ကိုရင်ကြီးလဲ အိပ်ရာက ချက်ချင်းလန့်နိုးလာပြီး အိပ်မက်မက်ခဲ့တာလား တကယ့်အဘိုးအိုကြီးက လာပြောတာလား ဝေခွဲမရဖြစ်နေတယ်။ သူဘယ်လိုဘဲ ဝေခွဲရရ မရရ ဒါအိပ်မက်ဘဲပေါ့။ အိပ်မက်မက်တယ်ဆိုတာ အိပ်တစ်ဝက်နိုးတစ်ဝက်မှာ မက်တတ်ကြတာမဟုတ်လား။
ကိုရင်ကြီးဟာ မိုးမလင်းသေးပေမဲ့လို့ ပြန်အိပ်လို့မရတော့ဘူး။ စိတ်က မန်ကျည်းပင်ကြီးဆီဘဲ ရောက်နေတယ်။ အိပ်မက်ထဲမှာ အဘိုးအိုပြောသွားတာက နေထွက်ထွက်ချင်းသွားရမယ်တဲ့။
ဒါပေမဲ့ အခုထက်ထိ နေကမထွက်သေးဘူး။
ကိုရင် ကျောင်းသားတွေအားလုံးလဲ တခေါခေါနဲ့ အိပ်မောကျနေတုန်း။ ကိုရင်ကြီးဟာ မိုးလင်းတဲ့အထိ ငုတ်တုတ်ဆိုင်ပြီး မအိပ်ဘဲနဲ့ နေအထွက်ကို စောင့်မျှော်နေပါတော့တယ်။
မိုးလင်းလင်းချင်းဘဲ ကိုရင်တစ်ပါး ကျောင်းသားသုံးယောက်ကို ခေါ်ပြီး သူအပါအ၀င်
စုစုပေါင်း ငါးယောက်တိတိ တူရွင်း ပေါက်ပြားကိုယ်စီနဲ့ ကျောင်းအရှေ့ ဘက် မန်ကျည်းပင်ကြီးဆီသို့ ချီတက်သွားကြတယ်။
"တစ်လှမ်း... နှစ်လမ်း.. သုံး....လေး.. ငါး ... ခြောက်.... ခုနစ်လမ်း.... ဒီမှာ ခြေစုံရပ်မယ်။
ကဲ ဒီအောက်တည့်တည့်မြေကြီးကို တူးကြမယ်ကွာ"
မန်ကျည်းပင်ကိုရောက်ပြီး ကိုရင်ကြီးရဲ့ အသံက အောင်မြင်ခန့်ညားစွာထွက်ပေါ်လာတယ်။
အိပ်မက်ထဲကအဘိုးအိုက ကိုရင်ကြီးကို ညွန်ကြား၊ ကိုရင်ကြီးက သူ့နောက်ပါခဲ့တဲ့သူတွေ ထပ်ညွန်ကြားနဲ့ တက်ညီလက်ညီဘဲ မြေကြီးကို တူးဆွနေကြပါတော့တယ်။
"တွေ့ပြီကွ။ ဒီမှာ အိုးကြီး အကြီးကြီးဘဲ"
ငါးတောင်လောက်တူးပြီးတဲ့အခါ အိုးကြီးတစ်လုံးကို အဖုံးပိတ်ရက်သား မြေကြီးထဲမှာ တွေ့ရတယ်။
အဖုံးရဲ့ ထိပ်မှာ လက်ကိုင်ကွင်းလေးရှိတယ်။ မြေကြီးတွေနဲ့ပေနေပြီး သံချီးတောင် တော်တော်တက်နေပြီ။
အိုးကြီးက ကြီးမှကြီးဘဲ။ သံထည်တွေနဲ့ပြုလုပ်ထားတဲ့အိုးကြီးပါ။
ကိုရင်ကြီးအပါအ၀င် ငါးယောက်လုံးရဲ့ မျက်ဝန်းတွေက ၀င်းဝင်းလက်လက်။ သူဌေးဖြစ်တော့မှာကိုး။
"တော်တော်ကျေးဇူးတင်စရာကောင်းတဲ့ အဘိုးအိုဘဲ"
ကိုရင်ကြီးရဲ့ ရေရွတ်သံပါ။ သူတကယ်လဲ အဘိုးအိုကို ကျေးဇူးတင်နေပါတယ်။ အိပ်မက်က ကွက်တိဘဲလေ။
သူတို့အားလုံး အိုးကြီးရဲ့ ဘေးပတ်ပတ်လည်က မြေသားတွေကို ဖယ်ထုတ်လိုက်ကြတယ်။ အိုကြီးက ပြူးပြူးကြီးပေါ်ထွက်လာပြီ။ ကြိုးစားပြီး ကျင်းထဲကနေ အပေါ်ကို မတင်လိုက်ကြတယ်။
အပြင်ရောက်တော့ မြေကြီးပေါ်ချအသာလေးချထားလိုက်တယ်။ သူတို့ စိတ်မထိန်းနိုင်ကြတော့ဘူး။ မြန်မြန်ဖွင့်ကြည့်ချင်ကြလှပြီ။
အိုးကြီးကို ပေါက်ပြားဖင်နှင့်ခပ်ဆဆလေးရိုက်ပြီး အိုကြီးပေါ်က မြေကြီးတွေကို ကွာကျစေတယ်။ ပြီးတော့ သူတို့အားလုံး အိုးအဖုံးကို ဖွင့်ဖို့ ပြင်ဆင်ကြတယ်။
"တစ်.... နှစ်..........သုံး...."
"၀ုန်း"
"ဒိုင်း"
"ဂွမ်း"
တစ်..နှစ်..သုံး ညာသံပေးပြီး အိုးအဖုံးကို ဖွင့်လိုက်တဲ့အခါမှာဘဲ အိုးကြီးဟာ ပြင်းထန်စွာ အစိတ်စိတ် အမြွာမြွာ ပေါက်ကွဲသွားတယ်။ ကိုရင်ကြီး အပါအ၀င် ငါးယောက်လုံး အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြတယ်။
ပေါက်ကွဲသံကြားလို့ ဘုန်းတော်ကြီးနှင့်ကျောင်းသားတွေ ရွာသူရွာသားတွေ မန်ကျည်းပင်ကြီးဆီကို အပြေးရောက်လာကြတယ်။ ဒါပေမဲ့ နောက်ကျသွားခဲ့ပါပြီ။ သွေးအလိမ်းလိမ်းနဲ့ အသက်မဲ့နေတဲ့ ရုပ်အလောင်း ငါးခုကိုဘဲ တွေ့လိုက်ကြရတော့တယ်။ အတော်ကြောက်စရာကောင်းတဲ့ အိပ်မက်ဘဲ။ တွေးရင်းနဲ့ကို ကြက်သီးထစရာကြီး။
သက်ဆိုင်ရာလူကြီးတွေရောက်လာပြီး သေချာစစ်ဆေးလိုက်တော့မှ ဒုတိယကမ္ဘာစစ်အတွင်းက မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့တဲ့ ဗုံးကြီးတစ်လုံးဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။
အခုကိုရင်ကြီးမက်ခဲ့တဲ့အိပ်မက်ဟာ နတ်တွေက မကောင်းကျိုးကို လိုလားတဲ့အတွက် မက်ပေးခဲ့တဲ့ ဒေ၀တောပသံဟာရ အိပ်မက်ပါ။ အိပ်မက်ထဲမှာက ရွှေအိုးကြီးရှိတယ်လို့ မက်ပေးခဲ့တယ်။ လက်တွေ့ကျတော့ ဗုံးကြီးဖြစ်နေပြီး အားလုံးသေဆုံးကြရတယ်။ ဒါကြောင့်မို့ နတ်တွေ မက်ပေးတဲ့ အိပ်မက်ဆိုရင် အထူးသတိထားရပါလိမ့်မယ်။ အိပ်မက်အမှားကြီးကို ပေးတတ်တယ်လေ။မကောင်းတဲ့နတ်တွေက အများကြီးမဟုတ်လား။
(အိပ်မက် အမှတ် ၇ ဆက်ဖတ်ပါ)
No comments:
Post a Comment