Tuesday 11 November 2008

ပေါ့ပီပန်း နှင့် အမှတ်ရဖွယ်


ဒီနေ့မနက် ကျနော်တို့ သူငယ်ချင်းသုံးယောက် Hounslow Barclays Bank ကို သွားကြတယ်။ နေပွင့်တဲ့နေ့ဆိုတော့ သွားရလာရတာ စိတ်ရွှင်လန်းဖို့ကောင်းပါတယ်။ ဘဏ်ထဲရောက်တဲ့အခါ Whiteboard တစ်ချပ်ပေါ်မှာ Notice တစ်ခုရေးထားတာတွေ့ရတယ်။

Today at 11:11am we will be participating two minutes silence. Co-operation!!!
ဒီနေ့နံနက် ၁၁နာရီ ၁၁မိနစ်မှာ ကျနော်တို့ နှစ်မိနစ် ငြိမ်သက်မှုကိုဆောင်ရွက်မယ်။ ပူးပေါင်းပါဝင်ကြပါ။
............................

ဘာအတွက် နှစ်မိနစ် ငြိမ်သက်မှုကိုပြုလုပ်ကြမှာလဲ ဆိုတာ မမေးခဲ့ရဘူး။ အိမ်ပြန်ရောက်ပြီး အင်တာနက်ဖွင့်ကြည့်လိုက်တော့မှ အော်.. ဒီနေ့ဟာ နိုဝင်ဘာ ၁၁ ရက်ပဲ ဆိုပြီး သဘောပေါက်သွားတယ်။

၁၁၁၁၁၁၁၁ (နှစ်တိုင်း ၁၁လ ၁၁ရက် ၁၁နာရီ ၁၁ မိနစ်)မှာ ကမ္ဘာတစ်ဝှမ်းလုံး ပေါ့ပီပန်းနေ့ ကျင်းပကြလေ့ရှိပါတယ်။ ဒီနေ့မှာလဲ ပြင်သစ် သြစတေးလျ ဂျာမနီတဲ့ နိုင်ငံတွေမှာ နှစ် ၉၀ မြောက် ပေါ့ပီပန်းနေ့ (ပထမကမ္ဘာစစ်ပြီးဆုံးတဲ့နေ့) အခမ်းအနားကျင်းပကြပါတယ်။ အဲဒီနေ့ကိုဘဲ Remembrance Day, Armistice Day, Poppy Day ဆိုပြီး အမျိုးမျိုးခေါ်ဆိုကြပါတယ်။ အဲဒီအခမ်းအနားမှာ စစ်အတွင်းက သေကျေပျက်စီးခဲ့ကြတဲ့ သူတွေအားလုံးကို အမှတ်ရအောက်မေ့တဲ့အနေနဲ့ နှစ်မိနစ်တိတိ တိတ်ဆိတ်စွာဂုဏ်ပြုကြပါတယ်။

ဗြိတိသျှရဲ့ အောက်မေ့ဘွယ်နေ့ရက် ဆောင်းပါးမှာ ကျနော်ဖော်ပြခဲ့တဲ့အတိုင်း အဲဒီနေ့အထိမ်းအမှတ်အဖြစ် ပေါ့ပီပန်းရင်ထိုးတံဆိပ်ကို ဘယ်ဘက်ရင်အုံထက်မှာ ထိုးထားကြရပါတယ်။ လူအတော်များများလဲ ထိုးထားကြရတာတွေ့ရပါတယ်။
................................


ဘာဖြစ်လို့ ပေါ့ပီပန်းကို အထိမ်းအမှတ်ပန်းအဖြစ်အသုံးပြုရပါသလဲ ???
ဖလန်ဒါစ်လို့ခေါ်တဲ့ ဘယ်ဂျီယံနိုင်ငံအနောက်ပိုင်းတစ်ဝှန်းလုံး ပထမကမ္ဘာစစ်ဒဏ်တွေကို အပြင်းအထန် အလူးအလဲ ခံခဲ့ရပါတယ်။ လူသေကောင်တွေ သွေးတွေ အပျက်အစီးတွေ နေရာအနံ့အပြားပြန့်ကျဲနေလေရဲ့ ။
အဆောက်အအုံ လမ်း သစ်ပင် စိုက်ခင်း သဘာဝသက်ရှိတွေအားလုံး ပျောက်ကွယ်ပျက်စီးကုန်ကြတယ်။
ဟိုအရင်တချိန်တုန်းက ရှိခဲ့တဲ့ လူနေအိမ် စိုက်ပျိုးရေးခြံ လယ်ယာမြေတွေဟာ အဲဒီအချိန်မှာ ပင်လယ် ရေအိုင် ရွှံ့ ဗွက်တွေအဖြစ်သို့ပြောင်းလဲသွားပြီး သုဿာန်တစပြင်ဖြစ်ခဲ့ရပါတယ်။

အသေအကြေ အပျက်အစီးတွေကြားထဲမှာ မသေဘဲအသက်ရှင်ကျန်ရစ်နေတဲ့အရာ တစ်ခုဘဲ ရှိပါတယ်။ အဲဒါကတော့ ပေါ့ပီပန်းပင်လေးပါဘဲ။ ပေါ့ပီပန်းပင်လေးဟာ နှစ်စဉ် နွေးထွေးတဲ့ရာသီရောက်လာရင် ပန်းအပွင့်လေးတွေကို မွေးထုတ်ပေးပါတယ်။ တိုက်ပွဲတွေကြားထဲက မကြောက်မရွံ့ ဘဲ
အသက် မျှော်လင့်ချက် အလင်းရောင် အားပေးမှု စတဲ့အရာတွေကို ဖော်ဆောင်နေသယောင်ရှိပါတယ်။

ပေါ့ပီးပန်းလေးတွေဟာ မြေသြဇာမရှိတဲ့ မြေပြင်ပေါ်မှာပေါက်ရောက်နိုင်တဲ့စွမ်းရည်ရှိပြီး သူ့ရဲ့ မျိုးစေ့ဟာလဲ နှစ်ပေါင်းများစွာ မြေပြင်ပေါ်မှာ အပင်မပေါက်ဘဲနေလေ့ရှိပါတယ်။ မြေပြင်အနေအထားပျက်စီးသွားမှအပင်ပေါက်လာတတ်တာဟာ သူ့ရဲ့ စွမ်းရည်တစ်မျိုးပါဘဲ။

ကနေဒါစစ်တပ်က ဒေါက်တာဂျွန်မက်ကရေ (John McCrae)ဟာ ပြင်သစ်တောင်ပိုင်းမှာ အမှုထမ်းစဉ်တုန်းက စစ်မြေပြင်ပေါ်မှာ ပေါက်ရောက်နေတဲ့ ပေါ့ပီပန်းလေးတွေကိုတွေ့လို့ အံ့သြခဲ့ရပါတယ်။ အဲဒီအကြောင်းကို
In Flanders Fields အမည်ရှိကဗျာတစ်ပုဒ်ကို စပ်ဆိုခဲ့ပါတယ်။ သူ့ရဲ့ ကဗျာကို Punch မဂ္ဂဇင်းထဲမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ပေါ့ပီပန်းဟာ စစ်အတွင်းက သေဆုံးခဲ့ကြတဲ့ စစ်သားတွေရဲ့  သင်္ကေတတစ်ခု ဖြစ်ခဲ့ရပါတယ်။

မိုအိရ မိုက်ကယ် (Moira Michael) အမည်ရှိအမေရိကန်သမီးတစ်ယောက်ဟာ In Flanders Fields ကဗျာကို ထောက်ခံတုန့်ပြန်တဲ့အနေနဲ့ We shall keep the faith အမည်ရှိ ကဗျာတစ်ပုဒ်ကို ရေးသားခဲ့ပါတယ်။
အဲဒီကဗျာလေးထဲမှာ စစ်ကြောင့်သေဆုံးသွားကြတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပေါ့ပီပန်းကို ပန်ဆင်(၀တ်ရုံ)ကြဖို့တိုက်တွန်းထားပါတယ်။ အဲဒီအချိန်ကစပြီး ပေါ့ပီပန်းလေးဟာ အမှတ်တရနေ့ရဲ့  ရိုးရာပန်းလေးတစ်ခုဖြစ်ခဲ့ရကြောင်းပါခင်များ။

မှတ်ချက်။ ။
ဗြိတိန်ရဲ့ ပထမဦးဆုံး ပေါ့ပီပန်းနေ့ (အမှတ်တရနေ့)ကို ၁၉၂၁ခု နိုဝင်ဘာလမှ စတင်ကျင်းပခဲ့ပါတယ်။
ဗြိတိန်မှာ နှစ်စဉ်နိုဝင်ဘာလရဲ့  ဒုတိယတနင်္ဂနွေနေ့တိုင်း ကျင်းပြနေဆဲပါဘဲ။
ဒီနေ့ကတော့ အပြည်ပြည်ဆိုင်ရာ ပေါ့ပီပန်းနေ့ ဖြစ်ပါတယ်။

No comments: