Sunday 9 November 2008

အင်္ဂလန်မှာနေထွက်ပြီ






အနောက်အရပ်မှာ နေရောင် လရောင် ထိန်ထိန်တောက်ပနေပြီ။
တိမ်မဲညို ကိုလူဆိုးတွေ စိုးမိုးမှာလဲ ကြောက်စရာမလိုတော့။
အာကာသ အဇဋာတပြင်လုံး မြူကင်းစင်ပြီး ကြည်လင်နေလေရဲ့ ။
အနွေးဓါတ်ကိုပေးတဲ့ နေရောင်၊ ကြည်နူးမှုကို ပေးတဲ့လရောင်၊ ငြိမ်းချမ်းမှု အေးချမ်းမှုကိုပေးတဲ့ သာသနအလင်းရောင် အားလုံး ထွန်းတောက်ပြောင်ပြီး အောင်အတိတ်ကို ဆောင်ခဲ့ပါပြီ။
...........................

ကျနော်လန်ဒန်ရောက်လာတာ တစ်နှစ်ခန့်ရှိပါပြီ။ ရောက်သင့် ရောက်ထိုက်တဲ့အရပ်တွေကို အတော်များများ ရောက်ခဲ့ပြီးပါပြီ။ မြေပုံစာရွက်ခေါက်ကလေးကို ကိုင်ပြီး ခရီးသွားရတာလဲ အရသာတစ်မျိုး။ မြေပုံပညာကို ကျကျနန မသင်ကြားခဲ့ရပေမဲ့ မြေပုံကြည့်ပြီး သွားရတာများလာတဲ့အတွက် မြေပုံကိုလဲ ကောင်းကောင်းကြည့်တတ်သွားပါပြီ။

ကျနော်ကဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေကိုလဲ ဘုရားဖူးရင်း
သံဃာ့မေတ္တာရိပ်ခုံလှုံရင်းနဲ့ ရောက်ခဲ့ပြီးပါပြီ။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ အင်္ဂလန်မှာ များပြားလာတာကို တွေ့ရတဲ့အတွက် ကျနော် ဖရဏာပီတိ ဂွမ်းဆီထိ ဖြစ်ခဲ့ရပါတယ်။
မဟာယာနဘုန်းတော်ကြီးကျောင်းများ တစ်ခြားနိုင်ငံကထေရ၀ါဒဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကိုတော့ ကျနော် မရောက်ခဲ့ဖူးပါဘူး။
ကျနော်ရောက်ဖူးခဲ့တဲ့ကျောင်းတွေက မြန်မာထေရ၀ါဒဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေပါ။
သင်္ကြန်ပွဲ၊ ဗုဒ္ဓနေ့၊ ကထိန်ပွဲတွေရောက်တိုင်း ဘုန်းကြီးကျောင်းကို မြန်မာလူမျိုးတွေ သွားကြတာများပါတယ်။
ကျနော်လဲ အဲဒီလိုနေ့မျိုးတွေမှာ ရောက်သွားတာပါ။
............................................

အင်္ဂလန်မှာရှိတဲ့ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းစာရင်းတွေကို မိတ်ဆွေများလဲ ၀မ်းမြောက်ဝမ်းသာဖြစ်ရအောင် ကျနော် ဖော်ပြပေးပါ့မယ်။

၁။သန္တိသုခကျောင်း (လန်ဒန်) သံဃာ (၇)ပါး
၂။သာသနရံသီကျောင်း (လန်ဒန်) သံဃာ (၄)ပါး
၃။လန်ဒန်ဝိဟာရကျောင်း (လန်ဒန်) သံဃာ (၄) ပါး
၎။တိသရဏကျောင်း (လန်ဒန်) သံဃာ (၄)ပါး
၅။မိုးကုတ်ရိပ်သာကျောင်း (လန်ဒန်) သံဃာ (၂)ပါး
၆။ဘာမင်ဂမ်ကျောင်း (ဘာမင်ဂမ်) သံဃာ (၅)ပါး
၇။အောက်စဖို့ဒ်ကျောင်း (အောက်စဖို့ဒ်) သံဃာ (၇)ပါး
၈။မန်ချက်စတာကျောင်း (မန်ချက်စတာ) သံဃာ (၂)ပါး

ကျနော်က မန်ချက်စတာကျောင်းနှင့် မိုးကုတ်ရိပ်သာကျောင်းကလွဲရင် ကျန်တဲ့ကျောင်းတွေ အားလုံးကို ရောက်ဖူးပြီးပါပြီ။ သံဃာတော်တွေ ရှားပါးနေတဲ့ အနောက်တိုင်းမှာ သံဃာတော်တို့ကို ဖူးတွေ့ရတာ အရမ်းကြည်နူးဝမ်းသာဖြစ်မိပါတယ်။
.........................................

ကမ္ဘာ့ထေရ၀ါဒဗုဒ္ဓသာသနာပြုဆရာတော်ကြီး ဦးသေဋ္ဌိလ စတင်မျိုးစေ့ချခဲ့တဲ့ သာသနဥယျာဉ်ကြီးထဲမှာ သာသနသစ်ပင်တွေ အကိုင်းအခက် အရွက်အဖူး ထူးထူးခြားခြား ဝေဆာနေခဲ့ပါပြီ။ မျိုးစေ့မှ အပင်၊ အပင်မှအကိုင်းအခက်၊ အကိုင်းအခက်မှ အပွင့်၊ အပွင့်မှ အသီး၊ အသီးမှမျိုးစေ့၊ မျိုးစေ့က တစ်ဖန် ပြန်ပြီး မျိုးဆက်ပေးနေမှာသေချာပါတယ်။

ဥရောပနိုင်ငံများဖြစ်တဲ့ ဂျာမနီ ဟော်လန် ပြင်သစ် စတဲ့ နိုင်ငံများမှာလဲ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ နေရာယူတည်ဆောက်နေပြီလို့သိရပါတယ်။ ဂုဏ်ယူတတ်ရင် ဂုဏ်ယူစရာတွေပေါ့ခင်မျာ။
....................................

ဆောင်းကာလနေ့ရက်တွေမှာဆို အင်္ဂလန်မှာ ညနေ ၄နာရီ မိုးချုပ်နေ၀င်လေ့ရှိတယ်။ မနက်ပိုင်းရောက်ရင်လဲ ဂ နာရီလောက်မှ မိုးလင်းတယ်။ မိုးလင်းတယ်ဆိုပေမဲ့ နေရောင်ကို မြင်တွေ့ရခဲတယ်။ နေရောင် အရမ်းရှားပါးတဲ့အရပ်ဒေသဖြစ်တဲ့အတွက် နေရောင်ခြည်မြင်ရတဲ့နေ့ရက်တွေရောက်တိုင်း ကျနော်တို့ နေချိုးသုံးဖို့ အပြင်ထွက်လမ်းလျောက်ဖြစ်တယ်။

အခုတော့ အင်္ဂလန်မှာ ၂၄နာရီ နေထွက်နေပါပြီ။ ဘယ်တော့မှလဲ အနောက်ဂေါရာကျွန်းကို ၀င်မဲ့နေမျိုးမဟုတ်ပါဘူး။ တစ်စထက်တစ်စ အရှိန်ပြင်းပြင်းလာပြီး လူတွေရဲ့ ကောင်းကျိုးချမ်းသာကိုချည်းပေမဲ့ နေမျိုးပါ။
အဲဒီနေကတော့ မြန်မာထေရ၀ါဒဗုဒ္ဓသာသနာ ဆိုတဲ့ အနှိုင်းမဲ့ နေမင်းကြီးပေါ့ခင်မျာ။

No comments: