Tuesday, 24 February 2009

မန္တလေးပြန် အောင်မိုး (၅)

အောင်မိုးကို သတိရတစ်ချက် မရတစ်ချက်နှင့် ဆရာတော် နေထိုင်လာခဲ့တာ ရက်တွေ လတွေ အတော်လေး ကြာညောင်းခဲ့လေပြီဘဲ။ အောင်မိုးရဲ့  နေအိမ်လေးလဲ ပျဉ်ပုံဘ၀နှင့်ပြားပြားဝပ်ဝပ်။ သူ့နေအိမ်နေရာမှာ မြက်ပေါင်းပင်တို့ အစားထိုးနေရာယူထားကြလေရဲ့ ။ ရွာသူရွာသားတွေလဲ အောင်မိုးကို မေ့သလောက်ဖြစ်နေပြီ။ သူနှင့်ကစားဖက် ခွေးတွေ ကြောင်တွေလဲ အောင်မိုးကို သတိရနေတဲ့ပုံမပေါက်ကြတော့။ ကိုရင်ကျောင်းသားတွေလဲ အောင်မိုးကို ဖွတ်မေ့ ပဒတ်မေ့ မေ့ကုန်ကြရောပေါ့။

အောင်မိုးကို သတိရတဲ့စိတ်တွေကို အချိန်စက်နာရီတို့က ၀ါးမြိုပစ်လိုက်ကြလေပြီ။ ရော်ရွက်ဝါတို့ မြေခပြီး မိုးပေါက်တွေ တစ်ဖွဲဖွဲရွာသွန်းဖြိုးပြီးတဲ့နောက် နှင်းဖွဲလေးတွေတောင် ဝေနေကြပြန်လေပြီ။ ဒါဆို ရာသီစက်ရဟတ် တစ်ပတ်ပြန်လည်လာပြီဆိုတဲ့ သင်္ကေတဘဲပေါ့။ တစ်နှစ်ဆိုတာ ဘာမှ မကြာလိုက်ဘူးလို့ ထင်ရပေမဲ့ အဲဒီ တစ်နှစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ လူတွေရဲ့ စိတ် (အောင်မိုးကို သတိရတဲ့စိတ်)တွေကတော့ ပြောင်းလဲသွားခဲ့လေပြီတကား။

အောင်မိုးအကြောင်း ပြောတဲ့လူ မရှိသလောက်ဖြစ်နေပြီ။
ဖြစ်တတ်တဲ့သဘောဘဲပေါ့လေ။ ကြာလာရင် အားလုံးမေ့သွားတတ်ကြတာ လူတွေရဲ့  သဘာဝဘဲ မဟုတ်လား။
အောင်မိုးအကြောင်းကို အသာလေးထားဦး။ ဗြိတိသျှတော်ဝင်မင်းသမီးဟောင်း ဒိုင်ယာနာ၊ ပါကစ်စတန်ခေါင်းဆောင် ဘူတို၊ ဂျပန်ကိုဘေး ငလျင်၊ မြန်မာ ဆိုင်ကလုန်းနာဂစ်၊ တရုတ်ငလျင်စတဲ့ ကြီးကျယ်လှတဲ့ ဆုံးရှုံးမှုတွေကိုတောင် အချိန်က ၀ါးမျိုပစ်လိုက်ပြီမဟုတ်လား။

အောင်မိုးကို မန္တလေးပို့ပြီး နောက်တစ်နှစ်ခန့်အကြာလောက်မှာ အကြောင်းကိစ္စတစ်ခုနှင့်ဆရာတော် မန္တလေးကို ဆင်းလာခဲ့တယ်။ မန္တလေးရောက်လာပြန်တော့လဲ အောင်မိုးကို သတိမရဘဲ မနေနိုင်ဘူး။ ဒါကြောင့် အောင်မိုးရှိရာ ရတနာပုံဥယျာဉ်ထဲ သွားဖို့ ဆရာတော် ထွက်လာခဲ့တယ်။ စိတ်ထဲကတော့ အောင်မိုး. အခုလောက်ဆို ပျော်နေလောက်ပြီ။ ငါ့ကိုလဲ မှတ်မိပါ့ဦးမလားမသိဘူး ဆိုပြီး စိုးရိမ်နေလေရဲ့ ။

"အောင်မိုး ကံကောင်းပါတယ်။ ဥယျာဉ်အလည်လာတဲ့သူတွေက အစာကျွေးလိုက်၊ ဥယျာဉ်တာဝန်ခံတွေက အစာကျွေးလိုက်၊ အပေါင်းအသင်းတွေနဲ့ ပျော်လိုက်ပါးလိုက်ဆိုတော့ ၀ဖြီးနေမှာဘဲ။ ငါ့ကို မမှတ်မိလဲ ကိစ္စမရှိပါဘူး။ သူပျော်နေတာကို ငါမြင်ရရင် ကျေနပ်ပါပြီ"

ဆရာတော် စဉ်းစားခန်းဖွင့်ပြီး ရတနာပုံဥယျာဉ်ထဲ ၀င်လာခဲ့တယ်။ ကျန်တဲ့ ကြည့်စရာတွေကို ဆရာတော် စိတ်မ၀င်စားနိုင်ဘူး။ အောင်မိုးရှိတဲ့နေရာကိုဘဲ တန်းပြီးသွားလိုက်တယ်။ တွေ့မြင်ချင်ဇောက ကြီးမားနေပြီလေ။
၀၀တုတ်တုတ် ထောင်ထောင်မောင်းမောင်းဖြစ်နေမဲ့ အောင်မိုးကို မျက်စိထဲ မြင်ယောင်နေမိတယ်။
အောင်မိုးရဲ့  နေရာ မျောက်အိမ်တွေဘက်ကို ရောက်ခဲ့ပါပြီ။ ဒါပေမဲ့ ဆရာတော်တွေဝေသွားတယ်။ မျောက်တွေ အများကြီးထဲမှာ အောင်မိုးကို ဆရာတော် ရှာမတွေ့ဘူးဖြစ်နေတယ်။ ဘယ်ရောက်သွားပါလိမ့်။

"အောင်မိုးရေ... အောင်မိုးရေ... အောင်မိုးရေ..."

ဆရာတော် အသံကိုမြင့်ပြီး ခပ်ကျယ်ကျယ်လေး အော်ခေါ်လိုက်တယ်။ ရုပ်ခပ်ဆိုးဆိုး အရိုးပြိုင်းပြိုင်း မျောက်တစ်ကောင် ဆရာတော့်အနား ပြေးလာတယ်။ ဆရာတော့်ကို သေသေချာချာစိုက်ကြည့်တယ်။ ပြီးတော့ ကွိ ကွိ ကွိ ဆိုပြီး အသံပြုတယ်။ သေသေချာချာ ကြည့်လိုက်တော့မှ အဲဒီမျောက်ဟာ အောင်မိုးကိုယ်တိုင်ဘဲ ဖြစ်နေပါတော့တယ်။

"ဘယ်လို ဖြစ်ရတာလဲ.. သား အောင်မိုးလေးရယ်"

မျက်တွင်းတွေက ဟောက်ပက်ပက်၊ အရိုးပေါ်အရေတင်ရုံ ချိနဲ့နဲ့ဖြစ်နေတဲ့ အောင်မိုးရဲ့  ရုပ်ပုံကို ဆရာတော် အတော်လေး ပုံဖမ်းယူရတယ်။ စိတ်မကောင်းလိုက်တာလဲ လွန်ရောဘဲ။ "နေမကောင်းများ ဖြစ်နေသလားမသိဘူး။ မဖြစ်ချေဘူး။ တာဝန်ခံနှင့်တွေ့ပြီး မေးမြန်းတာကောင်းတယ်" လို့ စဉ်းစားဆုံးဖြတ်ပြီး ဆရာတော် တာဝန်ခံဆီသွားပြီး စုံစမ်းမေးမြန်းလိုက်တယ်။


(အပိုင်း ၆ ဆက်ဖတ်ပါ)

No comments: