Sunday 9 November 2008

ချစ်လားလို့မမေးပါနဲ့ အလိမ်ခံနိုင်လားပဲမေးပါ


"လိမ်တတ်ဖို့ပြင်ထား၊ အလိမ်ခံမဲ့လူတွေ အများကြီးတန်းစီပြီးစောင့်နေကြတယ်"

ဒီစကားလေးဟာ ခပ်ပေါ့လေးပြောလို့ ရယ်စရာလိုဖြစ်နေတယ်။ ဒါပေမဲ့ တကယ်တွေးကြည့်လိုက်မှ ပြေးကြည့်တာထက်မှန်နေမှန်းသိရတယ်။ ဘာသာရေး နိုင်ငံရေး လူမှုရေး စီးပွါးရေးစတဲ့ အရေးပေါင်းစုံမှာ မက်လုံးပေးပြီး တွင်တွင်ကြီးလိမ်ညာနေကြတာ မိတ်ဆွေတို့လဲ မကြားချင်ပေမဲ့ နားပါတော့ ကြားမိမှာ သေချာပါတယ်။
တစ်ချို့ အလိမ်အညာကျွမ်းကျင်တဲ့လူတွေများ ဖွတ်ကို ပဒတ်ဖြစ်အောင်ပြောတတ်ကြတယ်။
လက်ဆုပ်လက်ကိုင်မိတာတောင် မုန်လာဥလုပ်ချင်သေးတဲ့လူတွေကလဲ အများသား။

ဘာသာရေးတွေမှာ လိမ်ညာနေတာကို မုသားမမြောက်တဲ့မုသားလေးပါတဲ့။
နိုင်ငံရေး စစ်ရေးတွေမှာ လိမ်လည်တာကို နည်းဗျူဟာကျင့်သုံးတာပါတဲ့။
လူမှုရေးမှာ လိမ်ညာတဲ့သူကို စကားပရိယာယ်ကြွယ်ဝတယ်တဲ့။
စီးပွါးရေးမှာ လိမ်ညာနေတဲ့သူကို စီးပွါးရေး အမြင်ရှိတယ်တဲ့။
အချစ်ရေးမှာ လိမ်ညာနေတဲ့သူတွေကို စကားသိပ်တတ်တာဘဲတဲ့။
လိမ်လည်မှုကို အစားထိုးထားတဲ့ စကားလုံးတွေက အရမ်းလှတယ်နော်။ ဒါပေမဲ့ လိမ်ညာတာကတော့ လိမ်ညာတာဘဲ။ ငြင်းလို့မရဘူး။


"အလိမ်ခံထိမယ်သတိထား" ဆိုပြီး သတိပေးနေတဲ့လူကိုယ်တိုင်က လူလိမ်ကြီးဖြစ်နေတာကို မိတ်ဆွေတို့လဲ တွေ့ဖူးမှာပါ။ Blind faith ထက် Seeing is believing က ပိုကောင်းပါတယ်။

ဒီထက်ပိုဆိုးတာက အချစ်ရေး။
ဘယ်ဆီကမှန်းလဲမသိ၊ ဘယ်သူမှန်းလဲမသိဘဲနဲ့ တွေ့ရ (ပြောရ)မြင်ရဖန်များလာတဲ့အခါ အချစ်တွေ အကုန်ပေးအပ်တတ်ကြတယ်။
အိမ်ထောင်ကျပြီးမှ ကိုယ်က ဘယ်နှစ်ယောက်မြောက်ဆိုတာသိခွင့်လဲရရော ဘာမှမတတ်နိုင်တော့ဘူး။ ဇာတ်လမ်းက မှတ်တမ်းဘဲလေ။ အချစ်မှာ မျက်စိမရှိပါဆိုတဲ့စကားဟာ မှားသွားပြီ။ မြင်တာများလာတော့ အဲဒီမျက်စိကဘဲ အချစ်စိတ်တွေ ကူးဖြတ်လာပြီး နှလုံးသားထဲစီးဆင်းသွားကြတာပါ။ အချစ်အစ မျက်စိက လို့ပြောရင် ရနေပြီ။ လူမျိုးမရွေး ဘာသာမရွေး ပုဂ္ဂိုလ်မရွေး အဖြူအမဲမရွေး အရောင်အသွေးမရွေး အပျိုအအိုမရွေး မြင်ဖန်များရင် အချစ်တွေ ပွါးတတ်ကြတာချည်းဘဲလေ။ ချစ်မိရင် အပြစ်ဆိုတာလဲ သဲထဲရေ၀င်သွားသလို ပျောက်ကွယ်သွားတတ်ကြတယ်မဟုတ်လား။

ဒါကြောင့်လဲ
ရှေးပညာရှင်များ ဒီလိုဆောင်ပုဒ်ကို သီကုံးထားခဲ့ကြတယ်ထင်ပါရဲ့ ။
"လောကီပုဂ္ဂိုလ်၊ လူထိုထိုတို့၊ မလိုမကောင်း၊ လိုလျှင်ကောင်း၏။
အဟောင်းအသစ်၊ ပျိုအိုဖြစ်လည်း၊ မချစ်မလှ၊ ချစ်လျှင်လှ၏။" တဲ့။
....................................

ဟိုတစ်နေ့က
Forward mail တစ်စောင်ဝင်လာတယ်။ အွန်လိုင်းမှာ ချစ်သူတွေ့ပြီး ယုံမှတ်လို့ ပုံအပ်ခဲ့မိတဲ့အတွက် ဘ၀ပျက်သွားတဲ့အကြောင်း။ မိန်းခလေးများအားလုံး သူ့လိုဘ၀မပျက်စေချင်လို့ Forward လုပ်ပေးတာပါဆိုတဲ့အကြောင်း။ အွန်လိုင်းမှာတွေ့ပြီး ချစ်သူတွေဖြစ်၊ အပြင်မှာထပ်ချိန်းတွေ့၊ လက်ထပ်ကြမယ်ပြောပြီး အချစ်ခရီးလွန်ကုန်ကြတဲ့အကြောင်း။ ကောင်လေးက သူလိုအင်တွေပြည့်ပြီးသွားတဲ့အခါ ရှောင်ပြေးသွားကြောင်း။ အစကတည်းက ဘယ်ကမှန်းမသိတဲ့အတွက် ဘယ်မှာ လိုက်ရှာရမှန်းမသိတဲ့အကြောင်း။ စတဲ့ စတဲ့ ဘ၀ပျက်ခဲ့တဲ့ မိန်းခလေးတစ်ယောက်ရဲ့ ကိုယ်တိုင် ရင်ဖွင့်ချက်တစ်ခုပါဘဲ။

ဒါကြောင့်
တစ်ယောက်ယောက်က ချစ်သလားလို့ မေးလာရင် ငါ သူ့အလိမ်ကို ခံနိုင်ပါ့မလားဆိုပြီး အရင်စဉ်းစားပါ။ သေချာစဉ်းစားပြီး သူ့ရဲ့ အလိမ်ကိုခံနိုင်ပြီဆိုမှ ချစ်ပါတယ်.. မောင်ရယ် လို့ အဖြေပေးကြပေါ့။
အလိမ်ခံထိပြီးရင်လဲ သိသိကြီးနဲ့ ဆက်ပြီး အလိမ်ခံကြဦးပေါ့လေ။
ဆရာအောင်သင်းစကားနဲ့ပြောရရင် "မိန်းခလေးတွေဟာ လင်ယောက်ျားရွေးချယ်တဲ့နေရာမှာ သူတို့ဝတ်မဲ့ ပါတိတ် လုံချည်တစ်ထည်လောက်တောင် မရွေးချယ်တတ်ကြဘူး" တဲ့။
အလိမ်ခံဖို့ တန်းစီစောင့်နေတဲ့အထဲမှာ အမျိုးသမီးတွေက ထိပ်ဆုံးကဘဲ။ သိရဲ့ သားနဲ့ကို ကျေကျေနပ်နပ်ကြီး အလိမ်ခံနေကြတာ။ မဟုတ်မှန်းလဲသိတယ်၊ မယုံဘဲလဲ မနေနိုင်ကြဘူး။ ၀ဋ်ရှိသရွေ့ တော့ ခံလိုက်ကြဦးပေါ့လေ။
........................

အားလုံး နားလည်တတ်ဖို့ အတွေးကိုယ်စီရှိကြဖို့ မမှားသင့်တာ မမှားကြဖို့ ကျနော်တင်ပြပေးလိုက်ခြင်းဘဲဖြစ်ပါတယ်။
ဒီလိုတင်ပြပေးတဲ့ ကျနော့်ကိုလဲ မိတ်ဆွေများ ညီငယ် ညီမငယ်များ အရမ်းကာရော မျက်စိမှိတ်ပြီး မယုံကြည်စေလိုကြောင်းပါခင်များ။

No comments: