"ငါ့တပည့်တွေ နေရာအနှံ့ ရှိနေပါလား။
ငါစာသင်ပေးခဲ့တဲ့ သူတွေ အခုလောက်ဆို နိုင်ငံတော်ရဲ့ လုပ်ငန်းခွင်တွေမှာ အသုံးဝင်နေလောက်ပြီ။
ငါ ဆရာဖြစ်ရကျိုးနပ်ပါတယ်လေ"
သူ့ကိုယ်သူ ကြံဖန်ပြီး ရသေ့စိတ်ဖြေလုပ်လိုက်တယ်။ ရှက်လို့ ထွက်ပြေးလာခဲ့ပေမဲ့လဲ တပည့်တစ်ယောက်နဲ့ မထင်မှတ်တဲ့ နေရာမှာ တွေ့ ခဲ့ရတာကိုတော့ ၀မ်းသာသလိုလို။ ပီတိတွေပေါ့လေ။ ပီတိတွေ။
"ရန်ကုန်ရောက်ရင် သီရိမင်္ဂလာဈေးသွားပြီး ဈေးသက်သာမဲ့ ငါးပိကောင်တစ်ဆယ်သားလောက်သွားဝယ်ရဦးမယ်။
တော်ကြာ အိမ်ရောက်ရင် ပူညံပူညံ အသံကြားနေရဦးမယ်"
ရန်ကုန်ရောက်ရောက်ရောက်ချင်း စဉ်းစားထားတဲ့အတိုင်း သူအရင်လုပ်ရမဲ့အလုပ်ကို စတင်လုပ်လိုက်တယ်။
ကားဂိတ်ကဆင်းပြီး သီရိမင်္ဂလာဈေးကို ဘတ်စ်ကားစီးပြီးသွား။ ငါးပိကောင်ကို အမြန်ဝယ်ပြီး ချစ်ဇနီးချောလေးရှိတဲ့ ဌာနကို လှမ်းခဲ့တော့တာပေါ့။
အိမ်ပြန်ရောက်ပြီး ၀ယ်လာတဲ့ ငါးပိကောင်လေးတွေကို မိန်းမလက်ထဲထည့်ပေးလိုက်တယ်။ လက်ကျန်ပိုက်ဆံနဲ့သင့်တော်တဲ့ စားစရာက ငါးပိကောင်ဘဲရှိတာမဟုတ်လား။
"မိန်းမရေ... အလုပ်က သိပ်အဆင်မပြေခဲ့ဘူးကွာ။ အလုပ်မဖြစ်လို့ ကို ပြန်လာခဲ့တာ။
မနက်ဖြန်မှ နောက်အလုပ်တစ်ခု ထပ်ရှာလိုက်ဦးမယ်"
မိန်းမကိုပါ ထပ်ပြီး လိမ်ပြောလိုက်ရပြန်တယ်။ လိမ်မပြောရင်လဲ မိန်းမရဲ့  တိုက်ကွက်အောက်မှာ မှောက်ရက်လဲမှာ သေချာတယ်။ စာဆိုရှိတယ်လေ။ တိုက်ပွဲထောင်သောင်းမကနိုင်ခဲ့တဲ့ စစ်သူကြီးပင်ဖြစ်ပစေ၊ မိန်းမရှေ့ ရောက်ရင်တော့ ဖားသူငယ်ပါဘဲ တဲ့။
ခရီးပန်းလာတဲ့အတွက် ဗိုက်ကလဲ ဆာလာပြီ။
မီးဖိုချောင်က လက်ရှိငါးပိထောင်းခပ်စပ်စပ်တစ်ခွက်၊ အခုဝယ်လာတဲ့ ငါးပိကောင်ကြော်၊ ရေနွေးကြမ်းအိုးတစ်လုံးနှင့် ညစာကို မြိန်ရည်ရှက်ရည် စားပြီး သူစဉ်းစားမိလိုက်တယ်။
"တပည့်မရှား၊ တစ်ပြားမရှိ။
ငါးပိစား၊ ခါးချည့်ပါ၏" လို့။
ပီတိကို စားနိုင်တဲ့ဆရာ ဆရာမတွေအားလုံး
ငါးပိကိုလဲ နေ့စဉ် အဓိကဟင်းလျာအဖြစ်စားနိုင်ကြရမယ်မဟုတ်လား။
ဒါမှ နာသုံးနာနှင့် တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်မယ်လေ။
နိုင်ငံခေါင်းဆောင်များ၊ ဆေးဆရာဝန်များ၊ အင်ဂျင်နီယာများ၊ သင်္ဘောသားများ၊ စစ်ဗိုလ်များ၊ ကုမ္ပဏီပိုင်ရှင်များ၊ စက်ရုံပိုင်ရှင်ကြီးများ၊ နာမည်ကြီး မင်းသမီး မင်းသားများ စတဲ့ ထိပ်တန်းရောက်နာမည်ကြီးပုဂ္ဂိုလ်တွေဟာ ကျောင်းဆရာ ဆရာမတွေရဲ့ လက်အောက်က ထွက်သွားခဲ့တဲ့ သူတွေချည်းပါဘဲ။
သူတို့အားလုံးရဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး ပြုံးပျော်ကြည်နူးရတာပေါ့ဗျာ။
အဲဒီ ကြည်နူးပြုံးပျော်နှစ်သက်နေတာကို ပီတိလို့ခေါ်ပါတယ်။ ပီတိမှာလဲ နဲနဲ ပီတိဖြစ်တာ၊ များများပီတိဖြစ်တာ အလွန်ပီတိဖြစ်တာ စတဲ့ အဆင့်ငါးဆင့်ရှိပါတယ်။
(ပီတိ အမှတ် ၅ ဆက်ဖတ်ပါ)
No comments:
Post a Comment