အနေအထိုင်အသားမကျသေးတဲ့အတွက် အောင်မိုးကို သူ့လှောင်အိမ်ကြီးထဲမှာဘဲ နေစေတယ်။ အပြင်ကို ပေးလွတ်ရင် အောင်မိုးကိုယ်တိုင် သို့မဟုတ် တစ်ခြားသူတွေအတွက် အန္တရာယ်ရှိနိုင်တယ်လေ။ အဲဒီ လှောင်အိမ်ကြီးထဲမှာဘဲ ရေမီးရိက္ခာအစုံ... အဲလေ... စားစရာတွေ အစုံအလင်နှင့်သူ့ကိုထားတယ်။
နေရာဟောင်းဆိုပေမဲ့ တစ်နှစ်လောက်ကွဲကွာခဲ့ရတဲ့အတွက် နေရာက သူ့အတွက် စိမ်းသွားခဲ့ပြီ မဟုတ်လား။
အစားအသောက်မှန်တဲ့အတွက် တစ်လနှစ်လအတွင်း အောင်မိုးလေးဟာ တစ်ဖြေးဖြေး ၀ဖြီးလာတယ်။ နဂိုပုံစံဖြစ်လာတယ်။ လူတွေနှင့်လဲ ပြန်ရင်းနှီးလာတယ်။ လှောင်အိမ်ထဲမှာချည်း နေထိုင်ရတာကိုလဲ ငြီးငွေ့လာပြီထင်ရဲ့ ။ အပြင်ထွက်ချင်တဲ့ ပုံစံ အမူအယာပြလာတယ်။ အောင်မိုးရဲ့  စိတ်ကို သဘောပေါက်တဲ့ ဆရာတော်လဲ ကဲပါလေ.. သူ့ခမျာ.. အပြင်မှာ လွတ်လွတ်လပ်လပ်နေချင်ရှာမှာဘဲ။ မန္တလေးမှာတုန်းကလဲ တစ်နှစ်ပတ်လုံး လှောင်အိမ်ထဲမှာ နေလာခဲ့ရတာဆိုတော့ သနားစရာ ကောင်းပါတယ် လို့ စဉ်းစားပြီး အောင်မိုးကို လွတ်လပ်ခွင့်ပေးလိုက်ပါတယ်။
အောင်မိုးလေးမှာ ပျော်မဆုံး မော်မဆုံး။ ရွာဦးကျောင်းဝင်းထဲမှာရှိတဲ့ သရက်ပင်တွေ ပိန္နဲပင်တွေ မှန်ကူခြုံတွေ မန်ကျည်းပင်တွေ၊ အဲဒီ အပင်တွေကြားထဲမှာဘဲ ဟိုဘက်ကူးလိုက် ဒီဘက်ကူးလိုက်နဲ့ တစ်ကောင်ထဲ ပျော်မြူးစွာ ခုန်ပေါက်ပြေးလွှားကစားနေလေရဲ့ ။ ဗိုက်ဆာတဲ့အချိန်မှာ လှောင်အိမ်ထဲ ၀င်စားလိုက်၊ ကစားချင်တဲ့အချိန်အပြင်ထွက်ပြီးကစားလိုက်၊ အိပ်ချင်တဲ့အချိန် လှောင်အိမ်ထဲ ၀င်အိပ်လိုက်နဲ့ အောင်မိုးလေး ဇိမ်ကျနေခဲ့တယ်။
မန္တလေးပြန်အောင်မိုး ဆိုတဲ့ ဆိုင်းဘုတ်ကလေးလဲ မြေဖြူနဲ့ရေးထားတာက တစ်ကြောင်း ရာသီဥတုဒဏ်ခံရတာကတစ်ကြောင်းကြောင့် မကြာခဏထပ်ခါထပ်ခါရေးနေရတယ်။ ရောင်စုံမြေဖြူလေးတွေနဲ့ ထပ်ပြီး ရှိတ်ပ်ဆွဲရေးထားတဲ့အတွက် တစ်မျိုးကြည့်ကောင်းနေလေရဲ့ ။ ထူးဆန်းတာက အောင်မိုးလေးဟာ ကျောင်းမှာ မွေးထားတဲ့ ခွေးတွေ ကြောင်တွေနဲ့ ပြန်ပြီး မရင်းနှီးတော့ဘူး။ ခပ်တန်းတန်းတွေ ဖြစ်ကုန်ကြတယ်။ ခွေးတွေကလဲ သူ့ကို ဟောင်စပြုလာတယ်။
ရက်ကိုလစား၊ လကိုနှစ်စားပြီး အောင်မိုးလေး နမ္မားရွာဦးကျောင်းကို ပြန်ရောက်ရှိလာတာ တစ်နှစ်ကျော်ကျော် နှစ်နှစ်အတွင်း ရောက်ရှိခဲ့ပါပြီ။ အောင်မိုးလေးလဲ ခန္ဓာကိုယ်ထွားကြိုင်းပြီး အားကောင်းမောင်းသန်ဖြစ်လာခဲ့ပြီ။
ကြုံကြိုက်လို့ လာရောက်ကြည့်ရှုကြသူတွေလဲ မနည်းတော့။ အောင်မိုးအတွက် စားစရာတွေကလဲ အလျံပယ်ဖြစ်နေပြီ။ မန္တလေးပြန်အောင်မိုး ဆိုတဲ့ ဆိုင်းဘုတ်ကလေးကလဲ ရောင်စုံမြေဖြူအစား ရောင်စုံသင်္ဘောဆေးလေးနဲ့ ဖြစ်နေပြီ။ အောင်မိုးရဲ့  နေအိမ်လေးမှာ လှလှပပလေးနဲ့ နေချင့်စဖွယ်ဖြစ်နေလေရဲ့ ။
အရာရာပြည့်စုံပြီး အာလုံးအဆင်ပြေပြီလို့ ယူဆလိုက်ကာမှ ထင်မှတ်မထားတဲ့အရာတစ်ခုဖြစ်လာခဲ့တယ်။
မန္တလေးပြန်အောင်မိုး ဆိုတဲ့ ဆိုင်းဘုတ်ကို ရောင်စုံသင်္ဘောဆေးနဲ့ ကျကျနနရေးလို့ တင်ထားပြီးတဲ့နောက် အောင်မိုးလေး ဘ၀င်လေဟပ်သွားလေပြီထင့်။ အချိုးတွေ တစ်စတစ်စပြောင်းလွဲလာတယ်။ အနေအထိုင်မိုက်ရိုင်းလာတယ်။ သွေးကြီးလာတယ်။
စိန်နားကပ်ကြောင့် ပါးပြောင်တာလား၊ အလိုလိုက်လွန်းလို့ ကမ်းတက်တာလား၊ လူတွေကဘဲ အစသန်လို့လား၊ လူတွေ ရှုပ်ယှက်ခတ်နေတာကိုဘဲ မျက်စိနောက်လာလို့လား ဒါမှမဟုတ် ရူးသွပ်သွားလို့များလား မပြောတတ်တော့။ ရွာဦးကျောင်းဝင်းထဲ လာရောက်ပြီး သူ့ကိုကြည့်ရှုလာကြတဲ့သူတွေကို ရန်ပြုလာတယ်။
ယုတ်စွအဆုံး ရွာဦးကျောင်းဆရာတော်အတွက် ဆွမ်းလာပို့တဲ့ သူတွေကိုတောင်မှ စော်ကားလာတယ်။
မတော်မရာလုပ်ပြတယ်။ သစ်ကိုင်းကျိုးတွေနဲ့ ပစ်ပေါက်တယ်။ တစ်ခါတစ်ခါ ဆရာတော့်စကားကိုတောင် သူ နားမထောင်တော့ဘူး။ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက် ဆိုသလို ဖြစ်လာတယ်။ အလိုလိုက်လို့ အမိုက်စော်ကားလာတယ်။
အော်... တရားရစရာကောင်းလိုက်တာနော်။ လူတွေမှမဟုတ် အဟိတ်တိရစ္ဆာန်လေးတွေတောင်မှ တစ်ခုခုအတွက် မာနတွေတက်တတ်ကြသေးတာပါလား။ ဇာတ်တော်နိပါတ်တော်ထဲက စကားတွေ အရမ်းမှန်တယ်။ လည်ဆွဲလေးစွပ်ပေးလိုက်လို့ ဘ၀င်မြင့်သွားတဲ့ ပုပ်သင်ညို၊ ဦးချိုအလှကြောင့် မာနတက်နေတဲ့ သမင်၊ အင်အားကြီးမားမှုကြောင့် ဂုဏ်ယူနေတဲ့ ခြင်္သေ့၊ အားလုံး အားလုံးဟာ မာနတွေ ကိုယ်စီနဲ့ပါလား။
အောင်မိုးစိတ်ကြီးဝင်ပြီး မာနတက်လာခြင်းရဲ့  အကြောင်းကို လေ့လာကြည့်လိုက်တဲ့အခါမှာ အောက်က အချက်အလက်ကလေးတွေ တွေ့လာရတယ်။
၁။မန္တလေးပြန်အောင်မိုး ဆိုတဲ့ဆိုင်းဘုတ်ကို စပါယ်ရှယ်တင်ထားခြင်း
၂။ဆရာတော်ကိုယ်တိုင် အရမ်းအလိုလိုက်ခြင်း
၃။စားသောက်စရာ အဆင်သင့်ရှိခြင်း
၎။ကျောင်းဝင်းထဲ စိတ်ကြိုက်သွားလာဆော့ကစားနိုင်ခြင်း
၅။အောင်မိုးကို ဟောင်တဲ့ခွေးကို ရိုက်ပြီးဆုံးမခြင်း
ဒါက အကြမ်းဖျင်းတွေးတောယူဆထားတာပါ။ အခြားအချက်အလက်များစွာလဲ ပါဝင်နိုင်ပါသေးတယ်။
ဘာဘဲ ပြောပြော အောင်မိုးရဲ့  စရိုက်ကား တစ်စထက် တစ်စ ပိုဆိုးဆိုးလာတယ်။ မျောက်ကျင့် မျောက်ကြံ ကြံလာတယ်။ သူ့ကို ကရုဏာမျက်ဝန်းနဲ့ကြည့်တဲ့သူတွေကို သူက ဒေါသမျက်လုံးနဲ့ မီးဝင်းဝင်းတောက် ပြန်ကြည့်တတ်လာတယ်။ ဆရာတော့် မေတ္တာ၊ ကိုရင်ကျောင်းသားတွေရဲ့  စေတနာ၊ ရွာသူရွာသားတွေရဲ့  ကရုဏာတရားတွေကို သူဥပေက္ခာပြုလာတယ်။ မေတ္တာစိတ်နှင့် အစားအစာလာပေးတဲ့သူတွေရဲ့  လက်ကို ဒေါသစိတ်နှင့် ကြမ်းကြမ်းတမ်းတမ်း ပုတ်ချတတ်လာတယ်။ အောင်မိုးရဲ့  စိတ်ဓါတ် အဆိုးဘက်သို့ ပြောင်းလဲသွားခဲ့လေပြီ။
(အပိုင်း ၉ ဆက်ဖတ်ပါ)
No comments:
Post a Comment