Wednesday, 11 February 2009
တူညီပြီး မတူညီတဲ့ ဒီကမ္ဘာ
ဟင်းလင်းအပြင်အာကာသကြီးကို
ငေးမောကြည့်ရင်း လောကကြီးအကြောင်း နဲနဲစဉ်းစားကြည့်ဖြစ်တယ်။
အဲဒီဟင်းလင်းပြင်ကြီးထဲမှာ နေစကြာဝဠာတွေရှိတယ်။ နေစကြာဝဠာတစ်ခုစီထဲမှာလဲ ဂြိုဟ်တွေရှိတယ်။ ကြယ်စင်တန်းတွေရှိတယ်။ လတွေရှိတယ်။ အဲဒါတွေဟာ အဇဋာကောင်းကင်ပြင်ကြီးထဲမှာ အရှိန်နှုန်းခပ်မြန်မြန်နဲ့ ပြေးလွှားမျောပါနေကြတယ်ဆိုဘဲ။
ဒီလောက်ကြီးမားလှတဲ့ အရာဝတ္ထုကြီးတွေများစွာ ပြေးလွှားလှုပ်ရှားနေကြတော့ တစ်ခုနဲ့တစ်ခု တိုက်မိဖို့ အလားအလာအများကြီးရှိမှာပေါ့။ မြေကြီးပေါ်ပြေးလွှားနေကြတဲ့ သက်ရှိသက်မဲ့အရာဝတ္ထုတွေ ယာဉ်တွေတောင် အချင်းချင်း တိုက်မိခိုက်မိကြသေးတာဘဲ။ ဒါပေမဲ့ သူ့ဆွဲငင်အားနဲ့သူဆိုတော့လဲ အက်ဒီးဒင့်ဖြစ်ဖို့ ရာခိုင်နှုန်းနည်းတာပေါ့လေ။ ငယ်ငယ်တုန်းက ကြားဖူးတယ်။ ဥက္ကာပျံတွေ ကြယ်ပျံတွေဟာ ဂြိုဟ်တွေ အချင်းချင်းတိုက်ခိုက်မိလို့ ပဲ့ထွက်လွင့်စင်ကျလာတဲ့ အစိတ်အပိုင်းလေးတွေတဲ့။ ဒါလဲ ဖြစ်နိုင်တာဘဲ။
လောကကြီးမှာ မဖြစ်နိုင်တာဆို ဘာမှမှမရှိဘဲ။
အသံလှိုင်းတွေ ရုပ်လှိုင်းတွေ ဂြိုဟ်တုတွေ ၀က်ဘ်တွေ။ အဲဒါတွေအားလုံးဟာ လက်တွေ့မြင်နေရ အသုံးပြုနေရလို့သာ ယုံလိုက်ရတာပါ။ ယုံနိုင်စရာ အနည်းငယ်လေးမှ မရှိပါဘူး။
ဥပမာ။
အင်္ဂလန်မှာ မန်ချက်စတာနှင့်ချယ်လ်ဆီး ဘောလုံးကစားနေတယ်။ အဲဒီကစားတဲ့အချိန်မှာဘဲ မြန်မာနိုင်ငံမှာ အဲဒီ ဘောလုံးပွဲကို တိုက်ရိုက်ကြည့်လို့ရတယ်။ ဒါ အံ့သြစရာတကယ်ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ အခုအချိန်မှာ အခုလိုပြောမိရင် ကိုကိုမောင်တော့ ကြောင်သွားပြီ၊ ကလေးတွေကစလို့ ဂြိုဟ်တုအကြောင်းသိတယ်၊ ဒါများအဆန်းလုပ်လို့ ဆိုပြီး ကျနော့်ကို သရော်ကြမှာသေချာတယ်။
ပြီးတော့
အင်္ဂလန်မှာနေတဲ့ ကျနော့်ကို ကျနော့်ရဲ့  မိသားစု မိတ်ဆွေစတဲ့ လူတွေက ပိန်လာလား ၀လာလား သိရအောင် ကြည့်ချင်တယ်ဆိုလို့ရှိရင် ဟိုအရင်တုန်းကလို ဓါတ်ပုံတွေရိုက်ပြီး စာတိုက်ကနေ ပို့ဖို့မလိုတော့ဘူးလေ။ အွန်လိုင်းကို လာခဲ့။ ဗီဇက်အို၊ ရာဟု၊ ဂူးဂဲ၊ စကိုက်ပ်၊ ကြိုက်ရာနဲ့ဆက်သွယ်။ လူကိုယ်တိုင်ကို ကျကျနနမြင်ရဦးမှာ။ ပြီးတော့ အလ္လာပသလ္လာပ စကားတောင် ပြောလို့ရလိုက်သေး။
မပိုင်ဘူးလား။ ဒါတွေဟာ ဟိုး နှစ်ပေါင်း ၅၀- ၁၀၀ လောက်ကဆိုရင် အိပ်မက်တွေဘဲပေါ့။
အခုတော့ အိပ်မက်တွေက အမှန်ဖြစ်လာပြီလေ။
အံ့သြဖို့ကောင်းလိုက်တာ။ ဒီလောကကြီးထဲမှာ ကျနော်တို့ မသိသေးတာတွေ အများကြီးရှိဦးမှာ သေချာတယ်။
လူသားတွေ ဖော်ထုတ်နိုင်တာဟာ ရာခိုင်နှိုင်း ၁၀ အောက်လောက်ဘဲရှိဦးမယ်။ မသိတာတွေ ဘယ်လောက်မှာ ရှိလိုက်ဦးမလဲ။
စဉ်းစားကြည့်ရင်းနဲ့တောင် ခေါင်းမူးချင်စိတ်ပေါက်လာတယ်။
လောကကြီးဟာ အစ အဆုံးရှိလား။
ကမ္ဘာလောကကြီး တကယ်ဘဲ ပျက်စီးသွားရင် ဘယ်လိုအနေအထားမျိုး ဖြစ်နေမလဲ။
အခုတောင်မှ ကမ္ဘာကြီးက တစ်စတစ်စနဲ့ဖေါက်ပြန်လာပြီ။ တစ်ဖက်က ကမ်းပြိုတဲ့အခါ တစ်ဖက်မှာ သောင်ထွန်းတယ်ဆိုတာ လက်ခံပေမဲ့
ကမ္ဘာရဲ့ တစ်ဖက်ခြမ်းက အေးလွန်းလို့ နှင်းတွေကျနေတဲ့အခါမှာ တစ်ဖက်ခြမ်းက ပူလွန်းလို့ တောမီးလောင်မှုတွေဖြစ်နေတယ်။
ပြောချင်တာကတော့ ယူကေတစ်လျောက်မှာ သုညဒီဂရီအောက်ရောက်ပြီး အရမ်းအေးတယ်။ နှင်းတွေကျတယ်။ နှင်းတွေကြားမှာ လူတွေ ပျော်ရွှင်စွာ ဆော့ကစားကြတယ်။ နှင်းတွေနဲ့ဆော့ကစားရင်း ထိမိခိုက်မိကြတယ်။ သေဆုံးကြတယ်။ ကားတွေလမ်းချော်ပြီး လူတော်တော်များများ ထိခိုက်ဒဏ်ရာရကြတယ်။
ဒါက နှင်းတွေရဲ့ နှိပ်စက်မှုတစ်စိပ်တစ်ဒေသပါ။
အဲဒီလို ကမ္ဘာ့အနောက်ခြမ်း ယူကေနိုင်ငံတွေမှာ နှင်းတွေ ကျနေတဲ့အချိန် ကမ္ဘာ့အရှေ့ ဘက်ခြမ်း သြစတြေးလျမှာတော့ နေပူပြင်းပြီး တောမီးလောင်တယ်။ ရွာတွေကိုပါ မီးကူးစက်လောင်ကျွမ်းပြီး ပစ္စည်းဥစ္စာတွေ ဆုံးရှုံးကြတယ်။ ရွာလုံးကျွတ်မီးထဲပါသွားတယ်။ လူတွေလဲ ၁၇၀ ကျော် မီးလောင်ခံရပြီးသေဆုံးတယ်။ ဆေးရုံမှာလဲ မီးသင့်တဲ့ လူနာတွေ ပြည့်နှက်လို့။
တစ်ကမ္ဘာထဲမှာ အတူတူနေထိုင်ကြတာချင်းအတူတူ ရာသီဥတုအပူအအေးကွာခြားတယ်။ လူတွေနေထိုင်မှုကွာခြားတယ်။ စရိုက်တွေကွာခြားတယ်။ ၀တ်စားဆင်ယင်မှုတွေကွာခြားတယ်။ ယဉ်ကျေးမှုတွေကွာခြားတယ်။ ဘာသာစကား ကိုးကွယ်မှုကွာခြားတယ်။ အရပ်အမောင်းကအစ အကုန်ကွာခြားတယ်။
အံသြစရာဘဲဗျာ။
အထူးသဖြင့်တော့ ယူကေမှာ အအေးလွန်လို့ နှင်းကျတယ်။ နှင်းက အေးမြတဲ့သဘောကိုဆောင်လို့ လူတွေ ပျော်မြူးကြတယ်။
တစ်ချိန်ထဲမှာဘဲ သြစတြေးလျမှာ နေပူတယ်။ တောမီးလောင် ရွာမီးလောင်တယ်။ မီးက အပူသဘောကိုဆောင်လို့ လူတွေလဲ ဒုက္ခ ဒေါမနဿတွေနဲ့ ငိုကြွေးကြတယ်။
ဒီလို တူညီတဲ့ ကမ္ဘာလေးထဲမှာ
အတူတူနေထိုင်ရင်း မတူညီတဲ့ ကာရန်လေးတွေကို ဘယ်လိုငြိကြည့်ရပါ့မလဲ။
အမှန်အတိုင်းဝန်ခံရရင် ကျနော်ကတော့ ခေါင်းခပ်မူးမူးဘဲဗျာ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment