
ကော်ဖီကြိုက်သူများ ကော်ဖီကို အရသာပိုရှိရှိသောက်ချင်ကြရင်
ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့  နည်းစနစ်လေးကို သိထားသင့်ပါတယ်။
ဗန်းမော်ဆရာတော်ဘုရားကြီးဆိုလို့ မင်းတုန်းမင်းလက်ထက်ကို မျှော်မကြည့်လိုက်ပါနဲ့ဦး။
ယခုသက်ရှိထင်ရှား ဗန်းမော်ဆရာတော်ကိုပြောတာပါ။ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ လက်ရှိ ဒုတိယနာယကချုပ်ဆရာတော်ဖြစ်ပါတယ်။
ဆရာတော်က မှတ်သားစရာ စကားတိုထွာလေးတွေကို မကြာခဏပြောပြလေ့ရှိတယ်။
တစ်နေ့
ဆရာတော်နေ့ဆွမ်းဘုဉ်းပေးအပြီး အချိုပွဲဘုဉ်းပေးနေတုန်း ဦးဇင်းလေးတွေကို ဆရာတော်က မေးတယ်။
"မောင်ပဇင်းတို့... ကော်ဖီကို ပိုပြီးအရသာရှိအောင် ဘယ်လိုသောက်မလဲ"
"မသိပါဘုရား။ တပည့်တော်တို့ကတော့ ကော်ဖီကြိုက်တဲ့သူတွေဆိုတော့ ဒီအတိုင်းဘဲ သောက်ပါတယ် ဘုရား"
"မှတ်ထားကြ။ ကော်ဖီကို အရသာပိုရှိရှိ သောက်ချင်ကြရင် လဘက်(သုပ်)ကို အရင်စားပြီးမှ ကော်ဖီကိုသောက်။
ဒါဆိုရင် ကော်ဖီ ပိုပြီးအရသာရှိတယ်"
ဆရာတော်က ဆက်လက်ပြီး ပြုံးပြုံးနဲ့ ပြောပြတယ်။
"ဒီ နည်းစနစ်ကို တစ်ခြားသူတွေကို သွားမပြောလိုက်ကြနဲ့။ တော်ကြာ လက်နှေးနေရင် လဘက်ပွဲတွေ မစားရဖြစ်နေဦးမယ်"
ကျနော်လဲ ဆရာတော်နှင့်မောင်ပဉ္ဇင်းတွေပြောနေတဲ့စကားကို ဘေးကနေကြည်ညိုနားထောင်ရင်း အိမ်ပြန်ရောက်ရင်တော့ စမ်းသပ်ကြည့်ဦးမယ်လို့ စဉ်းစားပြီးပြန်လာခဲ့တယ်။
လက်တွေ့စမ်းသပ်ကြည့်လိုက်တော့လဲ ခပ်ဟုတ်ဟုတ်ဘဲဗျို့ ။
ဒါကြောင့်မို့ ကော်ဖီချစ်တဲ့ မိတ်ဆွေများလဲ ကော်ဖီကို ဖီလင်လေးနှင့်ပိုပြီးအရသာရှိရှိ ဇိမ်ကျကျ သောက်ချင်ရင်တော့ ကော်ဖီမသောက်ခင် လဘက်ပွဲလေးကိုတော့ မမေ့ကြပါနဲ့လို့။ ။
2 comments:
wow...တကယ်လားဟင်... ကော်ဖီမသောက်ခင် လက်ဖက်သုပ် အရင်သုပ်စားရတော့မှာပေါ့..
ကော်ကော်ကြိုက်တဲ့မက်မက်တို့တော့
အဲဒီနည်းလမ်းလေးကို မှတ်ထားလိုက်ပီနော်..
အခုလိုဆရာတော်ရဲ့ပြောပြချက်ကို ပြန်လည်
ဝေမျှပေးတာ ကျေးဇူးးပါ.. နော်...
ကော်ဖီရော လ္ဘက်ရော ကြိုက်မှကြိုက် ....ဒါပေမဲ့ ညနေပိုင်းသောက်ရင် အိပ်ရခက်ရော... လ္ဘက်နဲ့ပါတွဲစားလိုက်လို့ကတော့ မိုးအလင်းဘဲနေမှာ... ဘာဘဲဖြစ်ဖြစ် သိထားရတော့ ကောင်းပါတယ်.. စမ်းကြည့်ဦးမယ်နော်...
Post a Comment