Wednesday 4 February 2009

ကံကောင်းထောက်မလို့ (၃)



ဒီလိုနဲ့ဘဲ....
လုံးတုံရွာဘက်ကမ်းကို တစ်စတစ်စနဲ့ နီးကပ်လာတယ်။ ကမ်းခြေမှာ လူတွေကျနော်တို့ဘက် လက်ဝှေ့ယမ်းပြီး ပြနေတာကို တွေ့ရတယ်။ ကမ်းခြေနားရောက်လာပေမဲ့ ချက်ချင်းကမ်းကပ်လို့ မရသေးဘူး။ လှိုင်းတွေက ရှိနေသေးတယ်လေ။ လှိုင်းနှင့်အတူစက်လှေကလေးကို ဖြေးဖြေးမျှောလိုက် ကမ်းခြေနားကပ်လိုက်နဲ့ ကမ်းခြေကို ရောက်လာတယ်။ ကမ်းခြေရောက်မှဘဲ သက်ပြင်းကို စိတ်ချလက်ချ ဖူးကနဲ မှုတ်ထုတ်ပစ်လိုက်ရတယ်။
စက်လှေပဲ့ထိန်းတဲ့ သူငယ်ချင်းခြေသလုံးတစ်လျောက်မှာလဲ သွေးတွေရဲရဲနီလို့။ ပဲ့ကို ခြေထောက်နဲ့ထိန်းရင်းဒဏ်ရာရခဲ့တာပါ။

"ကမ်းခြေမှာရှိတဲ့လုံးတုံရွာသားတွေက ဘာဖြစ်လို့ ဇွတ်ပြန်လာရတာလဲ လှိုင်းတွေငြိမ်မှ ပြန်လာရင်လဲ ရတာဘဲ။ အန္တရာယ်အရမ်းများတယ်" လို့ပြောပြီး "မသေကောင်းမပျောက်ကောင်းပါဘဲ" လို့ တီးတိုးပြောနေကြလေရဲ့ ။
...................


ကျနော်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးက သဲထိတ်ရင်ဖိုစရာ ဖြစ်ခဲ့ရပေမဲ့ အင်တာနက်စာမျက်နှာမှာ ဖတ်လိုက်ရတဲ့ သတင်းလေးတစ်ခုလောက်တော့ သဲထိတ်ရင်ဖိုစရာမကောင်းပါဘူး။ အဲဒါကမှ တကယ့်သဲထိတ်ရင်ဖို။

ပင်လယ်သမုဒ္ဒရာထဲ ငါးဖမ်းစက်လှေနဲ့ ငှားဖမ်းထွက်ကြရင်း စက်လှေနစ်မြှပ်သွားတယ်။
စက်လှေထဲမှာပါတဲ့ ငါးဖမ်းလုပ်သား (ထိုင်းနှင့်မြန်မာနိုင်ငံသား) များအားလုံး (၁၈ ယောက်ခန့်) ရေနစ်သေဆုံးကြတယ်။
ကံအားလျော်စွာ မြန်မာနှစ်ယောက်ကတော့ ရေခဲပုံးခွံထဲ ၀င်ရောက်နေရာယူရင်း ဗူးခွံအားကိုးနှင့် ကမ်းမမြင်လမ်းမမြင် ပင်လင်ပြင်ထဲ ၂၅ ရက်တိုင်တိုင် မျှောပါနေခဲ့ကြရတယ်။

ငါးမန်းအန္တရာယ်အရမ်းများတဲ့ ပင်လယ်ထဲမှာ အစာရေစာပြတ်တောက်ပြီး အသက်မသေဖို့အရေး စိတ်အားတင်းပြီး ရေခဲပုံးခွံထဲမှာဘဲ အားတင်းနေထိုင်ခဲ့ကြတယ်။ မိုးရွာမှ ရေသောက်ရတယ်။ မိုးမရွာရင် သောက်စရာရေမရှိဘူး။

ပင်လယ်ငှက်ကြီးတွေ သူတို့ရဲ့  ရေခဲပုံးခွံပေါ်လာနားရင်း အန်ထုတ်ထားခဲ့တဲ့ငှက်အန်ဖတ် (ငါးကလေးတွေ)ကိုဘဲ အာဟာရအဖြစ်စားသုံးခဲ့ကြရတယ်။ ပင်လယ်ငှက်တွေဟာ လာမအန်ကြဘူးဆိုရင် သူတို့အသက်သေတာ ကြာလှရောပေါ့။

စဉ်းစားလို့သာကြည့်ကြပေတော့ဗျာ။ ဘယ်လောက်အထိ ထိတ်လန့်စရာကောင်းသလဲလို့။ ၂၅ရက်လုံးလုံး ပင်လယ်ထဲမှာ အမိုးအကာမရှိ စားစရာမရှိ သောက်စရာနတ္ထိ။

ဒါပေမဲ့ သူတို့ကံကောင်းပါတယ်။ ကံကောင်းထောက်မလို့လဲ သြစတြေးလျကယ်ဆယ်ရေး ရဟတ်ယာဉ်နဲ့ သူတို့ကို ကယ်တင်ခဲ့ပါတယ်။

အဲဒီမြန်မာယောက်ျားလေးနှစ်ယောက်ဟာ အခုဘယ်မှာရှိလဲဆိုတာကတော့ ကျနော်လဲ အတိအကျမသိတော့ပါဘူး။ အင်တာနက်သတင်းပေါ်ဖတ်မိလို့ ကျနော်လဲ ဒီအကြောင်းကို သိရခြင်းဘဲဖြစ်ပါတယ်။

လူတစ်ယောက်ကံကောင်းလာပြီဆိုရင် ဘယ်မျှအထိ ကံကောင်းမည်ကို ခန့်မှန်း၍မရနိုင်။ "ကိုင်း သွားလေရော့" ဟု ယူဖရေးတီးမြစ်ထဲ ပစ်ချသည့်တိုင်အောင် အသက်မသေရုံမက လက်ထဲ ပုလဲတစ်ကုံးကိုင်ပြီး ပြန်တက်လာနိုင်သည် ဆိုတဲ့ ဘေဘီလုံးစကားပုံလေးကိုဘဲ ကျနော်အမှတ်ရမိလိုက်ပါတော့တယ်။

အခု အဖြစ်အပျက်လဲ သေကံမရောက်ကြတဲ့မြန်မာနှစ်ယောက်ဟာ ပင်လယ်သမုဒ္ဒရာထဲ သင်္ဘောပျက်တာတောင်မှ ရေခဲပုံးခွံအကူအညီနဲ့ သြစတြေးလျကို ရောက်သွားသေးတယ်မဟုတ်လား။
ကံကောင်းထောက်မလို့ ပေါ့။ မဟုတ်ဘူးလား။


မှတ်ချက်။
http://www.straitstimes.com/Breaking%2BNews/World/Story/STIStory_328970.html ကို အခြေခံရေးသားပါတယ်။

No comments: