Thursday 13 November 2008

သရဲခြောက်တာလားမသိဘူး ?????


အောင်ထူး။
လူတစ်ယောက်ရဲ့ နာမည်ပါ။ ကျနော့်သူငယ်အရင်းခေါက်ခေါက်လို့ပြောရင်လဲ မမှားပါဘူး။
အောင်ထူးလို့ နာမည်ပေးထားပေမဲ့ အောင်လဲ မအောင် ထူးလဲ မထူးပါဘူး။ သူငယ်စဉ်တုန်းက ကျန်းမာရေး အရမ်းညံ့တယ်။ ခဏခဏဖျားတယ်။ သူနေမကောင်းဖြစ်လွန်းလို့ ဦးဏှောက်ကိုများထိသွားလားမသိဘူး။ ထင်ရာတွေ လျောက်ပြောတတ်တယ်။

ဒါနဲ့ဘဲ သူ့မိဘတွေက သူ့ကို ရွာဦးကျောင်းဆရာတော်ဆီပို့လိုက်တယ်။ ကျောင်းအိပ်ကျောင်းစားဘ၀ပေါ့။ ဘုန်းကြီးကျောင်းသားပါဘဲ။ မကောင်းကျောင်းပို့ ဆိုတဲ့စကား အတော်လေးမှန်တယ်။ လူတွေမကောင်းဘူးဆိုရင် ဘုန်းကြီးကျောင်းကိုသာပို့လိုက် ကောင်းသွားတာများတယ်။ အခုလဲ အောင်ထူးတစ်ယောက် ဘုန်းကြီးကျောင်းရောက်ပြီး မကြာခင်မှာဘဲ လူကောင်းဖြစ်သွားတယ်။ အားလုံးပုံမှန်ဖြစ်သွားတယ်။ သူ့မိဘတွေက ရွာဦးကျောင်းဆရာတော်ဆီ တစ်ခါထဲ ရောင်းထားခဲ့တာပါ။ ဆရာတော်က ၀ယ်ပြီး သူ့ကို နာမည်ပြောင်းလိုက်တယ်။ အုန်းဖေလို့။

ကျောင်းမှာ ဘယ်သူမှ သူ့ကို အောင်ထူးလို့မခေါ်ကြတော့ဘူး။ ခေါ်ရင် ဆရာတော်က ခေါ်တဲ့ကျောင်းသားကို ကြိမ်ဒဏ်ပေးတယ်။ ဒါနဲ့ဘဲ အောင်ထူးဘ၀ကနေပြီး အုန်းဖေဘ၀ကို ဥုံဖွဆိုပြီး အချိန်တိုအတွင်းရောက်ရှိသွားတော့တာပါဘဲ။ တစ်ရွာလုံးကလဲ သူ့ကို အုန်းဖေလို့ဘဲ ခေါ်ကြတော့တယ်။ ဆရာတော်ရဲ့ အစွမ်းပေါ့။ ကျန်းမာရေးခဏခဏမကောင်းဖြစ်ရင် ဒီလိုနည်းနဲ့ဘဲ ဖြေရှင်းတတ်တဲ့ အလေ့အထက ကျနော်တို့ရွာမှာ အရမ်းခေတ်စားနေပြီ။
ရွာရဲ့ အယူအဆအရ ကလေးနေမကောင်းဖြစ်ရင် တစ်ယောက်ယောက်ဆီသာရောင်းလိုက်။ ကျိန်းသေပေါက်နေကောင်းသွားမယ်။
ဟုတ်လဲဟုတ်နေတာကိုး။

ဘုန်းကြီးကျောင်းမှာ သုံးလေးနှစ်လောက်နေပြီး သင်္ကန်းဝတ်တယ်။ ပြီးတော့ ထုံးစံအတိုင်း လူပျိုပေါက်အရွယ်မှာ လူဝတ်လဲပြီး ရွာထဲမှာ ကာလသားလုပ်တာပေါ့ဗျာ။ "ကိုရင်လူထွက် ငါးပိချက် ယောက်မနှင့်နက် ဒေါက်ဒက်" ဆိုပြီး အပျိုလေးတွေကလဲ မထိတထိစကြနောက်ကြတယ်။ ပြီးတော့ လူတွေကလဲ သူ့ကို နာမည်ရင်းဖြစ်တဲ့ အောင်ထူး လို့ဘဲ အခေါ်များလာပြန်ကြတယ်။ ဒါပေမဲ့ သူ့စိတ်အခြေအနေကတော့ ပုံမှန်ပါဘဲ။

နေ့တစ်နေ့ရဲ့  နေ့လည်ခင်းလေးတစ်ခုမှာ
ကျနော်တို့လူငယ်တွေစုပြီး တောလိုက်ထွက်ကြတယ်။ ကျနော်တို့ တောလိုက်ထွက်တယ်ဆိုတာ ရွာထဲမှာရှိတဲ့ အမဲလိုက်ကောင်းတဲ့ခွေးကိုခေါ်ပြီး ဂျီ ယုန် တောကြောင် စတဲ့သားကောင်တွေကို လိုက်ရှာကြတာပါဘဲ။ ကျနော်တို့လက်ထဲမှာ လေးခွတွေကိုယ်စီနဲ့ပေါ့။
တကယ့်မုဆိုးအစစ်တွေလို ဆတ်တို့ ပြောင်တို့ တောဝက်တို့ သမင်တို့လိုမျိုး သားကောင်ကြီးကြီးတွေကို လိုက်ရှာကြတာမဟုတ်ပါဘူး။

အဲဒီတောလိုက်ထွက်ကြတဲ့အထဲမှာ အုန်းဖေ ခေါ် အောင်ထူးလဲပါလာတယ်။ သားကောင်လိုက်ကြရင်းနဲ့ ကျနော်တို့ လူစုကွဲသွားကြတယ်။ သားကောင်လဲ တစ်ကောင်မှ မရခဲ့ကြပါဘူး။ ညနေ နေ၀င်ကာနီးမှာ ကျနော်တို့ အသီးသီး ရွာထဲကို ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့ မိုးချုပ်တဲ့အထိ အောင်ထူးက ရောက်မလာသေးဘူး။
ည ၈ နာရီကျော်မှ တစ်ယောက်ထဲ ရွာထဲရောက်လာတယ်။

သူ့အိမ်လိုက်သွားပြီး သူ့ကို ဘယ်တွေလျောက်သွားနေလို့ နောက်ကျနေရတာလဲလို့ မေးကြည့်လိုက်တော့ သူက အောက်ပါအတိုင်းပြောပြတယ်။
"ငါတစ်ယောက်ထဲ မျက်စိလည်ပြီး ညမိုးချုပ်တဲ့အခါ နေရာတစ်ခုကို ရောက်သွားတယ်။ အဲဒီမှာ မြေကြီးထဲက ရေတွေ အပေါ်ကို ဆယ်ပေလောက် အမြဲတမ်းပန်းထွက်နေတယ်။ ပြီးတော့ သစ်ပင်မြင့်မြင့်ကြီးတစ်ပင်ဟာ သူ့အလိုလို ညွတ်ကွေးလာပြီး မြေပြင်ပေါ်က သစ်ရွက်တွေကို တံမြက်စည်းနဲ့လှည်းသလို သိမ်းယူနေတယ်။
ငါ့ရဲ့ အ၀တ်အစားတွေအားလုံးလဲ နတ်ဝတ်နတ်စားတွေ ဖြစ်သွားပြီး အရမ်းတောက်ပနေတယ်။ ငါလဲ ကြည့်လို့ကောင်းတာနဲ့ ကြည့်နေလိုက်တာ အချိန်အကြာကြီးဖြစ်သွားတယ်။ နောက်မှ ငါသတိထားမိလိုက်တော့ ငါဟာ သာယာကုန်းရွာနှင့်ငါတို့ရွာကြားထဲက အစိမ်းသေသုဿာန်ထဲရောက်နေတယ်။ အဲဒီတော့မှ အရမ်းကြောက်စိတ်တွေများလာပြီး ထွက်ပြေးလာတာ။ လမ်းတစ်ဝက်ရောက်တော့ ညမှောင်မှောင်ထဲမှာ ဖြူဖြူအလုံးကြီးတစ်လုံး မြက်ခင်းပြင်ပေါ် လှိမ့်နေတာတွေ့ရတယ်။ သူလှိမ့်လိုက်တိုင်း မြက်ပင်တွေ အဆုပ်လိုက် အဆုပ်လိုက် သူ့နောက်ပါပါသွားတယ်။ ငါလဲ အရမ်းကြောက်လို့ ထွက်ပြေးလာတာ အခုမှ ရွာကိုပြန်ရောက်တယ်။"

အဲဒီစကားပြောပြီး သူလဲအရမ်းမောသွားတယ်ထင်တယ်။ ရေဆာလိုက်တာဆိုပြီး ရေကို တဂွတ်ဂွတ်နဲ့ သောက်နေတော့တာပါဘဲ။

သူပြောတဲ့ ရေတွေပန်းထွက်နေတဲ့နေရာဟာလဲ ဘယ်နေရာမှာမှ မရှိပါဘူး။ ကိုင်းညွတ်လာတယ်ဆိုတဲ့သစ်ပင်ကြီးကတော့ အဲဒီ သုဿာန်ထဲမှာ ရှိပါတယ်။ ညောင်ကြတ်ပင်ကြီးပါ။ တောအရမ်းထူတဲ့အတွက် အရောက်အပေါက်နည်းကြပါတယ်။
ကျနော်တို့တောင် ကလေးပီပီနေ့လည်ခင်းဘက်မှာ ရှဥ့်လိုက်ရင်းနဲ့ တစ်ခေါက်နှစ်ခေါက်လောက်ဘဲ ရောက်ဖူးတာပါ။

သူပြောတဲ့စကားတွေ အားလုံးအမှန်ချည်းဘဲလား သူကိုယ်တိုင် ဇာတ်လမ်းထွင်ပြီးပြောပြနေတာလား ဆိုတာကတော့ သူကိုယ်တိုင်မှဘဲ သိမှာပါ။ ကျနော်တို့ကတော့ ယုံရခက်ခက်ကြီးပါဘဲ။ အုန်းဖေ ဘ၀က အောင်ထူးဘ၀ကို ပြောင်းလာပြန်ပြီဖြစ်တဲ့အတွက် အရင် ကလေးဘ၀တုန်းကလိုဘဲ စိတ်ထဲထင်ရာတွေ လျောက်ပြောနေတာ ဖြစ်ကောင်းလဲဖြစ်နိုင်ပါတယ်။

တကယ်လို့ သူပြောတဲ့စကားဟာ အမှန်အကန်တွေဘဲ ဆိုရင်တော့ သူသေချာပေါက် သရဲခြောက်ခံခဲ့ရတာ ဖြစ်နိုင်ကြောင်းပါခင်များ။ ။

No comments: