Wednesday, 30 September 2009

ကျောင်းအပ်ပြီ


ဒီနေ့ Soas, University of London မှာ Enrolment သွားလုပ်တယ်။ ဒီတစ်ပတ်လုံးက Orientation week ဆိုတော့ စာသင်စာပြ ဘာမှ မလုပ်ကြသေးဘူး။ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး International student welcome day တို့ walking tour တို့စတဲ့ လိုအပ်တဲ့ ၀န်ဆောင်မှုတွေကို တက္ကသိုလ်ဝန်ထမ်းတွေ ပြုလုပ်ပေးနေကြပါတယ်။ ဒါပေမဲ့ ကျနော်တို့တော့ သွားရမှာ ခပ်ပြင်းပြင်းဖြစ်နေတာကတစ်ကြောင်း Pre-sessioanl courses နှစ်လလောက် တက်ခဲ့ပြီးဖြစ်လို့ တက္ကသိုလ်ဝန်းကျင်နဲ့ ရင်းနှီးပြီးဖြစ်တာကတစ်ကြောင်းတို့ကြောင့် တစ်ချို့  Event တွေကို မသွားဖြစ်ခဲ့ပါဘူး။

ဒီတစ်ပတ်လုံး ကျောင်းသူကျောင်းသားတွေ အလှည့်ကျ Enrolment လုပ်ရတယ်။ ဥပမာ.. A to F နဲ့နာမည်စတဲ့ ကျောင်းသူကျောင်းသားတွေက ဘယ်နှစ်ရက်နေ့ လာပြီး Enrolment လုပ်ရမယ်၊ G to I နဲ့နာမည်စတဲ့ ကျောင်းသူကျောင်းသားတွေက ဘယ်နှစ်နေ့လာပြီး Enrolment လုပ်ရမယ်စသဖြင့်ပေါ့။ ကျောင်းသူကျောင်းသားအရေအတွက် များလွန်းတဲ့အတွက် ဒီလ ၂၈ ရက်နေ့ကစပြီး အောက်တိုဘာ ၁ ရက်နေ့အထိဟာ Enrolment လုပ်ရတဲ့ Week ဘဲဖြစ်ပါတယ်။

ကျောင်းသူကျောင်းသားတွေ အရမ်းများတဲ့အတွက် Enroment လုပ်ဖို့ တန်းစီပြီးစောင့်ရပါတယ်။ Long queue ကြီးဖြစ်နေလေရဲ့ ။ ပြည်တွင်း ပြည်ပကျောင်းသား၊ Post graduate students, Undergraduate students အားလုံး တစ်တန်းထဲ တန်းစီရပါတယ်။ Point ရောက်ခါနီးမှ Enrolment လုပ်ရမဲ့ PG နှင့် UG ကိုသက်ဆိုင်ရာ Desks ခွဲပါတယ်။

Enrolment အားလုံး ပြီးပြည့်စုံဖို့ နေရာဋ္ဌာန လေးခုကို သွားရတယ်။
၁။ ID စစ်ဆေးတဲ့ဋ္ဌာန (စီဒီတစ်ချပ်နဲ့ ကျောင်းသားသုံးစာအုပ်နှစ်အုပ်ပေးခဲ့တယ်)
၂။Payment လုပ်ရတဲ့ဋ္ဌာန (Form တစ်ခုပေးခဲ့တယ်၊ ကိုယ့်ရဲ့ အချက်အလက်မှန်မမှန်စစ်ဆေးပြီး Blank ဖြစ်နေတဲ့ နေရာပြန်ဖြည့်ဖို့)
၃။Payment ဋ္ဌာနကပေးခဲ့တဲ့ Form ကို စစ်ဆေးဖြည့်စွက်ပြီး ထပ်တင်ရတဲ့ဋ္ဌာန
၎။ဓါတ်ပုံအရိုက်ခံပြီး ကျောင်းသားကဒ်တစ်ခါထဲ လုပ်ပေးတဲ့ဋ္ဌာန (အဲဒီကဒ်ဟာ တက္ကသိုလ်အဆောက်အဦထဲဝင်ခွင့်နှင့်စာကြည့်တိုက်ဝင်ခွင့်အတွက် အကျုံးဝင်ပါတယ်)။

နေရာဋ္ဌာနတိုင်းမှာ တန်းစီပြီးအကြာကြီးစောင့်ရပါတယ်။ ဒါကြောင့်မို့ မနက် ကိုးနာရီမထိုးခင်ကစပြီး ကျနော်တို့ Enroment ပြုလုပ်တာဟာ နေ့လည် တစ်နာရီလောက်မှဘဲ ပြီးမြောက်ပါတယ်။ သူတို့ရဲ့  စီမံထားမှုကတော့ တကယ်တိကျပါတယ်။ သွားရမဲ့နေရာ လုပ်ရမဲ့ကိစ္စအတွက် ကြောင်အမ်းအမ်းမဖြစ်ဖို့ နေရာတိုင်းမှာ တက္ကသိုလ်ဝန်ထမ်းတွေကို Stand by ထားပါတယ်။ ၀န်ထမ်းတွေအားလုံး တက္ကသိုလ်ယူနီဖောင်းဝတ်ဆင်ထားကြတဲ့အတွက် သူတို့ကို ရှာဖွေရတာ လွယ်ကူပါတယ်။ သူတို့မျက်နှာတွေကလဲ ပြုံးပြုံးရွှင်ရွှင်နဲ့ ဆိုတော့ သွားမေးဖို့ ၀န်လေးစရာမလိုပါဘူး။ အတုယူစရာကောင်းပါတယ်။

ဒါပေမဲ့ ဘ၀င်မကျတာ တစ်ခုတော့ တွေ့ခဲ့တယ်။ အဲဒါကလဲ သိပ်ပြီးတော့ အရေးကြီးတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ကျောင်းသားကဒ်အတွက် ဓါတ်ပုံရိုက်တဲ့နေရာမှာပါ။ လူတွေများလွန်းတဲ့အတွက် အမြန်ဆောင်ရွက်နိုင်အောင် စီစဉ်ထားတာဖြစ်ဟန်တူပါရဲ့ ။ ဓါတ်ပုံရိုက်တာကို ကင်မရာအကောင်းစားနဲ့မရိုက်ဘဲ Web-Cam နဲ့ရိုက်ပြီး ကျောင်းသားကဒ်လုပ်ပေးတယ်။ ဒါကြောင့် ဓါတ်ပုံလုံးဝ မကောင်းပါဘူး။ ကြည်ကြည်လင်လင်လဲ မရှိပါဘူး။ အဲဒါတစ်ခုတော့ နဲနဲစိတ်ပျက်မိတယ်။ အဲဒီကဒ်ကို နေ့စဉ်သုံးနေရမှာဆိုတော့ နေ့စဉ်မြင်တွေ့နေရမှာ သေချာတယ်။ ဓါတ်ပုံက မရှင်းမလင်းနဲ့။ သိပ်အဆင်မပြေလှဘူး။

ဘာဘဲဖြစ်ဖြစ်ပေါ့လေ။ Enrolment ပြီးသွားတဲ့အတွက် စိတ်အေးရတာပေါ့။ နောက်နေ့တွေမှာ ကြိုက်နှစ်သက်ရာ Unit တွေကို ရွေးချယ်ပြီး သက်ဆိုင်ရာ ဋ္ဌာနမှာ စာရင်းပေးသွင်းရတော့မယ်။ အားလုံးစာရင်းသွင်းပြီးရင်တော့ လာမဲ့ အောက်တိုဘာလ ပထမပတ်ကစပြီး ကျောင်းစတက်ရုံဘဲပေါ့။ မာစတာကျောင်းသားဆိုတော့ ဆံပင်ဖြူပေါက်လောက်အောင်ကြိုးစားရမလားမသိဘူး။ တွေးကြည့်ရင်း Excited ဖြစ်နေတာကတော့ အမှန်ပါဘဲ။


....

မိန်းမများအတွက် ပြစ်ဒဏ်


ဘာသာတရားက လူကို ကူညီဖို့ဘဲ ဖြစ်သင့်တယ်။ လူတွေကို နှိပ်စက်ညှင်းဆဲ သတ်ဖြတ်ဖို့မဖြစ်သင့်ဘူး။ ဒါပေမဲ့ ဟိန္ဒူဘာသာစာပေတွေရဲ့  အယူအဆတစ်ချို့ ကြောင့် မိန်းမသားများမှာ လူဖြစ်နေပါလျက်နဲ့ အရှင်လတ်လတ် ငရဲကျခံနေရသလိုပါဘဲ။


Bride-Burning (သတို့သမီးကိုမီးရှို့ သတ်ဖြတ်ခြင်း)
Dowry (မင်္ဂလာကြေး) အပြည့်အ၀ မပေးနိုင်တဲ့အတွက် သတို့သားနှင့်သတို့သားမိသားစုက သတို့သမီးကို ပစ်ဒဏ်ခတ်တဲ့အနေနဲ့ မီးရှို့ ပြီးသတ်ဖြတ်လေ့ရှိကြတယ်။
တစ်နှစ်.. တစ်နှစ်မှာ အဲဒီ Dowry စနစ်ကြောင့် မီးရှို့ အသတ်ခံရတဲ့ အမျိုးသမီးအရေအတွက်ဟာ ဂဏန်းလေးလုံး အထက်မှာဘဲ ရှိနေပါတယ်။ ဒီအကြောင်းကို သနားစရာမိန်းမသားများဘ၀ ပို့စ်မှာ ရေးသားခဲ့ပြီးဖြစ်ပါတယ်။


Wife-Burning (ဇနီးမယားကို မီးရှို့ ခြင်း)
အရိုးစွဲနေပြီဖြစ်တဲ့ သူတို့ရဲ့ ရှေးရိုးစွဲတွေဟာ မိန်းခလေးတွေကို တိုက်ရိုက်ထိခိုက်စေပါတယ်။ မိန်းမသားဘ၀ဟာ တွေးတောကြည့်ရင် အလွန်ရင်နာစရာကောင်းပါတယ်။ အိမ်မှုကိစ္စတွေလုပ်ကိုင်ရတယ်။ ကိုယ်ဝန်ဆောင်ရတယ်။ လူသားမျိုးနွယ်စုမပျောက်ပျက်အောင် တာဝန်ယူရတယ်။ ဒါတောင်မှ ဘာဖြစ်လို့ မိန်းမသားတွေကို နှိမ်ချဆက်ဆံကြပါလိမ့်။ မိန်းမသားဘ၀ကို ရရှိလာတာဟာ ပြစ်မှုတစ်ခုကျူးလွန်ထားတဲ့ တရားခံတစ်ယောက်အဖြစ်ကို ရရှိနေသလိုပါဘဲ။

လင်ယောက်ျားဟာ သူ့အမျိုးသမီးကို တစ်ခြားယောက်ျားတစ်ယောက်နဲ့ အချိန်မရွေးစွပ်စွဲနိုင်ချေရှိတယ်။ အဲဒီလို အစွပ်စွဲခံရတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့မှာ အပြစ်ကင်းကြောင်း လင်ယောက်ျားအပေါ် သစ္စာမပျက်ကြောင်း ဘယ်လိုနည်းနဲ့ သက်သေပြသမလဲ။ ရွေးချယ်စရာမရှိပါဘူး။ ညီးညီးတောက်လောင်နေတဲ့ မီးပုံထဲ ဖြတ်သန်းပြီးလမ်းလျောက်ပြရုံပါဘဲ။ အဲဒီမီးဖိုကြီးကို ရွာသူကြီးက စီစဉ်ပေးပြီး ဖြတ်သန်းစေတာပါ။ တော်တော်ရက်စက်ကြတယ်။ မီးဖိုထဲ ဖြတ်သန်းရင်း သေဆုံးသွားရတဲ့ ဇနီးမယားအရေအတွက်လဲ မနည်းခဲ့ဘူး။ တကယ်လို့ ကံအားလျော်စွာ သေကံမရောက်ခဲ့ပြန်ရင်လဲ ခန္ဓာကိုယ်မှာ မီးလောင်ထားတဲ့ အမှတ်အသားကို ကြည့်ပြီး အပြစ်ဘယ်လောက်ရှိတယ်ဆိုတာကို ဆုံးဖြတ်လေ့ရှိကြတယ်။ အိန္ဒိယဒဏ္ဍာရီမှာ ထင်ရှားခဲ့တဲ့ သီတာမင်းသမီးလေးတောင်မှ သီဟိုဠ်ကျွန်းကပြန်လာခါစမှာ သူ့ကြင်ယာတော် ရာမမင်းသားရဲ့  အထင်လွဲခြင်းကို မခံရအောင် မီးပုံထဲ ဖြတ်သန်းပြခဲ့ရပါသေးတယ်တဲ့။


Death-Penalty (သေဒဏ်)
တစ်ခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ကြောင်းအထောက်အထားခိုင်လုံရင်တော့ အဲဒီ အမျိုးသမီးဘ၀ကတော့ သွားပြီ။ သေလမ်းမှတစ်ပါး အခြားမရှိတော့ပြီ။ သူတို့ကျမ်းစာက တရားဝင် သေဒဏ်အဖြစ်သတ်မှတ်ထားတယ်။ သူတို့ရဲ့ နာမည်ကြီးဥပဒေကျမ်းဖြစ်တဲ့ The Manu Smrti
ကျမ်းရဲ့ အဆိုကိုလဲ ဖတ်ကြည့်လိုက်ပါဦး။

အကျင့်ဖောက်ပြန်တဲ့ အမျိုးသမီးကို လမ်းလေးဆုံလေးခွ လူစည်ကားရာနေရာမှာ ခွေးတို့ဖြင့် ခန္ဓာကိုယ် တစ်စစီဖြစ်အောင် ကိုက်သတ်စေ။ အဲဒီမိန်းနှင့်အကျင့်ဖောက်ပြန်တဲ့ ယောက်ျားကို အလျံညီးညီးတောက်လောင်နေတဲ့ သံပူပြားအိပ်ရာထက်မှာ မီးလောင်ပြီးသေစေ တဲ့။


Amputation of Ears and Noses (နား နှင့် နားရွက်တို့ကို ဖြတ်ပစ်ခြင်း)
အမျိုးသမီးတွေ လင်ယောက်ျားကို ကြိုတင်အသိမပေးဘဲ (ခွင့်ပြုချက်မယူဘဲ) အိမ်အပြင်ဘက်ထွက်ခွါသွားရင် လင်ယောက်ျားအပေါ် သစ္စာဖောက်ကောင်း ဖောက်နိုင်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် လင်ယောက်ျားထံ ခွင့်မပန်ဘဲ အပြင်ထွက်တဲ့အမျိုးသမီးကို နား သို့မဟုတ် နားရွက်ဖြတ်ပစ်ပြီး အပြစ်ပေးလေ့ရှိတယ်။

ဗိသျှနူးရဲ့  ခုနစ်ဆက်မြောက်လို့ သူတို့ ယုံကြည်ကိုးကွယ်တဲ့ ရာမစန္ဒြမင်းတောင်မှ အပြစ်သေးသေးကျူးလွန်တဲ့ မိန်းခလေးတွေကို နား နားရွက်တွေ ဖြတ်ပစ်ပြီး အပြစ်ပေးလေ့ရှိပါသတဲ့။ သူတို့ စာပေအရ တစ်နေ့မှာ ဒြာဗီဒီယန်အမျိုးသမီးလေးတစ်ယောက်ဖြစ်တဲ့ သုပန္နကလေးဟာ ရာမစန္ဒြမင်းကို မေတ္တာသက်ဝင်နေကြောင်း ဖွင့်ပြောလိုက်တယ်။ ဒါပေမဲ့ ရာမစန္ဒြမင်းက သူလက်မခံဘဲ သူ့ညီ လက်စ်မန်ကို ညွန်ပြခဲ့တယ်။ အဲဒီသူ့ကို ချစ်ကြိုက်တဲ့ အမှုနဲ့ဘဲ သုပန္နကလေးဟာ နားနှင့်နားရွက်အဖြတ်ခံလိုက်ရတယ်။ ဒြာဗီဒီယန်လူမျိုးတွေကို အာရိယန်လူမျိုးတွေက မကောင်းဆိုးဝါးတွေအနေနဲ့ ယူဆထားတဲ့ဝါဒ လွှမ်းမိုးနေတာကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုတွေ မိန်းမယောက်ျားခွဲခြားမှုတွေ ဆင်းရဲချမ်းသာခွဲခြားမှုတွေ ရောပြွမ်းနေတဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာ မိန်းမသားဖြစ်ရတဲ့ဘ၀ဟာ ဘယ်လောက်ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရမလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့ ထင်ရှားနေပါတော့တယ်။


ကိုးကားချက်။
1.Lopez, Religion of India in Practice,1995, UK: Princeton University Press.
2.http://en.wikipedia.org
3.http://www.geocities.com

...

ဘလော့ဂါအဓိပ္ပါယ်

ဘလော့ဂါဆိုတာ.....
B=ဘယ်သူတွေ ဘာပြောပြော
L=လိမ်တာညာတာချည်းဘဲ
O=အိုတယ်ပျိုတယ် ဆိုပြီးတော့
G=ဂျစ်ကန်ကန်နဲ့
G=ဂျီကျရုံလောက်သာ နားလည်ပြီး
E=အီစီကလီလုပ်ဖို့နှင့်
R=အာကြ ညာကြဖို့ဘဲ သိတဲ့သူတွေ တဲ့။း))

နောက်ပြီး...
B=Boasting ( ကြွားဝါခြင်း)
L=Laughing (ဟားတိုက် လှောင်ပြောင်ခြင်း)
O=Over-talking (အလွန်အမင်းပြောဆိုခြင်း)
G=Gosiping (အတင်းအဖျင်းပြောဆိုခြင်း)
G=Grousing (ညည်းတွားခြင်း)
E=Entertaining (ဖျော်ဖြေပေးခြင်း)
R=Rumouring (ကောလာဟလ ထုတ်လွင့်ခြင်း) တို့ကို လှိုင်လှိုင် သုံးစွဲကြတဲ့သူတွေ တဲ့။ ။
.

ဟား ဟား ဟား။ တကယ် လာဖတ်ကြတယ်။ ပျော်လိုက်ထာ။ ဒီကနေ လာခဲ့ကြတာ မဟုတ်လားး))

..

Tuesday, 29 September 2009

မိန်းခလေးတွေ အရွယ်မရောက်ခင်မှာ....


ဒွေးချိုး၊ လေးတိုး။
ယောက်ျားပဉ္စင်း၊ မိန်းမ ပုခက်တွင်း။

အဲဒီဆိုရိုးစကားတွေက မြန်မာတွေရဲ့ နှုတ်ဖျားမှာ မကြားချင်အဆုံးပါဘဲ။ ဒီဆိုရိုးတွေပေါ်ပေါက်လာတာ ဘယ်ရာစုနှစ်ကထဲကမှန်း မသိပေမဲ့ ယခုမျက်မှောက်မှာတော့ အဲဒီစကားဟာ မှန်ကန်နေသလိုပါဘဲ။
ဘယ်နိုင်ငံ ဘယ်နေရာမှာဘဲကြည့်ကြည့် အမျိုးသားကအသက်ခပ်ကြီးကြီး အမျိုးသမီးက ခပ်ငယ်ငယ်၊ အဲဒီလို စွဲတွဲတွေ အတော်လေးများနေပြီ။ ရုပ်ရှင်လောကထဲမှာလဲ မင်းသမီးတွေသာ ပြောင်းလဲသွားတယ်။ မင်းသားကတော့ ဒီမင်းသားပါဘဲ။ ဂျိန်းစ်ဘွန်းမင်းသားတွေဆို ပိုတောင်ဆိုးသေးတယ်။ အဲဒီအနေအထားတွေက အထက်က စကားပုံလေးကို ထင်ထပ်ပြနေသယောင်ယောင်ပါ။

ဒီလို အသက်ငယ်ငယ်မိန်းခလေးနှင့်အသက်ကြီးကြီးယောက်ျားတွေ စုံတွဲခုတ်ကြတဲ့နေရာမှာ အိန္ဒိယနိုင်ငံက အဆိုးဆုံးလို့ ပြောရင်ရပါတယ်။ ဟိန္ဒူယဉ်ကျေးမှုထွန်းကားနေတဲ့ အိန္ဒိယနိုင်ငံဟာ
ဟိန္ဒူဘာသာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလွန်နိုင်ကြပါဘူး။ အဲဒီ ဟိန္ဒူဘာသာရေးစည်းကမ်းတွေချက်တွေထဲမှာ မိန်းခလေးတွေ အိမ်ထောင်ပြုလို့ရတဲ့ အရွယ်ကို သတ်မှတ်ဖော်ပြထားတယ်။ ငါးနှစ်သမီးအရွယ်ကစပြီး အိမ်ထောင်ပြုလို့ရပါပြီတဲ့။ ပြီးတော့ ဟိန္ဒူဥပဒေအရ
ယောက်ျားတစ်ယောက်ရဲ့  အကောင်းဆုံးအဖော်မွန်ကတော့ သူ့အသက်ရဲ့ သုံးပုံတစ်ပုံရှိတဲ့ မိန်းခလေးပါဘဲ တဲ့။ ဒါဆို ငါးနှစ်သမီးလေးရဲ့ အိမ်ထောင်ဘက်ဟာ ၁၅ နှစ်အရွယ်ရှိတဲ့ ယောက်ျားလေးတစ်ယောက်ဖြစ်ရတော့မှာပေါ့။

အိန္ဒိယနိုင်ငံမှာ Child Marriage လို့ခေါ်တဲ့ အသက်ငယ်ငယ်မင်္ဂလာပွဲတွေ အများအပြားရှိနေတယ်။ ပြီးတော့ အဲဒီလို ငယ်ရွယ်စဉ်မှာ အိမ်ထောင်ပြုခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်တယ်လို့ အများစုက လက်ခံထားကြပြန်တယ်လေ။ Dowry ရဲ့  ရိုးရာရှိနေတာကတစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုက ကင်းဝေးစေချင်တာကတစ်ကြောင်း၊ အဲဒီလိုအကြောင်းတွေကြောင့် မိဘတွေကလဲ သမီးမိန်းခလေးတွေကို ငယ်ရွယ်စဉ်မှာဘဲ လက်ထပ်ပေးကြလေ့ရှိတယ်။ သူတို့စာပေအဆိုအရ စေ့စပ်ပြီးတဲ့ မိန်းခလေး၊ လက်ထပ်ပြီးတဲ့မိန်းခလေး၊ တစ်ခြားယောက်ျားအပေါ်မှာစိတ်ရောက်နေတဲ့ မိန်းခလေးတွေကို ယောက်ျားတွေက အတင်းအဓမ္မလိင်ဆက်ဆံမှုမပြုကျင့်ကြဘူးလို့ ဆိုပါတယ်။ အဲဒီ အယုံအကြည်တွေကြောင့်လဲ ကလေးငယ်ငယ်လေးတွေ အရွယ်မရောက်ခင်မှာ အိမ်ထောင်ပြုကြရတာပါ။ တစ်ချို့ မိန်းခလေးတွေဆို ပုခက်ထဲမှာနေစဉ်ကထဲက လက်ထပ်ထိမ်းမြှားပေးခံရတယ်တဲ့။

နောက်ပြီး ဟိန္ဒူမိန်းခလေးတွေဟာ သူတို့ရဲ့  ဘာသာရေးကျမ်းစာကို သင်ကြားခွင့်မရှိပါဘူး။ ယုတ်စွအဆုံး ဘာသာရေးပွဲတွေမှာ ရွတ်ဖတ်သရဇ္ဓျာယ်လေ့ရှိတဲ့ မန္တာန်ကိုတောင် နားထောင်ခွင့်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိန်းခလေးတွေဟာ ဝေဒကျမ်းနှင့်လုံးဝမအပ်စပ် မထိုက်တန်လို့ပါတဲ့။ ဘာဖြစ်လို့ မထိုက်တန်မှန်းတော့ ကျနော်ကောင်းကောင်းမရှင်းဘူး။ ဝေဒကျမ်းက အရမ်းမွန်မြတ်လွန်းလို့များလား။

အရွယ်မရောက်ခင်လက်ထပ်တဲ့အတွက် ဆိုးကျိုးတွေအများကြီးဖြစ်စေပါတယ်။ မိဘဆွေမျိုး ညီအစ်ကို မောင်နှမတွေနဲ့ ခွဲပြီးနေထိုင်ရမယ်။ အဖွဲ့အစည်းတွေမှာ လွတ်လွတ်လပ်လပ်ပါဝင်လှုပ်ရှားခွင့်ဆုံးရှုံးမယ်။ ရွယ်တူမိန်းခလေးတွေနဲ့ပျော်ပါးကစားခွင့်ရတော့မှာမဟုတ်ဘူး။ အလုပ်တွေ အတင်းကြပ်အလုပ်ခိုင်းခံရတယ်။ ဘာမှ သင်ကြားခွင့်မရတဲ့အတွက် ပညာရေးဘက်မှာ လုံးဝနိမ့်ကျသွားမယ်။ အရွယ်မရောက်ခင် လိင်ဆက်ဆံမှုပြုခံရတဲ့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်မယ်။ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ရတဲ့အတွက်အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်။ ပြီးတော့ HIV/AIDS ရောဂါကူးစက်ခံရနိုင်မှုရာနှုန်းပိုများလာမယ်။ ဒါကြောင့်မို့ ယူနီဆက်က ကလေးတွေကိုထိမ်းမြားပေးခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်ဆိုပြီး ထုတ်ပြန်ကြေငြာထားပါတယ်။

ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေနဲ့တော့ အတော်လေးကွာခြားပါတယ်။ မြန်မာမှာ တကယ်ဆန္ဒရှိလို့ရှိရင် သံဃာတော်တွေ ရွတ်ဖတ်တဲ့ ပရိတ် ပဋ္ဌာန်း ဓမ္မကြာ အနတ္တလက္ခဏသုတ်စတဲ့ သုတ်တော်တို့ကို မိန်းခလေးတွေ ကြိုက်သလောက် နာယူနိုင်ပါတယ်။ ပြီးတော့ ကိုယ်တိုင် လေ့လာချင်သပဆိုရင်လဲ ပိဋကတ်သုံးပုံလုံးကို ကျကျနနလေ့လာနိုင်ခွင့်ရှိပါတယ်။ လူဝတ်ကြောင်ဘ၀နဲ့လေ့လာနိုင်သလို သာသနာ့နွယ်ဝင်သီလရှင်အဖြစ်နဲ့လဲ လေ့လာနိုင်ပါတယ်။ မြန်မာအမျိုးတွေအတွက် အခွင့်အရေးတွေက အများကြီးပါ။ ပြီးတော့ များသောအားဖြင့် နေရာတိုင်းမှာ အမျိုးသမီးက ပထမဦးစားပေးခံရတာချည်းပါဘဲ။ ဒါကြောင့်မို့လဲ ဘုန်းကြီးနှင့်ယောက်ျား၊ နောက်ကားနဲ့လိုက် ဆိုတဲ့ စကားပုံလေး ကားသမားတွေလောကမှာ ပေါ်ပေါက်လာတာ ဖြစ်နိုင်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ်--
"ဒွေးချိုး၊ လေးတိုး" "ယောက်ျားပဉ္စင်း၊ မိန်းမ ပုခက်တွင်း" ဆိုတဲ့ အထာစကားလေးတွေ ကျနော်တို့နိုင်ငံမှာ ရေပန်းစားနေသလို အိန္ဒိယနိုင်ငံမှာလဲ "ယောက်ျားသုံးပုံ၊ မိန်းမတစ်ပုံ" "မိန်းမငါးနှစ်၊ အိမ်ထောင်ရှင်ဖြစ်" ဆိုတဲ့ ဆိုရိုးစကားလေးတွေ တွင်ရစ်နေကြလေရဲ့ ။


ကိုးကားချက်။
http://www.geocities.com
http://www.hindubooks.org
http://www.unicef.org

...

Monday, 28 September 2009

သနားစရာ မိန်းမသားများဘဝ


မိန်းမဆိုတာ ဘာမှမဟုတ်။ ၀န်ထုပ်ဝန်ပိုးသက်သက်မျှသာတည်း။

အဲဒီစကားကို ဟိန္ဒူဘာသာဝင်တွေယုံကြည်ကြတဲ့ ရှေးခေတ်အိန္ဒိယဝေဒစာပေတွေက ဆိုတာပါ။ အဲဒီ ဝေဒကျမ်းလာ စကားရပ်တွေကြောင့် မိန်းခလေးကို မွေးဖွားပေးတဲ့ မိခင်ဟာ ရှက်ဖွယ်လိလိ ဖြစ်ရပါတယ်။ ပြီးတော့ လူတွေရဲ့ သဘောထားတွေကလဲ သမီးမွေးတဲ့ မိခင်ဆိုရင် ကဲ့ရဲ့ ပစ်ပယ်ချင်ကြတယ်။ ဒါကြောင့်မို့လဲ Female Infanticide (မိန်းခလေးငယ်များကို သတ်ဖြတ်ခြင်း)ဆိုတဲ့ ရိုးရာပေါ်ပေါက်လာခဲ့တာပါ။

ဒါကလဲ အကြောင်းရှိပါတယ်။ သမီးမိန်းခလေးပိုင်ရှင်တွေရဲ့  ဒုက္ခကလဲ မလွယ်ကူလှပါဘူး။ ဟိန္ဒူဘာသာဝင်တွေမှာ Dowry လို့ခေါ်တဲ့ မင်္ဂလာကြေးတွေ အဆမတန်ပေးရတဲ့ ထုံးတမ်းစဉ်လာရှိပါတယ်။ အဲဒီမင်္ဂလာကြေးတွေကို သတို့သားက သတို့သမီးကို ပေးရတာမဟုတ်ပါဘူး။ သတို့သမီးဘက်က မိဘတွေကသာ သတို့သားကို ထိုက်ထိုက်တန်တန်ပေးရတာပါ။ သမီးလဲပေးရ ပစ္စည်းဥစ္စာလဲပေးရဆိုတော့ မိန်းခလေးမိဘတွေ ဒုက္ခအကြီးအကျယ်ရောက်ကြတော့တာပေါ့။

ဒါတင်မပြီးသေးဘူး။ မင်္ဂလာကြေးကို သတို့သားက လွန်လွန်ကျွံကျွံတောင်းတယ်။ သူတို့က အကြောင်းပြချက်နဲ့ တောင်းတာပါ။ ခင်များတို့ သမီးကို တစ်သက်လုံး ကျုပ်တို့တာဝန်ယူရမယ်၊ ဒါကြောင့် ပြည့်ပြည့်စုံနေနိုင်အောင် မင်္ဂလာကြေးကို များများပေးပါတဲ့။ (ကျနော်တို့ မြန်မာတွေနဲ့တော့ ပြောင်းပြန်ကြီးပေါ့ဗျာ)။ ပေးတဲ့ကြေး နဲနေလို့ရှိရင် ဒါမှမဟုတ် သတ်မှတ်တဲ့ရက်အတွင်း မပေးနိုင်ရင် အဲဒီသတို့သမီးဘ၀ဟာ လုံးဝ လုံခြုံမှုမရှိတော့ပါဘူး။ သတို့သားကနှိပ်စက်မယ်။ သတို့သားမိဘတွေက နှိပ်စက်မယ်။ နောက်ဆုံးတော့ သတ်ပစ်လိုက်ကြတာပါဘဲ။


မင်္ဂလာကြေးထဲမှာ ဘာတွေပါဝင်သလဲ ဆိုတော့........
-ပိုက်ဆံအမြောက်အများ
-လယ်ယာဥယျာဉ်ခြံမြေ
-ကျွဲ နွား သိုး ဆိတ်စတဲ့ တိရစ္ဆာန်များ
-အိမ်သုံးပရိဘောဂပစ္စည်းများ
-လျပ်စစ်ပစ္စည်းများ
စတဲ့ စတဲ့ လိုအပ်ရာရာ အိမ်ထောင်ပရိဘောဂတွေ ပါဝင်ကြပါတယ်။

သတို့သားဘက်က တောင်းသလောက် မပေးနိုင်ရင်တော့ အဲဒီသတို့သမီးဟာ အရှင်လတ်လတ်ငရဲကျနေရသလိုပါဘဲ။ ဘယ်တော့ ငါ့ကို နှိပ်စက်ကြမလဲ၊ ဘယ်တော့ ငါ့ကို သတ်ပစ်ကြမလဲပေါ့။ အနီးကပ်ဆုံးရန်သူနှင့်မှ ပေါင်းဖော်နေရတာကိုး။

သတ်ပစ်တာမှ ရိုးရိုးသတ်တာမဟုတ်ဘူး။ များသောအားဖြင့် လောင်စာဆီတစ်မျိုးကို ခန္ဓာကိုယ်ပေါ်လောင်းချပြီး မီးရှို့ သတ်ပစ်ကြတာ။ တော်တော်ရက်စက်တယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကြီးမှာတောင် ၁၂ နာရီတိုင်းမှာ အမျိုးသမီးတစ်ယောက် မီးရှို့ သတ်ခံရတယ်တဲ့။ Dowry လို့ခေါ်တဲ့ မင်္ဂလာကြေးချို့ တဲ့လို့ပေါ့။

NCRB (The Indian National Crime Records Bureau) က ထုတ်ပြန်ချက်အရ-- မင်္ဂလာကြေးမတတ်နိုင်လို့ အသတ်ခံရတဲ့ အမျိုးသမီးအရေအတွက်ကတော့...
-၁၉၈၈ ခုနှစ်မှာ အမျိုးသမီး ၂၂၀၉ ယောက်
-၁၉၉၀ ခုနှစ်မှာ အမျိုးသမီး ၄၈၃၅ ယောက်
-၁၉၉၅ ခုနှစ်မှာ အမျိုးသမီး ၄၆၄၈ ယောက်
-၂၀၀၀-၂၀၀၄ ခုနှစ်တွေမှာ အမျိုးသမီး ၇၀၂၆ ယောက်
-၂၀၀၅ ခုနှစ်မှာ အမျိုးသမီး ၆၇၈၇ ယောက်
-၂၀၀၆ ခုနှစ်မှာ ၂၂၇၆ ယောက်
စာရင်းတွေကို ကြည့်ရင် ကြက်သီးထချင်စရာပါ။

အဲဒီအရေအတွက်တွေအားလုံးဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဘဲ ရှိပါသေးတယ်။ တစ်ခြားနိုင်ငံတွေမှာလဲ ရှိနိုင်ပါသေးတယ်။ ဒါပေမဲ့ ဟိန္ဒူဘာသာဝင်ဦးရေရဲ့  ၉၀ ရာခိုင်နှုန်းကျော်ကျော်လောက်က အိန္ဒိယနိုင်ငံမှာပါ။ ကမ္ဘာတစ်ဝှမ်းဟိန္ဒူဘာသာဝင်ပေါင်း သန်း ၉၇၀ လောက်ရှိရာမှာ အိန္ဒိယနိုင်ငံမှာက သန်း ၉၀၀ လောက်ရှိပါတယ်တဲ့။

ဒီလို အဖြစ်အပျက်တွေကြောင့်လဲ သမီးမိန်းခလေးကို ဘယ်မိသားစုမှ မမွေးဖွားချင်ကြပါဘူး။ ကိုယ်ဝန်ရလာပြီး မိန်းခလေးမှန်းကြိုသိရင် ကိုယ်ဝန်ဖျက်ချလေ့ရှိတဲ့ အမျိုးသမီးလဲ ဒုနဲ့ဒေး။ သမီးမိန်းခလေး ကိုယ်ဝန်ရရင် ဂြိုဟ်ကောင်ဝင်လာတာနဲ့ အတူတူပါဘဲ။ မိခင်လဲ မျက်နှာမလှဘူး။ ဖခင်လဲ စိတ်မရွှင်ဘူး။ ဒါကြောင့် မွေးဖွားပြီးရင် Female Infanticide ကျင့်ထုံးအရ မိန်းခလေးငယ်တွေကို သတ်ဖြတ်ပစ်လေ့ရှိကြတယ်။
၁၉၆၁ ခုနှစ်က အစိုးရကိုယ်တိုင် Dowry ကို တားမြစ်ပိတ်ပင်ထားပေမဲ့ ယနေ့ထက်ထိ ကျင့်သုံးကြဆဲပါဘဲ။ ရိုးရာယဉ်ကျေးမှုနှင့်ဘာသာအယူဆိုတာကလဲ ပယ်ဖျက်ပစ်လို့ ခပ်ခက်ခက်ဘဲ မဟုတ်လား။ ဒါပေမဲ့ ယခုမျက်မှောက်ကာလမှာတော့ Dowry ကိစ္စကို အတော်များများက ကန့်ကွက်ရှုပ်ချပြီး
ဆန္ဒပြနေကြလေရဲ့ ။

ဒီအဖြစ်အပျက်တွေကို ကြည့်ပြီး မြန်မာဖြစ်ရတာဂုဏ်ယူစရာပါ။ မြန်မာမှာ ယောက်ျားမိန်းမ တန်းတူအခွင့်အရေးရှိကြတယ်မဟုတ်လား။ မောင်တစ်ထမ်း မယ်တစ်ရွက်သျှောင်နောက် ဆံထုံးပါ စတဲ့ စကားပုံတွေဟာလဲ မိန်းမယောက်ျား မခွဲခြားဘဲ တန်းတူညီမျှ တာဝန်ကိုယ်စီ ထမ်းဆောင်ကြတာကို ရည်ညွန်းထားပါဘဲ။ ဒါကြောင့် မြန်မာအမျိုးသမီးများ မြန်မာဖြစ်ခွင့်ရတာ ဂုဏ်ယူဖွယ်ကောင်းလှကြောင်းပါ။


ကိုးကားချက်။
1.Peter Harvey, An Introduction to Buddhist Ethics, 2000, UK: Cambridge Press.
2.Lopez, Religion of India in Practice,1995, UK: Princeton University Press.
3.www.indianchild.com
4.www.hinduwebsite.com

...

၁၈၀၀ ကျပ်နှင့် ဂရင်ဂျီနာကုထုံး

လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်ကျော်လောက်ကအဖြစ်အပျက်လေးတစ်ခုကို ပြောပြရဦးမယ်။
ရန်ကုန်မြို့ထဲမှာရှိတဲ့ ဆေးဆရာတစ်ယောက်အကြောင်းပေါ့။ သူက တစ်ခြားရောဂါတွေကုတာတော့မဟုတ်ဘူး။ စအိုဝမှာ ဖြစ်တတ်တဲ့ ဂရင်ဂျီနာဆိုတဲ့ ရောဂါဆန်းတစ်မျိုးထဲကိုဘဲ ကုသတာ။ နာမည်ကြီးထဲကတော့ ဟုတ်ဟန်မတူဘူး။ ဒါပေမဲ့ သူ့ဂုဏ်နှင့်သူတော့ အတော်လေးတင်ထားတယ်။ ဘာတဲ့ သူပြောတာ။ ရန်ကုန်မြို့တင်မဟုတ်ဘူး၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ ဂရင်ဂျီကုဆရာတွေ သူ့လောက်ဘယ်သူမှ မတော်ဘူးတဲ့။ ယုတ်စွအဆုံး အထူးကုဆေးရုံကြီးတွေက လက်လျော့ပြီးလာခဲ့တဲ့ ဂရင်ဂျီလူနာတွေကိုတောင် သူကုသလိုက်ရင် လပိုင်းအတွင်းပျောက်ကင်းသွားတယ်တဲ့။ ဒါက သမားဂုဏ်တင်တဲ့သဘောပေါ့လေ။

ဖြစ်ပုံက ဒီလို။
ကျနော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က ခင်အေးတဲ့။ နာမည်က ခင်အေးဆိုပေမဲ့ သူကခပ်အေးအေးမဟုတ်ပါဘူး။ အလွန်ပျော်ရွှင်စွာ နေတတ်သူပါ။ သူလဲ မရမ်းကုန်းမှာ နေတယ်။ ကျနော်လဲ မရမ်းကုန်းမှာနေတယ်။ တစ်ရပ်ကွက်ထဲသားတွေပေါ့ဗျာ။ တစ်နေ့မှာ သူက ပြောပြတယ်။ သူ့မှာ ဂရင်ဂျီနာ ရှိနေတယ်တဲ့။ ဘယ်မှာရှိတာလဲဆိုတော့၊ စအိုဝမှာ ရှိတာတဲ့။ တစ်ခါတစ်ခါ အစားမတည့်ရင် ပေါ်လာလိုက်၊ တစ်ခါတစ်ခါ ငုတ်သွားလိုက်နဲ့ အတော်လေးကြာနေပြီတဲ့။ ဗုဒ္ဓေါ။ ကျနော်က ဂရင်ဂျီနာကုသတဲ့ ဆရာဝန်မှ မဟုတ်တာ။ ပြီးတော့ တစ်ခြားအနာတွေလို.. ငါ့ကို ပြစမ်းပါ.. အခြေအနေကို ကြည့်ရအောင်.. လို့ ပြောလဲမဖြစ်။
လျို့ ဝှက်တဲ့နေရာမှာဖြစ်နေတာကိုး။

ဒီလိုနဲ့ တီဗီကြော်ငြာ၊ သတင်းစာကြော်ငြာတွေမှာ ဂရင်ဂျီကုသတဲ့ ဆရာဝန်တွေကို ကျနော်တို့နှစ်ယောက် လိုက်ရှာကြတယ်ဆိုပါတော့။ ဟော.. တွေ့ပါပြီ။ တီဗီထဲမှာတော့ မဟုတ်ဘူး။ သတင်းစာထဲမှာလဲ မဟုတ်ဘူး။ တစ်ခြားစာစောင်တစ်ခုထဲမှာ တွေ့တာပါ။ ဂရင်ဂျီနာဆရာဝန်တွေကလဲ တီဗီတို့ သတင်းစာတို့ထဲကြော်ငြာထည့်ရလောက်အောင် အဆင်မပြေကြဘူးထင်ပါ့။

စာစောင်ထဲမှာရှိတဲ့ ကြော်ငြာလေးကို ကျနော်တို့ ကူးယူထားလိုက်ကြတယ်။ ကုသတဲ့နေရာက နှစ်ခုရှိတယ်။ တစ်ခုက ရေတာရှည်လမ်းဟောင်းထဲမှာ၊ နောက်တစ်ခုက မြို့ထဲကတစ်နေရာမှာပါ။ လိပ်စာကောင်းကောင်းတော့မမှတ်မိတော့ဘူး။ ရေတာရှည်လမ်းဟောင်းမှာရှိတဲ့ ဂရင်ဂျီဆရာဝန်အိမ်မှာက တယ်လီဖုန်းရှိပုံမပေါ်ဘူး။ ကြော်ငြာထဲမှာ ဖုန်းနံပါတ်ထည့်ကြော်ငြာမထားလို့။ မြို့ထဲကဆရာဝန်အိမ်မှာတော့ဖုန်းနံပါတ်ရှိတယ်။ အဲဒီဖုန်းနံပါတ်ကို ကူးယူထားလိုက်တယ်။

တစ်ရက်မှာ
ကျနော်တို့နှစ်ယောက် ဂရင်ဂျီကုဆရာဝန်ရှာပုံတော်ထွက်ကြပါတယ်။ ပထမအနေနဲ့ ရွှေတိဂုံဘုရားနားမှာရှိတဲ့ ရေတာရှည်လမ်းဟောင်းကို တက္ကစီနဲ့သွားကြပါတယ်။ ကံဆိုးချင်တော့ ဆရာဝန်က ခရီးလွန်နေလို့တဲ့။ အဆင်မပြေခဲ့ပါဘူး။ ဒါနဲ့ နောက်တစ်ခုဖြစ်တဲ့ မြို့ထဲက ဆရာဝန်အိမ်ကို ဖုန်းလှမ်းဆက်ကြည့်လိုက်တယ်။ အဆင်သင့်ပါဘဲ။ လာခဲ့ပါ စောင့်နေမယ်တဲ့။

ကျနော်တို့ ချက်ချင်း တက္ကစီငှားရမ်းပြီး သွားလိုက်ကြတယ်။ ရောက်ပါပြီ။ သူတို့အိမ်က ဒုတိယထပ်မှာရှိတာပါ။
ဆရာဝန်ရယ် သူ့မယားခပ်ရွယ်ရွယ်ရယ် နှစ်ယောက်ဘဲ အဲဒီအိမ်မှာ ရှိပါတယ်။ အကျိုးအကြောင်းပြောပြလိုက်တဲ့အခါ ရောဂါစစ်ဆေးပေးဖို့ပြင်ဆင်ကြတယ်။ ဒါနဲ့ ကျနော်က.. ဆေးဖိုးဝါးခနှင့်စမ်းသပ်ခဘယ်လောက်ပေးရမလဲ အရင်ပြောပါဦး ဆိုတော့.. ပထမအနေနဲ့ စမ်းသပ်ပေးရုံပါ၊ နောက်မှ ဆေးပေးပြီး ဈေးနှုန်းတွက်ပေးမယ်တဲ့။ သိပ်ဈေးမကြီးပါဘူးတဲ့။ ကျနော်တို့လဲ ယုံယုံကြည်ကြည်နဲ့ လက်ခံလိုက်ပါတယ်။

စမ်းသပ်အဆင့်မှာ သူ့မိန်းမက ပြုလုပ်ပေးပါတယ်။ ကုသရေးကတော့ သူ့တာဝန်ပေါ့လေ။
သူ့မိန်းမက ကျနော့်သူငယ်ချင်းကို... လာခဲ့..ဆိုပြီး.. စမ်းသပ်ခန်းထဲ ခေါ်သွားတယ်။ ကျနော်ပါ လိုက်မယ်လုပ်တော့.. မင်းမလိုက်ခဲ့နဲ့ အပြင်မှာ ဆရာနဲ့နေခဲ့တဲ့။ ဘုရား ဘုရား။ ကျနော့်သူငယ်ချင်းတော့ ဒုက္ခ။ စမ်းသပ်ခန်းက အလုံပိတ်ကြီး။ ပြီးတော့ အ၀င်ဝမှာ ခန်းစီးက အထူကြီးကာထားတယ်။ ဧည့်ခန်းနဲ့လဲ ခပ်လှမ်းလှမ်းရယ်။

ဒါနဲ့ ကျနော့်သူငယ်ချင်း တစ်ယောက်ထဲ စမ်းသပ်ခန်းထဲ လိုက်သွားတယ်။ ကျနော်ကတော့ အပြင်မှာ ဆရာဝန်နှင့်စကားစမြည်ပြောနေတာပေါ့ဗျာ။ ငါးမိနစ်ကျော်ကျော်လောက်ကြာတော့ ကျနော့်သူငယ်ချင်း ခင်အေးတစ်ယောက် ခပ်သွက်သွက်ကလေး စမ်းသပ်ခန်းထဲက ထွက်လာတာတွေ့ရတယ်။ မျက်နှာကြီးကလဲ နီရဲလို့။ ပြီးတော့ သူ့တစ်ကိုယ်လုံး ဇောချွေးတွေ ရွှဲနစ်လို့။ အချိန်တိုလေးအတွင်းမှာ သူဘာတွေဖြစ်ပျက်ခဲ့ပြီး ဘာတွေကို မြင်တွေ့ခဲ့ရလို့ ဒီလောက်တောင် အဖြစ်ဆိုးရပါလိမ့်။ ကျနော် စဉ်းစားလို့မရဘူး။

ခဏကြာတော့ သူ့မိန်းမ ထွက်လာတယ်။ ဆရာဝန်ကို သူရှင်းပြတယ်။ အခြေအနေအတော်လေးဆိုးနေပြီတဲ့၊ ရောက်လာတာ အချိန်မီလေးဘဲတဲ့၊ စအိုဝတစ်လျောက်မှာ အဖုတွေအများကြီးရှိနေပြီတဲ့။ လူနာရှေ့ မှာ ရှင်းပြနေတာလေ။ အားတက်စရာကောင်းတယ်နော်။

ဒါနဲ့ ဆရာဝန်က စပြီး စကားပြောတယ်။
တစ်ပတ်တစ်ခါလာပြရမယ်။ စားဆေးလိမ်းဆေးပေးမယ်။ တစ်ခါလာပြရင် ဆေးဖိုးက ၄၀၀၀ကျပ်။ တစ်နှစ်ပတ်လုံး လာပြရမယ်။ လိုအပ်ရင် သုံးလေးနှစ်ဆက်ပြရမယ်တဲ့။ အဲဒီလိုမှ မဟုတ်ရင် မောင်ရင့်ရောဂါတစ်သက်လုံးမပျောက်တော့ဘူးတဲ့။ အမလေး လေး။ ရှေ့ နေကယ်မှဘဲ ထောင်လုံးလုံးကျသလို ဖြစ်နေပြီ။ တစ်ခါလာပြရင် ဆေးဖိုး ၄၀၀၀ကျပ်တဲ့ဗျာ။ အဲဒီအချိန်တုန်းက တက္ကစီဖိုးတောင်မှ မရမ်းကုန်းကနေ မြို့ထဲထိ နှစ်ရာကျပ်လောက်ဘဲရှိတာ။

ကျနော်တို့လဲ အဲဒီလောက်ပိုက်ဆံတွေကို ကျနော်တို့မတတ်နိုင်ဘူး။ တစ်ပတ်စာဖိုးတောင် ကျနော်တို့မှာ မရှိပါဘူး။ ဆေးကို စမ်းသောက်ဖို့ နဲနဲလေးဘဲ ၀ယ်သွားပါရစေလို့ ပြောပြတော့ သူကပြန်ပြောတယ်။ အခု ပိုက်ဆံဘယ်လောက်ပါသလဲတဲ့။ နှစ်ထောင်လောက်ဘဲပါတယ်ဆိုတော့ ပါလာတာအကုန်ပေးထားခဲ့တဲ့။ အတင်းအဓမ္မ ပိုက်ဆံတောင်းတော့တာပါဘဲ။ အနှစ်နှစ်အလလ ငတ်မွတ်လာတဲ့ လူတစ်ယောက် နတ်သြဇာကို ချက်ချင်းတွေ့လိုက်ရပြီး အရမ်းကာရော စားသောက်ချင်တဲ့ မျက်နှာမျိုးကြီးနဲ့။ ဆရာဝန်ဂုဏ်ကိုမှ အားမနာဗျာ။

ကျနော်တို့လဲ စိတ်ပေါက်လာပြီး
တော်ပြီဗျာ။ ဆေးလဲ မ၀ယ်တော့ဘူး။ ထပ်လဲ မကုချင်တော့ဘူး။ ပြန်တော့မယ် လို့ပြောလိုက်တယ်။ ဒါဖြင့် မင်းရောဂါ ဘယ်တော့မှ ပျောက်တော့မှာ မဟုတ်ဘူး။ ပြန်လို့ရတယ်။ ဒါပေမဲ့ မပြန်ခင် စမ်းသပ်ခ ပေးထားခဲ့ဦးတဲ့။ ဟောဗျာ။ မစမ်းသပ်ခင် ဈေးညှိတော့လဲ သူတို့က လက်မခံဘူး။ အခုစမ်းသပ်ပြီးမှ စမ်းသပ်ခတဲ့။ မလွန်လွန်းဘူးလားဗျာ။ ဘယ်လောက်ပေးရမလဲဆိုတော့။ ဘယ်လောက် ပါသလဲတဲ့။ နှစ်ထောင်လောက်ဘဲ ပါပါတယ်လို့ ထပ်ပြောရတယ်။ ပိုက်ဆံအိပ်ထုတ်ပြီး သူ့ရှေ့ မှာ ရေတွက်ပြပါတဲ့။ အတော်လေး စိတ်ပျက်သွားတယ်။ ဒါနဲ့ဘဲ ပါသွားတဲ့ ပိုက်ဆံ နှစ်ထောင်ထဲက ကားခ ၂၀၀ ချန်ထားပြီး အိတ်သွန်ဖာမှောက် ၁၈၀၀ ကျပ်ကို စမ်းသပ်ခ ပေးခဲ့ရပါရောလား။

ပိုက်ဆံပေးပြီး သူ့အိမ်ကဆင်းလာတယ်။ အိမ်အပြင်ဘက် လှေခါးရင်းနားရောက်တော့
ကျနော့်ရဲ့ စပ်စုချင်စိတ်က တားဆီးလို့မရတော့ဘူး။ ဒါနဲ့ ကျနော့်သူငယ်ချင်း ခင်အေးကို မေးလိုက်တယ်။ မင့်ကို အခန်းထဲ တစ်ယောက်ထဲခေါ်သွားပြီး ဟိုမိန်းမ ဘာလုပ်လိုက်လို့ မင်းမျက်နှာကြီးနီရဲလာပြီး တစ်ကိုယ်လုံးချွေးတွေ ပြန်လာရတာလဲဆိုတော့။ သူကပြောတယ်။ မပြောချင်တော့ပါဘူး။ ရှက်လွန်လွန်းတဲ့။ လုပ်စမ်းပါ အချင်းချင်းတွေဘဲလို့ အတင်းမေးတော့မှ သူက ပြောပြတယ်။

အခန်းထဲခေါ်သွားပြီး အောက်ပိုင်းအ၀တ်အစားအားလုံးကို ချွတ်ခိုင်းတယ်။ ပြီးတော့ ဖင်ကို ဗူးတောင်းထောင်ခိုင်းတယ်။ အဲဒီမိန်းမက လက်အိပ်စွပ်ပြီး လက်အိပ်ကို ဆီဆွတ်နေတာ တွေ့ရတယ်။ နောက် ဗူးတောင်းထောင်နေတဲ့ ငါ့စအိုထဲကို သူ့လက်နှင့်အဆုံးထိ ပယ်ပယ်နှယ်နှယ်နှိုက်ပြီး မွှေနှောက်နေတော့တာပါဘဲ။ လက်နှစ်ချောင်းလောက် သွင်းလိုက်ပုံရတယ်။ နာကလဲနာ ရှက်ကလဲရှက်ဆိုတော့ ချွေးမပြန်ဘဲ နေပါ့မလား တဲ့။

ငိုအားထက်ရယ်အားသန်ပါဘဲ။ ကျနော် မရယ်ဘဲ မနေနိုင်တော့ဘူး။
မင်း အရင်ဘ၀ ကာမေသုမိစ္ဆာစာရကံကျူးလွန်ခဲ့တာ အခုတော့ဝဋ်လည်ပြီ။ ပြီးတော့ စအိုအနှိုက်ခံချင်တာတောင် တက္ကစီနှစ်ဆင့်စီးလို့ ပိုက်ဆံ ၁၈၀၀ ပေးပြီး အနှိုက်ခံရတယ်။ သနားစရာ..သွပ် သွပ် သွပ် ဆိုပြီး ကျနော်က သူ့ကို စနောက်ပြောဆိုရင်း အဲဒီအိမ်လှေခါးရင်းမှာ ဗိုက်နှိပ်ပြီးအူတက်အောင် ငါးမိနစ်လောက် ရယ်မောနေခဲ့ကြရတယ်။ ရယ်ရလွန်းလို့ လမ်းကိုတောင် ကောင်းကောင်းမလျောက်နိုင်တော့တာ။ ဒါကြောင့် သူတို့အိမ်ရှေ့ မှာဘဲ ပြောရင်းရယ်ရင်းပေါ့။

ကျနော်က သူ့ကို ထပ်စလိုက်တယ်။ မင်းအသိသူငယ်ချင်းတွေထဲက စအိုအနှိုက်ခံချင်တဲ့သူရှိရင် ၁၈၀၀ တန် စပါယ်ရှယ်ဆရာဝန်ကတော်တစ်ယောက် တွေ့ထားကြောင်းရှင်းပြလိုက်ပါဦး။ မင်းက အတွေ့အကြုံရှိတော့ သေသေချာချာတော့ ကြိုရှင်းပြထားနော် လို့ စလိုက်နောက်လိုက် လုပ်ရင်း အပြန်လမ်းကို လက်ကျန်ငွေ နှစ်ရာကျပ်နှင့် တက္ကစီငှားစီးခဲ့ရပါတော့တယ်။ တက္ကစီပေါ်ရောက်တော့ သူကပြောတယ်။ ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြောမပြပါနဲ့။ ရှက်စရာအရမ်းကောင်းလို့ပါတဲ့။ သူငယ်ချင်းအချင်းချင်းတွေဘဲ မပူပါနဲ့။ ဘယ်သူ့မှပြန်မပြောပါဘူးလို့ ကတိပေးလိုက်ရတယ်။

ကျနော်လဲ သူငယ်ချင်းကောင်းပီသစွာဘဲ ဘယ်သူ့ကိုမှ ပြောမပြခဲ့ပါဘူး။ အခုမှ လူစုံတုန်းလေး စကားစပ်မိလို့ ပြောပြဖြစ်တာပါ။ ကဲ.. ခင်အေးရေ... ငါ ကတိတည်တယ်နော်။ ဘယ်သူ့ကိုမှ ပြောမပြဘူး။ ဘလော့ဂ်ပေါ်ဘဲ တင်လိုက်တာ။ ဟဲ ဟဲ။

....

Sunday, 27 September 2009

ODEON 3D ရုပ်ရှင်ကြည့်ဖူးသွားခြင်း

မှတ်မိသေးတယ်။
လွန်ခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကပေါ့။ တစ်ခြားတော့ မဟုတ်ဘူး။ ညနေ သုံးနာရီ အတန်းပြီးတော့ ရုပ်ရှင်သွားကြည့်ကြတာ။ ရုပ်ရှင်သွားကြည့်တာ အဆန်းမဟုတ်ပေမဲ့ အခုရုပ်ရှင်က ဆန်းမှဆန်းဘဲ။ ဆန်းဆို ရိုးရိုးရုပ်ရှင်မှမဟုတ်တာ။ 3D ရုပ်ရှင်ကြီး။ IMAX ဆိုတဲ့ ရုပ်ရှင်ရုံကြီးမှာ သွားကြည့်တာပါ။ ဗြိတိန်မှာ အကြီးမားဆုံး Sreen ကို ပိုင်ဆိုင်တဲ့ ရုပ်ရှင်ရုံကြီးတဲ့။

လက်မှတ်ကို ကျောင်းသား Discount နဲ့ ၀ယ်တဲ့အတွက် ဈေးသက်သာပါတယ်။ တစ်ယောက်ကို ၉ ပေါင်နှင့် ၂၅ ပြားသာပေးရပါတယ်။ ပုံမှန်လူတွေအတွက် လက်မှတ်ဈေးကတော့ အတိအကျမသိပါဘူး။ အတော်လေးများမဲ့ပုံ ပေါ်ပါတယ်။ ယူကေရဲ့  နည်းစနစ်တွေကို ကျနော်တော့ ကောင်းကောင်းနားမလည်ဘူး။ ရထား ကား ရုပ်ရှင် ဘောလုံးပွဲ ဘာလက်မှတ်ဘဲဖြစ်ဖြစ် လချီပြီး ကြိုတင်ဖြတ်ထားရင် ဈေးအရမ်းချိုတယ်။ ဥပမာ ပုံမှန် ပေါင် သုံးလေးရာပေးရမဲ့လက်မှတ်ကို ကြိုတင်ဖြတ်ထားရင် လေးငါးပေါင်လောက်နဲ့ ရတယ်တဲ့။ ဒါလဲ အံ့သြစရာဘဲ။ ဈေးဝယ်ရင်လဲ ကျောင်းသားတွေဆိုရင် လျော့ဈေးရတယ်။

အခုရုပ်ရှင်ကြည့်တဲ့အထဲမှာ ကျနော်က ကံအကောင်းဆုံးဘဲ။ လက်မှတ်ကို ကြိုင်တင်ဖြတ်မထားဘူး။ ကျောင်းသားနှုံးနဲ့ ၀ယ်ထားတာလဲ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော် အခမဲ့ လက်မှတ်တစ်စောင်ရလိုက်တယ်။
ဖြစ်ပုံက ဒီလိုပါ။ အဲဒီ ရုပ်ရှင်သွားကြည့်ဖို့ စီစဉ်တဲ့သူက ကက်သရင်းလို့ ခေါ်တဲ့ ကျနော်တို့ရဲ့  ဆရာမတစ်ယောက်ဖြစ်ပါတယ်။ Pre-sessional courses သင်တန်းဆရာမပါ။ သူ့ဆီမှာ ကျနော်တို့ အုပ်စုက နေ့လည်ပိုင်း အတန်းတက်ပါတယ်။ ကိုမင်းထက်နှင့်ကိုခင်မောင်ဌေးတို့အုပ်စုက မနက်ပိုင်းမှာ သူ့ဆီတက်ပါတယ်။ အဲဒီအုပ်စုမှာက ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀ ယောက်ရှိပါတယ်။ အဲဒီ ကျောင်းသားတွေဆီက တစ်ယောက် ၁၀ ပေါင်စီကောက်ယူပြီး ကျောင်းသားနှုံးထားနဲ့ ဆရာမကိုယ်တိုင် ရုပ်ရှင်လက်မှတ်သွားဖြတ်တယ်။

လက်မှတ် ၁၀ စောင်ဝယ်တဲ့သူတိုင်းကို လက်မှတ်တစ်စောင် လက်ဆောင်ပေးလေ့ရှိတယ်တဲ့။ Buy one, get one free တွေကလဲ ယူကေမှာ အများသား။ သူဝယ်တာက သူ့အတွက် အပါအ၀င် စုစုပေါင်း ၁၁ စောင်။ တစ်စောင်က မေတ္တာလက်ဆောင်။ အားလုံးပေါင်းတော့ ၁၂ စောင်တိတိ ရလာပါရော။ အဲဒီလက်မှတ်ကို ကျနော့်ကို ဆရာမကမေတ္တာလက်ဆောင်ပေးတယ်။ ကံကောင်းတယ်နော်။

ဒီလိုနဲ့ဘဲ အတန်းပြီးပြီးချင်း လန်ဒန်တက္ကသိုလ်ကနေ ဘတ်စ်ကားနဲ့ ထွက်ခွါလာကြတယ်။ IMAX ရုပ်ရှင်ရုံတည်ရှိတဲ့နေရာက ၀ါတာလူးလို့ခေါ်တဲ့ မြေအောက်ဘူတာရုံနှင့်သိပ်မဝေးပါဘူး။ သိန်းမြစ်၊ King's College London၊ လန်ဒန်အိုင်းတို့နှင့်လဲ နီးပါတယ်။ ရုပ်ရှင်စတင်ပြသမှာက ညနေ ၅ နာရီ ၂၅ မိနစ်၊ ကျနော်တို့ အဲဒီကို ရောက်သွားတာက လေးနာရီမထိုးခင်ဆိုတော့ အချိန်တွေ အများကြီးရတယ်။ ဒါကြောင့်မို့ သိန်းမြစ်ကမ်းဘေးသွားပြီး လေညှင်းခံတယ်၊ ရှုခင်းကြည့်တယ်၊ ဓါတ်ပုံရိုက်တယ်။ ပြီးတော့ လန်ဒန်အိုင်းကြီးကို အနီးကပ် သွားကြည့်ကြတယ်။

ညနေ ငါးနာရီ ၁၅ လောက်မှာ ကျနော်တို့ ရုပ်ရှင်ရုံထဲ ၀င်ကြတယ်။ ရုပ်ရှင်ရုံအ၀င်ဝမှာ ၀န်ထမ်းတစ်ယောက်က 3D ရုပ်ပုံကို ပေါ်လာစေမဲ့ Eyewear (မျက်မှန်) ကို တစ်ခုစီပေးပါတယ်။ အဲဒီ မျက်မှန်တပ်ပြီး ရုပ်ရှင်ကြည့်မှ
3Dပုံ မြင်ရတာပါ။ ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားအမည်က Harry Potter and the Half-Blood Prince တဲ့။ အစပိုင်းမိနစ် ၂၀ လောက်မှာဘဲ 3D (ODEON 3D)system ကို ထည့်ထားတာပါ။ အဲဒီမျက်မှန်ကို မူလပါဝါမျက်မှန်တပ်ထားသူတွေလဲ မျက်မှန်ပေါ်ထပ်ပြီး တပ်လို့ရပါတယ်။

ရုပ်ရှင်မစခင်မှာ ၀န်ထမ်းတစ်ယောက်က 3D ရုပ်ရှင်အကြောင်းကို ရှင်းပြပါတယ်။ ပြီးမှ ရုပ်ရှင်ကို စပြပါတယ်။
တကယ်သဲထိပ်ရင်ဖိုပါဘဲ။ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်နေရသလားအောက်မေ့ရတယ်။ ဟယ်ရီပေါ်တာကိုယ်တိုင် ကျနော့်အနားမှာ လာထိုင်ပြီး စကားပြောနေတယ်ဗျား။ သူတို့နေတဲ့ အခန်းထဲမှာ ကျနော်ထိုင်နေရသလိုဘဲ။ ကျနော့် ဘေးပတ်လည်မှာလဲ ဇာတ်ကောင်တွေ စုံနေတာပါဘဲ။ လန့်စရာအကောင်းဆုံးကတော့ ကြိုးတံတားကြီး ပြိုကျပျက်စီးသွားတဲ့အခန်းဘဲ။ တံတားအပိုင်းအစတွေ ရွှီးကနဲ ၀ှီးကနဲ ကျနော့်တည့်တည့်ဖြတ်သန်းလာကြတယ်။ ကျနော့်ဘေးနား ဖြတ်သန်းသွားတယ်။ ယောင်လို့တောင် ခေါင်းငုံ့ရှောင်ဖြစ်လိုက်သေးတယ်။

မျက်မှန်ချွတ်ပြီး ကြည့်ပြန်တော့လဲ အဲဒီပြကွက်တွေက ပိတ်ကားဆီ ပြန်ရောက်သွားပြန်ရော။ မျက်မှန်ပြန်တပ်ကြည့်ရင် အားလုံးက ကိုယ့်ဝန်းကျင် ဘေးပတ်ပတ်လည်တွေမှာ သဘာဝအတိုင်းလိုလိုပါဘဲ။ ဂျပန်မလေးတွေဆို Excited ဖြစ်လွန်းလို့ဆိုပြီး မျက်မှန်ကို ချွတ်ထားကြလေရဲ့ ။ မိနစ် ၂၀ လောက်ကြာလာတဲ့အခါမှာတော့ 3D functions (effects) တွေ မပါတော့ပါဘူး။ ပုံမှန်ဘဲ ဖြစ်သွားတယ်။ 3D ရုပ်ရှင်ရိုက်ရတာ ဈေးကြီးလို့ထင်ပါရဲ့ ။
တကယ်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကြီးပါ။ မိတ်ဆွေများလဲ ကြုံကြိုက်ရင် တစ်ခါလောက်တော့ ကြည့်စေချင်တယ်။ တကယ်စိတ်လှုပ်ရှားစရာကောင်းလို့ပါ။

ယူကေမှာကတော့ 3D ကြည့်လို့ရတဲ့ ရုပ်ရှင်ရုံပေါင်း ယခုလောလောဆယ် ၇၈ ရုံရှိပါတယ်။
ဒါပေမဲ့ ကျနော်တို့ သွားကြည့်ခဲ့တဲ့ IMAX ရုပ်ရှင်ရုံရဲ့ ရုပ်ရှင်ပိတ်ကားကတော့ ယူကေနိုင်ငံမှာ အကြီးမားဆုံးပါဘဲတဲ့။ ပျော်စရာကြီးပေါ့ဗျာ။ ။


...

အဲဒါ... မန်ယူ


အစမကောင်း၊ ခဏပြောင်းလဲ၊

အကြောင်းသိမို့၊ စိတ်မချိဘူး၊

သူ၏လမ်းကြောင်း၊ သူမပြောင်းဘဲ၊

ထောင်းထောင်းညက်ညက်၊ ကျော်ကာတက်၍၊

ဘ၀ဂ်တိုင်ညံ၊ ကြွေးကြော်သံနှင့်၊

ချန်ပီယံတေး၊ ဟစ်ခါကြွေးပြီး၊

တစ်လေးတစ်စား၊ အရေးထားဖို့

ဇယားထိပ်မှာ၊ နေမြဲရာသည်၊

သူသည် မန်ယူ၊ ဖြစ်သောဟူ၏။ ။


...

Friday, 25 September 2009

အောက်တိုဘာ (၁) မှာ

ဒီလို


ဒီလိုတဲ့။

ဘာဘဲပြောပြောဗျာ
ပေါ့ပေါ့ပါးပါး ကိုင်ဆောင်ခွင့်ရအောင်
ပြုလုပ်ပေးတာကိုဘဲ ကျေးဇူးတင်ရမှာပါ။


....

ဒါလေးတွေကို ဒီလိုပြင်လိုက်ရင်....

အော်..
ဘလော့ဂါလောက.. ဘလော့ဂါလောက.. မလွယ်ပါလားနော်။ ပို့စ်တ်လဲရေးရ၊ ရေးပြီးရင်လဲ စာလုံးပေါင်းတွေ ပြန်စစ်ရ၊ ပြီးတော့ စာဖတ်ရတာ ဖြောင့်ပါ့ဖြောင့်ပါ့မလားဆိုပြီး ထပ်ကာထပ်ကာဖတ်ကြည့်ရနဲ့ အတော်လေး အလုပ်ရှုပ်နေမိတယ်။ အချောသတ်ပို့စ်လေး တင်ပြီးရင်လဲ တာဝန်တစ်ခု ရှိနေပြန်သေးတယ်။ မထမ်းဆောင်လို့ မဖြစ်တဲ့ တာဝန်လေ။ တစ်ခြားတော့မဟုတ်ပါဘူး။ အခြားဘလော့ဂါတွေဆီ အလည်သွားရတဲ့ တာဝန်ပါဘဲ။
ဒီတာဝန်က အရေးအကြီးဆုံးဆိုရင် မမှားပါဘူး။ သူသူ ကိုယ်ကိုယ် အားလုံး နားလည်ကြမှာပါ။ သူတို့ဆီ အလည်သွားပြီး ကွန်မင့်တ်လေးတွေပေးမယ်၊ ပြီးရင် ကိုယ့်ရဲ့  လင့်ခ်ကလေး ချန်ထားခဲ့မယ်။ ဒါမှ သူတို့က ကိုယ့်ဆီ ပြန်လိုက်လာမှာ မဟုတ်လား။ မဆန်းတော့ပါဘူး။ ဒါကြောင့်မို့လဲ တစ်ချို့ သူတွေက ပြောနေကြလေရဲ့ ။ ဘလော့ဂ်တွေကို ဖတ်တဲ့သူတွေဟာ ကိုးဆယ်ရာခိုင်နှုန်းလောက်က ဘလော့ဂါတွေချည်းဘဲတဲ့။

ကွန်မင့်တ်ပေးတဲ့သူတွေအနေနဲ့ အကြံပေးတာမျိုးလေးတွေပါရင် အရမ်းကောင်းမယ်ထင်ပါတယ်။
စာဖတ်သူတွေဆီက ဝေဖန်အကြံပေးစာလေးတွေရမှ ကိုယ့်ရဲ့ စာက ပိုပြီး တောက်ပြောင်လာမှာဆိုတော့ သူတို့ရဲ့  ဝေဖန်အကြံပြုစာက အမှန်တကယ်လိုအပ်နေတယ်မဟုတ်လား။ ဒါပေမဲ့ ခက်တာက ကျနော်အပါအ၀င် မြန်မာလူတွေ အများစုဟာ ချီးမွမ်းတာကိုဘဲ ခံချင်ကြတယ်၊ ကဲ့ရဲ့ တာကို မခံယူနိုင်ကြပြန်ဘူး။

ဒီလို သီအိုရီအမှားတွေကြောင့်ဘဲ ဘလော့ဂ်တွေကို အလည်သွားတိုင်း အရမ်းကောင်းတယ်၊ ဗဟုသုတရှိတယ်၊ တကယ်လန်းတယ်၊ တကယ်သိသင့်ပါတယ်၊ သင်ခန်းစာယူရမဲ့ ပို့စ်လေးပါ စတဲ့ ချီးမွမ်းစကားတွေကိုဘဲ ကြံဖန်ပြောရပါတော့တယ်။ အမှန်ဆို ဘယ်နေရာမှာ ဘယ်လိုလေးဆိုရင် ပိုကောင်းမယ်ထင်တယ်၊ ကြိုးစားဖို့လိုသေးတယ်၊ သတ်ပုံတွေ မမှန်ဘူးစတဲ့ ကောင်းစေချင်လို့ပေးတဲ့ ကွန်မင့်တ်လေးတွေ များများပေါ်ပေါက်သင့်တယ်။ ဒါမှ ဘလော့ဂါလောက တိုးတက်လာမှာ မဟုတ်လား။ ပြောတာပြောရတယ်၊ ကျနော်လဲ မိုးခါးရေ သောက်နေဆဲပါဘဲ။ ချီးမွမ်းခံရတာကို ကြိုက်နေဆဲပါဘဲ။

ဘာဘဲပြောပြောပေါ့လေ။ ဘလော့ဂါညီအကိုမောင်နှမတွေနှင့် ရင်းနှီးခွင့်ရတာကတော့ ကျေနပ်စရာပါ။ ဆင်းရဲချမ်းသာ ဝေးနေနီးနေ မခွဲခြားဘဲ ဘလော့ဂါအချင်းချင်း ခင်မင်မှုတွေ ရရှိကြတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရလာဒ်ဆိုရင် မမှားပါဘူး။ အမတန်မှ ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့လေးတွေပါ။ မြန်မာတွေဟာ ခင်မင်တတ်တယ်၊ ဖော်ရွှေတတ်တယ်၊ သနားငဲ့ညှာတတ်တယ်၊ စာနာထောက်ထားတတ်တယ်၊ ကူညီဖေးမတတ်တယ်။ အားလုံး Positive Manner တွေချည်းပါဘဲ။

စပ်မိလို့ ဒီအကြောင်းတွေ ရေးမိသွားတာပါ။ အမှန်တကယ် ကျနော်ပြောချင်တာက ဒီအကြောင်းတွေ မဟုတ်ပါဘူး။ တစ်ခြားအကြောင်းပါ။ ကျနော် ဘလော့ဂ်တွေ အတော်များများကို လျောက်လည်ပတ်ဖြစ်ပါတယ်။ စာတွေလဲ အရမ်းဖတ်လို့ကောင်းပါတယ်။ တကယ်ဆို စာမရေးဘဲ သူတို့ရေးတဲ့စာတွေချည်းဖတ်နေရင် ဗဟုသုတတွေ အရမ်းတိုးတက်မှာ သေချာတယ်။ ဒါပေမဲ့ စာရေးတဲ့ ၀ါသနာက ငယ်ငယ်ကထဲက ပါလာတော့ မရေးဘဲကို မနေနိုင်ဘူးဖြစ်နေတယ်။ ဒါကြောင့်ရေးလဲရေး၊ ဖတ်လဲ ဖတ်နေပါတယ်။

အကျိုးတကယ်ရှိစေတဲ့ ဘလော့ဂ်တွေအများကြီးရှိပါတယ်။
သူတို့ရေးတဲ့စာတွေ ဖတ်ပြီးရင် သူတို့ကို ကျနော် Congratulation လုပ်ချင်တယ်။ ချီးကျူးဂုဏ်ပြုချင်တယ်။ အထူးသဖြင့်တော့ သက်ဆိုင်ရာ ပို့စ်အောက်မှာ ကွန်မင့်တ်ပေးချင်တာပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ သူတို့ရဲ့  ကွန်မင့်တ်ဘောက်စ်တွေမှာရှိတဲ့ Word verification တွေကို ဖြုတ်မထားကြဘူး။ အဲဒီတော့ အလုပ်တစ်ခု ထပ်ပိုတော့တာပေါ့ဗျာ။ ကွန်မင့်တ်ပေးဖို့ စာကို မြန်မာလိုရိုက်ပြီး Word verification ကိုတော့ အင်္ဂလိပ်လို ထပ်ရိုက်ရပြန်ရော။ အချိန်မကုန်သင့်ဘဲ ကုန်ရတယ်လို့ ကျနော်တော့မြင်တယ်။

Zawgyi Font အပြောင်းအလဲအတွက် Contl+Shift ကို ခဏခဏနှိပ်ရတော့ စိတ်မရှည်ဘူးဖြစ်နေတယ်။ တစ်ယောက်ထဲကိုဘဲ ဦးတည်ပြီး ကွန်မင့်တ်ပေးရတယ်ဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။ ဒါပေမဲ့ နေ့စဉ်အားတဲ့ရက်တွေမှာ ဘလော့ဂ်တွေ အတော်များများကို ကျနော်လည်ဖြစ်တယ်။ အရမ်းကောင်းတဲ့ ပို့စ်လေးတွေကို ဖတ်ပြီးရင် ကွန်မင့်တ်မပေးဘဲ မနေနိုင်ပြန်ဘူး။ ဒါကြောင့် ကွန်မင့်တ်ပေးပါတယ်။ အဲဒီမှာ အနှောင့်အယှက်ပေးနေတာက Word verification ပါ။ ဖြစ်နိုင်ရင်တော့ မလိုအပ်တဲ့အတွက် Word verification ကို ဖြုတ်ထားလိုက်တာကောင်းမယ်ထင်ပါတယ်။
Word verification ရဲ့ ကောင်းကွက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ တန်ပြန်ဝေဖန်အကြံပြုနိုင်ပါတယ်။ ကြိုဆိုလျက်ပါ။

နောက်တစ်ခုက Layout တွေမှာ Display တွေ အရမ်းများနေတဲ့အတွက် Loading လုပ်တဲ့နေရာမှာ အရမ်းနှေးကွေးနေတဲ့ ဘလော့ဂ်တွေဟာလဲ စိတ်ညစ်စရာ အလွန်ကောင်းပါတယ်။ ဖတ်ချင်ဇောနဲ့ အမြန်ဖွင့်ကြည့်ပေမဲ့ Loading က အရမ်းနှေးနေတဲ့အတွက် ပိတ်ပစ်လိုက်ရတဲ့ အချိန်ပေါင်းနည်း မနည်းတော့ပါဘူး။ Display တွေကို စာဖတ်သူတွေအတွက် စေတနာနဲ့ ပြုလုပ်ထားမှန်းတော့သိပါတယ်။ ဒါပေမဲ့ Loading အလွန်နှေးကွေးနေတာကတော့ ကျနော်အပါအ၀င် စာဖတ်သူတွေကို စိတ်ပျက်စေတာ အမှန်ပါ။

ချုံပြောရရင်တော့..
၁။ကွန်မင့်တ်ပေးရမဲ့နေရာမှာ Word verification တွေကို မဖြုတ်ဘဲ ဒီအတိုင်းထားခြင်း
၂။Display တွေများတဲ့အတွက် Loading အရမ်းနှေးကွေးခြင်း
အဲဒီနှစ်ချက်ဟာ စာဖတ်သူဦးရေ လျော့စေခြင်းရဲ့  အကြောင်းတရားတွေဘဲ ဆိုတာကို ကျနော် လေ့လာသိရှိရသလောက် ဖော်ပြပေးလိုက်ရပါတယ်။ အဲဒီနှစ်ချက်ကို ပြင်လိုက်ရင်တော့ စာဖတ်သူဦးရေ အရမ်းတိုးလာမယ်လို့ ကျနော် လုံးဝဥဿုံ ယုံကြည်လျက်ရှိနေကြောင်းပါဘဲခင်များ။ ။

အားလုံးရွှင်လန်းဝမ်းမြောက်နိုင်ကြပါစေ။

...

ဘလော့ဂါဆိုတာ.....


ဘလော့ဂ်လောကထဲ ၀င်ရောက်ခဲ့တာ တစ်နှစ်နီးနီးရှိပြီ။ အချီးအမြှောက် အသတ်အပုတ် ချီးမွမ်းကဲ့ရဲ့  အကြံပေးစတဲ့ ကွန်မင့်တ်ပေါင်းစုံလဲ ရရှိခဲ့ပြီးပြီ။ အဲဒီအတွေ့အကြုံအားလုံးက ကျနော့်ဆရာတွေအဖြစ် မားမားမတ်မတ် ရပ်တည်နေကြလေရဲ့ ။ ဘလော့ရေးရင်းနှင့် ကျနော်စိတ်ဆိုးခဲ့ဖူးတယ်။ စိတ်ဆိုးလဲ ခံခဲ့ရဖူးတယ်။ ဒါတွေအားလုံးဟာ ဘလော့ဂါတွေ ရှောင်လွဲလို့မရတဲ့ နိယာမသဘောတွေပါဘဲ။ ကျေနပ်ပါတယ်။ များများဝေဖန်လေလေ များများအတွေ့အကြုံရလေလေမဟုတ်လား။

ဘလော့ဂါတစ်ယောက်ဖြစ်ရတာ ကျနော့်ကို ကျနော်ကျေနပ်နှစ်သက်မိတယ်။ မြန်မာနိုင်ငံမှာ နေစဉ်တုန်းက ဘလော့ဂါဆိုတာ ဘာကိုခေါ်မှန်း ကျနော် ကောင်းကောင်းမသိခဲ့ပါဘူး။ နိုင်ငံခြားကထုတ်လွင့်တဲ့ မြန်မာသတင်းတွေကို နားထောင်ရင်း ဘလော့ဂါဆိုတဲ့ စာလုံးကို ရင်းနှီးခဲ့တာပါ။ ဒါပေမဲ့ ဘာကို ဘလော့ဂါခေါ်မှန်း မသိခဲ့ရရိုးအမှန်ပါ။ စပ်စုတတ်သူပီပီ ကျနော် အဘိဓာန်တွေထဲ ရှာကြည့်ဖြစ်တယ်။ ၀န်ခံရရင် ဘလော့ဂါဆိုတဲ့ အသံကို ဘလော့ကာလို့ဘဲ ကြားပြီး Blocker ဆိုတဲ့ စာလုံးကိုဘဲ ရှာဖွေနေမိတယ်။ Block က လာတဲ့ စာလုံးဆိုတော့ ပိတ်သည် ဆို့သည် တားဆီးသည် စတဲ့ အဓိပ္ပါယ်တွေကိုသာ ကျနော်တွေ့ရှိခဲ့တယ်။ ဒါဆိုရင် ကျနော်လိုချင်တဲ့ အဓိပ္ပါယ်မဟုတ်သေးဘူး။ အမှန်တကယ်ဆိုရင် ဘလော့ဂါတွေကြောင့် ကမ္ဘာအရပ်ရပ်ကို မြန်မာ့သတင်းတွေ
ပျံ့ နှံ့သွားခဲ့တာမဟုတ်လား။ Block ရဲ့  အဓိပ္ပါယ်နဲ့ ပြောင်းပြန်ကြီး ဖြစ်နေတယ်။

ဒီလို မရှင်းမရှင်းနဲ့နေစဉ်မှာဘဲ ကံအားလျော်စွာ ၂၀၀၇၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကျနော် လန်ဒန်ရောက်လာခဲ့တယ်။ လန်ဒန်တက္ကသိုလ်တက်ဖို့ပေါ့။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ် (၂၀၀၉)မှ ကျနော် တက္ကသိုလ်တက်ရမှာပါ။ အဲဒါကြောင့် ၂၀၀၈ ခုနှစ်တစ်နှစ်လုံး ကျနော် အားလပ်တဲ့အချိန်တွေ အများကြီးချမ်းသာခဲ့ပါတယ်။ အားလပ်နေတဲ့အချိန်အတွင်းမှာ သူငယ်ချင်းတွေနဲ့ အွန်လိုင်းမှာ စကားပြောရင်း ဘလော့ဂါတွေအကြောင်းရောက်သွားတယ်။ ဒါနဲ့ ကျနော်လဲ စိတ်ပါလာပြီး ဘလော့ဂါတစ်ယောက်ဖြစ်ခဲ့တယ်ဆိုပါတော့။ ကိုယ်တိုင် ဘလော့ဂါတစ်ယောက် ဖြစ်နေပြီဆိုတော့ ဘလော့ဂါဆိုတဲ့ အဓိပ္ပါယ်ကို သိဖို့လိုအပ်လာပြီလေ။ တော်ကြာ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိဖြစ်နေဦးမယ်။ ဒီလိုနဲ့ ဘလော့ဂါဆိုတာ Blog ဆိုတဲ့စကားလုံးကနေ Blogger ဖြစ်မှန်းသိလာခဲ့တယ်။

ကဲ.. ဒါဖြင့် အဓိပ္ပါယ်လေး ကြည့်လိုက်ကြရအောင်။
A blog is a type of website, usually maintained by an individual with regular entries of commentary, descriptions of events, or other material such as graphics or video. Entries are commonly displayed in reverse-chronological order. "Blog" can also be used as a verb, meaning to maintain or add content to a blog.

ဘလော့ဆိုတာ ၀က်ဘ်ဆိုက် တစ်မျိုးပါဘဲ။ ပုံမှန်အားဖြင့် ရေးသားဖော်ပြချက်တွေ၊ အကြံပြုစာတွေ၊ ဂရပ်ဖစ်တို့ ဗီဒီယိုဖိုင်တို့စတဲ့ အကြောင်းအရာတွေကို အသီးသီးထိန်းသိမ်း သိမ်းဆည်းထားနိုင်တဲ့ ၀က်ဘ်ဆိုက် အသေးစားလေးတစ်ခုရယ်ပါ။ များသောအားဖြင့် နောက်ဆုံးရေးသားတဲ့အကြောင်းအရာက ထိပ်ဆုံးမှာ နေရာယူထားတဲ့ အစဉ်ကို သုံးနှုန်းထားပါတယ်။ Blog ကို ကြိယာအနေနဲ့လဲ သုံးနှုန်းနိုင်ပါတယ်။ အကြောင်းအရာတွေကို ၀က်ဘ်ဆိုက်ကလေးထဲမှာ ထိန်းသိမ်းသည်၊ ထည့်စွက်သည် လို့ အဓိပ္ပါယ်ရပါတယ်။

ကဲ.. ဒါဖြင့် Blog ဆိုတာ ၀က်ဘ်ဆိုက်အသေးစားလေးတစ်မျိုးဆိုတာကို ကျနော်တို့သိလိုက်ပါပြီ။ ဒါဖြင့် Blogger ဆိုတာကရော။ လွယ်သွားပြီမဟုတ်လား။ ငယ်ငယ်တုန်း အင်္ဂလိပ်စာ စသင်ခါစက Eat= စားသည်၊ Eater=စားသူ၊ Give=ပေးသည်၊ Giver=ပေးသူ စတဲ့ အသုံးအနှုံးလေးတွေကို အလွယ်လေး မှတ်ခဲ့တာကို သတိရမိတယ်။ အခုလဲ ဒီလိုပါဘဲ။
Blog= ၀က်ဘ်ဆိုက်တစ်မျိုး
Blogger= ၀က်ဘ်ဆိုက်ကို ပိုင်ဆိုင်သူ (ဖန်တီးသူ) ပေါ့။

ဒီအဓိပ္ပါယ်ကို အတော်များများ ဘလော့ဂါတွေနှင့်စာဖတ်သူများကတော့ သိရှိပြီး ဖြစ်နေလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒါကြောင့် ဒီပို့စ်ကလေးကို ရေးသားရခြင်းဟာ မသိသေးသူများကိုဘဲ ရည်ရွယ်ပါတယ်။ ကျနော်လဲ မှတ်စုအနေနဲ့ ကျန်ရစ်တာပေါ့ဗျာ။ ။

......

Thursday, 24 September 2009

Money First တဲ့


လူ့လောကထဲ ကျင်လည်ကျက်စားလာခဲ့တာ အတော်လေးကြာခဲ့ပါပြီ။ Lady first ဆိုတဲ့စကားကိုသာ ကြားဖူးခဲ့ပါတယ်။ Money First ဆိုတဲ့ ဆိုရိုးစကားကို မကြားခဲ့ရရိုးအမှန်ပါ။ ဒါပေမဲ့ ဒီနေ့မှာ အဲဒီစကားကို ထူးထူးဆန်းဆန်းကြားခဲ့ရတယ်။

မာစတာတန်းအတွက် Tuition fees သွင်းဖို့ ကျနော်နှင့်ကိုမင်းထက် ဒီနေ့ လန်ဒန်ယူနီဗာစီကို သွားခဲ့ကြတယ်။
ကျနော်တို့တက်ရမဲ့ကျောင်းက SOAS (School of Oriental and African Studies), University of London မှာပါ။ အဲဒီ SOAS ကို နေရာနှစ်ခု ခွဲထားတယ်။ တစ်ခုက ကျနော်တို့ Pre-sessional courses တက်ခဲ့တဲ့ Russell Squre မြေအောက်ဘူတာရုံအနီးမှာ တည်ရှိပါတယ်။ ဘူတာကနေ ဆယ်မိနစ်လောက် လမ်းလျောက်ရပါတယ်။ နောက်တစ်ခုကတော့ the Vernon Square Campus, Penton Rise မှာ တည်ရှိပါတယ်။
အဲဒီကို သွားချင်ရင် Russell Square ရဲ့ ဟိုဘက်နောက်တစ်ဘူတာဖြစ်တဲ့ King's Cross ဘူတာမှာ ဆင်းရပါတယ်။ ၁၂ မိနစ်လောက် လမ်းလျောက်ရင် အဲဒီကို ရောက်နိုင်ပါတယ်။

ဒီနေ့ ကျနော်တို့ ငွေသွားသွင်းရတဲ့နေရာက the Vernon Square Campus, Penton Rise ဆိုတဲ့ King's Cross ဘူတာရုံနားက အဆောက်အဦတစ်ခုမှာပါ။ အဲဒီနေရာကို ကျနော်တို့ တစ်ခေါက်ဘဲ ရောက်ဖူးပါတယ်။ ဒါတောင်မှ ပေါင် ၂၀ အကုန်ခံပြီး တက်ရောက်ထားတဲ့ Conference တစ်ခုရဲ့  ကျေးဇူးကြောင့် ရောက်ဖူးခဲ့တာပါ။

အဲဒီနေရာကို မသွားခင် အင်တာနက်မှာ မြေပုံကြည့်ပါတယ်။ ကျနော်က အကျင့်ပါနေပြီ။ သွားရမဲ့နေရာကို အင်တာနက်မှာ ကြည့်ရမှ ကျနော်က စိတ်အေးတယ်။ ဒါမှ ဘယ်လိုသွားရမယ်၊ ဘယ်ရထား ဘယ်ကားကို စီးရမယ်၊ အချိန်ဘယ်လောက်ကြာကြာသွားရမယ်၊ ဘယ်ရထားလမ်းက လောလောဆယ်ပိတ်ထားတယ် စတဲ့ အချက်အလက်အသေးစိပ်ကို ရရှိမှာမဟုတ်လား။ ဒါကြောင့် ကျနော် အင်တာနက်မှာ လမ်းညွန်ကြည့်တယ်၊ ပြီးတော့ မြေပုံကို ပရင့်တ်ထုတ်ပြီး ယူဆောင်သွားခဲ့တယ်။

ဒါပေမဲ့ King's Cross ဘူတာရုံရောက်တော့ ကျနော်မြေပုံထုတ်ကြည့်စရာမလိုတော့ပါဘူး။ ကိုမင်းထက်က သူနဲနဲမှတ်မိတယ်၊ စမ်းသွားကြည့်တာပေါ့ဆိုတာနဲ့ ကျနော်တို့ မြေပုံမကြည့်ဘဲ အလွတ်သွားလိုက်ပါတယ်။ တန်းတန်းမတ်မတ်ပါဘဲ၊ the Vernon Square Campus, Penton Rise ကို ရောက်ရှိသွားတယ်။

အဲဒီအဆောက်အဦအ၀င်ဝမှာ ဧည့်ကြိုကောင်တာရှိတယ်။ အဲဒီကောင်တာမှာ အထဲဝင်ခွင့်လက်မှတ်ယူပြီးမှ အထဲဝင်ခွင့်ရတယ်။ ပြီးတော့ သူတို့က လမ်းညွန်ပေးတယ်။ ငွေသွင်းမှာဖြင့် R.208 ကို သွားပါတဲ့၊ အဲဒီမှာ Cashier ရှိတယ်တဲ့။ သူညွန်တဲ့အတိုင်း ဒုတိယထပ်ကို ဓါတ်လှေခါးနဲ့တက်သွားခဲ့ပါတယ်။ အခန်းနံပါတ် (208) ကိုရောက်ရောက်ချင်း တွေ့လိုက်ရတာကတော့ လူမည်းဝန်ထမ်းတစ်ယောက်ပါဘဲ။

မာစတာတန်းအတွက် သင်တန်းကြေးငွေသွင်းဖို့လာတာပါလို့ ကျနော်တို့က ပြောလိုက်တယ်။ ဘယ်လိုပေးမှာလဲတဲ့။ ကျနော်က ကဒ်နဲ့ပေးမယ် ပြောတော့.. ရော့ ဒီမှာ ကဒ်ထည့်တဲ့စက်. ကဒ်ထည့်ပြီး Pin code ကို နှိပ်ပါတဲ့။ ဘာမမေး ညာမမေးနဲ့ ပိုက်ဆံကိုအရင်တောင်းတော့ ကျနော် အတော်လေး တွေဝေသွားတယ်။ ပေးရမဲ့ပိုက်ဆံက နဲနဲလေးမှ မဟုတ်တာ။ လွယ်လွယ်လေးပေးလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျနော်တို့ အချက်အလက်တွေ အိုင်ဒီတွေ မမေးတော့ဘူးလား မစစ်ဆေးတော့ဘူးလားလို့ မေးတော့ သူက ပြောတယ်။ Money First, then I will ask you တဲ့။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ဗျာ။ Money First တဲ့။

မတတ်နိုင်ဘူး။ သူပြောတဲ့အတိုင်းဘဲ ကျနော်တို့ ငွေကို အရင်သွင်းလိုက်ပါတယ်။ သွင်းရတဲ့ငွေက ပေါင် ၁၂၀၀၀ တိတိ။ ကဒ်နဲ့ပေးရတာမို့ တော်သေးတယ်။ မြန်မာနိုင်ငံမှာလို ပိုက်ဆံကို ရေတွက်ပြီးပေးရမယ်ဆိုရင်တော့ လက်တွေတုန်နေမှာ မြင်ယောင်မိသေးတယ်။ တုန်မယ်ဆိုလဲ တုန်ချင်စရာကြီး။ ပေါင် ၁၂၀၀၀ဟာ မြန်မာငွေ သိန်းနှစ်ရာကျော်နဲ့ ညီမျှနေတယ်လေ။ Pre-sessional courses တုန်းကလဲ ပေါင် ၂၃၈၀ သွင်းပြီးပြီ။ အခု ထပ်ပြီး ပေါင် ၁၂၀၀၀ ဆိုတော့.. ပညာတတ်လာမလား မတတ်လာဘူးလားတော့ မသိဘူး။ လောလောဆယ်တော့ လူကို ချိနှဲ့ သွားတာပါဘဲ။

ငွေယူပြီးနောက်မှ သူက ကျနော်တို့ရဲ့  ကျောင်းသားအိုင်ဒီကို မေးတယ်။ လိပ်စာဖြည့်ခိုင်းတယ်။ လက်မှတ်ထိုးခိုင်းတယ်။ ပြီးတော့ ငွေလက်ခံဖြတ်ပိုင်းကို ကျနော်တို့ကို ပေးတယ်။ အဲဒီဖြတ်ပိုင်းကို အခန်း နံပါတ် (205) မှာ သွားပြပြီး စာရင်းပေးသွင်းရတယ်။ ပြီးတော့ နှုတ်ဆက်ပြီး ကျနော်တို့ ပြန်ခဲ့ကြပါတော့တယ်။ ဒီတစ်နှစ်ကတော့ အပြင်းအထန်ကြိုးစားမှ တော်ကာကျတော့မယ်။ ဒါမှ ပေးထားသလောက် ပြန်ရမှာ မဟုတ်လား။

ဘာရယ်လို့တော့မဟုတ်ပါဘူး။ ငွေထိန်းကောင်တာက Money First လို့ ပြောခဲ့တဲ့ စကားလေးကို သဘောကျလို့ ဒီပို့စ်ကို ရေးမှတ်လိုက်တာပါ။ သည်းခံပြီး ဆုံးအောင်ဖတ်ပေးတဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ။

.....

သူတို့ကို အတုယူသင့်တယ်


ကျနော် Pre-sessional courses တက်နေစဉ်အတွင်းမှာ ထူးခြားတာသုံးမျိုးတွေ့ခဲ့ရတယ်။ အဲဒါကတော့ တစ်ခြားမဟုတ်ပါဘူး။ ဂျပန်မလေးနှစ်ယောက်နဲ့ ပတ်သက်တဲ့ ထူးဆန်းမှုလေးတွေပါ။

ကျနော့်အတန်းမှာ စုစုပေါင်း ကျောင်းသားကျောင်းသူ ရှစ်ယောက်တိတိရှိတယ်လို့ အရင်ပို့စ်မှာ ရေးခဲ့ပါတယ်။ အဲဒီရှစ်ယောက်ထဲမှာ ကျောင်းသားက ကျနော်အပါအ၀င်မှ နှစ်ယောက်ထဲပါ။ အခြားတစ်ယောက်က ပြင်သစ်က ကျောင်းသားပါ။ ကျန်တဲ့ ခြောက်ယောက်က ကျောင်းသူတွေချည်းပါဘဲ။ ကျောင်းစဖွင့်တဲ့နေ့မှာ အ၀တ်အစား ခပ်နွမ်းနွမ်းနဲ့ ကျောင်းသူနှစ်ယောက်တွေ့ရတယ်။ တော်တော်လေးဆင်းရဲတဲ့နိုင်ငံက ဖြစ်မှာပါလို့ ကျနော်ထင်မိလိုက်တယ်။ နောက်မှ သူတို့နှစ်ယောက်ဟာ ဂျပန်မလေးတွေဖြစ်မှန်းကျနော်သိလိုက်ရတယ်။

မြန်မာတစ်ယောက် (ကျနော်)၊ ပြင်သစ်ကျောင်းသားတစ်ယောက်၊ ဂျပန်ကျောင်းသူနှစ်ယောက်၊ ထိုင်ဝမ်ကျောင်းသူနှစ်ယောက် (ဂျပန်နှင့်ထိုင်ဝမ် ကျောင်းသားဦးရေများတဲ့အတွက် တစ်အုပ်စုထဲမှာ နိုင်ငံတူ ဖြစ်နေတာပါ)၊ ဂျာမနီကျောင်းသူတစ်ယောက်၊ ထိုင်းကျောင်းသူတစ်ယောက်၊ စုစုပေါင်း ၈ ယောက်ပါ။

ထိုင်ဝမ်ကျောင်းသူနှစ်ယောက်ကတော့ သူတို့အချင်းချင်း စကားပြောရင် တရုတ်လိုဘဲ ပြောကြပါတယ်။ အင်္ဂလိပ်လို မပြောပါဘူး။ အတန်းထဲမှာ Debate လုပ်တဲ့အခါက လွဲရင်ပေါ့။ ကျနော်ပြောချင်တာက ဂျပန်ကျောင်းသူနှစ်ယောက်အကြောင်းပါ။ သူတို့နှစ်ယောက်က ဘယ်အချိန်မှာဘဲတွေ့တွေ့ ဂျပန်လို လုံးဝမပြောပါဘူး။ အင်္ဂလိပ်လိုဘဲ ပြောဆိုကြပါတယ်။ တစ်ခါတစ်ခါ ကျနော်က (ထမင်းစားရေသောက် ဂျပန်စကားလေးငါးလုံးလောက် ကျနော်သိတယ်) ဂျပန်လို နှုတ်ဆက်ရင်တောင် သူတို့က အင်္ဂလိပ်လို ပြန်ပြောကြပါတယ်။

ကျနော်က သူတို့ကို မေးကြည့်တယ်။ နင်တို့နှစ်ယောက် ဘယ်အချိန်ဘဲ တွေ့တွေ့ အင်္ဂလိပ်လိုဘဲ ပြောကြတာလားလို့။ သူတို့ပြန်ဖြေတာက အတုယူစရာပါ။ ဒီနိုင်ငံကို လာခဲ့တာ ဂျပန်စကားပြောဖို့လာခဲ့တာမဟုတ်ဘူး။ အင်္ဂလိပ်စကားပြော ကျွမ်းကျင်ဖို့လာခဲ့တာ။ ပိုက်ဆံတွေလဲ အများကြီး ကုန်ကျတယ်။ ဖြစ်နိုင်ရင် တစ်ခြားဂျပန်တွေနဲ့တောင် မတွေ့ချင်ဘူး။ ဒါကြောင့် ဘယ်အချိန်ဘယ်နေရာမှာဘဲ တွေ့တွေ့ ဘယ်သူ့ကိုဘဲ တွေ့တွေ့ အင်္ဂလိပ်လိုဘဲ ပြောမယ်တဲ့။ ကျနော့်အတွက်တော့ သူတို့နှစ်ယောက်ဟာ ထူးဆန်းလို့နေပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာအချင်းချင်းတွေ့ကြရင် အင်္ဂလိပ်လို စကားပြောရမှာ အလွန်ရှက်ပြီး မြန်မာလိုဘဲ ပြောဖြစ်ကြလို့ပါ။

နောက် ဒီထက်ထူးဆန်းတာက အစားအသောက်နဲ့ ပတ်သက်လို့ပါ။ ကျနော်တို့က မြန်မာလူမျိုးတွေဆိုတော့ သိတယ်မဟုတ်လား။ ဥစ္စာမချမ်းသာပေမဲ့ မာနတွေချမ်းသာတယ်။ ပညာမတတ်ပေမဲ့ အောက်ကျို့ သင်ယူရမှာ ရှက်ကြောက်တတ်တယ်။ အဲဒီလို လူမျိုးတွေလေ။ ဒါကြောင့်မို့ နေ့လည်စာအတွက် ကျနော်တို့ ပိုက်ဆံတွေ မကုန်သင့်ဘဲ အကုန်အကျများရတယ်။

တစ်နေ့မှာ
ဂျပန်မလေးတစ်ယောက်က စားစရာတွေကို ဘောက်စ်တစ်ခုထဲထည့်ပြီး အတန်းထဲယူလာတယ်။ အနံ့လေးက မွှေးလို့ကြိုင်လို့။ ကျနော်က ဘယ်က၀ယ်လာတာလဲလို့ မေးလိုက်တယ်။ ၀ယ်လာတာမဟုတ်ဘူး၊ ကျောင်းဝင်းထဲမှာ အလကား လာကျွေးတဲ့သူရှိတယ်။ အဲဒီမှာ သွားယူရင် အလကားရတယ်တဲ့။

နောက်နေ့တွေမှာ ထမင်းလာကျွေးတဲ့သူကို ကျနော်သွားကြည့်လိုက်တယ်။ ဟိန္ဒူလိုလို ဆစ်ခ်လိုလို လူတစ်ယောက်က တွန်းလှည်းတစ်စီးနဲ့ စားသောက်ဖွယ်ရာတွေကို ယူဆောင်လာပြီး အလှူဒါနပြုလုပ်နေတာပါ။ အချိုပွဲတွေတောင်ပါလိုက်သေးတယ်။ နေ့တိုင်း နေ့လည်ပိုင်း ၁၂ နာရီလောက်မှာ လာကျွေးနေကျလို့ သိရပါတယ်။ လက်တွန်းလှည်းပေါ်မှာရှိတဲ့ စားသောက်ဖွယ်တွေကို စားရဖို့ တန်းစီပြီးစောင့်ရပါတယ်။ ကျနော်သွားကြည့်တဲ့အချိန်မှာ တန်းစီနေတဲ့ လူတန်းကြီးက အရှည်ကြီးဖြစ်နေပါပြီ။ ဂျပန်မလေးနှစ်ယောက်လဲ အပါအ၀င်ပေါ့။ အစားအစာအားလုံးက သက်သတ်လွတ်တွေပါ။

ဂျပန်မလေးနှစ်ယောက်ဟာ အဲဒီက ရလာတဲ့ အစားအစာကို ခြိုးခြံစားပြီး ညနေစာအတွက် တစ်ဝက်ခွဲပြီးချန်ထားကြပါတယ်။ သူတို့က အစားအသောက်ကို အဲဒီလောက်အထိ ခြိုးခြံကြတာကလား။ ကျနော်အံ့သြသွားတယ်။ ဂျပန်နိုင်ငံဆိုတာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံထဲမှာ ပါပါတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံကို လိုအပ်မှ သုံးတာပါ။ ပြီးတော့ ရည်ရွယ်ချက်ကို လုံးဝမေ့မထားကြပါဘူး။

ဝန်ခံပါတယ်။ ဂျပန်မလေးတွေ တန်းစီပြီးစားသောက်ခဲ့အစားအစာတွေကို ကျနော်တို့ မစားဖူးခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တန်းစီရမှာ ရှက်လွန်လွန်းလို့ပါ။ အမှန်ဆို အဲဒီ မရှက်သင့်တဲ့နေရာမှာ ရှက်နေတာကိုက ရှက်စရာဖြစ်နေပါတယ်။ အဲဒီလို ဂျပန်မလေးတွေ တွန်းလှည်းပေါ်က အစားအစာကို ရရှိဖို့အတွက် နေ့စဉ်တန်းစီပြီးစောင့်နေတာဟာ ကျနော့်အတွက် အလွန်ပင် ထူးဆန်းတဲ့အရာတစ်ခုရယ်ပါ။

ကြုံတုန်းပြောရဦးမယ်။ တစ်နေ့မှာ သူတို့နှစ်ယောက်ထဲက တစ်ယောက်နဲ့ ကျနော် စကားပြောဖြစ်တယ်။ သူ့နာမည်က ခအိုရိတဲ့။ အတန်းထဲမှာ စာအတော်ဆုံးလို့ ပြောရင်ရတယ်။ စပ်မိစပ်ရာပြောရင်း ခအိုရိ... အသက်အရွယ်အရ အိမ်ထောင်ပြုဖို့ သင့်ပြီ၊ အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက်မရှိသေးဘူးလား လို့ ကျနော်မေးကြည့်တော့ သူက ပထမရည်ရွယ်ချက်က မာစတာရဖို့၊ ဒုတိယက ဒေါက်တာ(Ph.D)ဘွဲ့ရဖို့၊ ပြီးမှ အိမ်ထောင်ပြုဖို့ စဉ်းစားမယ်တဲ့။
ဂျပန်လူမျိုးတွေရဲ့ စိတ်ဓါတ်က ခိုင်မာတယ်။ ဒါကြောင့်လဲ ဂျပန်နိုင်ငံကြီးတိုးတက်နေတာဖြစ်မယ်။

ဗြိတိသျှလူမျိုးတွေက စကားပြောတဲ့အခါမှာတော့ တစ်ဘက်သားကို အထင်ကြီးလောက်အောင် ဖြစ်စေတယ်။ အထူးသဖြင့် ပညာရေးသင်ကြားပေးတဲ့နေရာမှာပေါ့။ အတန်းချိန်ကို အတိအကျရောက်ရှိရမယ်၊ မရောက်ရှိရင် အရေးယူမယ် ဘာညာပေါ့။ ပြီးတော့ အတန်းချိန်အတွင်း မိုဘိုင်းတွေပိတ်ထားရမယ်၊ မိုဘိုင်းမြည်သံကြားရင် ဘယ်လို အရေးယူမယ်ပေါ့။ ကျနော်တို့လဲ သူတို့ရဲ့ ဖိန့်လုံးတွေနောက် မျှောပါပြီး အချိန်တိကျစွာ ကျောင်းတက်တယ်၊ မိုဘိုင်းတွေလဲ ပိတ်ထားပါတယ်။ ဒါပေမဲ့ တကယ်အတန်းနောက်ကျတာက ကျောင်းသားတွေမဟုတ်ဘူး၊ စာသင်ပေးတဲ့ ဆရာဘဲ နောက်ကျနေတာ။ ပြီးတော့ စာသင်ချိန်အတွင်း မိုဘိုင်းမြည်သံကြားရင် ဆရာ(ဆရာမ)တွေရဲ့  မိုဘိုင်းတွေချည်းဘဲ။

ကျနော်တို့လဲ ဗြိတိသျှပါး နဲနဲဝလာလို့ နောက်ပိုင်းမှာ ကျောင်းချိန်တွေ နောက်ကျလာတယ်။ တစ်နေ့မှာ ကျနော်တို့ မြေအောက်ဘူတာရုံကထွက်ပြီး ကျောင်းကို လမ်းလျောက်သွားတဲ့အချိန် လမ်းမှာ အဲဒီဂျပန်မလေးတစ်ယောက်နဲ့တွေ့တယ်။ မိန်းခလေးတန်မဲ့ အတင်းပြေးလွှားနေတာတွေ့ရတဲ့အတွက် ဖြေးဖြေးသွားပါ ခအိုရိရယ်... ချော်လဲနေပါဦးမယ် လို့ ကျနော်ပြောလိုက်တယ်။ သူကပြန်ပြောတယ်။ အခုဆယ်နာရီထိုးဖို့ နှစ်မိနစ်လောက်ဘဲ လိုတော့တယ်၊ ၁၀ နာရီမှာ အတန်းထဲ ရောက်မှ ဖြစ်မယ် တဲ့။ နာရီကြည့်လိုက်တော့ ကွက်တိဘဲ။ ဆယ်နာရီထိုးဖို့ နှစ်မိနစ်ဘဲ လိုတော့တယ်။ ၁၀ နာရီမှာ အတန်းစမယ်လေ။
ပြေးရင်းနဲ့ သူခြေလိပ်သွားပြီး ချော်လဲမလို ဖြစ်သွားတာလေးကိုတွေ့လို့ ကျနော်တောင် စိတ်မကောင်းဖြစ်လိုက်သေးတယ်။ အမှန်ဆို သူနှင့်ကျနော်က အတန်းအတူတူလေ။ ဒါပေမဲ့ သူတို့က စည်းကမ်းတွေနဲ့ နေသားကျနေတဲ့ နိုင်ငံကလူ၊ ကျနော်တို့က နေချင်သလိုနေလာခဲ့ကြတဲ့သူဆိုတော့ ဒီလိုမျိုးနေရာမှာ အကွာကြီးကွာနေတော့တာပေါ့ဗျာ။

ခြုံပြောရရင်တော့..
၁။သူတို့ (ဂျပန်မလေးတွေ)အချင်းချင်းတွေ့တဲ့အခါ အင်္ဂလိပ်လို စကားပြောခြင်း
၂။အစားအသောက်ကို ခြိုးခြံပြီး အခမဲ့အစားအစာအတွက် တန်းစီပြီး ရယူခြင်း
၃။စည်းကမ်းတိကျပြီး စိတ်ဓါတ်ခိုင်မာခြင်း

အဲဒီသုံးမျိုးကတော့ ကျနော့်အတွက် တကယ်ကို ထူးဆန်းလို့နေပါတော့တယ်။ ဒါပေမဲ့လဲ သူတို့ဆီက အခုလို အရည်အချင်းမျိုးကို အမှန်အကန် အတုယူသင့်တယ်ဆိုတာကတော့ ငြင်းလို့မရနိုင်တော့ကြောင်းပါ။ ။

...........

လန်ဒန်တက္ကသိုလ်တက်နိုင်ဖို့ လှေခါးထစ်ကလေးများ


ကျောင်းဖွင့်ရက်က တစ်နေ့နေ့နဲ့ နီးကပ်လာပြီ။
ဂျူလိုင် ၆ ရက်နေ့ကစပြီး သြဂုတ် ၂၈ ရက်နေ့မှာ ပြီးစီးသွားတဲ့ Pre-sessional courses ရဲ့  အထောက်အကူနဲ့ဘဲ ကျနော်တို့ လန်ဒန်တက္ကသိုလ်မှာ မာစတာဆက်တက်ခွင့်ရတယ်။ အမှန်ဆို ယူကေမှာရှိတဲ့ တက္ကသိုလ်အများစုက Ielts band 7 ရမှ တက်ခွင့်ပြုကြတာပါ။ ကျနော်တို့က band 6 ဘဲရတဲ့အတွက် မာစတာတက်ခွင့်ရဖို့ လန်ဒန်တက္ကသိုလ်ကနေပြီး အထူးသင်တန်းအနေနဲ့ Pre-sessional courses ကို ဖွင့်လှစ်သင်ကြားပေးတာပါ။

Pre-sessional courses မှာလဲ 8-week pre-sessional courses နှင့် 4-week pre-sessional courses ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ ယေဘုယျအားဖြင့် Ielts band 6 သာရရှိထားတဲ့သူတွေအတွက် 8-week pre-sessional courses ကို သင်ကြားပေးပြီး Ielts band 6.5 ရရှိထားသူတွေအတွက် 4-week pre-sessional courses သင်ကြားပေးတာပါ။

8-week pre-sessional courses သင်တန်းသားတွေကို မနက်ပိုင်းမှာ Academic writing, reading, comprehension တွေကို သင်ပေးပြီး နေ့လည်ပိုင်းမှာ Speaking, listening, note-taking, presentation တွေကို သင်ကြားပေးပါတယ်။ မနက်ပိုင်းဆရာနှင့်နေ့လည်ပိုင်းဆရာဆိုပြီး ဆရာနှစ်ယောက်ရှိပါတယ်။ များသောအားဖြင့် ဆရာမတွေပါ။ ကျနော်တို့လဲ ဆရာမတွေဆီမှာ သင်ယူကြရတာပါဘဲ။
မနက်ပိုင်းအတန်းကို ၁၀ နာရီမှာ စပြီး ၁၂ နာရီမှာ နားပါတယ်။ နေ့လည်အတန်းကို ၁ နာရီမှာစပြီး ၃ နာရီမှာ ပြီးပါတယ်။ ဗြိတိသျှတွေရဲ့ ထုံးစံအတိုင်း အတန်းတိုင်းမှာ တစ်နာရီလောက် သင်ပြီးတိုင်း Tea break ရှိပါတယ်။
ဗုဒ္ဓဟူးနေ့တိုင်းမှာ နေ့လည်အတန်းမရှိပါဘူး။

သင်တန်းကာလ တစ်လလောက်ကြာမြင့်လာတဲ့အခါ နေ့လည်ပိုင်းသင်တန်းပြီးပါတယ်။ နေ့လည်ပိုင်းအတွက် ဆရာပြောင်းပြီး ထပ်သင်ယူဖို့ တစ်ခြားဘာသာရပ်တွေကို စိတ်ကြိုက်ရွေးချယ်ခွင့်ပေးပါတယ်။ ကျနော်က Culture, media and identity ကို ရွေးချယ်လိုက်ပါတယ်။ အဲဒီအချိန်မှာ 4-week pre-sessional courses ကျောင်းသားတွေ ခါးဖြတ်ဝင်လာပါတယ်။ သူတို့အုပ်စုနှင့် ကျနော်တို့အုပ်စု နေ့လည်ပိုင်းအတန်းကို ပူးပေါင်းသင်ယူကြရပြီး မနက်ပိုင်းကတော့ သီးသန့်စီပါဘဲ။

ကျောင်းသားတွေ များတဲ့အတွက် ဆရာတွေ စာသင်ရတာလဲ ပိုမိုထိရောက်မှုရှိအောင် ဆယ်ယောက်တစ်အုပ်စု ကိုးယောက်တစ်အုပ်စု စသဖြင့် အုပ်စုလေးတွေဖွဲ့ပြီး တစ်အုပ်စုကို ဆရာနှစ်ယောက်က (မနက်ပိုင်းဆရာ နေ့လည်ပိုင်းဆရာ) သင်ပေးပါတယ်။ အုပ်စုခွဲတဲ့နေရာမှာလဲ နိုင်ငံတူတွေကို တစ်အုပ်စုထဲ မထားပါဘူး။ အင်္ဂလိပ်စကား မပြောဖြစ်မှာ စိုးရိမ်လို့ဖြစ်မှာပါ။

ကျနော်တို့ မြန်မာသုံးယောက်ပါဝင်နေတဲ့အတွက် အုပ်စုခွဲတဲ့အခါမှာ ကိုမင်းထက်နှင့်ကိုခင်မောင်ဌေးတို့က တစ်အုပ်စုထဲကျပါတယ်။ ကျနော်က သီးသန့်မြန်မာတစ်ယောက်ထဲ တစ်ခြားအုပ်စုမှာပါ။ ကိုမင်းထက်တို့ အုပ်စုမှာ ကျောင်းသား ကျောင်းသူ ဆယ်ယောက်ရှိပြီး ကျနော့်အုပ်စုမှာ စာရင်းအရကိုးယောက်ရှိပါတယ်။ ဒါပေမဲ့ ကိုးရီးယားက ကျောင်းသူတစ်ယောက်မလာနိုင်တဲ့အတွက် ရှစ်ယောက်ထဲနဲ့ တစ်အုပ်စု ဖြစ်နေပါတယ်။

8-week pre-sessional courses မှာ နှစ်အုပ်စုရှိပြီး 4-week pre-sessional courses မှာ ၆ အုပ်စုရှိပါတယ်။ ဒီအုပ်စုတွေကို ဘာဖြစ်လို့ ကျနော်သိရသလဲဆိုတော့ အကြောင်းရှိပါတယ်။ ကျနော်တို့ အတန်းထဲက ကျောင်းသူကျောင်းသားတွေက ကျနော့်ကို (Class-rep)လို့ခေါ်တဲ့ အတန်းခေါင်းဆောင်နေရာကို တွန်းတင်ကြတဲ့အတွက် ကျနော်က အတန်းခေါင်းဆောင် ဖြစ်သွားတယ်။ အတန်းခေါင်းဆောင်တွေ အစည်းအဝေးတက်ကြရပါတယ်။ အဲဒီအစည်းအဝေးမှာ ကျောင်းသား ကျောင်းသူ အရေအတွက် ရှစ်ယောက်တိတိရှိပါတယ်။ အဲဒီရှစ်ယောက်လုံးဟာ အတန်းတစ်တန်းကို ကိုယ်စားပြုတဲ့ အတန်းခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ အားလုံး ရှစ်အုပ်စုရှိမှန်း ကျနော်သိရတာပါ။

ရှစ်အုပ်စုဆိုတော့ တစ်အုပ်စုကို ပျမ်းမျှကိုးယောက်နှုန်းဆိုရင်တောင် ၇၂ ယောက်လောက်ရှိမှာပါ။ 8 week pre-sessional courses အတွက် ကျောင်းသားတစ်ယောက်ကို ပေါင်၂၃၈၀ ပေးသွင်းရပါတယ်။ 4-week pre-sessional courses အတွက် တစ်ယောက်ကို ပေါင် ၁၁၉၀ ပေးရပါတယ်။
ချို့ ယွင်းချက်အနေနဲ့ EU အဖွဲ့ဝင်နိုင်ငံတွေက ကျောင်းသားတွေကို လျော့ယူတယ်လို့ သိရပါတယ်။ ယူကေမှာ ဒီလိုနည်းနဲ့ ပိုက်ဆံလဲရ ပညာရေးကိုလဲ မြှင့်တင်ပေးနိုင်အောင် ကြံဖန်ထားတဲ့ နည်းစနစ်တွေရှိကြပါတယ်။ ကျနော်တို့အတွက်လဲ မာစတာတက်ခွင့်ရ သူတို့အတွက်လဲ အပိုဝင်ငွေရဆိုတော့ သူမသာ ကိုယ်မသာ (သူမနာ ကိုယ်မနာ) လို့ ဆိုရမှာပါ။

သင်တန်းတွေကို သြဂုတ်လ ၂၈ ရက်နေ့မှာ အပြီးသတ်လိုက်ပါတယ်။ Farewell party အနေနဲ့ ကျောင်းသူကျောင်းသားတွေ အားလုံးကို အစားအသောက်နဲ့ ဧည့်ခံပါတယ်။ ၀ိုင်လဲ ပါပါတယ်။ စားနိုင်သလောက်စား သောက်နိုင်သလောက် သောက်ပေါ့။ ကျနော်လဲ တတ်တဲ့ပညာ မနေသာဆိုသလို နင်းကန်စားပြီး အ၀အပြဲ သောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်သောက်ခဲ့တာက လိမ္မော်ဖျော်ရည်ပါ။

သင်တန်းပြီးဆုံးသွားပြီး ဆန်းစစ်ကြည့်မိတယ်။ ကျနော့်အတွက် ဘာကျန်ခဲ့သလဲပေါ့။ အထူးသဖြင့်တော့ Academic writing နှင့် Presentation မှာ အတော်လေး အတွေ့အကြုံရခဲ့ပါတယ်။ ကျန်တာတွေကတော့ ထပ်ကြိုးစားရဦးမှာပါ။ သူတို့ ဝေငှပေးတဲ့ နည်းစနစ်တွေများစွာကို ရေးထားတဲ့ စာအုပ်နှစ်အုပ် ကျနော်တို့လက်ထဲမှာ အမြဲသိမ်းထားနိုင်ခွင့်ရရှိတာကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါဘဲ။
ဒီစာအုပ်ကလေးနှစ်အုပ်နှင့် ကျနော် နှစ်ရှည်များစွာ မိတ်ဆွေ ဖြစ်နေဦးမှာတော့ သေချာနေပါတော့တယ်။

....

Wednesday, 23 September 2009

ဘလော့ဂါကျင့်ထုံး တေးထပ် (ပို့စ်တ်အပုဒ် ၄၀၀ပြည့် အမှတ်တရ)


ဘလော့ဂ်ကို ရမ်းကာပြု..... ချမ်းသာမှု လိုက်လို့ရှာ၊

မှန်းကာခု ရေးသည်မှာ..... ပုဒ်လေးရာ ပြည့်နှုံး၊

နည်းပေါင်းစုံ ရေးစမ်းပါသည်..... ပရမ်းပတာ ဖြစ်နေသည့်ထုံး၊

ကမ္ဘာတစ်ဝှန်း အိမ်တွေကို..... မိတ်ဆွေလို မှတ်တုန်း၊

ကိုကိုမောင် တကယ်ရှုံးပါဘူ့..... အပြုံးနဲ့ ကြုံလာ၊

ပညာရှာဖွေခိုက်မို့... လူမိုက်လို့ မမှတ်ကြရာ၊

လန်ဒန်တက္ကသီလာကို... အခါခါ သွားမှာမို့၊

နားလည်ဖို့ ဖော်သဟာ..... တောင်းပန်လျက်ပါ၊

သူ့အိမ်သွား(မှ) ကိုယ့်အိမ်လာသည်.... ဘလော့ဂါ ကျင့်ထုံးထင့်လေး။

သူ့အိမ်နှင့်ကွာဝေးလျှင်..... နားလည်ပေးကြပါကွဲ့လေး။

ကိုကိုမောင့် အခြေနေကို..... ချစ်ကျွမ်းဆွေ သိဦးကွဲ့လေး။ ။


...

Tuesday, 22 September 2009

အရောင်တင်ကြခြင်း


ငှက်ပျောသီးအခွံနွှာဖို့ကိစ္စကို
အာခိမိဒီးနိယာမတွေသုံးပြီး
ဆံပင်ဖြူအောင် သီအိုရီထုတ်နေကြလေရဲ့ ။


ဖိနပ်အောက်က မာနတွေများ
တာဝတိံသာကို
စီးချင်းထိုးချင်သတဲ့။


ဘက်ထရီ ရီဗာ့စ် ဖြစ်နေတဲ့
ကက်ဆက်အို တစ်ခုရဲ့ ကြွေကွဲခြင်းမျိုး
မက်ကင်းနစ် ထပ်တူမပြုလောက်ဘူး။


ခုန်ချနိုင်တဲ့အမြင့်ပေထက်က
ဟိတ်ဟန်မူယာထဲ ပျော်ဝင်နေသူတစ်ယောက်
လှေခါးကူမှ
ပထ၀ီကို နမ်းရှိုက်ခွင့်ရမယ်ဆိုဘဲ။


ခက်ခဲပုံဟန် ပုံစံခွက်ထဲ
အသားကျနေပြီမို့
အရောင်ရှိပြီးသူများလဲ
အရောင်ထပ်တင်ချင်ကြသေးတယ်။ ။


.......

ရပ်ကွက်ထဲမှာ...


အတ္တမိုးတိမ်တွေ
အလျံပယ် ဝေကျနေချိန်မှာ
မာယာမုန်တိုင်းက
ရိုင်းရိုင်းစိုင်းစိုင်း အပြုံးတွေချွေလို့။


ဘရဏီရာထူးအတွက်
အပြေးပြိုင်ကြပုံတွေ
သာဌေယျ လက်ပါးစေဘ၀ထဲ
ကြမ်းပြင်ကို နဖူးနဲ့ မိတ်ဆက်လုလု။


မှန်နေတဲ့အမှန်တရားကို
မှားနေတဲ့ သစ္စာက
သုဝဏ္ဏလျံကျင့်ထုံးအတုတွေနဲ့
သားရွှေအိုးထမ်းစေချင်ကြလေရဲ့ ။

....

သူတို့ဆီမှာ ဒီလိုလုပ်ပေးထားတယ်

အခုပုံက ၀င်ဆာရဲတိုက်ပုံမဟုတ်ပါဘူး။ ကျနော်တို့ ကားရပ်နားထားတဲ့နေရာမှာ တည်ရှိတဲ့ အဆောက်အဦလေးတစ်ခုပါ။
အဲဒီ အဆောက်အဦလေးရဲ့ အပေါ်ထပ်က ကြည့်ရှုရင်လဲ ၀င်ဆာရဲတိုက်ကြီးက အတော်လေး လှနေတာပါဘဲ။

"ဘာဖြစ်လို့ဝင်ဆာလို့ ခေါ်တာလဲ မသိဘူး"
ကျနော်က မေးလိုက်တာပါ။

ကိုမင်းထက်က ရယ်စရာအနေနဲ့ ပြန်ဖြေတယ်။
"၀င်ပြီးရင် ဆာလာလို့ ၀င်ဆာလို့ ခေါ်တာရှိမှာပေါ့" တဲ့။


သူ့အဓိပ္ပါယ်နှင့်သူဘဲမဟုတ်လား။ ရဲတိုက်ကြီးက ကြီးမားကျယ်ဝန်းလွန်းတဲ့အတွက် အတွင်းအပြင် လျောက်ပတ်ကြည့်ရင် တစ်နေကုန်တယ်တဲ့။ ဒါကြောင့် သွားလာလှည့်ပတ်ရတာများလာတဲ့အတွက် ဗိုက်ဆာလာတာ ရေဆာလာတာ ဖြစ်နိုင်ပါတယ်။ သူ့အဓိပ္ပါယ်ကလဲ မှန်ကန်နေသလိုလိုဘဲ။ ကျနော်တို့ အုပ်စု ၀င်ဆာရဲတိုက်ကြီးထဲ ကျကျနနမရောက်ခဲ့ပါဘူး။ အပြင်ပတ်လည်နှင့် အထဲကို (ရဲသားအကူအညီနဲ့) နဲနဲလေးဘဲ ရောက်ခဲ့ပါတယ်။ အထဲကို နဲနဲလေးဘဲ ၀င်ရလို့လားမသိဘူး။ ကျနော်တို့ ဘယ်သူမှ ဗိုက်မဆာခဲ့ပါဘူး။

ဒါပေမဲ့ ဆန့်ကျင်ဘက်ကိစ္စက ၀င်ရောက်လာတယ်။ Import ပြဿနာမရှိပေမဲ့ Export ပြဿနာက ဒုက္ခပေးပြီ။ Stonehenge မှာ ကော်ဖီသောက်ခဲ့တာကတစ်ကြောင်း၊ ၀င်ဆာရဲတိုက်ကြီးနား လှည့်ပတ်ကြည့်တာ ကြာညောင်းလာတဲ့အတွက်ကတစ်ကြောင်း၊ ရဲတိုက်ကုန်းပေါ်မှာ လေထန်လို့ ချမ်းအေးလာတာကတစ်ကြောင်းတို့ကြောင့် ရှူး ရှူး ပေါက်ချင်တဲ့ ပြဿနာတွေ ၀င်ရောက်လာတယ်။

ရဲတိုက်ကြီးတစ်လျောက် အများသုံးအိမ်သာကို မျက်စိကစားကြည့်ကြတယ်။ လုံးဝမတွေ့။ ကျနော်စဉ်းစားနေခဲ့မိတယ်။ ဗြိတိသျှလူမျိုးတွေ ဒီလောက်တိကျတာ၊ ဘာဖြစ်လို့ လည်ပတ်သူတွေ အများကြီးရှိနေတဲ့ အခုလို နေရာမျိုးမှာ အများသုံးအိမ်သာကို မစီစဉ်ထားပါလိမ့်။

ရှူးရှူးပြဿနာက တစ်စတစ်စ ကြီးထွားလာတယ်။ ဒုက္ခဘဲ။ စားသောက်ဆိုင်ထဲ ၀င်သွားရအောင်ဆိုလဲ ကျနော်တို့အုပ်စုထဲက ဘယ်သူမှ စားချင်သောက်ချင်စိတ်မရှိကြ။ ကိုခင်မောင်ဌေးက ပြောတယ်။ စားနိုင်တဲ့သူ နဲနဲစားကြပါလား၊ ငါကတော့ လုံးဝ ဗိုက်မဆာဘူး။ ၀ိတ်လျော့ချင်တာဘဲ ရှိတယ်။ နဲနဲလေးကို မအောင့်နိုင်တော့ဘူး တဲ့။

အနီးအနားလမ်းကြည့်ဖြစ်တယ်။ Starbucks ဆိုင်နှင့် MacDonald's ဆိုင်တို့က အဆင်သင့်။ ဒါပေမဲ့ ဗိုက်မဆာတာက ခက်တယ်။ ကိုကိုကြီးက ပြောပါတယ်။ MacDonald's ဆိုင်ထဲမှာ အပေါ့အလေး အလကားသွားလို့ရတယ်၊ အရေးကြီးနေရင် သွားကြစို့တဲ့။ ဒါပေမဲ့ ကျနော်တို့က မြန်မာတွေလေ။ အားနာတတ်တယ်။ အဖွဲ့လိုက်ဝင်ရောက်ပြီး အစားအသောက်မစားဘဲ ၀ိတ်လျော့ပြီး ပြန်ထွက်လာရင် သိပ်အဆင်မပြေဘူးမဟုတ်လား။

မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ရဲတိုက်ကြီးရဲ့  နံရံနားကပ်ပြီး ကိစ္စပြီးဖို့အတွက်ကျပြန်တော့လဲ ကိုကိုကြီးစကားက ကြက်သီးထချင်စရာ။ သူကပြောတယ်။ အမှိုက်မပစ်နဲ့၊ တံတွေးမထွေးနဲ့၊ ယုတ်စွအဆုံး လက်ထဲမှာပါလာတဲ့ ပီကေအခွံသေးသေးလေးကိုတောင် မပစ်နဲ့၊ ဒီအနားမှာ အမှိုက်ပစ် တံတွေးထွေးတာတွေ့ရင် ဒဏ်ငွေ ပေါင် ၅၀ တဲ့။ ပေါင် ၅၀ ကို မြန်မာငွေနဲ့ တစ်သိန်းနီးနီးရှိတယ်။ တံတွေးထွေးတာတောင်မှ ဒဏ်ငွေပေါင် ၅၀ ဆိုတော့ ရှူးရှူးပေါက်ရင်တော့ ဒဏ်ငွေ ၅၀၀၀ လောက်များ ဖြစ်နေမလားမသိ။ ဗုဒ္ဓေါ။ လူပြတ်တဲ့နေရာမှာ တိတ်တိတ်ကလေး လုပ်လိုက်မယ်လို့များ စိတ်မကူးနဲ့၊ CCTV တပ်ဆင်ထားတဲ့နေရာမှာ အင်္ဂလန်က ကမ္ဘာမှာ ပထမတန်းစား။ ကျနော်တို့အုပ်စု အခက်ကြီးခက်နေကြချေပြီ။

ကိုကိုကြီးကို ကျနော်တို့ လှမ်းမေးကြတယ်။
"လန်ဒန်အရောက် ကားမောင်းရင် အချိန်ဘယ်လောက်ကြာမလဲ"

"နာရီဝက်လောက်တော့ ကြာမယ်"

"ကဲပါ.. ဒါဖြင့်လဲ နာရီဝက်လောက် အောင့်အည်းပြီး လန်ဒန်ရောက်မှဘဲ ကိစ္စရှင်းလိုက်ကြတာပေါ့၊ ကိုကိုကြီးကလဲ ကားကို ခပ်မြန်မြန်လေးမောင်းပေးပေါ့"

အားလုံးသဘောတူညီမှုရယူပြီး လန်ဒန်ပြန်ဖို့ ပြင်ဆင်ကြတယ်။ အောင့်အီးရလွန်းလို့ မျက်နှာတွေကတော့ ခပ်ရှုံ့ ရှုံ့ ရယ်။ ရဲတိုက်ကုန်းကြီးပေါ်က ဆင်းလာကြပြီး ကားရပ်ထားရာနေရာ (Car parking) ကို ချီတက်လာခဲ့ကြတယ်။ Car parking ရှေ့ မှာ အဆောက်အဦကြီးတစ်ခုရှိတယ်။ ရှေးဟောင်းပုံစံ နှစ်ထပ်အဆောက်အဦကြီးပါ။ အဆောက်အဦတစ်လျောက် ကျနော် မျက်စိကစားကြည့်လိုက်တယ်။ တစ်ခုခုကို ကျနော်တွေ့လိုက်တယ်။

"ဟာ... Ladies" တဲ့။

အဲဒီအဆောက်အဦအောက်ထပ် အ၀င်ဝမှာ Ladies ဆိုတဲ့ဆိုင်းဘုတ်ကို ချိတ်ဆွဲထားတယ်။ ဒါဆို ဒီမှာ အိမ်သာရှိရမယ်။ Gentlemen အတွက်က ဘယ်အနားမှာပါလိမ့်။ အပေါ်ထပ်ကို လှမ်းကြည့်လိုက်တော့မှ Gentlemen ဆိုတဲ့ စာလုံးကို သွားတွေ့ကြတယ်။ လှေခါးလေးအတိုင်း တက်သွားဖို့ ညွန်ကြားထားတယ်။ ဒါဆို သေချာပြီ။ ဒီအဆောက်အဦကြီးဟာ အများသုံးအိမ်သာဘဲဖြစ်ရမယ်။ ရှေ့ ဆုံးက နေပြီး ကျနော် ခပ်မြန်မြန်လေးတက်ပြေးသွားလိုက်တယ်။ လူရဲ့ စိတ်က သိတဲ့အတိုင်းဘဲမဟုတ်လား။ အိမ်သာရှေ့ ရောက်မှ မထိန်းနိုင် မသိမ်းနိုင်ဖြစ်တတ်ကြတယ်လေ။

ကိုခင်မောင်ဌေးက လှမ်းအော်တယ်။ ကိုကိုမောင်.. သေချာလဲ လုပ်ဦး၊ တော်ကြာ အမောင်းချခံနေရဦးမယ်၊ ပြီးတော့ အိမ်ထဲ ခိုးဝင်မှုနဲ့ တရားစွဲခံနေရဦးမယ် တဲ့။

သူပြောမယ်ဆိုလဲ ပြောစရာပါဘဲ။ အိမ်သာက အိမ်သာနဲ့ လုံးဝမတူဘူး။ ခပ်ရိုင်းရိုင်းနှိုင်းရရင် အဲဒီအိမ်သာအဆောက်အဦက ကျနော်တို့ အိမ်ထက် ပိုကောင်းတယ်ဗျ။ ဒီလိုနဲ့ ရှူးရှူးပြဿနာတွေ ပြေလည်သွားခဲ့ကြတယ်။ ကျနော်တို့အုပ်စုအားလုံး ရှူးရှူးပြဿနာရှင်းပြီး အချိန်လဲ နဲနဲရသေးတဲ့အတွက် သိမ်းမြစ်ကမ်းဘေးတစ်လျောက် လေညှင်းခံရင်း ရှုခင်းလေးတွေ ငေးမောရင်းနဲ့ သာယာကြည်နူးမှု အရသာလေးတွေကို ခံစားနေခဲ့ကြပါတယ်။ အထက်က ဓါတ်ပုံဟာ အိမ်သာပါဘဲခင်များ။

...........

Monday, 21 September 2009

ထူးထွေဆန်းပြားတဲ့ ၀င်ဆာရဲတိုက်ကြီး

ဝင်ဆာရဲတိုက်ကြီးမှာ ထူးဆန်းထွေပြားတဲ့ အတွေ့အကြုံတွေ စိတ်နယ်လွန်ဖြစ်ရပ်တွေ တွေ့ရလေ့ရှိတယ်။ ဒါကလဲ အဆန်းမဟုတ်။ ရှေးတော်ဝင်မိသားစုများရဲ့  အရိုးစုတို့ကို အဲဒီရဲတိုက်ထဲမှာ သိမ်းထားတာကတစ်ကြောင်း၊ အချို့ ခေါင်းဆောင်များကို အဲဒီရဲတိုက်ကြီးအတွင်းမှာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြတာက တစ်ကြောင်း၊ ပြီးတော့ အကြောင်းကြောင်းကြောင့်ဆိုရင် မမှားပါဘူး။

အဲဒီရဲတိုက်ကြီးထဲမှာ နာနာဘာဝတွေကို မကြာခဏတွေ့ရတတ်တယ်တဲ့။
ဘက်ကင်ဟမ်မြို့စားဟောင်းရဲ့ ဝိညာဉ်၊ ပထမအဲလီဇဘတ်ရဲ့  ၀ိညာဉ်၊ ပထမမြောက်ချားလ်စ်ဘုရင်ရဲ့ ဝိညာဉ် တတိယမြောက်ဂျော့ဘုရင်ရဲ့ ဝိညာဉ်၊ ပြီးတော့ အခြားတော်ဝင်မိသားစုများရဲ့  ၀ိညာဉ်တို့ကို မကြာမကြာတွေ့ရလေ့ရှိတယ်။ အဲဒီဝိညာဉ်တွေကို သာမန်လူတွေ တွေ့ရှိခဲ့ကြတာမဟုတ်ပါဘူး။ တော်ဝင်မိသားစုတွေကဘဲ တွေ့ရှိခဲ့ကြတာပါ။ ယုတ်စွအဆုံး ယခုလက်ရှိအုပ်ချုပ်နေတဲ့ ဘုရင်မကြီးကိုယ်တိုင် တွေ့ကြုံဖူးပါတယ်တဲ့။ ခိုင်လုံတဲ့သတင်းတွေ ရှိတယ်လို့ ဆိုပါတယ်။ ဘုရင်မကြီးနှင့်အခြားတော်ဝင်မိသားစုတွေဟာ မဟုတ်မမှန်လုပ်ကြံ လိမ်လည်ပြောဆိုကြမှာ မဟုတ်ပါဘူး။ တကယ် တွေ့ကြုံခဲ့လို့သာ သတင်းတွေထွက်လာတာ ဖြစ်မှာပါ။

ပြောရဦးမယ်။
ကျနော်လဲ ထူးဆန်းတဲ့ အတွေ့အကြုံလေးတစ်ခု ၀င်ဆာရဲတိုက်ကြီးရဲ့ မျက်နှာစာမှာ တွေ့ကြုံခဲ့ရတယ်။ ကျနော်တို့အုပ်စု ညနေငါးရီလောက်မှာ အဲဒီရဲတိုက်ကြီးဆီ ရောက်ရှိသွားကြတယ်။
ဝင်ဆာရဲတိုက်ကြီးက ကုန်းမြင့်ပေါ်တည်ထားတဲ့အတွက် လေတိုက်အားကောင်းတယ်။ လေထန်တဲ့အတွက် ချမ်းစိမ့်စိမ့်ဖြစ်လာတယ်။ ဒါကြောင့် ကျနော် ကုတ်အင်္ကျီကို ၀တ်လိုက်တယ်။ ပြီးတော့ ခေါင်းစွပ်ကို စွပ်လိုက်တယ်။ ဒါမှ နေသာထိုင်သာရှိမှာ မဟုတ်လား။

တောသားမြို့ရောက်သလိုမျိုး ကျနော်တို့ တက်ကြွနေကြတယ်။ ရဲတိုက်ကြီးပတ်လည်တစ်လျောက် ဓါတ်ပုံတွေ ရိုက်ယူကြတယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်အားကြဘူး။ ရှုခင်းရှုကွက်လေးတွေကိုဘဲ စိတ်ကရောက်နေကြတယ်။
ဓါတ်ပုံတွေရိုက်ရင်းနဲ့ ရဲတိုက်ကြီးရဲ့  အ၀င်ဝနှင့်အထွက်တံခါးရှိတဲ့ တောင်ဘက်စူးစူးနေရာကို ရောက်ရှိသွားတယ်။ လုံခြုံရေးတွေ ရဲတိုက်ကြီးတစ်လျောက်ချထားတာလဲ တွေ့ရတယ်။

တစ်နေရာ အရောက်မှာ...

"ဟိတ်...."

အသံကြားရာဆီ ကျနော်လှည့်ကြည့်လိုက်တယ်။ လုံခြုံရေး ရဲသားတစ်ယောက်။ လက်ထဲမှာလဲ သေနတ်တစ်လက်နဲ့။ ပြီးတော့ သူ့ရဲ့ လက်ညှိုးက သေနတ်ခလုပ်ပေါ်တင်ထားတယ်။ လက်ညှိုးလေးကွေးလိုက်ရင် ကျန်ဆန်ထွက်ပြီးသားဖြစ်မှာ သေချာတယ်။ ဒါပေမဲ့ သေနတ်ကိုတော့ ကျနော်တို့ကို ချိန်မထားပါဘူး။

ကျနော် သူ့ကို လှည့်ကြည့်လိုက်တဲ့အခါမှာ သူက လက်အမူအယာနဲ့ ခေါင်းစွပ်ကို ချွတ်ခိုင်းနေတာ တွေ့ရတယ်။ ကျနော်လဲ ခပ်ကြောင်ကြောင်ဖြစ်နေတယ်။ ဘာအတွက် ခေါင်းစွပ်ကို ချွတ်ခိုင်းရတာပါလိမ့်ပေါ့။ ကျနော် စဉ်းစားနေတုန်းမှာဘဲ..

"ခေါင်းစွပ်ကို မြန်မြန်ချွတ်..."

မျက်နှာထားက ခပ်တည်တည်။ ဒုက္ခ။ ဒီရဲတိုက်တစ်လျောက် လုံခြုံရေးအရ ခေါင်းစွပ်မ၀တ်ရဘူးထင်ပါရဲ့ ။ ကျနော်လဲ ကျနော်စွပ်ထားတဲ့ ခေါင်းစွပ်ကို အမြန်ချွတ်လိုက်တယ်။ ပြီးတော့ ကျနော် ဓါတ်ပုံတွေ ဆက်ရိုက်နေလိုက်တယ်။ လုံခြုံရေးရဲသားလဲ လှည့်ထွက်သွားတယ်။
ကျနော်တို့ အုပ်စုထဲက ကိုကိုကြီးက.. ဒါ အဓိပ္ပါယ်မရှိဘူး.. ဒီလိုမဖြစ်သင့်ဘူး... ခေါင်းစွပ်ဝတ်ထားလို့လဲ သူတို့ လုံခြုံရေးကို ဘာမှ မထိခိုက်နိုင်ဘူး... ဆိုပြီး...

"ဘာအကြောင်းပြချက်နဲ့ ခေါင်းစွပ်ကို ချွတ်ခိုင်းရတာလဲ..."
အဲဒီ လုံခြုံရေး ရဲသားကို ကိုကိုကြီးက လှမ်းအော်ပြီးမေးလိုက်တာပါ။ သူမေးလိုက်မိတာ တကယ်မှန်သွားတယ်။ မမေးလိုက်မိရင် အူကြောင်ကြောင်နဲ့ ကျနော်တို့ လှည့်ပြန်ခဲ့ရမှာ သေချာတယ်။ အဲဒီ လုံခြုံရေးရဲသားက ဘာပြန်ပြောလိုက်သလိုဆိုတော့...

သူဝတ်စွပ်ထားတဲ့ ခေါင်းစွပ်က မန်ချက်စတာယူနိုက်တက်တံဆိပ်ရိုက်နှိပ်ထားတဲ့ ခေါင်းစွပ်..။
ကျနော့်ဖေးဘရိတ်က လီဗာပူး...။
မန်ချက်စတာကို ကြည့်လို့မရဘူး...။
ဒါကြောင့် ခေါင်းစွပ်ကို ချွတ်ခိုင်းတာပါ... တဲ့။ ။


ကဲဗျာ.. မှတ်ကရော... ဦးစံရှားလေသံနှင့် မှားတဲ့အခါလဲ မှားပေမပေါ့.. လို့ ပြောရမလိုတောင်ဖြစ်နေပြီ။ ငိုအားထက် ရယ်အားသန်ပါဘဲ။ အဲဒီလို ပြောပြီး သူကလဲ ပြုံးဖြီးဖြီးကြီးဖြစ်နေလေရဲ့ ။ ပြီးတော့ ကျနော်တို့နဲ့ ရင်းရင်းနီးနီးစကားပြောပြီး သူနှင့်အတူ ဓါတ်ပုံရိုက်ဖြစ်ခဲ့ကြတယ်။ ကံကောင်းချင်တော့... သူနှင့်အတူ တာဝန်ကျနေတဲ့ ရဲမေတစ်ယောက်ရောက်လာပြီးလာပြောတယ်။

"သူတို့ ဓါတ်ပုံရိုက်ချင်ရင် အထဲကို ပေးဝင်လိုက်ပါလား" တဲ့။

ဒီလိုနဲ့ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ရဲတိုက်ကြီးအတွင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းရှေ့ မှာ ဓါတ်ပုံရိုက်ခဲ့ကြရတယ်။ အဲဒီရဲသားကြီးကလဲ ကျနော်တို့နှင့်အတူ လိုက်လာပါတယ်။ တစ်ခြားလုံခြုံရေးတွေ လာစစ်ရင် ပြဿနာမဖြစ်အောင်လို့ ထင်ပါ့။ အမှန်ဆို ဘယ်နေရာဝင်ဝင် ၀င်ခက ၁၃ ပေါင်။ ကျနော်တို့ ကံကောင်းခဲ့ကြပါတယ်။ ဒီနေ့ တွတ်ပီ ကံကောင်းပြီ ပေါ့။

ကျနော်တွေ့ကြုံခဲ့တဲ့ ထူးထွေဆန်းပြားတဲ့အရာက အဲဒါပါဘဲ။ တစ္ဆေသရဲ နာနာဘာဝတွေကိုတော့ ကျနော်တို့ မတွေ့ရှိခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အုပ်စုက တော်ဝင်မိသားစုဝင်တွေမှ မဟုတ်ဘဲ။


.................

Sunday, 20 September 2009

ဝင်ဆာရဲတိုက်ကြီးသို့ရောက်ရှိခြင်း

ကျနော်တို့အုပ်စု Stonehenge က အပြန်မှာ အချိန်ရသေးတဲ့အတွက် Windsor Castle (၀င်ဆာရဲတိုက်ကြီး)ဘက် လှည့်ပတ်ဝင်ဖြစ်ခဲ့တယ်။ ၀င်ဆာရဲတိုက်ကြီးမှာ ယခုလက်ရှိဗြိတိသျှဘုရင်မ နေထိုင်လေ့ရှိတယ်လို့သိရပါတယ်။ ဘက်ကင်ဟမ်နန်းတော်မှာတစ်လှည့် ၀င်ဆာရဲတိုက်ကြီးမှာ တစ်လှည့်စံမြန်းတယ်လို့ ကိုကိုကြီးက ပြောပြပါတယ်။
ပြီးတော့ ဘုရင်မကြီး ရဲတိုက်ထဲမှာ ရှိ မရှိ သိချင်ရင် ရဲတိုက်ကြီးပေါ်က အလံတိုင်ကိုသာ ကြည့်လိုက်ပါတဲ့။ အလံလွင့်ထူထားရင် ဘုရင်မကြီးရှိတယ်ဆိုတဲ့ သင်္ကေတပါဘဲတဲ့။ ကိုကိုကြီးပြောပြတာပါ။ ကျနော်တို့ ရဲတိုက်နားရောက်တော့ အလံတိုင်ကို ကြည့်ဖြစ်ပါတယ်။ လွင့်ထူထားတဲ့အလံက လေထဲမှာ ၀င့်ဝင့်ကြွားကြွားပါဘဲ။
ဒါဆို သေချာပြီပေါ့။ ဘုရင်မကြီး ၀င်ဆာရဲတိုက်ထဲမှာ ရှိတယ်။

ရဲတိုက်ကြီးထဲ ကျနော်တို့မ၀င်ဖြစ်ခဲ့ပါဘူး။ ရဲတိုက်ပိတ်ခါနီးဖြစ်နေတာကြောင့်ပါ။ ကိုကိုကြီးရဲ့ ပြောစကားအရ တကယ်လို့ ရဲတိုက်ထဲ ၀င်ကြည့်မယ်ဆိုရင် ၁၃ ပေါင်လောက်ပေးရတယ်တဲ့။ ကြည့်စရာတွေများလွန်းတဲ့အတွက် မနက်ကထဲက ၀င်ကြည့်ပြီး ညနေလောက်မှ ပြန်ထွက်သင့်ပါတယ်တဲ့။ အဲဒီတော့မှ ၀င်ရကျိုးနပ်မှာပါတဲ့။ အခုတော့ ညနေ ငါးနာရီထိုးခါနီးဆိုတော့ ၀င်မကြည့်တာ ကောင်းပါတယ်တဲ့။ ဒါကြောင့်မို့ ကျနော်တို့လဲ ရဲတိုက်ကြီးရဲ့  အပြင်ဘက်ကနေပြီး လှည့်ပတ်ကြည့်ရှု ဓါတ်ပုံရိုက်ယူခဲ့ကြ ပြီး အချိန်တန်လို့ အိမ်ပြန်ခဲ့ကြတယ်ဆိုပါတော့။ ။

ရဲတိုက်သမိုင်းကို နဲနဲ ဖတ်ဖြစ်တယ်။

၁၀၇၀ နှင့်၁၀၈၅ ကြားကာလမှာ အောနိုင်သူဝီလျံ (William the Conqueror)က စတင်ပြီး သစ်သားအဆောက်အဦအဖြစ် ဆောက်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တစ်စတစ်စ ကျောက်တုံးရဲတိုက်ကြီးအဖြစ်ပြောင်းလဲတည်ဆောက်ခဲ့တာပါ။
ရဲတိုက်ကြီးရဲ့ အကျယ်အ၀န်းကတော့ စတုရန်းပေ ၄၈၄၀၀၀ခန့်ရှိပါတယ်။
ဘုရင့်မျိုးနွယ်အဆက်ဆက်တို့ရဲ့  အရေးပါအရာရောက်တဲ့ အဓိကအဆောက်အဦထဲမှာ ၀င်ဆာရဲတိုက်ကြီးလဲ ဘက်ကင်ဟမ်နန်းတော် (လန်ဒန်) ဟော်လီရုဒ်နန်းတော်(အေဒင်ဘရာ)တို့နှင့်အတူ ပါဝင်ပါတယ်။ စစ်ရေးအရ ခံတပ်နံရံတွေကို ခိုင်ခံ့စွာ ဆောက်လုပ်ထားခဲ့ကြပါတယ်။ ရဲတိုက်ကြီးဟာ နှစ်ပေါင်း ကိုးရာကျော်ကာလအတွင်း အဆင့်ဆင့် ပြောင်းလဲခံခဲ့ရပေမဲ့ မူလပုံစံအနေအထားကတော့ မပျက်စီးသွားခဲ့ပါဘူး။

အဲဒီရဲတိုက်ကြီးဟာ သိမ်းမြစ်ကမ်းဘေးမှာ တည်ရှိပြီး မြို့တော်လန်ဒန်နှင့်မိုင်နှစ်ဆယ်ခန့်ဝေးကွာပါတယ်။
၁၁၇၀ခုနှစ်များမှာ အင်္ဂလန်ကို ဒုတိယ ဟင်နရီဘုရင်အုပ်ချုပ်ပါတယ်။ သူ့လက်ထက်မှာ သစ်သားခံတပ် ရဲတိုက်ကြီးရဲ့  နေရာမှာ ကျောက်တုံးတို့နှင့်အစားထိုးပြီး ပိုမို ခိုင်ခန့်အောင် တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၃၅၀ ခုနှစ်များရောက်တဲ့အခါ တတိယအက်ဒ်ဝါ့ဒ်ဘုရင် အုပ်ချုပ်စဉ်မှာ ဒုတိယဟင်နရီဘုရင် တည်ဆောက်ခဲ့တဲ့ ရဲတိုက်ကြီးရဲ့ အစိတ်အပိုင်းများစွာကို ဖြိုချဖျက်ဆီးပစ်ပြီး
ရဲတိုက်ကြီးရဲ့ အလယ်တည့်တည့်မှာ သူ့စိတ်ကြိုက် အဆောက်အဦကို ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီပုံစံဟာ ပုံစံမပျက် ယနေ့ထက်တိုင်အောင်ပါဘဲ။

၁၄၆၁-၁၄၈၃ခုနှစ် စတုတ္ထအက်ဒ်ဝါ့ဒ်ဘုရင်လက်ထက်မှာ စိန့်ဂျော့ဂ်ျ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို စတင်တည်ဆောက်ခဲ့ပြီး ၁၅၀၉-၁၅၄၇ ခုနှစ် အဋ္ဌမဟင်နရီဘုရင်လက်ထက်မှာ အပြီးသတ်ခဲ့ပါတယ်။ အဲဒီအဋ္ဌမဟင်နရီဘုရင်ရဲ့  ရုပ်ကလာပ်ကို အဲဒီဘုရားရှိခိုးကျောင်းထဲမှာဘဲ မြှုပ်နှံခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။


ရဲတိုက်ရဲ့  အသွင်အပြင်ကတော့ အောက်ပါအတိုင်းပါဘဲ။ ပုံလေးနှင့်တိုက်ဆိုင်ကြည့်လို့ရပါတယ်။

Key to plan (right)

  • A: The Round Tower
  • B: The Upper Ward, The Quadrangle (as this courtyard is known)
  • C: The State Apartments
  • D: Private Apartments, overlooking the East terrace
  • E: South Wing, overlooking The Long Walk
  • F: Lower Ward
  • G: St George's Chapel
  • H: Horseshoe Cloister
  • K: King Henry VIII Gate (principal entrance)
  • L: The Long Walk
  • M: Norman Gate
  • N: North Terrace
  • O: Edward III Tower
  • T: The Curfew Tower

မှတ်ချက်။
အကျယ်ကို သိချင်ရင်တော့ ဒီမှာနှင့်ဒီမှာ ပြီးတော့ ဒီမှာ လေ့လာနိုင်ပါတယ်။

......

Saturday, 19 September 2009

Stonehenge သို့ အလည်တစ်ခေါက်

မှတ်မိသေးတယ်။
လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကပေါ့။ ကွန်ပျူတာတွေ စတင်ပြီး အသုံးများခါစကအချိန်။
အားလုံးက ကွန်ပျူတာဆိုတော့ ကျနော်လဲ ကွန်ပျူတာဘဲပေါ့။ အမှန်ဆို ကျနော်က တောသားမို့လားမသိဘူး။ ကွန်ပျူတာထက် လက်ဆခပ်ပြင်းပြင်းလေးရိုက်ရတဲ့ လက်နှိပ်စက်ကို ပိုနှစ်သက်မိခဲ့တယ်။ ဒါကြောင့်မို့လဲ လက်နှိပ်စက်သင်တန်း တက်ခဲ့ဖူးတာပါ။

ဒါပေမဲ့ ခေတ်ကာအခြေအနေအရ လက်နှိပ်စက်တွေ သိပ်အသုံးမတည့်တော့ဘူးမဟုတ်လား။ ကွန်ပျူတာခေတ်ကြီးထဲ ၀င်ရောက်လာခဲ့ပြီလေ။ ဒီလိုနဲ့ ကျနော်လဲ ကွန်ပျူတာ အသုံးပြုဖို့ ကွန်ပျူတာတစ်လုံး သွားဝယ်ဖြစ်ခဲ့တယ်။ Desktop, Window Me, Piii စက်ကလေးပါ။ အမှန်ဆို ကျနော်က ကွန်ပျူတာကို ရင်းနှီးသေးတာမဟုတ်ဘူးလေ။ ပြန်ပြောရရင်လဲ နဲနဲရယ်ဖို့ကောင်းတယ်။ ကျနော်ကွန်ပျူတာကို ရွေးချယ်တဲ့ အဓိက အရာက မော်နီတာပါ။ မော်နီတာက Background picture ကို ကြည့်ပြီးရွေးခဲ့တာလေ။
နောက်ခံရုပ်ပုံတွေကို ကြိုက်သလိုပြောင်းလဲနိုင်တာကို မသိခဲ့ဘူး။ ဒါကြောင့် ရှုခင်းကောင်းတဲ့ မော်နီတာလေးကို ရွေးချယ်ခဲ့တယ်။ အဲဒီရှုခင်းပုံလေးက Stonehenge ပုံလေးပါ။ အဲဒီ Stonehengeကို ဘယ်နေရာမှာ ရှိမှန်းကျနော် မသိခဲ့ပါဘူး။ ဒါပေမဲ့ အရမ်းနှစ်သက်မိခဲ့တယ်။

ကျနော် လန်ဒန်ရောက်ပြီးမကြာခင်မှာ အဲဒီ Stonehenge ကို အမှတ်ရမိတာနဲ့ အရင်ရောက်နေတဲ့ သူငယ်ချင်းတွေကို မေးကြည့်လိုက်တယ်။ Stonehengeက အမေရိကားမှာလား အင်္ဂလန်မှာလားပေါ့။ သူတို့ကပြောတယ်။ အင်္ဂလန်မှာတဲ့။ လန်ဒန်နဲ့ သိပ်မဝေးဘူးတဲ့။ ဟာ.. ဒါဆို ဟန်ကျတာပေါ့.. တစ်ရက်ရက်တော့ သွားကြရအောင်..ဆိုပြီး မေ့မေ့လျော့လျော့ပါဘဲ။ လန်ဒန်မှာ နေလာတာ တစ်နှစ်ခွဲကျော်သွားပြီ။ မသွားဖြစ်လိုက်ဘူး။

လွန်ခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ကျနော့်အာသာဆန္ဒလေး အကောင်အထည်ပေါ်သွားတယ်။ Stonehengeကို သူငယ်ချင်းတွေနဲ့ သွားဖြစ်ခဲ့တယ်။ လန်ဒန်အရင်ရောက်နေတဲ့ သူငယ်ချင်း ကိုကိုကြီးက ကားမောင်းပြီးလိုက်ပို့ပေးတယ်။ ထုံးစံအတိုင်း ကျနော်ရယ် ကိုမင်းထက်ရယ် ကိုခင်မောင်ဌေးရယ်ပေါ့။ အဲဒီ Stonehengeက အပြန်မှာ နာမည်ကြီး Windsor ရဲတိုက်ကြီးကိုလဲဝင်ရောက်လည်ပတ်ခဲ့သေးတယ်။ စိတ်ရှည်စွာ အခမဲ့ လိုက်ပို့ပေးခဲ့တဲ့ ကိုကိုကြီးကို အထူးကျေးဇူးတင်လို့ မဆုံးပါဘူး။

လန်ဒန်ကနေ နေ့လည် ၁၂နာရီခွဲလောက်က စတင်ထွက်ခွါပြီး နေ့လည် ၂ နာရီကျော်ကျော်လောက်မှာ Stonehenge ကို ရောက်ရှိခဲ့ပါတယ်။ ကွင်းပြင်ကုန်းမြင့်ဒေသမှာ တည်ရှိတဲ့အတွက် ခပ်လှမ်းလှမ်းကဘဲ Stonehenge ကို အထင်းသားမြင်တွေ့ရပါတယ်။ ဘေးပတ်ပတ်လည်မှာ မျက်စိတစ်ဆုံး စိမ်းညို့ညို့မြက်ခင်းပြင်ကြီးတွေ နေရာယူထားတဲ့အတွက် မျက်စိပသာဒအလွန်ဖြစ်ရပါတယ်။ ဒါပေမဲ့ လေကတော့ ထန်သလားမမေးနဲ့။ အခုလို နွေကုန်ခါနီးလေးမှာတောင် လေတိုက်ဖန်များတော့ အရမ်းအေးတယ်။ ဆောင်းပိုင်းဆို မစဉ်းစားရဲစရာပါဘဲ။

ဝင်ကြေး ၆ ပေါင်ခွဲစီပေးရပါတယ်။ Stonehenge ရဲ့ ရှုဒေါင့်ပေါင်းစုံကနေ ကြည့်ရှုလေ့လာရင်း နားထောင်ဖို့ Audio စက်ကလေး တစ်လုံးစီပေးတယ်။ ဘေးပတ်လည်ကဘဲ ကြည့်ရှုရပါတယ်။ အထဲကို ဘယ်တော့မှ ၀င်ခွင့်မပေးဘူးလို့ သိရပါတယ်။ ကြိုးလေးနဲ့ စည်းတားထားတာကို တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့ မနီးမဝေးကဘဲ ဓါတ်ပုံတွေ တစ်ဖျတ်ဖျတ်ရိုက်ခဲ့ပါတယ်။

ဝင်ခွင့်လက်မှတ်(လက်ကမ်းစာစောင်)လေးမှာ သမိုင်းအကျဉ်းရေးထားတာတွေ့ရတယ်။

Stonehenge ဟာ သမိုင်းမတိုင်မီ ဗြိတိသျှကျွန်းလေးရဲ့  အထိမ်းအမှတ်တစ်ခုနှင့် ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်တယ်။
ရှေးလူမျိုးတွေက နေနှင့်လရဲ့ 
လမ်းကြောင်းကိုရှာဖွေတွေ့ရှိပြီးမှ ဒီ Stonehenge ကို တည်ဆောက်ခဲ့တာပါ။ တစ်နည်းပြောရရင်တော့ နေနှင့်လကို ကိုးကွယ်ဖို့တည်ဆောက်ခဲ့တာဆိုလဲ မှားမယ်မထင်ပါဘူး။ ယဇ်ပူဇော်မှု(သတ်ဖြတ်မှု)ကို အဲဒီနေရာမှာ စီရင်ပြီး ခေါင်းဆောင်တွေရဲ့  ရုပ်ကလာပ်တွေကိုလဲ အဲဒီနားတစ်လျောက်မှာ မြှုပ်နှံခဲ့ကြတယ်လို့ ဆိုပါတယ်။

Stonehenge ထဲက အကြီးစားကျောက်တုံး(Sarsen stones)များကို ၁၉ မိုင်ခန့်ဝေးတဲ့ Marlborough Downs ကနေသယ်ဆောင်လာပြီး အသေးစားကျောက်တုံး(Bluestones) များကိုတော့ မိုင် ၂၄၀ ခန့်ဝေးကွာတဲ့ ဝေလပြည်နယ် Preseli Mountainsကနေ ကုန်းတစ်တန် ရေတစ်တန် သယ်ဆောင်လာရတယ်လို့ ဆိုပါတယ်။ အနီးအနားမှာတော့ မြစ်ချောင်း အင်းအိုင်တို့ကို ကျနော် မတွေ့ရှိခဲ့ပါဘူး။ ဒီလောက်ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို ဒီလောက်ဝေးလံတဲ့အရပ်တွေက ကာယအားသုံးပြီး သယ်ဆောင်လာခဲ့ကြတာဟာ အံ့သြစရာကောင်းလှပါတယ်။

ဒီ Stonehenge ကို အဆင့်သုံးဆင့် (အချိန်ကာလသုံးမျိုး) တည်ဆောက်ခဲ့တယ်လို့လဲ မှတ်ခဲ့ရပါတယ်။
၁။ဘီစီ ၃၀၅၀ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၅၀)လောက်က ဘေးပတ်လည် ပတ်တွင်း(ditch)ကို တည်ဆောက်ခဲ့တယ်။

၂။ဘီစီ ၂၆၀၀ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၆၀၀)လောက်မှာ အလည်က ယခု Stonehenge နေရာကို သစ်သားအဆောက်အဦအဖြစ် ဆောက်လုပ်ခဲ့တယ်။

၃။ဘီစီ ၂၅၀၀-၁၅၀၀ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀-၃၅၀၀)လောက်ကစပြီး ကျောက်တုံးတွေနှင့်ဆောက်လုပ်လိုက် ပြန်ပြင်လိုက်နဲ့ ဆောက်လုပ်မှုကာလ နှစ်တစ်ထောင်ခန့်ကြာခဲ့တယ်လို့ သိရပါတယ်။

အခု လက်ရှိအနေအထားကတော့ မြင်ရတဲ့အတိုင်း ကျောက်တုံးသက်သက်ချည်းဘဲ ကျန်ပါတော့တယ်။ ကမ္ဘာ့အံ့ချီးဖွယ်တွေအနက်က ဒီStonehenge ဟာလဲ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ် မားမားမတ်မတ် ရပ်တည်နေလျက်ပါဘဲ။


မှတ်ချက်။
အပြည့်အစုံကို သိချင်ရင် ဒီမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။


.......

Friday, 18 September 2009

မှန်ကန်မှုသက်သေ


သခင်စေရင်
သက္ကရာဇ်ကိုတောင် ဖြိုမဲ့သူပါ။


အရိပ်ကို အစစ်လို့မြင်တိုင်း
အရိပ်စစ် မဟုတ်ပါဘူး
အမှန်ကို တိုင်းတာဖို့
တံခါးခေါက်ဝင်ခဲ့လှဲ့။


အရိပ်ပွါးတွေကို
ထပ်တူပြုလို့
ဒွိဟသံသယလေးတွေကြောင့်
တံလျပ်ကို ရေထင်နေတာပါ။


သခင်ပြုံးပျော်နေရင်
လပြည့်ညတွေ မလိုဘူး
မှန်ကန်မှုနဲ့ဘဲ
အုတ်မြစ်ချချင်တယ်။

...

Tuesday, 15 September 2009

တမ်းချင်း


မင်းသွေဖယ်တဲ့ စက္ကန့်တိုင်းမှာ
Ventilation ကင်းမဲ့နေတဲ့
မြေအောက်ကမ္ဘာလို
ဟဒယရုပ်တွေ
ငုတ်တုတ်မေ့နေပြီ။


မင်းပြန်လာခဲ့ပါ။


ပြောရဲတယ်
ဂဏန်းတွေတိုးပွါးအောင်
ငါ အားမထုတ်ခဲ့ဘူး
မင်းရဲ့  သင်္ချာဥာဏ်တွေ
ဝိပလ္လာသ ကူးစက်ခံရတာပါ။


ဆောင်းကြိုလေးရူးတွေ
ငါ့ရဲ့ မာနကို ခွါချလုပြီ
ငါ့ရဲ့ ဝိညာဉ်လဲ
အခက်အလက်ကင်းမဲ့လို့
ကောင်းကင်ဘုံကို တမ်းတနေလေရဲ့ ။


....

Monday, 14 September 2009

သံစဉ်လေးတွေ ပြန်ညှိရအောင်


လောလောလတ်လတ်
သံစဉ်တွေ ချို့ တဲ့နေတယ်။


ပိတောက်တွေ ဆိတ်သုဉ်းတဲ့ ဆည်းဆာမှာ
ဧရာမလွေးပွဲတွေရှိလဲ
ကို့ရဲ့  လျာက ယောက်ချိုတစ်လက်မျှသာ။


ကော်ဖီခါးခါးမျိုရင်း စဉ်းစားမိတယ်
ပြတ်ရှရှဝိုင်တစ်ခွက်ဆိုရင်
ဒွေးမယ်နော်ကဇာတ်ကို မေ့ထားလို့ရတယ်
ပစ္စုပ္ပန်က ခါးသီးလွန်းလို့။


မက်ခဲ့တဲ့ ရွှေဝါရောင် အိပ်မက်က
တစ်စစီကြေမွသွားဖို့မဟုတ်ဘူး
တောင်ပံတွေဖြန့်ချီရင်း
နိဗ္ဗာန်ကို လက်လှမ်းနေဆဲဘဲ။


ပိတောက်တွေ မသုဉ်းပါနဲ့
ချိနဲ့နေတဲ့ ငါ့ခြေလှမ်းတွေ
မင်းရဲ့ သင်းရနံ့နဲ့မှ
သြဇာအဆီ တက်မှာမို့ပါ။။

...

Sunday, 13 September 2009

အချစ်မူပိုင်



ဖောင်းပွနေတဲ့ခေတ်ရေစီးထဲ
ဒွါဒရာတွေ သိပ်သည်းနေပေမဲ့
အပိုတန်ဆာတွေအတွက်ဆို
သုညတွေ တနင့်တပိုး
ကို့ရင်ထဲ တိုးဝှေ့နေဆဲပါ။


ကျီစယ်မှု မျက်နှာဖုံးက
မြောက်ပြန်လေနဲ့အတူ
ခယ၀တ်စင်းလေတော့
အပြင်မှာ အေးစပြုလာပေမဲ့
ရင်မှာ မီးတောက်စပြုနေပြီ။


နှစ်ကိုယ်တူ နိယာမတွေက
လူမှုရေး ၀တ်ရုံလွှာအောက်
လငပုပ်ဖမ်းနေသယောင်ယောင်။


အမှန်တရားကို
သစ္စာနှင့်ထပ်တူပြုလို့
အထက်လွတ်တော်မှာတောင်
ကို ကျမ်းကျိန်ရဲတယ်။


"တစ်ထည်ထဲဘဲ ကို ၀တ်ချင်တယ်"


....

Saturday, 12 September 2009

မီရှယ်လေးရဲ့  ဘ၀စာမျက်နှာ အကျဉ်း (၅) ဇာတ်သိမ်း


အခုဆိုရင် မီရှယ်လေးဟာ အမေရိကန်နိုင်ငံရဲ့  (First Lady) သမ္မတကတော်တစ်ယောက် ဖြစ်နေပါပြီ။ ဒါပေမဲ့ သူမဟာ ဇနီးတစ်ယောက်၊ မိခင်တစ်ယောက်၊ ရှေ့ နေတစ်ယောက်၊ လှုပ်ရှားယှဉ်ပြိုင်နေသူတစ်ယောက်ဆိုတာ ဘယ်တော့မှ မမေ့ပါဘူး။ ပထမဦးဆုံး စတိတ်ခုံပေါ်တက်ခွင့်ရတဲ့ အချိန်ကစပြီး သူမရဲ့  ဆွဲဆောင်မှုရှိတဲ့ သွင်ပြင်၊ ခြေဆုံးခေါင်းဆုံးကြည့်ကောင်းတဲ့ ဥပဓိရုပ်ရည်၊ ထူးခြားတဲ့ ဟာသဥာဏ်ရှိမှုတွေက ကမ္ဘာတစ်ဝှမ်းလုံးကို အာရုံပြုဖမ်းစားစေခဲ့ပါတယ်။

သမ္မတကတော်ရဲ့ သမိုင်းဝင်စေမဲ့ အထောက်အထားတွေဟာ ရံခါ ငြင်းခုံမှု၊ ရံဖန် ဆွဲဆောင်မှု၊ တစ်ခါတစ်ရံ ရယ်ရွှင်ကြည်နူးဖွယ်ဖြစ်မှုတွေနဲ့ ရောပြွမ်းနေပါတယ်။ အဲဒါတွေကဘဲ သူမဘ၀ရဲ့  အလင်းတန်းလေးကို ဖော်ဆောင်လို့နေပါတော့တယ်။

သူမဟာ မိန်းမသားပေမဲ့ တစ်ကြိမ်ထဲနဲ့ တာဝန်များစွာကို ကျေပွန်စွာ ထမ်းဆောင်နေပါတယ်။ အိမ်ဖြူတော်မှာရှိတဲ့ သူမရဲ့  အခန်းကဏ္ဍ၊ သူမရဲ့  ကိုယ်ပိုင် အလုပ်အကိုင်၊ မိခင်အဖြစ်၊ ရှေ့ နေ၊ သူမကိုယ်တိုင်ရဲ့  အထွေထွေပြဿနာ.... စတဲ့ စတဲ့ လုပ်ငန်းပေါင်းများစွာ၊ စိတ်လှုပ်ရှားမှုများစွာ၊ တက်ကြွမှုများစွာတို့ဟာ
သူမရဲ့ အလှ၊ သူမရဲ့ ဘ၀၊ သူမရဲ့  စိတ်ဓါတ်တို့ကို ထုတ်ဖော်ပြသနေပါတော့တယ်။
ဒါကြောင့် လူအများက သူမကို အဆင့်မြင့်မိန်းမသား (Extraordinary Woman) လို့ ကင်မွန်းတပ်ထားကြကြောင်းပါခင်များ။ ။
....


သူမပြောခဲ့တဲ့ စကားတစ်ချို့ ပါ

"The world is as it is just won't do......
we have an obligation to fight for the world as it should be.."


ငါတို့မကြိုးစားရင် ကမ္ဘာကြီးက ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး...
ကမ္ဘာကြီးအတွက် ဖြစ်သင့်တာတွေဖြစ်လာအောင် ငါတို့ကိုယ်စီမှာ ကြိုးစားလှုပ်ရှားကြဖို့ တာဝန်အသီးသီးရှိကြတယ်...
....


"The difference between me and every other woman
that I know is that my challenges are publicized,
and I'm doing this juggling in front of cameras"


ကျမသိတဲ့ ကျမနှင့်အခြားအမျိုးသမီး ခြားနားမှုကတော့
ကျမက လူသိရှင်ကြားစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်၊
ပြီးတော့ အရေးကြီးတဲ့ လုပ်ငန်းတွေကို ကင်မရာများစွာ ရှေ့ မှာ လုပ်ကိုင်နေရတယ်...
....


Give yourself the space to think about
who you are, who you want to be....


သင်ဘယ်သူလဲ၊ သင်ဘာဖြစ်ချင်သလဲ ဆိုတာကို
စဉ်းစားတွေးခေါ်ဖို့ သင့်ကိုသင် အချိန်အတိုင်းအတာတစ်ခု ပေးလိုက်ပါ...
....



သတင်းစာအသီးသီးကလဲ သူမကို အခုလို ဖော်ကျူးထားကြလေရဲ့ 

"The dresses, the brains, the Vogue cover shoot-everything so far
about Michelle Obama has left us wide-mouthed in admiration"
(The Times)

မီရှယ်ရဲ့ ဝတ်စားဆင်ယင်မှု၊ ဥာဏ်ပညာရှိမှု၊
သတင်းမီဒီယာတွေရဲ့  စိတ်ဝင်စားခံရမှုတို့ဟာ
ကျနော်တို့ကို ပါးစပ်အဟောင်းသားဖြစ်ရလောက်အောင် လေးစားမြတ်နိုးမှု ဖြစ်စေပါတယ်။
...


"She is the prime witness to Obama the human being
rather than Obama the political phenomenon"
(Guardian)

သူမဟာ နိုင်ငံရေးသမား အိုဗားမားထက်
လူသားတစ်ဦးဖြစ်တဲ့ အိုဗားမားရဲ့  အဓိကသက်သေတစ်ယောက်ပါ..
...


"A key player in Barack Obama's historic White House triumph" (Daily Mail)

သူမဟာ အိုဗားမားရဲ့  သမိုင်းဝင် အိမ်ဖြူတော်အောင်ပွဲအတွက်
အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်။

....

ဝန်ခံချက်။
ဖော်ပြပါ အားလုံးဟာ Michelle Obama in her own words စာအုပ်ထဲမှ သူမရဲ့  အတ္ထုပ္ပတ္တိအကျဉ်းနှင့်စကားစုအချို့ ကို အနီးစပ်ဆုံးဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ တစ်စုံတစ်ခု မှားယွင်းခဲ့ရင် ဘာသာပြန်သူ ကျနော့်ရဲ့  ဥာဏ်နည်းမှုကြောင့်သာ ဖြစ်ပါတယ်။

အားလုံး ကြည်လင်ရွှင်ပြုံးနိုင်ကြပါစေ။ ။



....