Friday 21 November 2008

လိုချင်မှု < > ငြိမ်းချမ်းမှု


ကျနော်တို့ လူသားတွေရဲ့ ဘ၀ကို လိုချင်မှုတွေနှင့်တည်ဆောက်ထားကြတယ်။
ဘယ်တော့မှတင်းတိမ်ရောင့်ရဲတယ်မရှိပါဘူး။ တစ်ခုရပြီးရင် နောက်တစ်ခုအတွက် လိုက်ရှာနေကြတာပါဘဲ။
ငါတော့ ဘယ်လောက်ရှိရင်တော်ပါပြီလို့ ပြောနေတဲ့သူတွေလဲ သူတို့ပြောတဲ့အတိုင်းအတာထိရပြီးရင် တင်းတိမ်မှုမရှိနိုင်သေးပါဘူး။ နောက်ထပ်ဘယ်လောက်ဆိုရင် ကျေနပ်ပါပြီဆိုပြီး တစ်ဆင့်တိုးပြန်ကြတယ်လေ။
ဘယ်တော့မှ ဆန္ဒမပြည့်ကြပါဘူး။

ဘာမှမလိုချင်တော့ဘူးဆိုရင် ပြည့်စုံသွားပြီ

ဒီစကားဟာ အရမ်းအဓိပ္ပါယ်ရှိပါတယ်။ လိုချင်နေသရွေ့ တော့ ဘယ်တော့မှလိုအင်တွေ ပြည့်ဝကြမှာ မဟုတ်ပါဘူး။
တစ်သိန်းရှိတဲ့သူက တစ်သန်းလိုချင်မယ်။ တစ်သန်းရှိတဲ့သူက သန်းတစ်ရာလောက်လိုချင်မယ်။ သန်းတစ်ရာပိုင်ဆိုင်ထားတဲ့သူကိုရော မေးကြည့်လိုက်ပါဦး။ လိုအင်တွေ ပြည့်သွားပြီလားလို့။ ပိုတောင်ဆိုးဦးမယ်။ ရလေလိုလေ အိုတစ္ဆေ လို့ ဆိုရိုးစကားရှိတယ်မဟုတ်လား။
မလိုချင်မှုတွေလွှမ်းခြုံလာမှဘဲ လိုချင်မှုတွေ ရပ်ဆိုင်းသွားမှာပါ။

ရိုင်းရိုင်းပြောရရင်
တော်သလင်းလရောက်ရင် ခွေးဖြစ်ချင်ကြတယ်။
ပြာသိုလရောက်ရင် ကြောင်ဖြစ်ချင်ကြတယ်။
တပေါင်းလရောက်ရင် နွားဖြစ်ချင်ကြတယ်။

လူတွေရဲ့ သဘာဝတွေက တည်တည်ငြိမ်ငြိမ်ရှိကြတာရှားပါတယ်။ အမြဲတမ်းယောက်ယက်ခတ်နေပြီး လိုချင်မှုနောက် မရမက လိုက်နေကြလေရဲ့ ။

ပညာရေး ဘက်မှာလဲ အထွတ်အထိပ်ရောက်ချင်ကြတယ်။
စီးပွါးရေးဘက်မှာလဲ ထိပ်တန်းကနေချင်ကြတယ်။
အာဏာပါဝါပိုင်းကြပြန်တော့လဲ အငန်းမရ။
ကျော်ကြားမှုပိုင်းဆိုရင်လဲ ငန်းငန်းတက်။
အချစ်ရေးဘက်ကို ပိုတောင်ဆိုးသေး။

လိုချင်မှုတွေကို လိုချင်ရက်သားနဲ့ မရရှိတဲ့အခါမှာ လူသားတွေရဲ့ စိတ်ဓါတ်တွေဟာ ဖောက်ပြန်လာကြတယ်။
ခိုးမယ်။ လုယက်မယ်။ နိုင်ထက်စီးနင်းလုပ်မယ်။ အလွဲသုံးစားမှုတွေရှိလာမယ်။ မှုခင်းတွေ များလာမယ်။ အရူးတွေပေါများလာမယ်။
အားလုံး အားလုံးဟာ လိုချင်မှုကို အခြေခံလို့ ဖြစ်ပေါ်လာကြတာပါ။ လိုချင်မှု သမုဒယကြောင့် ဆင်းရဲမှု ဒုက္ခတွေ စုပြုံပြီး အတုံးလိုက် အတစ်လိုက် ကျရောက်လာခြင်းဘဲ ဖြစ်ပါတယ်။

ဓမ္မစကြာသုတ်ထဲက ဘုရားရှင်ရဲ့ စကားတော်တစ်ခုပါ။
Not getting what one wants is suffering.
လိုချင်တာမရတာ ဒုက္ခပါ တဲ့။

အသိဥာဏ်ရှိလှပါတယ်ဆိုတဲ့ လူသားတွေ များသောအားဖြင့် လိုချင်မှုနှင့်လိုအပ်မှုကို ခွဲခြားမသိကြဘူး။
လိုချင်မှုတွေကိုဘဲ ရှေ့ တန်းတင်ပြီး အမဲလိုက်သလို တန်းတန်းစွဲလိုက်နေကြတယ်။ ဒါကြောင့်လဲ ကမ္ဘာကြီး မငြိမ်းမချမ်းဖြစ်နေကြတာပါ။ ကမ္ဘာကြီး ငြိမ်းချမ်းအောင်လုပ်နေပါတယ်လို့ အသံကောင်းဟစ်နေကြတဲ့ လူတွေဟာလဲ အဲဒီလိုအင်မှုကြောင့် သူတို့ကိုယ်တိုင်မငြိမ်းချမ်းနိုင်ကြသေးပါဘူး။
ကိုယ့်ဆီမှာ မရှိတဲ့သေးတဲ့အရာကို သူများကို ဘယ်လိုမျှဝေပေးမလဲ။
ကိုယ်ကိုယ်တိုင် မငြိမ်းချမ်းသေးဘဲနဲ့ သူများကို ငြိမ်းချမ်းအောင် ဘယ်လိုလုပ်မလဲ။
လိုအင်တွေရဲ့ နှိပ်စက်မှုက အရမ်းကြောက်စရာကောင်းပါတယ်။

လိုချင်မှုတွေ ပြင်းထန်လာရင် ကောင်းကျိုးဆိုးကျိုးတွေကို မမြင်တော့ဘူး။
အစာကိုဘဲ မြင်တယ်။ ငါးမြှားချိတ်ကို မမြင်တော့ဘူး။
သားသမင်ကိုဘဲမြင်တယ်။ ကျားဘုရင်ကို သတိမထားမိတော့ဘူး။

ဘယ်လောက်ဘဲ ပညာတတ်တတ်
ဘယ်လောက်ဘဲ ချမ်းသာချမ်းသာ
ဘယ်လောက်ဘဲ အာဏာရှိရှိ
ဘယ်လောက်ဘဲ ထင်ပေါ်ကျော်ကြား
ဘယ်လောက်ဘဲ လူချစ်လူခင်များများ
နောက်ဆုံးသွားရမဲ့လမ်းကတော့ အတူတူပါဘဲလေ။

ငါက ဧရာဝတီ
ငါက ချင်းတွင်း
ငါက သံလွင်
ငါ စစ်တောင်း
ဘယ်လောက်ဘဲ ငါဆိုတဲ့ အတ္တတရားကို လက်ကိုင်ထားပါစေ။
နောက်ဆုံးတော့ ပင်လယ်သမုဒ္ဒရာထဲမှာဘဲ အဆုံးသတ်ရမြဲမဟုတ်လား။

ဒါကြောင့်မို့
စကားကြီးကြီးကျယ်ကျယ်ပြောရရင်
ကျနော်တို့လူသားတွေအားလုံး လိုချင်မှုလေးတွေကို အထိုက်အလျောက်လျော့ချပစ်နိုင်ရင်
ကမ္ဘာကြီးလဲ နဲနဲများ ပိုငြိမ်းချမ်းလာမလားလို့ပါ။ ဗုဒ္ဓစာပေတွေဖတ်ကြည့်ပြီး စဉ်းစားရေးကြည့်လိုက်ခြင်းဘဲ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ လိုချင်မှုနောက် လိုက်နေဆဲဖြစ်တဲ့လူတစ်ယောက်ပါဘဲ လို့အသိပေးလိုက်ပါရစေ။
အားလုံးမင်္ဂလာပါ။

No comments: