အင်းတော်ကြီးအင်းဆိုတာ လူအတော်များများကြားဖူးကြမယ်ထင်ပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ဟိုပင်မြို့ အပိုင်အတွင်းမှာတည်ရှိနေတဲ့
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသဘာဝရေကန်ကြီးပါ။ ဘေးပတ်ပတ်လည်မှာ ရွာတွေ လယ်ယာတွေ ပြီးတော့ တောင်တန်းတွေ အဆင့်ဆင့်တည်ရှိပါတယ်။
အင်းထဲမှာ ရှိတဲ့ ရေအနေအထားကတော့ ကြည်လင်စိမ်းလဲ့ပြီး ၀ါးတစ်ရိုက်လောက်ထိရေအောက်ကို မြင်နိုင်ပါတယ်။ ရေအောက်ဘယ်လောက်ထိ နက်သလဲတော့ အတိအကျမသိပါဘူး။ ရှေးလူကြီးတွေပြောစကားအရကတော့ အပ်ချည်လုံးတစ်လုံးမှာရှိတဲ့ အပ်ချည်ကြိုးတွေလောက်မကဘူးနက်တယ်လို့ ကြားဖူးတယ်။ အင်းကြီးရဲ့  အကျယ်အ၀န်းကတော့ အလျားရှစ်မိုင် အနံ လေး မိုင်ရှိတယ်တဲ့။
စစ်ကိုင်းတိုင်း အင်းတော်မြို့ ရဲ့  အနောက်တောင် ယွန်းယွန်းမှာလဲ အင်းကြီးတစ်အင်းရှိပါသေးတယ်။ အဲဒီ အင်းကြီးလဲ အကျယ်ကြီးပါဘဲ။ ဒါပေမဲ့ အင်းတော်ကြီးနှင့်နှိုင်းယှဉ်ရင် သေးငယ်နေတဲ့အတွက် အဲဒီအင်းကို အင်းတော်လေးလို့ ခေါ်ဝေါ်ကြပါတယ်။ သမိုင်းစာပေတွေအရတော့ အင်းတော်ကြီးနှင့်အင်းတော်လေးဟာ ဆက်စပ်မှု ရှိတယ်လို့ ဆိုထားပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်နှင့်ဆက်စပ်မှုရှိမရှိဆိုတာကတော့ ကျနော် မသိပါဘူး။
အင်းတော်ကြီးအင်းထဲမှာ သီရိဓမ္မာသောကမင်းတည်ထားခဲ့တဲ့ နာမည်ကြီးရေလယ်ဘုရားတစ်ဆူရှိပါတယ်။ နှစ်စဉ်တပေါင်းလမှာ ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပါတယ်။
ကျနော်က စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း ၀န်းသိုဒေသဘက်ကဆိုတော့ ကချင်ပြည်နယ်နဲ့ အလှမ်းမဝေးပါဘူး။ ကချင်ပြည်နယ်တစ်လျောက် မကြာမကြာရောက်ဖြစ်ပါတယ်။ ရထားလမ်းပိုင်းကိုဘဲ အားပြုသွားလာရတာပါ။ မီးရထားမရှိရင် ကချင်ပြည်နယ်ရောက်ဖို့ အခက်အခဲ အများကြီးရှိပါတယ်။
အခုကျနော်မိတ်ဆက်နေတာနဲ့ စာက အတော်လေးရှည်သွားပြီ။ ကျနော်ပြောပြချင်တာကတော့ အင်းတော်ကြီးအင်းထဲကို ကျနော်တို့ သူငယ်ချင်းတစ်စု အလည်အပတ်သွားခဲ့တဲ့ ခရီးစဉ်အတွေ့အကြုံလေး နဲနဲရယ်ပါ။
ကျနော်တို့အဖွဲ့ က စုစုပေါင်း ၅ ယောက်။ ကျနော်တို့ လူငယ်တွေ ၄ ယောက်နှင့် ဦးလေးကြီးတစ်ယောက်ပါ။
အင်းတော်ကြီးကို ရထားတိုက်ရိုက်မပေါက်ပါဘူး။ ဟိုပင် (သို့မဟုတ်) မိုးညှင်းမှာဆင်းပြီး ဘတ်စ်ကားစီးသွားရပါတယ်။ ကျနော်တို့ကတော့ ဟိုပင်မှာ ဆင်းပြီး ဖားကန့်ဘက်သွားတဲ့ ဘတ်စ်ကားစီးသွားပါတယ်။ အင်းတော်ကြီးက ဟိုပင်မြို့ ရဲ့ အနောက်ဘက် ၁၅ မိုင်ခန့်လောက်မှာ တည်ရှိပါတယ်။ တောင်တန်းကြီးတစ်ခု ဖြတ်ကျော်ရပါတယ်။ အင်းကို ပတ်ပြီး အင်းရဲ့ အနောက်ဖက် လုံးတုံရွာလေးမှာ စတည်းချပါတယ်။
နောက်တစ်နေ့မှာ ကျနော်တို့ ရေလယ်ဘုရားကို ဖူးဖို့ စတင်လှုပ်ရှားပါတယ်။ စက်လှေနဲ့ သွားရမှာပါ။
ကျနော်တို့ အုပ်စုထဲက သူငယ်ချင်းတစ်ယောက်က စက်လှေကို ကောင်းကောင်းပဲ့ကိုင်နိုင်တယ်။ ဒါကြောင့် သူငယ်ချင်းရဲ့ မိတ်ဆွေစက်လှေကို ဆီထည့်ပြီး လူပိုမခေါ်တော့ဘဲ ကျနော်တို့ငါးယောက်ဘဲ စက်လှေတစ်စီးနဲ့ ဘုရားဖူးထွက်ခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်က ပဲ့ကိုင်။ ကျနော်တို့ကတော့ အေးအေးဆေးဆေး ရှုခင်းတွေကြည့်ရင်း စင်ရော်လေးတွေကို အစားကျွေးကြတာပေါ့။
မကြာခင်လေးမှာဘဲ ဘုရားကို ရောက်ရှိခဲ့ပါတယ်။ ဘုရားက ကြည်ညိုစရာ အရမ်းကောင်းပါတယ်။ ရေလယ်မှတကယ့်ရေလည်ပါ။ (အခုအခါမှာတော့ ကမ်းခြေကနေပြီး ဘုရားအထိ ဦးပိန်တံတားလို ပုံစံမျိုး ဆောက်လုပ်ထားပြီးဖြစ်ပါတယ်)။
ဘုရားမှာ ရွှေသင်္ကန်းကပ် ဆုတောင်းအမျှဝေပြီး တစ်ဘက်ကမ်းမှာရှိတဲ့ ရှမ်းရွာတစ်ရွာကို စက်လှေနဲ့ ဆက်လက်ထွက်ခွါခဲ့ပါတယ်။
ရှမ်းရွာလေးမှာ အနားယူပြီး ညနေစာထမင်းကို စောစောစားပြီး ကျနော်တို့ တည်းခိုတဲ့ လုံးတုံရွာလေးကို ပြန်ဖို့
ကျနော်တို့ စိုင်းပြင်းကြစဉ်မှာဘဲ ပြဿနာက စလာပါပြီ။
အင်းရဲ့ အထက်ပိုင်းတောင်တန်းတွေမှာ တောင်ခိုးတွေဝေပြီး ကောင်းကင်မှာလဲ တိမ်တိုက်မဲမဲကြီးတွေ နေရာယူထားကြတယ်။ ဒါဆိုရင် သေချာပြီ။ အင်းကိုဖြတ်သန်းဖို့ အခြေအနေကောင်းမှာ မဟုတ်တော့ဘူး။
မိုးအကြီးအကျယ်ရွာပြီး လေတိုက်ကြမ်းတော့မယ်။ အင်းထဲမှာလဲ လှိုင်းတွေကြီးတော့မယ်။
အဲဒီရှမ်းရွာက အိမ်ခံတွေကလဲ ကျနော်တို့ကို တားပါတယ်။ မပြန်ဘဲနဲ့ သူတို့ရွာမှာဘဲ အိပ်ဖို့ပေါ့။
ဒါပေမဲ့.....
(ဆက်လက်ရေးမယ်)
No comments:
Post a Comment