Monday 6 February 2012

ဒီအကြည့် ဒီအငွေ့ ဒီအတွေ့

တုန်ကနဲ ဖြစ်သွားသည်။ တုန့်ကနဲ ဖြစ်သွားသည်။ ဒီအကြည့် ဒီအငွေ့ ဒီအတွေ့တွေကြား ငါ့ရဲ့ ဣနြေ္ဒတွေ အရည်ပျော်သွားလေပြီ။ ငါ့ရဲ့ သီလဆည်ကန်သင်းတွေလဲ ဟိုတစ်ပေါက် ဒီတစ်ပေါက် ကျိုးပေါက်ပျက်စီးပြီး ရေတွေ.. ရေတွေ တဟောဟော တမျောမျော စီးဆင်းစ ပြုနေလေပြီ။ စုဆောင်းထားတဲ့ ငါ့ရဲ့ ဟိုတစ်စဒီတစ်စ ၀ိမုတ္တိရသတွေလဲ ပဋိစ္စသမုပ္ပါဒ် ၀င်ရိုးအောက် အထက်ရောက် အောက်ရောက် အခေါက်ရေများစွာ လည်ပတ်ရချေတော့မည်။ ဒီအတွေ့တွေကို ငါ ခံနိုင်ရည်စွမ်း မရှိတော့။

မိနှင်း။ နင် နှိပ်စက်ပြန်ပြီ။ နွေးထွေးသာယာနေတဲ့ ငါ့ဘ၀လေးကို နင် မွှေနှောက်လာပြန်ပြီ။ ငါ့ရိပ်မြုံနဲ့ ငါ အခြေကျနေမယ် ကြံကာမှ နင် လာကြပ်နေပြန်ပြီ။ ငါ့ကို သနားပါဟာ။ နင့်ရဲ့အကြည့် နင့်ရဲ့အတွေ့ နင့်ရဲ့အငွေ့တွေကြားထဲက ငါ့ကို ထွက်မြောက်ခွင့်ပေးပေးပါဟာ။ ဒီပုံစံနဲ့ ငါ မနေတတ်တော့ဘူး။ နင့်ရဲ့ အဲဒီ အငွေ့အသက်တွေက ငါ့ရဲ့ လက်ဖျား ခြေဖျားတွေတင်မကဘူး နားရွက်ဖျား နှာခေါင်းများ နှုတ်ခမ်းဖျားတွေကိုတောင် အေးခဲနိုင်စွမ်းလှတယ်။ ငါ့ရဲ့ ရင်ထဲ နှလုံးသားထဲထိ အအေးလှိုင်းတွေ ရိုက်ခတ်စေတယ်။ နင် ငါ့အပါးက မြန်မြန် ထွက်သွားပါတော့ဟာ။ ငါ မခံစားနိုင်တော့လို့ပါ။ နင့်အခြေ နင့်အနေနဲု့ဆိုရင် နင်တို့အရပ် နင်တို့ဋ္ဌာနေမှာ အနေသာကြီးပါဟာ။ အဲဒီကို အေးအေးဆေးဆေး ပြန်ပါတော့နော်။ ငါတောင်းပန်ပါတယ်။

မနှစ်တုန်းကလဲ ဒီနေရာမှာ နင်နှိပ်စက်ခဲ့လို့ ငါ့ရဲ့ အသဲ ဖြန်းဖြန်း ကွဲခဲ့ရပြီးပြီလေ။ ငါက အသဲကွဲလေလေ နင်က တဟဲဟဲ ဖြစ်လေနဲ့ ငါ အတော်လေး ခံခဲ့ရတယ်။ အဲဒီတုန်းက တစ်ပတ်လောက်အထိ ငါ့ကို နှိပ်စက်ပြီးမှ နင်ထွက်ခွါခဲ့သွားတယ်။ အခုလဲ နင် ထပ်လာပြန်ပြီ။ ဘယ်နှစ်ရက်လောက်ထိများ လာနှိပ်စက်ပြန်ဦးမလဲ မသိဘူး။  အရမ်းလှပချောမောတဲ့အတွက် သဘောကောင်းမယ်ထင်ပြီး ငါ နင့်ကို တကယ် ရင်ထဲက မြတ်နိုးခဲ့မိတာပါ။ အခုတော့ ငါ ကောင်းကောင်း သဘောပေါက်သွားပြီ။ လှလေလေ ရက်စက်လေလေ အန္တရာယ် များလေလေဘဲ။ နင်က လှသလောက် အရမ်း ရက်စက်လွန်းတယ်ဟာ။ အခုဆို နင့်ရဲ့အလှ နင့်ရဲ့ရက်စက်မှုတွေကို သင်ခန်းစာ ယူပြီး အလှအပတွေတွေ့ရင် လှလေလေ အဝေးက ရှောင်လေလေ ဖြစ်နေတတ်ခဲ့ပြီလေ။

မနှစ်တုန်းကလဲ ငါနှင့်ငါ့ပတ်ဝန်းကျင်ကို နင် နှောင့်ယှက် ညစ်ညမ်းစေခဲ့ပြီးပြီ။ ဒီနှစ်လဲ နင် လာ နှောင့်ယှက်ပြန်ပြီ။ နင့်ရဲ့ ရိုက်ချက်တွေကြောင့် ငါတို့ အရပ်ဒေသက ကပွဲတွေ တော်တော်များများ ဖျက်သိမ်းပစ်လိုက်ရတယ်။ ဖိုးဂျွန်တို့ ဖာကြီးတို့ ပွဲတောင် ကံကောင်းလို့ ဆက်ကနိုင်တာ။ ဒါတောင်မှ နင် ဖိုးဂျွန်ကို ဘာလုပ်လိုက်တယ် မသိဘူး။ သူကိုယ်တိုင် လာမကနိုင်ခဲ့ဘူး။ သူ့အဖွဲ့သားတွေဘဲ လာကကြတယ်။ ဖိုးဂျွန်အဖွဲ့နှင့် ဖာကြီးအဖွဲ့ အပြိုင်ကကြတာ ဘယ်သူမှ မနိုင်ဘဲ အယိုင်ယိုင်အလဲလဲနဲ့ ဒိုင်ပွဲရပ် သရေဖြစ်သွားခဲ့တယ်လေ။

လာမဲ့နှစ်တော့ နင်ပြန်မလာနဲ့တော့နော်။ နင့်ရဲ့ အကြည့်အငွေ့အတွေ့တွေက ငါ့ဘ၀ကို မေ့သွားစေပြီး နင်လာရင် ငါ အခန်းတွင်းက အခန်းပြင် မထွက်ရဲလောက်အောင် တဂိုက်ဂိုက် တုန်ခိုက် တတ်လွန်းလို့ပါ။ နင့်ရဲ့ လှပမှုတွေနဲ့ ရက်စက်မှုတွေကို ငါ မှတ်တမ်းတင်ထားတာ ရှိတယ်။ နင့်ကို မြင်ရတဲ့သူတွေ ရင်ထဲ စိတ်ချမ်းသာမှု တဒင်္ဂဖြစ်ကြပေမဲ့ ကြာလာတဲ့အခါ စိတ်ပျက်တတ်လာကြရော။ ငါလဲ အတူတူပါဘဲ။ နင့်ကို ချစ်ပေမဲ့ နင်က လှလွန်းပြီး ရက်စက်လွန်းလှတဲ့အတွက်ကြောင့် ငါ နင့်အနား မချဉ်းကပ်ရဲတော့ဘူး။ ဒါပေမဲ့ ငါ မှတ်တမ်းလေးတွေတော့ တင်ဖြစ်ခဲ့တယ်။



မြင်မြင်သမျှ ဖြူဖြူဖွေးဖွေးချည်း။

 

အခုလို ခွက်ထဲ ထည့်ထားရင် ဘယ်လို ဖြစ်သွားမလဲ သိချင်လို့။ ဟဲ ဟဲ  ရေတွေဘဲ ဖြစ်သွားတယ်။း)

တစ်ယောက်ထဲ အပြင်ထွက်ပြီး နှင်းတွေကို သွားကြည့်တယ်။
 




 

ပါ့ခ်တစ်ခုမှာ ဒီပုံကို တွေ့ခဲ့တယ်။ နှင်းလူသားပေါ့။



ဒီမှာလဲ နှင်းလူသားတစ်ယောက်။ အမျိုးသမီး။







သူကြီးမင်းလဲ အားကျမခံ အခုလို အနုပညာမြောက်စွာ ထုဆစ်ဖြစ်မိတယ်။း)

 မိနှင်း မိနှင်း။ နင် ဒီလို ဒီလို အရမ်းလှပသလို လူတွေကိုလဲ အတော်လေး အနှောင့်အယှက်ပေးတတ်တယ်။ နင်ရောက်လာလို့ လေယာဉ်ပျံကြီးတွေ အတော်များများ လာမဆင်းကြတော့ဘူး။ မော်တော်ဝေးပေါ်မှာ ကားတွေ ပိတ်မိကုန်ကြတယ်။ ပို့ဆောင်ရေးတွေလဲ တစ်ချို့တစ်ဝက် ရပ်ပစ်လိုက်ရတယ်။ အဆိုးဆုံးကတော့ နင်ရောက်လာပြီး တစ်ရက်လောက်ကြာရင် လမ်းတွေ ညစ်ပတ်မဲတေ နေတတ်တာပါဘဲ။ ကဲ..မိနှင်း.. နင် အေးအေးဆေးဆေး ပြန်သာပြန်ပါတော့။ ငါ ခိုက်ခိုက်တုန်နေပြီ။  ။


...

Friday 3 February 2012

ခမ်းမွန် ဆန်းဒေး (ဂဆင်း ဖတက်)


 မွေးရာပါ မုခ်ဝ တံခါး ခြောက်ပေါက်ကို သံမဏိကျည်းခွေတို့ဖြင့် လုံခြုံရေး အပြည့်အ၀ ချထားဖို့ ကြံစည်နေသော်လည်း အရှိန်အဟုန်နဲ့ တဟုန်းဟုန်း တဒိုင်းဒိုင်း တိုးဝင်ဆောင့်တွန်းလာသည့် အာရုံလက်နက်တို့၏ စွမ်းအားတွေအောက် ဂိတ်ခြောက်ပေါက်လဲ အပြိုပြို အလဲလဲ။

 ထို့ကြောင့်...
မြင်နေရသည်။ ကြားနေရသည်။
တွေ့နေရသည်။ သိနေရသည်။
ဘာတဲ့။ ဖိုးဂျွန်တစ်ယောက် ရာထူးမှ ရွှေ့ဆိုင်း ခံရလို့တဲ့။

နည်းတောင်နည်းသေးသည်ဟု တစ်ယောက်ထဲ အကုသိုလ် ပွါးလိုက်မိသေး၏။ ဒီဖိုးဂျွန်ဆိုသည့် ကောင်က သူ့ခေတ်သူ့အခါမို့ ထောင်ထောင် ထောင်ထောင် လုပ်နေတာ ကြာပြီလေ။ ဟိုအုပ်စုမှာလဲ ခေါင်းဆောင် ဒီအုပ်စုမှာလဲ ခေါင်းဆောင် မိုက်ချင်တိုင်း မိုက်နေတာကလား။ အင်းလေ... လက်ခုပ်တီးသံတွေကလဲ ရွာလုံးပြည့်ဆိုတော့ မိုက်အားကောင်းပေမပေါ့။

မနှစ်တုန်းကလိုမျိုး စိတ်နဲ့ ဆိုရင် ဖိုးဂျွန်တစ်ယောက် ရာထူးချခံထားရတာမကလို့ အလုပ်ပါ ပြုတ်သွားအေးရော ဆိုပြီး ထောပနာပြုမှာ ကျိန်းသေပင်။ ဒီနှစ်ကတော့ ဒီဖိုးဂျွန်က ကျနော်တို့ရဲ့ ပြိုင်ဘက် မဟုတ်လေတော့ သူ ရာထူးတက်တက် ကျကျ အနေသာကြီးဟု စိတ်တွင်း ကောက်ချက်ချမိလေ၏။ မနှစ်ကဆို ဒီကောင်က အမြဲတမ်း ပုခုံးချင်း လာယှဉ်နေတာကလား။ ဒီနှစ်ကတော့ ဒီကောင် ခွေယိုင်သွားပြီး အောက်ခြေအနားလေးမှာ လှုပ်တုတ်လှုပ်တုတ်နဲ့ သနားဖို့ပင် ကောင်းသေးတော့။ ဒါကြောင့် သူ ရာထူးပြုတ်သံကြားရတော့ စိတ်ထဲမှာ ဘာမှတော့ ပြောပလောက်အောင် ၀မ်းမသာခဲ့ပါဘူး။ ဘာတဲ့။ ရာထူးချရခြင်းအကြောင်းက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်ရဲ့ ညီတော်မောင်ကို ၀စီဘေဒဖြင့် ထိုးဆွခဲ့ခြင်းကြောင့်တဲ့။

ဒီဖိုးဂျွန်တစ်ယောက် ယခုနှစ်မှ ရာထူးက ချခံရသည် မဟုတ်။ မနှစ်တစ်နှစ်ကလဲ ရာထူးမှ ချထား ခံခဲ့ရဖူးလေသည်။ သူ့အဖေကိုယ်တိုင် သူ့ကို ရာထူးမှ ချပစ်ခဲ့ခြင်း ဖြစ်သည်။ ဒီကောင်က ဇ ရှိသည်။ လုပ်ရဲ ကိုင်ရဲသည်။ မိုက်ရဲသည်။ ရူးရဲသည်။ လုံးရဲသည်။ ထွေးရဲသည်။

မနှစ်တစ်နှစ်တုန်းက အဖြစ်အပျက်ကို ကြည့်ပါဦး။ သူ့သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး စိုက်ပျိုးမွေးမြူထားတဲ့ အသီးကိုမှ သွားခိုးစားရတယ်လို့။ တစ်ခါစား နှစ်ခါစား ကိစ္စ မဟုတ်ပေမဲ့ အခါခါစားတော့ လူမိပါလေရော။ အင်းးး ခိုးစားတဲ့ အသီးမှ ပိုချိုတာ ဘကော။ ကျနော်တောင် အဲဒီတုန်းက ဒီလိုလေး သူ့ကို မှတ်တမ်းတင်ခဲ့မိသေးတယ်။ ဒီနှစ်လဲ မှတ်တမ်း တင်ရပြန်လေပြီ။

ဖိုးဂျွန်တစ်ယောက် ကံကောင်းပုံတော့ ပြောပြောချင်ဘူး။ မနှစ်တစ်နှစ်တုန်းက သူ့ရာထူးကို ဆက်ခံတဲ့သူတွေ လေးငါးလအတွင်း တစ်ယောက်ပြီးတစ်ယောက် ဂိလာနတွေ ဖြစ်သွားပြီး နောက်ဆုံးတော့လဲ ဖိုးဂျွန်ကိုပင် အဲဒီရာထူး ပြန်ပေးခဲ့ရလေ၏။ ရာထူးပြန်ရလာတော့ ခပ်ကြွားကြွား ဖြစ်လာပြန်သည်။ အခုဘဲကြည့်။ ရာထူးလေး ရတာ ဘာမှ မကြာသေးဘူး။ ပြဿနာက စပါလေပြီ။ ၀စီဘေဒ ထိုးနှက်မှုတဲ့။

မနှစ်တစ်နှစ်တုန်းက သူ့အဖေကိုယ်တိုင် ရာထူးမှဖြုတ်၊ ပြီးတော့ သူ့အဖေကိုယ်တိုင်ပင် ရာထူးကို ပြန်တင်ပေးခဲ့လေသည်။ သို့သော် ဒီနှစ်မှာတော့ သူ့အဖေက အခုပြဿနာအတွက် သူ့ကို ရာထူးမှ ဖြုတ်ချင်ပုံမပေါ်။ သို့သော် သို့သော် သူ့ဘိုးအေကိုယ်တိုင် ဒီနေ့မှာ သူ့ကို ရာထူးက ဖြုတ်ပစ်ခဲ့သည်လေ။  ခေါင်းဆောင်ကောင်းတစ်ယောက်မှာ အဲဒီလို အဖြစ်မျိုး မရှိသင့်ဘူးတဲ့။ ဟုတ်တယ်။ ထောက်ခံတယ်။

မထောက်ခံလို့လဲ မရဘူးလေ။ တော်ကြာ ဟို အီဂျစ်လိုမျိုး လွင်တီးခေါင်ထဲမှာ လူအယောက် ၇၀ ကျော် သေကြေသလိုမျိုး ဖြစ်ပွါးလာရင် ဘယ့်နှယ်လုပ်မတုန်း။ ဒီဖိုးဂျွန်တို့ လောက အကြောင်းလဲ သိရဲ့သားနဲ့။ သူတို့ အပြိုင်အဆိုင် ကတဲ့ ဇာတ်ပွဲဆိုရင် ပရိသတ် သိန်းဂဏန်းနီးပါး လာအားပေးကြတာလေ။ အားလာပေးတဲ့ ပရိသတ်တွေထဲမှာ ဘယ်သူမှ အရဟံဂုဏ်တော် ပွါးမဲ့သူ မပါဘူး။ ဘယ်သူမှလဲ ပုတီးလက်ဆွဲပြီး ဒီလိုမျိုး ကပွဲတွေကို လာကြည့်ကြမှာ မဟုတ်ဘူး။ ပြီးတော့ ဘယ်သူမှလဲ ယောဂီဝတ်စုံဝတ် ယောဂီသဘက်ကလေး ပုခုံးတင်ပြီး လာကြည့်ကြမှာ မဟုတ်ဘူး။ များသောအားဖြင့် လာကြည့်ကြတဲ့ ပွဲကြည့်သူတွေဟာ ဘီဘီတွေ ချပြီးမှ လာကြည့်ကြတယ်။ ဒါမှ မဟုတ် ဘီဘီတွေ ချရင်း ကြည့်လေ့ရှိကြတယ်။ ဒါကြောင့် အီဂျစ်လို ပြဿနာမျိုး မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပေါင်။

လုံခြုံရေးဆိုတာကလဲ လူ့အခွင့်အရေးအောက်မှာ ပြားပြားဝပ် နေရလေတော့ ဒီလောက် အင်အားများတဲ့ လူတွေကို ရပ်တန့်ပစ်ဖို့ဆိုတာ မလွယ်ရေးချ မလွယ်ဘူးလေ။ မတော်သကာ ဖိုးဂျွန်ကို အမြင်ကပ်တဲ့သူတွေက ဖိုးဂျွန်ကို အားပေးတဲ့ ပရိသတ်တွေကို ရန်ရှာကြကုန်ရင်ဖြင့် လွင်တီးခေါင်ကွင်းထဲမှာ အစုလိုက်အပြုံလိုက် ဖြစ်ကုန်ရင် မခက်လား။

ချုပ်ပြောရရင် ဖိုးဂျွန်ကလဲ ဖိုးဂျွန်ဘဲ။ မနှစ်တစ်နှစ်က သူငယ်ချင်းစိုက်ပျိုးထားတဲ့ အသီးခိုးစားမှုနဲ့ ရာထူးချခံရတာကို သင်ခန်းစာ မယူဘူး။ ဆက်မိုက်တယ်။ နောက်သူငယ်ချင်း တစ်ယောက်ရဲ့ ညီတော်မောင်ကို ၀စီဘေဒ ထိတိုင်းရှစေခဲ့တယ်ကော။ အရှခံရသူရဲ့ အကိုနဲ့က ဖိုးဂျွန်နဲ့ အတူတူလုပ်ဖော်ကိုင်ဘက်လေ။ နိုင်ငံတော်အတွက် အတူတူ လုပ်ကိုင်ကြတာလေ။ ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ သူတို့သူငယ်ချင်းနှစ်ယောက်လဲ ပြိုင်ဘက်တွေ ဖြစ်နေတတ်ကြပြန်တယ်။

လာမဲ့ ဆန်းဒေးနေ့မှာတော့ သူတို့နှစ်ယောက် အချင်းချင်း ထိုးသတ်ပွဲရှိတယ်ရော။ သို့ပေမဲ့ မထိုးသတ်ခင် အချင်းချင်း လက်ဆွဲနှုတ်ဆက်ရတယ်လေ။ ယဉ်ကျေးမှုက အဲဒီလို။ ပြိုင်ဘက် အချင်းချင်း လက်ဆွဲနှုတ်ဆက်မှုတောင် မလုပ်နိုင်လောက်အောင် မုန်းတီးနေကြပြီ ဆိုရင်တော့ သွေးသောက်တို့ရေ.. သတိသာ ထားကြပေတော့ဗျို့။ ပွဲကြီးပွဲကောင်းပေဘဲ။

လာမဲ့ ဆန်းဒေးရောက်ရင်တော့ သူတို့အချင်းချင်း ကမ်းသောလက်ကို ပုတ်မလား ဆုပ်မလား ရုပ်မလား ဆုတ်မလား ဆိုတာရယ်၊ လက်မကမ်း လက်မလှမ်းဘဲ ခပ်ရမ်းရမ်းဘဲ ပွဲကြမ်းကြမလား ဆိုတာရယ်ကိုတော့ ဖန်သားပြင်ပေါ်မှာ ကြည့်ရပေဦးရတော့မပေါ့။ ဒါပေမဲ့... ကျနော်က ဖိုးဂျွန်ရဲ့ ပြိုင်ဖက် ဖာကြီးရဲ့ ဘက်တော်သား။ ။

ဖိုးဂျွန်ဆင်းရင် ဖာကြီး တက်လိမ့်ပေမပေါ့။ ။


.