ကိလေသာဆိုတဲ့စာလုံးကို မြင်ရင် လူအများစုက လိင်ပိုင်ဆိုင်ရာ စိတ်ဖောက်ပြန်မှုလို့ဘဲ ထင်မြင်နေတတ်ကြတယ်။
မှန်တော့မှန်ပါတယ်။ ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာစိတ်တက်ကြွမှုတစ်ခုထဲကို ကိလောသာလို့ခေါ်တာမဟုတ်ပါဘူး။ လောဘဖြစ်နေရင်လဲ ကိလေသာဘဲ။ ဒေါသဖြစ်ရင်နေရင်လဲ ကိလေသာဘဲ။ မောဟဖြစ်နေရင်လဲ ကိလေသာဘဲ။ အဲဒီလိုပုံစံမျိုးနှင့် ကိလေသာက ၁၀ ပါးတိတိတောင်ရှိပါတယ်။ ၁၅၀၀ ကိလေသာဆိုတာကတော့ သင်္ချာနည်းအရ ထပ်ဆင့် မြောက်ပွါးပြီး နောက်ဆုံးရလာတဲ့ ရလာဒ်ကိုဖော်ပြတာပါ။ (တဏှာအစစ် ၁၀၈၊ ၅၂၈သွယ် မေတ္တာ ဆိုတဲ့သဘောကလဲ ဒီအတိုင်းပါဘဲ)။
မူလ ကိလေသာ (Defilement) ၁၀ ပါးကို ဖော်ပြပေးပါ့မယ်
၁။လောဘ= လိုချင်တပ်မက်ခြင်း (Greed)
၂။ဒေါသ= အမျက်ထွက်ခြင်း (Hatred)
၃။မောဟ= တွေဝေခြင်း (Bewilderment)
၎။မာန= ထောင်လွှားခြင်း (Conceit)
၅။ဒိဋ္ဌိ= အယူမှားခြင်း (Wrong view)
၆။ဝိစိကိစ္ဆာ= မဆုံးဖြတ်နိုင်ခြင်း (Doubt)
၇။ထိန= ထိုင်းမှိုင်းခြင်း (Mental torpor)
၈။ဥဒ္ဓစ္စ= မတည်ငြိမ်ပျံ့ လွင့်ခြင်း (Restlessness)
၉။အဟိရိက= မကောင်းမှုပြုလုပ်ရမှာကို မရှက်ခြင်း (Shamelessness to do evil)
၁၀။အနောတ္တပ္ပ= မကောင်းမှုပြုလုပ်ရမှာကို မကြောက်ရွံ့ ခြင်း (Not fearing to do evil)
မူလကိလေသာ ၁၀ ပါးမှာ တစ်ပါးတစ်ပါးကို အဆင့်သုံးဆင့်ရှိပါတယ်။ အဲဒီအဆင့်သုံးခုလုံးဖြတ်သန်းပြီးရင် ကြီးမားတဲ့ကိလေသာပြစ်မှုကြီးဖြစ်သွားပါပြီ။
ကိလေသာတစ်ပါးစီရဲ့  အဆင့်သုံးဆင့်ကို ဖော်ပြပေးပါ့မယ်
၁။အနုသယကိလေသာ= မြုံနေတဲ့ကိလေသာ (Latent defilement)
၂။ပရိယုဋ္ဌာနကိလေသာ= ထကြွတဲ့ကိလေသာ (Arising defilement)
၃။ဝီတိက္ကမကိလေသာ= လွန်ကျူးတဲ့ကိလေသာ (Transgression defilement)
ပုထုဇဉ်ပုဂ္ဂိုလ်မှန်သမျှ ဒီအဆင့်သုံးဆင့်လုံး ရှိပါတယ်။ ဒါပေမဲ့ တရားထိုင်မှတ်နေတဲ့သူတွေမှာ ဒုတိယနှင့်တတိယ အမျိုးအစား ဖြစ်ခဲပါတယ်။
ဒါကြောင့်မို့ တစ်ချို့ တရားထိုင်တဲ့ယောဂီတွေ သူတို့ကိုယ်သူတို့ ကိလေသာကုန်ခန်းပြီလို့ အထင်မှားတတ်ကြပါတယ်။ ကိလေသာက အတွင်းသန္တာန်မှာ မြုံနေတာကိုး။
မူလကိလေသာ ၁၀ ပါးထဲက သိသာထင်ရှားတဲ့ ဒေါသကိလေသာကို အဆင့်သုံးဆင့်နှင့်နှိုင်းယှဉ်ပေးပါ့မယ်။ ကျနော် လူတတ်လုပ်တာတော့မဟုတ်ပါဘူး။ ဖတ်ထားသလောက် မှတ်ထားသလောက် တင်ပြတာပါ။
ဥပမာ
စိတ်ကြည်လင်နေတဲ့လူတစ်ယောက်ဟာ သူ့ကိုယ်သူ ကိလေသာမရှိတော့ဘူးလို့ ထင်မြင်တတ်ပါတယ်။ ဒါပေမဲ့ ကိလေသာက သူ့အတွင်းသန္တာန်မှာ တကယ်ရှိပါတယ်။ အကြောင်းမတိုက်ဆိုင်လို့သာ မသိသာတာပါ။ အဲဒီအဆင့်ကို အနုသယ အဆင့်လို့ခေါ်ပါတယ်။ ဒေါသကို ဖော်ပြမှာဖြစ်တဲ့အတွက် ဒီလိုအခြေအနေမျိုးဟာ ဒေါသအနုသယ (မြုံနေတဲ့) ကိလေသာပေါ့။
သူနှင့်လုံးဝ သဟဇာတမဖြစ်တဲ့သူ (သို့ ) ရန်သူကိုတွေ့မြင်လိုက်ရင် (သို့) တစ်ယောက်ယောက်က သူ့ကို စော်ကားမော်ကားလုပ်မာရင် မြုံနေ (အိပ်ပျော်နေ)တဲ့ ကိလေသာလေးက နိုးထလာပါတယ်။ ထကြွလာပါတယ်။ ဒေါသမရှိတော့ဘူးလို့ထင်ထားခဲ့သမျှ ဒေါသတွေ ဗူးပေါ်သလို အစဉ်လိုက်ပေါ်လာကြပါတယ်။ အဲဒီလို ထကြွသောင်းကျန်းတဲ့ ဒေါသအဆင့်ကို ပရိယုဋ္ဌာနဒေါသ (ထကြွတဲ့) ကိလေသာ လို့ခေါ်ဆိုပါတယ်။
နောက်ဆုံး စိတ်မထိန်းနိုင်တော့လို့ ဒေါသအလျောက် ဒုတ်နှင့်ရိုက်မယ်။ ဓါးနှင့်ခုတ်မယ်။ သေနတ်နှင့်ပစ်မယ်။ လက်သီးနှင့်ထိုးမယ်။ လက်ဝါးစောင်းနှင့်ခုတ်မယ်။ လက်ဝါးနှင့်ပုတ်ခတ်မယ် စတဲ့စတဲ့ လွန်ကျူးမှုတွေကို ပြုလုပ်တဲ့အခါမျိုးဟာ နောက်ဆုံး ကိလေသာအဆင့်ဘဲ။ အဲဒီ ဒေါသအဆင့်ကို ၀ီတိက္ကမဒေါသ (လွန်ကျူးတဲ့)ကိလေသာ လို့ခေါ်ပါတယ်။
................................
ကိလေသာ ၁၀ ပါးလုံးမှာ အဲဒီ အဆင့်သုံးခုလုံးရှိကြပါတယ်။ လောဘလဲ လောဘအလျောက် မောဟလဲမောဟအလျောက် ကျန်တဲ့ကိလေသာတွေလဲ သူတို့အလျောက် အဆင့်သုံးမျိုးစီ ရှိကြတာချည်းပါဘဲ။
ဒါကြောင့် ဘယ်သူကတော့ ကိလေသာမရှိတော့ဘူး၊ ဘယ်သူကတော့ ကိလေသာနည်းတယ် ဆိုတဲ့စကားတွေကို ပြောနေမဲ့အစား ဒီအဆင့်သုံးမျိုးကို နားလည်ထားရင် ပိုပြီးကောင်းပါတယ်။
အရေးကြီးတာကတော့ ဒုတိယအဆင့်ထိရောက်တတ်ပေမဲ့ နောက်ဆုံးကိလေသာအဆင့်ကို မလုပ်မိကြဖို့သာ လိုအပ်ကြောင်းလျက်ရှိကြောင်းတင်ပြလိုက်ရပါတယ်။
အားလုံး ကိလေသာကို (မပယ်သတ်နိုင်သည့်တိုင်) ပထမအဆင့်မှာဘဲ ထားနိုင်ကြပါစေ။
1 comment:
မှတ်သားလောက်တယ့် ပို့စ်လေးပါ
လူတိုင်း ကိလေသာ အားလုံးမပယ်နိုင်ပေမယ့် တတ်နိုင်သမျှ နည်းပါးပါစေ.
Post a Comment