပြီး ရှိုးအပြည့်ထုတ်ထားသည့် ကိုရင်ကြီးတစ်ပါးကို ဗြုန်းစားကြီး တွေ့လိုက်ရလေတော့၏။

သူကြီးမင်းသည် ထိုကိုရင်ကြီးအား ထူးဆန်းစွာဖြင့် "ဘယ်က ကိုရင်ကြီးပါလိမ့်"ဟု အတွေးပွါးနေဆဲကာလ၌ ထိုကိုရင်ကြီးသည် သူကြီးမင်း သူ့အား မမှတ်မိသည်ကို သဘောပေါက်သွားပြီး သူတပ်ထားသည့် နေကာမျက်မှန်ကြီးအား ချွတ်လိုက်ပြီး သူကြီးမင်းကို ပြုံးပြကာ "ဟဲ..ဟဲ.. သူကြီးမင်း.. အခုတော့ မှတ်မိသွားပြီ မဟုတ်လား" ဟူ၍ မေးမြန်းလေတော့၏။ ထိုအခါကျမှ သူကြီးမင်းလဲ အံ့သြစွာဖြင့်..
"ဟာ... ဘယ်က ကိုရင်ကြီးများပါလိမ့်လို့ စဉ်းစားနေတာ။ လက်စသတ်တော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒို့တုံးဖလားရွာကနေ ရန်ကုန်ကို စာသင်ထွက်လာခဲ့တဲ့ ကိုရင်တက်ပုကြီး ဖြစ်နေတာကိုး။ ကိုရင်တက်ပုတစ်ယောက် လူပျိုကြီးလုံးလုံးဖြစ်နေပြီနော" ဟူ၍ ရထားတစ်တွဲလုံးပေါ်ရှိ လူတွေအားလုံး ကြားနိုင်လောက်သည့် အသံမျိုးဖြင့် အာမေဍိတ် ပြုလေတော့၏။

ရထားပေါ်ရှိ လူတွေရဲ့မျက်စိတွေအားလုံး ကိုရင်တက်ပုအပေါ်ကျရောက်လာပြီး ရယ်ကျဲကျဲ ဖြစ်နေကြလေ၏။ ကိုရင် တက်ပုလဲ ထိုခရီးသည်တို့အား ရှက်ရွံ့သလို ဖြစ်နေသောကြောင့် သူကြီးမင်းအား.. "ဟာ.. သူကြီးမင်းကလဲ..လုပ်ရော့မယ်။ ဖီးလ်ငုတ်လိုက်တာဗျာ... အဲဒီ နာမည်ကြီး မခေါ်စမ်းပါနဲ့။ ကိုရင့်ဘွဲ့ကိုသာ ခေါ်စမ်းပါ။ ဘယ့်နှယ်.. ရှက်စရာကြီး" ဟု ရှက်ရမ်းရမ်းပြီး ပြန်ပြောလေတော့၏။ "ဒါဖြင့် ကိုရင့်ဘွဲ့နာမည်ကော ဘယ်လိုခေါ်ပါသလဲဘုရား" ဟု မေးလိုက်သောအခါ.. "ကိုရင်တေဇလေ မသိဘူးလား"ဟူ၍ မျက်မှောင်ကြုတ်ကာ ပြန်ပြောလေ၏။

"ဒါနဲ့.. ကိုရင်က အခု ဘယ်လိုလုပ်ပြီး တပည့်တော်ဆီ တန်းရောက်လာရတာလဲ။ ဆိုင်းမဆင့် ဗုံမဆင့်နဲ့"

"သူကြီးမင်းက သိပ်နေနိုင်တာဘဲ။ ရန်ကုန်ရောက်တာတောင် ကိုရင့်ကို အကြောင်းမကြားဘူး။ အခုတောင် သူကြီးမင်း သွားတည်းခဲ့တဲ့ ဘုန်းကြီးကျောင်းက ကိုရင်ညက်စိပြောပြလို့ သူကြီးမင်း စီးမဲ့ ရထားအမီ အသောနှင်ခဲ့ရတာ။ အထက်တန်းတွဲ ၁ ခုံနံပါတ် ၃ လို့ ကိုရင်ညက်စိပြောပြလို့ သူကြီးမင်းဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာလေ"

"ထားပါတော့ ကိုရင်။ အခု ကိုရင့်ကို ကြည့်ရတာ လွန်ခဲ့တဲ့ ငါးနှစ်ကနဲ့ ဘာမှ မတူတော့ဘူး။ ကြည့်စမ်းပါဦး ကတုံးပြောင်ပြောင် သင်္ကန်းရဲတောက်တောက် နေကာမျက်မှန်ကားကား လွယ်အိတ်ကြီးတစ်ရမ်းရမ်းနဲ့။ ဒီကြားထဲ ဘယ်ဘက်လက်ဖျံမှာ ပ၀ါက စည်းထားလိုက်သေး။ အတော်လေး အကြည့်ရဆိုးလှတယ် ကိုရင်"

"ဟာ.. သူကြီးမင်းကလဲ ပိန်းနေပြန်ပါပြီ။ ဒါ Current stream လို့ ခေါ်တယ်ဗျ"

"ဘာလဲ Current stream ဆိုတာက"

"Current stream ဆိုတာ ခေတ်ရေစီးကြောင်းကို ပြောတာ သူကြီးရေ။ မသိရင်လဲ မှတ်ထားလိုက်ဦး"

"အံမယ်.. ငါ့ကိုရင်က အင်္ဂလိပ်တွေ ဘာတွေ တတ်လို့ပါလား"

"တတ်ဆို အခုတောင်မှ အင်္ဂလိပ်စာ သင်တန်းကနေ သင်တန်းဆင်းဆင်းချင်း သူကြီးမင်းဆီ အပြေးလာခဲ့ရတာ။ တော်သေးတယ် ရထားမထွက်ခင် အရောက်လာခဲ့နိုင်လို့။ နို့မို့ဆို သူကြီးမင်းကို တွေ့ရမှာ မဟုတ်ဘူး"

"ဒါနဲ့.. အင်္ဂလိပ်စာသင်တန်းက ဘယ်မှာ သွားတက်တာလဲ"

"U.M.A မှာ သွားတက်တာ သူကြီးမင်း။ ဒီပန်းဆိုးတန်း ဂုံးတံတားကျော်ပြီး ၁၅ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပြီ"

သူကြီးမင်းသည် ကိုရင်တက်ပုအား အတော်လေး အထင်ကြီးသွားမိလေ၏။ ရထားပေါ်ရှိ ခရီးသည်တို့သည်လည်း သူကြီးမင်းနှင့် ကိုရင်တက်ပုတို့၏ ဒိုင်ယာလော့ခ်ကို မျက်စောင်းထိုးထိုးပြီး မယောင်မလည် ကြည့်နေကြလေ၏။ သူကြီးမင်းသည်.. "U.M.A ဆိုတာ အတော်ကြီးကျယ်တဲ့ တက္ကသိုလ်တစ်ခုခု ဖြစ်ရမယ်။ ကိုရင် တက်ပု အသက်ငယ်ငယ်နဲ့ ဒီလို တက္ကသိုလ်မျိုးမှာ အင်္ဂလိပ်စာ သင်နေတာဆိုတော့ အတော်လေးတော့ တိုးတက်မှာ သေချာတယ်..U.M.A ဆိုတော့(University of Myanmar Academy) များ ဖြစ်နေမလား မသိဘူး" ဟူ၍ စဉ်းစားခန်းဝင်နေပြီး စကားအဆက် ခဏပြတ်သွားလေ၏။

"သူကြီးမင်း.. ဘာတွေ စဉ်းစားနေတာလဲဗျ"

"ကိုရင် တက်နေတဲ့ U.M.A တက္ကသိုလ်အကြောင်း စဉ်းစားနေတာလေ"

"ဟာ.. သူကြီးမင်းကတော့ လုပ်ပြီ။ ဘယ့်နှယ် တက္ကသိုလ်ရမှာလဲ"

"ဒါဖြင့် U.M.A ဆိုတာ ဘာကိုပြောတာလဲ ကိုရင်"

"သူကြီးမင်းကလဲ ကိုရင်က U Mya Aung ဆီမှာ သွားတက်နေတာပါ။ အဲဒါကြောင့် U.M.A ဆိုတာ U Mya Aung အင်္ဂလိပ်စာ သင်တန်းကို ပြောတာ သူကြီးမင်းရေ့"

"ဗုဒ္ဓေါ.. လက်စသတ်တော့ ဂလိုကိုးး"

ကိုရင်တက်ပု၏ U.M.A ရှင်းပြချက်ကို ကြားလိုက်ကြသော ခရီးသည်တို့မှာ ရေသောက်ရင်း ရေသီးသူက သီး၊ အသံထွက်ပြီး ရယ်သူက ရယ်နဲ့ ပွဲအတော်လေး ကျသွားကြလေ၏။ သူကြီးမင်း၏ စိတ်ထဲ၌လဲ... "ငါလဲ တုံးဖလားပြန်ရောက်ရင် K.K.M အင်္ဂလိပ်စာ သင်တန်းဆိုပြီး ဖွင့်ရင် ရတာဘဲ" ဟု သဘောရိုးလေးဖြင့်တွေးကာ မနောပြုံးလေး ပြုံးနေမိလေတော့၏။ ထိုအခိုက်...

"သူကြီးမင်းရေ... ရွာကFather နှင့် Motherကို ပြောလိုက်ပါဦး။ ခင်ဗျားတို့ရဲ့ Sonဖြစ်တဲ့ Noviceတဇတစ်ယောက် Rangoon Capitalကြီးမှာ English သင်တန်းတက်ပြီး အင်္ဂလိပ်စာတွေ Very Know နေပြီဆိုတဲ့ အကြောင်း။ ဘုန်းကြီးကို Monk မျောက်ကို Monkey ပိုက်ဆံကို Money ပျားရည်ကို Honey စတဲ့ မီးနင်းတွေလဲ ထုံးလိုကျေ ရေလို နှောက်နေပြီဆိုတဲ့ အကြောင်း One Two Three ရေတွက်တာလဲ Hundredအထိ ကောင်းကောင်း ရေတွက်တတ်နေပြီဆိုတဲ့အကြောင်း၊ စသဖြင့် စသဖြင့် အလုံးစုံ ပြောပြလိုက်ပါဦး သူကြီးမင်း"

"ဟုတ်ပါပြီ ကိုရင် ပြောလိုက်ပါ့မယ်"

"ကဲ ဒါဖြင့် အခု ကိုရင် Go တော့မယ်။ Teacher က Homework တွေ five pages လောက် give ခဲ့တယ်။ အဲဒါတွေ Study လုပ်ရဦးမယ်။ လှိမ့်ပြီ သူကြီးမင်းရေ.."

ဟူ၍ ပါးစပ်ကလဲပြော ရထားပြတင်းပေါက်မှလဲ လွှားကနဲ အောက်ခုန်ဆင်းကာ ရထားပေါ်ရှိ သူကြီးမင်းထံ ပြန်ကြည့်ပြီး ညာဘက်လက်ဖျားကို နဖူးပေါ်တင်ကာ အလေးပြုသည့်ပုံစံပြုလုပ်ပြီး သင်္ကန်းဖိုသီဖတ်သီ လွယ်အိတ်တဖွားဖွား မျက်မှန်တကားကားဖြင့် ရန်ကုန်ဘူတာရုံကြီးထဲမှ ထွက်ခွါသွားလေတော့၏။ သူကြီးမင်းလဲ... "အင်း.. ကိုရင်တက်ပုတစ်ယောက် ဒီပုံစံမျိုးနဲ့ တုံးဖလားပြန်လာရင်တော့ အိမ်မှာမွေးထားတဲ့ ဂုတ်ကျားတစ်ကောင် မျက်စိနှောက်ပြီး တ၀ုတ်ဝုတ် ဖြစ်နေမှာ မြင်ယောင်မိပါသေးရဲ့.." ဟု စဉ်းစားကာ အနားခဏချထားသည့် အားကစား စာစောင်အား ပြန်ကောက်ကိုင်ကာ မန်ချက်စတာယူနိုက်တက်ဒ် ချန်ပီယံဖလားကြီး ကိုင်မြှောက်ထားသည့် ဆောင်းပါးတစ်ပုဒ်အား မြိန်ရှက်စွာ ဆက်ဖတ်နေလေတော့၏။ ထိုစဉ်ဝယ် မီးရထားကြီးသည်လည်း ရန်ကုန်ဘူတာရုံကြီးမှ ဘူးး ဘော် အသံပေးကာ စတင်ပြီး ထွက်ခွါလာလေတော့သတည်း။ ။ မပြီးသေးဘူးနော်။း)

.

Friday 11 November 2011

ဂိဟိဘာဝ ဒုက္ခ (အားကျပြီး လူဝတ်လဲမိရာဝယ်...)


မှတ်ချက်။
တစ် ခြောက်လုံး (၁၁.၁၁.၁၁) နေ့မှာ အမှတ်တရ ဖြစ်စေဖို့ ဤပို့စ်ကို ရေးသားပါသည်။ ။

သင်္ကန်းဝတ်နဲ့နေလာခဲ့သည်မှာ ကြာခဲ့ပြီ။ ကြာဆို ၁၀ နှစ်သား၌ ကိုရင်ဝတ်သည်။ အသက် ၂၀ ၌ ရဟန်းခံသည်။ အခု အသက် ၃၀ ရှိလေပြီ။ ကိုရင်သက် ၁၀ နှစ်၊ ရဟန်းသက် ၁၀ နှစ်၊ စုစုပေါင်း သင်္ကန်းသက် အနှစ် ၂၀ တိတိ ရှိလေပြီ။ ပရိယတ်စာပေကိုလဲ အထိုက်အလျောက် သင်ယူခဲ့သည်။ ၀ိနည်းသိက္ခာပုဒ်တော်များကိုလဲ ကြိုးစားပြီး ထိန်းသိမ်းလာခဲ့သည်။ ရဟန်းဘ၀ကား ကျေနပ်ဖွယ် ကောင်းလေစွ။ သူ၏ ဘွဲ့အမည်မှာ ဣန္ဒြိယ ဖြစ်၏။ ထို ဣန္ဒြိယဟူသည့် ဘွဲ့နာမည်ကို ရွာထဲမှ ကာလသားသမီးများက ရံဖန်ရံခါ "ဦးအိမ်သတိရ" ဟု စကြနောက်ကြတတ်သေး၏။

တစ်နေ့၌ ဦးဇင်းဣန္ဒြိယ မြို့တက်ပြီး ဓမ္မာစရိယစာမေးပွဲ သွားဖြေ၏။ ဘုန်းကြီးစာမေးပွဲတွေကို ဘယ်အချိန်ကစပြီး စာသင်ကျောင်းတွေမှာ ဖြေဆိုစေခဲ့သည်၊ ဘာအတွက် စာသင်ကျောင်းတွေမှာ ဖြေဆိုစေခဲ့သည်ကို မသိ။ ယနေ့တိုင်အောင် ဘုန်းကြီးစာမေးပွဲများကို အထက်တန်းကျောင်းများ၌ ဖြေဆိုစေမြဲ ဖြစ်လေသည်။ ဦးဇင်းဣန္ဒြိယသည် စာမေးပွဲဖြေရန် အထက်တန်းကျောင်းတစ်ခုသို့ ဘတ်စ်ကားဖြင့် အသွား ဘတ်စ်ကားပေါ်တိုးတက်စဉ် မတော်တစ်ဆ ၀ိသဘာဂအာရုံဖြစ်သည့် မာတုဂါမတစ်ယောက်နဲ့ အသားချင်း ထိခိုက်မိလေ၏။ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းထကာ ခေါင်းနပန်းကြီးသွား၏။ စိတ်တွေ လှုပ်ရှားသွား၏။ ဘတ်စ်ကားပေါ်က ဆင်းခဲ့ပြီးနောက် စိတ်တွေဂယက်ရိုက်နေသည်မို့ ပြင်ပအာရုံတစ်ခုနဲ့ အစားထိုးဖြေဖျောက်ရန် ပတ်ဝန်းကျင် ဟိုဟိုဒီဒီ လိုက်လံကြည့်နေမိ၏။

ဖြေဆေးရှာမှ အဆိပ်နဲ့ တန်းတိုးသလို အာရုံစုစည်းနိုင်ဖို့ ပတ်ဝန်းကျင်ရဲ့ အကူအညီကို ယူကာမှ ရောင်စုံအလှအပတို့ဖြင့် ရွှန်းလဲ့နေသည့် မိန်းခလေးတစ်သိုက်ဆီသို့ မျက်လုံး ရောက်သွားလေတော့၏။ ပိုဆိုးသွားလေပြီ။ သဘာဝတရားက ဖန်ဆင်းပေးထားသည့် ကောက်ကြောင်းတွေနောက် အာရုံတွေ ရောက်ရောက်သွားပြီး စိတ် အညစ်ညမ်းကြီး ညစ်ညမ်းမိလေတော့၏။ ကြောက်မက်စရာ အာရုံတွေပါတကား။ ပစ္စည်းဥစ္စာနှင့် မာတုဂါမ(အမျိုးသမီး)ဟာ ဘိက္ခု(ရဟန်း)ကို ရက်ရက်စက်စက် သတ်ပစ်နိုင်သည့် လက်နက်ကြီးများပင် ဖြစ်ပေတော့၏။

ပစ္စည်းမာတု၊ ဤနှစ်ခု၊ ဘိက္ခု သေမင်း၊ ဓါးနှစ်စင်း။
ပစ္စည်းမာတု၊ ဤနှစ်ခု၊ ဘိက္ခု သေကြောင်း၊ ဓါးနှစ်ချောင်း။

ဦးဇင်းဣန္ဒြိယတစ်ယောက် စာမေးပွဲလဲ ကောင်းကောင်း မဖြေဆိုနိုင်ခဲ့ပေ။ စိတ်ဓါတ်တွေလဲ အကျကြီးကျနေပြီး လောကီလူ့ဘောင်သို့သာ စိတ်ကူးယဉ်နေမိလေတော့၏။ မီးလောင်ရာ လေပင့်ဆိုသလို သူငယ်ချင်းရဟန်းလူထွက်ဖြစ်သူ တစ်ယောက်နဲ့ တိုင်ပင်ကြည့်ရာ ထိုရဟန်းလူထွက်က လူ့ဘောင်မှာဆို သားမယားနဲ့ ဇိမ်ကျကျနေနိုင်ပြီး ငါးပါးသီလလေး လုံခြုံကာမျှဖြင့် အပါယ်မကျနိုင်တော့ကြောင်း၊ ရဟန်းဘ၀မှာဆို ၀ိနည်းသိက္ခာပုဒ်တွေ အလွန်များကြောင်း၊ မစောင့်ထိန်းနိုင်ရင် အပါယ်သို့ ဇောက်ထိုးဆင်းမည်ဖြစ်ကြောင်း၊ ငရဲပြည်မှာ ၀ိနည်းမလိုက်နာနိုင်လို့ ငရဲကျနေတဲ့ ရဟန်းတွေ အများကြီးရှိကြောင်း လေပေးကောင်းကောင်းဖြင့် လူ့ဘောင်သို့ ၀င်ရောက်ကူးပြောင်းရန် ဆွဲဆောင်လေတော့၏။

မချွေခင်က ကြွေချင်နေသူမို့ ဦးဇင်းဣန္ဒြိယလဲ ရဟန်းဘ၀မှ လူဝတ်လဲကာ ထိုသူငယ်ချင်း ရဟန်းလူထွက် အကူအညီဖြင့် ရွာထဲမှ ရွက်ကြမ်းရေကြို ရုပ်ရည်ရှိသည့် မိနှင်းဆိုသည့် အသက် ၂၀ ကျော်ကျော် မိန်းခလေးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး လူ့ဘ၀ကို စတင်လေ၏။ မိဘအကူအညီဖြင့် သီးသန့်အိမ်လေးတစ်လုံး ဆောက်ပြီး နေထိုင်ကြ၏။ အသက် ၃၀ ကျော်မှ ဘ၀ စသူမို့ အယောင်ယောင် အမှားမှား မကြာခဏဖြစ်၏။

ပြဿနာမှာ မင်္ဂလာဦးညကပင် စ၍ဖြစ်၏။ ကာလသားများ စားပွဲသောက်ပွဲပြီးလို့ ပြန်သွားကြတော့ ညဉ့်ပင် အတော်လေး နက်နေလေပြီ။ လူထွက် ဣန္ဒြိယသည် အိပ်ရာမ၀င်ခင် ဧည့်ခန်းရှိ ဘုရားစင် ရှေ့၌ ငုတ်တုတ်ထိုင်ကာ ဘုရားရှိခိုး၏။ ထို့နောက် တရားထိုင်နေပြန်၏။ ဇနီးပူပူနွေးနွေးလေး မိနှင်းခမျာ အိပ်ရာထဲကနေ လင်တော်မောင် ဘုရားရှိခိုး ပြီးနိုးနိုးဖြင့် စောင့်ရင်း အိပ်ပျော်သွားလေ၏။ လူထွက် ဣန္ဒြိယ အိပ်ရာထဲ ၀င်လာတဲ့အချိန်မှာတော့ မိနှင်းတစ်ယောက် တခေါခေါဖြင့် တောင်တက်နေလေပြီ။

လူထွက် ဣန္ဒြိယသည် မနက်မိုးလင်းလင်းချင်း ဘုရားဝတ်တက်ပြန်၏။ ထို့နောက် ဘုရားစင်ရှေ့ မိန့်မိန့်ကြီး တင်ပလ္လင်ခွေထိုင်ပြီး မိန်းမ အိပ်ရာအနိုးကို စောင့်ကာ "မိန်းမရေ... မနက်စာ ပြင်ဆင်ပြီးရင် လာကပ်တော့နော်၊ ငါ ဘုဉ်းပေးချင်နေပြီ" ဟူ၍ ပြောလေတော့၏။ ဟုတ်တော့လဲ ဟုတ်ပေသားဘဲ။ ဒီအချိန်ဟာ ရဟန်းဘ၀ကဆို အရုဏ်ဆွမ်း အချိန်မဟုတ်လား။ အကျင့်များ တယ်လဲ ဖျောက်ရ ခက်ပေသကိုး။ အင်းပေါ့လေ။ နှစ် ၂၀ လုံးလုံး သင်္ကန်းဝတ်နဲ့ နေလာခဲ့တာဆိုတော့လဲ အကျင့်ဝါသနာ ဗီဇက ပယ်ဖျောက်ရ အခက်သား။ အကျင့်ဗီဇဆိုတာကလဲ ဘုရားရှင်မှသာ ပယ်သတ်နိုင်တာ မဟုတ်ပါလား။

ဒီလိုနဲ့ ညဘက် ဘုရားဝတ်တက်၊ တရားထိုင်၊ ပုတီးစိပ်၊ မေတ္တာပို့၊ အမျှဝေ လုပ်လိုက်၊ အိပ်ရာထဲဝင်တော့ မိန်းမ တစ်ခေါခေါ အိပ်ပျော်နေတာ တွေ့လိုက်နဲ့ အိမ်ထောင်ပြုပြီးတာသာ တစ်ပတ်ကျော်သွားတယ်၊ ရဟန်းလူထွက်တို့ စုံတွဲ လင်မယား အရာ မမြောက်ကြသေးဘဲ ရှိလေသည်။ ရဟန်းလူထွက်ကလဲ ခပ်ရှက်ရှက်၊ မိနှင်းကလဲ မိန်းခလေးမို့ ခပ်ရှက်ရှက်။ ဆိုတော့။ ဘယ်လိုက ဘယ်လို အစပျိုးရမှန်းမသိ ဖြစ်နေကြလေသည်။

တစ်နေ့မှာတော့ အကြံဖြင့် ရဟန်းလူထွက်တစ်ယောက် ညနေခင်း ခပ်စောစောကထဲက ဘုရားဝတ်တက်ခြင်း လုပ်ငန်းတို့ကို ကြိုတင်ပြုလုပ်လေ၏။ အမျိုးသမီးကလဲ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ သောကခြေရာ ကဗျာများကို ဖယောင်းတိုင် မီးဖြင့် ဧည့်ခန်းထဲ၌ပင် ထိုင်ဖတ်နေ၏။ အမျှဝေ ကြေးစည်ထုပြီး ဘုရားကိစ္စ အဆုံးသတ်လိုက်၏။ သို့သော် ဘုရားကိစ္စပြီးတော့ မယားကိစ္စ ဘယ်လို ဆက်ရမည် မသိ ဖြစ်နေပြန်၏။ ဒီလိုနဲ့ လူထွက်တစ်ယောက် "ငါက ယောက်ျားဘဲလေ၊ အရာအားလုံးမှာ ငါက ဦးဆောင်သင့်ပါတယ်" ဟု စဉ်းစားကာ အရဲစွန့်ပြီး "မိန်းမရေ... ကာမဂုဏ်လေးများ အလိုရှိရင် ပွင့်ပွင့်လင်းလင်းပြောနော်။ အားမနာနဲ့" ဟူ၍ မိန်းမအနား ကပ်ကာ မတိုးမကျယ် ဒဲ့ဒိုးကြီး ပြောချလိုက်လေတော့၏။ မိန်းမ ဖြစ်သူ မိနှင်းကလဲ ခေသူမဟုတ်။ "သေနာကြီး အခုမှ လာပြောရသလား၊ တကထဲမှဘဲ။ ရဟန်းအကျင့်ကို မပျောက်တတ်သေးဘူး... လာ.... " ဆိုပြီး လက်ဆွဲကာ အိပ်ခန်းထဲ ၀င်ရောက်သွားလေတော့မှ အရာမြောက်ကြလေတော့၏။ လက်ချိုးရေတွက်ကြည့်လိုက်တော့ မင်္ဂလာဦးညမှသည် ယခု အကြင်လင်မယား မြောက်တဲ့ နေ့အထိ ဆယ်ရက် တိတိ။

မနက်မိုးလင်းတော့ ရဟန်းလူထွက် မျက်နှာမှာ ပြုံးဖြီးဖြီးကြီး ဖြစ်နေလေ၏။ ကျေနပ်သည့် အပြုံးပင် ဖြစ်၏။ ရွာထဲမှ တင်ဖေကြီး စောစောစီးစီး ရဟန်းလူထွက်အိမ်ပေါက်ချလာပြီး "ဘယ်လိုလဲ ကိုရင်ကြီးရ အစစ အရာရာ အဆင်ပြေပြေ ရှိမှ ရှိပါလေစ" ဟူ၍ ရဟန်းလူထွက်အား မေးမြန်းလေ၏။ ရဟန်းလူထွက်ကလဲ "ကျုပ် ငယ်ငယ်ရွယ်ရွယ်နဲ့ လူမထွက်ခဲ့ရတာ နာလှသဗျာ၊ နောင်တ ရလို့ကို မဆုံးဘူး" ဟု ဘွင်းဘွင်းကြီး ပြန်ဖြေလေ၏။ တင်ဖေကြီးကလဲ ရပ်မနေဘဲ "ဘာဖြစ်လို့လဲဗျ" ဟု ထပ်တွန့်ကာ မေးလေ၏။ ရဟန်းလူထွက်လဲ မိန်းမမိနှင်းကို တစ်လှည့် တင်ဖေကြီးကို တစ်လှည့်ကြည့်ကာ ရှက်ပြုံးဖြင့် "အဟီးဟီး" ဟု လူကြီးရှက်တော့ ရယ်လိုက်လေတော့၏။ ထိုအခိုက် ရဟန်းလူထွက်အား မိနှင်းရဲ့ မျက်စောင်းထိုးပုံမှာ မျက်လုံးများပင် ကျွတ်ထွက်လာပြီး ထိမှန်လာတော့ မယောင်ယောင်။

ဒီလိုနဲ့ မိုးဦးကျရာသီ ရောက်လာလေ၏။ မိဘများက လုပ်စားဖို့ လယ်ကွက်တစ်ခု ပေးထား၏။ သို့သော် မိနှင်းလဲ မိဘလုပ်စာ စားပြီး ကြီးပြင်းလာသူမို့ ဘာအလုပ်မှ မလုပ်တတ်၊ လူထွက်လဲ ဘာအလုပ်မှ မလုပ်ဖူးသောကြောင့် ဘယ်ကစပြီး ဘယ်လို လုပ်ရမှန်းမသိ။ တစ်နေ့သော် ရဟန်းလူထွက်တစ်ယောက် တတ်သလောက် မှတ်သလောက် စမ်းသပ်ကာ လယ်ကွက်ကို ထယ်ထိုးလေ၏။ မိန်းမဖြစ်သူ မိနှင်းကလဲ ကန်သင်းပေါ်၌ ထိုင်နေပြီး လင်တော်မောင် ထယ်ထိုးသည်ကို ကြည့်နေလေ၏။ လယ်ကွက်အတွင်း တစ်ပတ်(one round) နှစ်ပတ်(two rounds) ထယ်ထိုးပြီးသော အခါ ထယ်ထုဖြင့် အရာဝတ္ထုတစ်ခုအား ထိုမိပြီး ထိုအရာဝတ္ထုသည် အပေါ်သို့ ငေါကနဲ ပေါ်လာလေ၏။ "ဟာ.. ထယ်သွားကြီး၊ ဘယ်တုန်းက ဘယ်သူ ကျန်ထားခဲ့လဲ မသိဘူး။ ငါနဲ့ ထိုက်လို့ ငါ ရတာ" ဟူ၍ စဉ်းစားကာ လယ်ကန်သင်းရှိ မိန်းမအား "မိန်းမရေ... ထယ်သွားကြီး တစ်ခု ထယ်ထိုးရင်း တွေ့တယ်။ အဆင်ပြေတာဘဲ၊ ငါတို့ ကံရှိလို့ ရတာ နေမှာ" ဟု အော်ပြောလေ၏။

"ဘယ်မှာလဲ ပြစမ်းပါဦး" ဟု မေးလဲမေး အနားသို့လဲ လာရောက်ကာ ယောက်ျားဖြစ်သူထံမှ အသစ်ရသည် ဆိုသော ထယ်သွားကြီးကို ကြည့်ရှုပြီးနောက်.....

"ရှင် ဒီလောက် အ ရ တုံးရသလား။ ဒါ ဘယ်သူ့ ထယ်သွားမှ မဟုတ်ဘူး။ ကျုပ်တို့ ထယ်သွားကြီး။ ရှင် ထယ်ထိုးရင်း ပထမအပတ်က ပြုတ်ကျထားခဲ့တာ။ အခု နောက်တစ်ပတ်(another round) ဒီနေရာရောက်မှ ရှင် ပြန်တွေ့တာ" ဟူ၍ အော်ငေါက် ပြောဆို လေတော့သည်။ ဟုတ်ပေသားဘဲ။ လယ်ကွက်ကို ထယ်ရေးညက်အောင် တစ်ပတ်ပြီးတစ်ပတ် ခပ်စိပ်စိပ် ထယ်ထိုးရသည် မဟုတ်ပါလား။ ပထမအပတ်က ပြုတ်ကျ ကျန်ထားခဲ့သည့် ထယ်သွားကို အခုတစ်ပတ် ဒီနေရာရောက်တော့ ထယ်ထုဖြင့် ပြန်ထိုးမိခြင်း ဖြစ်လေ၏။

တစ်နေ့
လင်နှင့်မယား လျာနှင့်သွား ဆိုရိုးစကားအတိုင်း လင်မယားနှစ်ယောက် အချင်းချင်း စကားများ ရန်ဖြစ်ကြပြီး စကားအချေအတင် သူနိုင် ကိုယ်နိုင် ပြောနေကြလေ၏။ မိနှင်းက "ကျွန်မ မိဘအရိပ်အောက်မှာ နေစဉ်က အခုလို ဒုက္ခမရောက်ဖူး။ ခြေမွေးမီးမလောင် လက်မွေး မီးမလောင်နေလာခဲ့ရတာ။ ရှင်နဲ့ အိမ်ထောင်ကျပြီးမှဘဲ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ရတာ။ ရှင်နဲ့ ရတာ ကျွန်မကံဆိုးတယ်" ဟူ၍ လင်တော်မောင်အား နှက်လိုက်လေ၏။ ယောက်ျားဖြစ်သူကလဲ အားကျမခံ "ငါလဲ နင်နဲ့ အိမ်ထောင်ကျမှ အခုလို ဒုက္ခဆိုးတွေနဲ့ ကြုံတွေ့ရတာ။ ငါ ရွာဦးကျောင်းမှာတုန်းကဆို ဘာမှ လုပ်စရာ မလိုဘူး။ ဘုရားရှိခိုးလိုက်၊ စာလေးကျက်လိုက်၊ တရားလေးထိုင်လိုက်နဲ့ အဆင်ကို ပြေလို့။ အခု နင်နဲ့ ရမှ ငါ့ဘ၀မှာ မကြုံဖူးတဲ့ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတာ" ဟူ၍ ပြန်ပက်လိုက်လေတော့၏။

ဤသို့ဤနှယ် ဖိုက်လိုက် ကိုက်လိုက် မိုက်လိုက် ရိုက်လိုက် ပြန်ခေါ်လိုက် ပြန်ဆော်လိုက် ပြန်ချစ်လိုက် ပြန်ကစ်လိုက် အက်ကြောင်းပျိုးလိုက် မျက်စောင်းထိုးလိုက် ပြန်အော်လိုက် ပြန်ဆော်လိုက် ပြန်မုန်းလိုက် ပြန်ပြုံးလိုက် ဘုရားဝတ်ပြုလိုက် မယားဝတ်ပြုလိုက်ဖြင့် ရှစ်လခန့်မျှ ကြာသောအခါ မိနှင်းရဲ့ ခပ်ချပ်ချပ်ဗိုက်ကလေး တစ်ထွာလောက် အပေါ်သို့ ဖောင်းတက်လာသောဟူ၏။ ။ ပြီးပြီ။ ။


သင်ခန်းစာ။
အသက်ကြီးမှ လူ့ဘောင်ကနေ ရဟန်းဘောင်သို့ ကူးပြောင်းလာသူသည်လည်းကောင်း
အသက်ကြီးမှ ရဟန်းဘောင်ကနေ လူ့ဘောင်သို့ ကူးပြောင်းလာသူသည်လည်းကောင်း
လွန်စွာမှ ကိုးလို့ကန့်လန့် နိုင်လှပေ၏။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)

.

Tuesday 8 November 2011

ဒုလ္လဘ ဒုက္ခ (အားကျပြီး ရဟန်းဝတ်မိရာဝယ်...)


ဦးပဇင်းတောက်ထိန်ကို မြင်ကထဲက သောင်းဟန်တစ်ယောက် ပဇင်းဝတ်ချင်စိတ်ပေါက်နေမိသည်။ ဦးပဇင်း တောက်ထိန်သည် ခေါင်းတုံးပြောင်ပြောင် အသားဖြူဖြူ သင်္ကန်းညိုညိုနဲ့ အတော်လေး ကြည်ညိုဖွယ်ကောင်းနေလေသည်။ တောက်ထိန်ပဇင်းတက်ခဲ့သည်မှာ တစ်နှစ်နီးနီးပင် ရှိလေပြီ။ "လူ့ဘောင်လောကမှာ စိတ်ညစ် စိတ်ရှုပ်စရာတွေချည်း" ဟု အကြောင်းပြပြီး ပဇင်းတက်ခဲ့ခြင်းဖြစ်သည်။ တေဇသာမိဟု ရွာဦးကျောင်းဆရာတော်က ဘွဲ့နာမည်ပေးထားသော်လဲ လူနာမည်ဖြစ်သည့် တောက်ထိန်ဟုပင် နာမည်တွင်လျှက် ရှိနေလေသည်။

ဦးပဇင်းတောက်ထိန်ကို အားကျပြီး သောင်းဟန်တစ်ယောက် စိတ်ထိန်းချုပ်မရလောက်အောင် ပဇင်းဝတ်ချင်စိတ် ပေါက်နေလေတော့သည်။ ထို့ကြောင့် သီတင်းကျွတ်ကာလလေးမှာ မိဘနှစ်ပါးကို စပါးရိတ်အမီ လူဝတ်ပြန်လဲခဲ့မည်ဟု ကတိပေးပြီး ပဇင်းတက်ဖို့ ရွာဦးကျောင်း ဆရာတော်ဆီ လာခဲ့လေသည်။ စိတ်အတွင်းမှလဲ ဆရာတော်တော့ ရဟန်းသစ် တစ်ပါး တိုးမှာမို့ ၀မ်းသာနေမှာဘဲ ဟု စဉ်းစားကာ ကြည်နူးသလိုလို ဖြစ်မိနေလေသည်။

"ဆရာတော်... တပည့်တော် ပဇင်းတက်ချင်လို့ပါဘုရား"

"ဟေ... ပြန်လျှောက်စမ်း"

"ပဇင်းတက်ချင်လို့ပါဘုရား"

"မင်း...မင်း... နောက်တစ်ခါ ထပ်မပြောနဲ့တော့၊ ငါ ထွေးခံနဲ့ ပေါက်လိုက်ရ။ သွား... အခု ငါ့ရှေ့က ထွက်သွားစမ်း"

"တပည့်တော် ဘာများ မှားသွားလို့လဲ ဘုရား"

"မင်း.. ထပ်မပြောနဲ့တော့လို့ ပြောထားတယ်နော်။ ငါ စိတ်တိုလာရင် မင်းမလွယ်ဘူး။ ပဇင်းတက်ချင်ရင် ငါ့ကျောင်းကို ဘယ်တော့မှ မလာခဲ့နဲ့၊ တစ်ခြား ကျောင်းကိုသာသွား..."

အထင်နဲ့အမြင် လွှဲစင်နေသည်ကို တွေ့ရ၍ သောင်းဟန်တစ်ယောက် ဆရာတော် ဘာဖြစ်လို့ စိတ်ဆိုးဒေါသထွက်မှန်း သဘောမပေါက် ဖြစ်နေလေသည်။ သို့သော် ထပ်မပြောနဲ့တော့ဟု စကားလမ်းကြောင်း ပိတ်ထားသောကြောင့် ဘာစကားမှ မပြောရဲတော့ဘဲ ရွာဦးကျောင်းမှ အမြန် ပြန်လာခဲ့ရလေသည်။

ထို့နောက် အကြံကောင်း ရလိုရငြား ဆရာတော်နဲ့ ရင်းနှီးကျွမ်းဝင်ရှိသည့် ရွာထဲမှ ဦးဘမှုံထံသို့ ခြေဦးတည်ခဲ့လေသည်။ ဦးဘမှုံကြီးအား အခန့်သား သူ့အိမ်ပေါ်မှာ တွေ့လိုက်ရသည့်အတွက် ၀မ်းသာသွားသည်။ အမှန်ဆို ဦးဘမှုံတစ်ယောက် ရွာရိုးလျှောက်ပြီး အလွတ်ကျက်မှတ်ထားသည့် အစိန္တေယျဘုရား ရှိခိုးစာတွေကို ရွတ်ဆိုနေကြဖြစ်သည်။

"ဘကြီးမှုံရေ.. မေးစရာရှိလို့ဗျ"

"မေးလကွာ"

"ကျနော် ပဇင်းဝတ်ချင်လို့ ညနေက ရွာဦးကျောင်းဆရာတော်ဆီ သွားခွင့်ပန်တာ အငေါက်ခံထိပြီး ပြန်လာခဲ့ရတယ်။ ဘာဖြစ်လို့ ဆရာတော် အဲဒီလောက် စိတ်ဆိုးမှန်း မသိဘူး"

"မင်းက ဆရာတော်ကို ဘယ်လို လျှောက်လိုက်လို့လဲ"

"ရိုးရိုးလေးပါဘဲ။ တပည့်တော် ပဇင်းတက်ချင်လို့ပါဘုရားလို့ လျှောက်လိုက်တယ်လေ"

"မင်း.. အဲဒါ ခက်တာပေါ့။ ရွာဦးကျောင်း ဆရာတော်အကြောင်း မသိတာလဲ မဟုတ်ဘဲနဲ့"

"ဘာဖြစ်လို့လဲ ဘကြီးမှုံ"

"ဆရာတော်က အမျိုးသားရေးဝါဒသမားကြီးလေကွာ"

"အဲဒါနဲ့ ဘာဆိုင်လို့တုန်းဗျ"

"ဆိုင်ပါပကော မောင်သောင်းဟန်ရယ်။ မင်းက ပဇင်းတက်ချင်တယ်လို့ သွားလျှောက်တာကိုးကွ။ မင်း မှတ်ထား။ ဆရာတော်ကို နောက် ဘယ်တော့မှ ပဇင်းတက်ချင်တာတို့ ရဟန်းတက်ချင်တာတို့ ဆိုတဲ့ အသုံးအနှုန်းနဲ့ သွားမလျှောက်နဲ့။ မင်းကို ဘယ်နည်းနဲ့မှ လက်ခံစဉ်းစားပေးမှာ မဟုတ်ဘူး"

"ဒါဖြင့် ဘယ်လို လျှောက်ရမှာလဲ ဘကြီးမှုံ"

"လွယ်လွယ်လေးပါ။ ဆရာတော်က အမျိုးသားရေးဝါဒသမားဆိုတော့ ပဇင်းတက်ချင်တာတို့ ရဟန်းတက်ချင်တာတို့ အစား ပဇင်းခံချင်တယ် ရဟန်းခံချင်တယ်ဆိုပြီး ပြင်လျှောက်လိုက်ရုံပေါ့။ ဒါဆို ဆရာတော် သေချာပေါက် မင်းကို လက်ခံလိမ့်မယ်"

ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ပါဘဲ။ သို့ပေသည့် မတတ်နိုင်ပြီ။ သူ့အရပ် သူ့ဇာတ်ပေဘဲ။း) ဘကြီးမှုံ ပေးခဲ့တဲ့ အကြံအတိုင်း နောက်တစ်နေ့မှာ သောင်းဟန်တစ်ယောက် ရွာဦးကျောင်းသို့ ခြေဦးလှည့်ပြီး ဆရာတော်ထံ ခွင့်ပန်ပြန်လေသည်။

"ဆရာတော်.. တပည့်တော် ရဟန်းခံချင်လို့ပါဘုရား"

ဘကြီးမှုံပေးခဲ့တဲ့ အကြံ တိုက်ရိုက်ထိလေသည်။ ဆရာတော်က..

"အေး အေး... ရဟန်းခံချင်ရင်တော့ မင်းကို လက်ခံမယ်။ မင်းကို ရဟန်းတက်ပေးမယ်။ ရဟန်းတက်ချင်ရင် ပဇင်းတက်ချင်ရင်တော့ တစ်ခြားကျောင်းကိုသွား။ ဟုတ်ပြီလား"

ဟူ၍ အမျိုးသားရေးဝါဒသမားပီပီ ရှောရှောရှူရှူ လက်ခံလိုက်လေတော့သည်။ ထူးထွေတည့်.. အံ့ရာသော်ဝ်ပါဘဲ။ အသုံးအနှုံးလေး ကွဲပြားရုံနဲ့ လက်ခံခြင်း လက်မခံခြင်းတို့ ကွဲပြားခြားနားတတ်သည်ကိုးး။ ဒီလိုနဲ့ သောင်းဟန်တစ်ယောက် သီတင်းကျွတ်ကာလမှာ ရဟန်းဘောင်သို့ ရောက်ရှိခဲ့လေသည်။ ရဟန်းဘွဲ့အမည်မှာ ဦးသုတစာဂ ဟူ၍ ဖြစ်၏။ သို့သော် ဦးပဇင်းသောင်းဟန်ဟုပင် အားလုံးက ခေါ်ကြလေသည်။

ရဟန်းဝတ်ပြီး အကြီးမားဆုံး ပြဿနာမှာ ညနေပိုင်း၌ ဗိုက်ဆာခြင်းပင်ဖြစ်သည်။ အရာအားလုံးကို ခံနိုင်ရည်ရှိပေမဲ့ ဗိုက်ဆာခြင်းကို ဘယ်လိုမှ သည်းခံ၍ မရ။ ပထမတစ်နေ့၌ အောင့်အီးပြီး ရေသောက်ကာ ဗိုက်တဂွီဂွီနဲ့ ကြိတ်မှိတ်ကာ နေခဲ့ရသော်လဲ နောက်တစ်နေ့၌မူ နေ့ဆွမ်းစားပြီးချင်း ထမင်းအဖြူကို ၀ှက်ယူကာ ချန်ထားလိုက်လေသည်။ သို့သော် ညနေပိုင်းသို့ ရောက်သောအခါ စားဖို့ နေရာက အရေးကြီးပြန်လေသည်။ ဆရာတော်နဲ့လဲ မမိအောင် ကိုရင်ကျောင်းသားတွေနဲ့လဲ မတိုးမိအောင် ဘယ်လို စားရမှန်းမသိ။ တစ်ယောက်ယောက် တွေ့မြင်သွားရင် ဆရာတော်ဆီ သံတော်ဦးတင်လိုက်မှဖြင့် မဟာဒုက္ခ။ ဤသို့ဖြင့် ညဦးပိုင်းသို့ ရောက်လာလေသည်။

ဗိုက်ကလဲ အရမ်းဆာလာပြီမို့ ဆားဖြူးထားသည့် ထမင်းဖြူထုပ်ကလေးကို စောင်ခြုံထဲယူပြီး ခေါင်းမြီးခြုံအိပ်ကာ အိပ်ရင်းနဲ့ ဖြေစားလိုက်ရလေသည်။ ဟောခန်းထဲ စုပေါင်း အိပ်ရသည်မို့ သတိ အတော်လေး ထားပြီး စားနေရသည်။ ကိုယ့်ထမင်း ကိုယ် ခိုးစားရတဲ့ ဘ၀၊ တယ်လဲ သနားစရာ ကောင်းလိုက်ပါဘိ။ တစ်လုပ်နှစ်လုပ် စားပြီးသောအခါ တစ်စုံတစ်ယောက် လမ်းလျှောက်ပြီး သူ့ဆီ ဦးတည်လာနေသည့် ခြေသံကို ကြားလိုက်ရလေသည်။ ဆရာတော်များ ရောင်း(Round) လာလှည့်လေသလားမသိ။

ခြေသံကို နားထောင်ကြည့်လိုက်တော့ သူ့ခြေရင်းမှာ လူးလာခေါက်တုံ့ လမ်းလျှောက်နေခြင်း ဖြစ်သည်ကို သိလိုက်ရပြီးနောက် စောင်ခြုံထဲက ထမင်းကိုလဲ ဆက်ပြီး မစားရဲ၊ ခေါင်းမြီးခြုံလဲ မဖွင့်ကြည့်ရဲဘဲ ခြေသံအတိတ်ကိုသာ သည်းခံပြီး စောင့်မျှော်နေရလေတော့သည်။ သို့သော် ခြေသံက ဆက်လက် ရှိနေမြဲပင်။ ဦးဇင်းသုတစာဂတစ်ယောက် ခြေသံပိုင်ရှင် ထွက်အသွားကို စောင့်ရင်း ဗိုက်ထဲလဲ အစာ နှစ်လုပ်လောက် ၀င်ပြီး ဖြစ်လို့ မျက်လုံးလေး စင်းကာစင်းကာဖြင့် အိပ်ပျော်သွားလိုက်လေတော့သည်။

ညဉ့်နက်သန်းခေါင်ကျော်ကျော်လောက်မှာ ခြေထောက်ကို တစ်စုံတစ်ယောက်က ကန်ပြီးနိုးလိုက်သည့်အတွက် ဖြတ်ကနဲ နိုးလာလေသည်။ လာနိုးသည့်သူကို ကြည့်လိုက်တော့ ဖယောင်းတိုင်မီး ကိုင်ဆောင်ထားသည့် ဆရာတော်ကိုယ်တိုင် ဖြစ်နေသည်ကို အိပ်ချင်မူးတူး မှုန်ဝါးဝါး အမြင်ဖြင့် မြင်လိုက်ရလေသည်။ ပိုပြီး သဲသဲကွဲကွဲ မြင်ရရန် မျက်စိပွတ်ကြည့်ဖို့ လက်ဝါးကို မျက်နှာပေါ်တင်လိုက်တော့ စေးကပ်ကပ် အရာတွေ မျက်နှာတစ်လျှောက် ကပ်နေသည်ကို စမ်းမိလေသည်။ ဘာတွေပါလိမ့်။

အနားမှာ ရပ်ကြည့်နေတဲ့ ဆရာတော်က သူ့မျက်နှာရှေ့ မှန်တစ်ချပ် လာထောင်ပေးလေသည်။ မှန်ထဲ သေချာမျက်လုံး ပြူးပြဲကြည့်လိုက်တော့ ထမင်းစေ့တွေ။ဘုရား ဘုရား။ ညတုန်းက ထမင်းခိုးစားရင်း စောင်ခြုံထဲ အိပ်ပျော်သွားသည်ကို အခုမှ အမှတ်ရမိလိုက်သည်။ အိပ်ပျော်နေခိုက် အအိပ်ဆော့သည့်အတွက် မျက်နှာနဲ့ ထမင်းထုပ်နဲ့ အပ်မိပြီး မျက်နှာပြင်တစ်လျှောက်လုံး ထမင်းစေ့တွေ ကပ်နေခြင်းဖြစ်သည်။ အိပ်မောကျနေခိုက် ဘယ်လူးညာလူးဖြင့် စောင်က မျက်နှာပေါ်က ကွာကျသွားခြင်းဖြစ်မည်။ ဆရာတော်က ညဘက်ညခင်းတွေမှာ ကိုရင်ကျောင်းသားတွေကို အခုလို ကြည့်ရှုနေကြဖြစ်သည်။ သီတင်းကျွတ်ကာလမို့ အအေးဓါတ် အတော်ကလေး ၀င်ရောက်လာပြီ ဖြစ်သည်။ ထို့ကြောင့် ကိုရင်ပေါက်စ ကျောင်းသားပေါက်စလေးတွေ အိပ်ပျော်ရင်း စောင်လွတ်ပြီး အအေးပတ်မှာ စိုး၍ အခုလို ညဘက် ရောင်းလှည့် စစ်ဆေးခြင်းပင်ဖြစ်သည်။ စစ်ဆေးရင်း ဦးဇင်းသုတစာဂ ဖြစ်ပုံကို မြင်တွေ့သွားခြင်း ဖြစ်သည်။ ဗုဒ္ဓေါ။ ဖြစ်မှ ဖြစ်ရလေ။ "ဆရာတော် ခွင့်လွတ်ပါဘုရား၊ ဗိုက်အရမ်းဆာလို့ ခိုးစားမိပါတယ်" ဟု ကပျာကယာ တောင်းပန်လိုက်ရလေတော့သည်။

နောက်တစ်နေ့ မိုးလင်းတော့ ဦးပဇင်းသုတစာဂကို ဒဏ်ပေးလေသည်။ ထင်းခွဲခိုင်းခြင်းပင် ဖြစ်သည်။ ထင်းတုံးပေါင်း အတုံး နှစ်ဆယ်ခန့်ရှိသည်။ ထင်းခွဲနေသည့် နေရာအနီး၌ ဆရာတော်က ခုံလွတ်တစ်လုံး ယူပြီး ထိုင်ကြည့်နေလေသည်။ ထင်းတုံးတစ်တုံး၌ မြက်ဆုံကြီးကို တွေ့ရာ...

"ဆရာတော်... ဒီတုံးမှာ မြက်ဆုံကြီးရှိတယ်။ ပေါက်ဆိန်နာလိမ့်မယ် ထင်တယ်။ ဒါကြောင့် ထင်းတစ်တုံးနဲ့ အစာထိုးပြီး ပေးပါဘုရား"

ဟု လျှောက်ထား အသိပေးလိုက်လေရာ ဆရာတော်က သူ၏ လက်သုံးစကား အတိုင်း...

"ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခုံနဲ့ ရိုက်လိုက်လို့၊ ခါးကျိုးသွားမယ်"

ဟူ၍ အသံခပ်မာမာဖြင့် ပြန်ဟောက်လေတော့သည်။ ဦးဇင်းသုတစာဂလဲ ဘာမှ ဆက်မပြောတော့ဘဲ ပေါက်ဆိန်ကျိုးကျိုး ထင်းတုံးကွဲကွဲ အားကုန်ခဲ၍ ထင်းခွဲခြင်းလုပ်ငန်းကို ချွေးဒီးဒီးကျသည်ထိ လုပ်ကိုင်လိုက်ရလေတော့သည်။ ထမင်းတစ်လုပ် ဒုတ်တစ်ချက်ဆိုတာ ဒါကို ခေါ်တာဘဲ ဖြစ်ရမယ်။း)

နောက်တစ်နေ့ရောက်တော့ ထမင်း ခိုးမစားရဲတော့ပေ။ သို့သော် "ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်" ဟူ၍ ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။ ငတ်ပြီဆိုမှဖြင့် ဘာကိုမှ ထည့်မတွက်တတ်တော့။ ညပိုင်းရောက်တော့ ထုံးစံအတိုင်း ဦးဇင်းသုတစာဂ ဗိုက်ဆာရောဂါက ဆန္ဒပြလာပြန်သည်။ နေ့လည်တုန်းက ထမင်းလဲ ၀ှက်မယူထားခဲ့လေတော့ အကြံရခက်နေလေသည်။ သို့သော် မီးဖိုဆောင်နဘေးမှာ ဆယ်ဝင်စဉ့်အိုးကြီးဖြင့် တည်ထားသည့် မုန့်ညှင်းချဉ်အိုးကြီး ရှိနေသည်ကို ဦးပဇင်းသုတစာဂ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် လူခြေတိတ်ချိန်တွင် အမှောင်ကို အားပြုကာ ထိုမုန့်ညှင်းချဉ်အိုးကြီးဆီသို့ တိုးတိုးတိတ်တိတ် သွားပြီး အဖုံးကို အသာကလေးဖွင့်ကာ အချဉ်ပေါက်နေပြီ ဖြစ်သည့် မုန့်ညှင်းချဉ်ဖတ်တို့ကို တစ်ဆုပ်ယူကာ အားရပါးရ စားသောက်လေတော့သည်။

ထိုအခိုက် လက်နှိပ်ဓါတ်မီးရောင် တစ်ခု မျက်နှာပေါ်တည့်တည့် ကျရောက်လာလေသည်။ အထိတ်တလန့်ဖြစ်ကာ ပါးစပ်ထဲ ရောက်ပြီးသား မုန့်ညှင်းချဉ်ဖတ်တို့ကို ထွေးပစ်ရနိုးနိုး မျိုချရနိုးနိုးဖြင့် ခိုးထုပ်ခိုးထည်တို့နှင့်အတူ လက်ဆုပ်လက်ကိုင် အမိခံလိုက်ရလေတော့သည်။ "ငါ့နှယ်နော်။ တစ်ခါခိုး တစ်ခါမိ ဆိုတာ ဒါကို ခေါ်တာဘဲ ဖြစ်ရမယ်" ဟု စိတ်ထဲ ရေရွတ်ရင်း ဟန်ဆောင်ကာ မာန်ပါပါဖြင့် သူခိုးက လူလို ဟစ်ကာ "ဘယ်သူလဲ" ဟု အော်မေးမိလိုက်ရာ "ဘယ်သူရမှာလဲ မင့်အဖေ ငါ" ဟု ပြန်ပြောခဲ့သည့် ရွာဦးကျောင်းဆရာတော်၏ အသံကို တုန်လှုပ်ချောက်ခြားစွာ ကြားလိုက်ရလေတော့သည်။း(

နောက်တစ်နေ့၌...

"ပဇင်းသစ် သုတစာဂ။ ကုသိုလ်လိုချင်လို့ သင်္ကန်းဝတ်လာတာဆိုရင်ဖြင့် ၀ိနည်းစည်းကမ်းကို လိုက်နာပါ။ အသက်လဲ ငယ်တော့တာ မဟုတ်ဘူး။ ၀ိနည်း မထိန်းသိမ်းနိုင်ရင်လဲ လူဝတ်လဲလို့ ရပါတယ်။ ခိုးစားတာဟာ ပစ္စည်းခိုးယူတာနဲ့ အတူတူပါဘဲ။ အပြစ်ကြီးလှပါတယ်။ ဒါကြောင့် ရှေးဆရာတော်တွေက အခုလို လင်္ကာလေးတွေ စီထားခဲ့ကြတယ်။ အပြစ်မကျူးလွန်မိအောင်ပေါ့။

ဘာသာတိုင်းက၊ တားမြစ်ကြ၊ ဆိုးလှ ခိုးဝှက်ခြင်း။
ယခုဘ၀၊ ပြစ်ဒဏ်ကျ၊ သေက အပါယ်ဆင်း။

အခု ကိစ္စမှာတော့ ငါ သိပ်ခွင့်လွတ်လို့ မဖြစ်ဖူး။ မောင်ပဇင်းကို လက်မှတ်ထိုးခိုင်းရမယ်။ ဒါမျိုး နောက်တစ်ခေါက် ထပ်ကျူးလွန်ရင် ကျောင်းတိုက်က နှင်ထုတ်ပစ်ရမယ်။ ဒါကြောင့် ဒီမှာ လက်မှတ်ထိုးပါ"

ကျောင်းတိုက် စည်းကမ်းဖောက်ဖျက်သူကို သမိုင်းချီပြီး မှတ်တမ်းတင်ထားသည့် ထို မှတ်တမ်းစာအုပ်အတွင်း ဦးပဇင်းသုတစာဂသည် နောက်တစ်ကြိမ် ယခုကဲ့သို့ မကျူးလွန်တော့ကြောင်း လက်မှတ်ရေးထိုးလိုက်ရလေသည်။ ဘောလုံးစကားနဲ့ ပြောရလျှင်ဖြင့် ဦးဇင်းသုတစာဂ အ၀ါကပ် ထိသွားခြင်းပင် ဖြစ်လေတော့၏။ ထို့နောက် ကိုရင် ကျောင်းသား အများရှေ့၌ ဆရာတော် တိုင်ပေးသော အောက်ပါ လင်္ကာလေးအား သုံးခါတိတိ ခပ်ကျယ်ကျယ် လိုက်ဆိုခဲ့ရလေတော့၏။

"(မုန့်ညှင်းချဉ်အိုး၊ စားဖို့ခိုး၊ ဒါမျိုးမလုပ်တော့ပါဘုရား) ၃"

ရဟန်းဘ၀ဖြင့် ကျင့်သားရနေပြီဖြစ်သည့် ဦးဇင်းတောက်ထိန်ကို အားကျပြီး ရဟန်းဝတ်လာမိသည့် သောင်းဟန်တစ်ယောက် ရဟန်းဘ၀ တကယ်မလွယ်မှန်း ညနေစာမစားရခြင်းလေးဖြင့်ပင် သဘောပေါက်သွားလေ၏။ "ရဟန်းဘ၀ အလွယ်မမှတ်နဲ့...တကယ် ကြပ်သကွဲ့ ဒကာတို့ရေ...အနယ်နယ် အရပ်ရပ် ငါတို့ပြည်မှာ....." ဆိုတဲ့ တေးထပ်ကလေးကို အခုလို အခက်အခဲမျိုးအတွက် ရေးသားခဲ့ကြဟန် တူပါရဲ့။

နောက် သုံးရက်ခန့်အကြာ၌
ဦးပဇင်းတွေ ကိုရင်ကျောင်းသားတွေအားလုံးကို ဆရာတော်က စာကျက်ခိုင်းထားလေ၏။ ဦးပဇင်းသုတစာဂလဲ ကိုရင်ကျောင်းသားတွေနဲ့အတူ ၀ိုင်းဖွဲ့ပြီး စာကျက်စာအံအမှု ပြုရလေသည်။ သို့သော် စာကျက်ခြင်းထက် ၀တ္ထု မဂ္ဂဇင်းဖတ်ခြင်းကိုသာ စိတ်အားထက်သန်သည့် ဦးပဇင်းသုတစာဂသည် စာအံရင်း ဆရာငြိမ်းကျော်၏ "အတိတ်လွင်ပြင်ကို ဖြတ်သန်းသွားသော အကြင်နာမျက်နှာစိမ်းများ" အမည်ရှိ ၀တ္ထုစာအုပ်အား ဘုရားစာအုပ် အကာအကွယ်ဖြင့် ဖတ်နေလေ၏။ ထိုအခိုက် ကိုရင်တစ်ပါးက ဦးပဇင်း သုတစာဂအား "ဆရာတော်နဲ့ မိရင် မလွယ်ဘူးနော်" ဟု သတိပေးလေသည်။ သို့သော် ဦးဇင်းသုတစာဂက သူ၏ သီအိုရီအား ကိုရင်ကျောင်းသားတွေကို အခုလို ပြောပြလေသည်။

"ဘုရားစာဖတ်ခြင်းဖြင့် ဗဟုသုတ မစုံနိုင်၊ ၀တ္ထု မဂ္ဂဇင်းဖတ်ခြင်းဖြင့်သာ ဗဟုသုတ စုံနိုင်တယ်"

ထိုကဲ့သို့ ကိုရင် ကျောင်းသားများအား ပြောပြလိုက်ရာ ကိုရင်ကျောင်းသားတွေအားလုံးလဲ တိုင်ပင်ထားသည့်အလား ညီညီညာညာဖြင့် ဆရာတော်၏ လက်သုံးစကားဖြစ်သည့်...

"ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခုံနဲ့ ရိုက်လိုက်လို့၊ ခါးကျိုးသွားမယ်"

ဟု ခပ်ကျယ်ကျယ် ရွတ်ဆိုပြီး ရယ်မောနေကြလေသည်။ ထိုစဉ် မျက်နှာချင်းဆိုင်မှ ကိုရင်တစ်ပါး ဦးပဇင်းသုတစာဂ၏ ခေါင်းပေါ်သို့ ကျော်ကြည့်ကာ ရုတ်တရက် တထိတ်တလန့် မျက်စိမျက်ဆံပြူး အမူအယာ ဖြစ်သွားသည်ကို မြင်တွေ့လိုက်ရလေ၏။ ဦးပဇင်းသုတစာဂလဲ ရောယောင်ကာ နောက်သို့ သမင်လည်ပြန် လှည့်၍ ကြည့်လိုက်တော့ ဒေါသအပြုံးဖြင့် နီနီရဲရဲ ပြုံးဖြဲဖြဲကြီးဖြစ်နေသည့် ဆရာတော့် မျက်နှာကြီး။

ဗုဒ္ဓေါ။



သဗ္ဗေသတ္တာ အဝေရာ ဟောန္တု
ကိုကိုမောင် (ပန်းရနံ့)

.