Tuesday 9 December 2008

အိပ်မက် (၉)

ပုဗ္ဗနိမိတ္တအိပ်မက်ဆိုးအကြောင်းကို အမြွက်မျှရှင်းပြပြီးနောက်မှာ ပုဗ္ဗနိမိတ္တအိပ်မက်အကောင်းအကြောင်း ဆက်လက်တင်ပြပေးပါ့မယ်။ ဒီလိုတင်ပြတဲ့နေရာမှာ ကျနော်တို့နှင့်အရင်းနီးဆုံး အထင်ရှားဆုံးဖြစ်တဲ့ ဘုရားရှင်ရဲ့  မယ်တော်မြင်မက်ခဲ့တဲ့ အိပ်မက်ကို တစ်ဆင့်ဖောက်သည်ချပေးလိုက်ပါ့မယ်။ လိုတဲ့နေရာဖြည့်၊ ပိုတဲ့နေရာဖြတ်တောက်ပြီး ဖတ်ကြပေါ့ဗျာ။ သည်းခံပြီးဖတ်ပေးတဲ့အတွက်လဲ ကျေးဇူးအထူးတင်ပါတယ်။

လပြည့်နေ့ညခင်းလေးမှာပေါ့။
မဟာမာယာဒေ၀ီမိဖုရာကြီးဟာ ရှစ်ပါးသီလဆောက်တည်ပြီး သလွန်တော်ထက်မှာ လဲလျောင်းအိပ်စက်လိုက်တယ်။ မိုးသောက်ယာမ်ကာလမှာ အိပ်မက်တစ်ခုမြင်မက်တယ်။

အိပ်မက်ထဲမှာ
စတုမဟာရာဇ်နတ်မင်းကြီးလေးပါးဟာ သလွန်တော်နှင့်တကွ သူမကို ဟိမ၀န္တာတောင်ခြေရှိ အနောတတ္တရေအိုင်ရှိရာကို မချီသွားတယ်။ ရေအိုင်အနီး အင်ကြင်းပင်အောက်ရှိ ရွှေအတိပြီးသောကျောက်ဖျာထက်မှာ သူမကို ချထားတယ်။

နတ်မင်းကြီးလေးပါးရဲ့ ကြင်ယာတော်များရောက်လာကြပြီးသူမကို အနောတတ္တရေအိုင်ကိုခေါ်သွားကာ ရေချိုးပေးကြတယ်။ သူမကိုယ်ကို သန့်စင်ပေးကြတယ်။ နတ်ဝတ်နတ်စား ၀တ်ပေးပြီး နတ်အလှပြင်ပစ္စည်းများနှင့်သူမကို လိမ်းခြယ်ပေးကြတယ်။ နတ်ပန်းများလဲ ပန်ဆင်ပေးကြတယ်။ အဲဒီနောက် ရေကန်နှင့်မနီးမဝေး ငွေတောင်ကြီးအတွင်းရှိ ရွှေအခန်းတော်ကြီးအတွင်းမှာ အရှေ့ အရပ်ကို ခေါင်းပြုပြီး သူမကို အိပ်စေတယ်။

သူမအိပ်စက်နေတဲ့ ငွေတောင်ကြီးနှင့်မနီးမဝေးမှာရှိတဲ့ ရွှေတောင်ကြီးရဲ့  တစ်လျောက်မှာ မြက်စားနေတဲ့ ဆင်ဖြူတော်ကြီးတစ်စီးကို တွေ့မြင်ရတယ်။ ဆင်ဖြူတော်ကြီးဟာ ရွှေတောင်ကြီးပေါ်က ဆင်းသက်လာပြီး ငွေတောင်ကြီးပေါ် တက်လာတယ်။ ပြီးတော့ သူမအိပ်စက်နေတဲ့ ငွေတောင်ကြီးအတွင်းက ရွှေအိပ်ခန်းတော်ကြီးအတွင်းသို့ ၀င်ရောက်လာတယ်။ ပြီးနောက် သူမကို လက်ျာရစ် ရစ်ပတ်ကာ သူမရဲ့  လက်ျာနံစောင်းကို ဖြတ်သန်းဝင်ရောက်ပြီး
သူမရဲ့ ဝမ်းတွင်းမှာ တည်နေတယ်။


နောက်တစ်နေ့မနက်ခင်းမှာ ဘုရင်သုဒ္ဓေါဒနမင်းကြီးကို အိပ်မက်အကြောင်းလျောက်တင်တယ်။ မင်းကြီးလဲ အစိုးရိမ်လွန်ပြီး ချက်ချင်း ပညာရှိပုရောဟိတ်ပုဏ္ဏားတို့ကို ဆင့်ခေါ်ကာ အိပ်မက်ကို ဖတ်စေတယ်။ ပုဏ္ဏားများလဲ တညီတညွတ်ထဲ လျောက်တင်ကြပါတယ်။

"မင်းကြီး မစိုးရိမ်ပါနဲ့၊ ယခုမိဖုရားကြီးမှာ ကိုယ်ဝန်တည်နေပါပြီ။ ယောက်ျားလေးပါ။ ဒီကလေးဟာ လူ့ဘ၀နှင့်နေရင် စကြာဝတေးမင်းဖြစ်တယ်။ ရဟန်းဘ၀နှင့်နေရင်ဧကန်မုချ ဘုရားစင်စစ်ဖြစ်မယ်"

ပုဏ္ဏားများရဲ့ လျောက်ထားချက်ကြောင့် မင်းကြီးလဲ စိတ်သက်သာရာရသွားခဲ့ပါတယ်။
လိုရင်းတိုရှင်းပြောရရင်တော့ အဲဒီမဟာမာယာဒေ၀ီဝမ်းကြာတိုက်ထဲက ကလေးဟာ ကျနော်တို့ ကိုးကွယ်နေတဲ့ ဂေါတမမြတ်စွာဘုရားဖြစ်လာတယ်။

ဒီတော့ မဟာမာယာဒေ၀ီမိဖုရားကြီးမက်တဲ့အိပ်မက်ဟာ ပုဗ္ဗနိမိတ္တအိပ်မက်ဘဲပေါ့။
သူမရဲ့ အိပ်မက်ကို နိမိတ်ယူခဲ့ကြတဲ့အတိုင်း အနာဂါတ်မှာအမှန်ဖြစ်လာခဲ့တာကိုး။
ပုဗ္ဗနိမိတ်လို့ခေါ်ရတာလွယ်လို့ ပါဠိသက်ဝေါဟာရအနေနဲ့ ပုဗ္ဗနိမိတ်အိပ်မက်လို့လဲ မြန်မာလို အမည်တွင်ပါတယ်။
ကောင်းတဲ့အိပ်မက်ဘဲဖြစ်ဖြစ် ဆိုးတဲ့အိပ်မက်ဘဲဖြစ်ဖြစ် အမှန်တကယ်ဖြစ်ပေါ်လာဖို့ ရှေ့ ပြေးနိမိတ်အနေနဲ့ မြင်မက်လာတဲ့ အိပ်မက်မှန်သမျှ ပုဗ္ဗနိမိတ္တအိပ်မက်ချည်းပါဘဲ။

အခုဆို အိပ်မက်လေးပါးလုံးအကြောင်းကို တတ်သလောက် မှတ်သလောက် မဖြစ်စလောက် ပညာလေးနဲ့ ကြိုးစားပြီးတင်ပြလို့ ပြီးပါပြီ။ အပိုင်း ၉ ပိုင်း ခွဲပြီး တင်ပြခဲ့ပေမဲ့ အမှန်တကယ်အိပ်မက်အရေအတွက်က ၄ ပါးဘဲ ရှိပါတယ်။ ရှုပ်ထွေးမသွားအောင် အဲဒီ ၄ ပါးကို ထပ်ပြီး ဖော်ပြပေးပါ့မယ်။

အိပ်မက် ၄ ပါး
၁။ဓာတုက္ခောဘ= သွေးလေ(ဓါတ်) ခြောက်ခြားလို့မက်ခြင်း
၂။အနုဘူတပုဗ္ဗ= ရှေ့ ကတွေ့ဖူး မြင်ဖူးခဲ့တာကို ပြန်မက်ခြင်း
၃။ဒေ၀တောပသံဟာရ= နတ်တို့က မက်ပေးလို့ မက်ခြင်း
၎။ပုဗ္ဗနိမိတ္တ= တကယ်ဖြစ်ပေါ်လာမဲ့အရာကို ရှေ့ ပြေးနိမိတ်အနေနဲ့ ကြိုတင်မက်ခြင်း

ဘုရား ရဟန္တာတွေကလွဲရင် အားလုံးအိပ်မက်မက်လေ့ရှိကြပါတယ်။
ဘယ်သူဘဲမက်မက်၊ ဘယ်အချိန်မှာဘဲ မက်မက်၊ ဘယ်နေရာမှာဘဲ မက်မက်၊ ဘာ့ကြောင့်ဘဲမက်မက် အိပ်မက်မက်ရင် အိပ်မက်လေးပါးထဲက တစ်ပါးပါးနဲ့မက်ကြတာချည်းပါဘဲ။

အိပ်မက်အကြောင်းကို အိပ်မက်ဆန်ဆန် တစ်ထောင့်တစ်ညပုံပြင်လို အပိုင်းပိုင်းခွဲပြီး ရေးသားခြင်းကိစ္စကို ဒီမှာတင်အဆုံးသတ်လိုက်ပါပြီ။ မဖတ်ချင်ပေမဲ့ ယောင်မှားပြီးဖတ်မိခဲ့တဲ့သူတွေလဲ ငြီးငွေ့သွားကြရောပေါ့။
တင်ပြချက်တွေအားလုံးကို မဖတ်ဖြစ်ကြပေမဲ့ တစ်ကြောင်းတစ်ပါဒကို လှန်လောပြီး မျက်စိဝေ့သွားကြတယ်ဆိုရင်တောင် ကျေးဇူးမြင်းမိုရ်ပါဘဲလို့ ကျေးဇူးစကားဆိုရင်း
ကျနော့်ရဲ့  ရှည်လျားလှတဲ့ အိပ်မက်တင်ပြချက်ကို နိဂုံးချုပ်လိုက်ရကြောင်းပါ။
အားလုံးမင်္ဂလာပါခင်များ။

2 comments:

အလင်းစေတမန် said...

ဗဟုသုတတွေ လာသင်ယူသွားပါတယ်။

အဖြူရောင်နတ်သမီး said...

ကျေးဇူးမြင့်မိုရ် တင်မိပါကြောင်း...