Friday 27 February 2009

မန္တလေးပြန် အောင်မိုး (၆)

"ဒကာကြီး... ကျုပ်ပို့ထားခဲ့တဲ့ မျောက်က ဘာဖြစ်လို့ အခုလို အံသြရလောက်အောင် ပိန်သွားတာလဲ။ ကျန်းမာရေး မကောင်းလို့လား။ ဒါမှမဟုတ် တစ်ခြားမျောက်တွေက အုပ်စုလိုက် အနိုင်ကျင့်လို့လား"

ဆရာတော်က တာဝန်ခံနှင့်တွေ့ဆုံပြီး မေးမြန်းလိုက်တယ်။ မေးလိုက်တဲ့အသံက တုန်နေသယောင်ယောင်။ ဒီလို ပုံစံမျိုးနှင့် အောင်မိုးကို ဆရာတော် မမြင်တွေ့လိုပါ။ အောင်မိုးပျော်ရွှင်မြူးတူးနေတာကိုဘဲ ဆရာတော် မြင်တွေ့ချင်တယ်။ အခုအောင်မိုးပုံစံက နွေခေါင်ခေါင်အလယ်က အရိုင်းပြိုင်းပြိုင်း ခြောက်ကပ်ကပ် သစ်ခြောက်ပင်ပုံစံမျိုး။ ရွာဦးကျောင်းမှာ အောင်မိုးနေတုန်းကဆို အလွန်အဆော့သန်တဲ့ကောင်။ အခုတော့ မှုန်ကုတ်ကုတ်နဲ့။ မျောက်နဲ့ကို မတူတော့ဘူး။ ကျားတစ်ကောင်ရှေ့ ရောက်နေတဲ့ သမင်ပေါက်စလေးလို။
ပျော်ရွှင်မြူးတူးချင်တဲ့စိတ်ရှိတော့ဟန်မတူ။

မျောက်မှန်ရင် အငြိမ်မနေရဘူး။ အမြဲတမ်း ပြေးလွှားဆော့ကစားနေရမယ်။ ဒါကြောင့်မို့လဲ ကလေးတွေအဆော့သန်တဲ့အခါ မင်းကတော့ မျောက်လောင်းဘဲလို့ တင်စားပြောဆိုတတ်ကြတာမဟုတ်လား။
မျောက်ဆိုမှတော့ မျောက်ရဲ့  ဂုဏ်ပုဒ်ကို ထိန်းသိမ်းသင့်တာပေါ့။ အခု အောင်မိုးက မျောက်နဲ့မှ မတူတော့တာ။
တက်တက်ကြွကြွမရှိ။ ပြေးပြေးလွှားလွှားလဲမရှိတော့။

"ဆရာတော်ရဲ့  မျောက်အကြောင်းတော့ မပြောချင်ပါဘူးဘုရား။ ဆရာတော် သူ့ကို ဒီမှာထားရစ်ပြီး ပြန်သွားပြီးကထဲက အစားအသောက်လဲ ကောင်းကောင်းမစားတော့ဘူး။ တစ်ခြားမျောက်တွေနဲ့လဲ သိပ်ရောရောနှောနှောမနေဘူး။ တစ်ခါတစ်လေမှဘဲ တစ်ခြားမျောက်တွေလို ဆော့ကစားတယ်။ များသောအားဖြင့် ခပ်ကုပ်ကုပ်နေတော့တာဘဲ။ တပည့်တော်တို့ အချင်းချင်းတောင် အောင်မိုးက ဘုန်းကြီးကျောင်းက ထွက်လာတာဆိုတော့ တရားပေါက်သွားပြီထင်တယ်၊ အဆော့မမက်တော့ဘူး လို့ စနောက် ပြောဆိုနေကြသေးတယ်။ ထူးဆန်းတာက ဒီဥယျာဉ်ထဲ တစ်ခြား ကိုရင် ဦးဇင်းတွေလာရောက်ကြည့်ရှုရင် အောင်မိုးက အဲဒီဦးဇင်း ကိုရင်တွေကို လိုက်ကြည့်နေတတ်တယ်။ ဆရာတော်နှင့်ဆရာတော်ရဲ့  ရွာဦးကျောင်းကို လွမ်းနေပုံရပါတယ်ဘုရား။ ဒီလိုပုံစံမျိုးနှင့် လတွေ ရက်တွေ များလာတော့ အခုလို ပိန်ခြုံးသွားတာပါဘဲဘုရား"

ဥယျာဉ်တာဝန်ခံရဲ့  စကားတွေကို ကြားပြီး ဆရာတော် ဆို့နင့်လာတယ်။ စိတ်မကောင်း အရမ်းဖြစ်သွားတယ်။
အောင်မိုးရဲ့  ဖြစ်အင်ကို ကြည့်ပြီး မျက်ရည်မလည်မိအောင် ကြိုးစားထိန်းထားရတယ်။ ကောင်းစားစေချင်လို့ မြို့ တော်ကို ပို့လိုက်မှ သူ့ကို ဆင်းရဲတွင်းထဲ ပစ်ချလိုက်သလို ခံစားမိတယ်။ အမှန်တကယ်ဆို ဥယျာဉ်တာဝန်ခံတွေကလဲ အောင်မိုးကို အထူးဂရုစိုက်ကြပါတယ်။ ဒါပေမဲ့ ခက်တာက အောင်မိုးရဲ့  Homesick ရောဂါပေါ့။ ဒါကြောင့် သူပိန်ခြုံးသွားတာ။

"ဒီအတိုင်းထားလို့ မဖြစ်ချေဘူး။ အောင်မိုး သေသွားနိုင်တယ်။ ဒါကြောင့် ငါရွာဦးကျောင်းကို ပြန်ခေါ်သွားမယ်။
ဟိုရောက်ရင် ကျကျနနထားပြီး စပယ်ရှယ်ကျွေးမွေးထားမယ်။ ကျောင်းဝင်းထဲမှာ ကြိုက်သလိုနေစေမယ်။
ဒါမှ သူပျော်ရွှင်ပြီး ၀၀ဖြိုးဖြိုး ပြန်ဖြစ်လာမှာ"

ဆရာတော် စဉ်းစားလို့ အပြီးမှာဘဲ တာဝန်ခံကို စကားတစ်ခွန်းပြောလိုက်တယ်။

"ဒကာကြီး.. အောင်မိုးကို ဆရာတော် ပြန်ခေါ်သွားမယ်။ ဒကာကြီးတို့ စီစဉ်ပေးပါ"

"တင်ပါ့ဘုရား... တပည့်တော်တို့လဲ သူ့ကိုကြည့်ပြီး သနားနေကြပါတယ်။ ဆရာတော်ပြန်ခေါ်သွားရင် သူအရင်ပုံစံအတိုင်း ဖြစ်လာဖို့ များပါတယ်။ ပြန်ခေါ်သွားပါဘုရား။ တပည့်တော်တို့ လှောင်ချိုင့်လုပ်ပြီး စီစဉ်ပေးပါ့မယ်။ ဆရာတော် ရွာကိုပြန်ကြွမဲ့ရက်မှာ လာယူပါဘုရား"

ဒီလိုနဲ့ဘဲ ဆရာတော် ပြန်ကြွမဲ့ရက်မှာ တိရစ္ဆာန်ဥယျာဉ်ကိုသွားပြီး သူတို့ စီမံပေးတဲ့အတိုင်း အောင်မိုးကို ခေါ်ဆောင်လာခဲ့ပါတယ်။

အောင်မိုးရဲ့  ပြန်တော်ပြန်ခရီးဟာ အလာတုန်းက ပုံစံအတိုင်း ရထားတစ်တန် ကားတစ်တန် စီးရပါတယ်။ အဆင်သင့်အကြောင်းကြားထားတဲ့ ရွာကလူတွေက ကားဂိတ်ကတစ်ဆင့် ထမ်းပိုးခေါ်ဆောင်သွားတဲ့အတွက် တစ်ညအိပ်အပြီးမှာ မူလနေရာ သူ့ဘုံဗိမာန် (နမ္မားရွာဦးကျောင်း) သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါတော့တယ်။ သူ့ကို မန္တလေးအပို့တုန်းကလောက် လူမစည်ကားပေမဲ့ လူအများစုကတော့ အောင်မိုးကို ရွာဦးကျောင်းကနေပြီး ကြိုဆိုကြည့်ရှုနေကြလေရဲ့ ။


(အပိုင်း ၇ ဆက်ဖတ်ပါ)

1 comment:

Anonymous said...

This design is spectacular! You obviously know how to keep a reader entertained.
Between your wit and your videos, I was almost moved to start my own blog (well, almost.
..HaHa!) Great job. I really enjoyed what you had
to say, and more than that, how you presented it. Too cool!


Also visit my page dubstep