Monday, 23 February 2009

မန္တလေးပြန် အောင်မိုး (၂)

ဟုတ်တယ်။
သူ့နာမည်က အောင်မိုး။ ဒါပေမဲ့ သူ့မိဘက ပေးထားတဲ့ နာမည်တော့ မဟုတ်ဘူး။ ရွာဦးကျောင်းဆရာတော်က ပေးထားတာ။ မိဘမဲ့နေတဲ့ သူ့ကို ဆရာတော်က သနားလို့ မွေးစားထားလိုက်တာပါ။ ဒါပေမဲ့ သူ့ကို တိုက်အိမ် တိုက်ကျောင်းထဲမှာ ပေးမနေဘူး။ ခပ်ကျယ်ကျယ် လှောင်ချိုင့်ထဲမှာဘဲ ပေးနေတယ်။ သူက လူမှမဟုတ်ဘဲ။
မျောက်ဗျ။ မျောက်မှ အတော်အဆော့သန်တဲ့ မျောက်။

အဆော့သန်ပေမဲ့ ဆရာတော်ရဲ့  ပြုပြင်ထိန်းသိမ်းမှုအောက်မှာ အနေအထိုင်ကျစ်လစ်လာတယ်။ ကျောင်းမှာ မွေးထားတဲ့ ခွေးတို့ ကြောင်တို့နှင့်မိတ်ဆွေဖြစ်လာတယ်။ အတူတူကစားကြတယ်။ အတူတူအိပ်ကြတယ်။ ခွေးကိုယ်ပေါ်က ခွေးသန်းလေးတွေကို အောင်မိုးကရှာပေးတယ်။ ကြောင်ကလေးတွေဆိုလဲ အောင်မိုးကိုယ်ပေါ်တက်ကစားဖို့ ၀န်မလေးကြဘူး။ အဲဒီလောက်ထိ သူတို့ အချင်းချင်းခင်မင်နေကြတာ။

တစ်နေ့တော့
ဆရာတော် မန္တလေးကို ဆင်းသွားတယ်။ ကျောင်းမှာ လိုအပ်နေတဲ့ ပရိဘောဂအသုံးအဆောင်
တစ်ချို့ နှင့်လိုအပ်ရာရာ ပစ္စည်းပစ္စယ ၀ယ်ခြမ်းဖို့ပေါ့။ ဆရာတော်လဲ မန္တလေးရောက်ခိုက် မဟာမြတ်မုနိဘုရားဖူးတယ်။ ရွှေသကန်းကပ်တယ်။ မန္တလေးတောင်တက်တယ်။ မြွေနှစ်ကောင်ဆုတောင်းပြည့်ဘုရားဖူးတယ်။ မန္တလေးကျုံးအတွင်းရှိ နန်းတော်ရာ နေရာတွေကို လည်ပတ်ကြည့်ရှုတယ်။

ပြီးတော့ နန်းတော်ရဲ့  မြောက်ဘက် (ကျုံးတစ်ဖက်ကမ်း)ရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ထဲ ဗဟုသုတဖြစ်လည်ပတ်ကြည့်ရှုတယ်။ တိရစ္ဆာန်လေးတွေရဲ့  ချစ်စရာ ကြည်နူးစရာ မြင်ကွင်းလေးတွေကို ကြည့်ရှုရင်း မျောက်တွေထားတဲ့နေရာဘက်ကို ရောက်သွားတယ်။ မျောက်တွေကို မြင်လိုက်တယ်ဆိုရင်ဘဲ ဆရာတော်ဟာ ရွာကျောင်းမှာ ကျန်ရစ်ခဲ့တဲ့ အောင်မိုးကို ပြေးသတိရမိလိုက်တယ်။ တိရစ္ဆာန်ဥယျာဉ်ထဲမှာ အများဆုံးသတ္တ၀ါတွေက မျောက်တွေဘဲ။

မျောက်မျိုးစုံအကောင်အရေအတွက် အများအပြားဆရာတော်တွေ့တယ်။ သူတို့အချင်းချင်း မိသားစုလိုက်နေကြပုံ၊ တစ်ကောင်ကို တစ်ကောင် ယုယကြင်နာကြပုံ၊ ပြေးလွှားဆော့ကစားနေကြပုံ၊ အချင်းချင်း သန်းတုပ်ပေးနေကြပုံ၊ လူတွေ လာကျွေးတဲ့ အစာတွေကို အ၀အပြဲစားနေကြပုံ၊ ဥယျာဉ်စောင့်ကလဲ အချိန်တန်ရင် အစားကျွေးပုံစတဲ့ မြင်ကွင်းတွေကို ဆရာတော် အစအဆုံးကြည့်ပြီး စဉ်းစားနေမိတယ်။

"ငါ အောင်မိုးကို တစ်ကောင်ထဲ ထိန်းသိမ်းထားတာ မတရားဘူးထင်တယ်။ သူ့ခမျာ မျောက်အဖော်လဲ တစ်ကောင်မှ မရှိရှာဘူး။ မဖိုသဘာဝပျော်ရွှင်ဖွယ်ကိစ္စတွေအတွက် သူ့မှာ အခွင့်အရေးမရှိဘူး။ သူလဲ အဖော်ပါတနာတွေနဲ့ နေချင်ရှာမှာဘဲ။ သနားစရာ.. ငါ့သား.. အောင်မိုးလေးရယ်။ ငါကျွေးနေကျ ငှက်ပျောသီးလေးတွေနဲ့ဘဲ တစ်နေကုန် လှောင်အိမ်ထဲနေရတယ်။
မဖြစ်ပါဘူး။ အောင်မိုးလေး ပျော်ရွှင်အောင် ငါ ကြံဆောင်မှ ဖြစ်တော့မယ်။ ငါ မတရားဘူး။ ငါ မတရားဘူး"

ဆရာတော် အဲဒီလို စဉ်းစားပြီး တိရစ္ဆာန် ဥယျာဉ်တာဝန်ခံကို သွားတွေ့တယ်။

"ဆရာတော့်ကျောင်းမှာ မျောက်လိမ္မာတစ်ကောင်ရှိတယ်။ ဒကာကြီး တိရစ္ဆာန်ဥယျာဉ်က လက်ခံမယ်ဆိုရင် ဆရာတော်ကိုယ်တိုင် လာပို့ပါ့မယ်။ သူ့ကိုလဲ ဒီက မျောက်တွေလို ပျော်ရွှင်စေချင်လို့ပါ"

"တင်ပါ့။ အတိုင်းထက်အလွန် ကြိုဆိုပါတယ်ဘုရား။ တပည့်တော်တို့လဲ တတ်နိုင်သမျှကျွေးမွေးထားကြပါတယ်ဘုရား။ ဆရာတော် အချိန်မရွေးလာပို့ပါဘုရား။ လက်ခံပါတယ်ဘုရား"

"ဒါဖြင့် ရှေ့ လထဲအရောက် ဆရာတော် လာပို့ပေးပါ့မယ်"

"တင်ပါ့ ... ကောင်းပါပြီဘုရား"

ဆရာတော်လဲ ရက်ချိန်းပေးပြီး တိရစ္ဆာန်ဥယျာဉ်ထဲက ပြန်လာခဲ့တယ်။
စိတ်ထဲမှာကတော့ အောင်မိုးရဲ့  ရှေ့ ရေးကို စဉ်းစားပြီး ၀မ်းသာသလို ၀မ်းနည်းသလို ခံစားနေမိတယ်။
အောင်မိုးကို ခွဲရတော့မဲ့အတွက် ၀မ်းနည်းပေမဲ့ သူလိုအဖော်တွေနဲ့ အောင်မိုးပျော်ရွှင်နေမှာကို မြင်ယောင်ပြီး ၀မ်းသာကြည်နူးဖြစ်နေမိတယ်။


(အပိုင်း ၃ ဆက်ဖတ်ပါ)

1 comment:

Anonymous said...

Hi there terrific website! Does running a blog like this require a
massive amount work? I have virtually no expertise in programming but I
was hoping to start my own blog soon. Anyway, should you
have any recommendations or tips for new blog owners please share.
I know this is off topic however I just needed to
ask. Thanks!

Visit my web site nutcracker