
ပို့စ်ကို မဖတ်ခင် ဒီနေရာလေးကို သွားပြီး မင်္ဂလာတောင်ညွန့် မီးဘေးအတွက် မိမိတို့ နိုင်သလောက် သွားရောက် လှူဒါန်းလိုက်ကြပါဦး။ သူကြီးမင်းလဲ တတ်နိုင်သလောက် ပါဝင်ထည့်လှူမယ်။ ပျော်ပျော်ပါးပါး လှူကြတန်းကြတာပေါ့။ ။
...
နားနားပြီး ပြူး
အပြင်ထွက်မယ်ကြံလိုက် မိုးကအေးလိုက်၊ မိုးကအေးလိုက် အိမ်ထဲကွေးနေလိုက်နဲ့ မိုး-အေး-ကွေး သံသရာလည်နေလေရဲ့။ အမိမြေအတွက် ဆိုင်ကလုန်း စိုးရိမ်လို့ကောင်းနေတုန်း ဆိုင်ကလုန်းမလာဘဲ မီးတွေတဟုန်းဟုန်း ထတောက်လောင်နေတာ မြင်ရတော့ ဘောလုံးစကားနဲ့ ပြောရရင် ဘယ်ခြေအယောင်ပြပြီး ညာခြေနဲ့ အားရပါးရ ကြုံးကန်လေရော့သလား အောက်မေ့ရတယ်။ မင်္ဂလာတောင်ညွန့် ကူးတို့ဆိပ်သိုလှောင်ရုံ ပေါက်ကွဲမီးလောင်မှုပြီးတော့ ကမာရွတ်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတဲ့။ မီးကတော့ ရက်စက်လို့ကောင်းတုန်း။
စိတ်တွေ ညီးညူနေပြီး ခရစ်စမတ်အလွန် နယူးယီးယားအနီး ရှုခင်းရှုကွက်ကလေးတွေ အပြင်သွား ခံစားချေရမလား စိတ်ကူးလိုက်ပြန်တော့လဲ ဘိလပ်ရွှေပြည်ကြီးမှာ လေကမြူး မိုးကပြုး လူတွေကရူးနဲ့ သူကြီးမင်းတောင် မူးချင်လာသလိုလို ဖြစ်လာပါရောလား။ ဒါနဲ့ မဖြစ်သေးပါဘူး။ အများတကာ ဓါတ်ပုံတွေ လွှတ်တင်နေကြသလို သူကြီးမင်းလဲ ရှိစုမဲ့စု ဓါတ်ပုံလေးတွေ တင်ရကောင်းမယ်ဆိုပြီး လွန်ခဲ့တဲ့ တစ်ပတ်လောက်က မြေလျောက်ပြီး ခြေသရမ်းခဲ့တာလေးတွေကို စုဆောင်း စုပေါင်းပြီး အခုလို တင်ပြဖြစ်လိုက်ပါတော့တယ်။ အန်တီတင့်ကတော့ ဘုရားတွေကို နားနားပြီး ဖူး ဆိုပြီးတင်ခဲ့သလို ကန်ဒီလေးကလဲ အရက်တွေကို နားနားပြီး မူးတဲ့။ ဒါကြောင့် သူကြီးမင်းရိုက်ချက်တွေကိုလဲ နားနားပြီးသာ ပြူးကြပေတော့လို့။ ။
...
ဒါကတော့ ဘိလပ်မှာ တစ်ရက်တစ်ရက် လူပေါင်း သိန်းချီပြီး ဖြတ်သန်းသွားလာလေ့ရှိကြတဲ့ နာမည်ကြီး လန်ဒန်မြို့ အောက်စ်ဖို့ဒ် စထရိပါဘဲ။ ခရစ်စမတ် မတိုင်ခင်ကထဲက မီးအလှဆင်ထားကြတာ။
ဒါကတော့ အောက်စဖို့ဒ်စထရိကို ကန့်လန့်ဖြတ်ထားတဲ့ ရီဂျင့်စထရိပါ။ သူလဲ လှတာပါဘဲ။
တစ်ယောက်ထဲ ရီဂျင့်စထရိအတိုင်း လမ်းလျှောက်လာလိုက်တာ ပစ်ကာဒလီမြေအောက်ဘူတာရုံနားရောက်လာတယ်။ အဲဒီမှာ စကရင် အကြီးကြီးရှိတယ်။ ကြီးဆို အိမ်တစ်လုံးစာမက ကြီးတာ။
.
နိုင်ငံတိုင်းမှာ မရှိမဖြစ်တဲ့ တရုတ်တန်းလေ။ အာရှအစားအစာတွေ အများကြီး ရနိုင်တယ်။ မြန်မာအစားအစာတောင် ရသေး။ ဒါပေမဲ့ နိုင်ငံခြားဖြစ် မြန်မာအစားအစာပေါ့။
.
တရုတ်တန်းက ဖြတ်တက်လာတော့ နာမည်ကြီး ထရဖာဂါစကွဲယားကို ရောက်လာတယ်။ နိုင်ငံအပေါ် မကြိုက်တာရှိလို့ အော်ဟစ်ချင်ရင် ဒီကိုလာလာပြီး အော်ကြလေ့ရှိတယ်။ နိုင်ငံပေါင်းစုံကလူတွေ လာလာအော်ကြတဲ့နေရာပေါ့။ အဲဒီအနားမှာ နေရှင်နယ်ဂယ်လာရီရှိတယ်။ သွားတိုင်း ဂယ်လာရီအထဲကို ၀င်ကြည့်ဖြစ်တယ်။ ဓါတ်ပုံတွေ ပန်းချီကားတွေ စိတ်ဝင်စားတာထက် အခမဲ့ ရှူးရှူးပေါက်ရလို့ ၀င်ဖြစ်တာက များတယ်။း)
အဲဒီ စကွဲယားမှာ နှစ်စဉ် ခရစ်စမတ်သစ်ပင်စိုက်တယ်။ ခရစ်စမတ်သီချင်းတွေ ဆိုကြတယ်။ ပျော်စရာကြီး။
..
ထရဖာဂါစကွဲယားကနေ နာမည်ကြီး ဘစ်ဘင်၊ ပါလီမန်၊ ၀က်စ်မင်စတာအပ်ဘေး၊ လန်ဒန်အိုင်းတို့ စုပေါင်းတည်ရှိနေတဲ့ ၀က်စ်မင်စတာကို ဖြတ်လျောက်တော့ လမ်းမှာ ဒီရုပ်ပုံကို တွေ့တယ်။ ဘာရယ်လို့တော့ မဟုတ်ဘူး။ ရိုက်ချင်စိတ်ရှိတာနဲ့ ရိုက်လာတာ။
..
ရောက်လာပါပြီ။ နာမည်ကြီး ဘစ်ဘင်ကြီး။ အဲဒီဘစ်ဘင်ကြီးက ပါလီမန်အဆောက်အအုံနဲ့ တွဲလျှက်။ နှစ်သစ်ကူးမှာ ဒီဘစ်ဘင်ကြီးကို ၀ိုင်းကြည့်ပြီး ကောင့်ဒေါင်း လုပ်ကြလေ့ရှိတယ်လေ။ ဘစ်ဘင်ကြီးလဲ ည ၁၂ ချက် ဒေါင် ကနဲ မြည်ရော။ မီးရှူးမီးပန်းတွေဆို လှမှလှ။ မယုံရင် ဒီမှာ ကြည့်ကြည့်။ လူတွေ သိန်းချီပြီး ညဘက် အဲဒီအနား သွားစောင့်ကြတယ်လေ။ အနီးကပ်ကြည့်ချင်ကြလို့တဲ့။ အလှဆုံးကတော့ လန်ဒန်အိုင်းပါဘဲ။ နှစ်သစ်ကူးညမှာ ပန်းပွင့်ကြီးကျနေတော့တာဘဲ။ ဘစ်ဘင်နဲ့ လန်ဒန်အိုင်းနဲ့က သိန်းမြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်းလေ။ နီးနီးလေး။ တံတားဖြတ်လျှောက်လိုက်ရုံလေး။
ဘစ်ဘင်နဲ့ ပါလီမန်အဆောက်အအုံကို ဟိုးးးတုန်းက ရိုက်ထားတဲ့ နေ့ခင်းပုံလေးတွေပါ တင်ပေးလိုက်ပါတယ်။
ဘစ်ဘင်ကနေ ၃ မိနစ်လောက် လမ်းလျှောက်သွားလိုက်တော့ မင်းသားဝီလျံနဲ့မင်းသမီးကိတ် လက်ထပ်ခဲ့တဲ့ ၀က်စ်မင်စတာ အပ်ဘေးကို ရောက်တယ်။ ညဘက်ဆိုတော့ ဘာမှ မလှဘူး။ ဒါကြောင့် ဟိုအရင်က ရိုက်ထားတဲ့ နေ့ဘက်ပုံတွေပါ တင်ပေးလိုက်ပါတယ်။
လန်ဒန်အိုင်းတဲ့။ လန်ဒန်မျက်စိပေါ့။ တစ်လုံးထဲ ရှိတယ်။ သိန်းမြစ်ကမ်းစပ်မှာ တည်ဆောက်ထားတယ်။ အဲဒါကြီး စီးပြီး လန်ဒန်မြို့ကို အပေါ်စီးက ကြည့်ရတာ အရသာရှိတယ်။ တစ်ခေါက်တော့ စီးဖူးတယ်။ ကိုယ်စီးတဲ့အခါမှ ဒါကြီး သိန်းမြစ်ထဲ ပြုတ်ကျသွားရင်ဒုက္ခဆိုပြီး တွေးမိခဲ့သေးတယ်။
နေ့ဘက် ပုံလေးတွေပါ ကြည့်ကြဦးပေါ့။
နေ့ဘက် ပုံလေးတွေပါ ကြည့်ကြဦးပေါ့။
ဒါကတော့ ဘိလပ်ရဲ့ နာမည်ကြီး သိန်းမြစ်ပေါ့။ မြစ်ကလေးက သိပ်တော့ မကြီးပါဘူး။ ဘိလပ်သားတွေ ဖွလိုက်တော့ သိန်းမြစ်က ကမ္ဘာကျော်သွားရော။ လန်ဒန်မြို့ထဲ ဖြတ်သန်းစီးဆင်းနေတယ်။ ဟို ရှေးရှေးတုန်းက ဘိလပ်သားတွေ ဒီမြစ်ကိုဘဲ အားကိုးပြီး စီးပွါးရှာခဲ့ကြတာလေ။ ဒါကြောင့် ဒီမြစ်ကတစ်ဆင့် ဘိလပ်နိုင်ငံထဲရှိတဲ့ မြို့တော်တော်များများကို သွားလို့ရတယ်။ ဘိလပ်မှာ တူးမြောင်းတွေက များမှများ။
မြစ်ကလေးကို ကြည့်ပြီး သနားနေမိတယ်။ မြန်မာက ငမိုးရိပ်ချောင်းလို လွတ်လွတ်လပ်လပ် မနေရရှာဘူး။ ဖြစ်သလို ညစ်ပေပေလဲ နေခွင့်မရရှာဘူး။ ဘေးရန်တွေကလဲ များမှများ။ များဆို မြစ်အောက် လိုဏ်ဖောက်တယ်။ မြစ်ကမ်းတစ်လျှောက် ကွန်ဂရက်ကာတယ်။ မြစ်ပေါ် တံတားပေါင်းများစွာ ဆောက်တယ်။ လူတွေလဲ မြစ်ကို စားကြွင်းစားကျန် မကျွေးကြဘူး။ မြစ်ထဲမှာလဲ အလှစီးသင်္ဘောတွေ အများကြီးလာထားကြတယ်။ သနားစရာ။း)
ကဲ.. ပြူးကြည့်ပြီး မူးသွားကြပြီလား။ အန်တီတင့်ရဲ့ ဘုရားဖူးရသလောက်တော့ ကုသိုလ်မရဘူးပေါ့။ ဒါပေမဲ့ သူကြီးမင်းရဲ့ရိုက်ချက်ကို ပြုးကြည့်ရတာ မရူးရလောက်ဘူးတော့ ထင်ပါရဲ့။ နှစ်သစ်မှာ အားလုံး မိမိနှစ်သက်ရာ ဖူးနိုင် မူးနိုင် ပြူးနိုင် ရူးနိုင် မြူးနိုင် ထူးနိုင်ကြပါစေ။ (သူကြီးမင်း)။ ။
.