ဒါပေမဲ့...
ကျနော်တို့ လုံတုံရွာလေးကို ပြန်မှဖြစ်မယ်။ သူတို့ရဲ့ စက်လှေကို ညနေပြန်အပ်မယ်လို့ ပြောထားခဲ့တယ်။ ပြီးတော့
သူတို့လဲ ဒီစက်လှေလေးနဲ့ဘဲ အလုပ်လုပ်ကြရရှာတာဆိုတော့ အားနာစရာအရမ်းကောင်းတယ်လေ။
သူတို့ တားနေတဲ့ကြားထဲကဘဲ အင်းအထက် (မြောက်အရပ်)က တိမ်တိုက်မဲမဲကြီးတွေကို ဂရုမစိုက်ဘဲ အင်းကမ်းနဖူးကို ကျနော်တို့ ဆင်းလာခဲ့ကြတယ်။
"အင်းအထက်ပိုင်းမှာ မိုးညိုလာရင် လေပြင်းတိုက်ပြီး မိုးရွာချလေ့ရှိတယ်။ လှိုင်းကြီးတတ်တယ်။ သတိထားပြီးသာ သွားကြပေတော"့ လို့ ရွာသားတွေက ကျနော်တို့ အုပ်စုကိုသတိပေးပြောဆိုမှာကြားတယ်။
အင်းရဲ့ အထက်ပိုင်းမှာ တိမ်တိုက်တွေထူထပ်နေပေမဲ့ အင်းထဲမှာတော့ ရာသီဥတုက သာသာယာယာပါဘဲ။
ညနေပိုင်းကြီးမှာ နေတောင်ပူနေလိုက်သေးတယ်။ ကျနော်တို့ အားလုံး စက်လှေပေါ်တက်ပြီး ရွာသားတွေကို နှုတ်ဆက်လိုက်တယ်။ ပြီးတော့ စက်နိုးပြီး ငါးမိုင်ကျော်ကျော် (အင်းကို ကန့်လန့်ဖြတ်)ခရီးကို စတင်လိုက်တယ်။
ထွက်ခွါကာစမှာ ဘာမှမဖြစ်သေးပေမဲ့ အင်းအလယ်လောက်ရောက်တဲ့အခါမှာ လေပြင်းတွေတိုက်လာတယ်။
မိုးစက်တွေ တစ်ဖွဲဖွဲကျလာတယ်။ အဆိုးဆုံးကတော့ လှိုင်းတွေ အရမ်းကြီးလာတာပါဘဲ။ လျပ်စီးတွေကလဲ တဖျက်ဖျက် လင်းလက်လို့။
စက်လှေလေးခင်မျာ လှိုင်းတွေကြားထဲ ဘောင်ဘင်ခတ်နေလေရဲ့ ။ လှိုင်းရိုက်တဲ့ အရှိန်ကြောင့် စက်လှေ ၀မ်းခေါင်းထဲ ရေတွေတစ်စတစ်စ ပြည့်လာတယ်။ ကျနော်တို့လဲ စက်လှေဝမ်းခေါင်းထဲ ၀င်လာတဲ့ ရေတွေကို ခပ်သွက်သွက် ပက်ထုတ်ကြရတယ်။ တစ်ခါတစ်ခါ တက်လာတဲ့ လှိုင်းလုံးကြီးတွေက စက်လှေထက် တစ်ဆလောက်မြင့်တယ်။ လှိုင်းပုတ်တဲ့ဒဏ်ကြောင့် စက်လှေလေးဟာ ဦးတည်ရာလမ်းကြောင်းပြောင်းပြောင်းသွားတယ်။
ကျနော်တို့ အုပ်စုထဲပါတဲ့ ဦးလေးကြီးက ဘုရားစာတွေကို ပါးစပ်က တစ်တွတ်တွတ်ရွတ်ဖတ်နေတယ်။ ကျနော်လဲ ရသမျှဘုရားစာလေးတွေကို စိတ်ထဲကနေ ရွတ်ဆိုဖြစ်တယ်။ အသံထွက်လို့တော့ မရွတ်ဆိုပါဘူး။ အမှန်ဝန်ခံရရင်တော့ သူရဲဘောကြောင်တယ်လို့ အထင်ခံရမှာရှက်လို့။ အသက်ဘေးနဲ့တွေ့တာတောင်မှ ကျနော်က အဲဒီလိုလူစားမျိုး။
စက်လှေပဲ့ကိုင်တဲ့ သူငယ်ချင်းက မကြောက်ကြဖို့ပြောတယ်။ ဒါပေမဲ့ သူ့မျက်နှာမှာ နဲနဲတော့ စိုးရိမ်စိတ်ရှိနေမှန်း ကျနော်တို့ မှန်းဆလို့ရတယ်။ စက်လှေသွားရမဲ့ လမ်းခရီးက အရှေ့ မြောက်အရပ်က အနောက်တောင်အရပ်ဘက်။ လှိုင်းလုံးကြီးတွေလာနေတာက မြောက်အရပ်ကနေ တောင်အရပ်တည့်တည့်။
စက်လှေကို မနည်းငြိမ်အောင်ထိန်းနေရတယ်။ လှိုင်းတွေကို သတိထားပြီး ခွဲထွက်ရတယ်။ လက်နှင့်ပဲ့ကိုင်တာ မနိုင်တော့တဲ့အတွက် သူငယ်ချင်းက သူ့ခြေထောက်တွေကို ပဲ့ထိန်းဖို့ အသုံးပြုရတယ်။
ဘုရား.. ဘုရား
မတော်လို့များ စက်လှေ နစ်မြှုပ်သွားရင် ငါတို့အားလုံးတော့ အင်းထဲမှာဘဲ ကိစ္စချောတော့မှာပါလား။ သုံးလေးမိုင်ခရီးကို လက်ပစ်ကူးဖို့ဆိုတာ မလွယ်ရေးချ မလွယ်။ ဒီထဲ လှိုင်းတွေ လေတွေနဲ့။
အင်းကြီးရဲ့ အနက်ကလဲ အတိုင်းအတာမရှိဆိုတော့ တွေးကြည့်ရင်တောင် ကြက်သီးထချင်စရာ။ ရေသတ္တ၀ါတွေကလဲ ဘယ်လောက်ရှိမှန်းမသိ။
စိတ်ထဲကလဲ ဘုရားတ လက်ကလဲ ရေတွေပက်ထုတ်နဲ့ ကျနော်တို့အားလုံး အလုပ်ရှုပ်နေကြတယ်။
တစ်ခါတစ်ခါ လှိုင်းရိုက်တဲ့အရှိန်ကြောင့် စက်လှေကလေး ခပ်ဝေးဝေးကို လှိုင်းနှင့်အတူလွင့်လွင့်ပြီး အိပဲ့အိပဲ့ ဖြစ်နေတာက တကယ့်အသဲယားစရာပါဘဲ။
ဒီလိုနဲ့ဘဲ............
(ဆက်လက်ရေးမယ်)
No comments:
Post a Comment