Thursday 20 February 2014

"တုံးဖလားသူကြီးမင်း အွန်လိုင်းဆုံးမစာ"

 ဘလော့ရပ်ဝန်း၊ လွန်တင့်ထွန်းဖို့၊ တွန်းပို့လင်္ကာ၊ စီရင်ကာဖြင့်၊ ၀နာရပ်မှီး၊ တောမျက်မည်းက၊ သူကြီးကျွန်ုပ်၊ ဖော်ဆောင်ထုတ်၍၊ အဟုတ်အဟတ်၊ ပင့်ဖိတ်အပ်သည်၊ အမတ်ဘုရင်၊ လူရှင်ရဟန်း၊ ကမ္ဘာဝှန်းက၊ ကြွမြန်းလှဲ့ပါ၊ မင်္ဂလာယူ၊ အောင်လံထူပြီး၊ တမူထူးခြား၊ တုံးဖလားရွာ၊ ဌာနေသာမှ၊ မေတ္တာစည်တီး၊ ရင်ဘတ်ကြီးဖြင့်၊ ကောင်းချီးထုတ်ဆောင်၊ ကိုကိုမောင်သည်၊ အောင်ခြင်းယှက်ဖြာ၊ ဘလော့ဂါနှင့်၊ စာလာဖတ်သူ၊ များပြည်သူအား၊ ကြည်ဖြူအထူး၊ မေတ္တာကူးအံ့။  ။
.....

အဆော့ကိုလဲ အာသာမမက်နဲ့။
ဘလော့ကိုလဲ အလာမပျက်နဲ့။

အဆော့ကို အာသာမက်တော့ စိတ်ထွေပြားသမို့ အလှကြွေရတတ်သည်။
ဘလော့ကို အလာပျက်တော့ မိတ်ဆွေရှားသမို့ ဘ၀သေရတတ်သည်။
.....

ခွန်းဆင့်ပေးဖို့လဲ မချဉ်းနဲ့။
ကွန်းမင့်ရေးဖို့လဲ မပျင်းနဲ့။

ခွန်းဆင့်ပေးဖို့ ချဉ်းက များမသိသမို့  အဟော့ပဂေးရှက်ရတတ်သည်။
ကွန်းမင့်ပေးဖို့ ပျင်းက အားမရှိသမို့ ဘလော့အရေးပျက်ရတတ်သည်။
.....

နေ့ဥပုသ်ချည်းလဲ တောင်းမနေနဲ့။
ဖေ့စ်ဘုတ်ချည်းလဲ အောင်းမနေနဲ့။

နေ့ဥပုသ်ချည်းတောင်းတော့ အပျင်းထုံသမို့ ညစ်ညူးသွားရတတ်သည်။
ဖေ့စ်ဘုတ်ချည်းအောင်းတော့ အဆင်းစုံသမို့ ချစ်ရူးသွားရတတ်သည်။
.....

ဟောတိုင်းလဲ မယုံနဲ့။
ပြောတိုင်းလဲ မဖြုံနဲ့။

ဟောတိုင်းယုံတော့  သဒ္ဓါစိတ်မပြည့်သမို့ ရောင်ဆိုးခံရတတ်သည်။
ပြောတိုင်းဖြုံတော့  ဗလာအဆိပ်မရှိသမို့ ချောင်ထိုးခံရတတ်သည်။
....

ပြိုင်စံရှားကိုလဲ အမြင်မနီးနဲ့။
နိုင်ငံခြားကိုလဲ အထင်မကြီးနဲ့။

ပြိုင်စံရှားကို အမြင်နီးက အကောင်းမရှိသမို့ အနှယ်အထောင်းခံရတတ်သည်။
နိုင်ငံခြားကို အထင်ကြီးက အကြောင်းမသိသမို့ အငယ်အနှောင်းကျန်ရတတ်သည်။
.....

အပျိုကြီးကိုလဲ အထင်မသေးနဲ့။
လူပျိုကြီးကိုလဲ အမြင်မဝေးနဲ့။

အပျိုကြီးကို အထင်သေးတော့ ရုပ်အဆင်းလှသမို့ မာန်တက်ခံရတတ်သည်။
လူပျိုကြီးကို အမြင်ဝေးတော့ ကုတ်ကမြင်းဘ၀မို့ ပြန်နှက်ခံရတတ်သည်။
.....

"ရတယ်ရတယ်"ဆိုပြီးလဲ အားနာလို့ မချက်နဲ့။
"လှတယ်လှတယ်"ဆိုပြီးလဲ အားပါလို့ မအက်နဲ့။

"ရတယ်ရတယ်"ဆိုပြီး အားနာချက်တော့  မြင်ကရာအရိုက်များသမို့ မျက်စိမွဲရတတ်သည်။
"လှတယ်လှတယ်"ဆိုပြီး အားပါအက်တော့ ကင်မရာရိုက်စားသမို့ ကွက်တိလွဲရတတ်သည်။
.....

မမြင်ဘဲနဲ့လဲ မဟနဲ့။
မခင်ဘဲနဲ့လဲ မစနဲ့။

 မမြင်ဘဲ ဟတော့  မ၀ံ့မချင့်သမို့ အမဲခံရတတ်သည်။
မခင်ဘဲ စတော့ အခန့်မသင့်သမို့ အဆဲခံရတတ်သည်။
.....

အထာပေးလို့လဲ လက်မသွေးနဲ့။
စာရေးဖို့လဲ လက်မနှေးနဲ့။

အထားပေးလို့ လက်သွေးတော့ မာယာများသမို့ အလျော်ပေးရတတ်သည်။
စာရေးဖို့ လက်နှေးတော့ အလာနားသမို့ အတော်ဆွေးရတတ်သည်။
.....

ဘလော့ကျေးရွာ၊ လွန်သာယာဖို့၊ ကညာပုရိ၊ ပညာရှိနှင့်၊ က၀ိမထေရ်၊ များဝေနေတို့၊ မသွေဖတ်ရန်၊ ထိုသ၀ဏ်အား၊ အားမာန်ခဲကုတ်၊ လွန်အားထုတ်၍၊ ကျွန်ုပ်သူကြီး၊ ရေးသားပြီးသည်၊ ချီးနှီးမဖြစ်၊ လွန်ပြေပြစ်၍၊ ထင်ရစ်ကျန်အောင်၊ အာဂုံဆောင်လော့။ ။း)


သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)


.

Saturday 8 February 2014

ဘကုန်းရွာမှ ဖဦးထုပ်ချစ်သူများ



သူ (ဘကုန်း) ငိုချင်း ချပြရပါတော့မည်။ ဟိုတုန်းကတော့ ချစ်ပါသည် ကြိုက်ပါသည် မြတ်နိုးပါသည်တဲ့။ ချစ်လွန်းလို့ မအိပ်မနေ အရိပ်တကြည့်ကြည့်နေချင်ပါသည်တဲ့။ စည်းအတန်တန် ရန်အသွယ်သွယ် ကာရံထားသည့် ဆူးခင်း တောလမ်းကို  ခက်ခက်ခဲခဲ ခုန်ကျော် လျှောက်လှမ်းချင်ပါသည်တဲ့။ ချစ်လိုက်သမှ ခုန်နည်းကျော်နည်း နိသျည်းတွေတေင် မှိုလိုပုံလို့။ ချစ်သူထက် သူ့ကို ပိုချစ်ပါသည်တဲ့။ သူငယ်ချင်းထက် သူ့ကို ပိုချစ်ပါသည်တဲ့။ ယုတ်စွအဆုံး မိဘတွေထက်တောင် သူ့ကို ပိုချစ်ပါသည်တဲ့။ တနေ့တနေ့ အရိပ်တကြည့်ကြည့် နေရတာကိုက ကမ္ဘာ့ဧရာမ ဖီလင်ကြီးတမျိုးဘဲတဲ့။ အင်း  အင်း အင်း ဟိုတုန်းကပါလေ။ 

လူတွေကိုက အခက်သား။ ခက်ခက်ခဲခဲလုပ်ရတဲ့အရာကိုမှ ပိုတန်ဖိုးထားတတ်ကြလေသည်ကော။ ဆူးအတန်တန် သံပန်းအချွန်ချွန်တို့နဲ့ ကာရန်ထားတဲ့အတွက် လာဖို့အလွန့်အလွန် ခက်ခဲစဉ်တုန်းကတော့ ကျန်စစ်သားလို လှံထောက်ပြီးများ ခုန်ကျော်လာခဲ့ကြသလားမှတ်တယ်။  စည်လို့ ဝေလို့။ ပျော်လို့ မြူးလို့။ ခုန်လို့ ကလို့။ ကရောဟိ သဘောရှိပေါ့။ ကိုင်း အခုတော့ ကြည့်။ စည်းဝိုင်းတံတိုင်းတွေကို ဖြိုဖျက်ပြီး အတားအဆီးမရှိ စိတ်ကြိုက် ၀င်နိုင်ထွက်နိုင်ပြီလဲဆိုရော ဘသားချောတွေ ဘသမီးချောတွေ လာဖို့ ခြေတွန့်နေကြလေပြီတကား။ အော်.. အနတ္တ အနတ္တ အနတ္တ။ ဒီလို လွယ်လွယ်ရလို့ အလေးမမူတတ်တဲ့ အထာတွေကြောင့် ရှေးခေတ်မြန်မာအမျိုးသမီးတွေ သုံးနှစ်သုံးမျိုးစဉ်းစားပြီးမှ ချစ်သူကို အဖြေပေးကြတာရှိမယ်။  ဘသားချောတို့ ခမျာမှာလဲ သည်းခံပြီး စောင့်ကြပေသပေါ့။ ရှားပါးခေတ်ကိုးဗျ။ အခုခေတ်ဆိုရင်တော့ " မြန်မြန်အဖြေပေးနော်.. ဒီမှာ အခြေအနေ မကောင်းရင် နောက်တစ်ယောက်ဆီ အဖြေသွားတောင်းရဦး"မှာ ဆိုပြီး ပြောမှာ မြင်ယောင်မိသေးရဲ့။ အဲလို ဖြစ်နေလေပြီ။

ကဲ..အခုတော့ဖြင့် ဟိုဘက် ဖဦးထုပ် ရပ်ကွက်မှာ စည်လို့ကားလို့။ ဆူလို့ညံလို့။ ပျော်လို့ရွှင်လို့။ အေးလေ ဒါလဲ အပြစ်ပြောလို့ မရပါဘူး။ ဖဦးထုပ်ရပ်ကွက်မှာ လွယ်လွင့်တကူ အကုန် ရနေတာကိုး။ ဘုရားတရား၊ ကို့ယို့ ကားယား၊ အပစ်အခတ်၊ အညစ်အပတ်။ ရွှတ်ရှက်၊ ဒွတ်ဒက်။ ဘော်ချဲ့။ တော်ဖွဲ့။ စုံလို့ စုံလို့။ ဒီလိုဒီလိုနဲ့ ဟိုတုန်းက ဘယ်သူမှ မမုန်းခဲ့ကြတဲ့ ဘကုန်းရပ်ကွက်မှာတော့ ဘဘုန်းတို့သာ ရှိလေတော့ယောင်တကား။

"ဘကုန်းကိုဘဲ ချစ်တယ်။ ဘကုန်းက သစ္စာရှိတယ်။ ဘကုန်းက သန့်ပြန့်တယ်။ ဟိုဘက် ဖဦးထုပ်တွေက ညစ်ပတ်တယ်။ အတင်းတုတ်ကြတယ်။ မိုက်ရိုင်းတယ်။ မကြိုက်ဘူး။ မုန်းတယ်" အဲဒီလို အဲဒီလို ဘကုန်းအပေါ် အဖြစ်သည်းခဲ့ကြတဲ့ ဆရာ့ဆရာကြီးများလဲ ဖဦးထုပ် ရပ်ကွက်ထဲ စုံးစုံးမြှုပ်ရှာလေပြီ သကော။ အော်.. အနိစ္စ ဒုက္ခ အနတ္တ။ ဘုရားဟော စကားတွေ ကွက်တိ။ ဒက်ထိ။

"ဟယ် မိုက်ရိုင်းလိုက်တာ...။ နှမချင်းမှ မစာနာ။  ဒါမျိုး အညီအဟောက်တွေ အွန်လိုင်း မတင်သင့်ပါဘူး။ ဒါမြန်မာယဉ်ကျေးမှုနဲ့ ဖီလာကန့်လန့်ဘဲ။ ဟိုဖော်ဒီဖော်တွေ အရုပ်ဆိုးလွန်းတယ်။ ဟိုကောင်မက အရှက်ကို မရှိဘူး" ထိုကဲ့သို့ ပြောကြပါသည်။ ဤကဲ့သို့ ဆိုကြပါသည်။ သို့သော် ထိုနေရာဤနေရာများသို့သာ လူအသွားအလာများကြလေ၏။  ယဉ်ကျေးမှုတွေ ဘာသာတရားတွေ အွန်လိုင်းပေါ်မှာ နေသို့လသို့ ထွန်းကားသည့် ခေတ်ပေကိုး။ ပြောချင်ရာ ပြောကြမည်ပေါ့။ လုပ်ချင်ရာ လုပ်ကြမည်ပေါ့။ သွားချင်ရာ သွားကြမည်ပေါ့။

အော်..မေ့နေလို့။ သူတို့ ပြောပြောနေကြတဲ့ မဟာတက္ကသီလာ-ဖဦးထုပ်ရွာထဲမှာ အတတ်ပညာများ ဝေါဟာရဋီကာများ အလွန်ပေါကြွယ်ဝဆိုဘဲ။

"ကွကို။ ကျန်းကျန်း။ မွင်းဂါး။ တိဝူး။ တေဘီ။ တေဂျင်းဇိုး။ မတာမ။ လူရုပ်မာဂျီး။ သွားမယ်ညှော်။ ဟုတ်ပါ့အေ။ မောထှာ။ အာ့ဆို။ အဆင်လေးဘဲ။ အကိတ်ကြီး။ အပုန်းကြီး ။ မြဘူး မြဘူး။ တွားမယ်။ ကျလိ ကျလိ။ ခ် ခ် ခ်"

ဤသို့သော ခေတ်သစ် ၂၁ရာစု ဝေါဟာရတ္ထဒီပနီတွေကြောင့် ဖဦးထုပ်ရွာထဲက အိမ်ပိုင်ရှင်များအား အဖြူအမဲ အလုံး အပြား မလုံးမပြား ခွဲခြားရ ခက်ချေတော့သည်တမုံ့။

"ဒီအတိုင်းဆို မဖြစ်ချေဘူး ဘကုန်းရွာလေး တိမ်ကောတော့မယ်။ ဘကုန်းရွာလေးအတွက် မဲဆွယ်ခရီး မြန်မြန်သွားမှ ဖြစ်တော့မယ်"ဆိုပြီး ဘကုန်းရွာအတွက် အသက်ပေးချစ်ပါသည်ဆိုတဲ့ ဘကုန်းချစ်သူများကလဲ ဘကုန်းပရိုပဂမ်ဒါ လုပ်ဖို့ ဖဦးထုပ် ရပ်ကွက်ထဲသွားရင်း အားလုံး ကာဠုဒါယီတွေ ဖြစ်ကုန်ကြလေရဲ့။ ဖဦးထုပ်ရပ်ကွက်ထဲ စုပ်စုပ်မြှုပ်။ နဲနဲမှ မလှုပ်။ အနည်းငယ်မျှပင် ပြန်မတက်လာကြတော့ပေ။

အဲ. အချို့ဘကုန်းရွာသွားတွေကျတော့ မြင့်ရာသို့ ချီတက်ပြီး ၀လုံးရွာ ရောက်သူရောက်၊ ပစောက်ရွာ ရောက်သူရောက်နဲ့ အတော်လေးတော့ ခရီးပေါက်နေကြသား။ ဒါပေမဲ့ အဲဒီအဆင့်တွေ ရောက်အောင် ဘကုန်းရွာက အတတ်ပညာတွေနဲ့ တွန်းပေးလိုက်တာကိုတော့ မေ့နေကြဟန် တူပါရဲ့။ စပ်မိလို့ ပြောရဦးမယ်။ ဒီအရပ် ဒီဌာနမှာ နာမည်ကြီး ရွာလေးရွာတိတိရှိတယ်။ ပစောက်ရွာ၊ ၀လုံးရွာ၊ ဘကုန်းရွာ၊ ဖဦးထုပ်ရွာဆိုပြီးတော့ပေါ့။ ပစောက်ရွာကျတော့ တမျိုး။ နန်းတော်တွေလို အိမ်ကြီးတွေနဲ့ ခန့်ခန့်ညားညား တည်ဆောက်ထားကြတာ။ ခြံစောင့်တဲလေးတွေက လွဲရင်ပေါ့။ ၀လုံးရွာကတော့ ၀င်ဒါမီယာစတိုင်လ်။ လုံးချင်းအိမ်လေးတွေနဲ့ ငြိမ့်လို့သိမ့်လို့။ အင်း  ဘကုန်းရွာကျတော့ တိုက်တန်းတိုက်ခန်းလေးတွေနဲ့ နိုင်သလောက် သန့်သန့်လေးတော့ ရှိကြတာပေါ့။ ဖဦးထုပ်ရွာကျတော့ ပျံကျကျူးကျော်ရပ်ကွက်လို့ကို ဆိုရမတတ်။ ပေါင်းစုံ ပေါင်းစုံ။ အစုံအစိ။ အကုန်ရှိ။ အမှိုက်သရိုက်တွေလဲ များမှများပေဘဲ။ သို့ပေမဲ့ "အမှိုက်ထဲက ရွှေရ" ဆိုသလို တခါတခါကျပြန်တော့လဲ ဖဦးထုပ်ရွာက ရတနာတွေ ထွက်တတ်ပြန်ရော။ အဲဒါကြောင့် ဖဦးထုပ်ရပ်ကွက်ထဲ လူမစဲသူမစဲ တသဲသဲ ဖြစ်နေကြတာ ရှိမယ်။

ရှိစေတော့လေ။ ဘယ်တတ်နိုင်မလဲ။ သန်ရာ သန်ရာပေါ့။ တန်ရာ တန်ရာပေါ့။ ဒါပေမဲ့ ခြောက်ကပ်နေတဲ့ ဘကုန်းရွာလေးကိုတော့ ပြန်စည်ကားလာတာကို မြင်ချင်မိပါရဲ့။ ဖြစ်နိုင်ရင်ပေါ့လေ။ အဲဒါကြောင့်မို့ အကြောင်းအမျိုးမျိုးကြောင့် ဘကုန်းရွာက ထွက်ခွါသွားရသူများ၊ ပစောက်ရွာ ၀လုံးရွာ ဖဦးထုပ်ရွာသို့ ခရီးလွန်နေကြသော ဘကုန်းရွာသူရွာသားများနှင့် အခြားဘကုန်းချစ်သူများကို မူလနေရပ်ထံ ပြန်လာကြဖို့ လှိုက်လှိုက်လှဲလှဲ မေတ္တာရပ်ခံ ပြန်ကြားလိုက်ရပါ၏။ အထူးသဖြင့် ဖဦးထုပ်ရွာရောက် ဘကုန်းချစ်သူများ မူလလက်ဟောင်းတာဝန်များကို တက်ညီလက်ညီ အတူတကွ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ထမ်းဆောင်နိုင်ကြဖို့ရန် ဘကုန်းရွာသို့  မြန်မကြာ  ပြန်လာကြစေလိုပါ၏။ ကြားကြားသမျှ...........................။

""ဥုံ.. ဘကုန်းချစ်သူ... တို့ပြည်သူ... လာဆရာလာ.. ချဉ်းဆရာချဉ်း... ကပ်ဆရာကပ်.""


သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

 ခက်ဆစ်။  
ပစောက်= ပုံနှိပ်မီဒီယာ
ဝလုံး= ၀က်ဘ်ဆိုက်ဒ်
ဘကုန်း=ဘလော့
ဖဦးထုပ်= ဖေ့စ်ဘုတ်


.

Wednesday 5 February 2014

သူကြီးမင်း သူ့အမေရိုက်သလို

 ကျောင်းခေါ်ချိန်
အိမ်ကထွက်
ယက်ကန်သွား
သွားပြင်းသူ
ဘူတာရောက်
နှောက်ဖို့ဖန်
ဟန်မကျ
ရထားပိတ်
စိတ်ကနာ
ရွာတဲ့မိုး
ဆိုးရွားနေ
လေကတိုက်
ခိုက်ခိုက်တုန်
မှုန်ရီစွာ
လာတဲ့ဘတ်စ်
ကပ်လိုက်သွား
အားတင်းကာ
သာယာခြင်း
ရှင်းရှင်းပျောက်
ခြောက်ကပ်နေ
လေတဲ့စိတ်
သိပ်မျိုထား
ကားကိုရပ်
ထပ်ပြီးဆင်း
တင်းလို့လျှောက်
နောက်ကြောင်းပြန်
ပြန်ပြီးချိန်း
ထိန်းတဲ့စိတ်
ကြိတ်ပြီးခံ
မှန်ကန်စွာ
စာနာမှု
ပြုစေကြောင်း
ကျောင်းခေါ်ချိန်
အိမ်ကထွက်
ယက်ကန်သွား
သွားပြင်းသူ...း)

(ဒီနေ့နှင့်မနက်ဖန် မြေအောက်ရထား စထရိုက်ခ်လုပ်ထားတဲ့အတွက် ရထားလုံးဝမပြေးဆွဲဘူးတဲ့။ ဘာမှ မစုံစမ်းဘဲ ရမ်းသမ်းပြီးသွားတော့ ဒီလိုဘဲ မိုးသဲသဲထဲမှာ......)


.