Sunday 21 December 2008

မမှန်သေးတဲ့အမှန်တရား


နာရီတွေ ပြောင်းပြန်သွားရင်
အနောက်ကနေထွက်
အရှေ့ ဘက်အိပ်စက်မလား။

အနောက်ကနေထွက်ရင်
ကုန်းပြင်တွေ ပင်လယ်ဖြစ်
ပင်လယ်တွေ ကုန်းမြင့်ပေါ်ရောက်
ကျနော် ကြောက်သလိုလိုဘဲ။

ပွင့်ပြီးမှ သီးရိုးရှိပေမဲ့
အပွင့်မဲ့ ပင်စည်က
အသီးတွေမွေးထုတ်
ခရီးအတော်ရောက်နေကြပြီ။

ထမင်းစားမှ
အသက်ရှင်မလား
အနောက်တိုင်းသားတွေကြားရင်
ဟားကြလိမ့်မယ်။

ပြန်ပေးဖို့ကြွေးရှိသူတွေ
အသက်ရှည်နေကြတယ်
ပြန်ရမဲ့သူတွေက ပြန်မရမှာ ကြောက်
မေတ္တာတွေလျောက်ပို့ရင်း
အသက်ရှည်အောင်ဆုတောင်းပေးနေကြလို့။

နာရီလမ်းလျှောက်သံ
နေမင်းငိုညည်းသံ
ပင်လယ်အော်ဟစ်သံ
ပင်စည်တမ်းတသံ
ပေါင်မုန့်အောင်စည်သံ
ကြွေးရှင်ရေရွတ်သံ
များစွာ... များစွာ... အသံများစွာ
တစ်ခါတစ်ရံတော့ အပြန်တစ်ရာမှန်နေတတ်တယ်။

No comments: