ကျနော်က တောထဲကပေါက်ဖွားလာတဲ့ တောသားတစ်ယောက်ဆိုတော့ မြို့ ဆိုတဲ့အသံကြားလိုက်တာနဲ့ ဘာမှ စဉ်းစားမနေတော့ဘူး။ အထင်ကြီးပစ်လိုက်တော့တာပါဘဲ။ မြို့ ကြီးသူ မြို့ ကြီးသားတွေကို အထင်ကြီးတဲ့ရောဂါ၊ ပညာတတ်တွေကို အထင်ကြီးတဲ့ရောဂါ၊ အဲဒီရောဂါနှစ်မျိုးက ကျနော့်ဆီမှာ စွဲကပ်နေတာကြာပြီလေ။
သူက ရန်ကုန်က၊ ဘီအေဘွဲ့ ရပြီးသား ပညာတတ်တစ်ယောက်ဘဲ ဆိုတဲ့ အသံကြားလိုက်ရင် ကျနော် အထင်မကြီးဘဲ မနေနိုင်ဘူး။ မြို့ ကြီးသားလဲဖြစ်ပြန် ပညာတတ်လဲ ဖြစ်ပြန်ဆိုတော့ ကျနော့်မျက်လုံးထဲမှာ မျက်ရည်အိမ်လေးတွေလည်နေတဲ့အထိ အထင်ကြီးပစ်လိုက်ရော။
စပါးသိမ်းပြီးခါစတွေမှာဆိုရင် ကျနော်တို့ရွာကလူတွေ ရန်ကုန် မန္တလေးဘက် ဘုရားဖူးဆင်းလေ့ရှိကြတယ်။
သူတို့ ဘုရားဖူးတဲ့ဆီက ပြန်လာပြီဆိုရင် ကျနော်တို့တစ်သိုက်ကတော့ သူတို့အိမ်သွားပြီး ပါးစပ်အဟောင်းသားနဲ့ သူတို့ဘုရားဖူးအတွေ့အကြုံတွေကို နားထောင်ဖြစ်ကြတယ်။ ရန်ကုန်မြို့ ကြီးအကြောင်း၊ မန္တလေးနန်းတော်ကြီးအကြောင်းစုံလင်နေတာပါဘဲ။ နားအရသာရှိလိုက်တာဗျာ။ မပြောပါနဲ့တော့။ နားထောင်လို့တောင် အားမ၀နိုင်ဘူး။
ရန်ကုန် မန္တလေးတွေမှာဆို အမြဲတမ်း လူတွေ အရမ်းစည်ကားနေတာဘဲတဲ့။ ဒို့ရွာဦးကျောင်းဘုရားပွဲတော်ရက်ကြီးမှာတောင် ရန်ကုန် မန္တလေးမြို့ ကြီးတွေရဲ့  ပုံမှန်သွားလာနေကြ လူတွေလောက် မများဘူးတဲ့။ ကျနော်ကိုယ်တိုင် သွားချင်စိတ်တွေ တစ်ဖွားဖွားပေါက်နေမိတယ်။
အထင်ကြီးတာကိုး။
ကျနော်တို့ တောသားတွေက မြို့ ကြီးတွေကို အထင်ကြီး၊ မြို့ ကြီးသားတွေက နိုင်ငံခြားကို အထင်ကြီးနဲ့ ကျနော်တို့ နိုင်ငံမှာလဲ အထင်ကြီးတဲ့ ရောဂါတွေ စွဲကပ်ကူးစက်ခံရသူတွေ မနည်းလောက်ဘူး။ ကြီးလဲ ကြီးသင့်တာကိုးဗျ။ အသုံးအဆောင်ပစ္စည်းတွေမှန်သမျှ ပြည်တွင်းဖြစ်က ခပ်ရှားရှားမဟုတ်လား။
နိုင်ငံခြားကပြန်လာသူတွေဆို လူတွေဝိုင်းဝိုင်းလည်လို့။ နာမည်ကျော်ရင် မြန်မာတွေ ၀ိုင်းဝိုင်းလည်တတ်တယ် လို့ ဆိုရမလိုတောင်ဖြစ်နေပြီ။ ယိုးဒယားပြန် ဘာမင်းသမီးဆိုလဲ အထင်ကြီးဖို့ ၀န်မလေးဘူး။ ဆိုဗီယက်ပြန်ဘာဆက်ကပ်ဆိုလဲ ကျနော်တို့က ထိပ်ဆုံး။ ဘိလတ်ပြန် ဘယ်သူဆိုပြန်ရင်လဲ သူ့ထက်ငါဦး။
အထင်ကြီးအားပေးတတ်ကြပုံကို ပြောပါတယ်။ နိုင်ငံခြားမှာ ထမင်းနှပ်မှန်အောင် မစားရပေမဲ့လဲ မြန်မာပြည်ကို ပြန်ပြီးသွားရင် နိုင်ငံခြားပြန်စာရင်းဝင်သွားပြီလေ။ လူတွေ အထင်အမြင်ကြီးအောင် ဟန်တပြပြနဲ့ နေလို့ရပြီမဟုတ်လား။
အဲဒီလို အထင်ကြီးတတ်ကြတာ အရမ်းအံ့သြစရာတော့မဟုတ်ပါဘူး။ ကိုယ့်ထက်သာမယ်ထင်ရင် အထင်ကြီးပစ်လိုက်ကြတာဘဲ မဟုတ်လား။ ကျနော်တို့ ဂေါတမမြတ်စွာဘုရားကိုတောင် နိုင်ငံခြားက ပြန်ရောက်လာမှ ကြည်ညိုအထင်ကြီးကြတဲ့ သူတွေ များလာတာကလား။ ကျနော် ရမ်းပြောနေတာမဟုတ်ဘူးနော်။ ဘုရားဖြစ်ခါစက ဘုရားရှင်ကို အထင်ကြီးကြတဲ့သူတွေက ခပ်နည်းနည်းရယ်။
ဘယ်အထင်ကြီးကြပါ့မလဲ။ တောကြိုတောင်ကြားထဲမှာဘဲ ဘုရားဖြစ်ခဲ့တာကိုး။
ဘုရားဖြစ်ပြီး ၇ ၀ါမြောက်မှာ မယ်တော်မိနတ်အမှူးရှိတဲ့ နတ်ဗြဟ္မာအပေါင်းကို တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရားသွားဟောတယ်။ ၀ါတွင်းသုံးလကာလပတ်လုံး တာဝတိံသာနတ်ပြည်မှာ တစ်လစပ် အဆက်မပြတ်ဟောကြားတယ်။ ၀ါကျွတ်တဲ့နေ့ (သီတင်းကျွတ်လပြည့်နေ့) မှာ ဘုရားရှင်ဟာ တာဝတိံသာ နတ်ပြည်ကနေပြီး သင်္ကဿနဂိုရ်ကို ရွှေ ငွေ ပတ္တမြား စောင်းတန်းသုံးသွယ်နဲ့ ဆင်းသက်တော်မူတယ်။
ကြိုဆိုလိုက်ကြတဲ့ လူတွေ နတ်တွေ အများကြီးဘဲဗျာ။ မီးရှူး မီးပန်း ဆီမီး တံခွန် ကုက္ကား မလေးဘွားစတဲ့ အလှအပတန်ဆာများကိုယ်စီကိုင်ဆောင်ပြီး ကြိုဆိုကြတယ်။ ဒေ၀ါဝင်း ရာဇာဝင်းတွေကလဲ အစီအရီ ခင်းကျင်းထားကြလေရဲ့ ။ အဲဒီ ကြိုဆိုပွဲကို အကြောင်းပြုပြီး သီတင်းကျွတ်ဆီမီးထွန်းပွဲဆိုတာ ဖြစ်ခဲ့တာဗျ။
အဲဒီလို နိုင်ငံခြားက (တာဝတိံသာနတ်ပြည်က) ပြန်ရောက်လာပြီးမှ ဘုရားရှင်ကို အထင်ကြီးကိုးကွယ်တဲ့သူတွေ ပိုများလာတယ်။
နိုင်ငံခြားကို အထင်ကြီးတဲ့ ရောဂါက အခုမှ မဟုတ်ပါဘူး။ ဘုရားရှင်လက်ထက်ကထဲက ပေါ်ပေါက်နေပြီပေါ့ဗျာ။
စာရေးရင်းနှင့် ဘယ်ရောက်သွားမှန်း ကျနော်ကိုယ်တိုင် သတိမထားလိုက်မိဘူး။ သည်းခံပြီး ဖတ်ပေးတာ ကျေးဇူးအထူးတင်ပါတယ်။ ကျနော်ရေးချင်တာက မန္တလေးပြန်အောင်မိုး အကြောင်းပါ။ မန္တလေးပြန်အကြောင်းရေးရင်းနှင့် နိုင်ငံခြားပြန်အကြောင်းရောက်သွားလို့ ထည့်ရေးမိလိုက်တာပါ။
အပိုင်း ၂ ကို ဆက်လက် ဖတ်ပေးရင်တော့ ကျေးဇူးကုဋေကုဋာပါဘဲလို့။
No comments:
Post a Comment