Saturday, 28 February 2009

မန္တလေးပြန် အောင်မိုး (၉)

မြို့မှာတစ်နှစ်ကျော်နေလာခဲ့တဲ့အတွက် မြို့က အကျင့်တွေပါလာတာထင်ရဲ့ ။ အတုမြင်ပြီး အတတ်သင်ခဲ့သလားတော့ မပြောတတ်။ အောင်မိုးဟာ ညစ်ညစ်ပတ်ပတ်အမူအယာတွေလုပ်ပြတတ်လာတယ်။ အဆိုးဆုံးကတော့ အမျိုးသမီးတွေလာရင် မတော်မရာ ကြည့်မကောင်းအောင် လုပ်ပြတတ်တာပါဘဲ။
ပြီးတော့လဲ ကလေးတွေကို မကြာခဏရန်ပြုလာတယ်။ အောင်မိုးလက်ချက်နှင့် ခြစ်ရာပြဲရာ ဒဏ်ရာလေးတွေ ရရှိဖူးကြတဲ့ ကျောင်းသားတွေ မနည်းတော့။

"အောင်မိုး ကုတ်ခြစ်ကိုက်ခဲလိုက်လို့ ကျောင်းသားတစ်ယောက် ဒဏ်ရာအတော်လေးရသွားတယ်။ အခု ဆေးခန်းကို ပို့ထားရတယ်။ ဒဏ်ရာက တော်တော်ပြင်းတယ်လို့ ကြားတယ်"

ရွာထဲကလူတွေ ပြောနေကြတဲ့စကားပါ။ အချိန်တိုအတွင်းမှာ ဆက်သွယ်ရေး အော်ပရေတာမလိုဘဲ တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ တစ်ရွာလုံး ပျံ့ နှံ့သွားတယ်။ မျောက်ကုတ်ခံရတဲ့ ကျောင်းသားလေးရဲ့  မိဘတွေ ညီအစ်ကို ဆွေမျိုးတွေက အောင်မိုးကို မကျေနပ်ကြတော့။ ကိုယ့်သွေး ကိုယ့်သားကို ထိပါးလာပြီဆိုတော့ အောင်မိုးကို လက်စားချေချင်နေကြလေရဲ့ ။ တုတ်ဓါးတွေ ကိုင်ပြီး အောင်မိုးကို သတ်မယ်တကဲကဲ။

ဟုတ်တယ်လေ။ သူတို့ဘက်ကကြည့်တော့လဲ မှန်နေတာဘဲ။ ဘာမဟုတ်တဲ့ တိရစ္ဆာန်တစ်ကောင်က လူသားစင်စစ်ကို ပြင်းထန်တဲ့ဒဏ်ရာရအောင် ရန်ပြုထားတာကိုး။ ကျောင်းသားလေးရဲ့  မျက်နှာမှာ ကုတ်ခြစ်ရာတွေနဲ့ ပြည့်နှက်နေတယ်။ ခန္ဓာကိုယ်ပေါ်မှာလဲ သွေးတွေက ခပ်စို့စို့။ အောင်မိုးရဲ့  လက်ချက်တွေပေါ့။
တော်တော်ကို ရက်စက်တဲ့အောင်မိုး။ ဒါကြောင့်လဲ အကုတ်ခြစ်ခံရတဲ့ ကျောင်းသားရဲ့  မိဘဆွေမျိုးတွေက လက်ယားနေကြပြီ။ အောင်မိုးကို အမှုန့်ကြိတ်ချင်နေကြပြီ။ တောသားတွေရိုးသားတယ်ဆိုပေမဲ့ သွေးအရင်းကို ထိပါးလာရင်တော့ အသက်ချင်းလဲပစ်မဲ့သူတွေချည်းပါဘဲ။

ဒီလိုအခြေအနေရောက်လာပြန်တော့လဲ ဆရာတော် ဒီအတိုင်းလက်ပိုက်ကြည့်နေလို့ မရတော့။ အဆင်ပြေအောင်ဖြေရှင်းပေးမှ တော်ရာကျမယ်ဆိုတာ ဆရာတော်သဘောပေါက်ပြီးသား။ အောင်မိုးဟာ လူတစ်ယောက်မဟုတ်ပေမဲ့ သူလဲ သက်ရှိသတ္တ၀ါလေးဘဲ။ အသက်တစ်ချောင်း လွယ်လွယ်နဲ့ မသေသင့်ဘူး။
ပြီးတော့ သူ့ကို ခက်ခက်ခဲခဲ ဆရာတော် ကြိုးစားမွေးလာခဲ့ရတာ။ ဆရာတော်က ရွာသားတွေကို ဖျောင်းဖျပြောဆိုပြီး အောင်မိုးကို မသတ်ဖို့ တောင်းဆိုလိုက်ရတယ်။ နောက်တစ်ခါမဖြစ်စေရပါဘူးလို့လဲ ကတိပေးလိုက်ရတယ်။ ဆရာတော်ရဲ့  ကျေးဇူးကြောင့်ဘဲ အောင်မိုးလေး အသက်ရှင်ခွင့်ရသွားရှာတယ်။
ရွာသားတစ်ချို့ ကတော့ ဆရာတော့်စကားကြောင့်သာ နားထောင်လိုက်ရပေမဲ့ ကွယ်ရာမှာကျတော့ တောက်တစ်ခေါက်ခေါက် နေကြလေရဲ့ ။

နောက်တစ်ခါမဖြစ်စေရပါဘူးလို့ ကတိပေးပြီးမှ ဆရာတော် အခက်တွေ့နေတယ်။ အောင်မိုးကို လှောင်အိမ်ထဲ ပြန်ခေါ်လို့မရတော့။ သစ်ပင်ပေါ်မှာဘဲ အမြဲနေနေတယ်။ ကြုံသလိုရှာဖွေစားသောက်တယ်။ မန္တလေးပြန်အောင်မိုး ဆိုင်းဘုတ်အောက်ကို အောင်မိုး မခိုဝင်တော့ဘူး။ ဆရာတော် လုံးဝအခက်တွေ့နေလေပြီ။
ဆရာတော့်စကားကိုတောင်မှ နားမထောင်တော့ရင် ကျန်တဲ့လူတွေရဲ့ စကားဆို ပိုဆိုးပြီပေါ့။ ချော့လို့မရ ခြောက်လို့ မရ ဖြစ်နေတယ်။ တောထဲကို မောင်းထုတ်ပြန်တော့လဲ ကျောင်းဝင်းထဲဘဲ ပြန်ပြန်လာတယ်။

"သား.. အောင်မိုးလေးရယ်... မင်းဘာကြောင့် ဒီလောက်တောင် ဆိုးနေရတာလဲ။ လိမ္မာစမ်းပါသားရယ်..
မင်းမန္တလေးက ပြန်လာတော့ ရွာသူရွာသားတွေအားလုံး ၀မ်းသာနေကြတာ... တစ်ရွာလုံးက မင်းကို ချစ်ကြပါတယ်... ဘာအတွက်ကြောင့် ဒီလိုဖြစ်သွားရတာလဲ... ပြန်လိမ္မာပါလား သားရယ်.... မင်းလိမ္မာလာရင်.. တစ်ရွာလုံး ပျော်ရွှင်နေကြမှာလေ.... မမိုက်ချင်စမ်းပါနဲ့ သားရယ်..."

ဆရာတော်လဲ အောင်မိုးအတွက်နဲ့ စိတ်ဒုက္ခရောက်နေရပြီ။ ရွာသူရွာသားတွေကိုလဲ ဆရာတော် အားနာနေပြီ။ တစ်ရွာလုံးက ဆရာတော်ကို ကြည်ညို ယုံကြည်လို့ ပင့်ဆောင်ပြီး ကိုးကွယ်ထားကြတာမဟုတ်လား။ အခု မျောက်တစ်ကောင်အတွက်နဲ့ ရွာသားအများစုစိတ်ဆင်းရဲ နေရပြီဆိုတော့ ဆရာတော်လဲ ဘယ်စိတ်ချမ်းသာနိုင်ပါ့မလဲ။ အောင်မိုးလေးသာ လိမ္မာလာရင် အားလုံးအဆင်ပြေမှာ သေချာတယ်။
နေ့စဉ်နှင့်အမျှ အောင်မိုးလေး မြန်မြန်လိမ္မာပါစေလို့သာ ဆရာတော် ဆုတောင်းနေလေရဲ့ ။


(အပိုင်း ၁၀ ကို ဆက်ဖတ်ပါ)

No comments: