Friday, 13 February 2009
အပင်ငယ်ပေမဲ့ အသီးသီးနေပြီ
အမှတ်ရမိသေးတယ်။ ကျနော် ကလေးဘ၀အရွယ်တုန်းကပေါ့။
အဘိုးအဘွားတွေရဲ့  ဥယျာဉ်ခြံထဲမှာ သစ်သီးဝလံပင်တွေ ပေါမှပေါဘဲ။ အသီးစားချင်သလား။ ရမယ်။ ဥယျာဉ်ထဲမှာ ၁၂ ရာသီပတ်လုံး အသီးမပြတ်ဘူး။ တစ်ခုမရှိရင် တစ်ခုရှိတယ်။ ပိန္နဲ သရက် သင်္ဘော သြဇာ မာလကာ ရှောက် သံပုရာ မှန်ကူ ဇီး ကနစိုး နာနတ် ဥသျှစ် မန်ကျည်း အုန်း။ စုံလို့ စုံလို့ပါဘဲ။
အရွက်ဆွတ်ချဉ်သလား။ ဒါလဲ ရတယ်။ ဆူးပုပ် ကင်မွန်းချဉ် မယ်ဇလီ ဒိုး ကန်ဇွန်း မုန်လာ မုန့်ညှင်း ဂေါ်ဖီ ပဲ ချဉ်ပေါင်။ အမျိုးမျိုး အဖုံဖုံရှိတယ်။ မြေကြီးထဲမှာ ဥနေတဲ့ အဥကို စားချင်သလား။ မလစ်လပ်စေရဘူး။ ကန်ဇွန်းဥ စိမ်းစားဥ မျောက်ဥ ၀က်ကာဥ အာလူးဥ မုန်လာဥ။ အမျိုးစုံရှိပါတယ်။
အဲဒီလောက်ထိ အဘိုးအဘွားတွေရဲ့  ဥယျာဉ်ခြံကျယ်ကျယ်ကြီးထဲမှာ စားပင်သောက်ပင် မျိုးစုံရှိတယ်။
ကျနော်တို့ကတော့ ကလေးတွေအရွယ်ဆိုတော့ ဗိုက်ဆာလာရင် ဥယျာဉ်ခြံထဲဝင်ပြီး တွေ့ရာကို ဆွတ်ယူပြီး စားကြတော့တာပါဘဲ။ အားလုံးအဆင်သင့်ဘဲကိုး။ ဥယျာဉ်ကလဲ ကျယ်မှကျယ်။ စားပင်သောက်ပင်တွေကလဲ ပေါမှပေါဘဲ။ ဥယျာဉ်ဘယ်လောက်ကျယ်သလဲလို့တော့ မမေးပါနဲ့။ ဥယျာဉ်ထဲမှာ တောကြောင် ယုန် ဂျီ သတ္တ၀ါငယ်လေးတွေ အခြေချနေထိုင်ကြတယ်။ ဟဲ ဟဲ တောကျတာလဲ ပါပါတယ်။
ဥယျာဉ်ထဲမှာ သက်ကယ်ခင်း ၄ ဧကလောက်ရှိတယ်။ ၀ါးရုံပင်တွေရှိတယ်။ နွေရာသီမှာ အရိပ်ခိုဖို့ သစ်ပင်ဝါးပင် အရိပ်ကောင်းကောင်းတွေရှိတယ်။ ကြံပေါ်တဲ့ရာသီတွေမှာ ကြံသကာကြိုချက်ဖို့ ဥယျာဉ်ထဲမှာ နေရာကောင်းကောင်းရှိတယ်။ ကျေးငှက်သာရကာတွေလဲ ပေါများတယ်။ ကျနော်တို့ ကလေးဘ၀ကဆို အဲဒီဥယျာဉ်ထဲမှာဘဲ လေးခွတစ်လက်နဲ့ အချိန်ကုန်လေ့ရှိတယ်။ ဒါပေမဲ့ ဥယျာဉ်ရဲ့  တစ်ဘက်ခြမ်းကိုတော့ ကျနော်တို့ မသွားရဲကြပါဘူး။ သင်္ချိုင်းဖြစ်နေလို့။ သင်္ချိုင်းကလဲ တောသင်္ချိုင်းဆိုတော့ တောအုပ်ခပ်ထူထူ ခပ်နက်နက်ရယ်။ ကြောက်စရာ အရမ်းကောင်းပါတယ်။ နေ့ဘက်ဖြစ်စေ ညဘက်ဖြစ်စေ ကျနော်တို့ကတော့ အဲဒီသင်္ချိုင်းအနီးအနားကို ကပ်တောင် မကပ်ဝံ့ကြပါဘူး။ အဲဒီလောက်ထိ သတ္တိကောင်းတာ။
ဥယျာဉ်ခြံထဲက အသီးတွေအားလုံးကို ကျနော်တို့ အလွယ်တကူစားလို့ရပါတယ်။ အဟဲ။ လူကြီးတွေ မသိတုန်း ခိုးစားကြတာ။ ဒါပေမဲ့ အသီးတစ်မျိုးကိုတော့ ကျနော်တို့ အပင်မတက်တတ်တဲ့အတွက် လွယ်လွယ်နဲ့စားလို့မရဘူး။ အဲဒီ အသီးက အုန်းသီး။ ကျနော်တို့ကလေးတွေ အုန်းပင်ကို ဘယ်လိုကြိုးစားကြိုးစား လုံးဝမတက်တတ်ကြဘူး။ ဒါကြောင့်မို့ ပွဲလမ်းသဘင်ရှိလို့ အုန်းသီးတွေကို အပင်က ဆွတ်ခူးတော့မှဘဲ လူကြီးတွေ အနားကပ်ပြီး တောင်းစားကြရတယ်။
ဒါကို ကျနော်တို့က သိပ်မကျေနပ်ကြဘူး။ ဒါကြောင့်မို့ ကြံကြံဖန်ဖန်စိတ်ကူးယဉ်နေမိခဲ့ကြတယ်။ အုန်းသီးလေးတွေ အပင်အမြင့်ကြီးမှာ မသီးကြဘဲ ကျနော်တို့ လက်လှမ်းမီတဲ့အပင်လောက်မှာဘဲ သီးကြရင် သိပ်ကောင်းမှာဘဲလို့။
ဒီခေတ်အခါမှာတော့ အဲဒီဆုတောင်းတွေ ပြည့်ခဲ့တယ်လို့ ဆိုရမလားမသိဘူး။ အပင်ငယ်ငယ်လေးတွေနဲ့ အသီးတွေ ပြွတ်နေအောင် သီးနေကြပြီ။ အုန်းသီးမှမဟုတ်ပါဘူး။ ကျန်တဲ့အသီးတွေလဲ ကျနော်တို့ တစ်ရပ်လောက်မှာ ဝေနေအောင် သီးပွင့်နေကြပါပြီ။ ခေတ်ကာလကြီးကိုက ဆုတ်ကပ်ခေတ်ကာလကြီးကိုး။
............................
အပင်တွေမှ မဟုတ်ပါဘူး။
လူတွေလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သီးပွင့်နေကြပါပြီ။ ကောသလအိပ်မက် ၁၆ ချက်အတိုင်းဘဲပေါ့။ အရွယ်မရောက်ခင် အရွယ်လွန်နေကြပြီလေ။
ဒီနေ့ ထုတ် The Sun သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့သတင်းကတော့ မထူးဆန်းပေမဲ့လဲ ထူးဆန်းနေတယ်။
၁၃ နှစ်သားအရွယ် ကောင်လေး အလ်ဖီး ပက်တင်န် (Alfie Patten) လေးဟာ ကလေးတစ်ယောက်အဖေအဖြစ် လွန်ခဲ့တဲ့ လေးရက်လောက်က ရရှိခဲ့တယ်ဆိုဘဲ။ သူ့ရဲ့ ရည်းစား ကောင်မလေး ၁၅ နှစ်အရွယ် ချန်တယ်လ် စတက်မန် (Chantelle Steadman) နဲ့ရရှိခဲ့တဲ့ကလေးပါ။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုပြုလိုက်လို့ နှစ်ယောက်လုံး ကျောင်းသားတွေအရွယ်မှာ မိဘအဖြစ်ကိုရောက်ရှိခဲ့ကြတာပါ။ ကလေးနာမည်ကို မိုင်ဆီ ရွန်ဇန် (Maisie Roxanne) လို့ပေးထားပါတယ်။
ကလေးရဲ့ အလေးချိန်ကတော့ ၇ ပေါင်နှင့် ၃၀ အောင်စ ရှိပါတယ်တဲ့။
ကောင်လေးက ၁၂ အရွယ် ကောင်မလေးက ၁၄ နှစ်အရွယ်မှာ ကိုယ်ဝန်ရှိခဲ့တာပါ။ အခုအချိန်မှာတော့ သူတို့မိသားစုလေးဟာ ကောင်မလေးရဲ့ အဖေ (အိမ်ထောင်ပျက်) ရဲ့  လန်ဒန် အိစ်ဘွန်း (Eastbourne) မှာရှိတဲ့ ကောင်ဆယ်လ် အငှားအိမ်လေးမှာဘဲ သူမရဲ့  အဖေ၊ သူမရဲ့  အကိုငါးယောက်တို့နှင့်အတူ ချစ်ချစ်ခင်ခင် ကျန်းကျန်းမာမာနေထိုင်လျက်ရှိပါတယ်။
ဒါပေမဲ့
ဒီကောင်လေးကို အသက်အငယ်ဆုံးအဖေလို့ အထင်မစောလိုက်ကြပါနဲ့ဦး။
၁၉၉၈ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို သိရရင် ဘယ်သူက အငယ်ဆုံးအဖေလဲဆိုတာ သဘောပေါက်ပါလိမ့်မယ်။
ဆီးန် စတီးဝါ့ဒ် (Sean Steward) ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့  အသက် ၁၂ နှစ်အရွယ်မှာဘဲ ကလေးအဖေတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ သာဓကရှိခဲ့ပါတယ်။ တစ်ဖက်အခန်းက ၁၅နှစ်အရွယ် အမ်မ ၀က်ဘ်စတာ (Emma Webster) ဆိုတဲ့ မိန်းခလေးနဲ့ ရရှိခဲ့တဲ့ ကလေးပါ။ ကလေးနာမည်က ရှာန်ဘရွတ်က် (Sharnbrook) တဲ့။ လန်ဒန် ဘက်ဖို့ဒ် (Bedford) မှာ နေထိုင်ကြပါတယ်။ အခုလောက်ဆိုရင်တော့ ကလေးလေးတောင် ၁၀ နှစ်လောက်ရှိရောပေါ့။
တကယ်လို့ သူ့အဖေရဲ့ ခြေရာကို နင်းမယ်ဆိုရင် ရှေ့  ၂ နှစ်လောက်ဆို သူလဲ အဖေတစ်ယောက် ဖြစ်နိုင်ခြေရှိပါတယ်။
.....................................
အော်........
ရုက္ခဥယျာဉ်ထဲမှာရှိတဲ့ အသီးပင် စားပင်သောက်ပင်တွေမှ အရွယ်မတိုင်ခင် ငယ်ငယ်ရွယ်ရွယ်နဲ့ အသီးသီးကြတာ မဟုတ်တော့ဘူး။ မနုဿဥယျာဉ်ထဲက လူအပင်တွေမှာလဲ အရွယ်မတိုင်ဘဲ လူသီးတွေ သီးနေကြပြီ။ လူ့ယဉ်ကျေးမှုတွေ တိုးတက်လာတာလား ဆုတ်ယုတ်လာတာလားတော့ လူတစ်ဦးစီရဲ့  ခံယူချက်အပေါ်မှာဘဲ မူတည်နေမှာ သေချာပါတယ်။
တစ်ခုတော့ စိုးရိမ်မိပါတယ်။
အရွယ်မတိုင်ခင် သီးပွင့်ကြတဲ့ အပင်တွေဟာ အရွယ်မနှောင်းခင်မှာဘဲ သေကြေပျက်စီးပျောက်ကွယ်သွားတတ်ကြသလို အရွယ်မရောက်ခင် အိမ်ထောင်သားမွေးကိစ္စတွေကို ပြုလုပ်ကြရင် လူလောကကြီးများ ပျက်ချိန်မတန်ဘဲ ပျက်စီးလေမလားဘဲ။ ဘယ်လိုဘဲ ဖြစ်ဖြစ် လူ့လောကကြီး ထာဝရလှပနေဖို့ကိုတော့ ကျနော်လဲ လိုလားတောင့်တလျက်ရှိကြောင်းပါဘဲခင်များ။
မှတ်ချက်။
http://www.thesun.co.uk/sol/homepage/news/article2233878.ece ကို အခြေပြုပြီး ရေးသားထားခြင်းဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
3 comments:
လွတ်လပ်တဲ့ လူနေမှုဘ၀ရဲ့ ပြယုဂ်ပေါ့နော်။
ကောသလမင်းရဲ့ အိပ်မက်တွေကို ပြန်အရမိတယ်။
အောင်မြတ်ငေး... မဗေဒါတို့တော့ အဲဒိအရွယ်တုန်းကဆို.. ဆော့မယ်.. စားမယ်.. ကလွဲပြီး ဘာမှ မသိသေးပါဘူး.. ဒွတ်ခ..
ကောင်လေးရုပ်က ဘယ်လိုကြည့်ကြည့်ကလေးရုပ်လေး ... ဒန့်ကျွဲပင် ပုခက်ဆင် တဲ့ ... ကြည့်မကောင်းဘူးရယ် ...
Post a Comment