Sunday, 22 February 2009

တံခါးခေါက်လိုက်ပါ


ဒေါက်.. ဒေါက်.. ဒေါက်
တံခါးခေါက်သံကြားတိုင်း
ရန်သူလား မိတ်ဆွေလား မကွဲပြားပေမဲ့
ထသွားပြီး တံခါး အမြဲတမ်းဖွင့်ပေးနေကျ
အခွင့်အရေး ရချင်လို့တော့မဟုတ်ဘူး
ကျနော်က
ဧည့်ဝတ်ကျေချင်လို့။


မချမ်းသာပေမဲ့
ရှိတာလေးတွေ အကုန်ချကျွေးပြီး
ခဏလေးဘဲဖြစ်ဖြစ် တစ်ဘ၀လုံးဘဲဖြစ်ဖြစ်
ကျနော် စိတ်မညစ်ခဲ့ပါဘူး
သူတို့က ဧည့်သည်တွေလေ။


ကွန်းခိုချင်လို့ လာရောက်တာလား
တွန်းဖြိုချင်လို့ လာခေါက်တာလား
တစ်ခွန်းဆို တစ်ခွန်းမှ နှုတ်က မဟခဲ့ပါဘူး။


ရှိတာကို လိုချင်လို့လား
လိုချင်တာကို လာဖြည့်တာလား
ကျနော် နဲနဲလေးမှ သတိမထားချင်ဘူး။


ပေးတဲ့လက်နဲ့ဘဲ လာလာ
ချေးမဲ့လက်နဲ့ဘဲ လာလာ
ကျနော်
ကြိုဆိုမြဲ ကြိုဆိုလျက်ပါဘဲ။


တစ်ချို့ က
အသက်စတေးပြီး ကျနော့်ကိုကူ
တစ်ချို့ က
ဖျက်ဆီးပြီး ကျနော့်ဥစ္စာတွေကို ယူ
ကျနော်
မြူတစ်မြူမျှ မညူစူပြခဲ့ပါဘူး။


တစ်ချို့ ကျပြန်တော့လဲ
မခေါ်ဘဲလာ မနှင်ဘဲပြေး
ဘယ်ဝဋ်ကြွေးလဲ မသိဘူး
ရှူးရှူးဒိုင်းဒိုင်း ပွဲကြမ်းပြီး
အသဲတစ်ခြမ်းတောင် ထုတ်ပေးရတော့မလို။


အိမ်အိုပေမဲ့ လူကတော့ ပျိုနေဆဲပါ
လူလဲအို အိမ်လဲပြိုသွားရင်တောင်
ယောင်မှားပြီး လမ်းကြုံရင် ဂျမ်းပုံ အပါအ၀င်
ကျနော့်အိမ်ကို
ဝင်ခဲ့ကြပါဦးလို့ အနူးအညွတ် မဦးမချွတ်
အထူး (အထူး) ဧည့်ဝတ်ပြုချင်လွန်းလို့။






1 comment:

Anonymous said...

ကိုကိုမောင် တံခါးခေါက်လိုက်ပြီ ဘာကျွေးမှာလည်း မုန့်ပဲစားမယ် စတာ
ကဗျာကောင်းလေးပါ ဖတ်လို့ကောင်းတယ် အဓိပ္ပါယ် ထိထိရောက်တဲ့ကဗျာလေးပါ.