Tuesday 24 February 2009

မန္တလေးပြန် အောင်မိုး (၄)

ကိုရင်ကျောင်းသားတွေလဲ အောင်မိုးကို ၀ိုင်းပြီး ကြည့်နေကြတယ်။ ကြောင်ကလေးတွေကတော့ ဘယ်ကို ပျောက်သွားကြတယ်မသိဘူး။ အောင်မိုးအဖြစ်ကို မမြင်ရက်လို့ တိမ်းရှောင်သွားတာ ဖြစ်နိုင်တယ်။ ခွေးတွေကတော့ တစ်အင့်အင့် အသံပြုပြီး အောင်မိုးရဲ့  လှောင်အိမ်နား ပတ်ချာလှည့်ပြီး ပြေးလိုက်၊ ဆရာတော့်ထံပြန်လာလိုက်နဲ့ အသနားခံနေကြသယောင်ယောင်။ မြင်ကွင်းကတော့ တကယ်စိတ်မကောင်းစရာပါဘဲ။

အော်... ကျနော်လဲ အတွေးတစ်ခုပေါက်မိတယ်။ သားသမီးတွေကို ကောင်းစေချင်လို့ အိမ်ထောင်ချပေးတဲ့ မိဘတွေမှာလဲ သားသမီးတွေရဲ့  ရှေ့ ရေး ကောင်းစားရေးအတွက် လုပ်ပေးလိုက်ရပေမဲ့ စိတ်ကောင်းကြရှာမှာ မဟုတ်ဘူးနော်။ အိမ်ထောင်ကျတဲ့ အချိန်ကစပြီး ခွဲခွါကြရတော့မှာကိုး။

အခု ဆရာတော်လဲ အောင်မိုးကောင်းစားရေး အတွက်ပြုလုပ်ပေးရပေမဲ့ တကယ်စိတ်မကောင်းဖြစ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဆရာတော့်မျက်နှာ မသာယာပါဘူး။ တိမ်တောင်တိမ်စိုင်တွေ လွှမ်းခြုံထားတဲ့ မိုးကောင်းကင်လိုပါဘဲ။ ဆရာတော့်မျက်နှာ မှုန်ကုတ်ကုတ် ဖြစ်နေတယ်။

"ကဲ.. သွားဖို့အချိန်ရောက်ပြီ။ ကားဂိတ်ကို သွားကြစို့"

ဆရာတော့် စကားအဆုံးမှာဘဲ အောင်မိုးကို ထည့်ထားတဲ့ လှောင်အိမ်ကို ထမ်းယူပြီး ကားဂိတ်ကို ထွက်ခွါလာခဲ့ကြပါတယ်။ အောင်မိုးရဲ့  ပြန်လမ်းမရှိတဲ့ မန္တလေးအသွားးခရီးလေးဟာ အလွန်မှဘဲ ကြေကွဲဝမ်းနည်းဖွယ်တို့နဲ့ ပြည့်နှက်နေလေရဲ့ ။ လိုက်ပို့ကြတဲ့သူတွေကလဲ စည်စည်ကားကားပါဘဲ။
အောင်မိုးရဲ့  ခရီးဟာ သူ့အတွက် အထီးမကျန်ခဲ့ပါဘူး။ ဒါပေမဲ့ ပြန်လမ်းမရှိတဲ့ ခရီးလေ။

"ဟော ဘတ်စ်ကားလာနေပြီ"

ကားဂိတ်ကို ရောက်ပြီးမကြာခင်မှာဘဲ ပင်လည်ဘူး-ကောလင်း ဘတ်စ်ကား ၀င်ရောက်လာတယ်။ အောင်မိုးကို ကားပေါ်တင်ပြီး ကောလင်းကို သွားတယ်။ ကောလင်းကနေ မြစ်ကြီးနား-မန္တလေးမီးရထားကို စီးပြီး မန္တလေး ဆင်းလာခဲ့တယ်။ မန္တလေးရောက်တဲ့နေ့မှာဘဲ အောင်မိုးကို မန္တလေး ရတနာပုံတိရစ္ဆာန်ဥယျာဉ်ထဲ အရောက်ပို့ပေးလိုက်တယ်။ ဆရာတော် တိရစ္ဆာန်ရုံက အပြန်မှာတော့ အောင်မိုးလေးခမျာ အိမ်သစ် နေရာသစ် အဖော်အသစ်တွေကြားထဲမှာ မျက်စိလေး ကလည်ကလည်နဲ့ ကျန်ရစ်နေခဲ့လေရဲ့ ။

ခွဲခွါကာစဆိုတော့ ဆရာတော်လဲ လုံးဝစိတ်မကောင်းပါဘူး။ အောင်မိုးကိုဘဲ သတိရနေမိတယ်။ ဆရာတော် မန္တလေးမှာ ကြာကြာနေချင်စိတ် မရှိတော့ဘူး။ မဟာမြတ်မုနိဘုရားဖူးပြီး နောက်တစ်နေ့မှာဘဲ မီးရထားနဲ့ နမ္မာရွာဦးကျောင်းကို ပြန်လာခဲ့ပါတော့တယ်။

ရွာဦးကျောင်းအ၀င်ဝကို ရောက်ပြီဆိုရင်ဘဲ တွေ့မြင်နေကျ အောင်မိုးရဲ့  နေရာလေးတွေ ကြည့်ပြီး
အောင်မိုးရဲ့ ဆော့ကစားဟန်လေးတွေကိုမြင်ယောင်လာတယ်။ ဆရာတော်ကို အရမ်းခင်တွယ်နေတဲ့ အောင်မိုး ဆရာတော် ဘယ်အရပ်ကဘဲ ပြန်လာပြန်လာ ကြိုဆိုနေကျလေ။ အခုတော့ အောင်မိုးရဲ့  အရိပ်အယောင်တောင် ကျောင်းဝင်းထဲမှာ ဘာတစ်ခုမှ မရှိတော့။ ဆရာတော့် ရင်ဘတ်ထဲမှာ ဟာတာတာဖြစ်လာတယ်။ သံယောဇဉ်တွေလေ။ သံယောဇဉ်တွေပေါ့။ လူ တိရစ္ဆာန် သက်ရှိ သက်မဲ့ တစ်ခုခုအပေါ် သံယောဇဉ်ထားမိရင် အတော်လေး ဖြတ်ပစ်ရ ခက်ပါလား။

ဆရာတော်လဲ အောင်မိုးကို သတိရတဲ့စိတ်ကများနေပေမဲ့ အောင်မိုးကောင်းစားရေးကို ရှေးရှုပြီး မန္တလေးကို ပို့ပေးခဲ့တဲ့သူ့လုပ်ရပ်အတွက် နောင်တ ရမနေပါဘူး။ သတိရစိတ်ကလေးကို ထုတ်ပယ်လိုက်ကာ စိတ်ထဲကဘဲ တိုးတိုးလေး ဆုတောင်းနေမိလိုက်တယ်။

"အောင်မိုးလေး... နေရာသစ်မှာ.. မိတ်သစ်ဆွေသစ်တွေနဲ့ ပျော်ရွှင်ကြည်နူးနိုင်ပါစေ"



(အပိုင်း ၅ ဆက်ဖတ်ပါ)

1 comment:

kiki said...

အောင်မိုးလေးတကောင်သူ့ သခင်ဘုန်းဘုန်းဆီမှာပျော်ရွှင်စွာပြန်နေရအောင် happy ending ဖြစ်အောင်ရေးပေးပါ နော် ... သနားပါတယ်လေ ....