Friday 6 February 2009

ကိုကိုမောင့်အမျက် အပြင်ထွက်သလား (၂)...???

သူဖျက်ဆီးပစ်လိုက်တဲ့စာရင်းတွေကို စာရင်းကိုင်လက်ထဲအပ်လိုက်ရင်တောင် စာရင်းကိုင် ထိုင်ငိုရလောက်တယ်။
အဲဒီလောက်ထိကို သောင်းကျန်းနေတာ။ အ၀တ်အစားတွေလဲ မနေရ၊ စားစရာတွေပါမကျန်
သူ့ရဲ့ အဖျက်လုပ်ငန်းကြောင့် အရွယ်မတိုင်ခင် အကြွေစောခဲ့ကြရတယ်။

ဒီလို အဖျက်လုပ်ငန်းတွေ ရှိနေလို့လဲ ကမ္ဘာကြီးမငြိမ်းချမ်းတာပါ။ အနုမြူစစ်ပွဲဆိုလား၊ နျူကလီးယားစစ်ပွဲဆိုလား၊ ဓါတုလက်နက်စစ်ဆင်ရေးဆိုလား စုံနေတာပါဘဲ။ အဖျက်လုပ်ငန်းတွေလေ။ ဘာသာတရားကို ထိပါးစော်ကားလာရင် ဘာသာရေးစစ်ပွဲဆိုတာလဲ ဖြစ်ပေါ်လာနိုင်သေးတယ်။ မြေပြင်စစ်ပွဲတွေရိုးအီသွားတဲ့အတွက် အာကာသစစ်ပွဲတို့၊ ကြယ်တာရာစစ်ပွဲတို့တောင် တစ်နေ့ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လဲ ကမ္ဘာကြီးက မခံမရပ်နိုင်တော့လို့ ကမ္ဘာပျက်တယ်ဆိုတာ ဖြစ်ပေါ်လာတာထင်တယ်။ အဲဒါ... သက်ရှိသတ္တ၀ါတွေရဲ့  မေတ္တာတရားခေါင်းပါးမှုကြောင့်ပေါ့။

အဖျက်လုပ်ငန်းရှိနေလို့လဲ တော်လှန်ရေးတွေ ပေါ်ပေါက်နေရတာ။ တော်လှန်ရေးတွေ ရှိနေသရွေ့  အဖျက်လုပ်ငန်းတွေလဲ တိုးတိုးပြီး လုပ်လာကြဦးမှာဘဲ။ ကမ္ဘာကြီးမှာ နေထိုင်ရတာတောင် ကြောက်စရာဖြစ်လာပြီ။ ခေတ်မီတိုးတက်နေတဲ့ သိပ္ပံခေတ်ကြီးမှာ ခလုပ်တစ်ချက်လောက် နှိပ်လိုက်ရုံနဲ့ တစ်ကမ္ဘာလုံး အာကာသထဲ လွင့်ထွက်ကြွေမွပျက်စီးပျောက်ကွယ်သွားနိုင်တယ်။ ကမ္ဘာကြီးက တစ်စထက်တစ်စ ကျဉ်းမြောင်းလာပြီလေ။ ဆုတ်ကပ်ကြီးဖြစ်နေတော့လဲ ဒီလိုနဲ့ ကမ္ဘာကြီး (ထန်းလျက်ကို ခွေးလျက်သလို) လုံးပါးပါးတော့မယ်ထင်ပါတယ်။

ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာကို အသာလေးထားလိုက်ဦး။ အခု ကျနော်တို့ အိမ်မှာတင် ဖြစ်ပျက်နေတဲ့ အဖျက်လုပ်ငန်းလေးကို ကြည့်လိုက်ပါဦး (အမှတ် ၁ မှာ ဖော်ပြပြီး)။
အတော်လေး သည်းမခံနိုင်စရာဖြစ်နေတယ်။

ကျနော့်နေရာမှာ မိတ်ဆွေတို့ဆိုရင်ကော ဘယ်လိုတုန့်ပြန်မလဲ????
၁။ သည်းခံပြီး ဒီအတိုင်းဘဲ လက်ပိုက်ကြည့်နေမှာလား။
၂။ တနည်းနည်းနဲ့ တုန့်ပြန်မှာလား။
၃။ဥပေက္ခာဘဲပြုထားလိုက်မှာလား။

ကျနော်ကတော့ ဆုံးဖြတ်ရခက်နေတယ်ဗျာ။ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူး။ သည်းခံလေ ပိုဆိုးလေဘဲ။ တော်ကြာ အဖျက်လုပ်ငန်းအပေါင်းပါတွေ တိုးပွါးလာရင် ကျနော်တို့ တုန့်ပြန်ဖို့ခက်နေမှာ။
ငါးပါးသီလထဲက ပါဏာတိပါတကံဆိုတာ မရှိဘူးဆိုရင် အဲဒီကောင်တော့ မလွယ်ဘူး။ ယမမင်းနဲ့တွေ့ဖို့ လက်မှတ်ပါတစ်ခါထဲရသွားမှာ သေချာတယ်။

မိတ်ဆွေတို့..
အဖျက်လုပ်ငန်းလုပ်နေတဲ့သူကို ဘယ်သူလဲဆိုပြီး တစ်လွဲတွေးမနေကြနဲ့ဦးနော်။
သူက လူမဟုတ်ဘူး။ ကြွက်ဗျ။ လန်ဒန်ကြွက်။ ကြွက်ဆိုမှ တကယ့်ကြွက်။ မြန်မာနိုင်ငံက ကြောင်တွေတောင် ဒီကြွက်ကို မြင်ရင် ထွက်ပြေးမှာ သေချာတယ်။ မြန်မာကြောင်ထက်ကြီးနေလို့။ လန်ဒန်မှာက ဗြိတိသျှလူမျိုးတွေတင်မကဘဲ ဘာဘဲဖြစ်ဖြစ် အားလုံးအကြီးစားတွေချည်းဘဲ။ သစ်သီး သစ်ဥ အစားအသောက်၊ ယုတ်စွအဆုံး လဘက်ရည်ခွက်ကစလို့ ပေါ့။ တကယ့်ထွားမှထွား။ ကျနော်တောင် Ielts စာမေးပွဲဖြေရင်း ကပုချီနို ကော်ဖီ မှာသောက်ဖူးသေးတယ်။ ခွက်ကြီးက ကြောက်စရာတောင်ကောင်းတယ်။ ကြီးမှကြီး။ ပိုက်ဆံနှမြောလို့သာ ကြိုးစားပြီး ကုန်အောင်သောက်ခဲ့ရတာ။

အခုကြွက်ကြီးကလဲ တကယ့်အကြီးစားကြွက်ကြီးပါ။ ညဘက်မှာ လူသံကြားလို့ ထွက်ပြေးရင်း အမှိုက်ကြီးကိုတိုက်မိလို့ အမှိုက်ပုံးကြီးတောင် လဲကျသွားရတဲ့အထိ ခပ်ထွားထွားကြွက်ကြီးဘဲ။
ကြွက်သေတစ်ခု အရင်းပြု ဆိုတဲ့ ဇာတ်တော်လာ စကားပုံအတိုင်း ဖြစ်လာနိုင်ရင်တော့ ကျနော် ပါဏာတိပါတကံအထိုက်ခံပြီး ချမ်းသာအောင် လုပ်လိုက်ပါတယ်ဗျာ။ ဟဲ ဟဲ။ ကျနော့်ကို ရက်စက်တယ်လို့ မပြောလိုက်ပါနဲ့။ ပလိပ်ရောဂါကြောက်လို့ အားလုံးအတွက် အမိုက်ခံမဲ့သဘောပါ။

ဒါပေမဲ့
အခုထက်ထိတော့ ကျနော်လဲ အကောင်အထည် မဖော်ဖြစ်သေးဘူး။ ကြွက်ကလဲ သောင်းကျန်းနေဆဲပါဘဲ။
ကျနော် အဖြေတစ်ခုတော့ လိုချင်တယ်ဗျာ။ မိတ်ဆွေတို့ ကျနော့်ကို ကူညီပြီး ဆုံးဖြတ်ပေးကြပါဦး။ ကျနော် ဘာလုပ်သင့်သလဲ။ ကလေးဘ၀တုန်းကလို ထုံးစံအတိုင်း လုပ်လိုက်ရင်ကောင်းမလား။
ဒါမှမဟုတ်... မေတ္တာတရားလက်ကိုင်ထားပြီး ဒီအတိုင်းဘဲ ခွင့်လွတ်နားလည်ပေးလိုက်ရမလား။
ကျနော် ခေါင်းရှုပ်လာပြီဗျာ။ ဒီမှာဘဲ ရပ်လိုက်တော့မယ်။

ကျနော့်အမျက် အပြင်များထွက်သွားသလားမသိဘူး။ ။

No comments: