Friday, 28 December 2012

၂၀၁၂ အိပ်မက် ဂယောက်ဂယက်


စပ်မိလို့ ပြောရဦးမယ်။ တူမလေးတစ်ယောက်က ဘလော့တစ်ခု တည်ဆောက်ချင်တယ်တဲ့။ ဟ.. နင် ဘလော့ဆောက်ချင်တာနဲ့ ငါနဲ့ ဘာဆိုင်တုန်းဆိုတော့ ဦးလေးဘဲ ဆောက်လုပ်ပေးရမယ်လေတဲ့။ အမယ် အမယ် အပေါ်စီးကလေသံနဲ့။ သူ့ဦးလေးကို သူ့တပည့်များ မှတ်နေရော့သလား မသိ။ ဒါနဲ့.. ဟို နည်းပညာကြမ်းပိုးလေး မောင် (စွယ်စုံကြမ်း):D နဲ့ ဆက်သွယ်ပါလားဆိုတော့ ဟင့်အင်း ဥလေးဘဲ လုပ်ပေးပါနော်..နော်တဲ့။ အင်းး ဒီထက် မဆိုးလာခင် လုပ်ပေးပါ့မယ်လို့ ၀န်ခံထားလိုက်မှ။ နို့မဟုတ်ရင် ဦးလေးကနေ ဥလေး။ ဥလေးကနေ ဘယ်တွေ ရောက်ဦးမယ် မသိဘူး။ ခေတ်ကာလသမီးတွေက ယုံရတာ မဟုတ်ဘူး။ တစ်ရက်ငယ်ရင် တစ်ရက်လည်တယ်တဲ့။

ဒါနဲ့.. ဒီမယ် တူမတော် ဘလော့လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က သေချာသွားပြီလား ဆိုတော့။ ဦးလေးတူမ မသေချာရင် ဘာမှ ဖွင့်မပြောဘူး။ အာညောင်းတယ်တဲ့။ ဒါဖြင့်ရင် ဘလော့ ဥပဒေသတွေကို ပြောပြမယ်။ သေချာနားစွင့်ဆိုတော့ နားရွက်တစ်ဘက် အပေါ်ထောင်ပြီး နားစွင့်နေပါတယ်တဲ့။ တကယ့် ကန့်လန့်မလေး။ လူ့လောကမှာ လောကဓံဆိုတာ ရှိသလို ဘလော့လောကမှာလဲ ဘလောဂဒဏ်ဆိုတာ ရှိတယ်ကွဲ့ တူမရဲ့။ အဲဒီ ဒဏ်တွေကို ခံနိုင်ရည်ရှိတယ်ဆိုရင်တော့ ဆက်ဒိုးပေတော့ ဆိုတော့။ ပြောပြလေတဲ့။ (၁) ချီးမွမ်းခံရမယ်။ (၂) ကဲ့ရဲ့ ခံရမယ်။ (၃) အဆဲခံရမယ်။ (၄) ဆရာလုပ်တာ ခံရမယ်။ (၅) အထွေထွေ လုပ်တာ ခံရမယ်ဆိုတော့။ တစ်ကနေ လေးအထိတော့ ဟုတ်ပါပြီ။ ငါးနံပါတ်က အထွေထွေလုပ်တာ ခံရမယ်ဆိုတာက ဘာတုန်း ဦးလေးရဲ့တဲ့။ တူမကြီး မှတ်ထား။ အထွေထွေဆိုတာ အကုန်ပါတယ်။ အီစီကလီ အာပလာ လောကွတ် သူ့ဆိုက်ဒ်ဖိတ်ခေါ် ညစ်ညမ်းလင့်ခ်ချပေး စသဖြင့် စသဖြင့်ပေါ့ ဆိုတော့။ ဦးလေးကလဲ ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာလေ။ စိမ်တာ စိမ်လိုက်တဲ့။ ဒါနဲ့ သူ့ကို www.big-niece.blogspot.com ဆိုတဲ့ ဘလော့ဂ်လေး ဖွင့်ပေးလိုက်တယ်။ ပို့စ်တင်ပုံတင်နည်းက စလို့ပေါ့။

 အဲဒီလိုနဲ့ သူ့ဘလော့လေးမှာ နေ့စဉ် သူ့စိတ်ထဲရှိတာတွေရေးလိုက် တင်လိုက်နဲ့ အစားပျက် အအိပ်ပျက်တောင် ဖြစ်လို့။ ဘလော့လေးကို ချစ်လိုက်တာလဲ မပြောနဲ့တော့။ သူ့ချစ်သူထက်တောင် ပိုချစ်သေးတယ်ဆိုလားဘဲ။ သူ့ရဲ့ ဆိုဒ်ဘားမှာတောင် သူ့ချစ်သူကို "ချစ်သူသို့"ဆိုပြီး အခုလိုလေး သတိပေးထားလေရဲ့။ 

ချစ်သူသို့...

ဒီမယ်ချစ်သူ... 
အလျော့ပေးသလိုလို အထာပိုစွာနဲ့ 
ဘလော့လေးကိုတော့ မနာလို မဖြစ်လိုက်ပါနဲ့
ညှို့ ဓါတ်ပြင်းတဲ့ မင်းရဲ့ အချစ်က
ဒီက ပို့စ်တက်ခြင်းရဲ့ ဟိုဘက် အဝေးမှာ
မိုင်ပေါင်း ကုဋေကုဋာ။
....

သူ ပို့စ်တွေ အလီလီ တင်ပေမဲ့ သူ့စာဖတ်ပရိသတ်က နှစ်ယောက်ထဲရယ်။ အဲဒါကတော့ သူကိုယ်တိုင်ရယ် သူ့ဦးလေးဖြစ်တဲ့ ကျနော်ရယ်ပါဘဲ။ သူက ပြောတယ်။ ဦးလေး သမီးစာကို ဘယ်သူမှလဲ လာမဖတ်ကြဘူး။ သမီးစာရေးတာ အရမ်းညံ့ဖျင်းနေလို့လားဟင်။ သမီး စာတွေက အဆင်းသာရှိပြီး အနံ့မရှိတဲ့ မိုးစွေပန်းလို ဘာမှ အနှစ်သာရမရှိလို့ လာမဖတ်ကြတာထင်တယ်နော်တဲ့။ ဒါနဲ့ ဖရက်ရှာတူမကြီးကို ဘလော့ ကျင့်ထုံးလေးတွေကို အခုလို ပြောပြပြန်ရတယ်။ ဒီလို ရှိတယ် တူမကြီးရဲ့။ လူတိုင်းက ကိုယ်ရေးတဲ့ စာကို လူတိုင်းကို ဖတ်စေချင်ကြတာပါဘဲ။ ဒါပေမဲ့ ကိုယ့်စာကို သူများဖတ်တာထက် ကိုယ်ကိုယ်တိုင် ဖတ်နေရတဲ့ အကြိမ်တွေက ပိုများနေတတ်တယ်။ ဒီတော့ ဒီလိုလုပ်။ ကိုယ့်ဘလော့ကို လာဖတ်စေချင်ရင်။ (၁) သူများဘလော့တွေ အရင်သွားဖတ်ရမယ်။ (၂) ဖတ်ပြီးရင် ကွန်မင့် ပေးထားခဲ့ရမယ်။ (၃) ကွန်မင့်ပေးတဲ့အခါမှာ ကိုယ့်ရဲ့ ဘလော့လင့်ခ်ကို တစ်ခါထဲ ချပေးထားခဲ့ရတယ်။ (၄) မကြာမကြာ နေ့စဉ် ဘလော့ပေါင်းများစွာကို သွားလည်ပြီး အဲဒီလို လုပ်နေရမယ်။ အဲဒီလို လုပ်တာကို ဘလော့ ပရိုမိုရှင်းလုပ်တာ၊ ဘလော့ မားကက်တင်း ဆင်းတာလို့ ခေါ်သကွဲ့။ ဒီလိုလုပ်မှ ကိုယ့်ဘလော့ကို အားနာပါးနာနဲ့ လာဖတ်ကြမှာ။ ဦးလေး ဘလော့စရေးခါစတုန်းကလဲ ဒီလိုဘဲ လုပ်ခဲ့ရတာဘဲလေ။

ဒီလိုနဲ့ သူ့ခမျာ နေ့မအား ညမနား တစ်ဘလော့ဝင် တစ်ဘလော့ထွက်နဲ့ မိုးစင်စင်လင်းခဲ့ပေါင်း မနည်းခဲ့ဘူး။ ပထမတစ်ပတ် ဘလော့ပေါင်း တစ်ရာကျော်ကို ၀င်လည်ပြီး ကွန်မင့်ပေး၊ လင့်ခ်ကလေးတွေ ချထားခဲ့ပေမဲ့ ပြန်လိုက်လာတဲ့သူ မရှိခဲ့ဘူး။ ဒါပေမဲ့ စိတ်ဓါတ်မကျဘဲ နေ့စဉ် ဘလော့မားကက်တင်း ဆင်းလိုက်တာ တစ်လလောက်လဲ ရှိလာရော။ အားနာလို့လား သနားသွားလို့လား မသိ။ ပြန်လိုက်လာပြီး ကွန်မင့်တွေ ပြန်ပေးထားခဲ့ကြတာ မနည်းပေဘူး။ သူ့ပို့စ်တစ်ခုမှာဆို ကွန်မင့်ပေါင်း နှစ်ဆယ်ကျော် ရလိုက်တယ်။  လာလည်တဲ့သူတွေကလဲ ၀တ်ကျေတန်းကျေအနေနဲ့ စာရေးကောင်းလိုက်တာ။ နောက် ထပ်လာဖတ်ဦးမယ်။ ကဗျာလေးတွေကလဲ ဂွတ်ရှယ်ဘဲ။ စသဖြင့် ချီးကျူးစကား ဆိုထားခဲ့ကြလေရဲ့။ တူမကြီးခမျာမှာလဲ ပီတိတွေ တရွှမ်းရွှမ်းနဲ့ပေါ့။ အဲဒီလိုနဲ့ မျက်တွင်းတွေ ဟောက်တဲ့အထိ အအိပ်ပျက်ခံပြီး ပို့စ်တွေ တစ်ခုပြီး တစ်ခု တင်နေလေတော့ရဲ့။

သူက ဆောင်းပါးတွေ ၀တ္ထုတိုတွေ ရေးတာထက် ကဗျာတွေ ရေးရတာကို ပိုအားသန်တယ်ထင်ပါရဲ့။ ကဗျာတွေဘဲ လိမ့်ရေးနေလေရဲ့။ ကဗျာလို့တာ ပြောရတယ်။ ကာရန်မရှိ ဘာမရှိနဲ့။ စာကြောင်းတိုတိုလေးတွေ ရေးပြီး စင်တာမှာ ထားလိုက်ရင် ကဗျာဖြစ်သွားရောဆိုပြီး သတ်မှတ်ထားပုံရတယ်။ အဲဒီနည်းနဲ့ချည်း ကဗျာတွေ တင်နေတော့တာပါဘဲ။ သူရေးခဲ့တဲ့ ကဗျာတွေကိုလဲ ကြည့်ဦး။ ကာရန်မိတစ်ချက် လွတ်တစ်ချက်နဲ့။ ပြီးတော့ အဓိပ္ပါယ်ကလဲ တောင်ရောက်မြောက်ရောက်။  သူ့ရဲ့ "နင့်မျက်လုံး" ဆိုတဲ့ ကဗျာလေးကို ကြည့်လိုက်ဦး။


နင့်မျက်လုံး 

ဝါဆိုပန်းခူးတုန်းက
နင့်မျက်လုံးစူးစူးကြီးတွေရယ်
ငါ့ကို ရူးမူးစေခဲ့တယ်။

အိမ်အလည်လာတိုင်း
နင့်ကို အိမ်ကခွေးဟောင်တာ
နင်ညံ့လို့ပေါ့ဟဲ့။

ဖေဖေမေမေက ပြောတယ်
ခွေးဟောင်ခံရသူကို
ဝေးဝေးရှောင်တဲ့။
....


ပြီးတော့လဲ နေ့စဉ် သူစိတ်ကူးပေါက်ရာတွေကို ကဗျာသီကုံးပြီး တဒိုင်းဒိုင်းနဲ့ ဘလော့ပေါ် ပစ်တင်နေတော့တာပါဘဲ။ ဖတ်ရတဲ့သူတွေကတော့ အတော်လေး ညစ်နေလောက်ပါတယ်။ ဒါပေမဲ့လဲ လူ့ကျင့်ဝတ် လူ့ယဉ်ကျေးမှုက ရှိနေလေသေးတော့ ဘာရေးရေး ကောင်းပါတယ်ဘဲပေါ့။ ဒီလိုမျိုး ကွန်မင့်ရေးတာက အန္တရာယ်ကင်းတယ်လေ။ မဟုတ်လား။ ဒီမှာလဲ ကြည့်ဦး။ သူ့ငယ်ရည်းစားက သူ့ကို ရည်းစားစာ စပေးခါစတုန်းက အဖြစ်အပျက်တဲ့။ ကဗျာနာမည်လေးက "နင့်စာ" ဆိုဘဲ။

နင့်စာ

နင်ပေးတဲ့ စာ
ငါက ဖျာအောက်ထိုး
မောင်လေးက ကြမ်းပိုးရှာတော့
နင့်စာကိုတွေ့
တခွေ့ခွေ့ ရီနေလေရဲ့။
....


မှတ်မှတ်ရရ သူ့ကဗျာတစ်ပုဒ်မှာ ကွန်မင့်ပေါင်း ၃၀ ကျော် ရလိုက်တယ်။ အရမ်းကောင်းတာဘဲ၊ ဒီလို ကဗျာမျိုးဖတ်ချင်နေတာ၊ ကဗျာဥာဏ်အရမ်းရှိတာဘဲနော်၊ တော်လိုက်တာ၊ ကဗျာကောင်းလေးတွေကို မလွတ်တမ်း အားပေးနေပါတယ်၊ ကဗျာဆရာမလေးကို အားကျလိုက်တာ၊ ပို့စ်တင်တိုင်း ပြေးပြေးလာဖတ်ပါတယ်၊ ကဗျာတွေကတော့ ကောင်းမှကောင်း။ စတဲ့ စတဲ့ ကွန်မင့်တွေ များမှများဘဲ။ ပြီးတော့ လာဖတ်တဲ့ ဦးရေကလဲ ထူးထူးဆန်းဆန်း တစ်ရက်ထဲနဲ့ ငါးရာကျော် ရောက်သွားတယ်။ အဲဒီကဗျာလေးက ဟိုလိုလို ဒီလိုလိုနဲ့ ဘာကို ဆိုလိုချင်တာမှန်း မသိပေမဲ့ တနည်းနည်းနဲ့တော့ သသံသယဒေါသ သင့်နေသလိုလို။ အဲဒီကဗျာလေးကို လူတွေကလဲ အကြိုက်များကြဟန် တူပါရဲ့။  စာဖတ်သူဆိုတာကလဲ နဲနဲလေး ဆန်းပေးမှ လန်းကြတာ မဟုတ်လား။ ကဗျာနာမည်လေးက "ချစ်ရွှမ်းစို" တဲ့။

 ချစ်ရွှမ်းစို

  နိမ့်တုံမြင့်တုံ ခြေလှမ်းတွေရယ်
သိမ့်တုန် ခြိမ့်တုန် ရွှေနန်းတမျှပါဘဲ။

 မင်းလေးက တိမ်စားချင်တယ်ဆိုရင်
ကိုယ်က တိမ်မျှားပေးမဲ့သူပါကွယ်

ဒါပေမဲ့

အနမ်းမိုးတွေတော့ မသဲလိုက်ပါနဲ့
ငါ့ရဲ့ အလွမ်းပျိုးခင်းလေး ရွှဲကုန်မှာ ကြောက်လို့။
....


တစ်ရက်မှာတော့ ဦးလေးရေ.. ဦးလေးထက် သမီးသာသွားပြီတဲ့။ ဘာကိုတုန်းဆိုတော့။ စာလာဖတ်တဲ့သူတွေလေ။ ဦးလေးရဲ့ဟာက ဒိတ်အောက်သွားပြီ။ မလန်းတော့ဘူး။ သမီးတို့လို အရွယ်မှ တကယ့် ကိတ်တာ။  ဦးလေးရဲ့စာတွေက ခေတ်မမီတော့ဘူး။ မီးတို့လို စာရေးဆရာလေးတွေကမှ ခေတ်ကို ထင်ဟပ်စေတာတဲ့။ ဖုလိုက်တာဗျာ။ ဘယ့်နှယ် မနေ့တနေ့ကမှ ဘလော့လေး တည်ဆောက်ပေးလိုက်ပါတယ်။ အခု ဘ၀င်မြင့်နေပြီရော။ နောက်ရှိသေးတယ်။ သူ့ရဲ့ ကဗျာတွေကို ဖေ့စ်ဘုတ်တွေမှာ တွေ့တွေ့နေရတယ်တဲ့။ သူ့ဆီကလဲ ခွင့်မတောင်းဘူးတဲ့။ ဒါဟာ ခိုးယူခြင်းတစ်မျိုးဘဲတဲ့။ ဒီလိုခိုးယူလို့ ရကြစတမ်းလားတဲ့။ အချိန်တွေ အင်အားတွေ ဥာဏ်ရည်ဥာဏ်သွေးတွေ ပေးဆပ်ပြီး ရေးထားရတာတဲ့။ နဲနဲလေး လူသိများလာတော့ မာနက ပူးတွဲပါလာချေပြီကော။ ဒါကြောင့် ထင်ပါရဲ့ သူ့ဘလော့ဆိုက်ဒ်ဘားမှာ "သတိ" ဆိုပြီးတော့ ဆိုင်းဘုတ်ချိတ်ထားလေရဲ့။


သတိ

ဖြူဖြူမဲမဲ
စာရေးသူဟာ စာရေးသူဘဲ
စကားလုံးတွေ
ယူသုံးချင်တယ်ဆိုရင်
စာနဲ့စာရေးသူ
တူတူ ဖော်ပြပေးပါ
ဒါဘဲ။
....

ဒါနဲ့ မဖြစ်ချေဘူး။ တူမကြီးရဲ့ တစ်လွဲမာနတွေကို ခ၀ါချဖို့ အချိန်တန်ပြီ။ ဒီလိုမှ မဟုတ်ရင် ဘ၀င်ရူး ရူးသွားနိုင်တယ်ဆိုပြီး စဉ်းစားခန်းထုတ်နေမိခဲ့တယ်။ သူ့ကဗျာတွေဆိုတာကလဲ ကဗျာအဆင့် ရောက်ဖို့ နေနေသာသာ သူ့ကဗျာနဲ့ သူတောင် ဘယ်အမျိုးအစားထဲ ပါဝင်မှန်း သိမဲ့ပုံမပေါ်ဘူး။ ပြီးတော့ စိတ်ထဲရှိတာကို ရောက်တတ်ရာရာ ရေးထားလေတော့ ကဗျာရဲ့ရသတွေက မပေါ်လွင်ဘူး။ သူ့ကဗျာနဲ့ ပတ်သက်ပြီး မလေးရှားက ဂေါပကကြီး တစ်ယောက်ကတောင် သရော်ထားသေးလေရဲ့။ ဘာတဲ့။ "တစ်ထောင်တန်လား အမ်းစရာ အကြွေမရှိဘူး။ ဟိုနားက တူမကြီး ကဗျာတစ်ပုဒ် ယူသွား" တဲ့။ (ဂေါပကကြီးက ကိုးရာကျော်တန် ပစ္စည်းတစ်ခုခု ရောင်းလိုက်ဟန်တူပါရဲ့။) သူ့ကဗျာက အဲဒီလောက်ထိ သိန်းတန် သန်းတန် တန်ဖိုး ရှိတာကလား။း) အင်း အခု သူ့ကို ဆုံးမဖို့ အချိန် ရောက်ပြီ။

တူမကြီး လာအုံးဆိုတော့ ဘာတုန်းတဲ့။ အသံက ခပ်မာမာရယ်။ သူ့ဦးလေးကိုတောင် အထင်သေး အမြင်သေးပုံစံမျိုး။ တူမကြီး သိပ်ဘ၀င်မြင့်မနေနဲ့။ စာဖတ်သူတွေ ချီးကျူးတိုင်းလဲ အဟုတ်မထင်နဲ့။ ဘလော့ ရေးကာစမို့ အားမငယ်အောင် အားပေးတဲ့အနေနဲ့ ကွန်မင့်မှာ ချီးကျူးခန်းဖွင့်ကြတာ။ အမှန်က တူမကြီးရဲ့ ကဗျာတွေဟာ ကဗျာ့ရေစီးကြောင်းထဲ မရောက်သေးဘူး။ အများကြီး လိုသေးတယ်။ ပြီးတော့ စာဖတ်သူကို ဘယ်လိုရသမျိုး ပေးမလဲဆိုတဲ့ တာ့ဂက်လဲ ပျောက်နေတယ်။ ဒီတော့ ကဗျာတွေ စာတွေကို သေချာပြန်လေ့လာဦး။ လူအဖတ်များလာလေလေ ကဗျာကောင်းလေးတွေ ပေါ်သင့်လာလေ မဟုတ်လား။ အဲဒီလို ပြောလိုက်တော့။ ဦးလေးက လာညှိနေသေးတယ်။ သမီးကဗျာတွေကို လူတွေ ကြိုက်ကြလို့ တစ်နေ့တစ်နေ့ လူဦးရေ ရာချီထောင်ချီ ဖတ်ကြတာပေါ့။ အခုဆို ကောင်တာမှာ စာလာဖတ်သူပေါင်း နှစ်သိန်းကျော်သွားပြီတဲ့။ (ကျော်မှာပေါ့ ကောင်တာ စလုပ်ကထဲက နှစ်သိန်းကျော်ဂဏန်း တစ်ခါထဲ ရိုက်ထည့်ထားတာကိုများ၊ မသိရင် ခက်မယ်)။  ဦးလေးရဲ့ ဘလော့ဆို တစ်ရက်နေလို့မှ အယောက်တစ်ရာ မပြည့်ချင်ဘူး။ အဲဒါနဲ့များ သမီးကို လာရစ်နေသေးတယ်။ နားစမ်းပါ ဦးလေးရာတဲ့။ 

ကဲ ဒါဖြင့် ငါ့တူမ။ ဒီလိုလုပ်။ တစ်လလောက်တိတိ ဘယ်ဘလော့ကိုမှ သွားမလည်နဲ့။ ကွန်မင့်လဲ သွားမပေးနဲ့။  တူမကြီးကတော့ ကဗျာတွေကို ရေးမြဲမပြတ် နေ့စဉ်ရေးပြီးတင်။ ဘယ်သူတွေ ဘယ်လောက် လာဖတ်ကြမလဲဆိုတဲ့ ပြဿနာကို တစ်လပြည့်တဲ့နေ့မှာ အဖြေသိရမယ်။ တကယ်လို့ တစ်လပြည့်တဲ့နေ့အထိ စာဖတ်သူတွေ ရှိနေသေးတယ်ဆိုရင် တူမကြီးရဲ့ ကဗျာတွေက တကယ် တန်းဝင်သွားလို့ စာဖတ်သူတွေ မပြတ်ရှိနေတာလို့ ဦးလေး ယုံပေးလိုက်မယ်ဆိုတော့။ စိမ်လိုက်လေ ကြာသလားလို့တဲ့။

ဒါနဲ့...သူလဲ သူ့ကိုယ်သူ ယုံကြည်စွာနဲ့ဘဲ ကဗျာတွေ အရေးမပျက်၊ အတင်မပျက်ခဲ့ဘူး။ ဘယ်ဘလော့ကိုမှလဲ သူသွားမလည်တော့ဘူး။ အခြေအနေကိုသာ စောင့်ကြည့်နေလေရဲ့။ ပထမ တစ်ပတ်လောက်ထိတော့ လာဖတ်တဲ့သူတွေ လာမြဲလာနေကြတုန်းရှိသေးတယ်။ ဒုတိယပတ်ကျတော့ နဲနဲ ကျဲသွားပြီ။ ရက်ပေါင်း ၂၀ ကျော်လာတဲ့အခါမှာတော့ လာဖတ်သူ ဦးရေက ဆယ်ယောက်လောက်သာ ရှိတော့တယ်။ ကိုယ်ကသာ ကဗျာရေးပြီး ပို့စ်ကို နေ့တိုင်း တစ်ပုဒ်စီတင်နေပေမဲ့ ဘယ်ဘလော့ကိုမှ လိုက်မလည်တဲ့အတွက် စာဖတ်သူ ဘလော့ဂါတွေလဲ ငါ့ဘလော့မှ လာမဖတ်တာ ငါက သူ့ဘလော့ သွားဖတ်စရာလား လို့များ တေးထားကြသလား မသိ။ တစ်လမပြည့်ခင် ၂၈ ရက်မြောက်တဲ့ နေ့ကစပြီး တူမကြီးရဲ့ ဘလော့ကို လာလည်သူ တစ်ယောက်မှ မရှိတော့ဘူး။ တူမကြီး မျက်နှာ ရဲတက်လာပြီး ရှက်နေလိုက်တာများ သနားတောင် သနားမိသွားရဲ့။ သူ အရှုံးကြီး ရှုံးသွားပြီကိုး။ ပိုဆိုးတာက သူ့မာနကို ထက်ပိုင်း ချိုးပစ်လိုက်သလို သူ ခံစားသွားရရှာတာပါဘဲ။

နောက်တစ်နေ့ရောက်တော့။
ကဲ.. ဦးလေးရေ.. ကဗျာကောင်းတွေကို မခံစားတတ်တဲ့ သူတွေအတွက် ကဗျာရေးလဲ အကျိုး မရှိတော့ပါဘူး။ ကဗျာဥာဏ်တွေ ကွန့်မြူးနေတုန်း ပရိသတ်ကို ကဗျာကောင်းလေးတွေရေးပြီး ပညာပေးနေတာကို သူတို့ကမှ လက်မခံတတ်တာ။ ဘာမှ မတတ်နိုင်တော့ဘူး။ ဒီတော့ သမီး ဒီနေ့ကစပြီး ဘလော့လောကထဲက လုံးဝ ရာသက်ပန်ထွက်ခွါတယ်။ ဘယ်တော့မှ ဘလော့မရေးတော့ဘူး။ ဘလော့လောကကြီးလဲ ဥာဏ်ရည်ဥာဏ်သွေး ပြည့်မီတဲ့သူတွေ တစ်ယောက်မှ မရှိကြတော့ဘူးထင်ပါရဲ့။ စာကောင်းကဗျာကောင်းဆို ဘယ်သူမှ အရေးတယူ မရှိကြတော့ဘူး။ ဒါဟာ မြန်မာ့ဂုဏ်ကို ထိခိုက်စေတာဘဲ။ သမီး..စိတ်သစ်ကိုယ်သစ်မွေးပြီး ပုံနှိပ်လိုင်းဘက်ဘဲ သွားတော့မယ်။ အဲဒါကမှ ပို စတန်းဒါ့ဒ် ကျတာ။ ဒီတော့ ... ရော့.. ဒီမှာ.... ဦးလေး... ကြိုက်သလိုသာ ယူသုံးပေတော့။ အဲဒါတွေဟာ သမီး အကြမ်းရေးထားတဲ့ စာအုပ်ထူကြီးဘဲ။ ကဗျာပုဒ်ရေပေါင်း တစ်ထောင်ကျော် ရှိတယ်။ ဦးလေး အတုခိုးချင် ခိုးလို့ ရတာပေါ့။ ရော့... ဒီမှာ.....

ဝုန်းးးး

သူက စာအုပ်ကြီးကို လှမ်းပစ်ပေးလိုက်ပေမဲ့ ကျနော် ဖမ်းမယူလိုက်မိဘူး။ ဒါကြောင့် သူ့ စာအုပ်ကြီးက ကြမ်းပြင်ပေါ် ၀ုန်းကနဲ ကျသွားတယ်။ အဲဒီ ၀ုန်းကနဲ ဆိုတဲ့ အသံကြားလိုက်မှ ကျနော် အိပ်ပျော်နေရာက လန့်နိုးလာတယ်။ စာကြည့်ရင်း ဘယ်လိုက ဘယ်လို အိပ်ပျော်သွားပြီး ကြည့်နေတဲ့ စာအုပ် ကြမ်းပြင်ပေါ် ပြုတ်ကျသွားမှန်း မသိလိုက်ဘူး။ စာအုပ်ကို ပြန်ကောက်ကိုင်ရင်း ခဏလေးအတွင်း မက်ခဲ့တဲ့ အိပ်မက်ရှည်ကြီးကို ပြန်စဉ်းစားပြီး ပြုံးစိစိ ဖြစ်နေမိလေရဲ့။ ဘယ်လိုလုပ်ပြီး တုံးဖလားရွာက ဆယ်ဝမ်းကွဲ တူမတစ်ယောက် အိပ်မက်ထဲ ရောက်လာပြီး ဘလော့လာရေးရတာပါလိမ့်။ အမှန်ဆို သူ့ခမျာ ဘလော့ ရေးဖို့ နေနေသာသာ အင်တာနက်နဲ့ အိမ်သာတက် ဆိုတဲ့ ဝေါဟာရတွေကိုတောင် ကွဲသေးတာမှ မဟုတ်တာ။ အော်.. ဒါပေမဲ့... အိပ်မက်က အိပ်မက်ပါဘဲလေ။ မမက်နဲ့လို့ ပြောလို့ရတာမှ မဟုတ်တာ။ မက်ပစေပေါ့။ ဟုတ်ဖူးလား။

ဦးလေးရဲ့... အဲလေ.. သူကြီးမင်းရဲ့ ၂၀၁၂ ခုနှစ်ရဲ့ အိပ်မက်တွေက ရေရေရာရာ မရှိခဲ့လေတော့ မကြာသေးခင်ကမှ မက်ခဲ့တဲ့ အိပ်မက်ကလေးကိုဘဲ ၂၀၁၂ ခုနှစ်ရဲ့ သမင်လည်ပြန်အနေနဲ့ ၀က်မလေး တဂ်ခဲ့တဲ့ တဂ်စာကို  ဖြေရှင်းပေးလိုက်ပါတယ်။ (တဂ်ထားတာနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် တဂ်ပို့စ်လို့ဘဲ မှတ်ပေးကြပါကုန်း)။ တစ်ခု ပြောလို့ရတာကတော့ ၂၀၁၂ ခုနှစ်ဟာ သူကြီးမင်းအတွက် အတော်လေး အပျင်းထူခဲ့တဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရတယ်။ ပျင်းလိုက်သမှ လွန်ရောဘဲ။ ဘာမှ ဟုတ်တိပတ်တိ မလုပ်ခဲ့မိဘူး။ နောက် သူကြီးမင်းရဲ့ ဟို..အခြေအနေကလဲ ကမောင်လေး (ကညိမ်း) ပြောသလိုပါဘဲ။ ခါတိုင်းနှစ်တွေ နည်းတူ နဲနဲလေးမှ ဆတ်ဆတ်ထိမခံ အပွန်းအပဲ့မခံ လူပျိုကြီးစစ်စစ်ဘ၀နဲ့ဘဲ ၂၀၁၂ ကို ကျော်ဖြတ်ခဲ့ပါကြောင်း။  ပြီးပြီ။ ဒါဘဲ။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.


Friday, 21 December 2012

သူမကို နှာလေးတောင် မစေးစေချင်...

 ဒီနေ့မှာ (ဒီပို့စ်လေး ရေးနေရင်း တန်းလန်း) ကမ္ဘာမပျက်ခဲ့ဖူးဆိုရင်တော့ ဒီပို့စ်လေးကို ဖတ်ခွင့်ရကြဦးမှာပါ။ ယူကေမှာတော့ ကမ္ဘာပျက်ဖို့ အစပျိုးနေပြီ။ ဗြိတိန်ဝန်ကြီးချုပ်လဲ ကမ္ဘာပျက်မှာတော့ ကြောက်လန့်ဟန်တူပါရဲ့။ ဟိမ၀န္တာနဲ့ သိပ်မဝေးတဲ့ အာဖဂန်နစ္စတန်မှာ စတေးသွားရှောင်နေလေရဲ့ဗျာ။း)

ဒီနေ့ (၂၁.၁၂.၂၀၁၂)ဟာဆိုရင်ဖြင့် လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်လောက်က အင်တာနက်ပေါ် ရည်ပန်းစားခဲ့ဖူးတဲ့ ကမ္ဘာပျက်မဲ့နေ့ပေါ့။ မာယာပြက္ခဒိန်အရ ခုနှစ်သက္ကရာဇ်တွေက ဒီနေ့မှာတင် ကုန်ဆုံးသွားတာမို့ ဒီနေ့သည်ပင်လျှင် ကမ္ဘာ့သက်တမ်း ကုန်ဆုံးတဲ့နေ့ရယ်လို့ ကောလာဟလ ဖြစ်ခဲ့ကြတယ်။ နာဆာအာကာသသိပ္ပံဋ္ဌာနကလဲ ဘယ်ဂြိုလ်က ကမ္ဘာရဲ့ ဘယ်နားထိ ရောက်လာပြီး ကမ္ဘာကို ဘယ်လို အန္တရာယ်ပြုနိုင်တယ်၊ ဗေဒင်ဆရာတွေကလဲ တွက်ကိန်းအရ ကမ္ဘာမြေကြီးရဲ့ လက္ခဏာဟာ ပျက်စီးကိန်းရှိတယ် စသဖြင့် သောသောညံလို့ပေါ့။ ဒီကြားထဲ ၂၀၁၂ ဆိုတဲ့ ကမ္ဘာပျက်ရုပ်ရှင်ဇာတ်ကားကြီးကလဲ ကမ္ဘာအနှံ့ ရုံတင်ပြသနေပြန်တော့ ကမ္ဘာပျက်ဖို့ အတော်လေး အင်အားကောင်းခဲ့တယ်။

၂၀၁၂ ကမ္ဘာပျက်ဇာတ်ကားကြီး


အဲဒီအချိန်တုန်းက မြန်မာဘလော့ဂါတွေလဲ ရာသီစာ တဂ်စာတွေ ခေတ်စားနေချိန်ဆိုတော့ ကမ္ဘာကြီးပျက်ရင် မပျက်ခင် ဘာတွေလုပ်ကြမလဲ ဆိုတဲ့ တဂ်ပို့စ်တွေ ပလူပျံနေခဲ့ကြတယ်။ ဘယ်နေရာကမှ ကမ္ဘာမပျက်သေးခင် ဘလော့စာမျက်နှာတွေပေါ်မှာတော့ ကမ္ဘာကြီးခမျာ ပျက်စီးခြင်းမက ပျက်စီးခဲ့ရရှာတယ်။ ဘလော့ဂါတွေကလဲ အဲဒီအခါကျမှ မသေခင် ဘာတွေ လုပ်သွားချင်တယ်၊ ဘယ်သူနဲ့ အတူရှိနေချင်တယ်၊ ဘယ်နိုင်ငံမှာ သွားနေချင်တယ် စသဖြင့် မသေခင်လေး ချင်ခြင်းတွေ တပ်လိုက်ကြသမှ ဘလော့ရွာလေး တစ်လျှောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရတဲ့အထိပါဘဲ။ တဂ်ပို့စ်ဆိုပြန်တော့ ကျနော်လဲ ဘလော့ဂါပီပီ တဂ်စာ စားခဲ့ရပြန်သပေါ့။ ဒါပေမဲ့ ကျနော်က တခြားသူတွေလို ကမ္ဘာအပျက်ဖက်က မရေးခဲ့ပါဘူး။ ဖတ်ဖူးမှတ်ဖူးခဲ့တဲ့ စာအုပ်လေးတွေကို ကိုးကားပြီး ကမ္ဘာကြီး ကျန်းမာလျှက်ရှိနေဦးမှာဖြစ်တဲ့အကြောင်း  ဒီနေရာမှာ ကမ္ဘာအပျက် ထည့်မတွက်နဲ့ ဆိုပြီး ကမ္ဘာစောင့်မောင်းကြီး တီးပြခဲ့ဖူးသေးတယ်။

အဲဒီလို လူတွေ အမှတ်တရ ရှိခဲ့ဖူးတဲ့နေ့လေး အခု ရောက်လာပါပြီ။ ဒီလို နေ့မျိုးမှာ ပို့စ်တစ်ခုခုတော့ ရေးတင်ဦးမှဘဲလို့ စဉ်းစားနေရင်း အမေရိကားမှာ ဖြစ်ပျက်ခဲ့တဲ့ (အားလုံးသိပြီးကြတဲ့) သေနတ်ပစ်ခတ်မှု နှစ်ခု အကြောင်း ခေါင်းထဲ ရောက်လာတယ်။ တစ်ခုက လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ ရုပ်ရှင်ရုံတစ်ခုထဲမှာ လင်းနို့လူသားဇာတ်ကား ပြသရင်း လူသတ်သမားက ဇာတ်ဝင်ခန်းဆန်ဆန် ပရိသတ်ရှေ့ ထွက်ပေါ်လာပြီး သေနတ်နဲ့ ပရိသတ်ထဲ အတွဲလိုက်အတွဲလိုက် ဆွဲပစ်ခဲ့တဲ့အမှုပါ။ နောက်တစ်ခုက မကြာသေးခင် ရက်ပိုင်းလေးကမှ ဖြစ်ပျက်ခဲ့တဲ့ မူလတန်းကျောင်းထဲ ၀င်ရောက်ပြီး ကလေးတွေစာသင်နေတဲ့ အခန်းထဲ ၀င်ကာ ခြောက်နှစ် ခုနှစ်နှစ် အရွယ်ရှိတဲ့ ကလေးတွေအများအပြားကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပတ်ခတ် သတ်ဖြတ်ခဲ့တဲ့ အမှုပါ။

ဒီနေရာမှာ ကျနော်ပြောချင်တာက အမေရိကန်ပြည်ရဲ့ လွတ်လပ်စွာ လက်နက်ရောင်းဝယ်ခွင့် ဥပဒေအကြောင်း မဟုတ်သလို လက်နက်ရောင်းဝယ်ခွင့်ဥပေဒေကို ရုပ်သိမ်းပေးသင့်တဲ့ အကြောင်းလဲ မဟုတ်ပါဘူး။ ဒါဖြင့် ဘာအကြောင်း ပြောချင်တာလဲ ဆိုတော့။ တခြားအကြောင်းမဟုတ်ပါဘူး။ အဲဒီ သေနတ်ပစ်မှုတွေမှာ ဓါးစာခံ ဖြစ်ခဲ့ကြရတဲ့ သူတွေရဲ့ တာဝန်သိတတ်မှု၊ တာဝန်ယူတတ်မှုနှင့် အားနွဲ့သူကို မေးဖကူညီကာကွယ်ပေးမှု အကြောင်းတွေကို ပြောပြချင်တာပါ။

ရုပ်ရှင်ရုံထဲက သေနတ်ပစ်ခတ်မှုကိုဘဲ ကြည့်။ ရုပ်ရှင်ဆိုတာ များသောအားဖြင့် လူငယ်လူရွယ်တွေ စုံတွဲတွေ  သွားလေ့ရှိကြတဲ့ နေရာ မဟုတ်လား။ အဲဒီ ရုပ်ရှင်ရုံထဲ သေနတ်ပစ်ခတ်မှုလဲ ဖြစ်ရော မိန်းခလေး အချို့က အကြောက်လွန်ပြီး ငူတူတူကြီးတွေ ဖြစ်နေကြလေရဲ့။ အဲဒီအခါမှာ ယောက်ျားလေးတွေက အသက်နဲ့ရင်းပြီး အတင်းဆွဲလဲ အားလျားမှောက်စေခဲ့ကြတယ်။ ပြီးတော့ စုံတွဲတစ်တွဲဆို လူသတ်သမားရဲ့ သေနတ်ပြောင်းဝက သူ့ချစ်သူ ကောင်မလေးဆီ တည့်တည့်ထိုးချိန်လိုက်ချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်ကို သူ့ချစ်သူအတွက် ကျည်ကာလုပ်ပေးပြီး အသက်စတေး အသေခံလိုက်တယ်။ ၀ီရရသနှင့် ဘယာနကရသဆန်တဲ့ ကြေကွဲစရာ မြင်ကွင်းလေးတွေပေါ့။

 နောက်ပြီး မူလတန်းကျောင်း စာသင်ခန်းတစ်ခုထဲက သေနတ်ပစ်ခတ်မှုကို ကြည့်။ စာသင်ခန်းထဲ သေနတ်သမားဝင်ပြီး ခြောက်နှစ် ခုနစ်နှစ်မျှသာ အရွယ်ရှိသေးတဲ့ ကျောင်းသူကျောင်းသား ကလေးသူငယ်များကို သေနတ်နဲ့ အချက်ပေါင်းများစွာ တဒိုင်းဒိုင်း ပစ်သတ်နေတဲ့အခါ တာဝန်ကျနေတဲ့ ဆရာမတွေ ထွက်မပြေးခဲ့ကြဘူး။ အကြောက်လွန်ပြီး တွေဝေ မနေခဲ့ကြဘူး။ ကလေးတွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးရင်း ဆရာမခြောက်ယောက် သူတို့အသက်ကို ပေးဆပ်လိုက်ကြတယ်။ အမှန်ဆို ကလေးတွေကို ပစ်ထားပြီး ကိုယ်လွတ်ရုန်းလို့ ရကောင်းရနိုင်တယ်။ ဒါပေမဲ့ သူတို့ မလုပ်ခဲ့ကြဘူး။ တကယ်လို့ ကြောက်အားလန့်အားနဲ့ အဲဒီလို ထွက်ပြေးလွတ်မြောက် အသက်ရှင် ကျန်ရစ်ခဲ့မယ်ဆိုရင်လဲ ကလေးတွေကို လျစ်လျူရှုခဲ့မိတဲ့အတွက် သေရတာထက်ပိုဆိုးတဲ့ စိတ်ဒဏ်ရာ သူတို့ ရရှိမှာ သေချာတယ်။

ဒီအဖြစ်အပျက်တွေဟာ သူတို့တစ်တွေရဲ့ အသက်နဲ့ရင်းပြီး တာဝန်သိတတ်မှု၊ တာဝန်ယူတတ်မှု၊ အားငယ်သူကို ဖေးမကူညီကာကွယ်ပေးမှုတွေဘဲပေါ့။ ဒါဖြင့်ရင် အဲဒီ ရုပ်ရှင်ရုံထဲက မိမိနဲ့ နီးစပ်ရာသူတွေကို အသက်စွန့်ပြီး ကယ်တင်လိုက်တဲ့ ယောက်ျားလေးတွေ၊ ပြီးတော့ မူလတန်းကျောင်းထဲက တပည့်တွေအတွက် ကာကွယ်ပေးရင်း အသက်စွန့်ခဲ့ကြရရှာတဲ့ ဆရာမလေးတွေ။ တကယ်လို့  သူတို့နေရာမှာ ကျနော်တို့သာဆို ဘယ်လို စိတ်ထားမျိုးနဲ့ ဘယ်လို လှုပ်ရှားမှု ပြုလုပ်ခဲ့ကြမှာပါလဲ။ အသက်စတေးကြမှာလား ဒါမှမဟုတ် ထွက်ပြေးကြမှာလား။

စပ်မိလို့ ပြောရဦးမယ်။ ကျနော်တို့ တုံးဖလားရွာရဲ့ အရှေ့ဘက်မှာ ရွာသာယာရွာဆိုတဲ့ ရွာကြီး တစ်ရွာရှိတယ်။ ရွာကြီးဆိုပေမဲ့ အိမ်ခြေ ၂၀၀ လောက်သာ ရှိတဲ့ ရွာတစ်ရွာပါ။ ကျနော်တို့ တုံးဖလားရွာက အိမ်ခြေ ၃၀ လောက်ဘဲ ရှိတဲ့ ရွာမို့လို့ အဲဒီရွာသာယာရွာကို ရွာကြီးအနေနဲ့ဘဲ အသိအမှတ်ပြုခဲ့ကြတာပါ။ အဲဒီရွာမှာ စုစုပေါင်း သုဿာန်သင်္ချိုင်း ၅ ခုတိတိရှိတယ်။ သူကြီးသင်္ချိုင်း၊ လူကြီးသင်္ချိုင်း၊ ကလေးသင်္ချိုင်း၊ အစိမ်းသေသင်္ချိုင်း၊ အနာပေါက်(ရောဂါဆိုးနဲ့)သေသင်္ချိုင်း ဆိုပြီးတော့ပေါ့။ အဲဒီအထဲကမှ အနာပေါက်သေသင်္ချိုင်းက တုံးဖလားရွာနဲ့ အဲဒီရွာကြားထဲမှာ တည်ရှိတယ်။ တစ်ရွာနဲ့တစ်ရွာသွားရင် အဲဒီ သင်္ချိုင်းနဘေးနားကဘဲ ဖြတ်သွားရတယ်။ တစ်ရွာနဲ့ တစ်ရွာ ၆ ဖာလုံလောက်သာ ဝေးပေမဲ့ နှစ်ရွာကြားမှာ ရှိတဲ့ တောက အတော်လေး နက်တယ်။ ပြီးတော့ အဲဒီ သစ်ပင်အုံးဆိုင်းဆိုင်း တောနက်နက်ထဲမှာဘဲ သင်္ချိုင်းလုပ်ပြီး လူသေမြှုပ်ကြတာ။ ညဘက်ဆိုရင် အဲဒီတောထဲက ကလေးငိုသံကြားတာတို့ မီးလုံးထထတောက်တာတို့ ရယ်သံသဲ့သဲ့ ကြားတာတို့ စတဲ့စတဲ့ ပုံပြင်တွေကလဲ မကြားချင်အဆုံး။ ပြောရရင် တစ္ဆေသရဲ အလွန်ခြောက်တယ်လို့ နာမည်ကြီးတဲ့ သင်္ချိုင်းပေါ့။

အဲဒီလိုနဲ့ လမိုက်ညတစ်ညမှာ ကျနော်ရယ် ကျနော့်ညီတစ်ယောက်ရယ် ညီမ၀မ်းကွဲ သုံးယောက်ရယ် တုံးဖလားကနေပြီး အဲဒီ ရွာသာသာရွာကို အလည်သွားကြတယ်။ ဆွေမျိုးအိမ်တစ်အိမ်ကိုပေါ့။ အသွားတုန်းကတော့ ချောချောမောမောပါဘဲ။ အပြန်ကျတော့ ည ၁၁ နာရီလောက် ထိုးနေပြီ။ လမ်းတစ်လျှောက်မှာလဲ ဖားအော်သံ ပုရစ်အော်သံ သဲ့သဲ့မှအပ ဘာမှ မကြားရဘူး။ အဖွဲ့လိုက်ဆိုပြီး အားတင်းထားကြပေမဲ့ ကြောက်တော့ ခပ်ကြောက်ကြောက်ရယ်။ အဲဒီလို ညဘက် ခရီးသွားကြတဲ့အခါမှာ နောက်ဆုံးက ဘယ်သူမှ မလိုက်ချင်ကြဘူးမဟုတ်လား။ ကျောချမ်းတယ်လေ။ တော်ကြာ နောက်ကနေ ကုတ်ဆွဲထားလိုက်ရင် ရှေ့ကသူတွေ ဘယ်သူမှ သိတောင် သိလိုက်ကြမှာ မဟုတ်ဘူး။ 

ဒါပေမဲ့ အဲဒီ အုပ်စုထဲမှာ ကျနော်က အသက်အကြီးဆုံး။ ဆိုတော့ကာ သူရဲကောင်းလိုလို ဘာလိုလိုနဲ့ ညီကို ရှေ့ဆုံးမှာထား ညီမ၀မ်းကွဲသုံးယောက်ကို အလယ်မှာထားပြီး ကျနော်က နောက်ဆုံးက လိုက်လာခဲ့တယ်။ ညီက လက်နှိပ်ဓါတ်မီးတစ်လက်၊ ညီမသုံးယောက်က တစ်လက်၊ ပြီးတော့ ကျနော်က တစ်လက်။ စုစုပေါင်း သုံးလက်။ သင်္ချိုင်းနားနီးလာလေ ကြောက်စိတ်မ၀င်အောင် စကားကို ကြံဖန်ပြောလေပေါ့။ စကားတွေကလဲ စိတ်မပါဘဲ (ကြောက်စိတ်နဲ့) ပြောနေကြတာဆိုတော့ မေးတာတစ်ခြား ဖြေတာတစ်ခြား တောင်ရောက် မြောက်ရောက်နဲ့ နဲနဲလေးမှ အဆီအငေါ်မတည့်။ အဲဒီလိုနဲ့ဘဲ သင်္ချိုင်းကို ဖြတ်ကျော်ခဲ့ကြတယ်။ ကံအားလျော်စွာဘဲ ဘာသရဲမှ အခြောက်မခံခဲ့ရဘူး။

အဲဒီလိုနဲ့ လမ်းရဲ့ ဘယ်ညာမှာ အမြင့် ရင်စို့လောက်စီ ကမ်းပါးပြတ်ရှိတဲ့ လမ်းကြားလေးထဲ ရောက်လာတယ်။ လက်နှိပ်ဓါတ်မီးလေးတွေ ဟိုထိုးဒီထိုးနဲ့ပေါ့။ ကျနော်တို့ ငါးယောက်လုံး အဲဒီ လမ်းကြားလေးထဲလဲ ၀င်မိရော။ အမလေး.. မြွေ...မြွေ...မြွေ... မြွေကြီး ဆိုပြီး ညီမတွေဆီက အာခေါင်ခြစ်ပြီးအော်တဲ့ အသံတွေ တပြိုင်နက် ထွက်ပေါ်လာတယ်။ ကျနော့်ရှေ့က ညီမတွေ ဘယ်လို နေကြမှန်းတော့ မသိဘူး။ ကျနော်ဆို ဘယ်လိုက ဘယ်လို ရင်စို့လောက်ရှိတဲ့ ကမ်းပါးပြတ်ပေါ် လွှားကနဲ ခုန်တက်လိုက်မိမှန်းမသိဘူး။ ကမ်းပါးပေါ်မှာ မားမားကြီးကို ဖြစ်လို့။ မြွေက တစ်ခြားမြွေမဟုတ်ပါဘူး။ မြွေမင်းလို့ ခေါ်တဲ့ ငန်တော်ကြားမြွေပါ။ အဲဒီမြွေမင်းရှိတဲ့ နေရာမှာ မြွေပွေးတို့ မြွေဟောက်တို့ မရှိဘူးတဲ့။ မြွေကောင်းရှိတဲ့နေရာ မြွေဆိုးတွေကို လက်မခံတဲ့ သဘောပေါ့။ အဲဒီ ငန်တော်ကြားမြွေက လူတွေကို အန္တရာယ်မပြုပါဘူး။ အန္တရာယ်မပြုသလို ဘယ်သူ့ကိုမှလဲ မကြောက်တတ်ပါဘူး။ သူ့ကို ဘယ်လောက်ခြောက်ခြောက် သူ့ဖာသာသူ အေးအေးဆေးဆေးလေးဘဲ သွားတယ်။ မပြေးဘူး။ သူ့ကို မတော်တဆ တက်နင်းမိရင်တောင် လူတွေကို အန္တရာယ်မပြုတတ်ဖူးတဲ့။ ဒါပေမဲ့ သူ့ကို တမင်ရန်စပြီး စိတ်တိုလို့ ကိုက်ပြီဆိုရင်တော့ အဲဒီနေရာတင် ပွဲချင်းပြီးဘဲတဲ့။ အဲဒီလောက်ထိ အဆိပ်ပြင်းတာ။

ညီမတွေလဲ အဲဒီငန်တော်ကြားမြွေကြီး အေးအေးဆေးဆေး လမ်းဖြတ်ကူးနေတာကို လက်နှိပ်ဓါတ်မီးကတစ်ဆင့် တွေ့မြင်ပြီး ရုတ်တရက်ဆိုတော့ ကြောက်လန့်တကြား အော်လိုက်ကြတာပါ။ တကယ် တွေးတွေးပြီး ကြောက်လာခဲ့တာက တစ္ဆေသရဲပါ။ ဒါပေမဲ့ တကယ်တမ်း တွေ့မြင်လိုက်ရတာက ငန်တော်ကြားမြွေကြီးပါ။ အဲဒီမြွေလဲ သူ့လမ်းသူသွားပြီးရော ညီမတွေက နောက်ဖက်လှည့်ကြည့်ပြီး ကိုကြီး ဘယ်ရောက်သွားလဲ မသိဘူးတဲ့။ လက်နှိပ်ဓါတ်မီးနဲ့ ဟိုထိုးဒီထိုးလုပ်တော့ ကမ်းပါးပြတ်ပေါ် မားမားမတ်မတ်ကြီး ရောက်နေတဲ့ ကျနော့်ကို တွေ့သွားတယ်။ အဲဒီမှာ သူတို့ ရယ်လဲရယ် ပြောလဲ ပြောကြတော့တာဘဲ။ ဘာတဲ့။ အကိုကြီးဆိုပြီး အားကိုးရမယ်မှတ်တယ်။ တကယ့် အသက်အန္တရာယ်ဆိုရင် သူတို့ သေပြီးတာကြာပြီတဲ့။ ကိုကြီးက ကိုယ်လွတ်ရုန်းတယ်တဲ့။ ရှက်လိုက်တာဗျာ။ တကယ်ကို ရှက်တာ။ ကလေးဘ၀က အဖြစ်အပျက်ဆိုပေမဲ့  ပြန်စဉ်းစားမိရင်တောင် အခုထက်ထိ ရှက်နေတုန်း။ အဲဒီလောက်ထိ သူရဲဘော ကြောင်ရသလား။ အဲဒီလောက်ထိ တာဝန်မဲ့ရသလား။ အားနွဲ့တဲ့ သူတွေကို အဲဒီလောက်တဲ့ ကာကွယ်လိုစိတ် မရှိရသလား။ စတဲ့ စတဲ့ မေးခွန်းတွေ ကိုယ့်ကိုကိုယ် မေးခဲ့ပေါင်း မနည်းခဲ့ဘူး။ အမှန်ဆို ကျနော်လဲ အဲဒီလို သူရဲဘောင်ကြောင်လို့ မဟုတ်ခဲ့ပါဘူး။ ရုတ်တရက်ဆိုတော့ ဘယ်လိုက ဘယ်လို အဲဒီလို ဖြစ်သွားမှန်း မသိခဲ့ရရိုး အမှန်ရယ်။ အဲဒီ အချိန်ကစပြီး ကိုယ့်ကိုကိုယ် အမြဲတမ်း သတိထားနေမိခဲ့တယ်။ အဲဒီလို အဖြစ်အပျက်မျိုး ထပ်တူ ဖြစ်ပြန်မှာကို စိုးရိမ်လို့ပေါ့။

နှစ်အနည်းငယ်ကြာပြီးနောက်။
တစ်နှစ်မှာ ရန်ကုန်ကို ဘုရားဖူးသွားကြတယ်။ ကျနော်က တုံးဖလား တောရွာလေးက ဆိုပေမဲ့ ဘုရားဖူးခရီးသွားရင်းက ရန်ကုန် သန်လျင် ကျောက်တန်း စတဲ့ တန်ခိုးကြီးဘုရားတွေကို သွားတတ်လာတတ် ဖြစ်လာတယ်။ လိုင်းကားနဲ့ပေါ့။ တစ်နေ့မှာ အသိတစ်ယောက်က ၁၀ နှစ်လောက်သာ ရှိသေးတဲ့ သူ့တူမလေးနဲ့ သန်လျင်ကျောက်တန်းကို ဘုရားဖူး ထည့်ပေးလိုက်တယ်။ ဒီအခါမှာတော့ ကျနော် ကြိုတင် သန္နိဋ္ဌာန် ချထားလိုက်တယ်။ လမ်းမှာ ဘယ်လို အန္တရာယ်နဲ့ဘဲ ကြုံကြုံ အသက်နဲ့ လဲပြီး အဲဒီကလေးမလေးကို ကာကွယ်ပေးမယ် ဆိုပြီးတော့ပေါ့။ ကိုယ်က ဦးဆောင် သွားရမှာကိုး။ တာဝန် အပြည့်ရှိတာပေါ့။ အဲဒီလိုနဲ့ အသောကမှတ်တိုင်ကနေပြီး ရန်ကုန်-ကျောက်တန်း ဒိုင်နာလိုင်းကား စီးသွားလိုက်တယ်။ ကျနော်တို့ စီးလာတဲ့ လိုင်းကား သန်လျင်အလွန် ကျိုက်ခေါက် ဘုရားနားလဲ ရောက်ရော ကားတစ်စီးကို ကျော်တက်တဲ့ အခါမှာ ကားချင်း ပွတ်တိုက်မိပြီး  ဘရိတ်ကို ဆောင့်အုတ်လိုက်တယ်။ ကားပေါ်က လူတွေလဲ စကောထဲက ခဲလုံးလေးတွေလို ရှေ့ထိုးနောက်ငင် ဖြစ်သွားကြတယ်။ အဲဒီ အချိန်မှာ အဲဒီကလေးမလေး ခန္ဓာကိုယ်နဲ့ ကားနံရံနဲ့ မထိခိုက်မိအောင် ကျနော့် ခန္ဓာကိုယ်ကို ထိုးခံပေးမိရက်သား ဖြစ်နေခဲ့တယ်။ ကျနော့်ခန္ဓာကိုယ်နဲ့ ကားနံရံနဲ့ နဲနဲ အဆောင့်ခံလိုက်ရပေမဲ့ ဘာမှ မဖြစ်ခဲ့ပါဘူး။ ခရီးသည်အားလုံးလဲ ဘာမှ ထိခိုက် ဒဏ်ရာရကြတာ မရှိခဲ့ပါဘူး။ အားလုံး အိုကေပါဘဲ။ အဲဒီအကြောင်းလေး ပြန်စဉ်းစားမိရင်တော့ ကျနော် အတော်လေး ကျေနပ်ပီတိ ဖြစ်နေမိတယ်။ အမြဲတမ်း အဲဒီလိုဘဲ ဖြစ်သင့်တယ် မဟုတ်လား။ တာဝန်ယူစိတ်လေ။ ကာကွယ်ပေးလိုစိတ်ရောပေါ့။

ကဲ.. ပို့စ်လဲ အတော်လေး ရှည်သွားပြီ။ ပထမကတော့ တိုတိုလေးရေးမလို့ဘဲ။ ရေးရင်းနဲ့ ရှည်သွားတာ။ အဲဒီတော့ အထက်က ပြောခဲ့သလိုဘဲပေါ့။ ကျနော်တို့ လူသားတွေ အချင်းချင်း တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ ကူညီကာကွယ်ပေးလိုစိတ်တွေ အသီးသီး ရှိနေကြမယ်ဆိုရင် ကမ္ဘာကြီးကလဲ ကျန်းမာရေး ကောင်းနေဦးမှာပါဘဲ။ အဲဒီလို အသိစိတ်ဓါတ်တွေ ကင်းမဲ့ပြီး အချင်းချင်း ပုတ်ခတ်တိုက်ခိုက် နစ်နာစေကြမယ်ဆိုရင်တော့ ကမ္ဘာ့သက်တမ်းလဲ တိုတိုသွားမှာ သေချာပါတယ်။ ကျနော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာတောင်မှ အသုံးပြုတာ များလာရင် စက်တွေကြောင်လာတဲ့အတွက် ဖော်မက်ချ ၀င်းဒိုးပြန်တင် ဆော့ဝဲတွေ အင်စတောလုပ်ပြီး တစ်ကနေ ပြန်စကြရသေးတာ မဟုတ်လား။ ကျနော်တို့ ကမ္ဘာကြီးလဲ လူတွေ ညစ်ပတ်ဆိုးသွမ်းကြမ်းတမ်းနေကြမယ်ဆိုရင်တော့ သူလဲ အသစ်ကနေ ပြန် စကောင်း စပါလိမ့်မယ်။ အထူးသဖြင့် ရုပ်ဝတ္ထုအညစ်အကြေးတွေကို ကမ္ဘာကြီးက ခံနိုင်တယ်ထားဦး၊ လူတွေရဲ့ ညစ်ပတ်ရက်စက်ယုတ်မာတဲ့ စိတ်ဓါတ်တွေကိုတော့ သူ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ လေးလံလာမှာ သေချာတယ်။ ဒီတော့ ကမ္ဘာကြီးလဲ ဖော်မက်ချကောင်း ချနိုင်တာပေါ့။

(အခုဆို ကမ္ဘာကြီးလဲ  ဗီဇာသက်တမ်းကုန်ခါနီး ကပ်သီးကလေးမှာဘဲ ဒီနေရာမှာ အက်စ်တင်းရှင်း လုပ်လိုက်နိုင်ပါပြီ။ သူတို့ပြက္ခဒိန်ကြီး ငွါးငွါးစွင့်စွင့် သီးပွင့်ပြန်ဦးမှာပါ။ ဘာတဲ့။ တကယ့်ကမ္ဘာက အခုမှ စ တာ ဆိုပါလား။ ပြောသာ ပြောရတယ်။ လူမျိုးကကိုမှ မာယာလူမျိုးဆိုတော့ သူတို့ စတီထွင်ထားခဲ့တဲ့ ပြက္ခဒိန်ဟာလဲ အမှန်အကန်တွေ ဖြစ်နိုင်ပါဦးတော့မလား။ လိမ်ညာလှည့်ဖျား မာယာများထားခဲ့ကြမှာ သေချာပါတယ်။)

ဘယ်လိုဘဲ ဖြစ်ဖြစ် လောကလူသားတွေအားလုံး တာဝန်ရှိတဲ့သူတွေ တာဝန်သိတတ်၊ တာဝန်ယူတတ်ပြီး အချင်းချင်း မေတ္တာရှေ့ထားကာ ရိုင်းပင်းကူညီ ဖေးမကာကွယ် စောင့်ရှောက်နေကြမယ်ဆိုရင်ဖြင့် သူမ (ကမ္ဘာကြီး) သေချာပေါက် ကျန်းမာသန်စွမ်း နေဦးမှာ မလွဲပါဘူး။

ကျနော်တို့ အနေနဲ့ကတော့ သူမ ကျန်းမာရှင်သန်ပါစေလို့ ဆုတောင်းပေးနေရုံမှတစ်ပါး................။

.

Friday, 14 December 2012

မသီတာက စခဲ့တဲ့.............


(ဒီပို့စ်လေးဖတ်ဖို့ ဖွင့်လိုက်ပြီး စခရိုးလ် အပေါ်အောက် လုပ်ကြည့်လိုက်တော့မှ အတော်ရှည်လျားတဲ့ ပို့စ်ဖြစ်နေမှန်း သိရတဲ့အတွက် ဒီလောက် ရှည်တာကြီးကိုတော့ မဖတ်ချင်တော့ပါဘူးဆိုပြီး မဖတ်ဘဲ ပြန်ပြေးသွားမှာ မြင်ယောင်နေမိသေးး))။ ဒါပေမဲ့ တစ်ဝက်လောက် ဖတ်လိုက်ရင် မသီတာ ကိစ္စက ပြီးသွားမှာပါ။ ကျန်တာက မင်းသမီးကိတ် ကိုယ်ဝန်ရခြင်းရဲ့ နောက်ဆက်တွဲတွေပါ)
....

 
ဒီနှစ် ဗြိတိန်မှာ ဆောင်းအ၀င်ကြမ်းတယ်။ မိုးအချုပ်မြန်တယ်။ အေးလိုက်တာလဲ လွန်ရောဘဲ။ အနှုတ်ဒီဂရီ ၄ လောက် ရှိနေပြီ။ ဒါတောင် အနှုတ် ၂၀ လောက် ဖြစ်လာဦးမယ်ဆိုလား။ ကွေးရပြီသာ မှတ်ပေတော့။ မနက်ပိုင်းတုန်းက နေကလေးသာပါတယ်ဆိုပြီး အ၀တ်သွားလှန်းထားတာ နေ့လည်ပိုင်းကျတော့ ရေခဲရိုက်အ၀တ်ဖြစ်ပြီး သားရည်ချပ်ကြီးလို ဂျပ်ကော့ကော့ကြီး ဖြစ်သွားတယ်။ နောက်ပြီး ဆောင်းရောက်ရင် အအေးဓါတ်နဲ့အတူ မိုးအချုပ်မြန်လာတယ်။ ညနေ ၄ နာရီဆို မိုးက ချုပ်ချင်နေပြီ။ အပြင်ထွက်ရမှာ ပျင်းနေရတဲ့အထဲ ရာသီဥတုက အအေးဓါတ်လွန်ကဲလေတော့ အိမ်ထဲမှာဘဲ အေးအေးဆေးဆေး စာအုပ်လေးဖတ်လိုက် တီဗီလေးကြည့်လိုက် စာလေး တစ်ကြောင်းနှစ်ကြောင်းရေးလိုက်နဲ့ အချိန်ကို သက်တောင့်သက်သာလေးဘဲ  ကုန်စေလိုက်တယ်။ ဒီလိုနဲ့......

ည ၁၀ နာရီ ခန့်လောက်အချိန်မှာတော့.........

"ကလင် ကလင် ကလင်"

လိုရမယ်ရ ဖုန်းနှစ်လုံး ယူထားပေမဲ့ တစ်ရက်နေလို့မှ တစ်ခါ မလာတတ်တဲ့ ဖုန်းကို ဘယ်ကနေ ဘယ်သူ ညကြီးမင်းကြီး လာဆက်နေမှန်းမသိ။ ကြည့်လိုက်တော့ Unknown call.

"ဟလို ပြောပါ"

"သူကြီးမင်းလား မသိဘူး"

"ဟုတ်ပါတယ်"

"သမီး မသီတာပါ"

"အမ်..."

"မသီတာလေ မမှတ်မိဘူးလား။ သမီး အခု လန်ဒန်ရောက်နေတယ်"

"အမ်"....အာမေဍိတ်နဲ့အတူ.စဉ်းစားရချေပြီ။ သီတာဆိုတဲ့ နာမည်က အများသားကလား။ ဟို ရွာမြောက်ပိုင်းက ကွမ်းယာရောင်းရင်း ကြီးပွါးသွားတဲ့ ဦးတင်ဖေ့သမီး သီတာများလား။ အင်းးး သူ လုံးဝ မဖြစ်နိုင်ဘူး။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ ရထားတဲ့ သတင်းအရ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကာလသားခေါင်း ကိုဖိုးလုံးနဲ့ အိမ်ထောင်ကျပြီး အခု ကလေးမျက်နှာမြင်နေလို့ မီးတွင်းကြီး ရောက်နေတယ်တဲ့။  ဒါဖြင့် ဟို ကိုစိန်မောင့် သမီး သီတာလေးများလား။ ကိုစိန်မောင်ကြီး အရက်မူးလာတိုင်း ပြဿနာရှာရှာနေတတ်လို့ စိတ်အညစ်ကြီး ညစ်နေရရှာတဲ့ သီတာလေး။ အင်း... သူလဲ လုံးဝမဖြစ်နိုင်ဘူး။ လန်ဒန်ကို မပြောနဲ့။ ရန်ကုန် ရွှေတိဂုံဘုရားကိုတောင် တစ်ခေါက်ထဲ ရောက်ဖူးတယ်တဲ့။ သူတို့မိသားစုက သိပ်ပြေလည်ကြတာ မဟုတ်။ ဒါဖြင့် ဟိုတစ်ယောက်များလား။ ဟိုမြို့က စက်ပိုင်ရှင်ကြီး ဦးဖိုးနီရဲ့ မြေးမလေး သီတာ။ ငယ်ငယ်တုန်းက အဲဒီမြို့မှာ ကျောင်းတက်ရင်း သီတာလေးကို ရိသဲ့သဲ့ လုပ်ခဲ့ဖူးတာကို ပြေးမြင်ယောင်မိပါရဲ့။ အဲဒီခေတ်တုန်းက အဆိုတော်လွှမ်းမိုးရဲ့ "အချစ်ရှုံးသမား ဒဿဂီရိ" ဆိုတဲ့ သီချင်းက ခေတ်အစားသားကလား။

"သီတာ....မင်းသမီးလေးကို.... လိုချင်..... တပ်မက်မောသူ... ရာမ.... မင်းသားလေးနဲ့.. မယှဉ်နိုင်.... အချစ်ပြိုင်ပွဲမှာ...."

အဲဒီသီချင်းအပိုဒ်ကလေးကို သူတို့အိမ်နားက ဖြတ်သွားမိတိုင်း မူရင်းနာမည်တွေ ဖယ်ထုတ်ပြီး သီတာ့နာမည် သူ့အဖိုး ဦးဖိုးနီနာမည် ပြီးတော့ ကျနော့်နာမည် (ကိုမောင်)ကို အစားထိုးထည့်ကာ မတိုးမကျယ် အော်ဟစ်ခဲ့ဖူးတာကို မှတ်မိနေသေး။

"သီတာ... ဖိုးနီမြေးကို.. လိုချင်.. တပ်မက်မောသူ....ကိုမောင်...မင်းသားလေးနဲ့...မယှဉ်နိုင်...အချစ်ပြိုင်ပွဲမှာ.."

အဲဒီလို အတိတ်ကို စဉ်းစားလို့ ကောင်းနေတုန်း.....

"သူကြီးမင်း... သမီးကြောက်တယ်။ သမီးကို လာခေါ်ပါ"

"ဟေ...."

"အင့်.. ဟင့်.. ဟင့်.. ဟင့်.. သမီး အရမ်းကြောက်တယ်။ သမီးကို လာခေါ်ပါ။ သမီးကို လာခေါ်ပါ"

အဲဒီလို ငိုသံတွေကို ကျနော်အကြောက်ဆုံး။ အထူးသဖြင့် မိန်းခလေး ငိုသံ။ ခန္ဓာကိုယ်တစ်ခုလုံးလဲ ဟိုနားက ယားလာသလိုလို ဒီနားက စစ်စစ် ကိုက်လာသလို ဟိုလိုလို ဒီလိုလိုနဲ့ နေထိုင်ရ အတော်ခက်။ ဘယ့်နှယ် ဘယ်က သီတာမှန်းလဲ မသိ။ ဘယ်မှာ သွားခေါ်ရမှန်းလဲ မသိ။ ပြီးတော့ ညကြီးမင်းကြီး။ ဖုန်းလိုင်းထဲမှာလဲ တအင့်အင့် တဟင့်ဟင့်နဲ့ ဆိုတော့ ဖနောင့်နဲ့ ကြမ်းပြင်ကိုဘဲ အသားကုန် ဆောင့်ပစ်လိုက်ရတော့မလိုလို ခေါင်းနဲ့ နံရံနဲ့ဘဲ ပြေးတိုက်ရတော့မလိုလိုနဲ့ တို့လို့ တန်းလန်းကြီး။

"ဒါနဲ့.. နေပါဦး။ ဘယ်ကနေ ဆက်နေတာလဲ"

"သမီး လန်ဒန်မြို့ထဲက ဆက်နေတာပါ။ အင့်ဟင့်ဟင့်.. အရမ်းကြောက်တာဘဲ။ အနားမှာ ဘယ်သူမှလဲ မရှိကြဘူး။ သမီး ကြောက်လွန်းလို့ သေရတော့မယ်ထင်တယ်။ သမီးကို လာခေါ်ပါ သူကြီးမင်းရယ်... နော်"

"ဒါနဲ့.. ညည်းက ကျုပ်ကို သိလို့လား"

"သူကြီးမင်းကလဲ အရေးထဲ ပုလိပ်စစ် စစ်နေသေးတယ်။ သူကြီးမင်းကို မသိဘဲ နေပါ့မလား။ အသားဖြူဖြူ ရုပ်ချောချော ခန့်ခန့် မျက်နှာက မချိုမချဉ်နဲ့လေ"

ဖြူဖြူချောချောခန့်ခန့်ဆိုတော့ ဒီကောင်မလေး ငါ့ကို အမှန်အတိုင်းမြင်တတ်သားဘဲလို့ စိတ်ထဲတွေးပြီး ကျေနပ်မိလိုက်သေးတယ်။း) ပြီးတော့ မျက်နှာက မချိုမချဉ်နဲ့တဲ့။ မချိုမချဉ်ဆိုတာ ဘယ်လိုမျိုးမျက်နှာကို ဆိုလိုမှန်း မသိပေမဲ့ မစပ်မဆိုင် ဟို စလုံးက ဘလော့ဂါပိစိလေး ချိုချဥ့်မျက်နှာကိုတော့ ပြေးမြင်ယောင်မိလိုက်သေး။

"ဒါဖြင့်ပြော.. လန်ဒန် ဘယ်အနားမှာ ရောက်နေတာလဲ။ အခု လာခေါ်မယ်"

"အင့်.. ဟင့်.. ဟင့်... ဘယ်သိပါ့မလဲလို့..။ လာခေါ်ပါဆိုမှ လူကို မေးနေသေးတယ်။ နေရာသိရင် သူကြီးမင်းကိုတောင် ဖုန်းမဆက်ဘူး။ သမီးဖာသာ သွားချင်တဲ့နေရာကို သွားပြီးပြီ။ အမလေး ချမ်းလဲ အရမ်းချမ်းသာဘဲ။ သူကြီးမင်းရယ် ကယ်ပါဦး။ ဂတ် ဂတ် ဂတ် (မေးရိုက်သံ)"။ ( လွမ်းလဲ အရမ်း လွမ်းတာဘဲလားလို့ ဘာဖြစ်လို့ မမေးဖြစ်လိုက်မှန်းမသိ)။

သူ့ခမျာ မြို့ထဲမှာ တစ်ယောက်ထဲ။ ညကြီးမင်းကြီး။  ပြီးတော့ မိန်းခလေး။ အတော်လေး ချမ်းပြီး တော်တော်လေးလဲ ကြောက်နေလောက်ပြီ။ ငါ သွားကယ်မှ ဖြစ်မယ်။ နို့မဟုတ်ရင် " မြန်မာမလေး တစ်ယောက် လန်ဒန်မြို့ထဲ ပျောက်ဆုံးသွားခြင်း" ဆိုတဲ့ သတင်းခေါင်းကြီးပိုင်းပါလာမှ ယူကြုံးမရ ဖြစ်နေဦးမယ်။ နို့.. နေပါဦး။ သွားခေါ်တာတော့ ဟုတ်ပါပြီ။ ခေါ်ပြီး ဘယ်နား သွားထားမလဲ။ သူ့ဖာသာ လန်ဒန်ရောက်နေတာ ကြာနေပြီး အခုမှ မျက်စိလည်လမ်းမှားတာဆို သူ့အိမ် လိုက်ပို့ပေးလိုက် အဆင်ပြေသေးတယ်။ တော်ကြာ ဒီနေ့မှ လန်ဒန်ရောက်လာပြီး မြို့ထဲမှာ ခရီးသွားအိတ်တွေနဲ့အတူတူ ယောင်လည်လည် ဖြစ်နေတာဆို ဒုက္ခ။ အိမ်ကို ခေါ်လာရအောင်ဆိုလဲ အိမ်မှာက အခန်းပို မရှိ။ ရှိတဲ့ အခန်းပိုကလဲ ဧည့်သည်တစ်ယောက်က နေရာဦးထားပြီးပြီ။ ကျနော့်အခန်းထဲ အိပ်ခွင့်ပြုလိုက်ရင်လဲ မဖြစ်။ ညဉ့်နက်သန်းကောင် အိပ်မက်ယောင်ပြီး ကြောက်တယ် ကြောက်တယ် အော်နေမှဖြင့် သွားပြီ။ ကဲပါလေ။ သူ့ခမျာလဲ ဒုက္ခရောက်နေတာဆိုတော့ ကယ်တင်ကောင်းပါတယ်။ ခေါ်လာပြီး နီးစပ်ရာ ဟိုတယ်တစ်ခုခု ပို့ပေးလိုက်ရင် အဆင်ပြေသွားမှာပါ။

"ကဲ.. အခု လာခေါ်မယ်။ ဘယ်အနားမှာ ရှိနေသလဲဆိုတာကိုသာ ပြော"

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

"အနီးအနားမှာ အဆောက်အဦ ကြီးကြီးမားမားရှိရင်ပြော။ အဲဒါဆို မှန်းလာလို့ ရတယ်"

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

"ဘတ်စ်ကားမှတ်တိုင်တွေ့ရင် အဲဒီနာမည်ကိုပြော။ အခု လာခဲ့မယ်"

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

"ဒါဖြင့် ရထားဘူတာ တွေ့ရင် အဲဒီဘူတာနာမည်ကိုပြော"

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

 ".........................................................................."

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

 ".........................................................................."

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

 ".........................................................................."

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

 ".........................................................................."

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

"ကဲဟာ.. ဒါဖြင့်လဲ နေတော့... ဂွပ် (ဖုန်းချသံ)။ ဘယ်လို မိန်းမနဲ့ လာတွေ့နေမှန်းမသိဘူး"

ဘာမေးမေး အဖြေက တစ်မျိုးထဲ ဖြစ်နေတာများလာတော့ နဲနဲ ဒေါပွလာတယ်။ ပြီးတော့ အသံက ပုံမှန် မဟုတ်တဲ့ ညုတုတု အသံမျိုးနဲ့။ ပထမကတော့ သနားမိသေး။ နောက်တော့ တဖြည်းဖြည်းနဲ့ သောက်မြင်ကပ်လာတယ်။ ဘယ့်နှယ် မေးခွန်း နှစ်ဆယ်လောက် မေးလိုက်တာကို အဖြေက တစ်မျိုးထဲ။ ကယ်တင်ချင်တဲ့ စိတ်တွေလဲ ဘယ်ရောက်ကုန်မှန်းမသိ။ တော်တော်လေး အမြင်ကပ်ဖို့ကောင်းတဲ့ မ အီ ညာ.. အဲလေ... မသီတာ။ ဒါကြောင့် ဖုန်းချပစ်လိုက်ပြီး တီဗီသတင်းကိုဘဲ ဆက်ကြည့်နေလိုက်တော့တယ်။ သဗ္ဗေသတ္တာ ကမ္မဿကာဘဲပေါ့။
.....


ငါးမိနစ်ခန့် ကြာသောအခါ.......

"ကလင်..ကလင်..ကလင်..."

လာပြန်ပြီ။ ဟို ဂျိုကောင်မလေးဆီက ထပ်ဆက်ပြန်တာလား မသိ။ ဒါပေမဲ့ အိုင်ဒီကို ကြည့်လိုက်တော့မှ သူငယ်ချင်း တစ်ယောက်ဆီက။

"ဟေ့ကောင်.. ဇော်အောင်... ညကြီးသန်းခေါင် တစ်ခါမှ ဖုန်းမဆက်ဖူးဘဲ အခုမှ  ထူးထူးဆန်းဆန်း ဘယ်လို ဖြစ်နေတာလဲ"

"ဟား ဟား ဟား ဟား ဟား"

"ဟေ့ရောင်.. ငနဲ။ ငါ ဘာမှ ရယ်စရာ မပြောမိပါလား"

"ဟား ဟား ဟား။ မင့်အသံကြားတာနဲ့ ငါ အလိုလို ရယ်ချင်နေတာ"

"မင်းကသာ အူမြူးနေ။ ငါ အခု ဖုနေတာ"

"ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာလဲကွ။ သီတာဆိုတဲ့ မိန်းခလေးတစ်ယောက် ခုလေးတင် ဖုန်းဆက်ပြီး လန်ဒန်မြို့ထဲမှာ သူ့ကို လာခေါ်ဖို့ ပြောတယ်။ ဘယ်က သီတာမှန်းလဲ မသိ။ ဘယ်လို မိန်းခလေးမျိုးမှန်းလဲ မသိ။ ဒါပေမဲ့ သူ့ကို သွားခေါ်ဖို့ ဘယ်အနားရောက်နေတာလဲ ဆိုတော့လဲ ဘာမေးမေး တဟင့်ဟင့် တဟင့်ဟင့်နဲ့ ချွဲပစ်နေတယ်။ တောက်.... စဉ်းစားရင်း သောက်မြင်ကပ်လိုက်တာကွာ"

"ဟား ဟား ဟား ဟား ဟား"

"မင်းက ဘာဖြစ်လို့ သဘောကျနေတာတုန်း။ ငါ ကော်ဆဲလိုက်ရ"

"ဟား ဟား ဟား အခု စကားပြောနေတာ သမီး သီတာလေ"

"အမ်... ဘယ်လို"

"၀ါး ဟား ဟား ဟား။ ဘယ်လိုမှ မဟုတ်ဘူး။ သီတာဆိုတာ နှာလေ။ ခွီးခွီးခွီး။ မင့်ကို ဒီဇင်ဘာဖူးလ် လုပ်လိုက်တာ။ ဘယ်လိုလဲ နှာ့အသံ မိန်းခလေးသံနဲ့ တူတယ် မဟုတ်လား။ (သူကြီးမင်းရယ်.. လုပ်ပါဦး...အင့် ဟင့် ဟင့် ဟင့် (မိန်းမသံဖြင့်))"

"ချီးမှဘဲ။ မင်း အခု ငါ့အနားမှာသာ ရှိနေလို့ကတော့ မလွယ်ဘူး"

"ခွီး..ခွီး..ခွီး"

ဒါ Phone Hoax Call (ဖုန်းအတုခေါ်ဆိုမှု)ဘဲ။ ဘယ်လိုကောင်မှန်းလဲ မသိဘူး။ ဘယ့်နှယ် အေပရယ်လ်ဖူးလို့သာ ကြားဖူးပါတယ်။ သူ့ကျမှ ဒီဇင်ဘာဖူးလ်တဲ့။ ကြံကြံဖန်ဖန် တော်တော်လုပ်တတ်တဲ့ကောင်။ ပြီးတော့ တကယ့် မိန်းခလေးအသံမျိုးနဲ့။ "အင်းလေ.. သူငယ်ချင်းတွေဆိုတာ ဒီလိုဘဲ ထင်ပါရဲ့။ အချင်းချင်း မခံချင်အောင် စလိုက် နောက်လိုက်။ ထိုးလိုက် ကြိတ်လိုက်။ ပြန်အော်လိုက် ပြန်ခေါ်လိုက်။ ကဲပါလေ။ ရှိပါစေတော့။ ဘလော့အတွက် ကုန်ကြမ်းရတာပေါ့။ ဒီအကြောင်းလေး ပို့စ်တစ်ပုဒ်လောက်တော့ ဖြစ်လောက်ပါတယ်။ ပို့စ်ရေးဖို့ အိုင်ဒီယာ ရှားပါးနေတာနဲ့တော့ အတော်ဘဲ" ဆိုပြီး ဘလော့ဂါပီပီ ကုန်ကြမ်းတစ်ပုဒ်အတွက် မသီတာကို စိတ်ဆိုး ပြေပေးလိုက်တယ်။

ဒါနဲ့.........

ဒီအကြောင်းလေး ပို့စ်ရေး တင်မယ်လုပ်တုန်း ဒီအကြောင်းထက် ပိုပြီးဆိုးဝါးတဲ့ Phone Hoax Call ဖုန်းအတုခေါ်ခြင်းရဲ့ နောက်ကွယ်က ကိုယ့်ကိုကိုယ် သတ်သေမှု တစ်ခုအကြောင်း တီဗီသတင်းထဲ ပါလာပြန်ရော။ ဗုဒ္ဓနိုင်ငံတော်က ကိုနတ္ထိ ကလဲ "Phone Hoax Call အကြောင်းလေး ရေးရင်တော့ ဖတ်ရဦးမှာပ" ဆိုပြီး ကွန်မင့်မှာ လာမြှောက်ပေးလေတော့ မအားတဲ့ကြားထဲက ကဖြစ်အောင်တော့ ကလိုက်ဦးမှာဘဲ ဆိုပြီး မသီတာ ပို့စ်ကို မတင်သေးဘဲ အချိန်ရတဲ့ တစ်နေ့တော့ မသီတာပို့စ်နဲ့  Phone Hoax Callပို့စ်ကို အတူတူ ပေါင်းစည်းပြီး တင်ဦးမယ်လို့ စိတ်ထဲ တေးမှတ် ကြံစည်ထားခဲ့တယ်။ ဒီနေ့တော့ အချိန်နဲနဲရတာနဲ့ အခါကောင်းတုန်းလေး ပို့စ်ရှည်တစ်ပုဒ်အဖြစ် ဖန်တီးလိုက်မိတယ်။


ဖုန်းအတုအခေါ်ခံရတဲ့သူက ကိုယ်ဝန်ရပြီး မူးဝေအော့အန်တဲ့အတွက် King Edward VII ဆေးရုံပေါ်ရောက်နေတဲ့ ကမ္ဘာကျော် တော်ဝင်မင်းသမီးလေး ကိတ်။ ဖုန်းအတု ခေါ်တဲ့သူက သြစတြေးလျက Australian radio DJs ရေဒီယို ပရီစင့်တာ နှစ်ဦး ဖြစ်တဲ့ 2Day FM အစီအစဉ်မှ Mel Greig နှင့် Michael Christian ။ အတုလုပ်ပုံက သူတို့နှစ်ဦး (မတစ်ဦး ကျားတစ်ဦး)မှာ တစ်ဦးက ဗြိတိန်ဘုရင်မကြီးအတု။ တစ်ဦးက သားတော်ချားလ်စ်မင်းသား အတု။ ဖုန်းလက်ခံပြီး မင်းသမီးကိတ်ရဲ့ အထူးနာ့စ်ထံ လိုင်းလွှဲပေးလိုက်တဲ့သူက နာ့စ်မတစ်ယောက်ဖြစ်တဲ့ အိန္ဒိယနွယ်ဖွား Jacintha Saldanha ။ ဖုန်းခေါ်တဲ့အချိန်က ဗြိတိန်စံတော်ချိန် နံနက် ငါးနာရီခွဲ။ အဲဒီလို ဖုန်းအတုခေါ်ဆိုပြီး မင်းသမီးလေး ကိတ်ရဲ့ ကျန်းမာရေး အခြေအနေကို အသေးစိပ် သူတို့ ရယူသွားနိုင်ခဲ့ကြတယ်။ သူတို့အစီအစဉ်ကတော့ ဒီဖုန်းအတုခေါ်ဆိုတာတွေကို အသံဖမ်းထားပြီး ပြန်လည်တည်းဖြတ်မယ်။ ပြီးရင် ပရိသတ်တွေ ပျော်ရွှင်မှုရအောင် အသံထုတ်လွှင့်တဲ့ အစီအစဉ်မှာ အထူးအနေနဲ့ တင်ဆက်မယ်ပေါ့။

ဒါပေမဲ့ သူတို့ရဲ့ ပျော်ရွှင်စရာဖန်တီးမှုကတစ်ဆင့် အပျော်လွန် အကျွံဖြစ် ဆိုသလို အဲဒီဆေးရုံက နာ့စ်မတစ်ယောက် သူတို့ရဲ့ ဖုန်းအတုခေါ်ဆိုမှုကြောင့် (ဖုန်းခေါ်ဆိုပြီး သုံးရက်မြောက်နေ့မှာ) သူ့ကိုယ်သူ သတ်သေသွားတဲ့ သတင်းကြားတော့ သူတို့ရဲ့ ပျော်ရွှင်စရာ အစီအစဉ်လေးဟာ အကျည်းတန်စွာနဲ့ဘဲ အဆုံးသတ်ခဲ့ရပါတယ်။ ဗြိတိန်တစ်နိုင်ငံလုံးလဲ အုန်အုန်းကြွက်ကြွက်ကို ဖြစ်လို့။ ကိတ်နှင့် ၀ီလျံတို့လဲ စိတ်အနှောက်အယှက်ဖြစ်။ ကုသပေးတဲ့ ဆေးရုံကလဲ နှစ်ပေါင်း တစ်ရာကျော်တိုင်တိုင် တော်ဝင်မိသားစုတွေကို အစဉ်အဆက် ကုသပေးခဲ့တဲ့ ဆေးရုံဆိုတော့ သူတို့ကိုယ် သူတို့လဲ အခုလို ဖုန်းအတုခေါ်ခံရတဲ့အပေါ် အပြစ်တစ်ခုလို ခံစားရပြီး မြင်သာထင်သာ တောင်းပန်။ သြစတြေးလျက ပရီစင့်တာနှစ်ဦးကလဲ သူတို့လုပ်ခဲ့မိတဲ့အတွက် ၀န်ခံ တောင်းပန်။ မီဒီယာတွေကလဲ ဒီသတင်းတွေကိုဘဲ ထပ်ကာထပ်ကာလွှင့်။ နောက်ဆုံးတော့ ဖုန်းလိုင်းလွှဲပေးလိုက်တဲ့ နာ့စ်မလေးတစ်ယောက် သူ့ကိုယ်သူ အပြစ်ရှိတယ်ဆိုပြီး ဖိစီးစိတ်နဲ့ အဆုံးစီရင်သွားပါရောလား။ သတ္တ၀ါတစ်ခု ကံတစ်ခုပေဘဲ။

ဖုန်းအတုခေါ်စဉ်က ဖုန်းအတုခေါ်ဆိုသူ နှစ်ဦး

 ဖုန်းအတုခေါ်ပြီး ဖုန်းအတုခေါ်ဆိုသူ နှစ်ဦး


ဆရာအောင်သင်း ပြောခဲ့တဲ့  "ကျုပ်က ရယ်စရာချည်းသက်သက်မပြောဘူး။ ရယ်မောစရာကိုဘဲ ပြောတယ်။ ရယ်စရာပြီးရင် မောစရာတွေ ရှိနေပါလားဆိုတာ လူတွေကို သိစေချင်တယ်" ဆိုတဲ့ စကားလေးကိုဘဲ အမှတ်ရမိတယ်။ ဖုန်းအတု ခေါ်စဉ်တုန်းက သူတို့နှစ်ဦး တခွီးခွီးနဲ့ သဘောခွေ့နေခဲ့ကြပေမဲ့ ဖုန်းအတုခေါ်ပြီး အဲဒီခေါ်ဆိုမှုကို အကြောင်းပြုလို့ နာ့စ်မတစ်ယောက်ဖြစ်တဲ့ Jacintha Saldanha သူ့ဖာသာ သူ သေကြောင်းကြံခဲ့ပြီးနောက်မှာတော့ သူတို့နှစ်ဦးလုံး မျက်ရည်နဲ့ မျက်ခွက်။ ကြည့်ရတာတောင် စိတ်မကောင်းဘူး။

ဘယ်သူမှန်တယ် ဘယ်သူမှားတယ်လို့ မသုံးသပ်ချင်ပေမဲ့ သေတဲ့သူကတော့ သေပြီးသွားပြီ။ အမှန်တကယ်က မင်းသမီးကိတ်ရဲ့ ကျန်းမာရေးအကြောင်းအပြည့်အစုံကို ဖုန်းဆက်ပြောတဲ့သူက အဲဒီနာ့စ်မ Jacintha Saldanha မဟုတ်ပါဘူး။ အခြားအနီးကပ် စောင့်ရှောက်ပေးတဲ့ နာ့စ်မတစ်ယောက်ပါ။ Jacintha Saldanha က ပထမဆုံး ဖုန်းအ၀င်ကို ကောင်တာ(ဧည့်ကြို)ကနေ လက်ခံပြီး မင်းသမီးကိတ်နေတဲ့ အခန်းကို လွှဲပေးလိုက်တဲ့ သူပါ။ ဒါဖြင့် သူက ဘာဖြစ်လို့ သူ့ကိုယ်သူ သတ်သေသွားရသလဲ။ ဥာဏ်မမီပေမဲ့ နဲနဲတော့ စဉ်းစားကြည့်လိုက်ဦးမယ်။

၁။ ဖုန်းအတုကို လက်ခံပြီး မင်းသမီးကိတ်ဆေးရုံတက်နေတဲ့ အခန်းကို လိုင်းလွှဲပေးမိလိုက်တဲ့အတွက် သူ့ဖာသာသူ အပြစ်တစ်ခု ကျူးလွန်မိသလိုမျိုး (သူ့တာဝန် သူမကျေသလိုမျိုး) ခံစားရလွန်းလို့ (အဲဒီအပြစ်ကို မခံစားနိုင်တော့လို့) သတ်သေလိုက်တာလား။ ဗြိတိန်မှာကလဲ တော်ဝင်မိသားစုနဲ့ ပတ်သက်လာရင် အားလုံး အထိမခံ ရွှေပန်းကန်တွေက များတယ် မဟုတ်လား။ ပြီးတော့ သတင်းမီဒီယာသမားတွေကလဲ တီဗီ အင်တာနက် ရေဒီယို သတင်းစာ မဂ္ဂဇင်း စတဲ့ သတင်းဋ္ဌာနတွေမှာ အဲဒီ သတင်းတွေချည်း ထပ်ကာ ထပ်ကာ ရီပိ(တ်) လုပ်နေကြတယ်လေ။ အဲဒါတွေကို ကြားရ မြင်ရတိုင်း အလွန့်အလွန် နောင်တတဖန် ပူပန်ပြီး အခုလို လုပ်လိုက်တာများလား။

၂။ ဆေးရုံကလဲ တော်ဝင်မိသားစုတွေ တက်ရောက်တဲ့ ဆေးရုံဖြစ်နေတဲ့အတွက် အမှားအယွင်း မရှိအောင် အမြဲတမ်း သတိထားနေကြရတယ်။ အခုလို အမှတ်မထင် အထဲကသတင်း အပြင်ရောက်သွားတာဟာ အဲဒီ ဆေးရုံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်။ ဒါကြောင့် ပထမဆုံး ဖုန်းစကိုင်တဲ့သူကို ဒီလောက်တောင် တုံးရ အ ရ သလား၊ ဘုရင်မအသံနဲ့ သြစီငတိမလေးအသံနဲ့တောင် မခွဲခြားနိုင်ဘူးလား၊ ဒီလိုပုံ နမော်နမဲ့ဆိုရင်တော့ ဒီအလုပ်က အနားယူလိုက်တာဘဲ ကောင်းမယ် စသဖြင့် ဆေးရုံဝန်းထမ်းတွေ အားလုံး ၀ိုင်းဝန်းအပြစ်တင်ကြကောင်း တင်ကြမယ်။ ပြီးတော့ ဆေးရုံတာဝန်ခံတွေ အားလုံးကလဲသူတို့မှာ တာဝန်ရှိကြောင်း ပေါ့ဆမိကြောင်း တော်ဝင်မိသားစုကို တောင်းပန်လို့ကို မပြီးနိုင်ဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီဖိစီးမှုဒဏ်တွေကို မခံရပ်နိုင်တော့လို့ သူကိုယ်သူ အဆုံးစီရင်လိုက်တာများလား။

၃။ ဒါမှမဟုတ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် နာမည်ကြီးချင်လို့ အခုလို သူ့ကိုယ်သူ သတ်သေလိုက်တာများလား။ ဒီလို စဉ်းစားမိတဲ့အတွက် ကျန်ရစ်သူ မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ စဉ်းစားမိတာလေးကိုတော့ သုံးသပ်ကြည့်လိုက်ပါဦးမယ်။ ဒီဘက်နိုင်ငံတွေက အခြားနိုင်ငံတွေထက် ပိုပြီး နာမည်ကြီးချင်ကြတယ် မဟုတ်လား။ နာမည်ကြီးဖို့ဆိုရင် အသက်ကိုလဲ မနှမြောတတ်ကြသလို အရှက်ကိုလဲ ထည့်မတွက်တတ်ကြဘူး။ ကြည့်လေ။ လူတကာစုံတဲ့ ဘောလုံးကွင်းထဲ အ၀တ်အားလုံးချွတ်ပြီး ကိုယ်လုံးတီး ၀င်ပြေးခဲ့တဲ့ အမျိုးသမီးတစ်ဦး။ ဘောလုံးကွင်းထဲ အတင်းဝင်ရောက်ပြီး ကစားသမားတစ်ဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ အမျိုးသားတစ်ယောက်။ တီဗီဖန်သားပေါ် သတင်းစာပေါ် ထင်ထင်ရှားရှား ပါဖို့ဆိုရင် အကုန် လုပ်လေ့ရှိကြတဲ့ သူတွေလေ။ အခုလဲ တော်ဝင်မိသားစုနဲ့ ပတ်သက်နေတဲ့ အကြောင်းအရာတစ်ခု။ ဒီထက် ပိုပြောရရင်တော့ ဗြိတိန်သာမက ကမ္ဘာကပါ လှုပ်ရွလှုပ်ရွ ဖြစ်နေတဲ့ ၀ီလျံနှင့်ကိတ် စုံတွဲတို့ရဲ့ ပထမဆုံး ရင်သွေးရတနာလေး ၀မ်းဗိုက်ထဲ ရောက်နေတဲ့ ဖြစ်စဉ်တစ်ခု။ ဒီထက် နာမည်ကြီးတာ ဘာရှိဦးမှာလဲ။ တော်ဝင်မိသားစုနဲ့ ပတ်သက်ဆက်နွယ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင် သွားတဲ့ သူတစ်ယောက်ဟာလဲ နာမည်မကြီးစရာ အကြောင်းမရှိပါဘူး။ သတင်းခေါင်းကြီးပိုင်း ပါလာမှာတော့ ကျိန်းသေဘဲ။ ပြီးတော့ အခု ကိတ်တို့ရဲ့ ရင်သွေးလေး နောင်တစ်ချိန် ဗြိတိန် ဘုရင် (သို့) ဘုရင်မ ဖြစ်လာတဲ့ တစ်နေ့မှာလဲ ဒီဘုရင်(သို့)ဘုရင်မ ကိုယ်ဝန်တည်ခါစက Jacintha Saldanha ဆိုတဲ့ နာ့စ်မလေး သူ့ကိုယ်သူ အဆုံးစီရင်သွားရရှာတယ်ဆိုပြီး လူတွေ သတိရနေကြဦးမှာ မဟုတ်လား။ အခုတောင် အင်တာနက်မှာ Jacintha Saldanha လို့သာ ရိုက်ကြည့်။ ထွက်လာလိုက်တဲ့ သူ့သတင်းတွေ အများကြီးဘဲ။ တီဗီတို့ သတင်းစာတို့ ရီဒီယိုတို့မှာလဲ သူ့သတင်းတွေချည်းဘဲ။ အဲဒီလို အဲဒီလို နာမည်ကြီးချင်လို့များ သူ့ကိုယ်သူ အဆုံးစီရင် သွားလေရော့သလား။

၎။ နောက်ဆုံးအနေနဲ့ ဒီလို ဖုန်းအတုခေါ်ဆိုခြင်းရဲ့ နောက်ကွယ်မှာ ဒီလို အကျည်းတန်တဲ့ အဖြစ်အပျက်တွေ ရှိနေတတ်တယ်ဆိုတာကို ဖုန်းအတုခေါ်သူတွေကို (နောင်ခေါ်မဲ့သူတွေကို) နောင်ကြဉ်သွားအောင် သင်ခန်းစာပေးချင်လို့များ အခုလို သူ့ဘ၀သူ အဆုံး စီမံသွားလေသလား။ 

နောက်ဆုံး အချက် သုံးချက်အတွက် ဘာမှ မဝေဖန်လိုပေမဲ့ ပထမဆုံး အချက်ကိုတော့ နဲနဲ ပြောချင်ပါသေးတယ်။ ဒီဘက်ကလူတွေက တာဝန်တစ်ခုခုယူမိရင် အဲဒီတာဝန်ကို တန်ဖိုးထားတတ်လေ့ ရှိကြတယ်။ အတတ်နိုင်ဆုံး မပျက်ကွက်အောင် ကြိုးစားလေ့ရှိကြတယ်။ အထူးသဖြင့် အထက်အရာရှိပိုင်းမှာ တာဝန်ယူနေတဲ့ သူတွေဆို ပိုပြီးတော့တောင် တာဝန်ကို လေးလေးနက်နက် ထားတတ်ကြတယ်။ ဒါကြောင့်မို့လဲ သူတို့ လုပ်ငန်းမှာ အပြစ်တစ်စုံတစ်ရာတွေ့ရင် သူတို့ကိုယ် သူတို့ အပြစ်ရှိတယ်လို့ ခံယူပြီး ၀န်ကြီးဝန်လေးတွေတောင် သူ့တို့ဖာသာ သူတို့ တာဝန်ကနေ နှုတ်ထွက်သွားလေ့ရှိကြတာ မဟုတ်လား။ အခုလဲ ဒီ နာ့စ်မတစ်ယောက် သူ့ကိုယ်သူ တာဝန်တစ်ခုကို မကျေလိုက်သလိုမျိုး ခံစားရကောင်း ခံစားရနိုင်တယ်။ အခုဟာက တော်ဝင်နွယ်တွေရဲ့ သတင်း၊ ပြီးတော့ လူမမာ တော်ဝင်နွယ်တစ်ဦးရဲ့ သတင်း။ ဒါတွေကို အပြင်ကို ထုတ်ပစ်မိတယ်ဆိုတော့ တာဝန်ပေါ့ဆမှုက တကယ်ကို (တာဝန်ရှိတဲ့ စိတ်ဓါတ်နဲ့ တွေးကြည့်ရင်) ကြီးလေးသလို ဖြစ်နေတယ်။ အဲဒီလို တာဝန်သိစိတ်နဲ့ သူ့ကိုယ်သူ တာဝန်ပေါ့ဆမိတယ်လို့ ခံယူပြီး အဲဒီ ပေါ့ဆမှုအတွက် သူ့အသက်ကို ပေးဆပ်လိုက်တယ်ဆိုရင်တော့ တကယ်ကို ချီးကျူးစရာပါ။ တာဝန်ကို တကယ်ယူတတ်တဲ့ စိတ်ကို ချီးကျူးတာပါ။ သူကြီးမင်းတို့ ရွှေနိုင်ငံမှာတော့ ဆေးအထိုးမှား ဆေးအပေးမှား ခွဲစိပ်မှားတွေကအစ လူမမာတွေကို မောက်မောက်မာမာ ဆက်ဆံတာမျိုးတွေ ကြားကြားနေရတယ်။ သူတို့ကတော့ သူတို့တာဝန်ဟာ ဘာလဲဆိုတာ သိပုံ မပေါ်ကြဘူး ထင်ပါရဲ့။ အခု နာ့စ်မလေးလို တာဝန်ပေါ့ဆမိတဲ့အတွက် ကိုယ့်ကိုကိုယ် သတ်သေကြစတမ်းဆိုရင်တော့ ရွှေပြည်ကြီးမှာလဲ ဆေးရုံဝန်ထမ်းတွေတောင် ကျန်ပါတော့ဦးမလား မသိ။


အခုတော့ ဒီနာ့စ်မတစ်ယောက် သေဆုံးမှုနဲ့ ပတ်သက်လို့ ကိစ္စတွေက ကြီးသထက် ကြီးလာပြီ။ သြစတြေးလျက ဖုန်းအတုခေါ်သူနှစ်ယောက်လဲ အသက် ချိန်းခြောက်ခံနေရလို့ ၂၄ နာရီ လုံခြုံရေးပေးထားရတယ်။ အဲဒီ လုံခြုံရေး ကုန်ကျစရိတ်က တစ်ပတ်ကို စတာလင်ပေါင် ငါးသိန်းတဲ့။ နောက်ပြီးတော့ ဒီ ဖုန်းအတုခေါ်ဆိုမှုအတွက် ဥပဒေသစ်တွေ ထွက်ပေါ်လာဦးမယ့် ပုံလဲပေါ်နေတယ်။ အဲဒီဆေးရုံကိုလဲ စစ်ဆေးမှုတွေ ကြပ်ကြပ်မတ်မတ် လုပ်နေတယ်။ အဲဒီနာ့စ်မ အခန်းထဲမှာလဲ သူမသေခင် သူ့ကိုယ်သူ သတ်သေမှုအတွက် မှတ်စုတို သုံးခု ရေးထားခဲ့တာ တွေ့ရတယ်တဲ့။ အဲဒီမှတ်စုတွေဟာ သူရေးထားခဲ့တာနဲ့ သူဖြစ်ပျက်သွားခဲ့တာ တကယ် ဟုတ်မဟုတ်တော့ သေချာ မပြောနိုင်သေးဘူးတဲ့။ (အဲဒီမှတ်စုတွေကိုတော့ ဒီမှာ မဖော်ပြတော့ပါဘူး)။ အခုဆို သူ့ရုပ်အလောင်းကို အိန္ဒိယကို သယ်ယူသွားပါပြီ။ မနက်ဖန် (၁၅ ရက်) ဒေသစံတော်ချိန် နံနက် ၀၀း၃၀ နာရီမှာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းကို ရောက်မယ်တဲ့။(အခုလောက်ဆို ရောက်နေလောက်ပါပြီ)။ သန်ဘက်ခါ မွန်ဘိုင်းကတစ်ဆင့် မန်ဂလိုကို ဈာပနပြုလုပ်ဖို့ ထပ်ပျံသန်းမယ်တဲ့။

နဲနဲ ပေရှည်ရရင်တော့ အခုလို တော်ဝင်နွယ်တွေ နိုင်ငံ့ဆောင်းခေါင်တွေကို ဖုန်းအတုခေါ်ဆိုခဲ့တာဟာ အခုမှ မဟုတ်ပါဘူး။ ဟိုတုန်းကထဲကပါ။ အထူးသဖြင့် အခု လက်ရှိဘုရင်မကြီးကိုယ်တိုင် လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က ဖုန်းအတု ခေါ်ခံခဲ့ရဖူးပါတယ်။ ကနေဒါဝန်ကြီးချုပ် ယောင်ဆောင်ပြီး ခေါ်ဆိုခဲ့တာပါ။ ခေါ်ဆိုခဲ့တဲ့ သူကလဲ အခုလိုမျိုး ပရင်စင်တာ တစ်ဦးပါ။ မျက်နှာစုံညီအစည်းအဝေးအတွက် သူ့ကို အားပေးထောက်ခံတဲ့ မိန့်ခွန်းမျိုး အသံဖမ်းပြီး ပို့ခိုင်းတာပါ။ သူတို့နှစ်ယောက် ၁၅ မိနစ်တိတိ စကားပြောခဲ့ကြတာတဲ့။ ပြီးခဲ့တဲ့ လန်ဒန်အိုလံပစ်အားကစားပွဲအချိန်တုန်းကလဲ အခုလို ဖုန်းအတုခေါ်ဆိုမှုတွေ အလွန်များခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ်မယ်ဆိုပြီး သတိတောင် ပေးခဲ့ရသေးတယ်။ ဒါပေမဲ့လို့ ပြီးခဲ့တဲ့ အတိတ်တွေမှာတော့ ဖုန်းအတုခေါ်ဆိုမှုကြောင့် အခုလို ပြဿနာ ကြီးကြီးမားမား တက်ခဲ့တာ တစ်ခါမှ မတွေ့ရှိခဲ့ဖူးပါဘူး။

အခုလို ဖြစ်ပျက်သွားတာဟာ ကိုယ်ဝန်ရရှိပြီး ဆေးရုံတက်ရောက်ခဲ့ရတဲ့ မင်းသမီးကိတ်ရဲ့ အပြစ်လား။ ဖုန်းအတုခေါ်ဆိုခဲ့တဲ့ အောစီက ရီဒီယို ပရင်စင်တာ နှစ်ဦးရဲ့ အပြစ်လား။ ဖုန်းကိုင်ပြီး ဖုန်းလိုင်းကို မင်းသမီးကိတ်အခန်းကို လွှဲပေးလိုက်တဲ့ နာ့စ်မရဲ့ အပြစ်လား။ တော်ဝင်မိသားစုအတွက် ပြုလုပ်ဖန်တီးထားတဲ့ King Edward VII မှာ ရှိတဲ့ ဆေးရုံဝန်ထမ်းတွေရဲ့ အပြစ်လား။ သတင်းမီဒီယာသမားတွေရဲ့ အပြစ်လား။ ဘာလား ညာလား မပြောတတ်ပေမဲ့ အားလုံးကတော့ သူ့သဘော သူဆောင်သွားပါပြီ။ ဆောင်နေကြပါပြီ။ ဆောင်ကြပါလိမ့်ဦးမယ်။

ဒီအကြောင်း စဉ်းစားမိပြီး အရှင်ဇ၀န(မြစေတီ) ရေးခဲ့တဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ပြေးသတိရမိတယ်။ တစ်ညမှာ သူဟာ ရေနံဆီမီးခွက်ထွန်းပြီး စာကြည့်တယ်တဲ့။ အဲဒီလို စာကြည့်နေတဲ့အခါမှာ ပိုးဖလံကောင်လေးတွေ မီးခွက်က မီးညွန့်ကို ထိုးထိုးပြီး မီးလောင်သေကုန်ကြတယ်တဲ့။ (ပိုးဖလံဆိုတာ မီးပုံကို ရွှေတောင်ကြီးလို့ မှတ်ထင်တာလို့ ဘုန်းကြီးကျောင်းသားဘ၀တုန်းက ဆရာဘုန်းကြီးပြောတာ မှတ်ခဲ့ဖူးတယ်။ ပြီးတော့ လင်္ကာလေးတစ်ပုဒ်ကိုလဲ မှတ်သားဖူးခဲ့တယ်။ "ပိုးဖလံမျိုး၊ မီးပုံထိုး၊ ကိုယ်ကျိုးနည်းတတ်သည်"  တဲ့)။  ပထမတော့ သူလဲ စာထဲ စိတ်ဝင်စားနေတော့ သတိမထားမိဘူးတဲ့။ နောက်တော့မှ သတိထားမိတယ်တဲ့။ ဒီတော့ အဲဒီအတွက် သူ အရမ်းစိတ်မကောင်း ဖြစ်ပြီး အိပ်မပျော်ဘဲ ဖြစ်နေတယ်တဲ့။ ဒီပိုးကောင်လေးတွေဟာ ငါ့ကြောင့် သေရတာ လို့ တွေးတွေးနေမိပြီး စိတ်မသက်မသာ ဖြစ်နေခဲ့တယ်တဲ့။ နောက်တော့ အခုလို ပြန်စဉ်းစားတယ်တဲ့။  ဒီ ပိုးကောင်လေးတွေ သေရတာဟာ စာကြည့်ဖို့ ရေနီဆီမီးခွက်ကို  မီးထွန်းထားတဲ့ ငါ့အပြစ်လား၊ ဒါမှမဟုတ် ပိုးကောင်လေးတွေကို လောင်ကျွမ်းစေတဲ့ ရေနံဆီမီးခွက်ရဲ့ အပြစ်လား။ ဒါမှမဟုတ် မီးကိုမီးမှန်း မသိဘဲ ပျော်ပျော်ကြီး ၀င်တိုးခဲ့ကြတဲ့ ပိုးကောင်လေးတွေရဲ့ အပြစ်လား။ အဲဒီလို စဉ်းစားတယ်တဲ့။ နောက်ဆုံးတော့ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ ငါလဲ ငါ့အလုပ် လုပ်တာဘဲ။ မီးခွက်ကလဲ မီးခွက်အလုပ် လုပ်တာဘဲ။ ပိုးကောင်လေးတွေကလဲ သူတို့အလုပ် သူတို့ လုပ်ကြတာဘဲ။ ဒီတော့ အားလုံး သူ့သဘော သူဆောင်ကြတာချည်းဘဲ ဆိုပြီး စိတ်ကို ဖြေသိမ့်လိုက်တော့မှ အိပ်ပျော်သွားတော့တယ်တဲ့။ အခုလဲ ဒီနာ့စ်မ သေဆုံးရတဲ့ ကိစ္စမှာ ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ မင်းသမီးကိတ်လဲ အခုလို လူသေမှု ဖြစ်မယ်မှန်း ကြိုသိရင် အဲဒီဆေးရုံကို တက်မှာ မဟုတ်ပါဘူး။ ဟိုနှစ်ယောက်ကလဲ ဖုန်းအတု ခေါ်ဆိုလိုက်တဲ့အတွက် အခုလို ဖြစ်လိမ့်မယ်ဆိုတာ ကြိုမြင်နေရင်  ဖုန်းခေါ်ဆိုခဲ့မှာ မဟုတ်ပါဘူး။ နာ့စ်မကလဲ ဖုန်းအတုမှန်း ကြိုသိခဲ့ရင် ကိုင်ခဲ့မှာ မဟုတ်ပါဘူး။  အခုတော့ အားလုံး ပြီးသွားပါပြီ။ အားလုံး သူ့သဘော သူဆောင်ကြတာချည်းဘဲလို့ သတ်မှတ်လိုက်ရုံဘဲ ရှိပါတော့တယ်။

ကဲ မပြောဘူးလား။ ရယ်စရာ မောစရာပါလို့။ ပထမကတော့ မသီတာအကြောင်းဖတ်ပြီး ရယ်ရတော့မလိုလိုနဲ့ နောက်ဆုံးတော့ မောစရာတွေ ဖတ်ရရောမဟုတ်လား။ ရေးထားတဲ့ အကြောင်းအရာတွေကြောင့် မရယ်ရ မမောရရင်တောင် ဒီလောက်ရှည်တဲ့ ပို့စ်ကြီးကို အားနာနာနဲ့ ဆုံးအောင် ဖတ်ခဲ့မိတဲ့ အတွက်တော့ အတော်လေး မောလျသွားလောက်ပါတယ်။ အဲဒီတော့ ရယ်လိုက် မောလိုက် မောလိုက် ရယ်လိုက်ပေါ့နော့။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)



.

Wednesday, 5 December 2012

မိုးထိညံတဲ့ ကိတ်ရဲ့ မောနင်းဆစ်ခ်

"မင်းသမီးကိတ် ကိုယ်ဝန်ရခါမှဘဲ ချားစ်မင်းသားကြီး အရေပြားလှီးခံရတော့တယ်"

ခုတလော ယူကေတစ်ခွင်မှာ ၀န်ကြီးချုပ်ကနေ မူကြိုကျောင်းသူကျောင်းသားတွေထိ အုန်းအုန်းကျက်ကျက်  ဖြစ်နေတာကတော့ မင်းသားဝီလျံရဲ့ ကြင်ယာတော် မင်းသမီးလေးကိတ် ကိုယ်ဝန်ရလို့ ကွန်ဂရက်ကျူလေးရှင်း လုပ်နေကြတဲ့ အသံတွေပါဘဲ။  မင်းသမီးကိတ် မော်နင်းဆစ်ခ် ဖြစ်လို့ ဒီဇင်ဘာ သုံးရက်နေ့ ညနေကစပြီး King Edward VII ဆေးရုံမှာ တင်ထားရကြောင်း ယူကေတစ်ခွင်လုံးရဲ့ နန်းညွန့်နန်းလျာလေး သန္ဓေခနေပြီဖြစ်ကြောင်း မင်းသားဝီလျံကိုယ်တိုင်ကလဲ အလုပ်တစ်ဖက် ကြင်ယာတော်တစ်ဖက်နဲ့ ဗျာများနေရကြောင်း ၀ီလျံကောကိတ်ကော အသက် ၃၀ အရွယ်မှာ ကလေးရတော့မဲ့အကြောင်း စတဲ့စတဲ့ လူ့လောကထဲ ၀င်ရောက်လာတော့မဲ့ ရင်သွေးလေးအတွက် ကျားမှန်း မမှန်း မသိ၊ ဖြူဖြူမဲမဲ မကွဲသေးမီကစပြီး ဟော့သတင်း ဘရိကင်းနယူးစ် ဖြစ်နေလေရဲ့။

အခုမှ ကိုယ်ဝန်ရှိနေပြီလို့ သိရခါရှိသေး ယူကေတစ်ခွင်လုံး သူတို့ရဲ့ ထီးညွန့်ထီးလျာလေးအတွက်  အောင်ပွဲခံနေကြလေရဲ့။ အတိုင်းတိုင်းအပြည်ပြည်က လူကြီးမင်းများကလဲ လူမှုရေးအရလား သံတမန်အရလား ဒါမှမဟုတ် တကယ်ဘဲ စိတ်ထဲပါလို့လားတော့ မသိဘူး။ ကွန်ဂရက်ကျူလေးရှင်းတွေ ဇွတ်လုပ်နေကြလေရဲ့။ ပြီးတော့ ရာဂဏန်းအထက်မှာရှိတဲ့ နိုင်ငံတကာက သတင်းထောက်တွေကလဲ ကင်မရာတွေ တကားကားနဲ့ ကိတ်တက်နေတဲ့ ဆေးရုံရှေ့မှာ စုရုံးနေကြလေရဲ့။ ဒီကိုယ်ဝန်အတွက် လူတွေ အတော်လေး အလုပ်ရှုပ်နေကြပါရောလား။ 

စပ်မိလို့ ပြောရဦးမယ်။ သူကြီးမင်းရဲ့ အကိုတစ်ယောက်ဆိုရင် သူကြီးမင်းရွာတစ်ခါပြန်ရင် ကလေးတစ်ယောက်တိုးတိုးနေလို့ နဲနဲတော့ လျော့ကြပါဦးလို့ကို သတိပေးနေရတယ်။ ဘယ့်နှယ် ရှိတဲ့ လယ်ဧကမှ ငါးဧကလောက်ဘဲ ရှိတာ၊ ကလေးတွေက ခုနစ်ယောက်လောက် ဖြစ်နေပြီဆိုတော့ ဒီကလေးတွေအရေး ဘယ့်နှယ်လုပ်ကြပါ့မလဲ။ ဒီကြားထဲ အမြွာက တစ်ပူးပါနေပြန်သေး။ ဒါကြောင့် ရွာပြန်တိုင်း ကလေးတွေကို မြင်တိုင်း ကွန်ဂရက်ကျူလေးရှင်း မလုပ်နိုင်ဘဲ အကိုတို့ စုံတွဲကို ထိန်းထိန်းသိမ်းသိမ်းလေး လုပ်ဖို့ဘဲ သတိပေးနေရတယ်။း)) အခု နန်းညွန့်နန်းလျာလေးလို တစ်ယောက်ရတိုင်း ကွန်ဂရက်ကျူလေးရှင်းသာ လုပ်နေလို့ကတော့ ရွာကအကိုတို့စုံတွဲ ပျော်ပျော်ကြီး ကကြပြီသာ မှတ်ပေတော့။း))

အခုလဲကြည့်။  သတင်းစာ ဂျာနယ် တီဗီ ရေဒီယို ပြီးတော့ လူတွေရဲ့ ပါးစပ်ဖျား။  အားလုံး မင်းသမီးကိတ်ရဲ့ ရင်သွေးလေးအကြောင်းတွေချည်းဘဲ။ ဒါပေမဲ့ ဒီရင်သွေးလေးနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုတိုးလာတာက တကယ်လို့ ကင်းဘရစ်မြို့စားကတော် မင်းသမီးလေးကိတ်က သားသားလေး မွေးဖွားလာရင် အရေဖျား လှီးဖြတ်တဲ့ ရိုးရာကို လိုက်နာကျင့်သုံးမလား ဆိုတာပါဘဲ။ ကလေးကဖြင့် အခုမှ ကလလရေကြည်အဆင့် အစိုင်အမြှုပ်အဆင့်လောက် ရှိဦးမယ်။ အနောက်တိုင်း မီဒီယာတွေကတော့ အလုပ်ရှုပ်ကုန်ကြပြီ။ အဲဒီလို ဟိုလိုစဉ်းစား ဒီလိုစဉ်းစားနဲ့ နောက်ဆုံးတော့ မစပ်မဆိုင် ဝေလမင်းသားကြီး ချားစ်တစ်ယောက် အရေဖျားလှီးဖြတ်ခံခဲ့ရတဲ့ အကြောင်းပါ ပူးတွဲပါလာပြန်ရော။ သူ့ခမျာ မြေးဦးလေး ရမယ်မှာ မကြံသေးဘူး။ သူ့အရေဖျား လှီးဖြတ်ခံနေရသလို ဖြစ်နေပါရောလား။ 

ချားစ်မင်းသားတင်မကဘူး တနွယ်ငင်တစင်ပါ ဖြစ်ကုန်ပြီး ဗြိတိန်တော်ဝင်နွယ် ယောက်ျားတွေ အရေဖျား လှီးဖြတ်ခံကြရရှာတယ်။ သမိုင်းကို တူးဆွတာ ၀ါသနာထုံလေ့ရှိကြတဲ့ အနောက်တိုင်းသား မီဒီယာတွေရဲ့ ရိုက်ချက်ကြောင့် ဗြိတိန်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဂျော့ဘုရင်(၀မ်း) (၁၆၆၀-၁၇၂၇) လက်ထက်က စပြီး မင်းမျိုးမင်းနွယ်အဆက်ဆက် အရေဖျားလှီးဖြတ် ခံခဲ့ရတာတွေ ပေါ်လာကုန်ရော။ အဲဒီ ဂျော့ဘုရင်ကို ဂျာမနီနိုင်ငံ ဟန်နိုဗာဆိုတဲ့ မြို့ကလေးမှာ မွေးဖွားခဲ့တာတဲ့။ အရေဖျားလှီးဖြတ်တဲ့ အလေ့အထဟာလဲ အဲဒီ ဟန်နိုဗာကနေ သယ်ဆောင်လာတာတဲ့။ ဗြိတိန်ရဲ့ နန်းစဉ်နန်းဆက်တွေမှာလဲ တကွေ့ကွေ့မှာ ဂျူးတွေရဲ့ သွေးသား နဲနဲ နှောခဲ့ဟန်တူပါရဲ့။ အဲဒီအချိန်က ဂျာမနီမှာ ဂျူးတွေက မင်းမူနေကြပုံရပါတယ်။

အဲဒီအချိန်ကထဲက အရေဖျားလှီးဖြတ်တဲ့ ဓလေ့ကို ကျင့်သုံးခဲ့တာဆိုတော့ မင်းသားကြီးချားစ် အလှည့်ရောက်တော့လဲ အလှည့်ကျ မနွဲ့ကြစတမ်းပေါ့။ သူ့ကို ၁၉၄၈ ခုနှစ်မှာ ဂျူးမာစတာတစ်ယောက်က အရေဖျားလှီးဖြတ်ပေးခဲ့တာတဲ့။ (အင်း.. ချားစ်မင်းသားကြီးရဲ့ ပြုံးဖြီးဖြီးမျက်နှာကို မြင်မိတိုင်း မဆီမဆိုင် သူ စာကန်ဆိုက်စ်ဇ် လုပ်ခံခဲ့ရတာကို ပြေးမြင်ယောင်နေမိတယ်။း)) ဒါဖြင့် ချားစ်မင်းသားရဲ့ သားတော်တွေဖြစ်ကြတဲ့ ၀ီလျံတို့ ဟင်နရီတို့ကော အဲဒီလို အရေဖျားလှီးဖြတ်ခံခဲ့ကြရသလား ဆိုတော့။

အဲဒါကိုတော့ မင်းသမီးဒိုင်ယာနာကို ချီးကျူးရလိမ့်မယ်။ ချားစ်မင်းသားကြီးနဲ့ မင်းသမီးဒိုင်ယာနာတို့က မွေးဖွားခဲ့ကြတဲ့ ၀ီလျံနဲ့ဟင်နရီတို့ကိုတော့ အရေဖျား မလှီးဖြတ်ခဲ့ကြဘူးတဲ့။ အနှစ်အနှစ်အလလ မင်းစဉ်မင်းဆက် ကျင့်သုံးလာခဲ့ကြတဲ့ အဲဒီ အရေဖျားဖြတ်လေ့ရှိတဲ့ ဓလေ့ထုံးစံကြီးကို မင်းသမီးဒိုင်ယာနာက ဒုတ်ကနဲ တုံးတိ ဖြတ်တောက်ပစ်ခဲ့တာတဲ့။ ဒါကြောင့်မို့ သူ့သားတော်လေးတွေ မိမွေးတိုင်းဖမွေးတိုင်း ရှိနေနိုင်ကြတာပေါ့။ နို့မဟုတ်ရင် ၀ီလျံနဲ့ဟင်နရီ။ သူတို့လဲ ပြေးလွတ်မဲ့ ပုံမပေါ်ဘူး။ 

အဲဒီလို ရိုးရာကို မကောင်းဘူးထင်လို့ ရပ်စဲခဲ့တဲ့ မင်းသမီးဒိုင်ယာနာအကြောင်းကို စဉ်းစားရင်း ရွှေမြန်မာရဲ့ ရတနာပုံခေတ်က မိဖုရား စုဖုရားလတ်ကို ပြေးသတိရမိတယ်။ မြန်မာမင်း အစဉ်အဆက် စည်းမရှိကမ်းမရှိ မိန်းမယူချင်တိုင်းယူ တော်ကောက်ချင်တိုင်းကောက်ခဲ့ကြတဲ့ ဓလေ့ဆိုးကြီးကို လုံးဝပယ်ဖျက်လိုက်ပြီး တစ်လင်တစ်မယား စနစ် အဖြစ်ကျင့်သုံးစေခဲ့တယ်။ ဒါကြောင့်မို့ မိန်းခလေးတွေ သက်သာရာ ရကြတာ မဟုတ်လား။ စဉ်းစားကြည့်ရင် ကြောက်စရာကြီး။ မိဖုရား လေးငါးဆယ် ယူထားပြီး အလှည့်ကျ ရိုတေးရှင်း စနစ်နဲ့ ဆောင်တော်ကူးတာဆိုတော့ တစ်လနေလို့မှ တစ်ခါ ဆောင်တော်ကူး မခံရရှာတဲ့ မိဖုရားငယ်လေးတွေရဲ့ ဘ၀ စဉ်းစားလို့သာ ကြည့်ကြပေတော့။ သနားစရာ ကောင်းလှပါဘိ။ ဒီကြားထဲ ဟိုဝန်ကြီးနဲ့အထင်လွဲ ဟိုမင်းသားနဲ့ အထင်လွဲ။ အဲဒီလို အထင်လွဲခံရပြီဆိုရင် မစဉ်းစားနဲ့တော့ သေဒဏ်။ ရေနစ်သေမလား။ ဆင်နင်းသေမလားဘဲ။

အဲဒီလို တစ်လင်တစ်မယားစနစ်ကို ဗြုန်းတိုင်းကြီး ကျင့်သုံးရမယ်ဆိုတော့ အသစ်ကျပ်ချွတ် သီပေါမင်းလေး ခမျာ နေမထိ ထိုင်မသာဖြစ်ပြီး တက်တခေါက်ခေါက်နဲ့ စုဖုရားလတ်ကို အသံတိတ်နဲ့ ကျိတ်ဆဲခဲ့ပေါင်း မနည်းခဲ့ဘူး။ ဘယ့်နှယ် ၀န်လေးတွေ ၀န်ပေါက်စတွေမှာတောင် စပယာပတ် မယားငယ်လေးတွေ သုံးလေးဆယ် ရှိသေးတာ။ သူ့လို ဘုရင်မင်းမြတ်မှာမှ စုဖုရား တစ်ယောက်ထဲတဲ့။ ရာဇ၀င်ရိုင်းလိုက်လေပေါ့။ အဲဒီမှာ ရနောင်မောင်မောင်တုတ်က မြှောက်ပင့်ပေး၊ မောင်ဖေငယ်က ပူဇော်ပေးနဲ့ သီပေါမင်းတစ်ယောက် ပုဆိုးမနိုင် ပ၀ါမနိုင်နဲ့ ဒိုင်းခင်ခင် ဇာတ်လမ်းကပါလေရော မဟုတ်လား။ ဒါပေမဲ့ အဆုံးမှာတော့ မောင်မောင်တုတ် မောင်ဖေငယ် ဒိုင်းခင်ခင်တို့ အားလုံး တစ်လင်တစ်မယား စနစ်အောက် အသက်ပျောက်ခဲ့ကြတာဘဲ မဟုတ်လား။ အင်း... ရေးရင်း ဘယ်ကို ချော်ထွက်သွားပါလိမ့်နော်။ ပြန်ကောက်ဦးမှဘဲ။း)

မင်းသမီးဒိုင်ယာနာကို ပြန်စဉ်းစားမိတယ်။ မီဒီယာတွေရဲ့ တင်ဆက်မှုကြောင့်သာ ဒိုင်ယာနာက အရေဖျားလှီးဖြတ်တဲ့ စနစ်ကို ပယ်ဖျက်ခဲ့တာလို့ သိလိုက်ရတယ်။ တကယ်ကော သူ လုပ်ခဲ့ရဲ့လား။ ဒါက မေးခွန်းထုတ်စရာပါ။ ဘာဖြစ်လို့လဲဆိုတော့ အရေးဖျားလှီးဖြတ်တဲ့ စနစ်ကို မုန်းတီးတဲ့ သူတစ်ယောက်က ချားစ်မင်းသားနဲ့ ကွဲပြီးနောက်ပိုင်းမှာ အရေဖျားလှီးခံထားရတဲ့ ဒိုဒီနဲ့ ဆက်လက် နှစ်ပါးသွားခဲ့ကြတာဟာ ဒီနေရာမှာ အားဂယူးမင့်တ် ဖြစ်နေတယ်။ ဒီလို ဆတ်ဘဂျက်တွေမှာ သေချာမပိုင်တဲ့အတွက် ဒီနေရာမှာတော့ မဆွေးနွေးချင်တော့ပါဘူး။ ဘာဘဲဖြစ်ဖြစ် သူသာ အဲဒီစနစ်ကို တကယ်ပယ်ဖျက်ခဲ့တာဆိုရင် အစဉ်အဆက် ကျင့်သုံးခဲ့တဲ့ ရိုးရာစနစ်ကို တွန်းလှန်ပယ်ဖျက်ရဲတဲ့ သူ့ရဲ့ သတ္တိကိုတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ တကယ် ချီးကျူးမိပါတယ်။ ရှေးထုံးကိုလဲ မပယ်နဲ့ ဈေးသုံးကိုလဲ မလွယ်နဲ့ ဆိုပြီး မြန်မာဆိုရိုးစကား ရှိတယ် မဟုတ်လား။

မင်းသမီးကိတ် အကြောင်းဘက် ပြန်သွားရအောင်။ သူ့မှာ ချစ်မွေးပါပုံရတယ်။ မင်းသားဝီလျံထက် သူ့ကို ပိုပြီး အာရုံစိုက်နေကြတာကို သတိထားမိတယ်။ သူ့ရဲ့ ၀တ်စားဆင်ယင်မှုကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒီလောက် တစောင်းစီးနဲ့မျက်ချေး ဖြစ်နေတဲ့ ပြင်သစ်သူပြင်သစ်သားတွေတောင် မင်းသမီးကိတ်ကို ၀ိုင်းချစ်နေကြတယ်ဆိုဘဲ။  ပြီးတော့ သူက ချစ်မွေးပါပုံတင်မကဘူး။ ကံမွေးလေးလဲ ပါလာခဲ့ပုံရတယ်။ ပထမတုန်းက ယောက်ျားလေးမွေးမှ နန်းညွန့်နန်းလျာဖြစ်နိုင်တယ်ဆိုတဲ့ ဥပဒေရှိခဲ့တယ်တဲ့။ အခုတော့ အဲဒီဥပဒေကို ပြန်ပြင်လိုက်ပြီး ကျားကျားမမ နန်းညွန့်နန်းလျာ ဖြစ်စေပေါ့။ ဒီတော့ ကိတ်ရဲ့ ဗိုက်ထဲက ကလလရေကြည်အဆင့်လေးမျှသာ ရှိသေးတဲ့ သန္ဓေသားလေးက နန်းရိုက်နန်းရာ လေးခုမြောက်မှာ ရှိနေလေရဲ့။ အဲလိဇဘက်ဘုရင်မကြီး၊ ချားစ်မင်းသား၊ မင်းသားဝီလျံ၊ ပြီးရင် အဲဒီ ကလလရေကြည်လေးပေါ့။

ပြီးတော့ ပြောရဦးမယ်။ ဗြိတိန်ရဲ့ လောင်းကစားမှု အကြောင်း။ တစ်နိုင်ငံလုံး ဘောလုံးလောင်းလိုက်၊ မြင်းလောင်းလိုက်၊ ခရက်ကစ်လောင်းလိုက်၊ ရပ်ဘီလောင်းလိုက်။ လောင်းလိုက်ကြတာ စုံရောဘဲ။ အခုလဲကြည့်။ ကြံကြံဖန်ဖန် ကိတ်ဗိုက်ထဲက ကလေးလေးဟာ အမြွာပူးဆိုရင် ၃၀လေး ၁ လေးတဲ့။ နာမည်ကြီး လောင်းကစားဒိုင်တစ်ခုဖြစ်တဲ့ ၀ီလျံဟီး(လ်)က လောင်းကြေးခေါ်ထားတာ။ နောက်တော့ သူလဲ တစတစ စိုးရိမ်လာဟန်တူပါရဲ့။ လောင်းတဲ့သူတွေက အရမ်းများလာတယ်တဲ့။ ဘာကြောင့်လဲဆိုရင် ကိတ်ရဲ့ မောနင်းဆစ်ခ် ဖြစ်ပုံက အရမ်းဆိုးရွားလွန်းတဲ့အတွက် ကလေးနှစ်ယောက်အမြွာပူးလေး  ဖြစ်နိုင်ချေ များလာလို့တဲ့။ အဲဒါကြောင့် သူ့ရဲ့ လောင်းကြေးကို နဲနဲ လျော့ချလိုက်ပြီး လောလောဆယ် ၂၅လေး ၁လေး ဖြစ်နေလေရဲ့။ 

နောက်ရှိသေးတယ်။ ကလေးရဲ့ နာမည်ပေးတာနဲ့ ပတ်သက်ပြီးလဲ လောင်းကြေး ခေါ်ထားသေးတယ်။ ဖရန့်စ် နှင့် ဂျွန်ဆိုတဲ့ နာမည်တစ်ခုခုအတွက်က ၉လေး ၁လေးတဲ့။ ပြီးတော့ ချားလ်စ်၊ ဗစ်တိုးရီးယား၊ ဂျော့ ဆိုတဲ့ နာမည်တစ်ခုခုအတွက်က ၁၀လေး ၁လေးတဲ့။ နောက်ပြီး တစ်ခုရှိသေးတယ်။ အဲဒါကတော့ တကယ်လို့ မွေးလာတဲ့ ကလေးဟာ မွေးမွေးချင်း အလေးချိန် ၇ပေါင်နှင့်၈ပေါင်ကြားမှာ ရှိနေရင် ၉လေး ၄လေးတဲ့။ ကိုင်း... ဟိုကလေးကဖြင့် အခုမှ အရေကြည်အဆင့်မှာ ရှိသေးတယ်။ ဗြိတိသျှတွေကတော့ လောင်းကြေးတွေ ထပ်ကုန်ကြပြီ။ တော်ကြာ မဟုတ်မှလွဲရော။ မွေးလာတဲ့ကလေး အလောင်းအစား အပျော်အပါးမက်လာမယ်ဆိုရင်တော့ သူတို့ရဲ့ ဗြိတိန်အင်ပါယာကြီး အကြွေးစာရင်းတွေ လိုက်မှတ်ရပြီသာ မှတ်ပေရော့ ဖြစ်နေဦးမယ်။

အော်... ဘာမှ မကြာလိုက်သလိုပါဘဲလား။ သူတို့ မင်္ဂလာဆောင်ခဲ့ကြတာ မနေ့တနေ့ကလို့ ထင်နေတုန်း ရှိသေးတယ်။ ကလေးရတော့မယ်တဲ့။ သူတို့မင်္ဂလာဆောင်တုန်းက အမှတ်တရအဖြစ် နှင်းဆီမှတ်တမ်းဆိုတဲ့ ပို့စ်လေး တင်ဖြစ်ခဲ့တာကို အမှတ်ရနေမိတယ်။ အခုလဲ တခုတ်တရ ဒီပို့စ်ကို တင်နေမိပြန်ပြီ။ ဘ၀ရထားကြီးက ဒီလိုဘဲ ခပ်မြန်မြန် မောင်းခုတ်နေလေရဲ့။ သံသရာရထားကြီးလဲ သူ့တာဝန်သူ ထမ်းဆောင်နေဆဲ။ ဒီရထားတွေပေါ်မှာ ကန့်လန့်ကန့်လန့် လိုက်ပါနေကြတဲ့ သူကြီးမင်းတို့သာ ဘယ်ကမ်းဘယ်သောင် ဘယ်ချောင်ဘယ်ကြား ဆက်လက်ပါသွားလေဦးမလဲဆိုတာကိုသာ။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)
...

Friday, 30 November 2012

"မိုးဧကရီသက်သက်နွယ်ဝင်းအေး"


 (Introduction)

 "မိုးဧကရီသက်သက်နွယ်ဝင်းအေး"

"ရင်းရင်းနှီးနှီး မိုးလို့ဘဲ ခေါ်ပါ"

"ဟာ.. ၀မ်းသာလိုက်တာ။ အရမ်းပျော်သွားပြီ"

"ဘာဖြစ်လို့လဲ"

"အစဦးဆုံး စကားလုံးကို ခေါ်ဆိုခွင့်ရလို့"

--------------------------------------------------------------------"ကို လူပို"


(Chapter one)

နာမည်ရှည်ရှည်ရှိတဲ့ မိန်းခလေးတွေမှာ ရည်းစားများများ ရှိတတ်ကြတယ်တဲ့။ ပြီးတော့ ရည်းစားတစ်ယောက်စီကို ဝေါဟာရတစ်မျိုးစီ ခေါ်ဝေါ်စေတတ်ကြတယ်တဲ့။ မိုး... ဧကရီ... သက်..........နွယ်..... ၀င်း.... အေး.....။ အင်း...မိုးတစ်ယောက် ရည်းစား ခြောက်ယောက်များ ထားလေမလား။ မစပ်မဆိုင် စိုးရိမ်စိတ်တွေနဲ့ စဉ်းစားနေမိပြန်တာ။ ငါက  "မိုး"ဆိုတဲ့ ပထမဦးဆုံး စကားလုံးမှာ ရှိနေပါတယ်လေဆိုပြီး ကြံဖန် ဖြေသိမ့်လိုက်မိသေးတယ်။ မကြာသေးမီကမှ အွန်လွန်းကနေ ခင်မင်ခွင့် ရသူတစ်ယောက်အတွက် အစိုးရိမ်လွန်မိတာ အပြစ်များ ဖြစ်နေမလား မသိ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ မိုးရေ.. ကိုရေ... နဲ့ အွန်လိုင်း အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်သွားကြလေတာ။ အတွေ့တွေ အငွေ့တွေ မရှိသည့်တိုင် အကြည့်လေးကတစ်ဆင့် အဟုန်ပြင်းပြင်း စုံမက်သွားပြန်ရောပေါ့။

ဒီရာသီ ဒီဥတုရောက်မှာ ကြောက်လှန့်ပါတယ်ဆိုနေမှ မိုးနဲ့အတူ လေပြင်းက တိုက်ခတ်လာလေတာ။ မိုးရာသီမရှိတဲ့ ဒီလို ဒေသမျိုးမှာ ကိုရွှေမိုးက ဘယ်အငြိုးနဲ့ ရွာချလေမှန်းမသိ။ အကာအကွယ်မဲ့သူ သူ့အတွက် တစ်ကိုယ်လုံးကို ရွှဲရွှဲစိုလို့။ အပြင်ထွက်တိုင်း ထီးယူရမှာကို ကျားမြီးဆွဲရတာထက် ကြောက်သူမို့ မိုးဟေ့ဆိုရင် သူ ကြွက်စုပ်ရေမွှန်းဖြစ်နေကျ။ ဒီကြားထဲ မိုင်းနပ်စ်ဒီဂရီ ရောက်နေတဲ့ အအေးဓါတ်က ရောစွက်နှိပ်စက်လိုက်သေးတာ။

လက်ပတ်နာရီကို ကြည့်လိုက်တော့ နေ့လည် ၁ နာရီကို ညွန်ပြနေတဲ့အတွက် မိုးဧကရီသက်သက်နွယ်ဝင်းအေးလေးနဲ့ ချိန်းဆိုထားတာကို ရုတ်တရက် သတိရလိုက်မိတာ။ အွန်လိုင်းက စောင့်နေမယ်တဲ့။ ဒီအချိန်ဆို သူ့အရပ်မှာ နေ၀င်ရီသရော အချိန်ပေါ့။ မြန်မြန်အိမ်ပြန်မှ။ နို့မို့ဆို မလွယ်ဘူး။ တစ်ရက်အချိန်မီ အွန်လိုင်းမှာ မတွေ့ရင် တစ်သက်လုံး နောင်တရနေစေရမယ်တဲ့။ မိုး ပြောခဲ့တဲ့ စကားလုံးလေးကို နားထဲမှာ ကြားယောင်နေမိပြန်တာ။

"ဟလို မိုး။ စောင့်နေတာ ကြာပြီးလား"

"အချိန်မှန်ရောက်သားဘဲ။ တွေ့မှ ဆုချဦးမယ်"

အွန်လိုင်းမှာတွေ့ အိမ်လိုင်းမှာသိ အိမ်လိုင်းမှာဘဲ ချစ်သူဖြစ်သွားကြပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်စွာ နှစ်နှစ်ကာကာ ချစ်ကြိုက်နေမိကြပြန်တာ။ သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်းသူမသိ။ ဒါပေမဲ့ ဒါက ကိစ္စမရှိ။ ယုံကြည်မှုတည်ဆောက်ပြီး အချင်းချင်း အပြန်အလှန်ချစ်နေကြရင် ဘ၀တစ်ခုလုံး ပြည့်စုံနေပြီလေ။ ကိုက လူပျိုလူလွတ် ဘယ်သူ့မှ အတွယ်မတာမရှိ မိုးတစ်ယောက်ထဲ ရင်ထဲမှာ ရှိတယ်ဆိုတာကို ကျိန်ပြောရဲတယ်လို့ ဆိုလေတော့ မိုးက ယုံပါတယ်ရှင်ရယ်၊ မိုးလဲ မိုးရင်ထဲမှာ ကိုကိုမှကိုကို ကိုကိုကို ဖြစ်နေလို့ ခက်နေတာ။ မိုးအပြောအောက်မှာ အရည်ပျော်ပေါင်း မနဲပြန်တော့ဘူး။

မိုးရေ အွန်လိုင်းမှာ ယောက်ျားတကာနဲ့ မရောနဲ့နော်၊ ယောက်ျားတွေက ကောင်းတာ မဟုတ်ဘူး၊ တော်ကြာ မိုးလေး မယားငယ်ဘ၀နဲ့ ရင်ကျိုးနေရဦးမယ် ဆိုတော့။ မိုးက စိတ်ချပါရှင်ရယ်၊ မိုးက ဘယ်တော့မှ သူများ ဒုတိယမယား မဖြစ်စေရပါဘူးတဲ့။ ချွတ်ယွင်းချက်အနေနဲ့ ကိုကသာ ပထမမယား မရှိခဲ့ဘူးဆိုရင်ပေါ့လေတဲ့။ မိုးရဲ့စကားက ရင်အလယ်တည့်တည့်ကို တိုက်ရိုက်ထိမိနေပြန်တာ။ ကဲ.. ဒါဖြင့် မိုးရေ လာမဲ့နှစ် ဒီရာသီ ဒီအချိန်မှာ ဒီဇင်ဘာနှင်းဖွေးဖွေးလေးတွေနဲ့အတူ ကိုတို့ဘ၀ကို နှစ်ယောက်ပေါင်း တစ်ယောက်အဖြစ် ထူထောင်ကြပါစို့ ဆိုတော့ စိမ်လိုက်လေ ကြာသလားလို့တဲ့။ ရင်ထဲမှာ မုန်တိုင်းကျနေသလို စိတ်လှုပ်ရှားနေမိပြန်တာ။
.....

(Chapter two)

ကဲ... ဒီဇင်ဘာတော့ ရောက်လာပြီ။ မိုးက ဖြူသလား မဲသလား မသိ။ အွန်လိုင်းမှာဘဲ တွေ့ဖူးတာဆိုတော့ အပြင်ရောက်ရင် ဘယ်လို ရုပ်များပေါက်နေမလဲ။ ကိစ္စမရှိပါဘူးလေ။ အဓိကက အဓိကပါဘဲ။ ( ဟီး ဟီး မဟုတ်တာတွေ စဉ်းစားနေကြလားမသိ (၀-၀)။ အချစ်က အဓိက မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်မေတ္တာရှိနေရုံနဲ့ ကျန်တာတွေ မေ့ပစ်လိုက်လို့ရပါတယ်။ အင်း.... မိုးက နတ်သမီးလေးလို ချောလောက်ပါတယ်။ (ကောင်းကင်သို့ မျက်စိပင့်ပြီး နတ်သမီးတစ်ပါးကို ပုံဖော်၍ ပြောသည်း-း))။  

အပြင်မှာ အရှင်လတ်လတ်ကြီး တွေ့လိုက်တော့မှ မိုးက အသားလတ်လတ်၊ မော်ဒယ်ကိုယ်လုံးနဲ့ မျက်နှာချိုချို။ ရွက်နုရည်ကျို အဆင့်မျိုး။ မဆိုးပေဘူး။ လူရွေးတာ မမှားပေဘူးဘဲ။ (မိန်းခလေးများစွာထဲမှ စိတ်ကြိုက် တစ်ယောက်ကိုသာ ခေါင်းခေါက်ရွေးယူလိုက်သည့် စတိုင်လ်ဖြင့် ဖြီးသည်။ အမှန်မှာ မိုး တစ်ယောက်ကိုတောင် သူငယ်ချင်းအကူနဲ့ ရထားတာ။ အဟီး)။ 

သူလဲ ကိုယ့်ကိုကြိုက် ကိုယ်လဲ သူ့ကိုကြိုက်မို့ ခပ်မိုက်မိုက်နဲ့ဘဲ အကျဉ်းချုံးပြီး မဟာရန်ကုန်မြို့ရဲ့ လေးစတားခွဲအဆင့် ဟိုတယ်တစ်ခုမှာ (ဘယ်ဟိုတယ်ပါလိမ့ိ-ိ) နှစ်ဘက်ဆွေမျိုးများရှေ့မှောက် အကြင်လင်မယား မြှောက်ခဲ့ကြတယ် (နဲနဲများ အလျင်လိုသွားလား မသိး)။ ဒီလိုနဲ့ အချစ်ရေဆမ်းခရီးအတွက် ချောင်းသာသွားပြီး တစ်လတိတိ မိုးမမြင်လေမြင် (ကမ်းခြေနဲ့ရေပြင်ကိုသာမြင်ပြီးး) ဥပုသ်မေ့ ဒါနမေ့ ဘာဝနာဆို ဝေလားဝေး။ သောင်ပြင်ပေါ် ပတ်ပြေးတမ်းဘဲ ကစားခဲ့ကြတယ်။ (ဟီး ဟီး တစ်ခါမှလဲ အဲလို ပြေးတမ်းမကစားခဲ့ဖူးဘူး။ ရှောက်ရမ်းရေးကြည့်လိုက်တာ)။

တစ်လပြည့်တော့ လူကလဲ ခွေနုံးနုံးဘဲ ကျန်တော့တယ် (ခရီးပန်းလို့ပါနော်း)။ မဟာရန်ကုန်ပြန် ခဏ တစ်လ နားပြီး ပြည်ပကို တူနှစ်ကိုယ် အတူတူ ထွက်ခဲ့ကြတယ်။ မိုးက မှီခိုသူ။ ကိုက အမှီခိုခံ။ ဒီလိုနဲ့ ခြောက်လလောက် အတူပေါင်းပြီးတဲ့အခါမှာတော့ မိုးအတွက် ကံဆိုးစေမဲ့ စကားမျိုးတွေ ဟိုနားဒီနားက ထွက်လျံလာပါတော့တယ်။ (ဘာစကားများပါလိမ့်။ သူ ဒုတိယမယား ဖြစ်သွားပြီလား)။ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ ပရိသတ်ထင်ထားတာနဲ့ ပြောင်းပြန်ရယ်။ မိုးရဲ့ သူငယ်ချင်းဟောင်း တစ်ယောက်ဆီက ထွက်အံလာတဲ့ စကားပါ။ ဒီစကားကြောင့် အိမ်ထောင်ပြိုလဲသွားနိုင်တယ်လေ။ မိုးမှာ ပထမယောက်ျားရှိခဲ့တယ်တဲ့။ တစ်နှစ်လောက်ပေါင်းပြီး ကွာရှင်းလိုက်ကြတာတဲ့။ ပိုဆိုးတာက မိုးမှာ ကလေးတစ်ယောက် ရှိတယ်တဲ့။ နယ်က သူ့ဆွေမျိုးတွေဆီ ကလေးကို ပို့ထားပြီး အပျိုလုပ်နေခဲ့တာတဲ့။ ဘုရားရေ။ ကမ္ဘာလောကကြီး အ၀တ်လျှော်စက်လို ချာချာလည်သွားသလို ခံစားလိုက်ရတယ်။ မိုးကို မေးကြည့်လိုက်တော့ လွယ်လွယ်လေးဘဲ ပြန်ဖြေတယ်။ ဟုတ်တယ်လေတဲ့။ ဒါဖြင့် အစကထဲက ဘာလို့ ဖွင့်မပြောတာလဲ ဆိုတော့ ကို ပစ်သွားမှာ ကြောက်လို့တဲ့။ ကဲ...ကဲ.... ကိုကို ပုရိသများ သင်ခန်းစာ ယူကြပါတော့။ မိုးကို မျိုချရခက် ထွေးပစ်ရခက်နဲ့ ဘယ်လို ဘယ်လို လုပ်ရမှန်းတောင် မသိတော့ပါဘူး။ (ဘယ်လိုလုပ်ရမှန်း မသိလို့ ဒီလိုဘဲ နေရင်း မိုးမှာလဲ ကိုယ်ဝန်ကြီးကို ရလို့း)
.....

(Chapter three)

ကဲ.. ကြားလို့မှ ကောင်းကြသေးရဲ့လား ဗျာတို့ရယ်။ ကျနော့်မိန်းမ ချောလှချည်ရဲ့ တော်လှချည်ရဲ့ ငြိမ်လှချည်ရဲ့နဲ့ ချီးမွမ်းခန်းဖွင့်ခဲ့တာ အခုတော့ ကျနော့်မိန်းမ မိမိုး ဟိုးလေးတကျော် ဖြစ်နေပြီကော ဗျာတို့ရယ်။ ကျနော် ဘာလုပ်ရမလဲ။ သူ့အိမ်ပြန်ပို့ပြီး မင်္ဂလာစရိတ်ကုန်ကျခဲ့တဲ့ ပိုက်ဆံတွေ ပြန်တောင်းရင် ကောင်းလေမလား။ ကိုယ့်မယားကို ဒီလို သူ့အိမ်ပြန်ပို့ရိုး ရွှေမြန်မာ ထုံးတမ်းစဉ်လာ ရှိပါသလား ဗျာတို့။ 

မိမိုး ပြောတာလဲ နားထောင်ကြည့်ကြပါဦး အရပ်ကတို့။ ရှင့်ကို ကျမ အပျိုစစ်စစ်ပါလို့ တစ်ခါမှ လိမ်ညာမပြောခဲ့ဘူးနော်တဲ့။ သူ့ဂုဏ်ကိုငဲ့ပြီး အပျိုစစ်လားလို့ ဘယ်မေးရက်ပါ့မလဲ ဗျာတို့ရယ်။ ပြီးတော့ ကျမက ယောက်ျားတစ်ယောက်ရဲ့ ဒုတိယမယား ဘယ်တော့မှ မဖြစ်စေရဘူးလို့သာ ပြောခဲ့တာ၊ ကျမက ရှင့်ကို ကျမရဲ့ ဒုတိယယောက်ျား မဖြစ်စေရဘူးလို့ မပြောခဲ့မိဘူးနော်တဲ့။ ကဲ....ကြားကြရဲ့လား ဗျာတို့။ မိမိုးတို့ လုပ်ချက်ကြောင့် ကျနော် သက်ပြင်းတွေ ချနေရပြီ ဗျာတို့ရယ်။


ကျနော် ဘာဖြစ်သွားပြီလဲ ခင်ဗျာ။ အချစ်မှာ မျက်စိမရှိပါဆိုတဲ့ ကိုထီးရဲ့ သီချင်းက သွေးထွက်အောင် မှန်နေပြီလား သူငယ်ချင်းဗျာတို့ရယ်။ ပြည်ပမှာ နေပြီး ကျနော် ဒီလောက်ထိ နုံအ နေရော့လေသလားဗျာတို့။ ဟိုစကားပုံလေးကို ဖြစ်နေပြီထင်ပါရဲ့။ "ငါ့ကို အအ ဆိုပြီး ချီးတုံးကို မုန့်လုပ်ကျွေးတာ၊ ဘယ်ရမလဲ တစ်တုံးလဲ ကုန်ရော ငါ တန်းသိတာဘဲ" ဆိုသလို အခုလဲ သူများလာပြောမှ ကိုယ့်မိန်းမရဲ့ ဇာတ်လမ်းဇာတ်ကွက်ကို သိခွင့်ရပါရောလား ဗျာတို့ရယ်။
...........

(Chapter four)

ထိုကဲ့သို့ မှန်းချက်နဲ့ နှန်းထွက် မကိုက်ခြင်းသည် လူ့ဘ၀၏ ပြယုဂ်တစ်ခုပင် ဖြစ်လေသည်။ လိုတာ အားလုံး ရနေလျှင် အနတ္တလို့ ဘုရားရှင် မည်သို့ ဟောထွက်ပါအံ့နည်း။ ရှေးဘ၀က အတူတူ ပန္နက်ခဲ့ဖူးသည့် ဖူးစာအကြောင်းပါလာ၍ ယခုကဲ့သို့ အကြောင်းစုံ ပေါင်းဆုံလာရခြင်း ဖြစ်ပေမည်။ ထို့ကြောင့် ကြက်ကလေး ငှက်ကလေးဘ၀ရောက်ရင်လဲ အတူတူ ဖြစ်ရပါလို၏။ ငရဲအိုးထဲ ရောက်ရင်လဲ တစ်အိုးထဲမှာ အတူတူ ရောက်ရပါလို၏။ ယုတ်စွအဆုံး ငံပြာရည်ဖြစ်ရင်တောင် တစ်ပုလင်းထဲမှာ အတူတူဖြစ်ရပါလို၏ ဟူ၍ ဆုတောင်းမှားခဲ့ခြင်းသည်လည်း ဖြစ်လေရာဘ၀မှာ ပေါင်းဆုံဖို့ တွန်းအားတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

ထို့ကြောင့် မိမိရရှိထားသည့် သက်ရှိသက်မဲ့ ပစ္စည်းဥစ္စာတို့အား ဟောင်းသည် သစ်သည် ပျိုသည် အိုသည် ဟူ၍ ဇီဇာကြောင် ဂျီးများမနေကြဘဲ မိမိတို့၏ လက်ရှိဘ၀ကို ပိုမိုသာယာစိုပြေအောင်သာ ကြိုးစားပြုလုပ်သင့်ပေသည်။ မေတ္တာပြဋ္ဌာန်းပြီး  ဘ၀ခရီးလမ်းကို လျှောက်လှမ်းကြသူအဖို့ မေတ္တာ၏ အကျိုးအာနိသင်ကို ခံစားစံစားရမည်မှာ အမှန်ပင် ဖြစ်ပေသည်။ ချမ်းသာစစ် ချမ်းသာမှန်လည်း ဧကန် ရောက်ရှိလာပေလိမ့်မည်။ ကြာဖူးနာဖူးဖတ်ဖူးခဲ့သည့် ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးလိုပါသည်။

လောကီပုဂ္ဂိုလ်၊ လူထိုထိုတို့
မလိုမကောင်း၊ လိုလျှင်ကောင်း၏
အဟောင်းအသစ်၊ ပျိုအိုဖြစ်လည်း
မချစ်မလှ၊ ချစ်လျှင်လှ၏။

ကဗျာလေးထဲကအတိုင်း ပျိုပျိုအိုအို ဟောင်းဟောင်းသစ်သစ် အချင်းချင်း လိုချင်မှုရှိကြပါ။ ဒါမှ အကောင်းမြင်ကြမှာ။ အချင်းချင်း ချစ်ခင်မှု ရှိကြပါ။ ဒါမှ မျက်စိထဲ လှနေကြမှာ။ ဒါကြောင့် ဘ၀ခရီးဖော်များ အချင်းချင်း လိုချင်နှစ်သက်မှု ရှိနိုင်ကြပါစေ၊ အချင်းချင်း ချစ်ခင်နိုင်ကြပါစေလို့ တောင်းဆုပြုပေးလိုက်ပါတယ်။ အားလုံးစိတ်အစဉ် အေးမြကြည်လင်ကြပါစေကွယ်။
.....

(Conclusion)

ဤသို့ဤနှယ် ရှည်လျားထွေပြားသည့် အွန်လိုင်းဇာတ်လမ်းတိုတစ်ပုဒ်ကို ဖတ်ရှု၍ အဆင်မပြေအောင် ဆက်လက် ဖတ်ချင်စိတ် ကုန်သွားလောက်အောင် ကို့ယို့ကားယားဖြစ်အောင် ဖရိုဖရဲဖြစ်အောင် ပေါကြောင်ကြောင် ပြောင်စပ်စပ်ဖြင့် နီးစပ်ရာ ဘလော့ဂါအချို့၏ ရေးနည်းရေးဟန်ကို တရားမ၀င် ခိုးယူကာ အချိန်ဖြုန်း ရေးသားပြီးနောက် ကျွန်ုပ်သည် လွန်စွာမှ မျက်စိညောင်း လက်ညောင်း ခါးကြောင်း ဖြစ်ပါလာသောကြောင့် ကွန်ပျူတာအနားမှ ခဏထွက်ခွါလာပြီး မီးဖိုခန်းထဲသို့ ၀င်ကာ စိတ်ပြေလက်ပျောက် ဂရင်းတီး ပူပူလေး တစ်ခွက် စီမံသောက်လိုက်ရလေတော့သတည်း။ (ပန်ကြားပြန်ကြားလိုသည်မှာ ပြောင်လို၍ တုရေးခြင်း မဟုတ်ရပါ။ ပျော်လို၍ တုရေးလိုက်မိခြင်းသာ ဖြစ်ပါသည်။  နားလည်ပေးလိမ့်မည်ဟု မှတ်ယူပါသည်။ မည်သူတို့၏ ရေးဟန်ရေးဟန်ဖြစ်သည်ဆိုသည်ကိုမူ အလည်လာရောက်သူတို့၏ ပါးနှပ်မှု လိမ္မာမှု စာဖတ်နှံ့စပ်မှု ဘလော့ကြမ်းပိုးဖြစ်မှုတို့က သက်သေခံပြပေလိမ့်မည် ဖြစ်တော့သည် တကား။ ။း))

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.



Friday, 16 November 2012

ကိုရင်+ကြည်မာ

"ကိုရင်.. ဒီနေ့ ည ၁၁ နာရီမှာ အောင်ဘုတို့ ကောက်ရိုးပုံဘေးကနေ စောင့်နေပါ။ ကြည်မာ ကိုရင်နဲ့ မခွဲနိုင်တော့ဘူး။ ခိုးရာလိုက်ခဲ့တော့မယ်"

ကိုရင်သာထွန်း တစ်ယောက် ညနေခင်း ရေချိုးဖို့ ရေတွင်းကို အသွား ကြည်မာကလဲ သောက်ရေထမ်းဖို့ ရေတွင်းကိုအလာ လမ်းမှာ ဆုံခိုက် ကြည်မာက ထိုစာရွက်ခေါက်ကလေးကို ကိုရင်သာထွန်းအား တိုးတိုးတိတ်တိတ် ပေးခဲ့ခြင်းဖြစ်သည်။ အမှန်မှာ ကြည်မာတစ်ယောက် ကိုရင်သာထွန်း ရေချိုးလာချိန်ကို စောင့်မျှော်နေပြီး အချိန်ကိုက် ထွက်လာခဲ့ခြင်း ဖြစ်သည်။

စာရွက်ခေါက်ကလေးကို ဖြန့်ပြီး ဆယ်ခါထက်မနဲ အကြိမ်ကြိမ် ဖတ်နေမိသည်။ စိတ်လှုပ်ရှားလွန်းလို့ စာရွက်ခေါက်ကလေးကို ကိုင်ထားတဲ့ လက်တောင် တဆတ်ဆတ် တုန်နေလေရဲ့။ ငါ အိုရတော့မှာပါလား။ ဟား ဟား ဟား။ ဟုတ်ပြီ။ ငါလူဖြစ်ရကျိုးနပ်တော့မယ်။ ကြည်မာ ငါ အိုရတော့မယ်... နင်လဲ အိုရတော့မယ်။ ဟား ဟား ဟား ပျော်စရာကြီး။ ထိုကဲ့သို့ တစ်ယောက်ထဲ ပျော်ရွှင်သလိုလို ကြောက်လန့်သလိုလို ခံစားမှုမျိုးဖြစ်ပေါ်လာကာ ရူးချင်သလိုလို နန့်ချင်သလို ဖြစ်နေမိသည်။ ခြေမကိုင်မိ လက်မကိုင်မိလို့ ပြောချင်ပြော၊ မျောက် ငါးပိ ကိုင်မိသလို လို့ ဆိုချင်ဆို။ ဟိုနားက ယားလာလိုက် ဒီနားက ယားလာလိုက် ကြက်သီးမွေးညှင်းတွေ ထ လာလိုက်နဲ့ ကိုရင်တစ်ယောက် ဃနာမငြိမ် ဖြစ်နေလေတော့သည်။

 "အိမ်ထောင်ပြုပြီးရင်  အဖေက အိမ်တစ်လုံး သီးခြားဆောက်ပေးမယ်တဲ့။ ဒါဆို ငါလူဖြစ်သွားပြီ။ လူရာလဲ ၀င်သွားပြီ။ ယုတ်စွအဆုံး သာရေးနာရေး ဖိတ်စာပို့တာကစ ကိုရင်သာထွန်း ဆိုပြီး အိမ်ထောင်ဦးစီး နာမည်နဲ့ အဖိတ်ခံရတော့မယ်။ ဟိုတုန်းကဆို တစ်ခါလာလဲ မိဘတွေဖြစ်တဲ့ ဦးကြီးဖေ+ဒေါ်မယ်အိ၊ တစ်ခါလာလဲ ဦးကြီးဖေ+ဒေါ်မယ်အိနဲ့။ ပြီးတော့ သူတို့ ကိုယ်တိုင်လဲ သွားနိုင်ကြတာမဟုတ်ဘူး။ သူတို့ကိုယ်စား ငါဘဲ လိုက်နေရတယ်။ အခုတော့ ငါ လက်မ ထောင်နိုင်တော့မယ်။ ကြည်မာလေးကလဲ ချစ်စရာ ၀၀ကစ်ကစ်ကလေး။ ငါ့မိဘ နှစ်ပါးကလဲ ဘယ်လို မိန်းခလေးနဲ့ဘဲ ဖြစ်ဖြစ်။ ကျိုးနေ ကန်းနေဦးပစေဦး။ သဘောတူတယ်တဲ့။ ဒါပေမဲ့ သူခိုးကျင့် သူခိုးကြံ အကျင့်ယုတ်တဲ့ မိန်းမဆိုရင်တော့ ဘုရင့်သမီး ဖြစ်ပစေ။ သဘောမတူဘူးတဲ့။ ကြည်မာလေးက ရိုးရိုးသားသား ဖြူဖြူစင်စင်လေးဆိုတော့ မိဘတွေက သဘောမတူစရာမရှိ။ သဘောတူပြီးသား။ ခက်တာက ကြည့်မာ့အဖေ ဦးလူပု။ ဦးလူပုနဲ့ အဖေဦးကြီးဖေက ငယ်စဉ်လူပျိုဘ၀တုန်းက အမေမယ်အိကို ပြိုင်ပိုးခဲ့ကြတာတဲ့။ နောက်ဆုံး အမေ မယ်အိက အဖေဦးကြီးဖေကိုဘဲ ရွေးချယ်ခဲ့လို့ ဦးလူပုတစ်ယောက် အခဲမကြေဖြစ်နေခဲ့တာတဲ့။ အခုလဲ သူ့သမီးနဲ့ ငါနဲ့ ချစ်ကြိုက်နေတာကို သတင်းတိုးတိုး ကြားရတဲ့အတွက် ကိုရင်သာထွန်းကို ယူမဲ့အစား ခွေးထီးတစ်ကောင်ကို အမြီးဖြတ်ပြီး ပေးစားလိုက်မယ် ဆိုပြီး ကြည်မာကို ဆူပူထားတယ်တဲ့။ ကြည်မာကလဲ ငါမှငါဆိုတော့ ဒီတစ်ခါလဲ ဦးလူပုရေ ခံလက်စနဲ့ ခံသာ ခံပေဦးတော့"

ကိုရင်သာထွန်းတစ်ယောက် သူ့ဖာသာသူ စဉ်းစားလိုက် တစ်ယောက်ထဲ ကြိတ်ပြုံးလိုက် လက်ပတ်နာရီလေးကို ကြည့်လိုက်နဲ့ ၁၁ နာရီကို ရောက်လိုဇော စောနေလေ၏။ ကြည်မာ ကောက်ရိုးပုံနား ရောက်လာရင် ဘယ်လို ချစ်ပစ်လိုက်မယ်။ ဘယ်လို မွှေးမွှေးပေးလိုက်မယ် စသဖြင့် စိတ်ကူးယဉ်ပြီး ရိုးတွင်းခြင်ဆီထိ တသိမ့်သိမ့် တဖိန့်ဖိန့် ဖြစ်နေလေ၏။ အင်းးး ကြည်မာ ကြည်မာ နင် တော်တော်လေး ချစ်ဖို့ကောင်းပါလား။ 

ည ကိုးနာရီခွဲ။

"အားလုံး အပုပ်ကောင်ကို ရုပ်ဆောင်ထားကြတာ။ ယောက်ျားမိန်းမ တွယ်တာစရာ ဘာမှမရှိဘူး။ အားလုံး အပုပ်ကောင်တွေချည်းဘဲ"

"တင်ပါ့ဘုရား"

"ဘယ်လောက်ဘဲ ချောမောလှပတဲ့ အမျိုးသမီးဖြစ်ပစေ။ အမျိုးသား ဖြစ်ပစေ။ ခန္ဓာကိုယ်ထဲမှာ ကျင်ကြီး ကျင်ငယ် အသွေး အသား ပြည် သလိပ် နှပ်ချေး စတဲ့ အညစ်အကြေးတွေ ရှိမနေဘူးလား"

"ရှိနေပါတယ်ဘုရား"

"ဒါဖြင့် ကျားကျားမမ ဘာမက်မောစရာရှိသေးလဲ"

"ဘာမှမရှိပါဘုရား"

"ဒါဖြင့် အမျိုးသမီးတစ်ယောက်ဟာ ရတနာတုံးကြီးလား အညစ်အကြေးတုံးကြီးလား"

"အညစ်အကြေးတုံးကြီးပါဘုရား"

"ဒါဖြင့်ရင် အမျိုးသမီးတစ်ယောက်ဟာ နှစ်သက်စရာလား ရွံရှာစရာကြီးလား"

"ရွံရှာစရာကြီးပါဘုရား"

"အေး.. ယောဂီတို့... အသင်တို့ရဲ့ သန္တာန်မှာ  တဏှာရာဂတွေ ဆန္ဒအားကြီးလာရင် အဲဒီလို အသုဘဘာဝနာ ကမ္မဋ္ဌာန်းမျိုး ရှုမှတ်ရမယ်"

"တင်ပါ့ဘုရား"

အရေးထဲ အိမ်က ထွက်ခါနီးမှာ အဖေ့အခန်းထဲက အလုပ်ပေးတရားသံ သဲ့သဲ့ကို ကြားဖြစ်အောင် ကြားလိုက်သေးသည်။ ဘယ့်နှယ် မိန်းမ သွားခိုးမဲ့ အချိန်ကျမှ အမျိုးသမီးဆိုတာ အညစ်အကြေးတုံးကြီးတဲ့။ ဟောလဲ ဟော ရက်ပါ့။ အဖေကလဲ လူကသာ အိပ်ပျော်နေရင် နေပစေ။ ကက်ဆက်ကိုတော့ လုံးဝ အိပ်ခွင့်မပေး။ ရီးဗာ့ဇ် လုပ်ထားတော့ တရားခွေ အေဆိုက် ဘီဆိုက် ထပ်ကာ ထပ်ကာ လည်နေလေတော့၏။ ရှိစေတော့။ တရားက တရားအလုပ် လုပ်ပစေ။ ငါလဲ ငါ့အလုပ် ငါလုပ်ဖို့ သွားလိုက်ဦးမယ် ဟု တိုးတိုးရေရွတ်ပြီး ကောက်ရိုးပုံဆီသို့ တစ်နာရီကြိုရောက်ဖို့ ခြေဦးလှည့်လေတော့၏။

ကောက်ရိုးပုံက ရွာနဲ့ မလှမ်းမကမ်းမှာမို့ သိပ်မသွားလိုက်ရ။ ခဏလေးနဲ့ ရောက်သွား၏။ ကြည့်မာ့ကို တစ်နာရီကျော်ကျော် စောင့်ရပေဦးတော့မည်။ နွေကာလမို့ ရာသီဥတုက အိုက်စပ်စပ်။ ဖြုတ်တွေ ခြင်တွေကလဲ ပေါမှပေါ။ ကြည်မာ့ဇောနဲ့သာ ငုတ်တုတ်ထိုင်စောင့်နေရသည်။ တစ္ဆေသရဲတော့ ခပ်ကြောက်ကြောက်ရယ်။ ဒီကောက်ရိုးပုံအနီးအနားမှာ မကြာမကြာ စုန်းမီးတောက်လေ့ရှိသည်တဲ့။  ခြင်ကိုက်လိုက် ဖြုတ်ကိုက်လိုက် ခြင်ရိုက်လိုက် ဖြုတ်ရိုက်လိုက် တစ္ဆေကြောက်လိုက် သရဲကြောက်လိုက်ဖြင့် ည ၁၁ နာရီ ထိုးခါနီးသွားလေပြီ။ 
......

အချိန်က တရွေ့ရွေ့ ကုန်လွန်သွားသည်။ အသင့်ထုတ်ရွေးထားသည့် ၀တ်စုံ ငါးစုံနှင့် အသုံးအဆောင်အချို့ကို အိတ်ကလေးထဲ ပြွတ်သိပ်ထည့်လိုက်သည်။ ဒီလောက်ဆို ပစ္စည်းပစ္စယ လုံလောက်ပြီ။ မိဘသဘောမတူပေမဲ့ ခိုးရာလိုက်ပြေးပြီးတဲ့ သမီးကိုတော့ ပြန်ခေါ်ပြီး မင်္ဂလာထပ်ဆောင်ပေးမှာ သေချာသည်။ ထိုအခါကျမှ ၀တ်စုံလှလှပပတွေကို အတိုးချ ၀တ်တော့မည်။ အခုတော့ ကိုရင်သာထွန်းနဲ့ အတူနေရဖို့က ပိုအရေးကြီးသည်။ 

ညနေခင်းက အဖြစ်ကလေး စဉ်းစားမိပြီး ပြုံးလိုက်မိသေးသည်။ တစ်ဖက်ရွာက လက်ဆောင်ရလာသည့် ဒညှင်းသီးမီးဖုတ်ဖြင့် ညနေစာကို မိသားစု အတူတူ စားကြသည်။ ကြည်မာလဲ ဒညှင်းသီးဆို အသေကြိုက်။ ဒညှင်းသီးမီးဖုတ် သုံးစိပ်တိတိ ကြည်မာ စားဖြစ်ခဲ့သည်။ ထို့နောက် ခိုးရာလိုက်မဲ့ အစီအစဉ်ကို အမှတ်ရပြီး သွားကို ထပ်ခါထပ်ခါ တိုက်နေမိသည်။ ကိုယ့်ပါးစပ်နဲ့ကိုယ် အနံ့ခံလိုက်၊ သွားပြန်တိုက်လိုက်နဲ့ သံသရာ လည်နေခဲ့သည်။ မောင်ဖြစ်သူကတောင် အမ ဒီနေ့ သွားတွေ သ လှချည်လား၊ အရေးကြီးတဲ့သူနဲ့ တွေ့ဖို့ အစီအစဉ်ရှိပုံရတယ် လို့ စ နောက်နေသေးသည်။ မဟုတ်ပါဘူး ငါ့မောင်ရယ် ဒညှင်းသီးတွေ သွားကြားထဲ ညှပ်နေလို့ အခုလို သွားတိုက်နေရတာပါဆိုပြီး မလုံ့တလုံ ပြန်ပြောခဲ့ရသေးသည်။ တိုက်ဆိုင်မှုက တိုက်ရိုက်ဖြစ်နေလေတော့ မလုံမလဲ ဖြစ်မိခဲ့တာတော့ အမှန်။ 

ည ၁၀း၄၅ နာရီ

ဒီအချိန်ဆို ကိုရင်သာထွန်း ကောက်ရိုးပုံနား စောင့်နေလောက်ပြီ။ အချိန်ဆွဲနေလို့ မဖြစ်တော့။ သွားဖို့ အချိန်တန်ပြီ။  ဒါပေမဲ့ အမှန်တကယ် မိဘနဲ့ ခွဲရတော့မယ် ဆိုတဲ့ အသိက ရင်ကို လာထိသည်။ မျက်ရည်တွေ မဖိတ်ခေါ်ဘဲ ရောက်လာသည်။ သေကွဲ ကွဲတာမှ မဟုတ်တာ ဘာမှ ၀မ်းနည်းစရာမလိုပါဘူး။ အချိန်တန်ရင် မိဘနဲ့ ပြန်တွေ့ခွင့်ရဦးမှာဘဲ ဟု အားတင်းပြီး မိဘနှစ်ပါး ရှိရာသို့ မှန်းဆပြီး ဦးသုံးကြိမ်စီချကာ ကန်တော့လိုက်သည်။ ထို့နောက် မီးလပ်စ် စနိုးဗူးလေးကို ဖွင့်ပြီး မျက်နှာတစ်ခုလုံး ကပျာကယာ လိမ်းခြယ်လိုက်သည်။ ထို့နောက်တွင်တော့ အခန်းထဲမှ ခြေဖော့ကာ ထွက်ခဲ့ပြီး အိမ်တံခါးမကြီးကို အသာအယာဖွင့်ကာ အပြင်ဘက်မှ ပြန်၍ တံခါးစေ့ထားခဲ့ပြီး အိမ်ပေါ်မှ အထုပ်ပိုက်ကာ ဆင်းခဲ့လေတော့၏။ 

ကိုရင်နဲ့တွေ့ရတော့မယ်၊ အိုရတော့မယ်ဆိုတဲ့ အသိက ရင်ကို အခုန်ပိုမြန်စေလေ၏။ တကယ်တမ်း အိုရတော့မယ်ဆိုတော့လဲ  ကြောက်သလိုလန့်သလို ဖြစ်လာပြီး ချွေးစေးများ ပြန်လာလေ၏။ ကိုရင်က ငါ့အပေါ် ကောင်းလောက်ပါတယ်လေ။ သူ့ခမျာ ငါ့ကို အရမ်းချစ်ရှာတာ။ တစ်သက်လုံး အေးအေး ချမ်းချမ်း အတူတူ နေထိုင်ရလောက်ပါတယ် လို့ စဉ်းစားပြီး ကြောက်စိတ်ကို ပြန်ဖြေလေ၏။ သို့သော် ကောက်ရိုးပုံနား နီးလေ ကြောက်စိတ်ဝင်လေတော့ ဖြစ်နေမိ၏။ ဗိုက်ထဲက နာလာသလိုလို အိမ်သာတက်ချင်သလိုလို အပေါ့သွားချင်သလိုလို ဖြစ်လာပြီး ခြေလှမ်းများပင် မမှန်ချင်တော့။ ကတုန်ကယင်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျချင်သလိုလို ဖြစ်လာ၏။ ချွေးစေးတွေကလဲ တစ်ကိုယ်ကောင်လုံး ရွှဲရွှဲစိုလို့။
....

ဟော... ဟိုမှာ ကြည်မာ လာနေပြီ။ ငါ ဘယ်က စပြီး ဘယ်လို လုပ်ရပါ့မလဲ။ တွေ့တွေ့ချင်း အတင်းဖက်ပြီး မွှေးမွှေးပေးလိုက်ရင် ရိုင်းတယ်လို့များ ထင်သွားလေမလား။ လက်ကလေးကမ်းပေးပြီး လာ သွားကြစို့ဆိုပြီး ပြဇာတ်ဆန်ဆန် လက်မှတ်ထိုးဖို့ တစ်ဖက်ရွာကို ချီတက်ရ ကောင်းလေမလား။ ဒါမှမဟုတ် ဒီကောက်ရိုးပုံမှာ ခဏနားပြီး အေးအေးဆေးဆေး စကားပြောရ ကောင်းလေမလား။ အင်း.. ဘယ်အရာမဆို အစမှာ ခက်လေ့ခက်ထရှိတယ်ဆိုတာ ဟုတ်လောက်တယ်။ မီးစင်ကြည့် က ရတော့မှာပါ့။

"ကိုရင် ကိုရင်... ကြည်မာ ဗိုက်နာလာလို့ ဒီအထုပ် ခဏလေး ကိုင်ထားဦး။ ကြည်မာ တောစပ်ခဏသွားပြီး တောထိုင်လိုက်ဦးမယ်"

"အော်... အေး..အေး ထားခဲ့ ထားခဲ့"

ငါးမိနစ်လောက်ကြာတော့ ကြည်မာ ပြန်ရောက်လာသည်။ ရင်ခွင်ထဲ ခေါင်းထိုးထည့်ပြီး ချစ်လိုက်ရတာ ကိုရင်ရယ် ဟု တိုးတိုးမောလျသံလေးဖြင့် ပြောသည်။ မီးလပ်စ် စနိုးအနံ့လေးက နှာခေါင်းကို လာမိတ်ဆက်သည်။ နှာခေါင်း ပွစိပွစိ ဖြစ်လာသည်။ ထိုအခိုက် ကြည်မာ့ထံမှ ဘူကနဲ လေလည်သံ ထွက်ပေါ်လာသည်။ အသံနဲ့အတူ စူးစူးရှရှဒညှင်းသီးနံ့ပါ ကပ်ပါလာလေသည်။ 

"ကိုရင်... ကြည်မာ ဗိုက်နာလာပြန်ပြီ။ ညနေတုန်းက ဒညှင်းသီး မီးဖုတ်စားခဲ့တာကြောင့်ထင်တယ်။ ခဏလေးနော်။ ကြည်မာ တောသွားထိုင်လိုက်ပြန်ဦးမယ်"

ဒီတစ်ခါတော့ ကြည်မာရဲ့ ၀မ်းလျောတဲ့အသံ၊ တင်ပါးကို ခြင်တွေ ဖြုတ်တွေကိုက်လို့ တဖျတ်ဖျတ် လက်နဲ့ ရိုက်မောင်းနေတဲ့အသံတို့ကို အတိုင်းသား ကြားနေရလေ၏။ ငါးမိနစ်လောက်ကြာတော့ ကြည်မာ ပြန်ရောက်လာပြန်၏။ ထို့နောက် ဗိုက်ပြန်နာသည်ဆိုတာ တောထိုင်သွားပြန်လေ၏။ ထိုကဲ့သို့ ပြန်လာလိုက် ပြန်သွားလိုက်နဲ့ ငါးကြိမ်မြောက် ၀မ်းလျောအပြီးမှာတော့ ကြည်မာတစ်ယောက် ယဲ့ယဲ့လေးသာ ကျန်လေတော့၏။ 

ကောက်ရိုးပုံကို မှီထိုင်နေသည့် ကိုရင့်ရင်ခွင်ထဲသို့ ကြည်မာ့တစ်ကိုယ်လုံး တိုးပြိုကျလာ၏။ ကိုရင်လဲ အလိုက်အထိုက် ဖက်ထွေးထားလိုက်၏။ ကြည်မာ့ခန္ဓာကိုယ်တစ်ခုလုံး ဒညှင်းသီးနံ့ဖြင့် နံစော်နေလေ၏။ စကားပြောတိုင်းလဲ ပါးစပ်မှ ဒညှင်းသီးနံ့ ထွက်နေ၏။ လေလည်ပြန်ရင်လဲ ဒညှင်းသီးပုပ်နံ့ တလှိုင်လှိုင်ထ၏။ ၀မ်းသွားပြီးသည့်အခါ ရေမသုံးဘဲ နီးစပ်ရာ သစ်ကိုင်းလေးများဖြင့်သာ သုတ်သင်ခဲ့ရသောကြောင့် ထိုအရပ်မှလည်း ဒညှင်းသီးနံ့ထွက်ပေါ်နေပုံရ၏။ ခန္ဓာကိုယ်မှထွက်သည့် ချွေးစေးများ၏ အနံ့သည်လည်း ဒညှင်းသီးအနံ့ ဖြစ်နေလေတော့၏။ ကိုရင်သာထွန်းတစ်ယောက် ချစ်ရသူ ကြည်မာကို ပိုက်ထွေးထားရသည်နဲ့ မတူတော့ဘဲ ဒညှင်းသီးပုပ် အိတ်စုပ်ကြီးတစ်လုံးကို ဖက်တွယ်ထားရသကဲ့သို့သာ ထင်မှတ်နေမိလေတော့၏။ နံလိုက်သည့် ဖြစ်ခြင်း။ အော်...ဒုက္ခ ဒုက္ခ။

"ကဲ.. ကြည်မာရေ... ကိုတို့ လက်မှတ်သွားထိုးရမဲ့ ရွာက သုံးမိုင်လောက် ဝေးတယ်။ ကြည်မာလဲ အဲဒီလောက် လမ်းလျှောက်နိုင်မယ်မထင်ဘူး။ အခုတောင် ယဲ့ယဲ့လေးဘဲ ကျန်တော့တာ။ ဒီတော့ ကြည်မာ အိမ်ပြန်ပြီး အေးအေးဆေးဆေး အနားယူရင် ပိုအဆင်ပြေမယ်ထင်တယ်။ အခုထက်ထိ ကြည်မာ့အိမ်ကလဲ ကြည်မာ ထွက်တာလာ သိကြသေးပုံမပေါ်ဘူး။ ဒီတော့ ကိုတို့ ရွာထဲ ပြန်ဝင်ပြီး ကိုယ့်အိမ်ကိုယ် ပြန်နေကြတာပေါ့။ ကြည်မာ့အထုပ်ကိုတော့ ကို့ကို ပေးခဲ့လိုက်။ နောက်အခွင့်သာမှ ပြန်ယူပေါ့။ တော်ကြာ ကြည်မာ့ အိမ်အတက်မှာ ကြည်မာ့မိဘတွေ မြင်သွားရင် ဖြေရှင်းရ ခက်နေဦးမယ်။ ဒီအတိုင်း အထုပ်မပါဘဲ အိမ်ပေါ်အတက်မှာ တစ်ယောက်ယောက် မြင်သွားရင်လဲ ဗိုက်နာလို့ အိမ်သာသွားတက်တာလို့ ပြောလိုက်ရုံပေါ့။ နော်။ ကြည်မာ ကျန်းမာရေး လုံးဝ ကောင်းလာတဲ့အခါကျမှ ကိုတို့ရဲ့ ရှေ့ရေးအတွက် ထပ်ဆွေးနွေးကြတာပေါ့။ ဟုတ်ဖူးလား"

"ကြည်မာလဲ အဲလို ပြောမလို့။ ကို့ကို အားနာလိုက်တာ။ တကယ့်အရေးကျမှ ဒညှင်းသီးက လာဖျက်တယ်။ ကြည်မာ တကယ် စိတ်မကောင်းဘူး။ ကြည်မာတို့ ရေစက်မပါလာကြဘူး ထင်တယ်နော်"

တိုးလျစွာဖြင့် ကြည်မာ ညီးညူသည်။ ထို့နောက် နှစ်ယောက်သား မတ်တပ်ထလိုက်ကြသည်။ ထို့နောက် ကိုရင်သာထွန်းတစ်ယောက် ကြည်မာကို ဖြေးဖြေးချင်းတွဲခေါ်ပြီး ကြည်မာ့အိမ်နဲ့ မလှမ်းမကမ်းအထိ လိုက်ပို့ပေးလိုက်လေတော့၏။ ကြည်မာ့အိမ်က  ဘာသံမှ မကြားရတာ ထောက်ရင် ကြည်မာ အဆင်ပြေစွာ အိမ်ထဲ ၀င်ရောက်နိုင်တာ သေချာပြီ။ ပူစရာ မလိုတော့။

ထို့နောက်တွင်တော့ ကိုရင်သာထွန်းတစ်ယောက် ကြည်မာရဲ့ အထုပ်အိတ်ကလေးကို ပိုက်ကာ အိမ်သို့ ပြန်လာခဲ့လေ၏။ တစ်ခါတစ်ခါ ကိုရင်တစ်ယောက် ညဥ့်နက်သန်းခေါင်ရောက်မှ ရွာလည်ရာက ပြန်လာနေကျမို့ မိဘတွေအတွက်ကတော့ ဘာမှ ပူစရာမလို။ သက်တောင့်သက်သာ အိမ်တံခါးဖွင့်ပြီး အိမ်ထဲ ၀င်လိုက်၏။ အဖေနဲ့ အမေ နှစ်ယောက်လုံး အိပ်မောကျနေကြလေပြီ။ သို့သော် အဖေ ဖွင့်ထားသည့် တရားတိတ်ခွေမှာမူ တစ်ပတ်ပြန်လည်ပြီး တိုက်ဆိုင်စွာပင် ကိုရင်သာထွန်း အိမ်က ထွက်ခွါစဉ်က ကြားနားခဲ့ရသည့်  နေရာသို့ ပြန်ရောက်နေလေတော့၏။

"အားလုံး အပုပ်ကောင်ကို ရုပ်ဆောင်ထားကြတာ။ ယောက်ျားမိန်းမ တွယ်တာစရာ ဘာမှမရှိဘူး။ အားလုံး အပုပ်ကောင်တွေချည်းဘဲ"

"တင်ပါ့ဘုရား"

"ဘယ်လောက်ဘဲ ချောမောလှပတဲ့ အမျိုးသမီးဖြစ်ပစေ။ အမျိုးသား ဖြစ်ပစေ။ ခန္ဓာကိုယ်ထဲမှာ ကျင်ကြီး ကျင်ငယ် အသွေး အသား ပြည် သလိပ် နှပ်ချေး စတဲ့ အညစ်အကြေးတွေ ရှိမနေဘူးလား"

"ရှိနေပါတယ်ဘုရား"

"ဒါဖြင့် ကျားကျားမမ ဘာမက်မောစရာရှိသေးလဲ"

"ဘာမှမရှိပါဘုရား"

"ဒါဖြင့် အမျိုးသမီးတစ်ယောက်ဟာ ရတနာတုံးကြီးလား အညစ်အကြေးတုံးကြီးလား"

"အညစ်အကြေးတုံးကြီးပါဘုရား"

"ဒါဖြင့်ရင် အမျိုးသမီးတစ်ယောက်ဟာ နှစ်သက်စရာလား ရွံရှာစရာကြီးလား"

"ရွံရှာစရာကြီးပါဘုရား"

"အေး.. ယောဂီတို့... အသင်တို့ရဲ့ သန္တာန်မှာ  တဏှာရာဂတွေ ဆန္ဒအားကြီးလာရင် အဲဒီလို အသုဘဘာဝနာ ကမ္မဋ္ဌာန်းမျိုး ရှုမှတ်ရမယ်"

"တင်ပါ့ဘုရား"

+=++========++++=

...
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

..

Thursday, 1 November 2012

ပုလဲရတု တောင်းဆုပြု

နှစ်သုံးဆယ်မှာ မင်္ဂလာ
အန်တီတင့်နှင့် ခင်ပွန်းပါ။

လျှောက်လှမ်းခဲ့ရာ ထိုနှစ်သစ်
ပုလဲရတု အချစ်စစ်။

လက်ထပ်နှစ်မှာ ချစ်ထပ်ပျိုး
နှစ်ပေါင်းများစွာ အချစ်တိုး။

.
 ****
ဝန်ခံချက်။
 ဆရာဟန်ကြည်တို့လို ပြီးတော့ ကြောင်စမင်းတို့လို ဘ၀အတွေ့အကြုံ မပြည့်စုံရှာတဲ့ သူကြီးမင်းတစ်ယောက်ခမျာ သူတို့လို ပြည့်ပြည့်စုံစုံ ဆုတောင်းမပေးနိုင်ရှာဘဲ ကလေးဘ၀တုန်းက ကျောင်းဖတ်စာအုပ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ "ရက်သုံးဆယ်မှာ စက်တင်ဘာ" ဆိုတဲ့ ကဗျာအလိုက်ကလေးနဲ့ဘဲ တီတင့်ရဲ့ မင်္ဂလာပုလဲရတုကို ဂုဏ်ပြုလိုက်ရရှာပါပကောလား။း))

တီတင့်ရေ.. ကဗျာလေးထဲက အတိုင်းပါဘဲ။ နှစ်ပေါင်းသုံးဆယ် ပုလဲရတုတိုင်အောင် အချင်းချင်း ချစ်ခြင်း နားလည်ခြင်း ယုံကြည်ခြင်း သည်းခံခြင်း စာနာခွင့်လွှတ်ခြင်းစတဲ့ လူတော်လူကောင်းတွေရဲ့ စိတ်ဓါတ်တွေနဲ့ အတူတူ လျှောက်လှမ်းခဲ့ကြတဲ့ တီတင့်တို့ ဇနီးမောင်နှံနှစ်ယောက် အတိတ်မှာ ကျင့်သုံးခဲ့တဲ့ အချင်းချင်း ချစ်ခြင်း နားလည်ခြင်း ယုံကြည်ခြင်း သည်းခံခြင်း စာနာခွင့်လွှတ်ခြင်း စတဲ့ စံတုမမှီအချစ်တို့ထက် ပိုမိုသာလွန်နဲ့ အချစ်စစ်စစ်တို့နဲ့ ရာသက်ပန်တိုင် ထာဝရပျော်ရွှင် ရပ်တည်နိုင်ပါစေ။ ကျန်းမာချမ်းသာပြီး လူမှုရေး သာသနာရေးတို့ကို နိုင်သလောက် ဆောင်ရွက်နိုင်ပါစေလို့ တီတင့်ရဲ့ ပုလဲရတုမင်္ဂလာနေ့မှာ သူကြီးမင်း ဆုတောင်းပေးလိုက်ပါတယ်။ ။

.

Monday, 29 October 2012

သီတင်းကျွတ်လက်ဆောင်

"မိဖြူရယ်"
***
ဈေးနားက အပြန်
ဒို့မောင်နှံ အတူတူကြိုက်ဖို့
မောင် ကိုက်ချီပေး။

လမ်းအငူဆီက
မိဖြူကို မောင်မြင်တော့
သူ့လင်ငယ် အောင်ဘုရယ်နဲ့
ရင်ထုနာသေး။




.
ကဗျာသံယောင်လိုက်။
ဆရာမင်းသုဝဏ်ရဲ့ နှင်းဆီပွင့်ကဗျား)))


.